အီးဗုံးကြဲစေ
Vol. 44 Ch. 619
အန်လင်းမှာ ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်သို့ပြန်လာလိုက်သည်။
သူသည် စနစ်အား မစစ်ဆေးရသေးပါသော်လည်း မစ်ရှင်အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိနေသည်။ ထိုသို့မဟုတ်ပါက ကိုယ်တုံးလုံး ဖြစ်နေလောက်ပြီပင်။
လူသောင်းနဲ့ချီရှေ့မှာ ဖင်ပြောင်ကြီးနဲ့ လမ်းလျှောက်ရမယ်........
ထိုအတွေးကပင် သူ့အားကြက်သီးထစေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဧကရာဇ်ဇီဝေး၏ မျက်နှာအား မြေကြီးနှင့် ရိုက်ပစ်နိုင်ခဲ့သည်။
ခြံထဲသို့ ဝင်လိုက်သည်နှင့် ကြီးမားလှသော အဖြူရောင် ခွေးတစ်ကောင်မှာ သူ့ပေါ်ခုန်တက်လာသည်။
"အစ်ကိုကြီးအန်က ဧကရာဇ်ဇီဝေးကို သမခဲ့တာဆို....အရမ်းမိုက်တာပဲ ဝုတ်..."
အန်လင်း ခပ်ဖွဖွပြုံးရင်း တပိုင်၏ခေါင်းကို ပုတ်ပေးလိုက်သည်။
"ဒါကဘာမှလည်း မဟုတ်ပါဘူး။"
"ဝါး....."
ရှောင်ဇယ်နှင့် လန်လေးတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
တာအိုပေါင်းစည်းခြင်း အဆင့်ရှိတဲ့ အစစ်အမှန် နတ်ဘုရားကို ဆော်ခဲ့တာတောင် ဘာမှမဟုတ်ဘူးတဲ့လား.... အရမ်းကြမ်းတာပဲ.....
အနည်းငယ် ဖားပြီးသည့်နောက် တပိုင်မှာ လိုရင်းကို ပြောလိုက်သည်။
"ဘာပဲပြောပြော ဒါမျိုးက အောင်ပွဲခံသင့်တယ်။ ဒီနေ့တော့ အိုးပူလေး စားကြရအောင်...ဝုတ်...."
ရှောင်ဇယ်၊ လန်လေး၊ ရှောင်ချိုး၊ ထျန်းလေးနှင့် ပြတင်းပေါက်နားတွင် နေရောင်ခံနေကြသော ရှောင်ဟုန်၊ တီနာတို့ပါ တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းအား လှမ်းကြည့်လာကြသည်။
ဒါက တပိုင်ရဲ့ တကယ့်ရည်ရွယ်ချက်ပေါ့.....
သားရဲများအားလုံးမှာ အန်လင်းအား ပူဆာရန် အနားသို့ ရောက်လာကြတော့သည်။
အန်လင်း အဝေးသို့ ရောက်နေစဉ် ရက်များအတွင်း အစားအသောက်မှန်သမျှ အရသာ မရှိသောကြောင့် ၎င်းတို့သည်ပင် စားသောက်ချင်စိတ်များ ကုန်ခမ်းကုန်ရသည်။
အန်လင်းမှာ ခေတ္တမျှ တွေးတောပြီးနောက် တပိုင်၏ တောင်းဆိုချက်အား လက်ခံလိုက်သည်။
'ဟေး'ခနဲ အောင်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။
ယခုသည် စားသောက်ရမည့် အချိန်မရောက်သေးသောကြောင့် အန်လင်းမှာ ရွှယ်ကျန်ထျန်းအားချီကာ အိပ်ခန်းထဲ ဝင်လာလိုက်သည်။
သူသည် အမွှေးပွပွနှင့် နူးညံ့နေသော ရွှယ်ကျန်ထျန်းအား ခေါင်းအောက်တွင်ထားကာ ခေါင်းအုံးလုပ်ထားသည်။
"သခင်....ကျွန်တော်က သစ္စာရှိပါတယ်။ သခင့်အတွက်ဆို အားလုံးလုပ်ပေးမှာပါ။"
"စိတ်မပူပါနဲ့....ညစာစားရင် မင်းခွဲတမ်းတစ်ပန်းကန် ပိုရမယ်။"
"ရေး.....သခင်က အကောင်းဆုံးပဲ။"
ရွှယ်ကျန်ထျန်း ရွှင်မြူးစွာဖြင့် အန်လင်း၏ပါးများကို ပုတ်ပေးလိုက်သည်။
"ကောင်းပြီ။ ခဏလောက် အနားယူရအောင်။"
တိုက်ပွဲများစွာ ဆင်နွှဲခဲ့ရသောကြောင့် ပင်ပန်းနေသော အန်လင်းမှာ အချိန်မရွေး အိမ်မောကျတော့မလို ဖြစ်နေသည်။
သို့သော် အိပ်မပျော်ခင် စနစ်အား စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ထင်မှတ်ထားသည့်အတိုင်း မစ်ရှင်အောင်မြင်သွားပြီဖြစ်ပြီး ဆုလာဘ်အတွက် ဘီးလှည့်နိုင်ပြီပင်။
အန်လင်းမှာ မန္တာန်များကို လှည့်လည်ရန် ရွေးချယ်လိုက်သည်။ စက်ဝိုင်းပေါ်တွင် မန္တာန်များစွာ ထွက်ပေါ်လာပါသော်လည်း အဖြူရောင် မြူခိုးများကြောင့် ရှင်းလင်းစွာ မမြင်ရပေ။
ယခင်တစ်ခါက ရရှိခဲ့သော မျက်ရည်သွန်းဖြိုးစေမန္တာန်သည် ထင်ထားသလောက် အသုံးမဝင်ပေ။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအပေါ်တွင်လည်း အလုပ်မဖြစ်သောကြောင့် ကျိယုံဖန်အား ဒုက္ခပေးသော နေရာတွင်သာ အသုံးဝင်ခဲ့သည်။
ဒီတစ်ခေါက်တော့ အရင်တစ်ခါထက် ပိုကောင်းမယ် ထင်ရတာပဲ......
ဆုလာဘ်များ စတင်လည်ပတ်လာတော့သည်။
အန်လင်းမှာ လက်ဖဝါး နှစ်ဖက်ကိုပွတ်ရင်း တိတ်ဆိတ်စွာ မျှော်လင့်နေမိသည်။
"ရပ်...."
ဆုလာဘ်များမှာ ဖြည်းညင်းစွာ နှေးကွေးလာပြီး ရပ်တန့်သွားတော့သည်။
အဖြူရောင် မြူခိုးများလည်း ပျောက်ကွယ်သွားကာ ရရှိလိုက်သော မန္တာန်အမည်ကို မြင်လိုက်ရသည်။
ယီးထဲမှ.....
မန္တာန်အားကြည့်ကာ အန်လင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
ဝှစ်......
မန္တာန်နည်းစနစ်မှာ အန်လင်းနှင့် ပေါင်းစည်းသွားသည်။
"အီးဗုံးကြဲစေမန္တာန်: ဇီဝကမ္မတိုက်ခိုက်မှုဖြစ်ပြီး တစ်ကြိမ်လျှင် တစ်ဦးမျှ တိုက်ခိုက်နိုင်သည်။ တိုက်ခိုက်ခံရသူသည် မနေနိုင်လောက်အောင် ဝမ်းသွားချင်နေမည်ဖြစ်ပြီး ကျင့်ကြံရေးအဆင့် နိမ့်ပါးသူဖြစ်ပါက ဝမ်းသွားရင်းပင် အသက်ထွက်သွားနိုင်ခြေ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံရေးအဆင့် ပိုမြင့်သူများသည် မန္တာန်အား ခုခံနိုင်မည် ဖြစ်သည်။"
"မှတ်ချက်: ဤကျင့်စဉ်သည် တစ်ရက်တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအပေါ် အကျိုးသက်ရောက်မည် မဟုတ်ပေ။"
အန်လင်း သွေးအန်တော့မလို ဖြစ်သွားရသည်။
ဒီမန္တာန်ကို ဘယ်နေရာမှာ သွားသုံးရမှာလဲ....
အသုံးမဝင်ရုံတင် မဟုတ်ဘူး....ရွံစရာလည်း ကောင်းသေးတယ်....မျက်ရည်သွန်းဖြိုးစေ မန္တာန်တုန်းက တပိုင်နဲ့ စမ်းခဲ့ပေမယ့် အီးဗုံးကြဲစေမန္တာန်ကို ဘယ်သူ့ကို သွားစမ်းရမှာလဲ....ဒီကျောင်းတော်မှာ ငါ့ရန်သူလည်း မရှိဘူး....
ပြီးတော့ အီးဗုံးကြဲစေမန္တာန်က တကယ်ပဲ ဝမ်းသွားရင်း သေစေနိုင်လို့လား......
အန်လင်းမှာ မန္တာန်အပေါ် အမြင်ပြောင်းလဲလာသည်။
အသုံးမဝင်ပေမယ့် ပျော်ဖို့ကောင်းမယ့်ပုံပဲ....
အမြင်ကျယ်အောင် တိရစ္ဆာန်လေးတွေကို ဝမ်းပေးလျှောရမယ်.....
ပြောရရင် မြွေဝမ်းသွားတာ ဘယ်သူမြင်ဖူးလဲ....
ကျားဝမ်းသွားတာရော....
နဂါးဝမ်းသွားတာရော.....
ဇာမဏီဝမ်းသွားတာရော.....
အရိုးခြောက်မိစ္ဆာတွေရော ဝမ်းသွားလို့ရလား.....
အန်လင်းမှာ အတွေးများကြောင့် စိတ်လှုပ်ရှားလာသည်။
ထိုအတွေးနှင့်ပင် အိပ်မောကျသွားပြီး အိမ်မက်ပင် မက်နေသေးသည်။
ကျင့်ကြံသူများသည်လည်း အိမ်မက်မက်တတ်ပြီး အများအားဖြင့် အိမ်မက်အား ထိန်းချုပ်နိုင်ကြသည်။
အိမ်မက်အချို့မှာ ရိုးရှင်းကာ အဓိပ္ပါယ် ကင်းမဲ့သည်။ အချို့သည် ၎င်းတို့၏ တာအိုနှလုံးသားကို ထင်ဟပ်စေပြီး အချို့သည် စိတ်မိစ္ဆာများ၏ စေစားမှုဖြစ်ကာ အနာဂတ်ကို ခန့်မှန်းနိုင်သော အိမ်မက်အချို့လည်း မက်တတ်ကြသည်။
ညဉ့်အချိန်သို့ရောက်ပြီး ကောင်းကင်ထက်တွင်လည်း ကြယ်စင်များ နေရာယူထားကြလေပြီ။
စုရှောင်လန်မှာ စိတ်ဆိုးနေပြီး ပါးတစ်ချက် ရိုက်ခဲ့သည်ဟု အန်လင်း အိမ်မက်မက်ခဲ့သည်။
ထိုမျှနှင့်ပင် ပြီးမသွားပဲ လက်ဝါးပဒေသာကို လက်ဆောင်ရခဲ့သေးသည်။
"အစ်ကိုကြီးအန် ထတော့....ဝုတ်...."
"ချက်ပြုတ်ရမယ့် အချိန်ရောက်ပြီ ဝုတ်...."
တပိုင်မှာ အန်လင်း နိုးလာသည်အထိ ပါးရိုက်နေသည်။
အန်လင်းမှာ အိပ်ချင်မူးတူးနှင့် မျက်လုံးအားဖွင့်ကာ တပိုင်ကို စူးစိုက်ကြည့်ရှုလိုက်သည်။
နိုးလာပြီးနောက် အန်လင်းမှာ လှုပ်လှုပ်ရှားရှား မလုပ်လိုသဖြင့် တပိုင် ကံကောင်းသွားလေသည်။ တောင်ခွင်းလက်သီးနှင့်သာဆိုပါက တပိုင်၏ မျက်နှာမှာ မိဘများပင် မမှတ်မိနိုင်လောက်အောင် စုတ်ပြတ်သွားပေလိမ့်မည်။
ထို့နောက် မိသားစု ညစာစားချိန်သို့ ရောက်ရှိလာသည်။ မိသားစုဆိုသည်မှာ သူ၏သားရဲအုပ်စုပင်။
အန်လင်းမှာ စုရှောင်လန်ကိုလည်း ဖိတ်ခေါ်ခဲ့သည်။
စုရှောင်လန်မှာ ပုံမှန်ကျောက်စိမ်းဝတ်စုံ မဟုတ်ပဲ အပြာနုရောင်ဝတ်စုံအား ဆင်မြန်းထားသည်။ ခရမ်းရောင် ဖဲကြိုးလေးအား သေးသွယ်သောခါးတွင် စုချည်ထားပြီး ဆံနွယ်များကိုလည်း ထုံးဖွဲ့ကာ ရွှေလည်တိုင်ကို လှစ်ဟပြထားသည်။
"အန်လင်း....နင်သေသေချာချာတောင် မနားရသေးပဲ အောင်ပွဲခံတော့မလို့လား။"
သူမ၏ စကားသံမှာ ပျားရည်အလား ချိုမြိန်လှသည်။
အန်လင်းမှာ ပါးပေါ်မှ ခွေးလက်ဝါးရာများအားပြကာ သက်ပြင်းချလိုက်သည်။
"ဒင်းတို့တွေ ကို့ကို ဖိအားပေးတာလေ။ ကိုကသူတို့ရဲ့ သခင်မှတ်နေတာ။ တကယ်တော့ ကျွန်စားတော်ကဲ ဖြစ်နေတယ်။"
တပိုင် စားပွဲအား လက်ဖြင့်ရိုက်လိုက်သည်။
"မဟုတ်ရင် ကျွန်တော်တို့ဆီက သစ္စာရှိမှုကို ဘယ်လိုရမယ် ထင်နေတာလဲ ဝုတ်...."
"အစ်ကိုကြီးပိုင် ပြောတာမှန်တယ်။ အပြည့်အဝ ထောက်ခံတယ်။"
ရွှယ်ကျန်ထျန်း အားပေးထောက်ခံသည်။
"သခင် ကျွန်မမှာ ဝါသနာနှစ်ခုပဲ ရှိတယ်။ နေရောင်ခံပြီး အစာချက်တာရယ်၊ အကြော်ဒယ်အိုးနဲ့ ချက်ထားတာကို စားတာရယ်ပဲ။ ဒီဆန္ဒလေး သေးသေးလေးကိုတောင် သခင်က မဖြည့်ဆည်းပေးချင်တာလား။"
ရှောင်ဟုန်မှာလည်း အသံချိုချိုနှင့် စကားဆိုသည်။
"တွေ့တဲ့အတိုင်းပဲ။"
အန်လင်းမှာ အရှုံးပေးနေဟန်ဖြင့် ပြောလိုက်သည်။
စုရှောင်လန်မှာ ပါးစပ်အား လက်ဖြင့်အုပ်ကာ ရယ်မောနေသည်။
"အဲ့ဒါဆိုလည်း ဒီည အိုးပူလေးအတွက် တပိုင်တို့ကိုပဲ ကျေးဇူးတင်ရတော့မယ်။"
အန်လင်း ပြုံးကာတုံ့ပြန်သည်။
"ကိစ္စမရှိပါဘူး။ မင်းသာအလိုရှိရင် ကိုနေ့တိုင်း ချက်ကျွေးမှာပေါ့။"
သူသည် စုရှောင်လန်၏လက်အားကိုင်ရန် လက်ဖြန့်လိုက်သည်။
စုရှောင်လန်မှာ အနည်းငယ် ရှက်သွေးဖြာသွားသည်။
"ဟင်းချက်တာကိုပဲ အာရုံစိုက်စမ်းပါ။"
"ပွက်တောင်မပွက်သေးဘူးလေ။"
အန်လင်း ရယ်မောလိုက်သည်။
ရှောင်ချိုးမှာ တိတ်တဆိတ်ပင် မီးအားမြှင့်လိုက်သည်။
တပိုင်မှာ ခွေးစာများထုတ်လျက် အခြားသူများကိုပါ ဝေပေးလိုက်သည်။
အိုးပူလေး မစားခင် ခွေးစာများ ပြည့်အင့်နေမည်ကိုသာ စိုးရိမ်မိပေသည်။
အိုးပူလေးထံမှ အရသာရှိသော ရနံ့များ စတင်ထွက်ပေါ်လာသည်။
အန်လင်း၊ စုရှောင်လန်၊ ရှောင်ဇယ်နှင့် သားရဲများအားလုံးမှာ အိုးပူလေးအား ပျော်ရွှင်စွာ သုံးဆောင်လိုက်ကြသည်။
ယနေ့သည် ကြည်လင်အေးချမ်းသော နေ့တစ်နေ့ပင် ဖြစ်တော့သည်။