← Chapters

အခန်း (၆၃၁-၆၃၂)

Vol. 47 Ch. 631-632

အခန်း (၆၃၁-၆၃၂)

Vol. 47 Ch. 631-632

အပိုင်း ၆၃၁ - ပြိုင်ဘက်ကင်း ကြာနက်

တိုက်ပွဲ ပြီးဆုံးသွားသော်လည်း အင်မော်တယ်များစွာက အံ့သြနေဆဲ ဖြစ်ပြီး ဓားဌာနဘက်ခြမ်းတွင် ကျန်းချီသည် အံကြိတ်၍ ရေရွတ်နေခဲ့သည်။

"တွေ့တယ်မလား။ ငါ ပြောသားပဲ။ လုယောင်ဆိုတဲ့ကောင်ကိုက ငါတို့ထက် အဆင့်လွန်နေတာ။ မိုးကြိုးဌာနက ရတနာတစ်ခု တကယ် ထုတ်ပြလိုက်ပြီ"

ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားကာ လမင်းဓားနတ်ဘုရားအနား ကပ်၍ တီးတိုးမေးခွန်းထုတ်သည်။

"ဒေါ်လေး၊ သူ့ကို တပည့်အဖြစ်ကနေ တကယ် အဆက်အဆံ ဖြတ်လိုက်ပြီလား"

"ဟုတ်တယ်"

သူမ၏ မျက်နှာက အေးစက်တင်းမာနေသော်လည်း စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေ၏။

"သွားတွေ့ကြည့်လိုက်ပါလား။ နည်းလမ်း ရှိမှာပါ"

ခေါင်းမာသော နေမင်းဓားနတ်ဘုရားပင် ပြန်လည် သင့်မြတ်ရန် အကြံပေးနေသဖြင့် အလွန်တုန်လှုပ်သွားကြောင်း သိသာသည်။ အမြင့်ဆုံးသော ပါရမီနှင့် အရည်အချင်းသည် လူတစ်ယောက်၏ နောက်ခံနှင့် အဆင့်အတန်းကို ကျော်လွန်၍ လေးစားမှု ရရှိစေနိုင်ကြောင်း ထင်ရှား၏။

"မလိုဘူး။ လုဖန်က ဘာမှမပြောသေးဘူး။ လောလောဆယ်မှာ လုယောင်က စစ်ဧကရာဇ် ဘက်တော်သားလား၊ မိုးကြိုးဧကရာဇ်ရဲ့ လူလားဆိုတာ ခွဲခြားရဦးမယ်။ တစ်ဂူတည်း ကျားနှစ်ကောင် အောင်းနေရင် စောင့်ကြည့်တာ အကောင်းဆုံးပဲ"

မြောက်ပိုင်းကြယ် ဓားနတ်ဆိုးက စကားဖြတ်ပြော၍ ကောက်ချက်ချလိုက်ပြီး အင်မော်တယ်ပြိုင်ပွဲအပြီးတွင် စစ်ဧကရာဇ် ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားသည်။

တိုက်ပွဲပြီးသောအခါ ယွမ်ရှောင်သည် အနားယူချိန် ရခဲ့ပြီး မိုးကြိုးဌာန၏ ကိုယ်စားလှယ်အားလုံး လာရောက်ကြိုဆိုကာ ယွမ်ယင်တစ်ယောက်သာ မပါဝင်ခဲ့ပေ။

"မိုးကြိုးဌာနက မင်း အဆင့်တက်သွားလို့ ဂုဏ်ပြုသဝဏ်လွှာ ပို့လိုက်တယ်။ မိုးကြိုးဌာနရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ပေးပါ"

နိုင်းက ခံစားချက်များ ပါဝင်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ စစ်သူကြီးယွမ်ရဲ့ ဆုံးရှုံးမှုအတွက်လည်း စိတ်မကောင်းပါဘူး"

ပြိုင်ပွဲဝင် စီရင်သူများနှင့် အုပ်ထိန်းသူများက ရှုပ်ထွေးသော မျက်နှာထားများဖြင့် သူ့ကို ကြည့်နေကြပြီး မိုးကြိုးဌာနတစ်ခုလုံးမှာလည်း မဟာမိုးကြိုးအစီအရင်မှတဆင့် နတ်ဘုရားပမာ အရည်အချင်းကို မြင်သွားပေလိမ့်မည်။ တစ်ချိန်က လှောင်ပြောင်စရာ သိုးမည်းဖြစ်ခဲ့သော်လည်း လက်ရှိတွင် သူသည် မိုးကြိုးဌာန၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာကာ မာနကြီးသော သခင်လေးများပင် ခေါင်းငုံ့ ရိုသေနေကြရသည်။

"နောက်ဆုံးပွဲစဥ်တွေအတွက် လိုအပ်တာ တစ်ခုခု ရှိသေးလား။ ငါ တတ်နိုင်သလောက် ကြိုးစားပေးမယ်"

နိုင်း၏ ကမ်းလှမ်းချက်သည် သူမ၏ စိတ်ထဲတွင် မိုးကြိုးဌာနအပေါ် ဂရုစိုက်သေးကြောင်း သက်သေပင်။

"မလိုတော့ဘူး။ အခုတော့ ခဏလောက် ခွင့်ပြုပါ"

ယွမ်ရှောင်က အန်းယောင်ထံ လှည့်ထွက်သွားသဖြင့် စစ်ဧကရာဇ်နှင့် တွေ့ဆုံတော့မည်ဖြစ်ရာ သူမ၏ ရင်ဘတ် တင်းကြပ်သွား၏။ မိုးကြိုးဌာန၏ ကျင့်ကြံသူများက သူ့ကို တားမြစ်ချင်သော်လည်း နိုင်းသည် တစ်ချက်စိုက်ကြည့်ကာ ဟန့်တားထားခဲ့သည်။

"သူ ရွေးချယ်တဲ့ လမ်းကြောင်းကို ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"

"ငါတို့ ဘယ်လိုလုပ်ကြမလဲ။ စစ်ဧကရာဇ်ကသာ အရည်အချင်းကို သဘောကျသွားရင် တကယ့်သားအရင်း မဟုတ်ရင်တောင် မွေးစားလိုက်လိမ့်မယ်"

ကူစုဝမ်က ညည်းတွားလိုက်သောအခါ လူတိုင်း တွေဝေငေးငိုင်နေကြပြီး နိုင်းတစ်ယောက်သာ အတင်းအကျပ် ပြုံးထားရသည်။

"ဘာဖြစ်ဖြစ် သူက မိုးကြိုးဌာနက ထွက်မသွားသေးဘူးလေ။ အနည်းဆုံး အင်မော်တယ်ပြိုင်ပွဲမှာ မိုးကြိုးဌာနဘက်ကနေ ကိုယ်စားပြုနေတုန်းမလား"

မြင့်မြတ်သော ကောင်းကင်နန်းဆောင် အခန်းနံပတ် ၉၅၏ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး ယွမ်ရှောင်နှင့် အန်းယောင်အနောက်သို့ မည်သူမျှ လိုက်မလာကြပေ။

"အထဲဝင်သွားလိုက်ပါ။ မင်းကို သူ စောင့်နေတာ ကြာပြီ။ အဖွဲ့အစည်းက ဒီလို ပါရမီရှင်တွေ လိုအပ်တယ်"

ယွမ်ရှောင်သည် ချောင်ရူကို စိတ်အေးစေရန် အဖွဲ့အစည်းတစ်ခု ရှိကြောင်း လိမ်ညာဖူးသော်လည်း အမှန်တကယ် ရှိနေမည်ဟု ထင်မထားပေ။

"ဒီကောင်က မိန်းမတွေနဲ့ ပတ်သက်ရင် အမြတ်ထုတ်ပေမယ့် ရည်မှန်းချက်ကတော့ ကောင်းတယ်"

ကောင်းကင်ရုံးတော်တွင် မည်သူက မဟာမိတ်၊ မည်သူက ရန်သူဖြစ်ကြောင်း သူက ဖြည်းဖြည်းချင်း နားလည်လာကာ အခန်းအတွင်း ဝင်လိုက်သောအခါ အန်းယောင်သည် တံခါးစောင့်လျက် ကျန်ရစ်ခဲ့သည်။ အတွင်းပိုင်းက ကျယ်ဝန်းပြီး ကောင်းကင်ရုံးတော်၏ အကြီးမြတ်ဆုံး စစ်ဧကရာဇ်ဟု ကျော်ကြားသူ လုဖန် ရှိနေပြီး ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ပမာ အရှိန်အဝါ ပြင်းထန်၏။

"နှစ်ယောက်လုံး ဝင်လာခဲ့ပါ"

အတွင်း၌ နောက်ထပ် တံခါးတစ်ချပ် ရှိနေပြီး လုဖန်၏ အသံ ထွက်ပေါ်လာကာ အတော်လေး ဖော်ရွေပုံပေါ်သည်။ အတွင်းခန်းထဲတွင် ဖယောင်းတိုင်သာ ထွန်းညှိထားသောကြောင့် အလင်းရောင် မှိန်ဖျဖျ ရှိနေပြီး ယွမ်ရှောင်ရော အန်းယောင်ပါ ဝင်ရောက်လာကြပြီး အလွန်ရင်းနှီးသော မြေခွေးနတ်ဆိုး၏ ရမ္မက်ကို နှိုးဆော်ပေးနိုင်သည့် အနံ့အသက်မျိုး ရလိုက်၏။ လေတစ်ချက်အဝေ့တွင် အခန်းအတွင်းရှိ လိုက်ကာ လှစ်ဟသွားကာ သက်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက် မြင်ကွင်းအတွင်း ထွက်ပေါ်လာ၍ မျက်နှာတစ်ခုလုံး ယစ်မူးနေဟန်ဖြင့် ပြုံးပြခဲ့သည်။ သူက တစ်ဖက်လူ၏ ရုပ်ရည်အသွင်အပြင်ကို စိတ်မဝင်စားသော်လည်း မိန်းမလှနှစ်ဦးကို ဖက်ထားသဖြင့် ထူးဆန်းသွားစေသည်။

မိန်းမလှနှစ်ယောက်က အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး ဆွဲဆောင်မှု ပြင်းထန်ကာ မြေခွေးနားရွက်ကိုယ်စီ ရှိကြ၍ လုဖန်၏ ခါးနှင့် လက်မောင်းကို အမြှီးများဖြင့် ရစ်ပတ်ထားကြ၏။ ၎င်းတို့မှာ လမင်းသခင်မနှင့် ဝူချင်း ဖြစ်နေပြီး ဖြူစင်ပုံရသော မြေခွေးနတ်ဆိုးများမှာ တစ်ဖက်လူ၏ ရင်ခွင်အတွင်း ရမ္မက်ဆန်ဆန် မှီတွယ်နေသဖြင့် ယွမ်ရှောင်ကို အံ့သြစေသည်။ ဝူချင်းအပြင် ကောင်းကင်ရုံးတော်၌ အဆင့်တစ် ကောင်းကင်အရာရှိနှင့် တန်းတူဖြစ်သော လမင်းသခင်မပင် ရှိနေသောကြောင့် မြင်ကွင်းမှာ ထူးဆန်းလှသည်။

"ပြန်တွေ့ကြပြီ လုယောင်"

ယွမ်ရှောင် အတွေးနက်နေစဥ်မှာပင် လုဖန်က မတ်တပ်ရပ်လိုက်ပြီး မြေခွေးနတ်ဆိုးနှစ်ယောက်သည် အဝတ်အစားများ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ကြ၏။

"တွေ့ရတာ ဝမ်းသာပါတယ် လုဖန်"

"ဟန်ဆောင်တာတွေ ဇာတ်နာပြတာတွေ လုပ်မနေနဲ့ကွာ။ မင်းရော ငါရော အတူတူပါပဲ"

ဤစကားအရ တစ်ဖက်လူက သူ့ကို လုယောင် အစစ်အမှန် မဟုတ်ကြောင်း သိထားပြီး ကိုယ်တိုင်လည်း လုဖန်အစစ် မဟုတ်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည်။

"ကောင်းပါပြီ"

ယွမ်ရှောင်က ဆက်လက် ငြင်းခုံမနေဘဲ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်၏။

"ကောင်းတယ်။ ကောင်းတယ်"

ထို့နောက် တစ်ဖက်လူက အကြောဆန့်၍ တစ်လှမ်းချင်း လျှောက်လာသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားလောက်အောင် သန်မာသည့် အရှိန်အဝါ ထွက်ပေါ်နေသော်လည်း အပြင်ပိုင်း၌ သဘောကောင်းသော ဦးလေးတစ်ယောက်နှင့် ဆင်တူသည်။

"လူငယ်လေး ငါတို့ စကားဝှက်တစ်ခုလောက် စဥ်းစားကြည့်မလား"

"အဆင်ပြေပါတယ်"

"မဂဏန်းကို စုံဂဏန်းပြောင်း၊ ဒါဆိုရင် နောက်တစ်ယောက်က တံတားအောက်မှာ ဘဲတွေ ကူးနေတယ်။ ရေတွက်ကြည့်လို့ ပြန်ပြောမယ်"

လုဖန်က နောက်ပြောင်ပြောဆိုနေသည့်အတွက် ယွမ်ရှောင် မျက်မှောင်ကြုတ်ပြီး လာရင်းကိစ္စထံ ဦးတည်လိုက်ရသည်။

"အရှင်လု၊ ကျုပ် ရောက်လာတာ ပူဇော်သက္ကာရ ကိစ္စအတွက်ပါ"

"ဘဝဆိုတာ ကျဆင်းနေတဲ့ နှင်းပွင့်တွေလို တကယ် အထီးကျန်ဆန်တာပဲ"

လုဖန်က လက်နှစ်ဖက် နောက်ပစ်၍ လေးနက်စွာ စိုက်ကြည့်ရင်း အဆက်မပြတ် သက်ပြင်းချနေစဥ် ကြယ်ပြာသည် ရုတ်တရက် အလန့်တကြား အော်ဟစ်သတိပေးခဲ့သောကြောင့် ယွမ်ရှောင်၏ မျက်ဝန်းများ ပြူးကျယ်ကုန်သည်။

"သတိထား"

ထိုအခိုက်တွင် လုဖန်သည် ရုတ်တရက် လက်မြှောက်ကာ သူ၏ နဖူးကို ရိုက်ချလာပြီး တောင်တန်းများစွာ သယ်ဆောင်လာသည့်အလား အရှိန်အဟုန် ကြီးမား၍ ဝိညာဥ်အထိ ထိုးဖောက်မည့် အနက်ရောင် ကြာပွင့်များလည်း ပါဝင်၏။ ကောင်းကင်ရုံးတော်၏ စစ်ဧကရာဇ်က ဤမျှ နီးကပ်သော အကွာအဝေးတွင် အလစ်ဖမ်း တိုက်ခိုက်လျှင် မည်သူမျှ အသက်ရှင်လျက် လွတ်မြောက်နိုင်ချေ မရှိပေ။ ယွမ်ရှောင်သည်လည်း စဥ်းစားရန် အချိန်မရတော့သဖြင့် ကြေးခေါင်းတလားအတွင်း ချက်ချင်း ဝင်ပုန်းလိုက်သည်။

"ဘုန်း"

လက်ဝါးရိုက်ချက်က ခေါင်းတလားအထက် ထိမှန်သွား၍ တန်ပြန်အားကြောင့် နန်းဆောင်တစ်ခုလုံး တုန်ခါသွားကာ ပတ်ဝန်းကျင်ရှိ အဆောင်များစွာ ပျက်စီးကုန်၏။

"ပြေးတော့"

မျက်စိတစ်မှိတ်အတွင်း ခေါင်းတလားသည် တိုက်ခိုက်ရေးစင်မြင့်ထံ တဟုန်ထိုး ထွက်ပြေးလာခဲ့ပြီး ယွမ်ရှောင် လွင့်ထွက်လာကာ သွေးများ အန်ထုတ်လိုက်ရသကဲ့သို့ အနက်ရောင် သားရဲလေးမှာ သွေးမည်းများ စီးထွက်နေသည်။

"ဒီခွေးကောင်က ကောက်ကျစ်လွန်းတယ်"

ကြယ်ပြာက ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီး မျက်လုံးများ မီးဝင်းဝင်းတောက်နေကာ ယွမ်ရှောင်ကိုယ်တိုင်လည်း ဒေါသထွက်မဆုံး ဖြစ်လာသည်။ သေဘေးမှ သီသီလေး လွတ်မြောက်လာပြီးနောက် လှည့်စားခံလိုက်ရကြောင်း နားလည်သွားကာ အန်းယောင်၏ စနက် မကင်းပေ။ သူ၏ အရည်အချင်းက အင်မော်တယ်ပြိုင်ပွဲတွင် အနိုင်ရရန် လုံလောက်သောကြောင့် သတ်လိုခြင်း ဖြစ်၏။ အကယ်၍ လူပုံအလယ်တွင် သတ်ဖြတ်လိုက်လျှင် မိုးကြိုးဌာနက ဝင်ရောက် ကာကွယ်ပေးမည် ဖြစ်သောကြောင့် ဆိတ်ကွယ်ရာသို့ ခေါ်ဆောင်ပြီး အပြတ်ရှင်းချင်ခဲ့သည်။

"ဒီခွေးမသားတွေ"

ယွမ်ရှောင်က မြေပြင်အထက်တွင် အားယူ၍ မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်နန်းဆောင် ရှိရာသို့ ဒေါသတကြီး စိုက်ကြည့်နေသည်။ ထိုနေရာတွင် တိမ်တိုက်များက အနက်ရောင် ကြာပန်းပမာ တည်ရှိပြီး ကောင်းကင်ရုံးတော်တွင် စိတ်ထင်တိုင်း သောင်းကျန်းမည်ဟု စိန်ခေါ်လိုက်သကဲ့သို့ပင်။

"ခွေးကောင် လုဖန်၊ မင်း စောင့်နေလိုက်"

သူက တောက်တစ်ချက်ခေါက်၍ တိုက်ခိုက်ရေးစင်မြင့်ထံ ဦးတည်သွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆင့်မြင့်အရာရှိကြီးများလည်း အပြေးလာနေပြီ ဖြစ်လေသည်။

အပိုင်း ၆၃၂ - အပြစ်သား လုဖန်

လေနှင့်အတူ လွင့်စင်သွားသော အနက်ရောင် မီးခိုးငွေ့များအကြားတွင် အခန်းနံပတ် ၉၅၏ အပျက်အစီးများ အထက်တွင် ရပ်နေသော လုဖန်သည် ညာလက်ဝါးရှိ မီးကျွမ်းနေသော ဒဏ်ရာကို စိတ်ဝင်တစား ငုံ့ကြည့်နေသည်။

"စနစ်က ချပေးတဲ့ တာဝန်တွေထဲမှာ မိန်းမတွေနဲ့ မပတ်သက်တာ ဒါ ပထမဆုံးပဲ။ စိန်ခေါ်မှုကတော့ မြင့်တယ်။ ဒီကောင်က ဘယ်လိုလုပ် မသေဘဲ လွတ်သွားတာလဲ"

ထို့နောက် သူက တိုက်ခိုက်ရေးစင်မြင့်ထံ လှမ်းကြည့်လိုက်ပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ထင်ဟပ်လာ၏။

"အရှင်လု ထိခိုက်သွားသေးလား"

"ဖယ်စမ်း"

မြေခွေးသခင်မသည် ထိုဒဏ်ရာကို အလွန်အမင်း စိတ်ထိခိုက်ဟန်ဖြင့် ပွတ်သပ်ပေးလိုက်သော်လည်း လုဖန်က လက်ပြန်ရိုက်ချကာ မြေပြင်ပေါ် လဲကျသွားစေသည်။ သူက တိုက်ခိုက်ရေးစင်မြင့်ထံ ဦးတည်၍ လက်စသတ်ချင်သော်လည်း မက်မွန်သီးသဏ္ဍာန် သတင်းပို့အဆောင်တစ်ခု ရုတ်တရက် ပြုတ်ကျလာကာ လေထဲတွင် စာသားအချို့ ထွက်ပေါ်လာ၏။

"ငါ့ကို ဒီထက်ပိုပြီး အရှက်မခွဲနဲ့"

ထိုစကားလုံးများက သူ၏ ခြေလှမ်းများကို ရပ်တန့်သွားစေပြီး မလှမ်းမကမ်းတွင် ခေါင်းငုံ့ရပ်နေသော အန်းယောင်ထံ အမိန့်ပေးလိုက်၏။

"စွမ်းအားမျိုးစုံကို မင်းက တော်တော်လေး အသုံးချတတ်ပေမယ့် အသက်ကယ်ဝှက်ဖဲဆိုတာ ဘယ်နှကြိမ်လောက် သုံးနိုင်မှာမို့လဲ။ တစ်ချိန်ကျရင် ကြေးခေါင်းတလားကလည်း အသက်ကယ်နိုင်မှာ မဟုတ်ဘူး။ မင်းအလုပ်ကို သွားလုပ်စမ်း"

ထို့နောက် အန်းယောင်သည် စိတ်ဓာတ်များ တက်ကြွလာဟန်ဖြင့် ကျေနပ်စွာ ပြုံးကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် တိုက်ခိုက်ရေးစင်မြင့်သို့ ထွက်ခွာသွားတော့သည်။

"အဖေ"

ဝူချင်းက ဤသို့ခေါ်၍ လုဖန်၏ လက်မောင်းကို တွဲလိုက်သော်လည်း မျက်နှာအထက်တွင် စွဲလန်းယစ်မူးနေသည့် ခံစားချက် အထင်အရှား ထွက်ပေါ်နေ၏။

"မင်းလည်း သွားတော့"

"ဟုတ်ကဲ့"

ရမ္မက်အားကြီးလွန်းသော ကူးပြောင်းလာသူက သူမ၏ တင်ပါးကို လက်ဖြင့် ညှစ်၍ သွားခွင့်ပေးလိုက်သည်။ ထို့နောက် သူက လဲကျနေသော လမင်းသခင်မကို ပခုံးအထက် ထမ်းလိုက်သောအခါ မျက်လုံးအစုံတွင် ကြာပန်းနက်များ ဖြည်းဖြည်းချင်း ပွင့်လန်းကာ အရှိန်အဝါ ကြောက်မက်ဖွယ် ကောင်းလာ၏။

"ပူဇော်သက္ကာရကို တားမြစ်ချင်တာလား။ ရှန်းရှဝတ္ထုထဲကလို ဦးနှောက်မရှိ၊ မိုက်မဲတဲ့ ဇာတ်လိုက်မျိုး တကယ် ရှိနေတာပဲ။ ငါ့အတွက်တော့ တဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာပြီ ဟား ဟား"

တိုက်ခိုက်ရေးစင်မြင့်အနီးတွင် မိုးကြိုးဌာန၏ အင်မော်တယ်များက ယွမ်ရှောင်ကို ဖေးမနေကြပြီး မလှမ်းမကမ်းတွင် ထိုက်စွေ့သူတော်စင်၊ နဂါးကျားအရှင်နှင့် မြောက်ပိုင်းကြယ်ဓားနတ်ဆိုးတို့လည်း ရောက်ရှိနေသည်။ တည်းခိုရာ နန်းဆောင်မှ တိုက်ခိုက်ရေးစင်မြင့်အထိ ရောက်အောင် ရိုက်ထုတ်ခံလိုက်ရသော မြင်ကွင်းမျိုးက အဆင့်မြင့် အင်မော်တယ်များ၏ မျက်စိအောက်မှ လွတ်မသွားသကဲ့သို့ ကြာပန်းနက်ပုံရိပ်ကြောင့် မည်သူ့လက်ချက် ဖြစ်ကြောင်း သိထားကြ၏။

"စစ်ဧကရာဇ်က လုယောင်ကို သတ်ချင်နေတာလား"

ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်လာသော ကသောင်းကနင်း အခြေအနေသည် အင်မော်တယ်များကိုပင် စိတ်ရှုပ်သွားစေပြီး အဖြေကို စဥ်းစားမရ ဖြစ်ကုန်သည်။ သူတို့သည် ကောင်းကင်ရုံးတော်၏ ထိပ်တန်း တည်ရှိမှုများ ဖြစ်ကြပြီး စွမ်းအား ကြီးမားသော်လည်း စစ်ဧကရာဇ်၏ တိုက်ကွက်ကို လူငယ်လေးတစ်ယောက်က မည်သို့ အသက်ရှင်လျက် လွတ်မြောက်လာကြောင်း မသိခဲ့ပေ။ အန်းယောင်နှင့်အတူ တိုက်ခိုက်ရေးစင်မြင့်မှ ထွက်ခွာသွားသောကြောင့် သူ့ကို စစ်ဧကရာဇ်လုဖန် လျှို့ဝှက်ပျိုးထောင်ပေးထားသည်ဟူသော ခန့်မှန်းချက်များလည်း မှားယွင်းသွား၏။

"ဘာတွေဖြစ်ကုန်တာလဲ"

သားဖြစ်သူ၏ စျာပနကို စီစဥ်ပြီးနောက် တိုက်ခိုက်ရေးစင်မြင့်ထံ အလျင်အမြန် ပြန်ရောက်လာသော ယွမ်ယင်မှာ ရှုပ်ထွေးနေသော အခြေအနေကြောင့် စိုးရိမ်တကြီး ဖြစ်ရပြန်သည်။ ယွမ်ရှောင်က ဒဏ်ရာမရခဲ့သော်လည်း တိုက်ကွက်ကို ကာကွယ်ရန်အတွက် အနက်ရောင် သားရဲလေးသည် သိမ်းဆည်းထားသော အရင်းအမြစ်များကို အသုံးပြုလိုက်ရသည့်အပြင် သက်စောင့်အားပင် ထိခိုက်ကုန်၏။

"စိုးရိမ်ပူပန်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ လုဖန်နဲ့ ကျုပ်တို့ ကိစ္စက မိသားစု အရေးပါ"

သူက ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည်ပြုပြင်ပြီး တည်ငြိမ်စွာ ပြောလိုက်သောအခါ လျှို့ဝှက်ချက်များ ပိုမို နက်ရှိုင်းသွားစေကာ တီးတိုးစကားသံများ ထွက်ပေါ်လာစေသည်။

"ဘယ်လိုမိသားစုအရေးကြောင့် မင်းကို ဆိုးဆိုးရွားရွား တိုက်ခိုက်ရတာလဲ"

လူအုပ်အကြားတွင် အဆင့်အတန်း အမြင့်ဆုံး ဖြစ်သော မိဖုရားကျောက်က အခွင့်အရေး ပေးလာသောအခါ ယွမ်ယင်သည် အနားကပ်ကာ တိုက်တွန်းလိုက်၏။

"လုယောင်၊ မိဖုရားကြီးကို မင်းကိုယ်စား ဖြေရှင်းခိုင်းလိုက်"

"ကျုပ်က လုဖန်ကို တရားစွဲချင်ပါတယ်"

သူက အံကြိတ် လက်သီးဆုပ်၍ ကြေညာလိုက်သောအခါ ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားကာ အတွေးလွန်နေသော အင်မော်တယ်များ၏ အကြည့်အားလုံး ပြိုင်တူ ကျရောက်လာသည်။

"ပါရမီရှင်လေးက ဘယ်လို ပြစ်မှုမျိုးနဲ့ တရားစွဲချင်တာလဲ"

မိဖုရားကျောက်က ခွင့်ပြုလိုက်သောအခါ ယွမ်ရှောင်သည် နာကျည်းချက်များ အပြည့်ဖြစ်နေသော လေသံဖြင့် ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ တုန်းက ဒီလုဖန်ဟာ ကောင်းကင်ပျံသန်းမြို့တော်၊ ကောင်းကင်အုပ်စိုး အိမ်တော်ရဲ့ အဆင့်ကိုး စီရင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့မှာ ဇနီးနဲ့ သားနှစ်ယောက် ရှိပြီး လုအန်းနဲ့ လုယောင်လို့ နာမည်ပေးထားတယ်။ တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတယ်လို့ ကောလဟာလသတင်းတွေ ထွက်ခဲ့ပေမယ့် သူက တစ်နည်းနည်းနဲ့ အစွမ်းထက်လာပြီး ကောင်းကင်ရုံးတော်မှာ မြင့်တက်ဖို့အတွက် မိသားစုကို စွန့်ပစ်လိုက်တယ်။ သူက ကိုယ်လုပ်တော်တွေနဲ့ ပျော်ပါးနေချိန်မှာ ဇနီးဖြစ်သူကတော့ မျက်လုံးကန်းအောင် နှိပ်စက်ခံခဲ့ရတယ်။ လုအန်းကို အထက်လူကြီးတွေက ရက်ရက်စက်စက် လုပ်ကြံခဲ့ပေမယ့် ကောင်းကင်ရုံးတော်ရဲ့ အကြီးမြတ်ဆုံး စစ်ဧကရာဇ်ကြီးက ဂရုတောင် မစိုက်ဘူး။ ဒီနေ့ သားအငယ်ဖြစ်တဲ့ ကျုပ် လုယောင်က မေးခွန်းထုတ်တဲ့အခါ နောင်တမရတဲ့အပြင် သတ်ဖို့ပါ ကြံလိုက်သေးတယ်။ မိသားစုအပေါ်တောင် သစ္စာမရှိတဲ့ ဒီလိုအပြစ်သားမျိုးက ကောင်းကင်ရုံးတော်ကို ကိုယ်စားပြုပြီး စစ်တပ်ကို ဦးဆောင်ဖို့ ထိုက်တန်ပါရဲ့လား"

အင်မော်တယ်များ၏ စိတ်ဝင်စားမှုရေချိန် မြင့်တက်လာသည်နှင့်အမျှ သူက ပို၍ ဒေါသထွက်လာသည်။

"ဒါတွေအားလုံးက အမှန်တရား ဖြစ်ပါတယ်။ အန်းယောင်ဆိုတဲ့ နာမည်ဟာ သက်သေပါပဲ။ လုဖန်အကြောင်း ကောင်းကင်ပျံသန်းမြို့တော်မှာ ဘယ်သူ့ကို မေးမေး သိနိုင်ပါတယ်။ ကျုပ်က အသက်နဲ့ရင်းပြီး အာမခံရဲတယ်"

စကားဆုံးသောအခါ ပတ်ဝန်းကျင်သည် ပိုမို တိတ်ဆိတ်သွားကာ အင်မော်တယ်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ အမှန်တရားက မည်သူမျှ တွေးမကြည့်ဖူးလောက်အောင် ထူးဆန်းပြီး အချိုးအကွေ့ များလွန်းကာ စစ်ဧကရာဇ်၏ သားအရင်း ဖြစ်နေသော်လည်း ဆက်ဆံရေးတွင် ရန်ကြွေးများ ပြည့်နှက်နေ၏။ မိဖုရားကျောက်က စူးစမ်းချင်ရုံသက်သက် မေးခွန်းထုတ်လိုက်သော်လည်း တစ်ဖက်လူမှာ စစ်ဧကရာဇ်ကို ပေါ်တင်စိန်ခေါ်လိမ့်မည်ဟု မျှော်လင့်မထားပေ။ ဤသတင်းမျိုးက အဆင့်တစ် အရာရှိတစ်ယောက်ကို ဂုဏ်သတင်း ပျက်စီးစေကာ ကြားလိုက်ရသူ အများအပြား ရှိနေသောကြောင့် သေချာပေါက် ပျံ့နှံ့သွားပေလိမ့်မည်။ လူတိုင်းက အဆုံးအဖြတ်ပေးမည့် သူမကို ဝိုင်းကြည့်နေသောအခါ ချောင်းဟန့်၍ မျက်နှာထားတင်းတင်းဖြင့် ကြေညာပေးခဲ့သည်။

"စိတ်ချပါ။ လုဖန်က မင်းပြောသလိုဆိုရင် ငါကိုယ်တိုင် အရေးယူလိုက်ပါတယ်။ သူ့အမှားတွေကို ပြင်ဆင်ပြီး မင်းတို့မိသားစုအတွက် လျောကြေးပေးစေရပါမယ်"

သူမက စကားကို ချိန်ချိန်ဆဆ ပြောလိုက်ခြင်း ဖြစ်ကာ လုဖန်ကို ရာထူးမှ ဖယ်ရှားရန် မလုံလောက်သော်လည်း ယွမ်ရှောင် ခန့်မှန်းထားသလောက်ပင်။ သူက အငြှိုးကြီးမားသူ တစ်ယောက်ဖြစ်ကာ ဖရိုဖရဲ မူလဝိညာဥ်အားကိုးဖြင့် ထင်တိုင်းကြဲနေသော ကူးပြောင်းလာသူ လုဖန်ကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်၏။ လက်ရှိတွင် သူက တိုက်ခိုက်ရေးစွမ်းအားချင်း မယှဥ်သာသေးသော်လည်း နည်းလမ်းပေါင်းစုံဖြင့် ဒုက္ခပေးနိုင်စွမ်း ရှိနေသည်။

"မိဖုရားကြီး၊ ဒီနေ့ လုဖန်ရဲ့ တိုက်ခိုက်မှုက ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်တာပါ။ ဒီကောင် နောင်တရဖို့လည်း ကျုပ် မတောင်းဆိုချင်သလို လျော်ကြေးလည်း မလိုအပ်ဘူး။ အခုကစပြီး ဘာပတ်သက်မှုမှ မရှိဘူးဆိုတာကိုပဲ ကြေညာချင်ပါတယ်"

ထို့နောက် သူက ဒေါသမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အားလုံးကို ဝေ့ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ ဤစကားက သက်ရောက်မှု ကြီးမားပြီး သူ၏ ပါရမီအပေါ် စိတ်ဝင်စားနေသော အင်မော်တယ်များကို မရိုးမယွ ဖြစ်လာစေသည်။

"လှုပ်ရှားရမယ့် အချိန် ရောက်ပြီ"

ထိုက်စွေ့သူတော်စင်သည် မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်၍ ဤသို့ စဥ်းစားလိုက်သော်လည်း စစ်ဧကရာဇ် လုဖန်ကို ဆန့်ကျင်ဘက် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် တွန့်ဆုတ်နေ၏။

"အခုက အကောင်းဆုံး အခွင့်အရေးပဲ။ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"

ယွမ်ရှောင်နှင့် လုဖန်က ပွင့်ပွင့်လင်းလင်း ရန်သူများ ဖြစ်ကုန်သောကြောင့် အင်မော်တယ်ပြိုင်ပွဲ၏ တိုက်ပွဲများတွင် ဒေါသများ ပေါက်ကွဲလာမည်မှာ သေချာသည်။ ထိုအခိုက်တွင် နတ်ဘုရားဂိတ် ရှိသော အရပ်မျက်နှာဘက်မှ ခရမ်းရောင် လျှပ်စီးကြောင်းတစ်ခုက တဝုန်းဝုန်း ပြေးဝင်လာသည်။ သူတို့အနား ရောက်သောအခါ ခရမ်းရောင် ဝတ်ရုံ ခြုံလွှမ်းထားသော ချောမောခန့်ညားသည့် လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းသွား၏။ ရုပ်ရည်အားဖြင့် ငယ်ရွယ်ပုံပေါက်သော်လည်း သူ၏ အရှိန်အဝါက မိုးကြိုးပမာ ပြင်းထန်စူးရှပြီး ပတ်ဝန်းကျင်ရှိ လေးစားရိုသေမှုကို ရယူထားနိုင်လေသည်။

All Chapters