← Chapters

အခန်း (၆၂၅-၆၂၆)

Vol. 47 Ch. 625-626

အခန်း (၆၂၅-၆၂၆)

Vol. 47 Ch. 625-626

အပိုင်း ၆၂၅ - နိုင်း၏ ခံစားချက် ပြောင်းလဲလာခြင်း

"မစိုးရိမ်ပါနဲ့။ ငါ ချန်ပီယံဖြစ်သွားတာနဲ့ မိုးကြိုးဌာနကို ဝင်လိုက်ရင် အဆင်ပြေတယ်မလား"

အန်းယောင်က နှစ်ကိုယ်ကြားလောက်ရုံသာ တီးတိုးပြောလိုက်သောအခါ နိုင်းသည် ခေါင်းညိတ်ရုံသာ တတ်နိုင်၏။

"ဒီနေရာက စကားပြောလို့ မကောင်းဘူး။ ပြိုင်ပွဲပြီးရင် မင်းကို လာရှာမယ်"

ထို့နောက် သူက ရမ္မက်ခိုးများဝေနေသော မျက်နှာဖြင့် ယုတ်ယုတ်မာမာ ပြုံးပြကာ စင်မြင့်အထက်မှ ဆင်းသွားခဲ့သည်။ ထိုအပြုံးက တဏှာရူး အပြုံးမျိုး ဖြစ်သော်လည်း အကြောင်းအရင်း မသိရဘဲ နိုင်းက ရင်ခုန်မြန်လာပြီး နှလုံးသားအတွင်း ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာသော ခံစားချက်ကို ထိန်းချုပ်နေရ၏။ မျက်လုံးထဲတွင် အန်းယောင်၏ လူယုတ်မာအပြုံးက ချစ်စဖွယ် စွဲထင်နေကာ ပတ်ပတ်လည်မှ စကားသံများကိုပင် မကြားနိုင်လောင်အောင် မိန်းမောနေသည်။ မိုးကြိုးဌာန၏ မျှော်လင့်ချက် ပါရမီရှင် ရှုံးနိမ့်သွားသောကြောင့် အဆင့်မြင့် အင်မော်တယ်ကြီးများက မျက်နှာမသာမယာ ဖြစ်နေသကဲ့သို့ ယွမ်ယင်နှင့် ကူစုဝမ် စသူတို့လည်း စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြကာ ပြိုင်ပွဲဝင်များမှာမူ ခေါင်းပင် မဖော်နိုင်ဘဲ မျှော်လင့်ချက်မဲ့နေသည်။

"အန်းယောင်က တကယ် အစွမ်းထက်တာပဲ"

"သူ့ကို စစ်ဧကရာဇ် ကိုယ်တိုင် သင်ကြားပေးထားတာဆိုတော့ ပြိုင်ဘက်က ဘယ်လောက်သန်မာပါစေ ချေမှုန်းပစ်လိုက်နိုင်တယ်"

"နိုင်းက ထိပ်ဆုံး သုံးယောက်ထဲ ဝင်နိုင်လောက်အောင် အစွမ်းထက်တာကို ဘာကြောင့် သူသေကိုယ်သေ မတိုက်ခိုက်ရတာလဲ"

"ဒီတစ်ခေါက် ချန်ပီယံက ဘယ်သူလဲဆိုတာ ရှင်းနေပြီ"

ဆယ့်ခြောက်ယောက် ယှဥ်ပြိုင်ရသော ပထမအချီ ရှုံးထွက် ပြိုင်ပွဲ ပြီးဆုံးသောအခါ မိုးကြိုးဌာန၏ ပြိုင်ပွဲဝင် ကိုးယောက်အနက် ခုနစ်ယောက် ပြုတ်သွားသဖြင့် အထိအနာဆုံးပင်။ ယွမ်ရှောင်နှင့် ယွမ်အယ်ဟု ခေါ်သော ပါရမီရှင်တစ်ယောက်သာ ကျန်ရစ်သောအခါ အရှုံးဟူသော ရက်စက်သည့် လက်တွေ့တရားကို မိုးကြိုးဧကရာဇ်၏ သမီးတော် ခံနိုင်ရည် မရှိမည်ကို လူတိုင်း စိုးရိမ်ကာ မိုးကြိုးဌာန၏ အုပ်ထိန်းသူများ အလျင်အမြန် သွားရောက်ခေါ်ဆောင်လိုက်ကြ၏။

"နိုင်းအာ"

ကောင်းကင်အထက်မှ တော်ဝင်ဝတ်ရုံ ဆင်မြန်းထားသော လူငယ်တစ်ယောက် ဆင်းသက်လာကာ နိုင်း ရှေ့မှောက်တွင် ခန့်ညားစွာ ရပ်နေပြီး အင်ပါယာတစ်ယောက်ကဲ့သို့ အမိန့်ပေးနိုင်သော အရှိန်အဝါများ ရှိကာ လျူချောင်နှင့် ရွယ်တူ ရင့်ကျက်ပြီးသား အရွယ် ဖြစ်သည်။ ရုပ်ဆင်းသွင်ပြင်ရော အရှိန်အဝါအရပါ သူက အန်းယောင်ထက် များစွာ သာလွန်၍ မြင့်မြတ်ခမ်းနားသည်ဟူသော သဘောတရားမျိုး ဖော်ပြနေသည်။

"မင်းသားခြောက်"

သူ့ကို မြင်သောအခါ ယွမ်ယင်တို့ လူစုက အလိုက်တသိ နောက်ဆုတ်ပေးလိုက်ကြသောအခါ နိုင်းထံ စိုးရိမ်မကင်းဟန်ဖြင့် လက်ကမ်း၍ ညှင်သာစွာ ဖေးမပေးလိုက်သည်။

"အနိုင်အရှုံးဆိုတာ ဖြစ်တတ်ပြီး မင်းကလည်း ငယ်သေးတယ်။ စိတ်မပျက်နဲ့။ အင်မော်တယ်လမ်းစဥ်မှာ ဘယ်သူမှ ပြိုင်ဘက်ကင်းမနေပါဘူး။ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်မှသာ အနာဂတ်မှာ အောင်မြင်မှု ကြီးမားလိမ့်မယ်"

"နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် မင်းသားခြောက်"

တစ်စုံတစ်ခုသော ခံစားချက်၏ လှုံ့ဆော်မှုအရ နိုင်းသည် တစ်ဖက်လူအပေါ် အင်မတန် ရွံမုန်းလျက်ရှိသော်လည်း ကိုယ့်ကိုကိုယ် အားတင်း၍ လက်ကို ဆွဲယူကာ ထရပ်လိုက်သည်။

"ဒီပြိုင်ပွဲအကြောင်း မေ့လိုက်ပါ။ မင်းကို အစ်ကိုက နတ်ဆိုးဂူဆီ ခေါ်သွားပေးမယ်လို့ ကတိပေးထားတယ်မလား။ အခု သွားကြရအောင်"

သူမ ခံနိုင်ရည်ရှိသည်ကို မြင်သောအခါ မင်းသားခြောက်က စိတ်အေးသွားဟန်ဖြင့် ဖိတ်ခေါ်လိုက်သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

"ကျွန်မ ပြိုင်ပွဲပြီးအောင် ကြည့်ချင်ပါတယ်"

"မိုးကြိုးဌာနမှာ မင်းကလွဲရင် မျှော်လင့်ချက် မရှိတော့ပါဘူး။ ဘာကြည့်စရာ ရှိမှာလဲ"

"မျှော်လင့်ချက် ရှိပါသေးတယ်။ လုယောင်က ကျန်းချီကို အနိုင်ယူခဲ့တယ်ဆိုတော့ အန်းယောင်လည်း ရှုံးနိုင်ချေ ရှိမှာပါ"

"သူက လျှို့ဝှက်ချက်တွေတော့ ရှိတာ ဟုတ်ပါတယ်။ ဒါပေမယ့်..."

နိုင်း၏စကားကြောင့် မင်းသားခြောက်သည် စီရင်သူ ချပ်ဝတ် တပ်ဆင်ထားသော ယွမ်ရှောင်ထံ အကြည့်ရောက်သွားကာ စစ်ဧကရာဇ်ကြောင့် သမိုင်းတလျှောက် အံ့ဖွယ်များ ဖြစ်ခဲ့သည်ကို အမှတ်ရလိုက်သဖြင့် ရုတ်တရက် စကားစ ပြတ်တောက်သွား၏။ စစ်ဧကရာဇ်လုဖန်သည် သူ့အပေါ် သံသယရှိသူများကို အကြိမ်တိုင်း အရှက်ခွဲခဲ့သောကြောင့် မင်းသားခြောက်ပင် ရေရေရာရာ မသိဘဲ မခန့်မှန်းချင်ပေ။ အကယ်၍ မှားယွင်းသွားလျှင် လူသိရှင်ကြား အရှက်ကွဲရသော အရသာမှာ ခံရခက်လွန်းသည် မဟုတ်ပါလော။

"စမ်းသပ်ကြည့်ချင်ရုံပါ။ အနည်းဆုံးတော့ သူက မိုးကြိုးဌာနကပါ"

နိုင်းသည် လက်ထပ်ရမည့် သတို့သားလောင်းအပေါ် ရုတ်တရက်ဆန်ဆန် ရွံရှာစပြုလာသော်လည်း ချော့မော့ ပြောဆိုနေခဲ့သည်။ ထို့ကြောင့် မင်းသားခြောက်လည်း မကြာခင် လက်ထပ်ရမည့် တော်ဝင်သတို့သမီးလောင်း စိတ်မကွက်စေလိုသဖြင့် ခေါင်းညိတ်လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

"ကောင်းပြီ။ သူက မိုးကြိုးဌာနရဲ့ လူဆိုတာ သေချာလား။ စစ်ဧကရာဇ်နဲ့ ပတ်သက်မှု မရှိတာကို ပြောနိုင်လား။ နောက်ထပ် အသုံးချခံ မဖြစ်စေနဲ့"

"ကျွန်မ သေချာပါတယ်။ ဒါဆိုရင် လုယောင်ကို သွားတွေ့လိုက်ဦးမယ်"

နိုင်းက ယုံကြည်ချက်ရှိရှိ အခိုင်အမာ ပြောဆိုကာ တစ်ချိန်က ချစ်သူအဖြစ် လေးစားရိုသေခဲ့သော မင်းသားခြောက်အနားမှ ထွက်ပြေးရန် အချိန်မဆိုင်းလိုတော့ပေ။ ယနေ့တွင် သူမ၏ ခံစားချက်နှင့် ပတ်သက်သမျှ အရာရာ မှားယွင်းနေပုံပေါ်ကာ တစ်ဖက်လူ၏ မျက်နှာကို ကြည့်လေလေ၊ မုန်းတီးလေလေ ဖြစ်လာခဲ့၏။

မင်းသားခြောက်က ခွင့်ပြုလိုက်သောအခါ သူမသည် ယွမ်ရှောင်နှင့် ယွမ်အယ်ကို တည်းခိုရာ နန်းဆောင်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ပြိုင်ပွဲဝင်များ အနားယူရန်နှင့် ဆေးကုရန် အချိန်တစ်နာရီသာ ပေးထားသောကြောင့် ယွမ်အယ်က မလိုက်လိုသဖြင့် စောဒကတက်လိုက်သော်လည်း အငေါက်ခံလိုက်ရ၏။

"မကြာခင် ပြိုင်ပွဲ စတော့မှာလေ"

"လိုက်ခဲ့။ တခြားမှာ သွားပြောမယ်"

နိုင်းက စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ယွမ်ရှောင်မှာမူ အရေးမစိုက်ဟန်ဖြင့် လိုက်ပါလာခဲ့သကဲ့သို့ ယွမ်အယ်လည်း မလိုက်ချင် လိုက်ချင် ပါလာခဲ့သည်။

"အန်းယောင်က စရိုက်ဆိုးလွန်းတယ်။ ဒီကောင့်ရဲ့ စပ်ဖြဲဖြဲ မျက်နှာထားက..."

"တိတ်စမ်း။ သူ့ကို ဘာမှမဝေဖန်နဲ့"

လမ်းတွင် ယွမ်အယ်က အန်းယောင်အကြောင်း မလိုလားဟန်ဖြင့် စကားစလိုက်သောအခါ နိုင်းသည် သည်းမခံနိုင်လောက်အောင် ဒေါသထွက်ကာ အော်ဟစ်နေခဲ့သည်။

"သူ့ကြောင့် မိုးကြိုးဌာနရဲ့ ရည်မှန်းချက်တွေ ဂုဏ်သိက္ခာတွေ ပျက်စီးသွားတာလေ။ မင်းက သူ့ကို မမုန်းဘူးလား"

"နင်က မုန်းလို့လား"

"အခုချက်ချင်းတောင် သတ်ပစ်လိုက်ချင်ပေမယ့် ငါ့မှာ အစွမ်းအစ မရှိဘူး။ အခု ငါ တတ်နိုင်တာဆိုလို့ နောက်တစ်ဆင့်တက်ပြီး ထိပ်ဆုံးသုံးယောက်စာရင်း ဝင်နိုင်ဖို့ အသေအကြေ ကြိုးစားရုံပဲ"

ယွမ်အယ်၏ မျက်ဝန်းများက မိုးကြိုးဌာနအတွက် အရာအားလုံး ပေးဆပ်ရန် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် တောက်လောင်နေသကဲ့သို့ အသံ အက်ကွဲနေသည်။

"နိုင်း၊ မိုးကြိုးဌာနက နောက်တစ်ကြိမ် ရှုံးလို့ မဖြစ်တော့ဘူး။ ငါတို့တစ်ယောက်မှ နောက်တစ်ဆင့် မတက်နိုင်ဘူးဆိုရင် အမြဲတမ်း လှောင်ရယ်ခံရတော့မယ်။ ဘာပြောပြော စီရင်သူတွေဆိုတာ ငါတို့ဌာနက မြစ်ဖျားခံလာတာပဲ"

"ထွက်သွားစမ်း။ နင့်ကို ပြောစရာ မရှိတော့ဘူး"

အန်းယောင်အကြောင်း မကောင်းပြောမိသည်နှင့်ခတပြိုင်နက် နိုင်းက ယွမ်အယ်ကို မောင်းထုတ်ပစ်ခဲ့သည်။ တစ်ဖက်လူ၏ အမြင်တွင် မိုးကြိုးဧကရာဇ်၏ သမီးအနေဖြင့် တိုက်ခိုက်ရေးစင်မြင့်အထက်တွင် အစွမ်းကုန် ထုတ်သုံးခဲ့ရမည် ဖြစ်သော်လည်း မြန်မြန်ဆန်ဆန် အရှုံးပေးကာ ထွက်လာမည်ဟု ထင်မထားခဲ့ပေ။ ယွမ်အယ် သိထားသော နိုင်း၏ စရိုက်က ဤသို့ မဟုတ်သောကြောင့် ဒေါသတကြီးဖြင့် တိုက်ခိုက်ရေးစင်မြင့်ထံ ပြန်လှည့်သွားသဖြင့် ယွမ်ရှောင်နှင့် နှစ်ယောက်တည်းသာ ကျန်ရစ်၏။

"ငါက မိုးကြိုးဌာနအတွက် ဂုဏ်သိက္ခာကို ကယ်ပေးနိုင်မယ်လို့ ထင်နေတာလား"

"ဟုတ်တယ်"

နိုင်း၏ စိတ်က ရှုပ်ထွေးနေပြီး မင်းသားခြောက်အနားမှ ရှောင်ဖယ်ချင်ရုံ သက်သက် အကြောင်းပြခဲ့သော်လည်း ယွမ်ရှောင်နှင့် နီးကပ်နေသောအခါ မိုးကြိုးဌာန၏ ဂုဏ်သိက္ခာအကြောင်း သတိဝင်လာသည်။

"အန်းယောင်နဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"

ယွမ်ရှောင်က ရုတ်တရက် မေးလိုက်သောအခါ သူမ၏ ခံစားချက်များ ရောထွေးကာ အန်းယောင်၏ အသွင်နှင့် မိုးကြိုးဧကရာဇ်၏ မျှော်လင့်ချက်အကြား စိတ်တို့ လွန်ဆွဲကုန်သည်။

"မပြောချင်ဘူး။ အခု ငါ သိချင်တာက မိုးကြိုးဌာနအတွက် နင် တိုက်ခိုက်ပေးနိုင်မလား။ အနည်းဆုံး ထိပ်ဆုံး သုံးယောက် ဝင်ရမယ်။ ဒုတိယဆိုရင်တောင် ပြဿနာ မရှိဘူး"

"လက်ခံတယ်။ ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်"

နိုင်း၏ တောင်းဆိုချက်ကို သူက ချက်ချင်း သဘောတူခဲ့ပြီး လေးနက်စွာ စကားဆိုသည်။ ထိုအချိန်တွင် နိုင်းသည် မိုးကြိုးဧကရာဇ် သူမအပေါ် ထားသော မျှော်လင့်ချက်အကြောင်း သတိပြန်ရလာကာ မိုးကြိုးဌာန မျက်နှာမပျက်စေရန် အစွမ်းကုန် ကြိုးစားပေးချင်နေ၏။

"ငါ့မှာ ရုန်းပိုင်နက် တစ်ခုတည်း ရှိတယ်။ မင်းက ကောင်းကင်ရုံးတော်နဲ့ ရင်းနှီးတယ်ဆိုတော့ ရုန်းပိုင်နက် အရေအတွက် များလာအောင် နည်းလမ်းရှာပေး"

"နင် ရူးနေတာလား။ နားချိန်က တစ်နာရီတည်း ရတာလေ"

နိုင်းက မယုံကြည်ဟန်ဖြင့် အပြစ်တင်လိုက်သော်လည်း သူသည် ရာနှုန်းပြည့် ယုံကြည်ချက် ရှိနေသည်။

"ငါ့အတွက် တစ်နာရီဆိုတာ နင် တစ်နှစ်ကျင့်ကြံတာနဲ့ ညီမျှတယ်"

"ကောင်းပြီ။ မင်းသားခြောက်ရဲ့ ဆရာ ထိုက်စွေ့သူတော်စင်က ဒီနားမှာ အဆောင်နန်းတော်တစ်ခု ပိုင်ဆိုင်ထားတယ်။ ငါလည်း ခနခန ရောက်ဖူးပြီး အခု သူတို့နှစ်ယောက်လုံး ပွဲကြည့်စင်မှာ ရှိနေတာဆိုတော့ ခေါ်သွားပေးမယ်။ ယာယီ ငှားသုံးလို့တော့ ရမှာပါ"

သူမက ဒေါသထွက်သွားသော်လည်း မိုးကြိုးဌာန၏ ဂုဏ်သိက္ခာကြောင့် စိတ်လျှော့ကာ နောက်ဆုံးတွင် အသိပေးလာသည်။

"ငှားတယ် ဟုတ်လား။ နင် တော်တော် တုံးတာပဲ။ မင်းက အနာဂတ်မှာ အဆောင်နန်းတော်ရဲ့ သခင်မလေး ဖြစ်လာမှာ။ နင့်အပိုင် ဖြစ်ပြီးသား မဟုတ်ဘူးလား"

ယွမ်ရှောင်က ရုတ်တရက် ရယ်မော၍ စနောက်လိုက်လေသည်။

အပိုင်း ၆၂၆ - ရုန်းရေကန်

အရေးတကြီး အချိန်လုနေရသဖြင့် ယွမ်ရှောင်က နိုင်းကို မြန်မြန်သွားရန် တိုက်တွန်းခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော တောတောင်ရေမြေများကို ဖြတ်သန်းကာ တောင်ထိပ်များတွင် နန်းဆောင်များစွာ၏ သပ်ရပ်လှပသော စုလစ်မွန်းချွန်းများ မြင်ရသည်အထိ ရောက်လာခဲ့သည်။ သူတို့ စီးနင်းလာသော ရောင်စုံမိုးကြိုးတိမ်တိုက်များက ခမ်းနားကြီးကျယ်၍ ရိုးရှင်းလှပသော အဆောက်အအုံရှေ့တွင် ဆင်းသက်ခဲ့သည်။ ၎င်းက ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသော်လည်း နံရံတွင် စီထားသော အုတ်များတွင်ပင် ရုန်းသင်္ကေတများ ယှက်နွယ်နေကာ အလင်းရောင်များ တောက်ပ၍ ရုန်းပညာရပ်၏ သက်သေအဖြစ် နေရာတိုင်း ပြည့်နှက်နေ၏။

နန်းတော်ဝင်ပေါက်တွင် ကလေးတစ်ယောက် ရပ်နေပြီး နိုင်းအနေဖြင့် ခိုးကြောင်ခိုးဝှက် ခေါ်သွားလိမ့်မည်ဟု ယွမ်ရှောင် ထင်ထားသော်လည်း ပွင့်လင်းမြင်သာစွာ ခေါ်ဆောင်လာခဲ့၏။

"ဒီကလေးက ထိုက်စွေ့သူတော်စင် ဖန်တီးထားတဲ့ ကျန်းရှီလို့ ခေါ်တယ်။ သူက လူသားတွေလို အစစ်အမှန် အသိဉာဏ် မရှိဘူး။ ငါ ပြောလိုက်မယ်။ နင်က တိတ်တိတ်နေ"

သူမက ယွမ်ရှောင်ကို တိတ်တဆိတ် သတိပေးကာ အဖြူအနက် တာအိုဝတ်ရုံ ဆင်မြန်းထားသည့် ကျန်းရှီမှာ သွေးရောင် မရှိဘဲ ဖြူဖျော့နေသည်။ မျက်နှာအမူအရာ တောင့်တင်း၍ နဖူးအလည်တွင် အဝါရောင် အဆောင်စာရွက်တစ်ခု ကပ်ထားကာ လူသားမဆန်သော အရှိန်အဝါ ထွက်ပေါ်နေ၏။ ထိုကလေးက သက်မဲ့ရုပ်သေးပမာ ဖြစ်သော်လည်း ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားကြောင်း ယွမ်ရှောင် ခံစားလိုက်ရသည်။

"ကြိုဆိုပါတယ် သခင်မလေး"

ကျန်းရှီက နိုင်းကို မြင်သောအခါ အပြုံးတစ်ခုဖြင့် လေးလေးစားစား အရိုအသေပေးလိုက်သည်။

"မင်းသားခြောက်နဲ့ ထိုက်စွေ့သူတော်စင် ရှိလား"

သူမက မရှိကြောင်း သိသိရက်နှင့် တမင် မေးလိုက်ခြင်း ဖြစ်၏။

"မရှိပါဘူး"

"ရပါတယ်။ ငါက ပစ္စည်းတချို့ လာယူတာ"

သူမက လက်ကာပြ၍ အရေးမစိုက်ဟန်ဖြင့် ဖြတ်ကျော် ဝင်ရောက်သွားသောအခါ မတားဆီးခဲ့သော်လည်း ယွမ်ရှောင် အလှည့်ရောက်သောအခါ ၎င်း၏ အသက်မဲ့ မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွား၏။

"သူက ဘယ်သူလဲ"

"မိုးကြိုးဌာနက စီရင်သူတစ်ယောက်ပါ။ ငါ့လက်အောက်ကပဲ"

"မိုးကြိုးဌာနက စီရင်သူ၊ ကျေးဇူးပြုပြီး ကြွပါ"

သူမက ရှင်းပြလိုက်သောအခါ ၎င်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွမ်ရှောင်ကို အရိုအသေပေးကာ ဝင်ခွင့်ပြုလိုက်သည်။ သူက ခပ်တည်တည် မျက်နှာထားဖြင့် ဖြတ်သန်းဝင်ရောက်သွားသောအခါ တိတ်ဆိတ်ငြိမ်သက်၍ ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခု စောင့်ကြိုနေ၏။ ပိုင်ရှင်ဖြစ်သူ ထိုက်စွေ့သူတော်စင်မှာ အဆင့်အတန်းမြင့်မား၍ အသန့်ကြိုက်သူ ဖြစ်ကြောင်း သိနိုင်သည်။ အတွင်းပိုင်း နေရာတိုင်းတွင် ကျန်းရှီများ ရှိနေပြီး တာဝန်ကိုယ်စီဖြင့် အလုပ်များနေကြသော်လည်း နိုင်းကို မြင်သည်နှင့်တပြိုင်နက် တစ်ယောက်ချင်းစီ ကြိုဆိုခဲ့ကြသည်။

"ဒီကလေးတွေက နေ့တိုင်း အဆောင်တွေ အများကြီး ထုတ်လုပ်ပေးနိုင်တယ်ဆိုတော့ ထိုက်စွေ့သူတော်စင် လက်တစ်ချောင်းတောင် လှုပ်စရာမလိုဘဲ အမြတ်အစွန်း ကြီးကြီးမားမား ရနေတာပေါ့။ သူ့မှာ အမွေဆက်ခံမယ့် မျိုးဆက် မရှိဘူးဆိုတော့ နောက်ဆုံးကျရင် ဒါက ငါနဲ့ မင်းသားခြောက် အပိုင် ဖြစ်လာလိမ့်မယ်"

နိုင်းက ဤသို့ အသိပေးလိုက်သော်လည်း မင်းသားခြောက်အပေါ် ခံစားချက် ပြောင်းလဲစပြုနေသဖြင့် အနာဂတ်အတွက် စိုးရိမ်ပူပန်နေပုံရသည်။

"မိဘတွေ စီစဥ်ပေးတဲ့ အိမ်ထောင်ရေးက အဆင်မပြေတတ်ဘူး။ ယောကျ်ားတစ်ယောက်က ငါ့လိုမျိုး နည်းနည်း မောက်မောက်မာမာရှိပြီး အရိုင်းဆန်တတ်မှ ဆွဲဆောင်မှု ရှိလိမ့်မယ်ထင်တယ်"

ယွမ်ရှောင်က စနောက်လိုက်သောအခါ သူမသည် လက်မခံဘဲ ချက်ချင်း ချေပလိုက်၏။

"ဘာတွေပြောနေတာလဲ။ နင်နဲ့ငါက မဖြစ်နိုင်ဘူးနော်"

"အထင်မမှားနဲ့နော်။ ငါက လူကောင်းတစ်ယောက်ပါဟ"

"ဒီအကြောင်း ဆက်မပြောနဲ့တော့"

သူမ၏ စိတ်မှာ တခြားတစ်ယောက်ထံ ရောက်နေသော်လည်း ပို၍ပင် မဖြစ်နိုင်ကြောင်း အသိစိတ်က သတိပေးနေသဖြင့် ဆက်မပြောလိုတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။

"နင့်ကို မင်းသားခြောက်ရဲ့ အဆောင်ခန်းမကို ခေါ်သွားပေးမယ်။ သူ အသုံးပြုတဲ့ ရုန်းစုတ်တံ၊ ဝိညာဥ်မင်၊ အစီအရင်ကျမ်း အကုန်လုံး ရှိတယ်။ ဒါပေမယ့် ငါ့အထင်ပြောရရင် အချိန်တစ်နာရီလောက်နဲ့ ဘာမှ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ဘူး။ ရုန်းကျင့်စဥ်ဆိုတာလည်း နှစ်ပေါင်းများစွာ လေ့ကျင့်မှ ရလဒ်ထွက်ပေါ်လာတာမလား။ တစ်ရက်တည်းနဲ့ ကျွမ်းကျင်သွားနိုင်တာမျိုး မဟုတ်ဘူး"

ထိုအခိုက်တွင် သူမသည် မိုးကြိုးဌာန၏ ဂုဏ်သိက္ခာအတွက် ယွမ်ရှောင်ကို ထိုက်စွေ့အဆောင်နန်းတော်သို့ ခိုးဝှက်ခေါ်ဆောင်လာမိသော အကြောင်းအရင်းကို စဥ်းစားမရ ဖြစ်လာခဲ့သည်။

"လမ်းပြပါ"

အချိန်က အရေးကြီးနေသောကြောင့် ယွမ်ရှောင်သည်လည်း ထပ်မံ စနောက်မနေတော့ဘဲ တိုက်တွန်းလိုက်သည်။ သူတို့က အတွင်းပိုင်းသို့ ဝင်ရောက်လာသောအခါ ကျန်းရှီများစွာကို ဖြတ်ကျော်လာသော်လည်း အချင်းချင်း ဆက်သွယ်ထားပုံရသောကြောင့် ဟန့်တားခြင်း မရှိတော့ပေ။ ထို့နောက် လမ်းရှိ ကျောက်စိမ်းတံတားတစ်ခုအထက်တွင် သူက ရပ်တန့်လိုက်သောကြောင့် နိုင်းကို အံ့သြသွားစေသည်။ တံတားအောက်ရှိ အလင်းရောင် တောက်ပနေသည့် ရေကန်အတွင်း ရုန်းပေါင်းများစွာသည် ငါးများကဲ့သို့ ကူးခတ်သွားလာနေ၍ မရေမတွက်နိုင်လောက်အောင် များပြားကာ အချို့ဆိုလျှင် အစီအရင်ငယ်လေးများအဖြစ်ပင် စတင်ဖွဲ့စည်းနေကြသည်။

သူက ရုတ်တရက် စုံစမ်းမေးမြန်းလိုက်သောအခါ နိုင်းသည် အလေးမထားဟန်ဖြင့် ပေါ့ပေါ့ပါးပါး ဖြေပေးလိုက်သည်။

"ဒါက ဘာလဲ"

"ရုန်းရေကန်လေ။ ထိုက်စွေ့သူတော်စင် အသုံးမပြုတော့တဲ့ ရုန်းတွေကို စွန့်ပစ်တဲ့ နေရာပဲ။ အချိန်ကြာလာတော့ ရေထဲမှာ ရုန်းတွေ ပြည့်နှက်နေတဲ့ ရေကန်ကြီး ဖြစ်လာတာပဲ"

"ဘယ်လောက်တောင် ကြာပြီလဲ"

"နှစ်တစ်ထောင်လောက်ပေါ့။ ဒါပေမယ့် ဘာမှအသုံးမဝင်ပါဘူး။ အမြင်လှပေမယ့် စွန့်ပစ်အမှိုက်ပုံကြီးမလား။ နောက်ဆုံးတော့ ထိုက်စွေ့သူတော်စင်က ရှင်းပစ်တော့မယ်လို့လည်း ကြားတယ်"

"မလုပ်နဲ့။ ဒါက ရတနာသိုက်ကြီးပဲ။ အဆောင်ခန်းမကို မသွားတော့ဘူး။ တိုက်ပွဲ မစခင်အထိ ရေကန်ထဲမှာ နေမယ်။ ဒီနားက စောင့်နေပေး"

ယွမ်ရှောင်က အလေးအနက် ပြောလိုက်သောကြောင့် နိုင်းတစ်ယောက် ဆွံ့အသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ဆက်မေးရင်း သတိပေးနေသည်။

"နင် သေချာလား"

"သေချာတယ်"

"ကန်ရေကိုတော့ မသောက်မိစေနဲ့နော်"

"ဘာကြောင့်လဲ"

"ထိုက်စွေ့သူတော်စင်က ဒီရေကန်မှာ ခြေထောက်ဆေးတယ်လေ။ နှစ်ရာချီအောင် နေ့တိုင်း ဆေးနေတာဆိုတော့ အမလေး နံစော်နေမှာပဲ"

ရွံရှာစိတ်ကြောင့် ယွမ်ရှောင် မျက်နှာမဲ့သွားသည်ကို ကြည့်ရင်း သူမက တခစ်ခစ် ရယ်လိုက်မိ၏။ ထို့နောက် သူက စကားထပ်မပြောတော့ဘဲ ရေကန်အတွင်း ဒိုင်ဗင်ထိုးဆင်းကာ အလယ်သို့ ကူးခတ်လိုက်သည်။ အရောင်အသွေးစုံလင်သော ရုန်းများ လှုပ်ရှားလာကာ အနားသို့ ကပ်ပြီး တောက်ပသော ရေမျက်နှာပြင်အထက်တွင် ကျင့်ကြံနေသော ပုံရိပ်မှာ လောကတစ်ခွင် ပြိုင်ဘက်ကင်း ချောမောနေ၏။

"ချောလိုက်တာ"

နိုင်းက တီးတိုး ချီးကျူးနေခဲ့ပြီး စိတ်ထဲတွင် အန်းယောင်၊ မင်းသားခြောက်နှင့် ယွမ်ရှောင်တို့၏ မျက်နှာများ အလှည့်ကျ ထွက်ပေါ်လာသဖြင့် အန်းယောင်၏ ဝိညာဥ် ဖြားယောင်းမှုအတွင်း ခံစားချက်များ ရှုပ်ထွေးကုန်သည်။ သူမက တံတားလက်ရန်းကို မေးထောက်ရပ်နေပြီး ယွမ်ရှောင်ကို ငေးမောနေမိစဥ် ရေကန်အတွင်း၌ ကြယ်ပြာနှင့် စကားဝိုင်းတစ်ခု ဖြစ်ပေါ်လျက်ရှိသည်။

"မိန်းကလေးတစ်ယောက်ကို သိမ်းပိုက်ဖို့ ဝိညာဥ်ပညာရပ်ကို အသုံးချတယ်။ ဘာဂုဏ်သိက္ခာမှ မရှိဘူး။ အချစ်ဆိုတာ စစ်မှန်တဲ့ ခံစားချက်အရ အပြန်အလှန် ဖြစ်သင့်တယ်။ မိန်းကလေးတစ်ယောက်ကို ဦးနှောက်ဆေးပြီး ချစ်လာအောင် မလုပ်သင့်ဘူး"

သူမ၏ အခြေအနေကို အစောကတည်းက ရိပ်စားမိသော ယွမ်ရှောင်က အထင်သေးစွာ ကောက်ချက်ချလိုက်သည်။

"မင်းက မွေးရာပါ လူချောလေးဆိုတော့ မိန်းကလေးတွေက လက်ခံကြတယ်လေ။ သာမန်ရုပ်ရည်မျိုးနဲ့ ကောင်တွေကတော့ လှည့်ကွက်သုံးကြမှာပဲ"

"ဒါပေမယ့် ရွံစရာကောင်းတယ်ကွာ"

သို့ရာတွင် ၎င်းက မင်းသားခြောက် ဖြေရှင်းရမည့် ပြဿနာ ဖြစ်ပြီး သူ့အတွက်မူ ရေကန်အတွင်းရှိ ရုန်းများကို ဝါးမျိုရန်သာ အာရုံစိုက်ထား၏။ ၎င်းတို့က ချို့ယွင်းချက်ရှိ၍ စွန့်ပစ်ခံထားရသော်လည်း များပြားလှသော အရေအတွက်အပြင် ထောင်စောင့်နဂါးတံဆိပ်အတွက် ဝါးမျိုစားသောက်စရာ အာဟာရများပင် ဖြစ်သည်။ သူ၏ အသက်တံဆိပ်နှင့် ဓားဝိညာဉ်သည် ပျက်စီးယိုယွင်းနေသော အရာများထံမှ အနှစ်သာရကို ခွဲထုတ် ဝါးမျိုနိုင်စွမ်း ရှိပြီး ရုန်းများ ဖြစ်စေ၊ ဓားအော်ရာများ ဖြစ်စေ အရေးမဟုတ်ချေ။

"စမ်းကြည့်လိုက်ရအောင်"

ယွမ်ရှောင်က ရေကန်အတွင်း မတ်တပ်ရပ်ကာ ထောင်စောင့်နဂါး အသက်တံဆိပ်ကို ဆင့်ခေါ်လိုက်သောအခါ ခေါင်းကိုးလုံး ခရမ်းရောင် ဟိုက်ဒရာနဂါး အသွင်ပြောင်းသွားပြီး နဂါးမျက်ဝန်းကိုးစုံသည် ရုန်းရေကန်ကြီးထံ သိုးအုပ်အတွင်း ရောက်နေသော ကျားပမာ စားမတတ်ဝါးမတတ် စိုက်ကြည့်နေခဲ့လေသည်။

All Chapters