← Chapters

အခန်း (၆၂၉-၆၃၀)

Vol. 47 Ch. 629-630

အခန်း (၆၂၉-၆၃၀)

Vol. 47 Ch. 629-630

အပိုင်း ၆၂၉ - နေနှင့်လကို အမိန့်ပေး

တိုက်ပွဲစင်မြင့်အထက်၌ မျက်နှာချင်းဆိုင် ရပ်နေသူ နှစ်ယောက်အနက် အန်းယောင်က အေးဆေးတည်ငြိမ်သလောက် ယွမ်အယ်မှာမူ ဒေါသမျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"ဒီနေရာမှာ ငါ သေရမယ်ဆိုရင်တောင် မိုးကြိုးဌာန အရှက်မရစေရဘူး"

သူက ပြတ်ပြတ်သားသား ကြေညာ၍ အသက်တံဆိပ်တစ်ခု ဆင့်ခေါ်ကာ မိုးကြိုးလျှပ်စီးများနှင့် ပေါင်းစပ်လိုက်၏။ ၎င်းတွင် ရုန်းပိုင်နက် ရှစ်ခု ရှိပြီး အဆင့်လေး တမန်တစ်ယောက်များထက်ပင် သာလွန်နေသည်။

"ဒါဆိုရင်လည်း မင်းရဲ့ အသက်နဲ့ ပေးဆပ်လိုက်ပေါ့"

အန်းယောင်က တစ်ချက်ပြုံး၍ ညှင်သာစွာ ပြောလိုက်ပြီး လက်တစ်ချောင်း ဆန့်ထုတ်လိုက်သောအခါ ထိပ်ဖျား၌ ကြာပန်းနက် အငယ်လေးတစ်ခု ပွင့်လန်းရင်း လေထဲတွင် လျှပ်တပြက် ဖြတ်သန်းကာ အသက်တံဆိပ်ထံ အလစ်ဝင်တိုက်လိုက်သည်။ တိုက်ကွက်က ရိုးရှင်းပြီး အားစိုက်ထားပုံမရသော်လည်း ယွမ်အယ်သည် အားခနဲ အော်ဟစ်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသကဲ့သို့ အသက်တံဆိပ်မှာလည်း ပေါက်ကွဲသွား၏။

"အန်ယောင်၊ မင်း...မင်း"

သူ၏ အသံက အက်ကွဲလာစဥ် ဒွါရကိုးပေါက်မှ အနက်ရောင် သွေးများ စီးကျပြီး စင်မြင့်ပေါ်တွင် နောက်ပြန်လဲကျသွားသည်။ ထို့နောက် အသက်ရှူသံများ ချက်ချင်း ရပ်တန့်ကာ ပွဲချင်းပြီး သေဆုံးသွားသောကြောင့် အင်မော်တယ်ပြိုင်ပွဲအတွင်း ပထမဆုံး လူသေမှု ဖြစ်လာခဲ့၏။ ယွမ်ရှောင်သည် ကျန်းချီကို မသတ်ခဲ့သော်လည်း အန်းယောင်မှာမူ မဟာစစ်သူကြီးတစ်ယောက်၏ သားကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်လိုက်သည်။ ကျန်းချီ၏ ဖခင်က မြောက်ပိုင်းကြယ် ဓားနတ်ဆိုး ဖြစ်နေသောကြောင့် ယွမ်ရှောင် လက်ရှောင်ပေးခဲ့သော်လည်း စစ်ဧကရာဇ်၏ တပည့်မှာမူ လက်ရဲဇက်ရဲနိုင်လှပေ၏။

"သားလေး"

ယွမ်ယင်သည် ပွဲကြည့်စင်အထက် ကောင်းကင်မှ ချက်ချင်း ပြေးဆင်းလာကာ မျက်လုံးများ နီရဲပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အန်းယောင်ကို လှမ်းကြည့်နေသည်။

"မင်း အနိုင်ရနေပြီ။ လူသတ်စရာ လိုအပ်လို့လား"

သူ၏ အသံက မိုးချုန်းသံပမာ ကျယ်လောင်စွာ မြည်ဟီးသွားသော်လည်း တစ်ဖက်လူသည် မထီမဲ့မြင့် တုံ့ပြန်ခဲ့၏။

"လက်နက်တွေ တိုက်ကွက်တွေမှာ မျက်စိမပါဘူး။ အင်မော်တယ်ပြိုင်ပွဲမှာ လူမသတ်ရဘူးလို့ တားမြစ်ထားလို့လား။ တစ်ယောက်ယောက်က အားနည်းလို့ သေမယ်ဆိုရင် ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေလိုက်။ ကောင်းကင်ရုံးတော်ရဲ့ တိုက်ခိုက်ရေးစင်မြင့်မှာ အဆင့်နှစ် အရာရှိလေးတစ်ယောက်က ဟောင်ဖွာဟောင်ဖွာ လာလုပ်နေတယ်"

ထိုစကားကြောင့် ယွမ်ယင် စိတ်လွတ်သွားပြီး ချက်ချင်း သတ်ဖြတ်ရန် ပြင်လိုက်သော်လည်း မိတ်ဆွေများ ရောက်ရှိလာကာ ထိန်းချုပ်ဟန့်တားထားကြသည်။ အမှန်တကယ်တွင်လည်း သူက သည်းခံရန်မှတစ်ပါး ရွေးချယ်စရာ မရှိဘဲ နှစ်ပေါင်းများစွာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နေထိုင်လာသော်လည်း သားဖြစ်သူ အသတ်ခံလိုက်ရသောအခါတွင်မှ ချွင်းချက် ဖြစ်နေ၏။

"ကောင်းပြီ။ မင်းက အရှင်လုရဲ့ တပည့်ဆိုပြီး ထင်တိုင်းကြဲချင်တယ်ပေါ့"

သူက အေးစက်စက် ကြုံးဝါးကာ သားဖြစ်သူ၏ အလောင်းကို ပွေ့ချီလျက် ဆင်းသွားသောအခါ နှစ်ပေါင်းများစွာ အိုမင်းသွားသည့်အလား ခဏအတွင်း ပြောင်းလဲသွားသည်။

"မကျေနပ်လည်း သည်းခံနေလိုက်ပေါ့ကွာ။ လုံးဝ အသုံးမကျဘူး။ တစ်ယောက်မှ ငါ့ကို တိုက်ခိုက်နိုင်မယ် မထင်ဘူး"

အန်းယောင်က မိုးကြိုးဌာန၏ စီရင်သူများဘက် လှည့်ကြည့်ကာ မည်သည်မျှ ဂရုမစိုက်ဟန်ဖြင့် ရန်စနေခဲ့သည်။ ထို့နောက် သူက စင်မြင့်အထက်မှ ဆင်းသက်သွားကာ လမ်းတွင် နိုင်းကို ပြုံးပြလိုက်ပြီး မိုးကြိုးဌာန၏ ပါရမီရှင်အဖြစ် ရက်စက်သော်လည်း သူမအပေါ် သဘောထားကောင်းမွန်ကြောင်း ဆိုလို၏။ ထိုအခိုက်တွင် သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်ရည်များ ဝဲနေသော်လည်း အချစ်နှင့် အမုန်း ရောထွေးနေသော ခံစားချက်များ ဖြစ်ပေါ်လာသော အကြောင်းအရင်းအား စဥ်းစားမရပေ။ တစ်ဖက်တွင် မိုးကြိုးဌာန၏ ဂုဏ်သိက္ခာအတွက်၊ ကျန်တစ်ဖက်တွင်မူ အန်းယောင်က တစ်လောကလုံးတွင် အောင်ပွဲခံရန် မသိစိတ်က မျှော်လင့်နေမိသည်။ ထိုအတွေးကြောင့် သူမသည် သက်ပြင်းတစ်ချက်ချကာ မိုးကြိုးဌာနအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလိုက်ရသော ယွမ်အယ်အကြောင်းကိုမူ လုံးဝ လျစ်လျူရှုထားလိုက်မိလေသည်။

"မီးတောက်ထဲ တိုးဝင်နေတဲ့ ပိုးဖလံလေး။ နည်းနည်းလောက် ပြုစားခံလိုက်ရတာနဲ့ ဘာမှ မမြင်တော့ဘူးထင်တယ်"

ယွမ်ရှောင်က စိတ်ထဲမှ မှတ်ချက်ပေးကာ ခေါင်းယမ်းလိုက်သည်။ သူ့ကို ကူညီပေးနေခြင်းသည် နိုင်း၌ အသိစိတ်ကျန်ရစ်နေဆဲ ဖြစ်ကြောင်း သက်သေပြကာ မိုးကြိုးဌာန၏ ဂုဏ်သိက္ခာအတွက် နောက်ဆုံး ကောက်ရိုးတစ်မျှင်အဖြစ် ဆွဲထားလိုခဲ့၏။ အကယ်၍ သူ့ကိုပါ စွန့်ပစ်လိုက်လျှင် နိုင်းမှာ အန်းယောင်၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်သွားပြီဟု သိနိုင်သည်။ အင်မော်တယ်ပြိုင်ပွဲတွင် ယွမ်အယ် သေဆုံးသွားသည့်တိုင်အောင် အင်မော်တယ်များက အရေးမစိုက်ဘဲ ပြိုင်ပွဲကို ဆက်လက် ကျင်းပပြီး ဖခင်ဖြစ်သူ ယွမ်ယင်တစ်ယောက်တည်းသာ ဝမ်းနည်းပူဆွေးနေ၏။

အန်းယောင်သည် ရဲတင်းစွာ လျှောက်လှမ်း၍ နိုင်းနှင့် ယွမ်ရှောင်အနားသို့ ချဥ်းကပ်လာပြီး တစ်လုံးချင်း ချိုသာစွာ ခွင့်တောင်းလိုက်သည်။

"ငါ အစ်ကိုလုနဲ့ စကားနည်းနည်း ပြောချင်လို့ ဖယ်ပေးနိုင်မလား"

"ဟုတ်ကဲ့"

နိုင်းသည် အမိန့်နာခံသော ကြောင်ပေါက်လေးပမာ ပြုမူ၍ ချက်ချင်း ဘေးဖယ်ပေးလိုက်သည်။ စစ်ဧကရာဇ်လုဖန်၏ အချစ်ဆုံး တပည့်နှင့် သားအရင်းဟု ကောလဟာလထွက်နေသူ ထိပ်တိုက်တွေ့ဆုံသောအခါ အာရုံစိုက်မှုများ ကျရောက်လာသော်လည်း အများစုက မျက်လုံးထောင့်မှသာ မသိမသာ အကဲခတ်နေကြ၏။

"ခွေးသား၊ ငါ့အပေါ် ဝိညာဥ်ပညာရပ်တွေ သုံးချင်နေတာလား"

တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက် မရှိသယောင် ဟန်ဆောင်၍ သူတော်ကောင်းပမာ ပြုံးပြနေသောကြောင့် ယွမ်ရှောင် စိတ်ထဲတွင် မဆဲဘဲ မနေနိုင်တော့ချေ။ အကြောင်းအရင်းမှာ သူက ယောကျ်ားတစ်ယောက် ဖြစ်သောကြောင့် ယောက်ျားချင်း မြှူဆွယ် ဖြားယောင်းမည့် လုပ်ရပ်ကို ရွံရှာသောကြောင့် ဖြစ်၏။

"ပြန်တွေ့ရတာ ဝမ်းသာပါတယ်"

အန်းယောင်သည် ရုတ်တရက် ရှေ့တိုးလာကာ သူ၏ ပခုံးကို ဖက်၍ ဖက်လဲတကင်း ရင်းနှီးစွာ ပြောလိုက်သောကြောင့် စောင့်ကြည့်နေသူများ၏ အမြင်တွင် လုယောင်မှာလည်း စစ်ဧကရာဇ်၏ ဘက်တော်သားအဖြစ် ထင်သွားကြသည်။

"ဘာပြောစရာ ရှိလို့လဲ"

ယွမ်ရှောင်က ခံစားချက် ကင်းမဲ့သော မျက်နှာထားမျိုးဖြင့် စကားပြန်ပြောနေသည်။

"ဆရာက မင်းအကြောင်း ပြောတာ ကြားဖူးတယ်။ ဓားအင်မော်တယ်တစ်ယောက်ဆိုတာ ဒီလိုမျိုး ဖြစ်နေရမယ်"

"စစ်ဧကရာဇ်က ဘာကြောင့် ငါ့အကြောင်း ပြောရတာလဲ"

"မင်းကိုယ်တိုင် မေးကြည့်ရမယ့် ကိစ္စပဲ"

"ကောင်းပြီလေ။ အခွင့်အရေးရရင် မေးလိုက်ပါမယ်"

အန်းယောင်သည် ယွမ်ရှောင်၏ ပခုံးကို ဖက်ထားရင် ပိုမိုနီးကပ်လာသောအခါ အရပ်ပုနေသဖြင့် မြင်ရကြည့်ရ အဆင်မပြေသော်လည်း တီးတိုးပြောနေခဲ့သည်။

"ဆရာက မင်းကို မြင့်မြတ်နန်းဆောင်ရဲ့ အခန်းနံပတ် ၉၅မှာ စောင့်နေတယ်။ အချိန်မရွေး သွားတွေ့လို့ရတယ်"

"သေချာလား"

စစ်ဧကရာဇ်သည် လုယောင်ကို ချောင်ထိုးထားသည်ဟု ယွမ်ရှောင် ထင်ထားသော်လည်း သီးသန့်တွေ့ဆုံရန် မိုးကြိုးဌာနမှ ပြိုင်ပွဲဝင်များ တည်းခိုနေသော နန်းဆောင်သို့ပင် ရောက်နေမည်ဟု ထင်မထားပေ။

"ငါ လိမ်ပြောရင် ဆရာက အရှင်လတ်လတ် အရေခွံခွာလိမ့်မယ်"

"ကောင်းပြီ။ ဒီတစ်ကြိမ် တိုက်ပွဲပြီးရင် သွားတွေ့လိုက်မယ်"

ယွမ်ရှောင်က အတည်ပြုလိုက်သောအခါ အန်းယောင်မှာ ညစ်တီးညစ်ပတ် ဟာသမျိုးဖြင့် စနောက်နေပြန်သည်။

"အခန်းနံပတ် ၉၅နော်။ 69 မဟုတ်ဘူး"

(ဘာသာပြန်၏ မှတ်ချက်။ ။ အင်္ဂလိပ်ဂဏန်း 69သည် အိပ်ရာအထက်မှ ညစ်တီးညစ်ပတ် မြင်ကွင်းတစ်မျိုး ဖြစ်သည်)

"ငါက ယောကျ်ားချင်း ဒါမျိုးတွေ စိတ်မဝင်စားဘူး"

"မင်းရဲ့ပုံစံက မြင့်မြတ်ပေမယ့် လောကီရေးရာတွေကို သိနေမယ်လို့ မထင်ထားဘူး။ ဟန်ဆောင်ကောင်းပြီး စည်းကမ်းတင်းကြပ်တဲ့ ကောင်းကင်ရုံးတော်မှာ စိတ်တူကိုယ်တူ အပေါင်းအသင်းမျိုး ရှာတွေ့တာ ကံကောင်းပြီ"

ယွမ်ရှောင်၏ တုံ့ပြန်စကားကြောင့် အန်းယောင်က အံ့သြတကြီး ဖြစ်သွားပုံရပြီး အပြုံးဖြင့် ချီးကျူးသည်။

"စိတ်တူကိုယ်တူ ဟုတ်လား။ မင်းလက်ခံထားတဲ့ စံနှုန်းဆိုတာ ဘာလဲ"

တစ်ဖက်လူသည် သူ့ကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ကောင်းကင်သို့ ညွှန်ပြကာ မေးခွန်းပြန်ထုတ်သည်။

"ကောင်းကင်ကို မော့ကြည့်လိုက်။ မင်း ဘာမြင်လဲ"

"မြူခိုးတွေက ဖုံးကွယ်နေပြီး နယ်မြေဓာတ်လုံးအလွန်ကို ငါတို့ မမြင်နိုင်ဘူး"

"ဟုတ်တယ်။ တစ်ချိန်က ကြယ်တွေ တောက်ပခဲ့ဖူးပေမယ့် အင်မော်တယ်လမ်းစဥ် တိုးတက်လာတာနဲ့အမျှ မှေးမှိန်ကုန်ပြီ။ ကောင်းကင်မှာ ကြယ်တွေ ဘယ်အချိန် ပျောက်ကွယ်သွားမယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။ ကောင်းကင်ဘုံကို အတုအယောင်တွေက အုပ်စိုးနေကြတယ်။ လူမြင်ကွင်းမှာတော့ မြင့်မြတ်ပုံရပေမယ့် ကွယ်ရာမှာတော့ သွေးစုပ်ပြီး သတ်ဖြတ်ဝါးမျိုနေကြတာပဲ"

အန်းယောင်က ခါးသက်သက်ပြုံး၍ စကားကို အဆုံးသတ်လိုက်သောအခါ ယွမ်ရှောင်က လေးလေးနက်နက် စိုက်ကြည့်ပြီး မေးခွန်းပြန်ထုတ်သည်။

"မင်းပြောသလိုဆိုရင် ယောကျ်ားကောင်းတစ်ယောက်က ဘာလုပ်သင့်သလဲ"

"အင်မော်တယ်တွေကို သတ်ဖို့နဲ့ နတ်ဘုရားတွေကို ရှင်းပစ်ဖို့ ငါက နတ်ဆိုးတစ်ကောင်အဖြစ် ကျင့်ကြံတယ်။ ဓားဆွဲထုတ်ပြီး သွေးစီးကြောင်းတွေကြားမှာ ပျော်ပါးမယ်။ တရားမျှတမှု ဝန်ထုပ်က ငါ့ပခုံးပေါ်ကို ရောက်နေပြီး ကောင်းကင်ဘုံကို အသစ်ဖန်တီးဖို့ နေနဲ့လကို အမိန့်ပေးရဲတယ်"

အန်းယောင်က စိတ်ဓာတ်တက်ကြွလာဟန်ဖြင့် လေးနက်စွာ ပြုံးပြပြီး ကြေညာလိုက်သောအခါ ယွမ်ရှောင်သည် မျက်ခုံးတစ်ဖက် ပင့်လိုက်မိလေသည်။

အပိုင်း ၆၃၀ - ထာဝရ မိုးကြိုး စီရင်ချက်

အန်းယောင်၏ ကြွေးကြော်သံ အဆုံးတွင် တိုက်ပွဲစင်မြင့်အထက်တွင် ဝူချင်းသည် ပြိုင်ဘက်ကို အနိုင်ယူကာ နောက်တစ်ဆင့် တက်လှမ်းသွားပြီဖြစ်ကာ ထိပ်ဆုံးသုံးယောက်အတွင်း ဝင်ရန် အခြေအနေကောင်းသည်။ အန်းယောင်နှင့် ဝူချင်းက လေးနေရာအနက် နှစ်နေရာ ယူထားပြီးဖြစ်သောကြောင့် အင်မော်တယ်ပြိုင်ပွဲမှာ တဖြည်းဖြည်း ဇာတ်ရှိန်တက်လာခဲ့၏။

"လုယောင်၊ ကျောက်ယွမ်ပေါင်"

သက်တော်ရှည် အင်မော်တယ်က နောက်ထပ် တွဲဆိုင်းတစ်ခု ကြေညာလိုက်သောအခါ အင်မော်တယ်များထံမှ ရေရွတ်သံများ ထွက်ပေါ်လာပြီး နှစ်ယောက်လုံး နောက်တစ်ဆင့် တက်စေလိုကြောင်း မျှော်လင့်ထားပုံပေါ်သည်။ သို့သော် အင်မော်တယ်ပြိုင်ပွဲ၏ စည်းမျဉ်းများက ခေတ်အဆက်ဆက် ခိုင်မာပြီး တွဲဆိုင်း ကြေညာပြီးသည်နှင့် တပြိုင်နက် ရှုံးနိမ့်လျှင် ကံကြမ္မာကို လက်ခံရပေလိမ့်မည်။ အကြည့်များစွာအောက်တွင် ယွမ်ရှောင်နှင့် ကျောက်ယွမ်ပေါင်သည် စင်မြင့်အထက်သို့ အတူတကြ တက်လှမ်းလာခဲ့၏။ မိဖုရားကျောက်က တူတော်ဖြစ်သူကို ဤပြိုင်ပွဲ၌ ခန့်မှန်းရခက်သော ယွမ်ရှောင်နှင့် တိုက်ခိုက်ရန် မဲနှိုက်ပေးခဲ့သောကြောင့် တွဲဆိုင်းများကို ခြယ်လှယ်မှု မရှိကြောင်း သက်သေပြနေသည်။

ထိုက်စွေ့အဆောင်နန်းတော်တွင် ကျောက်ယွမ်ပေါင်သည် ယွမ်ရှောင်ကို အပြစ်မတင်ခဲ့သကဲ့သို့ စင်မြင့်အထက်တွင်လည်း ရန်ငြှိုးမထားဘဲ အရိုအသေပေးကာ စကားစလိုက်သည်။

"အစ်ကိုလုနဲ့ တိုက်ခိုက်ရမှာ ဂုဏ်ယူစရာပါပဲ။ ကံကြမ္မာရဲ့ တွေ့ဆုံမှုပေါ့"

"စလိုက်ကြတာပေါ့ အစ်ကိုကျောက်"

ယွမ်ရှောင်ကလည်း ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ကာ မိုးကြိုးဌာနနှင့် တော်ဝင်ဘဏ္ဍာတိုက်သည်လည်း အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်သောကြောင့် ပြိုင်ပွဲတလျှောက် အသင့်မြတ်ဆုံး တွဲဆိုင်းပင်။ ပရိသတ်များ၏ အမြင်တွင် သူက မိုးကြိုးဌာန လျှို့ဝှက်ပျိုးထောင်ပေးထားသော ဝှက်ဖဲ တစ်ခု ဖြစ်ကာ အမှန်တရား ထွက်ပေါ်မလာခင်အထိ မည်သူမျှ အလွန်အမင်း ရင်းနှီးခြင်း မရှိသလို အလွန်အမင်း ဝေးကွာနေခြင်းလည်း မရှိပေ။

ပြိုင်ဘက်နှစ်ယောက်က အပြန်အလှန် နှုတ်ဆက်ပြီးနောက် ရှည်ရှည်ဝေးဝေး မပြောနေဘဲ ကျောက်ယွမ်ပေါင်သည် လေပေါ် ချက်ချင်း ခုန်တက်ကာ ရုန်းလမ်းစဉ်၏ ထုံးစံအတိုင်း အသက်တံဆိပ် ဆင့်ခေါ်ခဲ့သည်။ ၎င်းက နဖူးအလယ်တွင် ရွှေတုံးသဏ္ဍာန် ဖြစ်ပေါ်လာကာ သေးငယ်သော်လည်း ဧရာမ ရွှေတောင်ကြီးကဲ့သို့ ဖိအားမျိုး ထွက်ပေါ်နေကာ ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေ၏။ ရွှေရောင် ရုန်းပိုင်နက် ဆယ့်နှစ်ခုလည်း ဝန်းရံထားကာ ရွေ့လျားနေသော စစ်ရေး အစီအရင် တစ်ခုပမာ ထင်မှတ်ရပြီး တာအိုကောင်းကင်အဆင့်ထက် ကျော်လွန်ပေလိမ့်မည်။ အသက်တံဆိပ်၏ အရည်အချင်း မြင့်လေလေ၊ ပါရမီ ပိုကြီးလေလေ ဖြစ်ကာ အလားအလာနှင့် အနာဂတ်ကို ကိုယ်စားပြု၍ အရည်အချင်းအရာတွင် သူက ကျန်းချီနှင့် တန်းတူ ယှဉ်နိုင်၏။

"အရေအတွက်နဲ့ အနိုင်ကျင့်တယ်လို့ မထင်ပါနဲ့ကွာ"

တော်ဝင် ဘဏ္ဍာထိန်း၏ သားတော်ဖြစ်သောကြောင့် ကျောက်ယွမ်ပေါင်သည် ရတနာများစွာ သုံးစွဲနိုင်ပြီး ရတနာခြောက်ခု ပြိုင်တူ ထုတ်ယူလိုက်သောအခါ နားကွဲမတတ် ပေါက်ကွဲသံများဖြင့် တည်ရှိမှုသက်သက်ဖြင့်ပင် မြေပြင်ကို တုန်လှုပ်သွားစေသည်။ တစ်ခုချင်းစီသည် နိုင်း၏ ခရမ်းရောင် လျှပ်စီးလက်နက်ပန်းချီနှင့် ယှဉ်နိုင်ပြီး ခြောက်ခုလုံး တာအိုကောင်းကင်အဆင့်များချည်း ဖြစ်ကာ သံမဏိအိုး၊ ယပ်တောင်၊ သံကြိုး၊ တံဆိပ်တုံး၊ ခေါင်းလောင်း၊ ဗုံ စသဖြင့် အမျိုးအစား စုံလင်၏။ မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင်စစ်မြေပြင်တစ်ခုအလား ထင်ယောင်ထင်မှား ဖြစ်စေနိုင်ကာ စည်းစိမ်ဥစ္စာနှင့် အရင်းအမြစ်များ၏ စွမ်းအားကို ဖော်ပြထားသည်။

ရုန်းကျင့်ကြံသူ တစ်ယောက်သည် ငွေလမ်းခင်း၍ ဆက်လျှောက်ရသော်လည်း တော်ဝင်ဘဏ္ဍာတိုက်ကို အုပ်ချုပ်ရသော မျိုးနွယ် ဖြစ်သည့်အားလျော်စွာ ကျောက်မျိုးနွယ်က သယံဇာတများစွာ ချုပ်ကိုင်နိုင်၏။ သူက ရွှေဇွန်းကိုက်၍ မွေးဖွားလာရုံမျှ မဟုတ်ဘဲ ကောင်းကင်ရုံးတော်ရှိ ရွယ်တူများထက် သာလွန်နိုင်ရန် စနစ်တကျ ပျိုးထောင်ပေးခံထားရသည်။

"အစ်ကိုလု ဓားထုတ်လိုက်ပါ"

"စိတ်မရှိပါနဲ့။ ငါက ဒီပွဲမှာ ဓားထုတ်ဖို့ အစီအစဉ် မရှိဘူး"

ယွမ်ရှောင်က ပခုံးတွန့်၍ ရယ်ရယ်မောမော ပြောလိုက်သောအခါ တစ်ဖက်လူကို အံ့သြသွားစေသည်။

"မင်းမှာ အသက်တံဆိပ်ရှိတယ်လို့ ကြားဖူးပေမယ့် ဓားဝိညာဉ်အောက် အားနည်းတယ် မဟုတ်ဘူးလား"

စကားအဆုံးတွင် လျှပ်စီးများ ဖြတ်သန်းစီးဆင်းနေသော ခရမ်းရောင် ခေါင်းကိုးလုံး နဂါးတစ်ကောင်၏ ပုံရိပ်က သူ၏ နဖူးအလယ်တည့်တည့်တွင် ထွက်ပေါ်လာ၏။ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သောအခါ ကျောက်ယွမ်ပေါင်၏ ရတနာများ မြည်ဟီးသံထက် ကျော်လွန်ကာ တိုက်ပွဲစင်မြင့်တလျှောက် လျှပ်စီးမိုးကြိုးမုန်တိုင်းများပင် တိုက်ခတ်စေသည်။

"ဟင်"

နဂါးကိုယ်ထည်ပတ်ပတ်လည်တွင် ရုန်းပိုင်နက် ၂၂ခု တည်ရှိနေသောကြောင့် ကောင်းကင်အထက်မှ အရာရှိကြီးများနှင့် ကျောက်ယွမ်ပေါင်တို့ မျက်လုံးပြူးကာ မယုံကြည်နိုင် ဖြစ်နေကြသည်။ ဤမျှ များပြားလှသော ရုန်းပိုင်နက် အရေအတွက်ကို အဆင့်မြင့် အင်မော်တယ်များသာ ပိုင်ဆိုင်နိုင်ပုံပေါ်ပြီး အသက်သုံးဆယ်အောက်တွင် အရေအတွက် ၁၅ထက် ကျော်လွန်နေလျှင်ပင် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပေလိမ့်မည်။

လူအုပ်ကြီးကြားတွင် အံ့သြမှု ပမာဏ အများဆုံးမှာ အမျိုးသမီး နှစ်ယောက်ဖြစ်ပြီး ရုန်းပိုင်နက် ဖွဲ့စည်းရန် ခေါ်ဆောင်ပေးဖူးသော ကူစုဝမ်နှင့် ထိုက်စွေ့အဆောင်နန်းတော်ထံ ဖိတ်ခေါ်သွားသည့် နိုင်းပင်။ သူတို့က တစ်ချိန်တည်း ပါးစပ်အဟောင်းသား ဖြစ်နေကာ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးကို လက်ဖြင့် အထပ်ထပ်အခါခါ ပွတ်သပ်နေသည့် အမူအရာမှာလည်း တူညီနေသည်။

"ဒီကိစ္စက ခင်ဗျားနဲ့ တစ်ခုခု ပတ်သက်နေသလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတောင် သူ့ကို ဒီနေ့မှ ပထမဆုံး တွေ့ဖူးတာပဲ"

နဂါးကျားမင်းကြီးက အနားရှိ ထိုက်စွေ့သူတော်စင်ကို မေးသောအခါ တစ်ဖက်လူသည် ချက်ချင်း ပြန်ဖြေခဲ့ပြီးနောက် သန့်ရှင်းစင်ကြယ်သွားသော ရုန်းရေကန်အကြောင်း သတိရလိုက်သဖြင့် အောက်မေးရိုး ပြုတ်ကျသွားသယောင် ပါးစပ် ဟောင်းလောင်း အံ့သြနေသည်။

"မဖြစ်နိုင်ပါဘူး"

သူက ခေါင်းကို အဆက်မပြတ် ယမ်းခါ၍ မယုံကြည်ချင်သော်လည်း အမှန်တရားမှာ ငြင်းမရချေ။

"တိုက်ခိုက်စမ်း"

ကျောက်ယွမ်ပေါင်သည် အံ့သြနေဆဲ ဖြစ်သော်လည်း ကြောက်စိတ် မရှိဘဲ ရတနာခြောက်ခုကို ရွှေတံဆိပ်ဖြင့် ထိန်းချုပ်ကာ ရှေ့၊နောက်၊ဘယ်၊ညာ၊အထက်၊အောက် ဘက်ပေါင်းစုံမှ ယွမ်ရှောင်ကို တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် လှုပ်ရှားမှုကို ကန့်သတ်ထားပြီး တပြိုင်နက်တည်း ဝင်ရောက်လာကြ၍ သာမန်ပြိုင်ဘက်များဆိုလျှင် ရှောင်တိမ်းကြမည်ဖြစ်သော်လည်း ယွမ်ရှောင်က မတူချေ။ သူက ခေါင်းကိုးလုံး နဂါးကို ရုန်းထီးအသွင် ပြောင်းလဲကာ တုန်လှုပ်ခြင်းမရှိဘဲ ရပ်ပေးနေခဲ့၏။ ရွှေရောင်စွမ်းအားနှင့် လက်နက်များ ရေလှိုင်းပမာ အလုံးအရင်း ဝင်ရောက်လာသောအခါ သူက ကိုယ့်ကိုကိုယ် ကာကွယ်ရန် ထီးကို တဝီဝီ လှည့်ပတ်၍ ရိုက်ထုတ်လိုက်သည်။ သာမန်ကြည့်လျှင် ပါးလွှာပုံရသော ရုန်းထီးက ရတနာခြောက်ခုလုံးကို လွင့်ထွက်သွားစေပြီး သံမဏိတံတိုင်းကြီးပမာ ခိုင်မာလှသောကြောင့် ဆံချည်တစ်မျှင်ပင် ထိခိုက်မသွားခဲ့ပေ။

"ငါ့အလှည့်ရောက်ပြီနော် အစ်ကိုကျောက်"

တိုက်ကွက် ခြောက်ခုလုံး အသုံးမဝင်သောကြောင့် ကျောက်ယွမ်ပေါင် အူကြောင်ကြောင် ဖြစ်နေစဉ် ရုန်းထီးသည် နဂါးရုန်းများအဖြစ် ခွဲထွက်ကာ ယွမ်ရှောင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၏။

"ဝှစ်"

တာအိုနဂါးအသွင်ဖြင့် ပေါင်းစည်းထားသော ယွမ်ရှောင်သည် အထက်သို့ ရုတ်တရက် ပျံတက်လိုက်သောအခါ လျှပ်စီးကြောင်းများ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး မိုးချုန်းသံကြီးတစ်ခု ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွား၏။ လျှပ်စီးများက နဂါးကြီးတစ်ကောင်သဖွယ် စုစည်းလာကာ ရုန်းပိုင်နက် နှစ်ဆယ်ကျော်၏ အားဖြည့်ပေးမှုဖြင့် သူ့ကို ဗဟိုပြုကာ အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက မဟာမိုးကြိုး အစီအရင် အငယ်စား ဖြစ်ကာ တိုက်ခိုက်ရေးစင်မြင့်တစ်ဝိုက် ဖုံးအုပ်သွားကာ ဖန်ဆင်းရှင် အင်မော်တယ်၏ မျက်နှာကြီးပင် ထွက်ပေါ်လာ၍ တအံ့တသြ ငေးမောနေသည့် ကျောက်ယွမ်ပေါင်ကို ငုံ့ကြည့်လိုက်၏။

"တာအိုကောင်းကင် မဟာပညာရပ်ဆယ်ပါး၊ အမြင့်ဆုံး ထာဝရမိုးကြိုး စီရင်ချက်"

ကူစုဝမ်က မိန်းမောသွားဟန်ဖြင့် ရေရွတ်နေခဲ့ပြီး ၎င်းမှာ မဟာမိုးကြိုးအစီအရင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကာ မိုးကြိုးဌာန လျှို့ဝှက်လက်ဆင့်ကမ်းလာသည့် ဒဏ္ဍာရီလာ ပညာရပ် ဖြစ်နေသည် မဟုတ်ပါလော။ ယွမ်ရှောင်သည် ပထမပွဲစဥ်တွင် တာအိုတစ်ထောင် စီရင်ချက်ကို အသုံးပြုပြခဲ့ပြီး လက်ရှိ ထာဝရ မိုးကြိုးစီရင်ချက်ကို ထုတ်ပြလိုက်သောအခါ အဆင့်မြင့် အင်မော်တယ်များပင် အံ့သြမင်သက်သွားကာ နဂါးကျားမင်းကြီးဆိုလျှင် ထိုင်ရာမှ ချက်ချင်း ထရပ်လိုက်မိသည်။

"ရပ်လိုက်တော့၊ ငါ အရှုံးပေးတယ်"

ဖခင်ဖြစ်သူ၏ စိုးရိမ်တကြီး မျက်နှာထားအပြင် ဖန်ဆင်းရှင် မျက်နှာကြီးထံမှ ဖိအားကြောင့် ကျောက်ယွမ်ပေါင်သည် ဓာတ်လိုက်သွားသကဲ့သို့ တောင့်တင်းကာ အားတင်း၍ လက်မြှောက် အော်ဟစ်ခဲ့သည်။ စကားဆုံးသည်နှင့် တပြိုင်နက် တိုက်ကွက်က ချက်ချင်း ပျောက်ကွယ်သွားကာ ချောမောပြေပြစ်၍ ခန့်ညားသော အဖြူရောင်ဝတ်လူငယ်သာ မြင်ကွင်းအတွင်း ဝင်ရောက်လာ၏။

"အလျှော့ပေးလို့ ကျေးဇူးတင်ပါတယ်"

ထိုက်စွေ့သူတော်စင်ကမူ အားရဟန်ဖြင့် ကုလားထိုင်လက်ရန်းကို လက်ဝါးဖြင့် တဘန်းဘန်း ရိုက်ကာ ချီးကျူးမဆုံး ဖြစ်နေသည်။

"ထာဝရ မိုးကြိုးစီရင်ချက်ကို ထုတ်လွှတ်ရုံတင် မဟုတ်ဘဲ စိတ်ကြိုက် ထိန်းချုပ်နိုင်တယ်။ ဒီကလေးရဲ့ ကျွမ်းကျင်မှုက ထိပ်တန်းပဲ။ ဒီလိုအသုံးချနိုင်ဖို့ဆိုရင် အနည်းဆုံး နှစ်ပေါင်းငါးရာလောက်ကို လေ့ကျင့်ရမှာ"

"တကယ့်ကို ထူးခြားပါပေတယ်"

နဂါးကျားအရှင်က ကိုယ့်ကိုကိုယ် ပြန်လည် တည်ငြိမ်စေလိုက်ကာ ခေါင်းညိတ်၍ ထောက်ခံလိုက်သော အခိုက်အတန့်တွင် သက်တော်ရှည်ကြီးသည်လည်း အံ့သြနေရာမှ အသိစိတ်ဝင်လာကာ လူသိရှင်ကြား ကြေညာခဲ့လေသည်။

"ဒီတိုက်ပွဲမှာ လုယောင် အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းသွားပါပြီ"

All Chapters