ကြေးမုံပြင်ထဲမှကမ္ဘာ
Vol. 44 Ch. 620
နောက်တစ်နေ့၌
အန်လင်းမှာ တီနာအား အတန်းတက်ရန် ခေါ်ဆောင်သွားစဉ် လမ်းတွင်ပျံသန်းနေသော စာကလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
မန္တာန်တစ်ခုမှာ စာကလေးပေါ် သက်ရောက်သွားလေသည်။
အီးဗုံးကြဲစေ....
အန်လင်းမှာ မန္တာန်၏ အစွမ်းအနည်းငယ်သာ သုံးလိုက်ပါသော်လည်း စာကလေးငှက်မှာ တကိုယ်လုံး တုန်ရီလာကာ ငှက်ချေးများ ပါချတော့သည်။
ထိုမျှနှင့်ပင် ပြီးမသွားပဲ စာကလေးမှာ ပျံသန်းရာ လမ်းတလျှောက် အီးဗုံးခွဲသလို ပါချနေသောကြောင့် ကျောင်းသူအချို့၏ အဝတ်အစားများပါ ပေကြံကုန်လေသည်။
အန်လင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မန္တာန်၏ အစွမ်းအနည်းငယ်ကပင် ထိုမျှစွမ်းနေသောကြောင့် အတော်လေး အသုံးဝင်မည့်ပုံပင်။
တီနာမှာ အန်လင်းအား ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေမိသည်။
သူမသည် မည်သည့်မန္တာန်ကိုမှ အာရုံမခံမိပါသော်လည်း စာကလေး၏ သနားစဖွယ် အဖြစ်အပျက်နှင့် အန်လင်း၏ အမူအရာအား ကြည့်ရုံမျှဖြင့် ရိပ်မိနေပြီ ဖြစ်သောကြောင့် အနည်းငယ် အထင်သေးသွားမိသည်။ သူမ၏ မျက်ဝန်းများမှာ 'ဘီလူးအန်လင်း....နင်ပြောင်းလဲသွားပြီ'ဟု ပြောချင်နေပုံ ရသည်။
အတန်းများ ပြီးစီးကာ နေ့လည်အနားယူချိန် ရောက်ချိန်တွင် အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်နှင့် လုကျန့်တို့မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ စမ်းသပ်မှုမှ ဆုလာဘ်များ ရယူရန် ဓားအင်မော်တယ်လင်းရှောင်နောက်သို့ လိုက်လာခဲ့ကြသည်။
ဘိုးဘေးစိတ်ဆန္ဒများအား တိုက်ခိုက်ရသည့်အပြင် ၎င်းတို့၏ အမွေအနှစ်များ ဆက်ခံနိုင်ခြင်းမှာ အကြီးမားဆုံး ဆုလာဘ်တစ်ခုပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်မှာ ကြွယ်ဝချမ်းသာသောကြောင့် အခြားသော ဆုလာဘ်များကိုလည်း ပေးအပ်ဦးမည်ပင်။
လုကျန့်၏ ဆုလာဘ်များမှာ ရိုးရှင်းပြီး စိတ်ဝိဉာဉ်ကျောက်တုံး အချို့နှင့် ဆေးလုံးများသာ ဖြစ်သည်။
စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အထပ်ရှစ်ဆယ်ကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ကျောင်းတော်၏ အောင်မြင်ကျော်ကြားသူများစာရင်းတွင် ထည့်သွင်းဂုဏ်ပြုခံရကာ အခြားသော ဆုလာဘ်များစွာကိုလည်း ရရှိခဲ့သည်။
ဆေးလုံးများနှင့် စိတ်ဝိဉာဉ်ကျောက်တုံးများအပြင် ကျောင်းတော်၏ ရတနာတိုက်မှ အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်တစ်ခုအား စိတ်ကြိုက်ရွေးချယ်ခွင့်ပေးသည်။ ယီရှီထံမှ အဆင့်ငါး အင်မော်တယ်ဆေးလုံးကို လဲလှယ်နိုင်မည့် လက်မှတ်တစ်ခုလည်း ရရှိသည်။ ၎င်းတို့သုံးဦးထဲတွင် စုရှောင်လန်သည် အမြင့်ဆုံး ရောက်ရှိခဲ့သူ ဖြစ်သောကြောင့် အဆင့်ငါး အင်မော်တယ်ဆေးလုံး လက်မှတ်နှစ်ခု ရလိုက်သည်။
အန်လင်းသည် ကျောင်းတော်တစ်ခုလုံး၏ အဓိကဇာတ်လိုက်ပင်။
ဆယ်နှင့်ချီသော စိတ်ဝိဉာဉ်ဆေးလုံးနှင့် သိန်းနှင့်ချီသော စိတ်ဝိဉာဉ်ကျောက်တုံးများအား ထည့်ပြောစရာပင် မလိုအပ်ပေ။
အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်နှစ်ခုနှင့် အဆင့်ငါး အင်မော်တယ်ဆေးလုံး လက်မှတ်ငါးခုမှာလည်း အရေးမကြီးသေးပေ။
အန်လင်းသည် တလက်လက် တောက်ပနေသော ဆုဒိုင်းနှင့် တံဆိပ်ပြားအား တစ်ချက်ကလေးပင် လှည့်မကြည့်ပေ။
သူဓားအင်မော်တယ်လင်းရှောင်အားကြည့်ကာ မေးလိုက်သည်။
"ဧကရာဇ်ဇီဝေးရဲ့ အမွေအနှစ်ကရော...."
ဓားအင်မော်တယ်လင်းရှောင်: "......"
သူအမှန်တကယ် အခက်တွေ့သွားရသည်။ ဧကရာဇ်ဇီဝေးထံသွားရန် မေးမြန်းပေး၍လည်း မရပေ။
ဧကရာဇ်ဇီဝေးသည် ကောင်းကင်ဘုံခုံရုံး၏ ဧကရာဇ်တစ်ပါး ဖြစ်သောကြောင့် သူသာအလိုမရှိပါက ထိုအမွေအနှစ်အား တောင်းယူနိုင်မည် မဟုတ်ပေ။
ထို့အပြင် ဧကရာဇ်ဇီဝေးအား အန်လင်းမှ ပယ်ပယ်နယ်နယ် သမခဲ့သော သတင်းသည် နေရာတိုင်း ပျံ့နှံ့နေပြီ ဖြစ်သည်။ ဧကရာဇ်ဇီဝေးသည် ထိုကိစ္စနှင့်ပက်သတ်၍ ရန်ငြှိုးမထားသည်ကပင် ကောင်းမွန်နေလေပြီ။ ယခုအချိန်တွင် အမွေအနှစ်သာ သွားတောင်းလိုက်ပါက ဧကရာဇ်ဇီဝေး စိတ်ပြောင်းသွားနိုင်သည်။
ဓားအင်မော်တယ်လင်းရှောင်မှာ အတော်လေး ဖြောင်းဖြပြီးသည့်နောက် အန်လင်းအား အမွေအနှစ်အတွက် နောက်ထပ်တစ်ပတ် စောင့်ဆိုင်းရန် ပြောနိုင်ခဲ့သည်။
ထိုအချိန်ထိ ဧကရာဇ်ဇီဝေးထံမှ တုံ့ပြန်မှု မရပါက ဓားအင်မော်တယ်လင်းရှောင်မှာ တပည့်ဖြစ်သူအတွက် ဓားတောင်ကိုကျော်ကာ မီးပင်လယ်ကို ဖြတ်ရတော့မည်ပင်။
ဓားအင်မော်တယ်လင်းရှောင် ကောင်းကင်အားကြည့်ကာ သူ၏ရဲရင့်မှုနှင့် အနစ်နာခံမှုတို့အတွက် ကိုယ့်ကိုယ်ကို ချီးကျူးလိုက်မိသည်။
အရာအားလုံး ပြီးစီးသွားပြီးနောက် အန်လင်းနှင့် ဆုဒိုင်းနှင့် တံဆိပ်ပြားအားယူကာ အိမ်သို့ပြန်လာခဲ့သည်။
ဆုဒိုင်းသည် ကြီးမားလှသော ချီကျောက်တုံးတစ်ခုအား ထွင်းထုထားခြင်းဖြစ်ပြီး အားကောင်းလှသော သက်ရှိစွမ်းအင်များ ဖြာထွက်နေသည်။ ခန့်မှန်းရပါက စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကျော်ခန့် တန်ကြေးရှိလောက်ပြီး စာတစ်ခုလည်း ပါရှိသည်။
"အန်လင်း....ကောင်းကင်ဘုံခုံရုံး၏ အနာဂတ် မျှော်လင့်ချက်..."
တံဆိပ်ပြားသည် အရှေ့ပင်လယ်တွင်ရှိသော ရောင်စဉ်ငါးသွယ် ရတနာနှင့် ပြုလုပ်ထားပြီး လက်ရာမှာ အတော်လေး သေသပ်ကောင်းမွန်သည်။ "ကောင်းကင်ဘုံခုံရုံး၏ စစ်နတ်ဘုရားငယ်"ဟုလည်း ရေးထွင်းထားသေးသည်။
"ဟမ့်....ကြည့်ရတာ ကောင်းကင်ဘုံခုံရုံးက ငါ့ကို စစ်နတ်ဘုရားအဖြစ် အသိအမှတ် ပြုချင်ပုံပဲ။"
အန်လင်း မဲ့ပြုံးပြုံးသည်။
"ဘဝင်မြင့်မနေနဲ့။ အစစ်အမှန် သခင်အားလန် ရှိနေသေးတယ်။ စစ်နတ်ဘုရားငယ်လို့ ရေးထားတာ မတွေ့ဘူးလား။"
စုရှောင်လန် သတိပေးလိုက်သည်။
"ဟုတ်တယ်....ရှောင်လန်မှန်တယ်။ ကောင်းကင်နတ်မိမယ်ရှောင်လန်က ကျွန်တော်မျိုး အောက်ခြေလွတ်သွားမှာ စိုးရိမ်တဲ့အတွက် နှိမ့်နှိမ့်ချချ ဆက်ကြိုးစားဖို့ သတိပေးနေတာ မှန်ပါတယ်ခင်ဗျား...."
အန်လင်း လေးလေးနက်နက် တုံ့ပြန်သည်။
စုရှောင်လန် မျက်စောင်းထိုးလာသည်။
"အရေမရ အဖက်မရတွေ ပြောမနေနဲ့တော့။"
............
အခန်းထဲ၌
အန်လင်းသည် သိုလှောင်လက်စွပ်အား ကြည့်ရှုလိုက်သောအခါ အင်မော်တယ်ဆေးလုံးများစွာ ရှိနေသောကြောင့် အင်မော်တယ်ဆေးလုံး လက်မှတ်များမှာ အသုံးမလိုလောက်ပေ။ အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်များအတွက်မူ မည်သည်ကို လဲလှယ်ရမည်မသိ ဖြစ်နေသည်။
သူသည် အင်မော်တယ်လက်နက်များကိုသာ စိတ်ဝင်စားတော့သည်။
သူဋ္ဌေးများ၏ ပြဿနာဆိုသည်မှာ ထိုသို့ပင်။
အဆုံးတွင်မူ သူ၏သားရဲများ လိုအပ်မည့် အရာကိုသာ စဉ်းစားရတော့သည်။
သို့သော် ကြေးမုံပြင်ထဲမှကမ္ဘာ တည်ဆောက်နိုင်ရန် အသက်စွမ်းအင် ပေးအပ်နိုင်သည့် သစ်သားအမျိုးအစား အင်မော်တယ်ဆေးလုံးကို တောင်းဆိုထားသော တီနာမှလွဲ၍ အခြားသူများမှာ လိုအပ်ချက် မရှိကြပေ။
"ကြေးမုံပြင်ထဲက ကမ္ဘာဆိုတာဘာလဲ။"
အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
တီနာမှာ မြစိမ်းရောင် မျက်ဝန်းလေးများအား ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။
"အဲ့ဒါက နယ်မြေအူတိုင် အပိုင်းအစလေ။ ရှေးဟောင်းထိုက်ချူးကုန်းမြေရဲ့ ချီလော့မြို့ ပုံစံမျိုး ကမ္ဘာအသစ် လုပ်နိုင်ခဲ့တယ်။ ပြောရရင် ကြေးမုံပြင်ထဲက ကမ္ဘာပေါ့။"
အန်လင်း စိတ်ဝင်စားသွားပြီး တီနာအား လက်ဝါးပေါ် တင်ထားလိုက်သည်။
"အဲ့ကမ္ဘာထဲမှာ အခြေအနေ ဘယ်လိုရှိလဲ ပြောပြစမ်းပါ။"
နယ်မြေအူတိုင် အပိုင်းအစအား တီနာ ရရှိသွားသည်ကို သိရှိသူ အလွန်နည်းပါးသည်။
သက်ရှိသတ္တဝါနှင့် နယ်မြေအူတိုင် အပိုင်းအစ ပေါင်းစပ်သွားသည်မှာလည်း တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
အန်လင်းနှင့် ရွှယ်ကျန်ထျန်းမှလွဲ၍ သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးသာ ထိုအကြောင်းကို သိကြသည်။
နှင်းပျိုမဒီ အချို့လည်း သိကောင်းသိနေနိုင်သည်။
တီနာသည် ထိုကိစ္စနှင့်ပက်သတ်၍ အနည်းငယ် စိတ်ရှုပ်နေသောကြောင့် နယ်မြေအူတိုင် အပိုင်းအစအကြောင်းအား ထုတ်မပြောဖြစ်ခဲ့ပေ။ ချီလော့မြို့ တစ်ခုလုံးကို စုပ်ယူခဲ့သည်မှာလည်း သူမ လုပ်ရပ်မဟုတ်ပဲ နယ်မြေအူတိုင်၏ လှုံ့ဆော်မှုကြောင့်သာ ဖြစ်သည်။
ယခုတွင်မူ ခန္ဓာကိုယ်ထဲတွင် ရှိနေသော နယ်မြေအူတိုင် အပိုင်းအစနှင့်ပက်သတ်၍ တီနာသည်လည်း ပိုမိုနားလည်လာသည်။
ကြေးမုံပြင်ထဲမှ လှည့်လည်နေသော စိတ်ဝိဉာဉ်များ ဆက်လက်တည်ရှိနိုင်ရန် ကမ္ဘာတစ်ခု ဖန်တီးပေးရမည် ဖြစ်သည်။ ကမ္ဘာတည်ဆောက်ခြင်းမှာ ပြီးစီးသွားပြီ ဖြစ်သောကြောင့် ဒုတိယအနေဖြင့် အလွန်အားကောင်းသော အသက်စွမ်းအင်အား လှည့်လည်နေသော စိတ်ဝိဉာဉ်များအတွက် စွမ်းအင်ရင်းမြစ်အဖြစ် ထားရှိပေးရမည်ပင်။
သူမ ခန္ဓာကိုယ်ထဲမှ စွမ်းအင်သက်သက်ဖြင့် မည်သို့မျှ မလောက်ငှသောကြောင့် အင်မော်တယ်ဆေးလုံးအား မဖြစ်မနေ လိုအပ်သည်။
အန်လင်း အနည်းငယ်တွေးကာ ထပ်မေးလိုက်သည်။
"အဆင့်ငါး အင်မော်တယ်ဆေးလုံးနဲ့ လောက်ရဲ့လား။ ထပ်လိုသေးလား။"
တီနာ ခေါင်းခါပြသည်။
"မလိုပါဘူး။ အဆင့်ငါး အင်မော်တယ်ဆေးလုံးမှာ အသက်စွမ်းအင်တွေ အများကြီး ပါမှာပဲ။"
"ဟုတ်သားပဲ....ဘီလူးအန်လင်း...နင့်ရဲ့အသိစိတ်ကိုလည်း ငါ့ကမ္ဘာထဲ ထည့်ပေးလို့ရတယ်။ နင်အလည်လာချင်လား။"
တီနာ ပြုံးကာကမ်းလှမ်းသည်။
အန်လင်း မျက်ဝန်းများ တောက်ပသွားကာ ချက်ချင်းခေါင်းညိတ်လိုက်သည်။
"ကောင်းတာပေါ့။"
တီနာ သဘောကျစွာပြုံးရင်း အန်လင်းထံ ပျံဝဲသွားကာ သူမ၏ လက်ဝါးသေးသေးလေးကို နဖူးပေါ် တင်လိုက်သည်။ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားတွင် ဖြစ်တည်နေသော အပိုင်းအစ တစ်ခုမှာ သူမ၏ မျက်ဝန်းထဲတွင် ထင်ဟပ်လာသည်။
သူမ ညင်သာစွာ စကားဆိုသည်။
"အသိစိတ်ထဲ ရောက်လာမယ့် ဖိတ်ခေါ်မှုကို မငြင်းပါနဲ့။"
အန်လင်း သဘောတူပြီး ချက်ချင်းပင် အသိစိတ်ထဲသို့ ထူးခြားသော ဆင့်ခေါ်စွမ်းအင်များ ရောက်ရှိလာသည်။
ထိုစွမ်းအင်အား လက်ခံလိုက်ပြီးနောက် မူးနောက်နောက်ဖြစ်ကာ ကမ္ဘာသစ် တစ်ခုအား တွေ့မြင်လိုက်ရတော့သည်။