အခန်း (၆၂၃-၆၂၄)
Vol. 47 Ch. 623-624
အပိုင်း ၆၂၃ - မာနကြီးရန် ထိုက်တန်သူ
ဓားချက်တစ်ခုတည်းဖြင့် ကောင်းကင်ရုံးတော်၏ နံပတ်တစ် ပါရမီရှင်ကို ဆုံးဖြတ်လိုက်ပြီဖြစ်ကာ ရိုးရှင်းပြတ်သား၍ မြန်ဆန် တိကျသော တိုက်ပွဲတစ်ခုပင်။ ကျန်းချီတွင် အမြွှာဓားဝိညာဥ် ပိုင်ဆိုင်ထားပါစေ၊ ဘဝတလျှောက်လုံး ဓားပညာ၌ ရင်းနှီးထားပါစေ အရေးမပါတော့ဘဲ တာအိုတစ်သောင်း စီရင်ချက် ဓားပညာအောက်တွင် အားလုံး ချေဖျက်ခံလိုက်ရသည်။ ၎င်းက အဆင့်မြင့် အရာရှိကြီးများကို လှုပ်ခတ်သွားစေခဲ့ပြီး မြို့ငယ်လေးတစ်ခုမှ မွေးဖွားလာကာ အသက်သုံးဆယ်အောက် လူငယ်လေး ယွမ်ရှောင်သည် မိုးကြိုးဌာန၏ တာအိုကောင်းကင် ပညာရပ်ကို အသုံးချကာ ဓားဌာန နှစ်ပေါင်းသုံးဆယ်နီးပါး ပျိုးထောင်ပေးထားသည့် သခင်လေးကို အနိုင်ယူပြလိုက်သည် မဟုတ်ပါလော။
"ယွမ်ယင်"
မြူခိုးပလ္လင်တစ်ခု အထက်တွင် ရွှေရောင်ဝတ်ရုံနှင့် မင်းသမီးတစ်ယောက် ထိုင်နေပြီး လမင်းဓားနတ်ဘုရားနှင့် ရုပ်ဆင်သော်လည်း ပို၍ သွက်လက်တက်ကြွပုံပေါ်ကာ မျက်ဝန်းလေးများ တောက်ပနေသည်။ သူမသည်လည်း အဆင့်နှစ် ကောင်းကင်အရာရှိတစ်ယောက် ဖြစ်ကာ နေမင်းဓားနတ်ဘုရား ဟူ၍ ကျော်ကြား၏။ ကြည့်နေသူအားလုံးအနက် ယွမ်ယင်က အအံ့သြဆုံး ဖြစ်နေကာ မိုးကြိုးဌာနကို ကြီးကြပ်ရသော မဟာစစ်သူကြီးအနေဖြင့် တာအိုကောင်းကင် ပညာရပ်ဆယ်ပါး မည်မျှ ခက်ခဲနက်နဲကြောင်း သိထားသည်။
"မိုးကြိုးဌာနမှာ တာအိုကောင်းကင် ပညာရပ် ဆယ်ပါးကို အဆင့်နှစ်အရာရှိအောက်က လူတွေကို သင်ပေးခွင့် မရှိဘူးမလား"
သူမက မျက်ခုံးတစ်ချက်ပင့်၍ မေးလိုက်သောအခါ ဒေါသထွက်နေပုံပေါ်ပြီး ယွမ်ယင်မှာမူ တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။
"မိုးကြိုးဌာနရဲ့ ကိုယ်ပိုင်ကိစ္စတွေမှာ ဝင်မစွက်ဖက်ပါနဲ့"
"ဒါဆိုရင် ဒီကောင်လေးက စစ်ဧကရာဇ်ရဲ့ သား မဟုတ်ဘဲ မင်းတို့ လက်စားချေဖို့ လျှို့ဝှက်ပျိုးထောင်ထားတဲ့ လက်နက်ပေါ့လေ"
ထိုစကားဖြင့် စွပ်စွဲခံလိုက်ရသောကြောင့် သူကိုယ်တိုင်လည်း ဆွံ့အသွားကာ ဤတိုက်ပွဲ မတိုင်ခင်ကဆိုလျှင် စစ်ဧကရာဇ်၏ ထောက်ခံမှု မရှိပါက ယွမ်ရှောင် သေချာပေါက် ကျဆုံးရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် မိုးကြိုးဌာန၏ တာအိုကောင်းကင် မဟာပညာရပ်ဆယ်ပါးကို အသုံးပြုပြလိုက်သောကြောင့် အခြားလူများ နောက်ထပ် နားလည်မှုလွဲသွားကြပြန်သည်။
"နေမင်းဓားနတ်ဘုရား မင်း အတွေးလွန်နေပြီ။ လုယောင်က သာမန် အဆင့်ခြောက် စီရင်သူတစ်ယောက်ပါ။ ကျုပ်တို့ လေ့ကျင့်ပေးထားတဲ့ လျှို့ဝှက်လက်နက် မဟုတ်ပါဘူး"
သူက ဖြေရှင်းချက် ပေးလိုက်သော်လည်း ကံဆိုးစွာဖြင့် တစ်ဖက်လူသည် မယုံကြည်ခဲ့ဘဲ ပိုမို ဒေါသထွက်လာစေရန် ဆွပေးလိုက်ရုံသာ ရှိ၏။
"ယွဲ့ရင်၊ နင်က ဘယ်လို တပည့်မျိုး လက်ခံထားတာလဲ။ အခုတော့ မိုးကြိုးဌာနက အရူးလုပ်သွားပြီ"
သူမက လမင်းဓားနတ်ဘုရားဘက် လှည့်ကြည့်ကာ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
"ငါ သူနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပါပြီ။ သူ ဘာလုပ်လုပ် ငါနဲ့ မဆိုက်တော့ဘူး"
ယွဲ့ရင် ခေါ် လမင်းဓားနတ်ဘုရားက ရှင်းပြလိုက်သော်လည်း စိတ်ထဲတွင်မူ ကျန်းချီ ရှုံးနိမ့်သွားသောကြောင့် တုန်လှုပ်နေဆဲပင်။
"ဒါပေမယ့် သူက မင်းကို ဆရာအဖြစ် အသိအမှတ်ပြုထားသေးတယ်မလား"
ဂုဏ်ပြုစကားသံအချို့ ထွက်ပေါ်လာပြီး တစ်စ တစ်စ များလာသည်နှင့်အမျှ သူမကို ပို၍ စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
"ဒီပါရမီရှင်ကို ကောင်းကင်စစ်တပ်၊ မိုးကြိုးဌာနနဲ့ ဓားဌာန ပူးပေါင်းပြီး လေ့ကျင့်ပေးထားတာများလား"
ဤမှတ်ချက်က နောက်ပြောင်သည့် သဘောမျိုးသာ ဖြစ်၍ မည်သူမျှ မယုံကြည်ကြပေ။ ယခုအချိန်ထိ ကောင်းကင်စစ်တပ်သည် ယွမ်ရှောင်ကို လူသိရှင်ကြား ထောက်ခံမှု မလုပ်ထားချေ။
"အမေ"
ကျန်းချီသည် အသိစိတ် ပျောက်ဆုံးသွားသော လေလွင့်ဝိညာဥ်ပမာ ယိုင်တိုင်တိုင် လမ်းလျှောက်ပြီး နေမင်းဓားနတ်ဘုရားထံ ရောက်လာခဲ့ပြီး သားဖြစ်သူ အခြေအနေ ဆိုးရွားနေသဖြင့် နှလုံးသားတစ်ခုလုံး နာကျင်ရပေသည်။
"ရှုံးပွဲလေးတစ်ခုတည်းနဲ့ ဒီလောက်ပြိုလဲစရာလား။ နှစ်ပေါင်းသုံးဆယ်နီးပါး မင်း ကျင့်ကြံအားထုတ်ခဲ့တာ အဓိပ္ပါယ်မရှိတော့ဘူးလား"
အဝေးမှ အနက်ရောင်အရိပ်တစ်ခုက စကားပြောလိုက်ခြင်း ဖြစ်ကာ ကျန်းချီ၏ နားအတွင်း ဓားသွားပမာ ခပ်ကြမ်းကြမ်း ဝင်ရောက်သွား၏။
"အဖေ၊ ကျုပ်က ၁၆ယောက်အဆင့်မှာ ပြုတ်သွားမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဓားပညာမှာလည်း ရွယ်တူတစ်ယောက် အနိုင်ပိုင်းသွားတာကို မခံဖူးဘူး။ ဒီလိုခံစားချက်မျိုးကို မကြုံဖူးရင် နားလည်နိုင်မှာ မဟုတ်ဘူး"
"အင်မော်တယ် ကျင့်ကြံတယ်ဆိုတာ အဆုံးအစ မရှိဘူး။ နေရာတိုင်းမှာ ပိုမြင့်တဲ့ တောင်တွေ ရှိတယ်။ အရှုံးတစ်ခုတည်းကြောင့် ဘဝပျက်သွားမယ်ဆိုရင် ဒီလမ်းစဥ်က မင်းအတွက် မဟုတ်ဘူး"
"အဖေ ပြောချင်တာက စစ်ဧကရာဇ်နဲ့ အတွေ့အကြုံကြောင့်မလား"
ကျန်းချီက စကားစလိုက်သည်နှင့် တပြိုင်နက် နက်ရှိုင်းသော ငရဲအတွင်း ကျရောက်သွားသကဲ့သို့ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ ထိုခံစားချက်နှင့် ဖိအားသည် မြောက်ပိုင်းကြယ် ဓားနတ်ဆိုးထံမှ အကြည့်တစ်ချက်ကြောင့်သာ ဖြစ်၏။
"တော်ပါတော့။ ဒီနေ့ သားက အရှုံးကို ကျော်ဖြတ်ဖို့ ရင်ဆိုင်နေရတယ်။ ဆုံးမချင်ရင် နေဦး။ ငါတို့ မိဖုရားခေါင်ကြီးကို နှုတ်ဆက်ပြီးရင် ဓားဌာနကို ပြန်ကြမယ်"
နေမင်းဓားနတ်ဘုရားက သားဖြစ်သူဘက်မှ ကာကွယ်ပြောဆိုရင်း ရှေ့ထွက်လာသော်လည်း ကျန်းချီမှာ ထွက်မသွားချင်ခဲ့ပေ။
"သူက ကျုပ်ကို အနိုင်ယူခဲ့တယ်ဆိုတော့ ဓားလမ်းစဥ်ကို ကိုယ်စားပြုရလိမ့်မယ်။ ထိပ်ဆုံး သုံးယောက်အတွင်း ဝင်တာကို မမြင်ရမချင်း ကျုပ် မသွားနိုင်ဘူး"
"သူက မိုးကြိုးဌာနနဲ့ ကောင်းကင်စစ်တပ်ကို ကိုယ်စားပြုတယ်ဆိုရင်တောင် ငါတို့ ဓားဌာနနဲ့ မဆိုင်ဘူး"
ဖခင်ဖြစ်သူ ငေါက်ငမ်းနေသောကြောင့် သူက ပါးစပ်ပိတ်ထားလိုက်သော်လည်း ယွမ်ရှောင် ရှေ့ဆက်သွားနေသရွေ့ ထိုရှုံးပွဲက အရှက်စရာ မဟုတ်ပေ။ ပြိုင်ဘက်က အလွန် စွမ်းအားကြီးမားသောကြောင့် ရှုံးနိမ့်ရခြင်း ဖြစ်ကြောင်း သက်သေပြလိုနေခဲ့သဖြင့် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဓားပညာနှင့် ပတ်သက်သော အိပ်မက်ကို တစ်ဖက်လူအပေါ် ပုံအပ်ထားမိလိုက်၏။
"အဲ့တာကို မင်း ဘယ်လိုလုပ် တတ်မြောက်နေရတာလဲ"
ကူစုဝမ်က ပါးစပ်အဟောင်းသား ဖြစ်နေရာမှ တအံ့တသြ မေးခွန်းထုတ်လိုက်သောအခါ ပေါ့ပေါ့တန်တန် အဖြေတစ်ခုသာ ရခဲ့သည်။
"ချောင်အိမ်တော်က ကျင့်စဥ်တွေလိုပါပဲ။ သိပ်မခက်ပါဘူး"
လက်ရှိတွင် သူမက ကြောက်လန့်နေသော်လည်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ယွမ်ရှောင်အနား ကပ်နေပြီး အပြင်လူများ၏ အမြင်တွင် ဆက်ဆံရေးကောင်းမွန်သည့် မွေးစားအမေနှင့် သား ဟူ၍ အထင်မှားကြပေလိမ့်မည်။
"စကားနည်းနည်းလောက် ပြောလို့ရမလား"
ထိုအခိုက်အတန့်တွင် နိုင်း ရောက်ရှိလာပြီး ကူစုဝမ်ကို တစ်ချက်ကြည့်ကာ ယွမ်ရှောင်အား မေးသည်။
"ဒါဆိုရင် ကျွန်မ ဘေးဖယ်ပေးပါမယ်"
မိုးကြိုးဧကရာဇ်၏ သမီး၊ အနာဂတ် အင်ပါယာ၏ မိဖုရားလောင်းကို မစော်ကားရဲသဖြင့် ကူစုဝမ်က အလျင်အမြန် ထွက်သွားပေးခဲ့၏။
"လုယောင်၊ နင်သာ ယောကျ်ားတစ်ယောက်ဆို အမှန်အတိုင်း ပြောစမ်းပါ။ နင်က စစ်ဧကရာဇ်ရဲ့ သား အရင်းလား"
"မဟုတ်ဘူး"
နိုင်း၏ ခရမ်းရောင် မျက်ဝန်းများထံ ယွမ်ရှောင်က တည့်တည့် စိုက်ကြည့်၍ ခေါင်းယမ်းပြခဲ့သည်။
"သေချာလား"
"လက်ရှိအခြေအနေက နည်းနည်း ရှုပ်ထွေးနေပေမယ့် တကယ် မဟုတ်ဘူး"
"ကောင်းပြီ။ ဒါဆိုရင် နင်သာ မိုးကြိုးဌာနကို ဆက်ပြီး ဂုဏ်ဆောင်ပေးချင်ရင် အဖေက လေ့ကျင့်ပျိုးထောင်ပေးဖို့ ဆန္ဒရှိလိမ့်မယ်"
"ဒါပေမယ့် ငါ ဖုန်းချီကို သတ်ခဲ့တယ်"
"ဖုန်းချီက အသေးအဖွဲပါ။ အဖေက လျစ်လျူရှုပေးလိမ့်မယ်။ ဘာဖြစ်ဖြစ် မိုးကြိုးဌာနရဲ့ ဂုဏ်သိက္ခာက ပိုအရေးကြီးပါတယ်။ နင် သိလား။ ဒီပြိုင်ပွဲမှာ အစွမ်းထက် ပြိုင်ဘက်တွေ များလို့ ငါ နည်းနည်း ဖိအားများနေတယ်"
နိုင်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ သက်ပြင်းချသောအခါ ယွမ်ရှောင်သည် ဝင်ရောက်ထောက်ပြလိုက်ပြန်သည်။
"ငါ နားလည်ပါတယ်။ ဖုန်းသားအဖက စစ်ဧကရာဇ် ရဲ့ လူတွေဆိုတာ မမေ့နဲ့နော်"
"အဖေက သူ့ကို မကြောက်ဘူး။ နင်က သူနဲ့ ပတ်သက်မှု မရှိရင်၊ မိုးကြိုးဌာန ဂုဏ်တက်အောင် စွမ်းဆောင်ပေးနိုင်ရင် အနာဂတ်မှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာတဲ့အထိ လေ့ကျင့်ပေးဖို့ ငါတို့ဌာနက တကယ် တကယ် လက်ခံနိုင်တယ်။ နင်က မောက်မာတတ်လို့ လူအတော်များများ မကြိုက်ကြဘူးမလား။ ဒါပေမယ့် ကျန်းချီကို အနိုင်ယူလိုက်တဲ့ စွမ်းရည်အရ မောက်မာဖို့ ထိုက်တန်တယ်"
နိုင်းက သူ့ကို လေးနက်စွာ စိုက်ကြည့်ကာ ချီးကျူးနေခဲ့သည်။
"ဒါက တကယ်ဖြစ်လာတယ်ဆိုတာ ယုံချင်စရာ မကောင်းလောက်အောင် ကောင်းလွန်းနေတယ်"
ယွမ်ရှောင်က စိတ်လှုပ်ရှားချင်ဟန်ဆောင်ပြီးမှ ပခုံးတွန့်ပြလိုက်၏။
"နောက်ပြောင်မနေနဲ့။ ငါ့အနာဂတ်က ကောင်းကင်ရုံးတော် နန်းတွင်းမှာ ဖြစ်ဖို့ များတယ်။ နင်သာ မိုးကြိုးဌာနကို ကိုင်တွယ်နိုင်ရင် အနာဂတ်မှာ ကြီးကြီးမားမား အောင်မြင်လိမ့်မယ်"
သူမက မျက်စောင်းတစ်ချက်ဝင့်၍ အနားကပ်ကာ တီးတိုး အသိပေးလိုက်သောအခါ မေးခွန်းတစ်ခု ထွက်လာပြန်သည်။
"မင်းအဖေက တကယ် သဘောတူပါ့မလား။ မဟာစစ်သူကြီး ကူကျန်းရှောင်က ငါ့ဓားဝိညာဥ်ကို လုချင်နေတုန်းပဲ"
"အဲ့အဘိုးကြီး မလုပ်ရဲပါဘူး။ မစိုးရိမ်နဲ့။ အဖေက ငါ့စကား နားထောင်လို့ ဆုံးဖြတ်ပေးနိုင်တယ်"
နိုင်း၏ ရည်ရွယ်ချက်က ရှင်းလင်းပြီး မိုးကြိုးဌာနသည် ပြိုင်ပွဲအဆက်ဆက် ထိပ်ဆုံးသုံးယောက်အတွင်းသို့ မဝင်နိုင်ဘဲ မျက်နှာပျက်ခဲ့ရသောကြောင့် ဖိအားများနေပုံပေါ်သည်။ ဤအချက်ကြောင့် မိုးကြိုးဧကရာဇ်ပင် ကောင်းကင်ရုံးတော်၌ မျက်နှာငယ်နေရသောကြောင့် ယွမ်ရှောင်သည် ဓားဌာန၏ သခင်လေးကို အနိုင်ယူပြလိုက်သောအခါ အခွင့်အရေးကောင်းတစ်ခုဟု သူမက သတ်မှတ်လိုက်၏။
"မင်းက ရိုးအသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါလား။ ထားလိုက်ပါတော့။ ပွဲဆက်ကြည့်ရအောင်"
ယွမ်ရှောင်က ရုတ်တရက် ပြုံးကာ စကားစဖြတ်၍ ဒုတိယ တွဲဆိုင်းထံ မျက်နှာလှည့်လိုက်သည်။ ပွဲစဥ်က ခန့်မှန်းရလွယ်ကူပြီး ကျောက်ယွမ်ပေါင်သည် မိုးကြိုးဌာနမှ ပြိုင်ဘက်ဖြစ်သူကို မျက်နှာတစ်ခုလုံး ဖူးယောင်သည်အထိ ရတနာလက်နက်ဖြင့် ရိုက်နှက်ပစ်ခဲ့၏။ အကယ်၍ ယွမ်ရှောင်သာ ပထမဆုံး တိုက်ပွဲတွင် အနိုင်ရလဒ် မစွမ်းဆောင်ပေးနိုင်ခဲ့လျှင် ရုန်းကန်နေရသော မိုးကြိုးဌာန၏ ကိုယ်စားပြု စီရင်သူများမှာ တစ်ယောက်မှ နောက်တစ်ဆင့် တက်နိုင်မည် မဟုတ်ချေ။ တွဲဆိုင်းများကို မိဖုရားကျောက်က ကျပန်းရွေးချယ်ခြင်း ဖြစ်သော်လည်း လူငယ်များ၏ ကံတရားကို ဆော့ကစားနေသည့်အလား ဂုဏ်ထူးဆောင် စီရင်သူခုနစ်ယောက်နှင့် မိုးကြိုးဌာန၏ စီရင်သူများ အလှည့်တိုင်း ရင်ဆိုင်တွေ့နေ၏။
"မိုးကြိုးဌာနကတော့...ဟူး..."
ရလဒ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသောအခါ သက်တော်ရှည် အင်မော်တယ်က သက်ပြင်းချ၍ မှတ်ချက်ပေးခဲ့ပြီး ယွမ်ရှောင်၏ တိုက်ပွဲအပြီးတွင် မိုးကြိုးဌာနသည် တိုက်ပွဲ ခြောက်ပွဲအနက် တစ်ပွဲသာ အနိုင်ရခဲ့၏။ အနိုင်ရသည့် တွဲဆိုင်းမှာလည်း မိုးကြိုးဌာန၏ စီရင်သူအချင်းချင်း ရင်ဆိုင်တွေ့ခဲ့ပြီး ဂုဏ်ထူးဆောင် စီရင်သူများကိုမူ တစ်ယောက်မှ အနိုင်မယူနိုင်ခဲ့ချေ။
"မင်း တိုက်ရတော့မယ်"
နောက်ဆုံးတွဲဆိုင်းသို့ ရောက်လာသောအခါ ယွမ်ရှောင်က သတိပေးလိုက်ပြီး သတ္တမမြောက် တွဲဆိုင်းမှ စတင်ကာ နိုင်း၏ မျက်နှာထား ဖြည်းဖြည်းချင်း မည်းနက်လာနေခဲ့သည်။
"ဟုတ်တယ်။ ဒါပေမယ့် ငါ့ပြိုင်ဘက် အန်းယောင်က ပေါ်မလာသေးဘူး။ သူ့ဆရာ စစ်ဧကရာဇ်လိုမျိုး ဘာကိုမှ လေးစားမှု မရှိဘူး"
"မင်းပြောချင်တာက စစ်ဧကရာဇ်ရဲ့ တပည့်က အန်းယောင်ပေါ့"
ယွမ်ရှောင်၏ အကြည့်များက ထိုနာမည်ကြောင့် ရုတ်တရက် ဓားထက်ပမာမာ ထက်ရှသွားလေသည်။
အပိုင်း ၆၂၄ - ကြာနက်ဝိညာဥ် အင်မော်တယ်
လုမိသားစုတွင် လုအန်းနှင့် လုယောင်ဆိုသော ညီအစ်ကို နှစ်ယောက်ရှိကြောင်း မသိထားသည့် နိုင်းအတွက် အန်းယောင်ဆိုသော အမည်က ပြဿနာ မရှိပေ။ ယွမ်ရှောင်၏ အမြင်တွင် ကူးပြောင်းလာသော ဝိညာဥ်သည် လုဖန်၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီးနောက် မှတ်ဉာဏ်အချို့ ရရှိသွားကာ ညစ်ပတ်စုတ်ပြတ်သော ဟာသဉာဏ်ဖြင့် ပေးထားခြင်း ဖြစ်၏။
"ဒီအန်းယောင်ကို အရှင်လုက ပြုစုပျိုးထောင်ခဲ့တာလား"
သူက စိတ်ထဲတွင် ကျိန်ဆဲပြီး မေးခွန်းထုတ်လိုက်၏။
"ဟုတ်တယ်။ တပည့်ဆိုပေမယ့် သားအရင်းတစ်ယောက်လို ပျိုးထောင်ပေးခဲ့တာတဲ့။ နင်က အရှင်လုအကြောင်း တကယ် မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား"
နိုင်းက ယွမ်ရှောင်ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်ပြီး စစ်ဧကရာဇ်နှင့် ပတ်သက်မှု မရှိကြောင်း ယုံကြည်ရန် ခက်ခဲနေသည်။ သူက မည်သည်မျှ အဖြေမပေးဘဲ ပြုံးရုံသာ ပြုံးနေခဲ့ပြီး အင်မော်တယ်ပြိုင်ပွဲသို့ ဝင်ခွင့်ရရန် စစ်ဧကရာဇ်ဆိုသော နောက်ခံကို လုံလောက်အောင် အသုံးချထားပြီးဖြစ်၏။ ပြိုင်ပွဲစတင်လိုက်သည်နှင့် တပြိုင်နက် သူက ကိုယ့်ကိုကိုယ် အားကိုး၍ ဆက်လက်တက်လှမ်းရပေမည်။ ဥပမာအားဖြင့် မိုးကြိုးဌာနမှ ကမ်းလှမ်းချက်ကဲ့သို့ပင်။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်လျှင် ဇာတ်လိုက်တစ်ယောက် အဖြစ် ကိုယ့်ကိုကိုယ် မှတ်ယူထားသော တစ်ဖက်လူက တိုက်ပွဲမစခင် အချိန်လေးတွင် ထွက်ပေါ်လာပေလိမ့်မည်။
ရှုံးထွက် တွဲဆိုင်းများအတွက် နောက်ဆုံးကျန်ရစ်သော ကျောက်စိမ်းမက်မွန်သီး နှစ်လုံးကို မိဖုရားခေါင်ကြီးက သက်တော်ရှည်အင်မော်တယ်ထံ ကမ်းပေးလိုက်သည်။ အမည်များ ကြေညာပြီးသောအခါ ခပ်ပိန်ပိန် ပုံရိပ်တစ်ခု အလျင်စလို ချဥ်းကပ်လာကာ အနက်ရောင် ဝတ်ဆင်၍ လူအုပ်အကြား ရပ်နေလျှင် ထင်ပေါ်မည်မဟုတ်သော သာမန်ရုပ်ရည်မျိုး ဖြစ်၏။ ထိုလူငယ်က အဆင့်မြင့်အင်မော်တယ်များအကြား ထူးဆန်းစွာ သာမန်ဆန်လွန်းနေပြီး တောက်ပစွာ ပြုံး၍ အရိုအသေပေးခဲ့သည်။
"အရှင်မိဖုရားနဲ့တကွ ဂုဏ်သရေရှိ ဧည့်သည်တော်များကို နှုတ်ခွန်းဆက်သပါတယ်။ ကျုပ် နောက်ကျသွားလို့ တကယ် တောင်းပန်ချင်ပါတယ်"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မိဖုရားကျောက်သည် ရုတ်တရက် ပြုံးလိုက်ပြီး အပြစ်မတင်သည့်အပြင် ချီးကျူးလိုက်သောအခါ ထိုလူငယ် နောက်ကျသည့်အတွက် မကျေမနပ် ဖြစ်နေသော အင်မော်တယ်များမှာ အပြစ်မတင်ရဲတော့ပေ။
"အန်းယောင်ဆိုတဲ့ နာမည်အတိုင်း မင်းက လွတ်လပ်ပြီး အပူအပင်ကင်းတယ်။ မင်းဆရာက သေချာ သင်ကြားပေးထားတာပဲ။ လောကကြီးအပေါ်မှာ သာမန်လိုမျိုး ပြုမူ ဆက်ဆံတာက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်"
"အရှင်မ ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က မထိုက်တန်ပါဘူး"
အန်းယောင်၏ ရုပ်ရည်က သာမန်ဖြစ်သော်လည်း အာရုံစိုက်စရာ ဗဟိုချက် ဖြစ်လာပြီး တိုက်ခိုက်ရေး စင်မြင့်အထက် တက်လိုက်သောအခါ ၁၆ယောက်အဆင့်၏ နောက်ဆုံး တွဲဆိုင်း စတင်တော့မည် ဖြစ်၏။
"မင်္ဂလာပါ သခင်မလေးနိုင်း"
အန်းယောင်က လေးလေးစားစား မိတ်ဆက်လိုက်သော်လည်း မျက်လုံးများတွင် အလွန်အမင်း တောက်လောင်နေသော ရမ္မက်မီးများ ထင်ဟပ်နေကြောင်း နိုင်းတစ်ယောက် ခံစားမိသည်။ သူမ၏ စိတ်ထဲတွင် တဏှာရူးတစ်ယောက်ဟု သတ်မှတ်လိုက်သောကြောင့် တိုက်ခိုက်လိုစိတ်ပင် ပျောက်ဆုံးသွားသည်။ အဆင့်အတန်း မြင့်မားသော မိုးကြိုးဧကရာဇ်၏ သမီးတော်အတွက် အောက်ခြေမှ တက်လှမ်းလာသည့် စစ်ဧကရာဇ် လုဖန်နှင့် အန်းယောင်ပမာ ကြိုးကြာသား စားချင်သော ဖားကဲ့သို့ အပြုအမူများမှာ ရွံရှာဖွယ်ပင်။ အဆင့်နှစ် ကောင်းကင်အရာရှိများပင် တော်ဝင်မိသားစု၏ ချွေးမလောင်းကို ရိုရိုသေသေ ဆက်ဆံကြသည်ဖြစ်ရာ တစ်ဖက်လူက အဝတ်အစားများ ချွတ်ပစ်ချင်သော အကြည့်မျိုးဖြင့် စော်ကားနေသောကြောင့် ရဲတင်းလွန်းလှ၏။ ဆန့်ကျင်ဘက်အားဖြင့် သူမကို အဝတ်ဗလာ ကိုယ်လုံးတီးဖြင့် မြင်ဖူးသော ယွမ်ရှောင်၏ မျက်လုံးများတွင်ပင် အောက်တန်းကျသော ရမ္မက်စိတ်မျိုး မတွေ့ဖူးဘဲ အံ့သြစိတ်သာ ရှိ၏။
အန်းယောင်၏ အကြည့်တစ်ချက်က နိုင်းကို သိမ်းပိုက်လိုသော ဆန္ဒကို ကိုယ်စားပြုပြီး စပ်ဖြီးဖြီး အပြုံးကြောင့် မိန်းမများနှင့် ပျော်ပါးရန် ဗျူဟာချတတ်သူတစ်ယောက် ဖြစ်ပုံပေါ်သည်။ နိုင်းက ဆက်၍ သည်းမခံနိုင်သောကြောင့် တစ်ကိုယ်လုံးမှ လျှပ်စီးများ ဖြာထွက်လာကာ ကိုယ်ပွား ကိုးယောက်အဖြစ် ခွဲထွက်လိုက်သောအခါ ပရိသတ်များကို မနာလိုအားကျသွားစေ၏။
"မိုးကြိုးကိုးပါး အသွင်"
၎င်းသည် မိုးကြိုးဧကရာဇ် မျိုးရိုးစဥ်ဆက် အမွေဆက်ခံလာသော စွမ်းရည်တစ်ခု ဖြစ်ကာ တိုက်ခိုက်ရေးစွမ်းအား ကိုးဆ တိုးတက်လာရုံသာမက အသက်ကိုးချောင်း ပိုင်ဆိုင်ထားသည်နှင့် မခြားပေ။ ကောင်းကင်ရုံးတော်တွင် ဌာနတစ်ခုကို ဦးဆောင်နိုင်သူများသည် ထူးခြားသော အမွေအနှစ်ကိုယ်စီ ပိုင်ဆိုင်ထားကာ မိုးကြိုးဧကရာဇ်က မိုးကြိုးများကို ထိန်းချုပ်နိုင်သော သိုင်းကျင့်ကြံသူ အင်မော်တယ် တစ်ယောက် ဖြစ်သည်။ သိုင်းလမ်းစဥ်ကို လျှောက်လှမ်းသောကြောင့် နိုင်း၏ ကိုယ်ပွားကိုးယောက်လုံးသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရာ၌ နတ်ဆိုး မိစ္ဆာများထက် ပို၍ သန်မာ၏။
နိုင်းကိုးယောက်သည် အစီအရင်ငယ်တစ်ခုပမာ ရွေ့လျား၍ အန်းယောင် ပတ်ပတ်လည်၍ နေရာယူလိုက်ကြသည်။ ထို့နောက် သူမက ခရမ်းရောင် စာလိပ်တစ်ခု ဖြန့်ချလိုက်သောအခါ ရေးဆွဲထားသည့် မိုးကြိုးစွန်ရဲကိုးကောင် အသက်ဝင်လာကာ အပြင်သို့ ပျံထွက်လာပြီး လက်နက် ကိုးခု အဖြစ် ပြောင်းလဲသွားကြ၏။ ဆေဘာ၊ ဓားရှည်၊ လှံ၊ သံချိတ် စသဖြင့် မတူကွဲပြားသော လက်နက်ကိုးမျိုးသည် နိုင်းကိုးယောက်ထံ အသီးသီး ရောက်ရှိသွားသောအခါ မိုးကြိုးနတ်မိမယ်အလား ရင်သပ်ရှုမောဖွယ် ကြည့်ကောင်းပြီး အလှတရားကြောင့် ချီးကျူးသံများ ရေလှိုင်းပမာ တလှိမ့်လှိမ့် ထွက်ပေါ်လာခဲ့သည်။
"နတ်ကောင်းကင်အဆင့်ရတနာ လျှပ်စီးလက်နက်ပန်းချီ"
"မိုးကြိုးဧကရာဇ်က သူ့သမီးကို အတော်လေး အလိုလိုက်ထားတာပဲ။ ဒီလောက်အဖိုးတန်တဲ့ ရတနာကိုတောင် ယုံယုံကြည်ကြည်နဲ့ ပေးထားတယ်"
"နိုင်းက အသက်ငယ်ငယ်နဲ့ ဒီလောက်ထိ ထိန်းချုပ်နိုင်စွမ်း မြင့်မားနေမယ်လို့ မထင်ထားဘူး"
"မိုးကြိုးဌာနမှာ အလားအလာရှိတဲ့ စီရင်သူတွေ ထွက်ပေါ်လာပြီ"
အဆင့်မြင့်အရာရှိများက ချီးကျူးဆွေးနွေးနေကြပြီး ယွမ်ရှောင်၏ တိုက်ပွဲအပြီး ကျဆင်းသွားသော မိုးကြိုးဌာန၏ ဂုဏ်သိက္ခာကို နိုင်းသည် ပြန်လည် မြှင့်တင်ပေးနိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ လေးစားစေသည်။
"နိုင်းရဲ့ စွမ်းရည်အရ မိုးကြိုးဌာနက ဗိုလ်စွဲဖို့ အလားအလာ ရှိတယ်"
"ဒါပေမယ့် အန်းယောင်က ဝိညာဥ် လမ်းစဥ် ကျင့်ကြံသူနော်။ ဒီလောက် မလွယ်ဘူး"
ထိုအခိုက်အတန့်တွင် အစီအရင်ငယ်အတွင်း ပိတ်လှောင်ခံထားရသော အန်းယောင်သည် မုန်တိုင်းထန်သော ပင်လယ်အတွင်းမှ အနက်ရောင် လှေငယ်တစ်စင်းပမာ ရှိနေသည်။
"ကြမ်းတမ်းတယ်။ အစွမ်းထက်တယ်။ ငါ သဘောကျတယ်ကွာ"
စွမ်းအားချင်း ကွာခြားနေပုံရသော်လည်း သူက ခေါင်းမော့၍ တဏှာရူးဆန်ဆန် ပြုံးကာ ပြောလိုက်သဖြင့် နိုင်းကို ပို၍ ဒေါသထွက်သွားစေသည်။
"ပါးစပ်ပိတ်ထားစမ်း"
လက်နက်ကိုးခုက ခုတ်ပိုင်းခြင်း၊ ထိုးနှက်ခြင်း၊ ပစ်ခတ်ခြင်း တိုက်ကွက်မျိုးစုံဖြင့် လျှပ်စီးများ ခြံရံကာ ကျရောက်လာသည်။
"တကယ် မိုက်တယ်ကွာ။ ဒီလိုအလန်းလေးကို ငါတောင် ကိုင်တွယ်ဖို့ မလွယ်ဘူး"
သူက စပ်ဖြဲဖြဲ မျက်နှာထားဖြင့် ရယ်မောကာ လက်ဖဝါးအတွင်း အနက်ရောင် ကြာတစ်ပွင့် ဖန်တီးကာ ဝိညာဥ်စွမ်းအင်များ ပြည့်နှက်နေသဖြင့် အရှိန်အဝါ ကြောက်မက်ဖွယ်ကောင်းလှ၏။
"သွားစမ်း။ ငါ့အချစ်လေးကို သိမ်းသွင်းလိုက်"
၎င်းကို သူက ပစ်ခတ်လိုက်သည်နှင့် တပြိုင်နက် ပွင့်ချပ်ကိုးခု ဖြာထွက်သွားကာ အန္တရာယ်ပေးနိုင်စွမ်း ရှိပုံမရသော်လည်း မျက်တောင်တစ်ခတ်အတွင်း အမြင်အာရုံမှ ပျောက်ကွယ်၍ နိုင်းကိုးယောက်ရှေ့တွင် ဘွားခနဲ ထွက်ပေါ်လာ၏။
"အား"
နိုင်းကိုးယောက်က ကြာပန်း ပွင့်ချပ်ကိုးခုနှင့် ထိမှန်ခံလိုက်ရသောအခါ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားသည့်အပြင် မျက်ဝန်း၌ အနက်ရောင် ကြာတစ်ပွင့် အသွင် စတင် ဖြစ်ပေါ်လာသည်။ ထို့နောက် သူမ၏ တိုက်ကွက်များ ရုတ်တရက် ပျက်စီးသွားကာ လက်နက်အားလုံး ကြမ်းပြင်အထက် ပြုတ်ကျ၍ ကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း လဲကျသွား၏။
"အဆင်ပြေရဲ့လား"
နိုင်းကိုးယောက်က တစ်ယောက်တည်းအဖြစ် ပြန်လည် ပေါင်းစည်းသွားသောအခါ လက်တစ်ဖက် ရုတ်တရက် ကမ်းပေးလာသည်။ သူမ၏ မြင်ကွင်းတွင် ယခင်က ရွံမုန်းစရာ တဏှာရူးကောင်သည် အလွန်သန့်စင်မြင့်မြတ်သော လူငယ်သခင်လေးအဖြစ် ပြောင်းလဲသွားသည်။
"သခင်မလေး သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ်"
အန်းယောင်က ပြန်လည် ကမ်းပေးလာသော လက်ကို အသာအယာ ဆွဲထူပြီးနောက် ချက်ချင်း လွှတ်ပေးလိုက်၏။ ထိုအခိုက်တွင် သူမသည် ပြုစားခံလိုက်ရသည့်အလား နှလုံးသား ဟာလာဟင်းလင်း ဖြစ်သွားသယောင် အကြောင်းပြချက်မရှိဘဲ အလွမ်းအဆွေး ခံစားချက်တစ်ခု ပေါ်ပေါက်နေသည်။ မိုးကြိုးဌာနအတွက် ဂုဏ်သိက္ခာ ပြန်လည် မဆောင်ယူနိုင်ခဲ့ဘဲ ရှုံးနိမ့်သွားသည်ကိုပင် သူမက မေ့လျော့သွားကာ ပတ်ဝန်းကျင်ရှိ အသံဗလံများကြောင့်သာ သတိပြန်ဝင်လာခြင်း ဖြစ်သည်။ ဤတိုက်ပွဲအတွက် ရည်ရွယ်ပြီး နှစ်ပေါင်း၂၀ ကျော် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး မိုးကြိုးဌာန အရှက်မကွဲစေရဟု ဖခင်ကို ကတိပေးထားသဖြင့် အမှန်တကယ် ရှုံးနိမ့်သွားလျှင် ပုံမှန်အခြေအနေအောက်တွင် ယူကြုံးမရ ဖြစ်နေပေလိမ့်မည်။ ထူးဆန်းသည်မှာ လက်ရှိတွင် နိုင်းက ထင်ထားသလောက် စိတ်ဓာတ်ကျခြင်း၊ ခံစားရခြင်းများ မရှိဘဲ မျှော်လင့်ထားသလောက် မနာကျင်ရသည့်အပြင် အန်းယောင်အပေါ် အမြင်များပင် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားခဲ့လေသည်။