← Chapters

အခန်း (၆၂၁-၆၂၂)

Vol. 47 Ch. 621-622

အခန်း (၆၂၁-၆၂၂)

Vol. 47 Ch. 621-622

အပိုင်း ၆၂၁ - ဓားသမားချင်း တွေ့ပြီ

ဓားသမား လူငယ်နှစ်ယောက်အကြား ပြဿနာ စတင်သည်နှင့်တပြိုင်နက် အပြင်ပိုင်း ပွဲတော်၏ လေထုမှာ ထူးဆန်းလာခဲ့သည်။ ကျောက်ယွမ်ပေါင်က နေရာအနှံ့ လှည့်ပတ်သွားလာရင်း ပျော်ပျော်ပါးပါး သေရည်သောက်နေသော်လည်း ယွမ်ရှောင်နှင့် ကျန်းချီ အနားတွင် ရေခဲတောင်များ ရှိနေသည့်အလား အေးစက်တင်းမာနေ၏။ တစ်နာရီအကြာတွင် မက်မွန်ပွဲတော် ပြီးဆုံးသောအခါ ယွမ်ရှောင်က အမြတ်ထွက်ခဲ့ပြီး စားကောင်းသောက်ဖွယ် အရင်းအမြစ်များကို အနက်ရောင်သားရဲလေးသည် ဝါးမျို၍ သုံးရောင်ခြယ် ကောင်းကင်ဆေးလုံးများစွာ ထုတ်လုပ်ပေးခဲ့သည်။ အခြားသော ဧည့်သည်များမှာမူ ဂုဏ်သိက္ခာကို ငဲ့ကွက်၍ စတိသဘောလောက်သာ သုံးဆောင်ခဲ့ကြသည်။

"မင်း ဘယ်လောက်တောင် စားခဲ့တာလဲ"

"အင်မော်တယ်ကျောက်စိမ်း ရှစ်သန်းဖိုးလောက် ရှိမယ်"

ယွမ်ရှောင်က လနီကို မေးလိုက်သော်လည်း ဝမ်းဗိုက်ရှိ ပါးစပ်အတွင်း နတ်မက်မွန်သီး ရှစ်လုံးမက ပြည့်နှက်နေသောကြောင့် ကြယ်ပြာမှ အစားဝင်ဖြေပေးလိုက်သည်။ ကောင်းကင်ပျံသန်းမြို့တော်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်လုယက်ခဲ့သော်လည်း ယခု ရိတ်သိမ်းရသည်အောက် ရှစ်ဆခန့် နည်းပါးနေသောကြောင့် ကောင်းကင်ရုံးတော်၏ ဇိမ်ခံ ပွဲတော်များကို မကြာခဏ တက်ရောက်ရန် ၎င်းက အကြံပေးနေပြန်၏။ ဤအသိုင်းအဝိုင်းတွင် မွေးဖွားလာသော ပါရမီရှင်များကို သာမန်စီရင်သူများက ယှဥ်ပြိုင်နိုင်ရန် အခွင့်အရေး မရှိသည့်အပြင် စီရင်သူတစ်ယောက် လစာကို နှစ်သိန်းချီ စုဆောင်းလျှင်ပင် ထိုအထက်တန်းစားများ၏ ထမင်းတစ်နပ်လောက် အဖိုးတန်စရာ မရှိချေ။ ကံကောင်းသည်မှာ အစီအစဥ် မရှိဘဲ ရုတ်တရက် ကျင်းပခဲ့သော မက်မွန်ပွဲတော်သည် သူ၏ အရင်းအမြစ် ပြဿနာကို ဖြေရှင်းပေးခဲ့ပြီး ကောင်းကင်ဖြန့်နယ်ပယ် အလယ်အဆင့်သို့ပင် တက်သွားနိုင်ခဲ့သည်။

တော်ဝင်မျိုးနွယ်များက အရာရာကို စံစားနေချိန်တွင် သေမျိုးများကို တိရိစ္ဆာန်သာသာ သဘောထားသည်နှင့် ကိုက်ညီပြီး ကောင်းကင်ရုံးတော်ကို မရေမတွက်နိုင်သော အသက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပေလိမ့်မည်။ သေမျိုးလောက ဖြစ်သော ငရဲကိုးထပ်ကမ္ဘာမှ စတင်၍ အရာရာကို လက်တွေ့ကြုံလာရသော ယွမ်ရှောင်၏ ရင်ထဲရှိ ဒေါသမီးသည် ယခင်ထက် ပိုမို ပြင်းထန်စွာ ပွက်ပွက်ဆူနေသည်။

"အင်မော်တယ်ပြိုင်ပွဲ ကျင်းပတော့မယ်။ တိုက်ခိုက်ရေးစင်မြင့်ကို သွားကြ"

ပွဲတော်အပြီးတွင် ယွမ်ယင်သည် မိုးကြိုးဌာန၏ အဖွဲ့ကို ခေါ်ဆောင်သွားပြီး ဂုဏ်ထူးဆောင် စီရင်သူများလည်း မကျန်ရစ်ခဲ့ပေ။ လူငယ်ပါရမီရှင်များက လမ်းတလျှောက် စကားတစ်ခွန်းမှ မပြောဘဲ တင်းမာသော မျက်နှာထားဖြင့် တိုက်ခိုက်ရေးစင်မြင့်ထံ လေးနက်စွာ ဦးတည်ကြ၏။ အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံဆိုသည်မှာ မည်သည့် စီရင်သူအတွက်မဆို အမြင့်ဆုံး ဂုဏ်သိက္ခာရနိုင်သည် မဟုတ်ပါလော။

"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လုယောင်၊ ငါက မင်းအတွက် ဆရာ မဟုတ်တော့ဘူး။ ဒီဆက်ဆံရေးကို ရပ်လိုက်ပြီ။ အောင်မြင်မှု ကြီးကြီးမားမား ရပါစေလို့ ဆုတောင်းပေးပါတယ်"

ယွမ်ရှောင် လမ်းလျှောက်နေစဥ် ကိုယ်သင်းနံ့တစ်ခု ချဥ်းကပ်လာကာ လမင်းဓားနတ်ဘုရား ဖြစ်နေပြီး လေးနက်စွာ စိုက်ကြည့်ရင်း ပြတ်ပြတ်သားသား ကြေညာလိုက်၏။

"ငါက ပြိုင်ပွဲတောင် မဝင်ရသေးဘူး။ ဒီလောက်မြန်မြန် အဆက်အသွယ် ဖြတ်ချင်နေတာလား"

သူက အကြောင်းအရင်းကို သိသော်လည်း ရုတ်တရက် ရယ်မောလိုက်ပြီး အမှန်တကယ် စစ်ဧကရာဇ်၏ သားဖြစ်နေလျှင် တိုက်ပွဲကို အားပေးရန် မည်သည့်ဖခင်က မလာဘဲ နေမည်နည်း။ တစ်ဖက်လူသည် ကျန်းချီ ပါးရိုက်သည်ကို ခံခဲ့ရသော်လည်း အနားသို့ ပြန်သွားကာ မြှောက်ပင့်ဖားယားနေခြင်း မဟုတ်သည့်တိုင်အောင် လက်အောက်ခံအမူအရာမျိုးဖြင့် ခစားနေသည်။ ဆရာ တပည့် ဆက်ဆံရေး ဖြတ်တောက်သည့် ဆုံးဖြတ်ချက်ကို ကျန်းချီက သဘောကျဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးနေခဲ့၏။

"ပြဿနာတက်ပြီဆိုရင် အတုအယောင်တွေ ခွာသွားကြတယ်။ မွေးစားအမေ တစ်ယောက်တည်း ကျုပ်ဘက်က ရှိပုံရတယ်"

ယွမ်ရှောင်၏ စကားကြောင့် ကူစုဝမ်က ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲနေခဲ့သည်။ အင်မော်တယ်ပြိုင်ပွဲ မစတင်ခင် သူက လူလိမ်တစ်ယောက် ဖြစ်လာခဲ့ပြီး ကောင်းကင်ရုံးတော်၏ ခမ်းနားလှသော မျိုးဆက်များအကြား ထင်းထွက်နေသည် မဟုတ်ပါလော။

လူအုပ်ကြီးက မကြာခင် တိုက်ခိုက်ရေးစင်မြင့်ထံ ရောက်ရှိလာကြပြီး ကျောက်စိမ်းဖြူဖြင့် တည်ဆောက်ထားကာ နတ်ဘုရားဂိတ်နှင့် မဝေးလှပေ။ ပြိုင်ပွဲဝင်တိုင်းနှင့် အုပ်ထိန်းသူများ အမူအရာ လေးနက်စွာ ရောက်ရှိလာကြသော်လည်း စင်မြင့်တစ်ဝိုက် ပရိသတ်များ ကင်းမဲ့နေသဖြင့် ယွမ်ရှောင် မေးခွန်းထုတ်လိုက်မိသည်။

"ပရိသတ် မရှိဘူးလား"

"အပေါ်မှာ"

တိုက်ခိုက်ရေးစင်မြင့်အထက်ရှိ တိမ်တိုက်များအကြားတွင် နတ်သားရဲများ စီးနင်းထားသော ပုဂ္ဂိုလ်များ ရောက်ရှိလာကာ အရေအတွက် တစ်ထောင်နီးပါး ရှိ၏။ တိမ်တိုက်များအကြား တစ်စွန်းတစ ထွက်ပေါ်နေသဖြင့် ပုံမှန်ထက် ပိုမိုခမ်းနားပုံရကာ အောက်ဘက်ရှိ ပါရမီရှင်များအပေါ် ဖိအားဖြစ်စေသည်။ ထိုအင်မော်တယ်များက ကောင်းကင်ရုံးတော်၏ ရာထူးအကြီးပိုင်းများချည်း ဖြစ်ကာ မည်သူမဆို လူငယ်ပါရမီရှင်တိုင်းကို ချေမွပစ်နိုင်ပေလိမ့်မည်။ ကျောက်ယွမ်ပေါင်ကဲ့သို့ နောက်ခံကောင်းသူများပင် စစ်ဆေးအကဲဖြတ်ခံရမည် ဖြစ်သောကြောင့် မော့ကြည့်ရန် သတ္တိမရှိပေ။ မြူခိုးများက ပလ္လင်များအဖြစ် ဖွဲ့စည်းသွားကာ ရယ်ရယ်မောမော စကားသံများနှင့်အတူ အင်မော်တယ်များက နေရာယူလိုက်ကြသည်။

"မင်းတို့ကိုးယောက်က မိုးကြိုးဌာနရဲ့ သိက္ခာအတွက် အရေးကြီးတယ်"

ယွမ်ယင်သည်လည်း ထိုင်ခုံတစ်နေရာစာ ရထားသောကြောင့် ထွက်မသွားခင် သတိပေးဖြစ်အောင် သတိပေးသွားခဲ့သည်။ သို့ရာတွင် မိုးကြိုးဧကရာဇ် ပျောက်ကွယ်နေသောကြောင့် မိုးကြိုးဌာနက အပြင်လူများထံ နှစ်စဥ် ရှုံးနိမ့်ခဲ့ရသည်ကို ကျေနပ်ပုံ မပေါ်ချေ။ နိုင်း ဦးဆောင်သော မိုးကြိုးဌာန၏ စီရင်သူများသည် ဆုံးဖြတ်ချက် ခိုင်မာပြီး ဂုဏ်သိက္ခာအတွက် အသက်နှင့်ရင်းကာ တိုက်ခိုက်ပေလိမ့်မည်။

"မိဖုရားခေါင်ကြီး ကြွချီလာပါပြီ"

ယနေ့အတွက် အဆင့်အတန်း အမြင့်ဆုံး ပုဂ္ဂိုလ်က ထပ်မံ ထွက်ပေါ်လာပြန်ပြီး စီရင်သူ တိုက်ခိုက်ရေးပြိုင်ပွဲကို ကိုယ်တိုင်ကြီးကြပ်မည်ဟု ယွမ်ရှောင် ထင်မထားခဲ့ပေ။ ရွှေရောင်ရင့်ရင့် ဖီးနစ် ပန်းထိုး ဝတ်ရုံ ဆင်မြန်းထားသည့် မိဖုရားကျောက်သည် အပျိုတော်များနှင့်အတူ အမြင့်ဆုံး ပလ္လင်တွင် နေရာယူလိုက်သည်။ နောက်ဆုံး ဗိုလ်လုပွဲရောက်လျှင် အင်ပါယာကိုယ်တိုင် ကြွချီလာလိမ့်မည်ဟု ကူစုဝမ်က ခပ်တိုးတိုး သတိပေးသည်။ ပြိုင်ပွဲက ရှုံးထွက်ဖြစ်သောကြောင့် စည်းမျဥ်းများ ရှင်းလင်းပြီး ချန်ပီယံတစ်ယောက်တည်း ကျန်သည်အထိ တိုက်ခိုက်သွားရန်သာ လိုအပ်သဖြင့် အချိန်တစ်ရက်သာ ကုန်ပေလိမ့်မည်။

"အင်မော်တယ်ပြိုင်ပွဲ တရားဝင် စတင်ပါပြီ"

လူစုံသောအခါ သက်တော်ရှည် အင်မော်တယ်ကြီးက ရှည်လျားသော မိန့်ခွန်းတစ်ခု ဖတ်ပြကြေညာပြီးနောက် ဖောက်ထွင်းမြင်နိုင်သော ပန်းကန်လုံးတစ်ခုကို မိဖုရားကျောက်ထံ သယ်ဆောင်သွားခဲ့သည်။ ၎င်းအတွင်း မက်မွန်သီးငယ် ၁၆လုံး ရှိနေကာ မိဖုရားကျောက်မှ ပွဲစဥ် တွဲဆိုင်းများ ရွေးချယ်ပေလိမ့်မည်။ သူမက တစ်ချက်ပြုံး၍ မက်မွန်သီးများကို လက်ချောင်းဖြင့် မွှေနှောက်ကာ နှစ်ခု ရွေးချယ်ပြီး လှပသော အပျိုတော်နှစ်ယောက်ထံ ကမ်းပေးလိုက်၏။ သူတို့က မက်မွန်သီး ကိုယ်စီ ပါးစပ်ဖြင့် ညှင်သာစွာ ကိုက်၍ အတွင်းမှ ကျောက်စိမ်းပြားတစ်ချပ်စီ ထုတ်ယူလိုက်ကြသည်။ ဤအရာများက တိုက်ခိုက်ရမည့် တွဲဆိုင်းကို သတ်မှတ်ပေးမည် ဖြစ်သောကြောင့် ပြိုင်ပွဲဝင်တိုင်း စိတ်လှုပ်ရှားနေကာ ကံကြမ္မာကို စောင့်ဆိုင်းခဲ့ကြသည်။

အပျိုတော်နှစ်ယောက်က ကျောက်စိမ်းပြားနှစ်ချပ်ကို ဆက်သလိုက်ကြသောအခါ သက်တော်ရှည်ကြီးသည် ပြုံးပြုံးရယ်ရယ်ဖြင့် ချီးကျူးဂုဏ်ပြုရင်း ကြေညာပေးခဲ့သည်။

"အမြွှာဓားဝိညာဥ်က ဓားလမ်းစဥ်မှာ ပြိုင်ဘက်ကင်းတယ်။ လေးစားရပါသော လူကြီးမင်းများ၊ ကောင်းကင်ရုံးတော်ရဲ့ လူငယ်ဓားသမားပေါင်းများစွာအကြားမှာ ဘယ်သူရဲကောင်းက ထိပ်ဆုံးမှာ ရပ်တည်နေသလဲ သိကြရဲ့လား"

စကားအဆုံးတွင် အကြည့်များက ကျန်းချီထံ ရောက်ရှိသွားစဥ် သူက တည်ငြိမ်ပြတ်သားသော ဟန်ပန်ဖြင့် စင်မြင့်အထက်သို့ တိတ်တိတ်ဆိတ်ဆိတ် တက်လှမ်းသွား၏။ သို့သော် ဓားတစ်စင်းပမာ အေးစက်ထက်ရှသော အကြည့်က သက်တော်ရှည်ကြီး ကိုင်ထားသော နောက်ထပ် ကျောက်စိမ်းပြားတစ်ချပ်ထံ ကျရောက်နေသည်။

"ဝေးလံခေါင်ဖျားတဲ့ နယ်စပ်မြို့လေးကနေ လူငယ်လေးတစ်ယောက်က ဓားဖိနှိပ်မှုတံခါးမှာ အလင်းကွင်းခုနစ်ခုနဲ့ လောကကို တုန်လှုပ်စေခဲ့တယ်။ သာမန်အင်မော်တယ်တွေက သူ့ကို ဓားလမ်းစဥ်ရဲ့ ပြိုင်ဘက်ကင်း သခင်လေးအဖြစ် သတ်မှတ်ကြတယ်။ ဘယ်သူက ဒီလိုအနိုင်မခံ အရှုံးမပေး စိတ်ဓာတ်မျိုးနဲ့ မြင့်တက်လာသလဲဆိုတာ သိကြရဲ့လား"

သက်တော်ရှည်ကြီး၏ နောက်ထပ် ကြေညာချက်ကြောင့် လူတိုင်း၏ အမူအရာများ အသက်ဝင်လာကာ စူးစမ်းလိုသောအကြည့်များအောက်တွင် ကောလဟာလများအရ စစ်ဧကရာဇ်၏ သားဖြစ်သူက စင်မြင့်အထက် တက်လှမ်းသွား၏။ မက်မွန်ပွဲတော်မှ စတင်၍ ပြဿနာ ဖြစ်ခဲ့သော ဓားသမားနှစ်ယောက်အကြား တင်းမာမှုက တိုက်ခိုက်ရေးစင်မြင့်တွင် လွှမ်းမိုးထား၏။

"ဒါက မင်းရဲ့ တပည့်လား"

လမင်းဓားနတ်ဘုရား အနားတွင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ မေးလိုက်သဖြင့် သူမကို အလန့်တကြားဖြင့် ခေါင်းငုံ့သွားစေသည်။

"အဆက်အသွယ် ဖြတ်လိုက်ပါပြီ။ သူက ကျွန်မရဲ့ ဂုဏ်သတင်းကို အသုံးချနေတာ သက်သက်ပါပဲ။ ဒီနေ့ ဘာအရည်အချင်းမှ မပြနိုင်ရင် ကိုယ်တိုင် သွားသတ်လိုက်ပါမယ်"

"မလောနဲ့။ အရှင်လု ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်"

"အမိန့်အတိုင်းပါ"

ထို့နောက် အရိပ်က သဏ္ဍာန်ကင်းမဲ့စွာ လွင့်မျော ပျောက်ကွယ်သွားပြီး လူအုပ်အကြားတွင် ရင်သပ်ရှုမောဖွယ် လှပသည့် နိုင်းနှင့် ဝူချင်းက ယှဥ်တွဲရပ်နေသောကြောင့် မြင်ကွင်း ထင်ရှားနေသည်။

"ဒီလူကို မင်း သိလား"

ဝူချင်းက နူးညံ့သိမ်မွေ့စွာ မေးလိုက်သော်လည်း နိုင်းကမူ ခပ်ပြတ်ပြတ် ပြန်ဖြေသည်။

"သေချာ မသိဘူး"

"သူ့မှာ စိတ်ဝင်စားစရာ ဇာတ်လမ်းလေး ရှိတယ်လို့ ကြားတယ်။ ထားလိုက်ပါ။ မင်းမှာ စေ့စပ်ထားတာကို ငါ မေ့သွားတယ်၊ စိတ်မရှိပါနဲ့။ ဒါပေမယ့် ငါတော့ သူ့ကို စိတ်ဝင်စားနေပြီ။ တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေသလိုပဲ"

တစ်ဖက်လူ၏ အေးစက်စက် အကြည့်တစ်ချက်ကြောင့် ဝူချင်းမှာ ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်၏။

"သူက ရုပ်ရည်ချောမောလို့ စိတ်ဝင်စားတာဆိုရင် နင် မှားနေပြီ။ အပြင်ပန်းမှာ ဆွဲဆောင်မှု ရှိပေမယ့် တကယ်က အရမ်းရိုင်းစိုင်းတယ်"

နိုင်းက ယွမ်ရှောင်ကို လက်ညှိုးထိုးပြကာ မကျေမနပ် ကျိန်ဆဲနေသည်။

"အို...မိုးကြိုးဌာနက ရဲဘော်ရဲဖက်တစ်ယောက်ကို ဒီလောက် ပြင်းပြင်းထန်ထန် ဝေဖန်စရာလား"

ဝူချင်းက မျက်စောင်းထိုးလိုက်သော်လည်း နိုင်းမှာမူ တိတ်ဆိတ်သွားကာ ဆက်မပြောတော့ပေ။ ယွမ်ရှောင်သည် မိုးကြိုးဌာနတစ်ခုလုံးကို ဆန့်ကျင်ဖူးပြီး စစ်ဧကရာဇ်ထံမှလည်း အကူအညီ လုံးဝ မရသောကြောင့် ပျက်စီးလမ်းစသို့ ရောက်နေကြောင်း သူမ နားလည်ထားလေသည်။

အပိုင်း ၆၂၂ - တာအိုတစ်သောင်း စီရင်ချက်

ကောင်းကင်ဖြန့် နယ်ပယ်အထက်တွင် ရွှေအင်မော်တယ် နယ်ပယ် တည်ရှိပြီး မူလဝိညာဥ် ပိုမို အားကောင်းလာကာ ရွှေရောင်ကိုယ်ထည်အဖြစ် ပြောင်းလဲ၍ တိုက်ခိုက်ရေးစွမ်းအား များစွာ မြင့်တက်လာသည်။ ကျန်းချီက ထိုအဆင့်တွင် ဖြစ်ပြီး အဆင့်လေး ကောင်းကင်အရာရှိ ဖြစ်လာရမည့် ကျန်းထိုက်ပင်းနှင့် ကျင့်ကြံဆင့်ချင်း တူညီ၍ အသက်သုံးဆယ်မတိုင်မီ ရောက်ရှိနေသောကြောင့် အမြင့်ဆုံး ပါရမီ၏ ပြယုဂ်တစ်ခု ဖြစ်၏။

ကျန်းချီက ယွမ်ရှောင်ကို စိုက်ကြည့်ရင်း စကားတစ်ခွန်းမျှ မပြောဘဲ စတင် တိုက်ခိုက်ခဲ့ပြီး ကြယ်ရောင်များ လင်းလက်တောက်ပနေသည့် ရွှေရောင်သံချပ်ဝတ် စစ်သည်တော် ဝိညာဥ် ထွက်ပေါ်လာ၏။ ၎င်း၏ ချပ်ဝတ်အထက်တွင် မြောက်ပိုင်းကြယ် ရှိကာ ခြောက်လုံးတန်း ကြယ်စင်စုတစ်ခု ဖြစ်၍ ဘိုးဘေးများထံမှ အမွေဆက်ခံထားသည်။ တိုက်ပွဲ စစချင်း မူလဝိညာဥ်ကို ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ရုံးတော် လက်အောက်ရှိ သာမန်နယ်မြေများဆိုလျှင် မြင်ရုံနှင့် ဒူးထောက်ခစားပေလိမ့်မည်။ ဤတိုက်ခိုက်ရေးစင်မြင့်သည် မဟာတာအိုနယ်မြေတွင် အဆင့်အတန်း အမြင့်ဆုံးအနက် ပါဝင်သောကြောင့် အကဲဖြတ်နေသူများက တိတ်ဆိတ်နေကာ အားပေးသံနှင့် ရှုံ့ချပြစ်တင်သံများ ကင်းမဲ့၏။

သို့သော် အများစုအတွက် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော အမြွှာဓားဝိညာဥ် ထွက်ပေါ်လာသောအခါ အနည်းငယ် ဂယက်ထသွားသည်။ ကျန်းချီ၏ ညာလက်တွင် ရွှေရောင် ဓားရှည်တစ်လက် ဆုပ်ကိုင်ထားကာ ဘယ်ဘက် လက်ချောင်းများအကြား ငွေရောင် ဓားမြှောင်တစ်လက် ညှပ်ထား၏။ ဓားဌာန၏ ကောင်းချီးခံ ပါရမီရှင်ဖြစ်သော သူ့အတွက် ဂုဏ်ပြုသီချင်းများပင် ရေးစပ်ခဲ့ကြပြီး နေမင်းနှင့် လမင်း ဓားဝိညာဥ်များဟူ၍ အမည်ပေးထားကြသည်။ နေမင်းဓားဝိညာဥ်သည် ထိပ်တိုက်ရင်ဆိုင်ရန် ကိုယ်စားပြုပြီး လမင်းဓားမှာမူ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ရန်အတွက် ကိုက်ညီလှပေ၏။ သူက ငယ်ရွယ်သော်လည်း ဓားနှစ်လက်သည် အကြီးအကဲများဖြင့်ပင် အစွမ်းချင်းယှဥ်နိုင်ကာ နတ်ကောင်းကင်အဆင့် ဖြစ်ပြီး ကောင်းကင်ရုံးတော်၌ပင် ပိုင်ဆိုင်ထားသူ နည်းပါးသည်။ ၎င်းသည် လူသားအင်မော်တယ်များ သတ်မှတ်ထားသည့် အမြင့်ဆုံး အဆင့်ဖြစ်ကာ တာအိုကောင်းကင်အဆင့်ထက် သာလွန်ကြောင်း သိသာ၍ တစ်ခုတလေ ပိုင်ဆိုင်ထားရုံဖြင့် ကောင်းကင်ရုံးတော်တွင် ရပ်တည်နိုင်ပေလိမ့်မည်။

ဓားနှစ်လက်လုံးတွင် ဓားပိုင်နက်ကမ္ဘာ ဆယ်ခုစီတည်ရှိပြီး အလွန်အံ့သြစရာ ကောင်း၍ နေမင်းဓားဝိညာဥ် ပတ်ပတ်လည်၌ မီးတောက်များပမာ ဝန်းရံလှည့်ပတ်နေကာ လမင်းဓားအထက်တွင် အေးစက်စက် လရောင်ခြည် ဖြာကျနေ၏။ မြောက်ပိုင်းကြယ်ဝိညာဥ်သည် ကျန်းချီ၏ ခေါင်းအထက်တွင် တောက်ပ၍ ဓားနှစ်လက်ကို ကျင်လည်စွာ ကိုင်ဆောင်ထားသဖြင့် ယွမ်ရှောင် ရင်ဆိုင်ဖူးသမျှ ဓားသမားများအနက် အတော်ဆုံးပင် ဖြစ်နိုင်၏။ ကောင်းကင်ဖြန့်နယ်ပယ် ကျင့်ကြံသူများ ဖြစ်သော ပိုင်မောင်နှမဆိုလျှင် ကျန်းချီ၏ ဖိနပ်ကို သယ်ဆောင်ရန်ပင် ထိုက်တန်လိမ့်မည် မဟုတ်လောက်အောင် အားနည်းသည်။

"ကောင်းကင်ရုံးတော်ရဲ့ ဓားဌာနကသာ ဓားပညာမှာ အထွတ်အထိပ်လို့ ပြောကြတာ မဆန်းပါဘူး"

ယွမ်ရှောင်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း ကြောက်စိတ်ကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားနေကြောင်း ကျန်းချီ မြင်လိုက်ရသည်။ သို့သော် သူက အထင်သေးနေဆဲ ဖြစ်ကာ အချိန်မဖြုန်းလိုဟန်ဖြင့် အသေသတ်တိုက်ကွက်ကို ချက်ချင်း ခင်းရန် ဓားနှစ်လက်ဖြင့် ပြိုင်တူ တိုက်ခိုက်ခဲ့သည်။ လမင်းဓားမြှောင်က လခြမ်းကွေးပမာ တဝှီဝှီ လည်ပတ်ရင်း ပြေးထွက်လာကာ ယွမ်ရှောင်၏ ဇက်ကို ပစ်မှတ်ထားနေစဥ် နေမင်းဓားကို ဆယ်ချက်ဆက်တိုက် ခုတ်ပိုင်းလိုက်သောအခါ တစ်ချက်စီတိုင်း ပိုမိုသန်မာကာ နေမင်းကြီးပမာ မျက်စိကျိန်းလောက်အောင် တောက်ပစွာ နဖူးထံ ကျဆင်းလာ၏။ ထိုဓားနှစ်လက်အကြားတွင် မြောက်ပိုင်းကြယ် စစ်သည်ဝိညာဥ် ရပ်နေကာ စွမ်းအားများ အဆက်မပြတ် ဖြည့်တင်းပေးနေသည်။

"အံ့မခန်းပါလား"

အကြီးအကဲအချို့က အံံ့သြဘနန်း ချီးကျူးလိုက်မိသကဲ့သို့ လမင်းဓားနတ်ဘုရားသည် တီးတိုး ရေရွတ်နေ၏။

"နေမင်းဖွေရှာ ဓားသိုင်းနဲ့ ခရုပတ် လခြမ်း ဓားသိုင်း"

အသက်သုံးဆယ်အောက် လူငယ်တစ်ယောက်က ကောင်းကင်မြင့် အဆင့် ဓားသိုင်းများကို ဤမျှ ကျင်လည်စွာ အသုံးချနိုင်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ကျန်းချီက ပြိုင်ဘက်ကို အစွမ်းအထက်ဆုံး ဓားချက်နဲ့ တိုက်ခိုက်ပြီး လေးစားမှုပြခဲ့တယ်"

သက်တော်ရှည် အင်မော်တယ်က ဖော်လံဖား အပြုံးမျိုးဖြင့် ချီးကျူးနေပြီး စစ်ဧကရာဇ်၏ သား အယောင်ဆောင်နေသူမှာ ဖော်ထုတ်ခံလိုက်ရမည်ဟု အင်မော်တယ်အများစု တွေးနေကြသည်။

ဓားနှစ်လက်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင် မုန်တိုင်း ရှေ့မှောက်တွင် ယွမ်ရှောင်က တည်တည်ငြိမ်ငြိမ် ရပ်နေပြီး မျက်တောင်ပင် မခတ်ချေ။

"စီရင်သူတစ်ယောက်က မိုးကြိုးတစ်ထောင်ရဲ့ စွမ်းအားကို ဆုပ်ကိုင်ပြီး ကောင်းကင်ကိုယ်စား စီရင်ချက် ချနိုင်တယ်။ ဒါက ဖြောင့်မတ်မှန်ကန်ပြီး လောကတစ်ခွင် ကင်းလှည့်ရင်း သတ္တဝါတွေကို ကယ်တင်ဖို့ ဖြစ်တယ်"

မိုးကြိုးဌာန၏ တာအိုကောင်းကင် ပညာရပ်ဆယ်ပါး၏ စာသားများဖြစ်ကာ ယုံကြည်လျှင် ကောင်းမွန်သော်လည်း လက်ရှိအခြေအနေမှာ ပြောင်းပြန် ဖြစ်နေ၏။ ယွမ်ရှောင်ကမူ ကောင်းကင်ရုံးတော်ကို မျက်ကန်း ကိုးကွယ်ယုံကြည်နေသူ မဟုတ်သောကြောင့် ဦးနှောက်ဆေးမခံဘဲ ကျင့်စဥ်သက်သက်ကိုသာ လေ့လာထားသည်။ မိုးကြိုးစွမ်းအားကို ကိုင်ဆွဲရန် ဒေါသ လိုအပ်ပြီး ကောင်းကင်သင်္ချိုင်းဓား ကိုင်ဆောင်ထားသော သူ့အတွက် ကောင်းကင်ရုံးတော်၏ သေမျိုးလောကများအပေါ် သဘောထားမှာ အလွန်ဒေါသထွက်စရာ ဖြစ်နေသည် မဟုတ်ပါလော။

"ဂျိန်း ဂျိန်း ဂျိန်း"

ကောင်းကင်အထက် မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာကာ သူ၏ ခေါင်းအထက်တွင် နဂါးအသွင်ဖြင့် ကျဆင်းလာကာ ကျန်းချီ၏ ဓားချက်များထက် သာလွန်နေခဲ့သည်။

"မိုးကြိုးဌာနရဲ့ တာအိုကောင်းကင်အဆင့် ပညာရပ် တာအိုတစ်သောင်း စီရင်ချက်ပါလား"

အမြဲတမ်း တည်ငြိမ်နေခဲ့သော အင်မော်တယ်များမှာ ရုတ်တရက် ခါးမတ်သွားကာ ဒေါသထွက်နေသော မိုးကြိုးနဂါးများကို ထိန်းချုပ်နေသည့် လူငယ်လေးထံ မယုံနိုင်စွာ ငေးကြည့်နေမိသည်။ ယွမ်ယင်နှင့် ကူစုဝမ်က အတုန်လှုပ်ဆုံး ဖြစ်နေကာ တစ်ဖက်လူသည် တာအိုပညာရပ်ဆယ်ပါးကို ဖတ်ရုံသာ ဖတ်ခဲ့ကြောင်း အမှတ်ရလိုက်သောအခါ အတွေးများ ချာချာလည်ကုန်၏။ စစ်မှန်သော စီရင်သူတစ်ဦး ထွက်ပေါ်လာကာ ကြမ်းတမ်းရက်စက်သော်လည်း တာဝန်သိစိတ်ကြောင့် ဖြောင့်မတ်မှန်ကန်စွာ ဒေါသထွက်ပြနေသည်။

ယွမ်ရှောင်နှင့် ကျန်းချီ အကြည့်ချင်းဆုံသောအခါ မိုးကြိုးနဂါးများစွာ ရစ်ပတ်နေသည့် ဓားချက် ရုတ်တရက် ကျဆင်းလာကာ နေ လ ဓားနှစ်လက်၏ အလင်းရောင်ကို ဝါးမျိုလိုက်သည့်အပြင် စင်တစ်ခုလုံး နားကွဲမတတ် တုန်ဟီးသွားစေသည်။

"တာအိုကောင်းကင်အဆင့် ပညာရပ်လား"

ကျန်းချီ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုများက မျက်တောင်တစ်ခတ်အတွင်း ရိုက်ချိုးခံလိုက်ရပြီး မျက်လုံးများ ပြူးကျယ်ကုန်သည်။ ကောင်းကင်သင်္ချိုင်းဓားသည် လမင်းဓားကို ချေမှုန်းလိုက်ရုံသာမက နေမင်းဓားကိုပါ ခုတ်ပိုင်း၍ သူ၏ နဖူးတည့်တည့် ထိမှန်သွားသည်။ ဓားတစ်ချက်တည်းဖြင့် သူ ဂုဏ်ယူခဲ့ရသော အမြွှာဓားဝိညာဥ်များမှာ အနိုင်ယူခံလိုက်ရသည့်အပြင် မြောက်ပိုင်းကြယ် ဝိညာဥ် ကြေမွသွားသဖြင့် မျက်လုံးမှ သွေးစိမ်းရှင်ရှင် စီးထွက်လာ၏။

"ဘုန်း"

အမြင့်ရောက်လေလေ၊ အကျနာလေလေ ဖြစ်သောကြောင့် ဓားချက် ရောက်မလာခင်မှာပင် သူက ဒူးထောက်ကျသွားသည်။ ယွမ်ရှောင်၏ ဓားက နဖူးနှင့် တစ်လက်မအကွာ၌ ရပ်တန့်သွားသော်လည်း တာအိုတစ်သောင်း စီရင်ချက် ဂါထာ၏ မိုးကြိုးများမှာမူ ဘေးပတ်ပတ်လည် ဖြာထွက်သွားကာ နေရာတိုင်း ပစ်ချနေသည်။

"ငါ့ကို သတ်ပေးစမ်းပါ"

အနိုင်ရသူ ရှင်းလင်းသွားပြီး စင်မြင့်တစ်ခုလုံး အင်မတန် တိတ်ဆိတ်နေချိန်၌ ကျန်းချီသည် ဓားကို လက်ဖြင့် ဆုပ်ကိုင်၍ ရုတ်တရက် တောင်းဆိုခဲ့သည်။ သို့သော် ယွမ်ရှောင်က ဓားဝိညာဥ်ကို ရုတ်သိမ်းပြီး စင်မြင့်အထက်မှ ထူးဆန်းစွာ လူမသတ်ဘဲ ဆင်းသက်လာခဲ့၏။ ကောင်းကင်ရုံးတော်တွင် အစွမ်းထက် ဖြစ်တည်မှုများစွာ ရှိပြီး သူ၏ ဓားကို ရှေ့ဆက်မတိုးနိုင်အောင် မမြင်ရသော လက်တစ်ဖက်မှ တားမြစ်မထားနိုင်လျှင် ထိုအကောင်ကို အသက်ချမ်းသာပေးခဲ့မည် မဟုတ်ချေ။ သို့သော် ကျန်းချီက ဤအရှုံးကြောင့် ဝိညာဥ် ထိခိုက်သွားရုံသာမက တာအိုနှလုံးသား ပျက်စီးနိုင်ချေရှိသောကြောင့် သေသေရှင်ရှင် ကွာခြားစရာ အကြောင်း မရှိတော့ပေ။ အသက်ရှင်နေလျှင် ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခံလိုက်ရသော ဓားဌာန၏ လူငယ်သခင်လေးမှာ ပို၍ပင် နာကျင်ခံစားရင်း အရှက်ကွဲပေလိမ့်မည်။

ထို့နောက် ယွမ်ရှောင်က ပါးစပ်အဟောင်းသားနှင့် မင်သက်နေကြသော လမင်းဓားနတ်ဘုရား၊ ကူစုဝမ်၊ ယွမ်ယင်နှင့် အခြားသူများကို လှည့်ကြည့်လာသောအခါ ပြိုင်ဘက်များဖြစ်သော နိုင်း၊ ဝူချင်း စသူတို့မှာလည်း မျက်နှာအမူအရာ ပြောင်းလဲနေပြီ ဖြစ်လေသည်။

All Chapters