အခန်း (၆၂၇-၆၂၈)
Vol. 47 Ch. 627-628
အပိုင်း ၆၂၇ - ရုန်းနှလုံးသား
"မင်းတို့အတွက် အမှိုက်ဖြစ်နေလို့ စွန့်ပစ်လိုက်ပေမယ့် ငါ့အတွက်တော့ ရွှေပဲ"
ခရမ်းရောင် ခေါင်းကိုးလုံး နဂါးကြီးက ပါးစပ်များဟကာ ပတ်ပတ်လည်တွင် ဝဲဂယက် ဖြစ်သည်အထိ ရုန်းများကို ဝါးမျိုနေသည်ကို ယွမ်ရှောင်သည် အပြုံးဖြင့် စောင့်ကြည့်နေသည်။ ရုန်းများမှာ မျိုချခံလိုက်ရသည်နှင့်တပြိုင်နက် နဂါးကိုယ်ထည်နှင့် ပေါင်းစပ်သွားကာ အကြေးခွံတစ်ခုချင်းစီ အထက်တွင် အစီအရင်ငယ်များ အသီးသီး ဖြစ်တည်လာ၏။ ရုန်းများ၏ အသုံးဝင်ပုံက အကန့်အသတ် မရှိသောကြောင့် လက်ရှိတွင် ဓားဝိညာဥ်၏ တိုက်ခိုက်နိုင်စွမ်းထက် မြင့်တက်လာတော့မည် ဖြစ်သည်။ နဂါးကြီးက ဝေါင်းခနဲ ဟိန်းဟောက်၍ ရုန်းတိုင်းမှ အညစ်အကြေး ကိုးဆယ်ရာခိုင်နှုန်းကို စွန့်ထုတ်လိုက်သော်လည်း ကျန် တစ်ဆယ်ရာခိုင်နှုန်းသည် မရေမတွက်နိုင်လောက်အောင် များပြားသော ပမာဏကြောင့် စုဆောင်းရန် ထိုက်တန်ခဲ့၏။
"ဘုန်း"
မကြာခင်မှာပင် ကန်ရေပြင်အထက်တွင် ရောင်စုံ ဝဲဂယက် မြင့်တက်လာသောကြောင့် ပန်းတစ်ပွင့်ပမာ လှပနေသောအခါ ကျန်းရှီများ၏ အာရုံကို ဆွဲဆောင်သွားသည်။
"လှလိုက်တာ"
"ဟုတ်ပါ့"
"အဆောင် ဆက်လုပ်ရအောင်"
သူတို့က မှတ်ချက်ပေးရုံသာ ဖြစ်ပြီး ဝင်ရောက်စွက်ဖက်မနေဘဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေသဖြင့် ယွမ်ရှောင်ကို စိတ်အေးသွားစေ၏။ ရုန်းအရေအတွက် အဆမတန် များပြားလာပြီး ပိုင်နက် တစ်ခု ဖြစ်ပေါ်ရန် ပြည့်သွားသောအခါ ရုန်းဖိနှိပ်တံခါး လိုအပ်မည်ကို သူ စိုးရိမ်နေသော်လည်း ပြဿနာ မရှိခဲ့ပေ။ မူလ ဖြစ်တည်ပြီးသား ရုန်းပိုင်နက်၏ ဖိနှိပ်မှုကြောင့် ၎င်းတို့က နောက်ထပ်ပိုင်နက်အသစ် တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားကာ အောင်မြင်သွားခဲ့သည်။ ဤနှုန်းအရဆိုလျှင် အချိန်မပြည့်ခင် ရုန်းပိုင်နက်များ ဖြစ်တည်လာရန် မခက်ခဲလှပေ။
"ရုန်းရေကန်ထဲက ရုန်းတွေ အသုံးမဝင်ဘူးဆိုရင်တောင် ပိုင်ရှင်က မကျေမနပ် ဖြစ်နေဦးမှာပဲ။ မြန်မြန်လုပ်ရမယ်။ တစ်ခေါက်တည်းနဲ့ ဒီရေကန်ကို အပြတ်ရှင်းလိုက်ကြတာပေါ့"
ယွမ်ရှောင်၏ ရဲတင်းသော သဘောထားကြောင့် ကြယ်ပြာမှာ ခါးသက်သက် ရယ်မောနေခဲ့သည်။ ဤလူငယ်လေးသည် လောဘ၏ တွန်းအားပေးမှုကြောင့် ရဲရင့်နေကြောင်း သိနိုင်၏။
"သူက လူကောင်းတစ်ယောက်တော့ မဟုတ်ပေမယ့် လူယုတ်မာလည်း မဟုတ်ပြန်ဘူး"
ကြယ်ပြာသည် ရှေ့ဆောင်လမ်းပြ အဖြစ်သာ တာဝန်ရှိသောကြောင့် ဖန်ဆင်းရှင် အင်မော်တယ် လူဝင်စား၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်မနေဘဲ စိတ်ထဲမှသာ မှတ်ချက်ပြုလိုက်သည်။
"ရေကန်က တဖြည်းဖြည်း ကြည်လင်လာသလိုပဲ။ ဒီကောင် ခြေဆေးရေတွေကို သောက်နေတာတော့ မဟုတ်လောက်ပါဘူး။ ထားလိုက်ပါ။ အချိန်တန်လို့မှ ထွက်မလာရင် ဂုတ်က ဆွဲထုတ်ပစ်လိုက်မယ်"
ရုန်းရေကန်၏ အပြောင်းအလဲများကို သတိပြုမိလိုက်သော်လည်း ထိုက်စွေ့သူတော်စင် ခြေထောက်ဆေးနေသော မြင်ကွင်းကို အမှတ်ရလိုက်သဖြင့် နိုင်းက ရေကန်အတွင်းသို့ ဆင်းမကြည့်ခဲ့ပေ။ ထို့နောက် သူမက တံတားအထက်ရှိ အမိုးတပ် အဆောင်ငယ်တစ်ခုအတွင်း ကျင့်ကြံရန် တင်ပျဥ်ခွေထိုင်လိုက်ပြီး ဆက်လက် စူးစမ်းမနေခဲ့ချေ။
အချိန်တစ်ခုအကြာတွင် ထိုက်စွေ့အဆောင်နန်းတော်သို့ လူသုံးယောက် ကောင်းကင်အထက်မှ ဆင်းသက်လာခဲ့၏။ ဦးဆောင်လာသူမှာ အသက်ကြီးကြီး အင်မော်တယ် တစ်ယောက်ဖြစ်ကာ ဆံပင်ရော မုတ်ဆိတ်ပါ ဆွတ်ဆွတ်ဖြူ၍ ခါးကိုင်းနေပြီ ဖြစ်သည်။ သူက နတ်ကြိုးကြာတစ်ကောင်ကို စီးနင်းကာ မျက်နှာထား ရွှင်လန်းပြီး လွတ်လွတ်လပ်လပ် နေတတ်သော သဘာဝကို ဖော်ပြနေကာ နန်းတော်သခင် ထိုက်စွေ့သူတော်စင် ဖြစ်သည်။ ကျန်နှစ်ယောက်အနက် တစ်ယောက်က အမြဲတမ်း ရင်းနှီးရလွယ်ကူသော မျက်နှာထားဖြင့် ပြုံးပြုံးရွှင်ရွှင် ရှိနေသည့် ကျောက်ယွမ်ပေါင် ဖြစ်ပြီး နောက်ထပ်တစ်ယောက်မှာလည်း သာမန်လူ မဟုတ်ချေ။ သူက ရွှေရောင်ရင့်ရင့် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ကာ လမ်းလျှောက်လာတိုင်း နဂါးနှင့် ကျားကဲ့သို့ အားမာန်ပြင်းပြင်း အရှိန်အဝါ ထွက်ပေါ်နေသကဲ့သို့ အမိန့်ပေးနိုင်စွမ်း မြင့်ပုံရသည်။ ခေါင်းအထက်တွင် နဂါးနှင့် ကျား ရစ်ပတ်ထားသော သရဖူတစ်ခု ဆောင်းထားသောကြောင့် တော်ဝင်ဘဏ္ဍာထိန်း နဂါးကျားအရှင်ဟု လူသိများသော ကျောက်ရွှမ်တန် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။
"မင်းကြီးကျောက် ကြွပါ"
ထိုက်စွေ့သူတော်စင်က ကြိုးကြာအထက်မှ ဆင်း၍ ဖိတ်ခေါ်လိုက်သောအခါ ကျောက်ယွမ်ပေါင်၏ ဖခင်၊ နဂါးကျားအရှင်သည် ယဥ်ယဥ်ကျေးကျေး တုံ့ပြန်လိုက်သည်။
"ခင်ဗျားက အားနာလွန်းနေပါပြီ။ ပြိုင်ပွဲ နောက်တစ်ဆင့် ရောက်တော့မှာဆိုတော့ သားအတွက် ရုန်းနှလုံးသားတစ်ခု တောင်းဆိုဖို့ အကူအညီတောင်းချင်ခဲ့တယ်။ ခင်ဗျားရဲ့ ရက်ရောမှုက ကျုပ်ကိုတောင် ရှက်ရွံ့သွားစေပါပြီ"
"မင်းက ကောင်းကင်ရုံးတော်အတွက် မမောမပန်း စီမံခန့်ခွဲနေတာလေ။ ငါတို့လို အိုကြီးအိုမတွေက ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘာမှ အားနာမနေနဲ့။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ"
သုံးယောက်သားက အချင်းချင်း ရိုသေလေးစားစွာ ဆက်ဆံရင်း အဆောင်နန်းတော်အတွင်း ဝင်ရောက်လာကာ ရုန်းရေကန်ထံ တည့်တည့်ကြီး ဦးတည်နေကြသည်။
"ရုန်းနှလုံးသားကို ဒီရေကန်ထဲမှာ ဖွက်ထားတယ်။ နေ့ရောညပါ ကျုပ် ရင်းနှီးထားတာဆိုတော့ အခုဆို အစွမ်းထက်လောက်ပါပြီ"
"ခင်ဗျားရဲ့ အရည်အချင်းကို ကျုပ် လေးစားမိပါတယ်"
ကျောက်ယွမ်ပေါင်ကမူ အကြီးအကဲနှစ်ယောက် အနောက်မှ လိုက်လာရင်း စိတ်မရှည်လက်မရှည် ဖြစ်လာသည်။ သူသာ ၎င်းကို ပေါင်းစပ်လိုက်လျှင် အသက်တံဆိပ်နှင့် ရုန်းပိုင်နက် ၁၂ခု ချိတ်ဆက်ကာ အချိန်တိုအတွင်း တိုက်ခိုက်ရေးစွမ်းအား သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
ရုန်းရေကန်အတွင်း၌မူ ရေများ ကြည်လင်သွားကာ အချိန် မကျန်တော့သဖြင့် ယွမ်ရှောင်၏ မျက်လုံးများ ပွင့်လာကာ ရေပြင်အထက် ပေါလောမျောနေသော ခရမ်းရောင် အသက်တံဆိပ်ထံ ကြည့်လိုက်သောအခါ အပြုံးတစ်ချက် ဖြစ်ပေါ်လာသည်။
"အချိန်သိပ်မကျန်တော့ပေမယ့် ကံကောင်းတာက ငါ့အသက်တံဆိပ် အစွမ်းထက်လွန်းနေတာပဲ။ ရုန်းရေကန်တစ်ခုလုံး သန့်စင်သွားပြီ"
၎င်းအထက်တွင် ရုန်းပိုင်နက် ၂၂ခု ဖွဲ့စည်းနေကာ တစ်ခုချင်းစီသည် ကမ္ဘာငယ်လေးများအလား လှည့်ပတ်၍ ပိုမို ကြီးကျယ်ခမ်းနားလာစေသည်။ ရုန်းပိုင်နက် တစ်ခုမှ နှစ်ဆယ်ကျော်အထိ အချိန်တိုအတွင်း တိုးတက်လာသည်က အံ့မခန်း စွမ်းဆောင်ရည် ဖြစ်ရာ ဤမျှ အရေအတွက်များများ ရိတ်သိမ်းနိုင်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားချေ။
"ဒါက ဘာလဲ"
ငါးများပမာ ကူးခတ်နေသော ရုန်းများ အားလုံးနီးပါး သန့်စင်ခံလိုက်ရသောအခါ ရေထဲတွင် ပုလဲသဏ္ဍာန် ကျောက်စိမ်းဖြူ အလင်းလုံးတစ်ခု ရုတ်တရက် ပေါ်လာကာ လူတစ်ယောက်၏ နှလုံးသားပမာ တဒုတ်ဒုတ် ခုန်နေ၏။
"ရုန်းနှလုံးသားလေ။ ဒါကို သုံးလိုက်ရင် ရုန်းပိုင်နက်တွေနဲ့ အသက်တံဆိပ်ကြားမှာ အပြစ်နာဆာ ကင်းတဲ့ နှောင်ကြိုးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ ဒါကလည်း အသက်တံဆိပ် စွမ်းအားကြီးမားဖို့ အသုံးဝင်တယ်"
ကြယ်ပြာက ဤသို့ ရှင်းပြလိုက်သောအခါ သူသည်လည်း တွန့်ဆုတ်တုံ့ဆိုင်းမနေဘဲ ရုန်းနှလုံးသားကို လက်လှမ်းယူပြီး အသက်တံဆိပ်နှင့် ပေါင်းစပ်စေသည်။ ၎င်းမှ ကြိုးသဏ္ဍာန် စွမ်းအင် စီးကြောင်းများ ဖြာထွက်ကာ အသက်တံဆိပ်နှင့် ရုန်းပိုင်နက် တစ်ခုချင်းစီကို တစ်သားတည်း ချိတ်ဆက်သွားစေသဖြင့် ဓားပိုင်နက် လေးခုသာ ရှိနေသော ဓားဝိညာဥ်ထက် တိုက်ခိုက်နိုင်စွမ်း သေချာပေါက် မြင့်မားသွားပေလိမ့်မည်။
"ပြီးပြီ။ လစ်ကြစို့"
ထိုအခိုက်အတန့်တွင် ထိုက်စွေ့သူတော်စင်၊ ကျောက်ရွှမ်တန်နှင့် ကျောက်ယွမ်ပေါင်တို့ ထွက်ပေါ်လာကာ ရုန်းရေကန်အထက်ရှိ တံတားပေါ်တွင် ကျင့်ကြံနေသော နိုင်းထံ အကြည့်ရောက်သွားသည်။
"နိုင်းအာ၊ ဒီကို ဘာကိစ္စရှိလို့လဲ။ မင်းသားခြောက်က ပွဲကြည့်စင်မှာ ရှိနေတုန်းမလား"
ထိုက်စွေ့သူတော်စင်က နှုတ်ဆက်လိုက်သောအခါ သူမကို ထိတ်လန့်သွားစေပြီး သူခိုးလူမိသကဲ့သို့ အကြောင်းပြချက် ပေးလိုက်မိသည်။
"ကျွန်မ ရှုံးပွဲကြောင့် စိတ်တွေ နောက်ကျိနေလို့ အေးအေးချမ်းချမ်း ကျင့်ကြံဖို့ လာခဲ့တာပါ"
"ကိစ္စမရှိဘူး။ ရေကန်ထဲမှာ တစ်ယောက်ယောက် ရှိနေတာလား"
တစ်ဖက်လူက လက်ညှိုးထိုးပြ၍ မေးခွန်းထုတ်လိုက်သောအခါ နိုင်းသည်လည်း အမှန်အတိုင်း ပြောရုံမှတစ်ပါး မရှိသဖြင့် ဝန်ခံလိုက်ရ၏။ သူမ၏ အမြင်တွင် ယွမ်ရှောင်သည် ရေကန်အတွင်း စိမ်နေရုံသာ ဖြစ်၍ အဖိုးထိုက်ရတနာများ ရှိသော နေရာလည်း မဟုတ်သောကြောင့် ပြဿနာ မကြီးဟု သတ်မှတ်ထားသည်။
"လုယောင်ပါ။ သူက ခြေချော်ပြီး ရေကန်ထဲ ပြုတ်ကျသွားလို့ ကျွန်မ အခုပဲ ဆွဲထုတ်တော့မလို့ပါ"
သို့ရာတွင် သူမက တံတားအောက်သို့ ငုံ့ကြည့်၍ အော်ခေါ်မည်အပြုတွင် ယခင်က ရောင်စုံ တောက်ပနေခဲ့သော ကန်ရေပြင်တစ်ခုလုံး ကြည်လင်နေသဖြင့် မင်သက်သွားသည်။ ယွမ်ရှောင်သည်လည်း အချိန်ကိုက် ရေပြင်အထက် တက်လာသည်နှင့် ကြုံသောအခါ ထိုက်စွေ့သူတော်စင်နှင့် နဂါးကျားအရှင်တို့၏ မျက်နှာထားများ ပြောင်းလဲကုန်သည်။
"ရုန်းနှလုံးသား အခိုးခံလိုက်ရပြီလား"
ကျောက်ယွမ်ပေါင်က သံသယဝင်လာကာ စိုးရိမ်တကြီး အော်ဟစ် သတိပေးလိုက်သောအခါတွင်မှ နိုင်းတစ်ယောက် တောင့်တင်းအေးစက်သွားလေသည်။
အပိုင်း ၆၂၈ - တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် အောင်းလို့မရ
"ရပ်လိုက်စမ်း။ သူခိုးကောင်"
ယွမ်ရှောင် ကမ်းပေါ်တက်ရန် ပြင်နေစဥ် ရေပြင်တစ်ခုလုံး လှုပ်ခတ်သွားလောက်အောင် အသံနက်ကြီးဖြင့် အော်ဟစ်ခံလိုက်ရသော်လည်း တုန်လှုပ်မသွားပေ။ သူက ရေကန်အတွင်းမှ ခပ်တည်တည်ဖြင့် ခုန်ထွက်ကာ နိုင်းအနားသို့ ပြန်လည်ရောက်ရှိသွားပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူများ ရောက်နေကြောင်း နားလည်သွားသည်။ မိဖုရားကျောက်၏ မောင်တော် နဂါးကျားအရှင်က အဆင့်တစ် အရာရှိ ဖြစ်ကာ ကောင်းကင်ရုံးတော်၏ အရင်းအမြစ်များကို ကိုင်တွယ်အုပ်ချုပ်ရသဖြင့် မြင်ရုံနှင့် အရှိန်အဝါကြီးမားကြောင်း သိနိုင်၏။ မင်းသားများ၏ ဆရာအဖြစ် တာဝန်ထမ်းဆောင်၍ လူလေးစားခံရသော ထိုက်စွေ့သူတော်စင်က ပညာရှိတစ်ယောက်၏ ဟန်ပန်အပြည့်အဝ ရှိနေသည်။ သို့ရာတွင် သူက ကြည်လင်သွားသော ရုန်းရေကန်ကို မြင်လိုက်သည်နှင့်တပြိုင်နက် ဒေါသကြောင့် နှုတ်ခမ်းမွေးများပင် အထက်သို့ ထောင်တက်ကုန်သည်။
"ရုန်းနှလုံးသား ဘယ်မှာလဲ။ ထုတ်ပေးစမ်း"
သူက ယွမ်ရှောင် စုပ်ယူလိုက်သော ရုန်းများကို ဂရုမစိုက်ဘဲ ရုန်းနှလုံးသားတစ်ခုတည်းကိုသာ နှမြောနေခြင်း ဖြစ်ပုံရ၏။
"ရုန်းနှလုံးသားကို ကျွန်မတို့ မတွေ့ပါဘူး"
နိုင်းသည် ယွမ်ရှောင်ဘက်မှ ကာကွယ်ပြောဆိုလိုက်သော်လည်း သူကမူ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
"ရေကန်မှာ ရုန်းနှလုံးသားတစ်ခု တွေ့ခဲ့ပါတယ်။ ကံဆိုးတာက အဲ့တာဟာ ကျုပ်ရဲ့ အသက်တံဆိပ်ထဲကို အလိုလို ဝင်သွားတာပဲ"
ထိုစကားကို ကြားသောအခါ ထိုက်စွေ့သူတော်စင်က ဒေါသတကြီးဖြစ်ကာ ကိုယ်တိုင်ဆုံးမရန် အင်္ကျီလက်များပင် ခေါက်တင်နေ၏။
"ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး။ ဒါက နားလည်မှုလွဲနေတာပါ"
"ဘာမှ နားလည်မှု လွဲနေတာ မဟုတ်ဘူး။ သူက ရုန်းနှလုံးသားကို ခိုးသွားတယ်။ မင်းလည်း အပြစ်မကင်းဘူး"
နိုင်းက ဝင်ရောက်တောင်းပန်ချင်သော်လည်း တစ်ဖက်လူ၏ သဘောထားမှာ တင်းမာလျက်ရှိပြီး မင်းသားခြောက်၏ သတို့သမီးလောင်း ဖြစ်နေမလျှင် စက်ကွင်းလွတ်မည် မဟုတ်ချေ။
"ကျုပ်က ရုန်းနှလုံးသားကို ယူဖို့ မရည်ရွယ်ပါဘူး။ တကယ်ကို စိုးရွံ့မိပါတယ်။ အခု ပေါင်းစပ်သွားပြီဆိုတော့ အင်မော်တယ်ပြိုင်ပွဲပြီးရင် အမှားကို ပြုပြင်ဖို့ ပြန်လည်ပေးဆပ်ပါမယ်"
"ဟုတ်ပါတယ်။ သူက တကယ် ပြန်ပေးဆပ်ပါလိမ့်မယ်။ ပြီးတော့ အရှင့်ရဲ့ ရုန်းရေကန်ကိုလည်း သန့်စင်ပေးလိုက်သေးတယ်။ အခု အရမ်းကြည်လင်နေပြီ၊ ကြည့်ပါဦး"
"မရဘူး"
ယွမ်ရှောင်က ရုန်းနှလုံးသားတစ်ခု ပြန်ဆပ်နိုင်သည်ဖြစ်စေ၊ မဆပ်နိုင်သည်ဖြစ်စေ အဓိကပြဿနာသည် ထိုက်စွေ့သူတော်စင်သည် ကျောက်ယွမ်ပေါင်ကို ပေးမည်ဟု ကတိပြုပြီးသား ဖြစ်နေ၏။ သူက ကျောက်ယွမ်ပေါင်နှင့် နဂါးကျားအရှင်ထံ လှမ်းကြည့်ပြီး ကတိဖျက်လိုက်လျှင် မျက်နှာဖြတ်ရိုက်ကာ အရှက်ခွဲသည်နှင့် မခြားပေ။ သို့သော် ဤကိစ္စတွင် ဒေါသအထွက်ဆုံး ဖြစ်နေရမည့် ကျောက်ယွမ်ပေါင်က ရုတ်တရက် ပြုံးပြီး စကားစလာခဲ့သည်။
"ဒီလိုဆိုရင် ကျုပ်က ရုန်းနှလုံးသားနဲ့ ရေစက်မပါဘူးလို့ ထားလိုက်ပါ။ လုယောင်နဲ့ မတော်တဆ ပေါင်းစပ်သွားပြီဆိုတော့ ကံကြမ္မာအရပါပဲ။ အပြစ်မတင်ကြပါနဲ့"
နဂါးကျားအရှင်အား မည်သို့ ရှင်းပြရမည်ကို စဥ်းစားရခက်နေသော ထိုက်စွေ့သူတော်စင်ပင် အံ့သြမင်သက်သွားကာ တစ်ဖက်လူ၏ သဘောထားကြီးပုံကို မျှော်လင့်မထားချေ။
"အရှင်ကျောက်"
"ကံတရားဆိုတာက အခွင့်အရေးကို ဖန်တီးပေးတတ်တယ်။ အတင်းအကြပ်လုပ်လို့ မရဘူးဆိုတော့ ထားလိုက်ပါ"
နဂါးကျားအရှင်က ဤသို့ ပြောလိုက်သဖြင့် သူ စိတ်အေးသွားကာ နိုင်းနှင့် လုယောင်ကို ငေါက်ငမ်းလိုက်၏။
"မင်းတို့က သူ့ကို ကျေးဇူးမတင်တော့ဘူးလား"
ပြဿနာ ရှင်းရခက်မည်ကို စိုးရိမ်နေသော နိုင်းက အံ့သြနေစဥ် ယွမ်ရှောင်သည် လေးနက်စွာ ဦးညွှတ်၍ ပြောလိုက်သောအခါ ကျောက်ယွမ်ပေါင်မှာ အပြုံးနှင့်သာ ပြန်လည်တုံ့ပြန်ခဲ့သည်။
"အစ်ကိုကျောက်၊ သဘောထားကြီးပေးလို့ ကျေးဇူးတင်ပါတယ်"
"အင်မော်တယ်လမ်းစဥ်က ကျယ်ပြန့်ပြီး ကောင်းကင်အောက်မှာ အားလုံးက သူငယ်ချင်းတွေပါပဲ။ အခွင့်အရေးသာရမယ်ဆိုရင် အစ်ကိုလုနဲ့ ပညာဖလှယ်ချင်မိပါတယ်"
မိဖုရားကျောက်၏ မက်မွန်ပွဲတော်တွင် ယွမ်ရှောင်ကို ကျောက်ယွမ်ပေါင်က လျစ်လျူရှုထားသော်လည်း ကျန်းချီကို အနိုင်ရပြီးနောက် အမြင်ပြောင်းလဲသွားပုံပေါ်သည်။
"ကဲ ကဲ နောက်တစ်ချီ စတင်တော့မယ်။ မြန်မြန် ပြန်ကြစို့။ အချိန်လင့်နေပြီ"
"ဟုတ်ကဲ့။ သူ့ကို အခု ပြန်ခေါ်သွားလိုက်ပါမယ်"
နဂါးကျားအရှင်က ခွင့်ပြုချက်ပေးလိုက်သောအခါ ယွမ်ရှောင် အရေခွံဆုတ်ခံရမည်ကို စိုးရိမ်နေသော နိုင်းက အလောတကြီး ဆွဲခေါ်၍ ချက်ချင်း ထွက်ခွာလာခဲ့သည်။
"ငါ နောက်ထပ် ရုန်းနှလုံးသားနှစ်ခုကို ပျိုးထောင်ပြီး ကိုယ်တိုင် လာပို့ပေးပါမယ်။ မငြင်းပါနဲ့။ ကတိဖျက်မိလို့ ငါ တတ်နိုင်တာ လုပ်ပေးပါရစေ"
ထိုက်စွေ့သူတော်စင်က နောက်တစ်ကြိမ် အာမခံလိုက်သောအခါ ကျောက်သားအဖသည် ရိုရိုသေသေ နှုတ်ဆက်ပြီး တိုက်ခိုက်ရေးစင်မြင့်ထံ ပြန်သွားကြသဖြင့် တစ်ကိုယ်တော် ကျန်ရစ်ခဲ့၏။ ထိုအချိန်တွင်မှ ရုန်းရေကန်အတွင်းရှိ ချို့ယွင်းပျက်စီးနေသည့် ရုန်းများကို ယွမ်ရှောင် မည်သို့ သန့်စင်နိုင်ခဲ့သော အကြောင်းအရင်းအား သူ တွေးမိကာ ဇဝေဇဝါ ဖြစ်သွားသည်။ သူကိုယ်တိုင်အတွက်ပင် နှစ်ပေါင်းထောင်ချီ စွန့်ပစ်လာသော ရုန်းများကို သန့်စင်ပစ်ရန် မလွယ်ပေ။ ရုန်းနှလုံးသားတစ်ခုသည် တန်ဖိုးကြီးမားသော်လည်း အဆုံးအရှုံးမခံနိုင်လောက်အောင်ထိ မဟုတ်သောကြောင့် အစကတည်းက ရိုက်နှက်ဆုံးမရန်သာ ရည်ရွယ်ပြီး ရုန်းနှလုံးသားတစ်ခုအတွက် အင်မော်တယ်ပြိုင်ပွဲ၏ လူငယ်ပါရမီရှင်တစ်ယောက်ကို သူ သတ်မည် မဟုတ်ချေ။
"ဘာဖြစ်ဖြစ် အရှင်ကျောက်ကလည်း လုယောင်ကို စိတ်ဝင်စားနေပုံရတယ်။ ထားလိုက်ပါတော့။ ရေကန်က ဒီလောက်သန့်ရှင်းသွားပြီဆိုရင် ခြေထောက်မဆေးရမှာ နှမြောစရာပဲ ဟား ဟား"
ထို့နောက် သူက ရေကန်အစွန်းတွင် ဝတ်ရုံကို မကာ တဟားဟား ရယ်မောရင်း ခြေထောက်ဆေးရန် စတင်လိုက်လေသည်။
"မင်းက ရတနာတွေကို လွယ်လွယ်လေး လက်မလွှတ်တတ်ပါဘူး။ ဒါပေမယ့် ဒီနေ့ မင်း အရမ်း ရက်ရောပြီး ပြိုင်ဘက်တစ်ယောက်အတွက်တောင် ကူညီပြောဆိုပေးနေသေးတယ်"
တိုက်ခိုက်ရေးစင်မြင့်ထံ အပြန်လမ်းတွင် လက်နှစ်ဖက် နောက်ပစ်၍ ပျံသန်းလာသော နဂါးကျားအရှင်က စကားစလိုက်သောအခါ ကျောက်ယွမ်ပေါင်သည် ရိုသေစွာ ပြန်ဖြေခဲ့သည်။
"ရန်သူရဲ့ ရန်သူက မိတ်ဆွေပါပဲ။ လုယောင်က ထူးထူးခြားခြား သန်မာတယ်ဆိုတော့ အန်းယောင်အတွက် ခက်ခဲမှာပဲ"
"ဒါပေမယ့် သူက လုဖန်ရဲ့ သား ဖြစ်တယ်လို့ ကောလဟာလတွေ ထွက်နေတယ်မလား"
"သူက လုဖန်ရဲ့သား ဖြစ်နေရင်တောင် ကျွန်တော်က မိတ်ဆွေ ဖြစ်ချင်ပါတယ်"
"အကြောင်းပြချက်ကို ပြော"
ကျောက်ယွမ်ပေါင်သည် ပြတ်ပြတ်သားသား ဖြေလိုက်သောကြောင့် အရှင်ကျောက်ကို စိတ်ဝင်စားသွားစေသည်။
"စွန့်ပစ်ခံရပြီးမှ ရုတ်တရက် ပေါ်လာတဲ့ သားအရင်းနဲ့ သွေးသားအရင်းလို့ ပျိုးထောင်ခံထားရတဲ့ တပည့်တစ်ယောက်က သင့်မြတ်မှာ မဟုတ်ဘူး။ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းလို့မရပါဘူး။ ခြင်္သေ့အချင်းချင်း ကိုက်လို့ရှိရင် နှစ်ကောင်လုံး ဒဏ်ရာရင်ရ၊ သေရင်သေမှာပဲ"
"မင်းပြောတာ ယုတ္တိရှိပေမယ့် ခန့်မှန်းချက် သက်သက် ဖြစ်နေတယ်။ လုယောင်အကြောင်းကို မင်း ဘာမှ မသိတဲ့အပြင် နိုင်း ထောက်ခံပေးနေတာကလည်း သူ့ရဲ့ ဆန္ဒလား၊ မိုးကြိုးဧကရာဇ်ရဲ့ သဘောထားလားဆိုတာ မသေချာဘူး"
နဂါးကျားအရှင်က ဤသို့ မှတ်ချက်ပေးလိုက်သဖြင့် ကျောက်ယွမ်ပေါင် ဦးညွှတ်ကာ တောင်းဆိုလိုက်၏။
"ကျေးဇူးပြုပြီး သွန်သင်ပေးပါ အဖေ"
"ဒီကလေးက ပဟေဠိတစ်ခု ဖြစ်နေတော့ သေချာ မပြောတတ်ဘူး။ မိုးကြိုးဧကရာဇ်နဲ့ အရင် တိုင်ပင်လိုက်ဦးမယ်"
ထို့နောက် ကျောက်ရွှမ်တန်သည် ကျားသဏ္ဍာန် အဆောင်တစ်ခု ပစ်လွှတ်လိုက်သောအခါ ကောင်းကင်ရုံးတော်၏ တိမ်တိုက်များအတွင်း လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ယွမ်ရှောင်နှင့် နိုင်းသည် တိုက်ခိုက်ရေးစင်မြင့်ထံ ပြန်ရောက်လာကြပြီး နားချိန်အတွင်း အဆင့်မြင့် အရာရှိများက ထွက်မသွားကြဘဲ လက်ဖက်ရည်သောက်ရင်း အချင်းချင်း စကားစမြည် ပြောဆိုနေကြ၏။ ပထမအချီတွင် ပြုတ်သွားသော စီရင်သူရှစ်ယောက်က ဘေးဘက်သို့ ဆုတ်ခွာသွားကာ စင်မြင့်အား ကျန်ရှစ်ဦးအတွက် ချန်ထားပေးခဲ့ကြသည်။
"နင့်အတွက် ငါ လုပ်နိုင်သလောက် လုပ်ပေးပြီးပြီ။ အခု နင် အစွမ်းပြလိုက်တော့။ မိုးကြိုးဌာနက အရာရှိအားလုံး ကြည့်နေတယ်"
နိုင်းက စိတ်လေးစွာ သက်ပြင်းချ၍ ယွမ်ရှောင်ကို မှာကြားလိုက်၏။
"မိုင်ပေါင်းသောင်းချီ အဝေးကနေ ဘယ်လိုလုပ် မြင်နိုင်မှာလဲ"
"မိုးကြိုးမဟာအစီအရင်က အင်မော်တယ်ပြိုင်ပွဲကို ပြသပေးနိုင်တယ်။ အချိန်အနည်းငယ်လောက်တော့ နောက်ကျပေမယ့် သတင်းပို့အဆောင်ထက် မြန်တယ်"
"ဒါဆိုရင် မင်းရဲ့ အရှုံးကို မိုးကြိုးဌာနတစ်ခုလုံး သိသွားတာပေါ့။ ရှက်စရာကြီး ဟား ဟား"
ယွမ်ရှောင်က စနောက်လိုက်သောအခါ သူမ၏ မျက်ဝန်းလေးများ မီးဝင်းဝင်းတောက်ကုန်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ထိုအခိုက်အတန့်တွင် သူမ၏ အတွေးများက ဦးဆောင်သွားသဖြင့် တိုက်ပွဲစင်မြင့်တစ်ဖက်တွင် တစ်ကိုယ်တော် ရပ်နေသည့် အနက်ရောင်ဝတ် လူငယ်ထံ အကြည့်ရောက်သွားသည်။ ပတ်ဝန်းကျင်၌ အပေါင်းအသင်း မရှိဘဲ အထီးကျန်နေသော်လည်း ယုံကြည်မှု ရှိရှိ ရပ်နေသောကြောင့် သူမ၏ ရင်ခုန်သံများ ထူးထူးဆန်းဆန်း မြန်လာသော်လည်း ယွမ်ရှောင်ကြောင့် နှောင့်ယှက်ခံလိုက်ရ၏။
"ငါက သူ့ထက် ပိုချောတယ်မလား"
"ယောကျ်ားတစ်ယောက်ရဲ့ ရုပ်ရည်ထက် အကျင့်စရိုက်က ပိုကောင်းတယ်"
"တဏှာရူးရုပ်မျိုးနဲ့ ကောင်ရဲ့ အကျင့်စရိုက်က ငါ့ထက် ပိုကောင်းမယ်လို့ မျှော်လင့်နေတာလား"
ယွမ်ရှောင်က နိုင်း၏ စိတ်ကို စမ်းသပ်ရန် ကြိုးစားပြီးနောက် အနားရှိ ယွမ်အယ်ဘက်လှည့်ကာ မေးလိုက်ပြန်သည်။
"ငါနဲ့ အန်းယောင်၊ ဘယ်ကောင် ပိုချောလဲ"
"မင်း ပါချလိုက်တဲ့ ချီးကတောင် အဲ့ကောင်ထက် ပိုချောဦးမယ်"
ယွမ်အယ်၏ အဖြေကြောင့် နိုင်း၏ မျက်နှာထား ဆိုးဆိုးရွားရွား ပျက်ယွင်းသွားသဖြင့် အမှန်တကယ် ပြုစားခံထားရကြောင်း ရာနှုန်းပြည့် သေချာသွား၏။ နောက်တစ်ချီ စတင်ရန် နီးကပ်လာသောအခါ ယွမ်ယင် ရောက်ရှိလာပြီး မိုးကြိုးဌာန၏ ကိုယ်စားပြု ပြိုင်ပွဲဝင်နှစ်ယောက်အတွက် ပြိုင်ဘက်များအကြောင်း သတင်းပေးခဲ့သည်။ ပထမအချီတွင် မိုးကြိုးဧကရာဇ်၏ သမီးတော် ပြုတ်သွားသဖြင့် မိုးကြိုးဌာနအပေါ် ဖိအားက တစ်စတစ်စ ကြီးမားလာနေသည်။ အချိန်ကျသောအခါ မိဖုရားကျောက်သည် မက်မွန်သီး ရှစ်လုံးအနက် နှစ်လုံးကို ရွေးချယ်ပေးခဲ့ပြီး သက်တော်ရှည်အင်မော်တယ်က ရှည်ရှည်ဝေးဝေး မိတ်ဆက်ပေးမနေတော့ဘဲ အမည်ကိုသာ ကြေညာလိုက်၏။
"အန်းယောင််"
"ယွမ်အယ်"
"ဒီဇာတ်လိုက်က ဇာတ်သိမ်းခန်း တန်းရောက်သွားတာလား"
ယွမ်ဆိုသော မျိိုးရိုးအမည်ကြောင့် ယွမ်ရှောင်က မျက်ခုံးပင့်ပြီး ကိုယ့်အတွေးဖြင့်ကိုယ် တိုက်ပွဲဝင်ရန် ပြင်ဆင်နေသောအခါ နိုင်းက တားမြစ်လိုက်သည်။
"ဟဲ့ အင်မော်တယ်ပြိုင်ပွဲရဲ့ တိုက်ပွဲတွေကို ဝင်မရှုပ်နဲ့။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ထို့နောက် ယွမ်အယ်က တိုက်ခိုက်ရေးစင်မြင့်ထံ မျက်နှာထား လေးနက်စွာ တက်သွားသောအခါတွင်မှ သူ နားကြားမှားခဲ့ကြောင်းနှင့် လုယောင်အဖြစ် ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း ပြန်လည် သတိရသွား၏။
"ဒီအတိုင်းပါပဲ"
ယွမ်ရှောင်၏ စိတ်နှင့်ကိုယ် မကပ်သော အသွင်ကြောင့် မိုးကြိုးဌာန၏ ဂုဏ်သိက္ခာအတွက် နိုင်းမှာ ခေါင်းကိုက်နေရသည်။
"လုယောင်မှာ လက်ဆယ်ဖက် ရှိနေရင်တောင် အန်းယောင်ကို မယှဥ်နိုင်ပါဘူး"
သို့သော် သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ခုက တီးတိုးပြောဆိုနေသည့်အလား ကြားနေရပြီး အမှန်တရားအဖြစ် လက်ခံထားခဲ့သဖြင့် မိုးကြိုးဌာနကိုပင် မေ့လျော့သွားခဲ့လေသည်။