← Chapters

အခန်း (၆၁၉-၆၂၀)

Vol. 47 Ch. 619-620

အခန်း (၆၁၉-၆၂၀)

Vol. 47 Ch. 619-620

အပိုင်း ၆၁၉ - မြေခွေးနတ်ဆိုးများ

မိုးကြိုးဌာန ကိုယ်စားလှယ်အဖွဲ့ကို လမင်းဓားနတ်ဘုရားက တည်းခိုရာ နန်းဆောင်မှ ခေါ်ထုတ်လာကာ အနောက်ဘက်သို့ ပျံသန်း ခရီးနှင်ခဲ့သည်။ တိမ်တိုက်များအကြား အဖျားလေးသာ ထွက်ပေါ်နေသော်လည်း ကာကွယ်ရေးအစီအရင်များအောက်ရှိ နန်းတော်ကြီးများသည် ပြိုင်ဘက်ကင်း ခမ်းနားလှ၍ လေထဲတွင် ငြိမ့်ငြိမ့်ညောင်းညောင်း လွင့်ပျံနေသော တေးသံများကလည်း ရောက်လာသူတိုင်းကို ငြိမ်းချမ်းသွားအောင် ကြိုဆိုပွေ့ဖက်ပေးလိုက်ကြသည်။ ဤနေရာသည် သာမန်ကျင့်ကြံရေးလောကတစ်ခုထက် ပို၍ အဆင့်မြင့်ပြီး အေးချမ်းစွာ အချိန်များ ရပ်တန့်နေသယောင်ပင် ထင်မှတ်ရ၏။ လမ်းတလျှောက် ဖြတ်သန်းသွားသော နတ်အစေခံမလေးများက အပြုံးကိုယ်စီဖြင့် ပန်းခြင်းများ သယ်ဆောင်ထားကာ လှပသော ရှုခင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ မြင်သမျှ အင်မော်တယ်တိုင်းသည် အရှိန်အဝါ ခမ်းနား၍ ယောကျ်ားသားများက ဖြောင့်မတ်မှန်ကန်၍ အမျိုးသမီးများမှာ ကျက်သရေရှိရှိ လှပနေသည် ဖြစ်ရာ အစစ်အမှန် ကောင်းကင်ရုံးတော် ဟူသည် ဗိသုကာလက်ရာများ၊ နယ်မြေအကျယ်အဝန်းနှင့် မသက်ဆိုင်ဘဲ နေထိုင်သူ ပုဂ္ဂိုလ်များကို ကိုယ်စားပြုပေသည်။ ဤပတ်ဝန်းကျင်နှင့် ရင်းနှီးပုံရသော မိုးကြိုးဌာန၏ ကျင့်ကြံသူများသည် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကာ တစ်ဖက်လူ အနှောင့်အယှက် မဖြစ်စေရန်အတွက် အကြည့်များကိုပင် ထိန်းချုပ်ထားကြသည်။

ယွမ်ရှောင်ကို အံ့သြစေသည်မှာ မြူခိုးများအကြား နန်းတောင်များအနောက်ရှိ တောင်တန်းများအပေါ်တွင် မင်ရည်ကဲ့သို့ မည်းနက်သော အရောင်ဖြင့် တိုင်လုံးပမာ ထီးထီးကြီး တည်ရှိနေသည့် နားခိုရာဂိုဏ်း အဆောက်အအုံကြီး ဖြစ်သည်။ ၎င်းက ဤမျှ ပေါ်တင်ကြီး တည်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားသော်လည်း သူတို့အကြားတွင် အနောက်နန်းဆောင် ဖြစ်ပုံရသော ဧရာမ နန်းတော်ကြီးများ ခြားထား၍ မက်မွန်ရနံ့များ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေသည့် သစ်တောကြီးတစ်ခုလည်း ရှိ၏။ ၎င်းသည် တော်ဝင်နန်းတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကျောက်မျိုးနွယ် မိဖုရားခေါင်ကြီးက အုပ်ချုပ်၍ နတ်အစေခံမလေးများ ခစားရသော နေရာ ဖြစ်သည်။ အနောက်နန်းဆောင်သည် ကောင်းကင်ရုံးတော်ရှိ အမျိုးသမီးများ၏ အာဏာနှင့် စွမ်းအားကို ကိုယ်စားပြုပြီး မက်မွန်ပွဲတော် ကျင်းပနေသောကြောင့် ပုံမှန်ထက် ပို၍ စည်ကားနေသည်။

ဦးတည်ရာသို့ ရောက်သောအခါ လမင်းဓားနတ်ဘုရားသည် အားလုံးကို ကောင်းကင်မှ ဆင်းသက်ခိုင်းကာ ခမ်းနားလှပသော ဂိတ်တံခါးများထံ ခြေလျင်သွားစေခဲ့သည်။ ထိုအခိုက်တွင် ကြိုဆိုရန် အသက်ကြီးကြီး အဘိုးအိုတစ်ယောက် ချဥ်းကပ်လာကာ ခေါင်းကြီးကိုယ်သေး ခန္ဓာကိုယ် ပိုင်ဆိုင်၍ တုတ်ကောက်အားပြု ရပ်နေပုံရသည်။

"သက်တော်ရှည်ကြီး"

ယွမ်ယင်က တစ်ချက်ပြုံး၍ နှုတ်ဆက်လိုက်သောအခါ တစ်ဖက်လူမှာလည်း ရင်းနှီးစွာ တုံ့ပြန်လာ၏။

"မဟာစစ်သူကြီး ကြွပါ။ မိဖုရားကြီးကိုယ်စား မင်းတို့ကို ဖိတ်ခေါ်ပါတယ်"

ကောင်းကင်ရုံးတော်၏ အဆင့်နှစ် အရာရှိတစ်ယောက်ဖြစ်သော သက်ရှည်အင်မော်တယ်ကို ယွမ်ရှောင်က ချက်ချင်း မှတ်မိသွားခဲ့ပြီး သေမျိုးလောကမှ အဆင့်တက်လာသည့် အင်မော်တယ်များနှင့် သူတို့၏ အိပ်မက်များအား ပိုးကောင်အစာအဖြစ် ချက်ပြုတ်ခဲ့သော ရက်စက်လှသည့် လူယုတ်မာပင်။ ဤသို့သော အပြစ်သားတစ်ယောက်က ကောင်းကင်ရုံးတော်တွင် ဂုဏ်သရေရှိရှိ နေထိုင်ကာ မျက်နှသာပေးခံရသည်ဆိုလျှင် ဤနေရာတစ်ခုလုံး အမှန်တကယ် ပုပ်ပွနေပေလိမ့်မည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ ချက်ပြုတ်ခဲ့သော ကျင့်ကြံသူများအနက် တစ်ယောက်မှာ လွတ်မြောက်လာ၍ အဆင့်ခြောက် အရာရှိ လူငယ်ပါရမီရှင် ဖြစ်နေမည်ဟု အိပ်မက်ပင် မက်ဖူးမည် မဟုတ်ချေ။

သက်တော်ရှည်က မိုးကြိုးဌာနအဖွဲ့ကို မြူခိုးများ ထူထပ်စွာ အုံ့ဆိုင်း၍ ပန်းရနံ့များ မွှေးကြိုင်ကာ ငှက်တေးသံများ လွင့်ပျံ့နေသည့် ခြံဝန်းတစ်ခုထံ ခေါ်ဆောင်လာခဲ့သည်။ ကချေသည်လေးများက လှပစွာ ဖျော်ဖြေနေကြပြီး မဟာကောင်းကင်ကျောင်းတော်၏ ညစာစားပွဲထက် များစွာ သာလွန်နေသည်ဖြစ်ရာ မက်မွန်သီးပွဲတော်ကို ပုံတူကူးချထားသော အတုအယောင် ဖြစ်ကြောင်း သိနိုင်၏။ သာမန်အင်မော်တယ်များ လက်လှမ်းမမီနိုင်သော နတ်သစ်သီးများနှင့် စားသောက်ဖွယ်ရာများကို စားပွဲတိုင်းအပြည့် တည်ခင်းထားပြီး ယွမ်ရှောင်နှင့် ကူစုဝမ်သည် ဗဟိုနှင့် အတန်ငယ်လှမ်းသော နေရာ၌ ထိုင်လိုက်ကြသည်။ မက်မွန်သီးပွဲတော် မစသေးသော်လည်း ဧည့်သည်များ တဖွဲဖွဲ ရောက်လာနေသည်ဖြစ်၍ အစေခံလေးများက ချိုမြိန်စွာ ပြုံး၍ သေရည် ငှဲ့ပေးခြင်း၊ အစားအသောက်များ ပြင်ဆင်ပေးခြင်း၊ ဂီတသံများ တီးခတ်ခြင်း စသည်တို့ဖြင့် ကြိုဆိုလျက်ရှိ၏။ ယွမ်ရှောင်အတွက်မူ စားမည်ဝါးမည် တကဲကဲ ဖြစ်နေသော အနက်ရောင် သားရဲလေး အပြင်ထွက်မလာစေရန် ဝတ်ရုံအတွင်း အတင်းထိန်းချုပ်ထားရသည်။ ချမ်းသာသူများ၏ စားသောက်ပွဲသည် ဆင်းရဲသားတစ်ယောက်အတွက် အခွင့်အရေးကြီး ဖြစ်သော်လည်း မက်မွန်သီးပွဲတော်သည် ခမ်းနားလွန်း၍ မဆင်မခြင် စော်ကားရန် မသင့်သည် မဟုတ်ပါလော။

"ဒီနေရာမှာ လူငယ်တွေချည်းပါလား။ နည်းနည်းခြောက်ကပ်နေသလိုပဲ။ အရာရှိကြီးတွေ ရောက်မလာသေးဘူးလား"

ယွမ်ရှောင်က ကူစုဝမ်အနားကပ်၍ စပ်စုလိုက်သောအခါ ချက်ချင်း အဖြေပြန်ရလိုက်၏။

"လူငယ်တွေက ပုဂ္ဂိုလ်ကြီးတွေရဲ့ အသိုင်းအဝိုင်းနဲ့ မသင့်တော်ဘူးလေ။ ဒါကြောင့် မင်းတို့ကို အပြင်ပိုင်းမှာ နေရာပေးထားလို့ အုပ်ထိန်းသူတွေလည်း အထဲ မဝင်ရဘူး။ ဘာဖြစ်ဖြစ်၊ ကွာခြားတာ မရှိပါဘူး။ အကောင်းဆုံး သစ်သီးတွေနဲ့ ချက်လုပ်ထားတဲ့ သေရည်နဲ့ ကောင်းကင်ရုံးတော်ရဲ့ မွေးမြူရေး အသားတွေကို ဧည့်ခံတာချင်း အတူတူပါပဲ။ သာမန်အင်မော်တယ်တွေဆိုရင် တစ်သက်လုံး မြင်တောင်မြင်ဖူးမှာ မဟုတ်ဘူး"

တစ်ဖက်လူသည် ကျင့်ကြံရေး အရင်းအမြစ်များနှင့် ပတ်သက်လျှင် လက်မတွန့်တတ်သောကြောင့် သူမက သတိပေးရန်လည်း မမေ့ချေ။

"ငမ်းငမ်းတက် စားသောက်မနေနဲ့။ ဒီပွဲတော်က လူမှုဆက်ဆံရေးကို အလေးထားတယ်"

"စိတ်မပူပါနဲ့"

ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သော်လည်း အမှန်တကယ် ထိန်းချုပ်ရမည်မှာ သူ မဟုတ်ချေ။ ထိုအချိန်မှာပင် သားရဲလက်လေး တစ်ဖက် တိတ်တဆိတ် ထွက်ပေါ်လာကာ စားပွဲအထက်ရှိ ကျောက်စိမ်းမက်မွန်သီးတစ်လုံးကို ဖြတ်ခနဲ ဆွဲယူသွားလေသည်။ အတွင်းပိုင်းသို့ သွားရောက်ရမည့် အရာရှိကြီးများက ဤနေရာကို ဖြတ်သန်းသွားရသည့်အတွက် အစောင့်များ၏ ကြေညာသံများ ကြား၍ မော့ကြည့်လိုက်လျှင် တိမ်တိုက်များအထက်မှ ပုဂ္ဂိုလ်ကြီးများကို တွေ့နိုင်၏။

"ကြယ်တာရာမြို့စား လောဘအိုးဝံပုလွေ ရောက်ပါပြီ"

"မီးတောက်သခင် ကြွပါခင်ဗျာ"

"အလင်းကိုးသွယ် မြို့စားနဲ့ မဟာမြို့စားထိုက်ဆွေ့ ဒီဘက်ကို ကြွပါ"

"ကောင်းကင်ရေတပ်ရဲ့ စစ်သူကြီးများကို ကြိုဆိုပါတယ်"

လမင်းဓားနတ်ဘုရားနှင့် သက်တော်ရှည်အင်မော်တယ်က ရောက်လာသူတိုင်းကို နှုတ်ဆက်နေကြပြီး လူသိများသော ထိုအဘိုးကြီးမှာ ဧည့်သည်တိုင်းနှင့် စကားစမြည် ပြောနေခဲ့သည်။

"လမင်းသခင်မ ရောက်လာပြီလား။ မိဖုရားကြီးကတောင် မင်းအကြောင်း ပြောနေသေးတယ်"

နောက်ထပ်ဧည်သည့် ရောက်လာသောအခါ သူက နှုတ်ခမ်း နားရွက်တက်ချိတ်အောင် ပြုံးပြ၍ ကြိုဆိုနေသော်လည်း ယွမ်ရှောင်အတွက်မူ နတ်ဆိုးအရှိန်အဝါ ခံစားလိုက်ရ၏။ ရင်သပ်ရှုမောဖွယ် မိန်းမလှနှစ်ယောက် ရောက်ရှိလာပြီး မိုးကြိုးဌာန၏ အလှဆုံး မိန်းကလေးနိုင်း အောက် မလျော့ကြောင်း သိသာသည်။ ရုပ်ရည်ချင်း ဆင်တူသော်လည်း အရှိန်အဝါ အလွန်ကွာခြားပြီး တစ်ယောက်က ရင့်ကျက်သောဟန်ပန်နှင့် ညှို့ဓာတ်ပြင်းကာ ကျန်တစ်ယောက်သည် အေးဆေးတည်ငြိမ်ပြီး ငယ်ဂုဏ်ကြောင့် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ နှစ်ယောက်လုံးတွင် ငွေရောင်ဆံပင်များ ရှိကြပြီး ပန်းရောင်မျက်ဝန်းများ ပိုင်ဆိုင်ကြကာ အလွန်အမင်း လှပသော်လည်း ခေါင်းအထက်၌ မြေခွေးနားရွက်တစ်စုံစီ ထင်ထင်ရှားရှား မြင်နိုင်သည့်အပြင် ဝတ်ရုံအနောက်ပိုင်းတွင် ဖောင်းနေသောကြောင့် အမြှီးများ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက တအံ့တသြဖြစ်သွား၍ ကူစုဝမ်ကို မေးလိုက်သော်လည်း သူမသည် တိုးတိုးနေရန် သတိပေးပြီး အရေးမကြီးဟန်ဖြင့် ရှင်းပြလာသည်။

"ကောင်းကင်ရုံးတော်မှာ နတ်ဆိုးတွေကို တည်ရှိခွင့်ပေးထားတာလား"

"ဟုတ်တယ်။ နတ်ဆိုးအင်မော်တယ်တွေ အများကြီး ရှိပြီး သူတို့ရဲ့ ဘိုးဘေးတွေက မဟာတာအိုနယ်မြေအပေါ်မှာ သစ္စာစောင့်ခဲ့ကြတဲ့ သမိုင်းကြောင်းက မနည်းဘူး။ အရည်အချင်းကို မျိုးနွယ်နဲ့ မဆုံးဖြတ်သင့်ဘူး။ နတ်ဆိုးမျိုးနွယ်ကလည်း ကောင်းကင်ရုံးတော်ရဲ့ မဏ္ဍိုင်တစ်ရပ်ပဲ။ ဘာကြောင့် ခွဲခြားနေမှာလဲ"

ကောင်းကင်ရုံးတော်သည် နတ်ဆိုးများကို မုန်းတီးခြင်း မရှိဘဲ တည်ရှိခွင့်ပေးထားသော်လည်း မက်မွန်ပွဲတော်သို့ တက်ရောက်ခွင့်ရသည့် နတ်ဆိုးမှာမူ ပေါ့သေးသေး ဟုတ်ဟန် မတူချေ။

"လမင်းသခင်မက တရားဝင် ရာထူး မရှိပေမယ့် ဂုဏ်သိက္ခာကြီးမားပြီး နတ်ဆိုးအင်မော်တယ်တွေအကြားမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ သူ့သမီး ဝူချင်းကလည်း အင်မော်တယ်ပြိုင်ပွဲမှာ ပါဝင်လိမ့်မယ်။ မင်းအတွက် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ မဟာတာအိုနယ်မြေတစ်ခုလုံး အသက်သုံးဆယ်အောက်မှာ အသန်မာဆုံး နတ်ဆိုးပါရမီရှင်လေ"

ကူစုဝမ်က အလွန်အထင်ကြီးနေသဖြင့် တစ်ဖက်လူမှာ သူမထက် ပို၍ စွမ်းအားကြီးမားကြောင်း သိသာနေသည်။

"နတ်ဆိုးတစ်ကောင်က အင်မော်တယ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်တာလား"

ယွမ်ရှောင်က ခါးသက်သက် ရယ်မောလိုက်မိသည်။

"ဒါကြောင့် မင်းတို့ ပိုပြီး ကြိုးစားရမယ်။ နတ်ဆိုးတစ်ကောင်သာ အနိုင်ရသွားမယ်ဆို ရှက်စရာကောင်းပေမယ့် ကောင်းကင်ရုံးတော်က တန်းတူညီမျှ ခွင့်ပြုထားတာဆိုတော့ နုတ်ထွက်ခိုင်းလို့မှ မရတာ"

တန်းတူညီမျှမှု ဟူသော စကားလုံးကြောင့် သူက ဟားတိုက်ရယ်မောပစ်ချင်နေပြီး နတ်ဆိုးများကိုပင် လက်ခံထားသော်လည်း သေမျိုးလောက၏ သက်ရှိများကိုမူ ဤကောင်းကင်ရုံးတော်သည် မျက်နှာလွှဲခဲပစ် သတ်ဖြတ်နေသည် မဟုတ်ပါလော။ လမင်းသခင်မက အတွင်းပိုင်းသို့ ဝင်ရောက်သွားသောအခါ သက်တော်ရှည်ကြီးသည် ဝူချင်းကို ခေါ်ဆောင်ကာ ယွမ်ရှောင်နှင့် မနီးမဝေးတွင် နေရာချထားပေးလိုက်၏။

"ဖြူစင်မြင့်မြတ်တဲ့ အသွင်အပြင်ရှိနေရင်တောင် မြေခွေးတွေက ညှို့ဓာတ်ကို ဖုံးကွယ်မထားနိုင်ပါလား"

ဝူချင်းသည် နူးညံ့သိမ်မွေ့ကာ မည်သူနှင့်မျှ စကားမပြောဘဲ တိတ်တဆိတ် ထိုင်နေပြီး မြေခွေးနတ်ဆိုးဟူသော ဖြစ်တည်မှုကြောင့် ယွမ်ရှောင်ကို သခင်မဟွာလျန်အကြောင်း သတိရသွားစေသည်။ အကြောင်းအရင်း မသိရသော်လည်း အကျိုးအမြတ်ကို ဦးစားပေးသည့် ဤနေရာတွင် ဟန်ဆောင်အပြုံးများအကြားတွင် သူမတစ်ယောက်တည်းသာ သီးသန့် ကွဲထွက်နေပုံပေါ်၏။ သူ့အတွက်မူ ကောင်းကင်ရုံးတော်ရှိ အခြေအနေများကြောင့် လူသားမျိုးနွယ်က ဆိုးသည်လား၊ နတ်ဆိုးမျိုးနွယ်က ကောင်းမွန်သည်လား ဝေခွဲမရနိုင်ချေ။

"တိတ်တိတ်နေ၊ မိဖုရားခေါင်ကြီး ထွက်လာပြီ"

ထိုအချိန်တွင် ကူစုဝမ်က ရုတ်တရက် သတိပေးလာသဖြင့် ယွမ်ရှောင်သည် အတွင်းပိုင်းသို့ လှည့်ကြည့်လိုက်မိသည်။ ကောင်းကင်အထက်တွင် အလွန်တရာ လှပသော အင်မော်တယ်မိန်းကလေးများ အုပ်စုလိုက် ထွက်ပေါ်လာပြီး အလယ်ဗဟိုတွင် ရပ်နေသော မိဖုရားကျောက်မှာ တစ်ကိုယ်လုံး အလင်းရောင်များ တောက်ပ၍ ရွှေရောင်ရင့်ရင့် ဝတ်ရုံတစ်ထည် ဆင်မြန်းထားလေသည်။

အပိုင်း ၆၂၀- ကောင်းကင်ရုံးတော်၏ နံပတ်တစ် ဓားသခင်

မြင်ကွင်းအတွင်း ခန့်ညားထည်ဝါ၍ ကျက်သရေရှိလှသော အမျိုးသမီးတစ်ယောက် ဝင်ရောက်လာပြီး မနီးမဝေးတွင် ရှိသော်လည်း မြူခိုးများကြောင့် မျက်နှာကိုမူ သေချာမမြင်ရပေ။ သူမက ကောင်းကင်ရုံးတော်ရှိ အရာခပ်သိမ်း၏ မိခင်ကဲ့သို့ ခံစားချက်မျိုးပေးစွမ်းကာ နောက်လိုက်များကို ပွေ့ဖက်၍ ချမ်းသာကြွယ်ဝမှုများ ဆောင်ကျဥ်းပေးနိုင်မည်ဟု ထင်မှတ်ရသည်။ ရှိရှိသမျှသော အလင်းရောင်များက သူမထံ စုဝေးနေပြီး တိုက်ရိုက်ရင်ဆိုင်ရန် အရှိန်အဝါ ပြင်းထန်၍ မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရိုသေလေးစွာ ခေါင်းငုံ့သွားမိပေလိမ့်မည်။ ယွမ်ရှောင်ကို အံ့သြစေသည်မှာ သူမ၏ အသံသည် နွေဦးလေပြေကဲ့သို့ ညိမ့်ညောင်းသာယာလှကာ နူးညံ့နေ၏။

"မရေမတွက်နိုင်တဲ့ ပြိုင်ဘက်တွေကြားမှာ ထူးချွန်လို့ ရွေးချယ်ခံရတာဟာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်တယ်။ ငါ့လို သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့ အင်မော်တယ်ပြိုင်ပွဲ မတိုင်ခင် ပွဲတော်လေးတစ်ခုနဲ့ ဂုဏ်ပြုပေးရုံကလွဲလို့ မတတ်နိုင်ဘူး။ မက်မွန်ပွဲတော်အပြီးမှာ အားလုံးက အရည်အချင်း ပြည့်ပြည့်ဝဝ ထုတ်ဖော်နိုင်ကြပါစေ"

သူမ၏ စကားအရ မက်မွန်ပွဲတော် အပြင်ပိုင်းသည် လူငယ်ပါရမီရှင်များကို ရည်ရွယ် ကျင်းပခြင်း ဖြစ်သောကြောင့် ကျေးဇူးတင်စကားများ ချက်ချင်း လွင့်ပျံလာသည်။ ထို့နောက် သူမက ပျော်ရွှင်စွာ စားသောက်ကြရန် ပြောကြားကာ အစေခံမလေးများ ခြံရံလျက် အတွင်းပိုင်းသို့ ပြန်ဝင်သွားခဲ့၏။ ဤအဓိပ္ပါယ်အရ ပွဲတော် စတင်ပြီဖြစ်သောအခါ အနက်ရောင်သားရဲလေးသည် ယွမ်ရှောင် သေရည်သောက်နေစဥ် စားကောင်းသောက်ဖွယ်များကို အငမ်းမရ စတင် ဝါးမျိုနေခဲ့သည်။ အမှန်တကယ်ဆိုလျှင် ဤစီရင်သူ လူငယ်လေးများသည် ပြိုင်ဘက်များ ဖြစ်သောကြောင့် အင်မော်တယ်ပြိုင်ပွဲ မတိုင်မီ ရင်းရင်းနှီးနှီး ဖက်လဲတကင်းဆက်ဆံရန် မဖြစ်နိုင်ပေ။

"မင်းရဲ့ ပြိုင်ဘက်တွေကို မိတ်ဆက်ပေးမယ်"

မိဖုရားကျောက် ထွက်ခွာသွားသောအခါ ပတ်ဝန်းကျင်က ချက်ချင်း အေးစက်သွား၍ နွေးထွေးသော အငွေ့အသက် ပျောက်ကွယ်လာသောအခါ ထိုင်ခုံအပေါ် မှီချလိုက်သော ယွမ်ရှောင်ကို ကူစုဝမ်မှ စကားဆိုလာခဲ့သည်။ သူမ၏ လေ့လာချက်များအရ ဂုဏ်ထူးဆောင် စီရင်သူ ခုနစ်ယောက်အနက် နိုင်းနှင့် အရည်အချင်းတူညီကာ ထိပ်ဆုံးသုံးယောက် ဝင်နိုင်သော ပါရမီရှင် လေးယောက် ရှိနေသည်။

"မြေခွေးမလေးလည်း ပါတယ်မလား"

"လူမြင်ကွင်းမှာ မြေခွေးမလေးလို့ သွားခေါ်မနေနဲ့။ အဲ့တာ ရိုင်းတယ်"

ယွမ်ရှောင်၏ မှတ်ချက်ကြောင့် သူမက မျက်စောင်းတစ်ချက်ဝင့်ကာ ဆက်လက်ရှင်းပြခဲ့သည်။ နောက်တစ်ယောက်မှာ တော်ဝင်ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ နွေးထွေးပျူငှာ၍ မြင်သမျှ လူတိုင်းနှင့် သေရည်ခွက်ချင်း တိုက်နေသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူက ကျောက်ယွမ်ပေါင် ဖြစ်ပြီး မိဖုရားကျောက်၏ တူဖြစ်သည့်အပြင် ဖခင်မှာ ကောင်းကင်ရုံးတော်၊ အင်ပါယာဘဏ္ဍာတိုက်ကို ထိန်းသိမ်းစောင့်ရှောက်ရသော အဆင့်တစ် အရာရှိကြီးတစ်ဦး ဖြစ်၏။ ရုံးတော်အတွင်း တည်ရှိသော မြို့တော်များနှင့် အင်မော်တယ်အားလုံးကို ဘဏ္ဍာတိုက်က အုပ်ချုပ်သဖြင့် ဘဏ္ဍာထိန်းဖြစ်သော နဂါးကျားသခင်သည် မိုးကြိုးဧကရာဇ်ထက် ပို၍ သြဇာအာဏာ ကြီးမားပေသည်။ ကျောက်ယွမ်ပေါင်၏ နောက်ခံက အရင်းအမြစ် ကြွယ်ဝပြီး အာဏာ ကြီးမား၍ အစွမ်းအစနှင့် ပတ်သက်လျှင်မူ ခန့်မှန်းရခက်သည်။ ရင်းနှီးပျူငှာ၍ လိုက်လျောညီထွေ နေထိုင်တတ်သူများမှာ အမှန်တကယ် စွမ်းအားကို ဖုံးကွယ်ထားလေ့ရှိသောကြောင့် အထင်သေးမရချေ။

နောက်ထပ်တစ်ယောက်က လမင်းဓားနတ်ဘုရားအနားတွင် ထိုင်နေပြီး အဖြူရောင် ဝတ်ဆင်ထားကာ နှာတံမှာ ဓားတစ်လက်ကဲ့သို့ ဖြောင့်စင်း၍ လူစိမ်းများနှင့် ရင်းနှီးချင်ပုံ မရချေ။ မက်မွန်ပွဲတော်တွင် ရက်စက်ကြမ်းကြုတ်သော စရိုက်ကို ဖုံးကွယ်မထားသော လူငယ်၏ မျက်လုံးများမှာ အဖြူသက်သက် ဗလာဖြစ်နေ၍ ဂူကျင့်ကြံသူ သုံးယောက်နှင့် ပတ်သက်ကာ တိုက်ရိုက်မျိုးဆက် မဟုတ်လျှင်ပင် သေချာပေါက် အဆက်အဆံ ရှိမည်ဟု ယွမ်ရှောင် နားလည်လိုက်၏။ တစ်ဖက်လူက ဓားဌာန၏ သခင်လေး ဖြစ်ကာ ဖခင်သည်လည်း အဆင့်တစ် ကောင်းကင်အရာရှိ ဖြစ်ပြီး စစ်ဧကရာဇ်အောက် ကျော်ကြားမှု မနိမ့်သော ကောင်းကင်ရုံးတော်၏ နံပတ်တစ် ဓားသမား မြောက်ပိုင်းကြယ် ဓားနတ်ဆိုး ဖြစ်သည်။ ထိုအမည်က ဆိုလိုသည်မှာ ဓားမိစ္ဆာကဲ့သို့ မိစ္ဆာဖြစ်တည်မှုမျိုး မဟုတ်ဘဲ ဓားအပေါ် အမှန်တကယ် ရူးသွပ်ပြီး မျိုးရိုးအမည်ကိုပင် ဓားဟူ၍ ပြောင်းလဲထားသည်အထိ စွဲလန်းနေပုံပေါ်သည်။

ကူစုဝမ်က ထိုလူငယ်လေးကို ငေးမောနေပြီး ချီးကျူးလိုက်သည်။

"မြောက်ပိုင်းကြယ် ဓားနတ်ဆိုးရဲ့ တစ်ဦးတည်းသော သား ကျန်းချီကလည်း ဓားနဲ့ပတ်သက်ရင် အရူးတစ်ယောက်ပဲ။ ပါရမီထူးကဲလွန်းလို့ ဖခင်ထက်တောင် သာလွန်တဲ့ ဓားသမားတစ်ယောက် ဖြစ်မယ်လို့ လူအများက ထင်ကြေးပေးထားတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကောင်းကင်ရုံးတော်သမိုင်းမှာ ပထမဆုံး အမြွှာဓားဝိညာဥ် ပိုင်ဆိုင်ထားလို့ပဲ။ ငယ်ငယ်ကတည်းက ဓားဝိညာဥ်နှစ်ခုနဲ့ သတ်ဖြတ်နိုင်စွမ်းဟာ ရွယ်တူကြားမှာ ပြိုင်ဘက်ကင်းတယ်"

အမြွှာဓားဝိညာဥ်ဆိုသော အရာက ယွမ်ရှောင်ကို စိတ်ဝင်စားသွားစေသည့်အပြင် ဝူချင်းဖြစ်စေ၊ ကျောက်ယွမ်ပေါင် ဖြစ်စေ၊ ကျန်းချီဖြစ်စေ အဆင့်တစ် ကောင်းကင်အရာရှိ နောက်ခံများ ရှိကြပြီး စစ်ဧကရာဇ်နှင့် မရေမရာ ဆက်ဆံရေးမျိုးရှိသည်ထက် ပိုမို ခိုင်မာသည်။

"နောက်ဆုံးတစ်ယောက်ကရော ဘယ်သူလဲ"

လေးယောက်ရှိသည်ဟု ကူစုဝမ်က ပြောခဲ့သောကြောင့် သူက ဆက်လက် မေးခွန်းထုတ်လိုက်ပြီး ထူးဆန်းသည်မှာ အပြင်ပိုင်း ပွဲတော်၌ ကျန်းချီကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်း မြင့်မားသော ပါရမီရှင်မျိုး ထပ်မတွေ့တော့ပေ။

"နောက်ဆုံးတစ်ယောက်က စစ်ဧကရာဇ်ရဲ့ တပည့်လေ။ သူက လူမြင်ကွင်း သိပ်မထွက်လို့ လျှို့ဝှက်ဆန်းကြယ်တယ်။ ကောင်းကင်စစ်တပ်မှာတော့ သူက ကျော်ကြားပေမယ့် စစ်ဧကရာဇ်လိုမျိုး မက်မွန်ပွဲတော်ကို မလာခဲ့ဘူး"

မိဖုရားကျောက်က လူတိုင်းကို ဖိတ်ခေါ်မည်ဖြစ်သောကြောင့် ပွဲမတက်ရန် ငြင်းဆန်ရဲသည့်အတွက် ထိုနှစ်ယောက် မည်မျှ ရဲတင်းကြောင်း ဖော်ပြနေသည်။

"စစ်ဧကရာဇ် မလာပေမယ့် ကောလဟာလထွက်နေတဲ့ သားကတော့ ရောက်လာတယ် ခစ် ခစ်"

ကူစုဝမ်က ရုတ်တရက် ရယ်မောလိုက်သဖြင့် ယွမ်ရှောင်သည် စစ်ဧကရာဇ်၏ လေသံမျိုးဖြင့် တည်ငြိမ်စွာ မေးခွန်းထုတ်သည်။

"အဲ့တာက ပြဿနာ ရှိလို့လား"

"သေချာပေါက် ရှိတယ်။ စစ်ဧကရာဇ်က ဘာမှမလုပ်ရင်တောင် သူ့တပည့်ကတော့ ပြောမရဘူး"

သူမ၏ အမြင်တွင် ကောင်းကင်ရုံးတော်နှင့် ပတ်သက်လျှင် ဗဟုသုတ တစ်စက်တလေပင် မရှိသော ဤလူငယ်လေးမှာ စစ်ဧကရာဇ်၏ သားအရင်း ဖြစ်နိုင်ချေ တဖြည်းဖြည်း နည်းပါးလာနေ၏။ ယွမ်ရှောင်ကမူ အရာရာကို လျစ်လျူရှုထားပြီး အရင်းအမြစ်များကို ဆက်လက် စားသောက်နေကာ စစ်ဧကရာဇ် ပွဲမတက်သော သတင်း ထွက်လာသည်နှင့်အမျှ အကြည့်များစွာ ကျရောက်လာသည်။

"ဖြန်း"

ပါးရိုက်သံတစ်ခုက ရုတ်တရက် ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာပြီး လူတိုင်း လှည့်ကြည့်လိုက်သောအခါ လမင်းဓားနတ်ဘုရားကို ကျန်းချီမှ ရိုက်လိုက်ခြင်း ဖြစ်နေ၏။ လူငယ်တစ်ယောက်က အဆင့်နှစ် ကောင်းကင်အရာရှိကို လူပုံအလယ် ပါးရိုက်လိုက်သဖြင့် အားလုံး မင်သက်သွားသော်လည်း ပို၍ နေရခက်သည်မှာ တစ်ခွန်းပင် မလှန်ရဲဘဲ ငြိမ်နေရသော လမင်းဓားနတ်ဘုရားပင်။ ဤရိုက်ချက်က ဂုဏ်သိက္ခာကို နင်းချေလိုက်သော်လည်း အကြောင်းအရင်းကို နားမလည်သည့်အပြင် တစ်ဖက်လူ၏ နောက်ခံကြောင့် သည်းခံရန်မှတစ်ပါး သူမအတွက် ရွေးချယ်စရာ မရှိပေ။

ထိုအခိုက်အတန့်တွင် ကျန်းချီသည် ယွမ်ရှောင်ထံ လျှောက်လှမ်းလာခဲ့ပြီး ဓားအစင်းပေါင်းများစွာ ချိန်ရွယ်ထားသကဲ့သို့ အန္တရာယ်များသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားသည်။

"တစ်ခုခု လိုချင်တာ ရှိလား"

သူက သောက်လက်စ သေရည်အိုးကို ဘေးချ၍ မေးခွန်းထုတ်လိုက်သည်။

"အခုကစပြီး ဝေးဝေးနေ။ သူ့ကို ဆရာလို့ နောက်တစ်ခါ ထပ်ခေါ်ရင် မင်းရဲ့ ဓားဝိညာဥ် ဖျက်ဆီးခံရမယ်"

ကျန်းချီသည် လမင်း ဓားနတ်ဘုရားထံ လက်ညွှန်းထိုး၍ ခြိမ်းခြောက်နေပြီး ရည်ရွယ်ချက် ရှင်းလင်းကာ ယွမ်ရှောင်နှင့် ဓားဌာနအကြား အဆက်အဆံ မရှိစေလိုသောကြောင့် ဖြစ်၏။

"ဆရာ"

ယွမ်ရှောင်က တစ်ဖက်လူ၏ သြဇာအာဏာ ကြီးမားပုံကို စိတ်ထဲမှ ချီးကျူးလိုက်သော်လည်း ချက်ချင်း ထရပ်၍ လမင်းဓားနတ်ဘုရားထံ သွားကာ မျက်ခုံးတစ်ချက် ပင့်ပြလိုက်၏။

"ငါ အခု ခေါ်လိုက်ပြီ။ မင်း ဘာလုပ်မှာလဲ"

လမင်းဓားနတ်ဘုရားက ငြိမ်သက်နေပြီး ဂုဏ်သိက္ခာနှင့် နောက်ခံအကြား ရွေးချယ်စရာ စဥ်းစားနေပုံရသောကြောင့် ငြိမ်သက်နေသည်။

"အယောင်ဆောင်ကောင်။ မင်းကို စစ်ဧကရာဇ်က တစ်ချက်တောင် မကြည့်ဖူးဘူး။ အခုထိ ကြီးကျယ်ချင်ယောင် ဆောင်မနေနဲ့။ ဒီလိုကစားပွဲတွေက အဆုံးသတ်မလှဘူး"

ကျန်းချီ၏ လှောင်ပြောင်စကားက မက်မွန်ပွဲတော်ရှိ လူအများ၏ အတွေးများနှင့် ကိုက်ညီနေသဖြင့် လှောင်ပြုံးများစွာ တပြိုင်နက် ဖြစ်တည်လာသည်။ အကယ်၍ တစ်ဖက်လူသာ စစ်ဧကရာဇ်၏ သား ဖြစ်နေလျှင် မက်မွန်ပွဲတော်ကို တက်ရောက်လာမည် မဟုတ်ပေ။ လောင်းကြေးထပ်သည့် အရာ မှားယွင်းသွားကြောင်း နားလည်သွားသော ကူစုဝမ်ပင် ပါးစပ်ပိတ်နေရ၏။

"မင်းက စစ်ဧကရာဇ်ရဲ့ သား ဖြစ်နေရင် ငါက အနိုင်ယူမယ်"

"မင်းက ငါနဲ့ ရန်ကြွေး ရှိလို့လား"

ဗြောင်ကျကျ စိန်ခေါ်နေသော တစ်ဖက်လူကြောင့် ယွမ်ရှောင်က မေးခွန်းထုတ်လိုက်သောအခါ အကျိုးအကြောင်း မသင့်သော အဖြေတစ်ခုသာ ရလိုက်၏။

"ဓားလမ်းစဥ်မှာ အဆင့်မြင့် သခင်လေးတစ်ယောက်တည်း ရှိရမယ်"

ယွမ်ရှောင်က စစ်ဧကရာဇ်၏ နောက်ခံကို အသုံးချရန် ပွဲတက်လာသည်ဟု လူတိုင်း အထင်မှားနေကြသော်လည်း အင်မော်တယ်ပြိုင်ပွဲ၌ တရားမျှတစွာ ဝင်ရောက်ယှဥ်ပြိုင်လိုခြင်းမှ တစ်ပါး မရှိပေ။ သူက ထိုင်ခုံသို့ ပြန်သွားပြီး သက်တောင့်သက်သာ ထိုင်ချကာ သေရည်အိုးကို ပြန်လည် ကောက်ကိုင်လိုက်လေသည်။

All Chapters