ထိုဆေးအိုး၊ ထို တေးသံ၊ ထို ခေတ်...
Vol. 23 Ch. 308
စုမင်သည် လသာဆောင်ပေါ်တွင် မတ်တပ်ရပ်နေစဉ် ထိုစကားတို့ကိုကြားသောအခါ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သားရဲအရေကို ထုတ်ယူလိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ရာ သားရဲအရေသည် အဘိုးအိုထံသို့ ဦးတည်ပျံသန်းသွားသည်။ အဘိုးအိုသည် ထိုအရာကို ဖမ်းယူကာ ဖွင့်ဖတ်လိုက်သည်နှင့် အထဲတွင်ပါသောအကြောင်းအရာကို ဖတ်မိသည့် အခိုက်အတန့်တွင် သူ့အမူအယာက ထူးဆန်းသွားခဲ့သည်။
မျက်လုံးများအတွင်း ဒေါသများတောက်လောင်နေသော ကျီရှန်သည် စုမင်ဘေးတွင်ရပ်နေခဲ့သည်။ ဤလူက ထိုမျှ အရှက်မရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့မိချေ။ သူ ပစ္စည်းတစ်ခုကိုသာ ဝယ်မည်ဟု သူတို့သဘောတူထားခဲ့သော်လည်း စုမင် ယခုလိုလုပ်လိမ့်မည်ဟုတော့ သူမ မျှော်လင့်မထားမိပေ။ အမှန်စင်စစ် သူမသည် ဤမတိုင်ခင်က ကိစ္စရပ်များကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိသည် မှန်သော်လည်း ဤအပြောင်းအလဲမျိုး ဖြစ်လာလိမ့်မည်ဟုတော့ မထင်ခဲ့မိချေ။
“အဲဒီသားရဲအရေက နည်းနည်းကျိုးပဲ့ပျက်စီးလွယ်တယ်။ ကလန် အကြီးအကဲဖုန်း၊ ကျေးဇူးပြုပြီး ညင်ညင်သာသာကိုင်နော်။ အဲဒါသာပျက်စီးသွားရင် ကျုပ်တို့အတွက် အကျိုးရှိမှာမဟုတ်ဘူး” စုမင် ကျီရှန်၏အကြည့်ကို လျစ်လျူရှုထားပြီး ထိုအစား ဆံပင်ပြာအဘိုးအိုကိုသာ ကြည့်လျက် အေးအေးဆေးဆေး ပြောဆိုလိုက်သည်။
ဆံပင်ပြာအဘိုးအို ခဏတာငြိမ်သက်သွားခဲ့သည်။ သားရဲအရေထံမှ အကြည့်ပြန်လွှဲလိုက်ပြီး သူ့မျက်နှာပေါ်တွင် တွန့်ဆုတ်နေသောအမူအယာတစ်ခု ပေါ်လာခဲ့သည်။
အဘိုးအို၏ အမူအယာပြောင်းလဲသွားခြင်း၊ စုမင်၏ စကားလုံးများနှင့် ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀၀ ဟူသော ဟာသဈေးနှုန်းတို့သည် လူအားလုံး၏ အာရုံကို ဖမ်းယူသွားပြီး သူတို့၏ သိလိုစိတ်များကို နှိုးဆွသွားခဲ့သည်။ ဆွေးနွေးသံများထွက်ပေါ်လာပြီး တစ်ဖြည်းဖြည်း ပိုမိုကျယ်လောင်လာကာ အဆုံးတွင်တော့ ကျွက်ကျွက်ထိုး ဆူညံသံများအဖြစ် ပြောင်းလဲသွားတော့သည်။
“သူ့ကို ပေးလိုက်။ ဘာတွေဖြစ်နေလဲဆိုတာ ကလန်ကိုပြန်ရောက်တာနဲ့ ငါရှင်းပြမယ်”
ဆူညံသံများ ပိုမိုကျယ်လောင်လာပြီး လူအများ၏ ဤကိစ္စအပေါ် စိတ်ဝင်စားမှုသည် လေလံပွဲအပေါ် စိတ်ဝင်စားမှုထက် ပိုမိုသာလွန်သွားပုံ ပေါ်လာသည့်အချိန်မှာပင် စိတ်ဆိုးဒေါသထွက်နေဟန် အသံတစ်သံသည် အဋ္ဌမမြောက်အခန်းအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ဆံပင်ပြာအဘိုးအို၏ မျက်လုံးများအတွင်း တောက်ပသောအကြည့်တစ်ခု ပေါ်လာသည်။ သူ့လက်များအတွင်းရှိ သားရဲအရေသည် ဖုန်မှုန့်များအဖြစ် ချက်ချင်းပျက်စီးသွားပြီး တစ်ချိန်တည်းမှာပင် ဆံပင်ပြာအဘိုးအို၏ အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ဒီပစ္စည်းကို အခု မင်းပိုင်သွားပါပြီ။ အခု ကျွန်တော်တို့ နောက်ပစ္စည်းတစ်ခုဆီ ပြောင်း...”
သို့သော် သူ့စကားမဆုံးခင်မှာပင် စုမင်က ရုတ်တရက်ထပြောလိုက်ရာ သူ့အသံသည် အဘိုးအို၏အသံနှင့် တစ်ချိန်တည်းထွက်ပေါ်လာသလို ဖြစ်သွားခဲ့သည်။
“နေဦး။ ဒီပစ္စည်းကို ကျွန်တော်ပိုင်သွားပြီဆိုမှတော့ ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့ ခင်ဗျားကိုတောင်းဆိုချင်တယ်။ ဒီပစ္စည်းကို ကျွန်တော့အတွက် လေလံတင်ပေးစေချင်တယ်”
အဘိုးအိုသည် နောက်တစ်ကြိမ် ခေါင်းမော့လာပြီး စုမင်အား စူးစူးဝါးဝါး စိုက်ကြည့်လာသည်။ သူ့မျက်လုံးများအတွင်း၌လည်း ရန်လိုဟန်များ ပေါ်လာခဲ့သည်။
“ဒါက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်။ ငါခွင့်မပြုဘူး”
“ငါ ဒီပစ္စည်းကို အခုလေလံတင်လိုက်ပြီ။ အမြင့်ဆုံးဈေးပေးနိုင်တဲ့သူ ဒါကိုရလိမ့်မယ်။ လေလံကြမ်းခင်းဈေးကို... ကျောက်ဒင်္ဂါး ၅၀၀၀၀၀၀မှာ ထားလိုက်ရအောင်၊ စလိုက်ကြမလား။ ငါ ရနိုင်သမျှ ယူရမှာပဲ။ ဒီတော့ ငါ့ရဲ့ အဖွဲ့ဝင် တပည့်မိတ်ဆွေတို့ မင်းတို့ လေလံဝင်ဆွဲကြမယ်လို့ မျှော်လင့်ပါတယ်”
အဘိုးအို စကားပြောလိုက်ချိန်မှာပင် လေလံခန်းမအတွင်း၌ စုမင်အသံက အဘိုးအိုအသံနှင့် တစ်ချိန်တည်းလိုလို ထပ်မံထွက်ပေါ်လာပြန်သည်။
လေလံခန်းမအတွင်း ရယ်မောသံများ ချက်ချင်းထွက်ပေါ်လာသည်။ လေလံပွဲသို့ လာရောက်နိုင်သူများအားလုံးသည် အေးခဲကောင်းကင်ကလန်အတွင်း အဆင့်အတန်းတစ်ခုစီ ရှိကြသူများဖြစ်သည်။ အကယ်၍ သူတို့သည် အေးခဲကောင်းကင်ကလန်မှ တပည့်မဟုတ်လျှင်တော့ အနီးတစ်ဝိုက်ရှိ မျိုးနွယ်စုများမှ အစွမ်းထက်မာန်စွမ်းအားရှင်များ ဖြစ်ပေလိမ့်မည်။ အနောက်ပိုင်းပင်လယ်ကလန်နှင့် စုမင်တို့အကြား မည်သူ့ဘက်သို့ ပူးပေါင်းချင်လဲဆိုသည်မှာ သူတို့အတွက် အလွယ်တကူ ဆုံးဖြတ်နိုင်သောအရာဖြစ်သည်မှာ သဘာဝပင်။
အထူးသဖြင့် ကောင်းကင်ရှာမန်လှံရှည်သည်လည်း ဤနေရာရှိ လူများစွာအပေါ် မယုံနိုင်လောက်အောင် ဆွဲဆောင်ထားနိုင်ခဲ့သေးသည်။ ယခင်က လေလံဝင်ဆွဲခဲ့ကြသူများသည် သူတို့ထိုအရာကို မရရှိနိုင်တော့ဟု မူလကတွေးထင်နေကြခြင်းဖြစ်ပြီး စုမင်စကားကို ကြားလိုက်ရချိန်တွင် စိတ်မကောင်းစွာ သက်ပြင်းချလျှင်ချ၊ မဟုတ်လျှင် သူတို့နှလုံးသားအတွင်း အခြားအတွေးများ ကြံစည်တွေးတောနေကြခြင်းဖြစ်သည်။ သူတို့သည် ချက်ချင်းလှုံ့ဆော်ခံလိုက်ရချေသည်။
“၆၀၀၀၀၀၀”
“၇၀၀၀၀၀၀”
“၈၀၀၀၀၀၀”
“၁၀၀၀၀၀၀၀” သူတို့သည် ထိုဈေးနှုန်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာကြသော်လည်း ဤတစ်ကြိမ် လေလံဝင်ဆွဲလိုက်သူသည်တော့ တတိယအခန်းမှ မဟုတ်ပဲ အဋ္ဌမမြောက်အခန်းမှ ပိန်ချုံးနေသောအဘိုးအိုပင် ဖြစ်သည်။
စုမင်နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့ဘေးမှနေ၍ သူ့အား အေးစက်စွာစိုက်ကြည့်နေသော ဒေါသပေါက်ကွဲနေသည့် ကျီရှန်ကို စုမင်တစ်ချက်လှည့်ကြည့်လိုက်သည်။
သူမ ကျီချဲကိုအရှက်ခွဲပြီး၊ သူနှင့် ထျန်းလန်မုန်တို့အကြား ပဋိပက္ခဖြစ်ပွားစေလိုခဲ့သည့် အချိန်များတွင် စုမင် ဤအမျိုးသမီး၏ ရန်စမှုများစွာကို သည်းခံခဲ့သည်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် အနာဂါတ်တွင် ယခုလိုအဖြစ်အပျက်မျိုး ဖြစ်ပျက်လာမည်ဆိုသည်ကိုပင် စုမင်စိတ်ကူးကြည့်ခဲ့ပြီး ဖြစ်သည်။
“ရှင်က အရမ်းစက်ဆုပ်ဖို့ကောင်းတယ်”
ကျီရှန်ရင်ဘတ်သည် ဒေါသတို့ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်လို့နေ၏။ စုမင်အားခုန်အုပ်ကာ အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေဟန်ဖြင့် သူမပုံစံက အလွန်စိတ်ဆိုးနေပုံပေါ်သည်။
တတိယအခန်းအတွင်းရှိလူသည် နဂါးနက်တစ်ကောင်ပုံ ချည်ထိုးထားသော ဝတ်ရုံများအား ဝတ်ဆင်သည့် လူငယ်ဖြစ်ပြီး အစကနဦးက လှံရှည်ကို ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀ဖြင့် လေလံဈေးပေးခဲ့သူလည်း ဖြစ်သည်။
ထိုအချိန်တွင်တော့ သူသည် တတိယမြောက်အခန်းထဲတွင် မျက်နှာထက်၌ အပြုံးတစ်ခုဖြင့် ထိုင်နေချေသည်။
“အဲဒီ စုမင်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ”
လူငယ်ဘေး၌ရပ်နေသူသည် ကောင်းကင်ဘုံတံခါးဝမှ အဘိုးအိုဖြစ်သည်။ အဘိုးအိုသည် သဘောကျနေသော အပြုံးတစ်ခုဖြင့် ခေါင်းခါယမ်းလိုက်သော်လည်း စကားတော့ပြန်မပြောခဲ့ပေ။
“၂၀၀၀၀၀၀၀” လူငယ်သည် ဝိုင်ခွက်ကို ကောက်ကိုင်ကာ နှစ်ငုံခန့် သောက်ပြီးနောက် ပြောလိုက်သည်။
အခန်းအတွင်းမှထွက်ပေါ်လာသော သူ့အသံသည် လေလံခန်းမအတွင်း ပဲ့တင်ထပ်နေပြီး လူများအကြား နောက်ထပ်ထိတ်လန့်တုန်လှုပ်မှုတစ်ခုကို လှုံ့ဆော်ပေးလိုက်ပြန်သည်။ လေလံပွဲအတွင်း ယခုအထိ ရတနာများစွာထုတ်ယူလာခြင်း မရှိသေးသော်လည်း ထိုနေရာတွင်ရှိနေသူများအတွက်တော့ လေထုသည် အမြင့်ဆုံးသို့ရောက်ရှိနေခဲ့ချေပြီ။
“၂၁၀၀၀၀၀၀” ခဏတာတိတ်ဆိတ်မှုအပြီးတွင် အဋ္ဌမမြောက်အခန်းအတွင်းရှိ အသံက နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာသည်။
“၃၀၀၀၀၀၀၀” တတိယမြောက်အခန်းအတွင်းမှ လူငယ်က အေးအေးဆေးဆေးပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင်တော့ စိတ်ဝင်စားဟန်အမူအယာတစ်ခု ရှိနေပြီး ရုတ်တရက်ဆိုသလို စုမင်အားလည်း အနည်းငယ်ပိုမိုလေးစားသွားရသည်။
“၃၁၀၀၀၀၀၀” ခဏအကြာတွင် အဋ္ဌမမြောက်အခန်းအတွင်းမှ ခြောက်ကပ်ကပ်အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
“၃၉၀၀၀၀၀၀” ဤတစ်ကြိမ် လေလံဝင်ဆွဲလိုက်သူသည် တတိယမြောက်အခန်းအတွင်းမှ လူငယ်မဟုတ်ပဲ လေလံခန်းမထောင့်ရှိ နေရာလွတ်တွင်ရှိနေသော ထျန်းလန်မုန်ပင်ဖြစ်သည်။
ထျန်းလန်မုန်သည် သူမနားသယ်စပ်မှ ဆံနွယ်အား လက်ဖြင့်ရစ်ပတ်ကစားနေရင်းမှ တည်ငြိမ်သောအမူအယာဖြင့် အသာအယာပြောဆိုလာခဲ့ခြင်း ဖြစ်သည်။
လေလံခန်းမအလယ် ကျောက်တိုင်ပေါ်တွင်ရပ်နေသော အဘိုးအို၏မျက်နှာထက်တွင် မယုံနိုင်လောက်အောင်ပင် စိတ်ဆိုးဒေါသထွက်နေသည့် အမူအယာတစ်ခု ရှိနေခဲ့သည်။ သူသည် မူလက ဤအရာကို ရပ်တန့်ပစ်ချင်ခဲ့သော်ငြား အဋ္ဌမမြောက်အခန်းအတွင်းမှ ကလန်အကြီးအကဲဟိုင်သည်ပင် လေလံဝင်ဆွဲလာသဖြင့် မသင့်လျော်သောအရာက ကျိုးကြောင်းဆီလျော်သောအရာအဖြစ် ပြောင်းလဲသွားခဲ့ရချေပြီ။
ကလန်အကြီးအကဲ ဟိုင်အနေဖြင့် လေလံဝင်ဆွဲမှဖြစ်မည်ဆိုသည်ကိုလည်း သူသိနေခဲ့သည်။ ကလန်အကြီးအကဲဟိုင်သည် စုမင်အား ဤအရာကို လေလံတင်စေချင်ခဲ့သည်ဟုပင် ပြောဆိုနိုင်၏။ ထိုသို့သာ မဖြစ်ပျက်ခဲ့ပါက ကလန်သို့ပြန်ရောက်သည်နှင့် သူရှင်းပြနိုင်တော့မည် မဟုတ်ချေ။
ကလန်အကြီးအကဲဟိုင်သာ ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀၀ကို အမှန်တစ်ကယ်ထုတ်ယူ၍ ကလန်သို့ပြန်လည်ပေးချေနိုင်ခြင်း မရှိခဲ့လျှင် သူ့ရန်သူများကသာ ဝင်ရောက်စွက်ဖက်ရန် ကြိုးစားကြမည်ဆိုပါက ဤကိစ္စသည် ပိုမိုဆိုးရွားသွားရုံသာ ရှိပေလိမ့်မည်။
“၄၀၀၀၀၀၀၀” ဒေါသတကြီးအသံသည် အဋ္ဌမမြောက်အခန်းတွင်းမှ နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာပြီး ဧရိယာတစ်လျှောက်လုံး ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထျန်းလန်မုန် အသာအယာပြုံးလိုက်ပြီး ဈေးထပ်တိုးမပေးတော့ပေ။
တတိယအခန်းတွင်းမှ လူငယ်ကမူ ဝိုင်ခွက်ကိုပြန်ချလိုက်ရင်း ခဏတာစဉ်းစားနေလိုက်သည်။ ထို့နောက် အပြုံးတစ်ခုဖြင့် ခေါင်းခါယမ်းလိုက်ပြီး ဈေးထပ်တိုးမပေးတော့ရန် ဆုံးဖြတ်လိုက်ချေသည်။
“ခင်ဗျားက ဒီဈေးနှုန်းကို ပေးပြီးပြီဆိုမှတော့ လှံရှည်ရဲ့ပိုင်ရှင်ကို ပိုက်ဆံပေးရတော့မှာနော်။ အကယ်၍ အဲဒါက ဈေးမှားပေးမိတာဆိုရင်တော့ ခင်ဗျားလည်း အပြစ်ပေးခံရလိမ့်မယ်”
လူငယ်သည် နောက်ထပ်ဈေးတိုးပေးခြင်း မပြုတော့သော်လည်း စုမင်နှင့် ရင်းနှီးဖို့ ထိုစကားများကိုသုံးရန် ဝန်မလေးခဲ့ပေ။ ထို့အပြင် သူ့အတွက် အနောက်ပိုင်းပင်လယ်ကလန်မှ ကလန်အကြီးအကဲတစ်ဦးနှင့်ပက်သက်၍လည်း စိတ်ပူနေစရာမလိုသောကြောင့် ဖြစ်သည်။
စုမင် တတိယအခန်းဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ထိုအသံနှင့်ပက်သက်၍ စိတ်ထဲတွင်မှတ်သားထားလိုက်သည်။ မကြာမီမှာပင် တစ်စုံတစ်ယောက်က အခန်းတံခါးကို လာခေါက်လေသည်။ ကျီချဲသည် တံခါးသွားဖွင့်ပြီးသည်နှင့် သိုလှောင်အိတ်တစ်လုံးကို ယူလာကာ စုမင်ထံ တည်ငြိမ်စွာ လှမ်းပေးလာသည်။
စုမင် သိုလှောင်အိတ်ကိုယူ၍ ၎င်းကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးလိုက်ပြီးနောက် သိမ်းဆည်းလိုက်သည်။ ထို့နောက်သူသည် စိတ်ခံစားချက်များ၏ လှုံ့ဆော်ခံလိုက်ရသဖြင့် စိတ်လှုပ်ရှားနေသည့်ပုံဖြင့် မိမိကိုယ်ကို စကားပြောလိုက်သလိုနှင့် ကျီရှန်အားပြောဆိုလိုက်သည်။
“ဒီငွေပမာဏနဲ့ဆိုရင် အခု ငါပစ္စည်းတိုင်းကို လေလံဝင်ဆွဲလို့ရပြီ။ အရင်က ငါ့အိတ်ထဲမှာ ဘာဒင်္ဂါးမှမရှိတာကြောင့် ဘာကိုမှ လေလံဝင်မဆွဲရဲခဲ့ပေမယ့် အခုတော့ အဲဒီလိုနေစရာမလိုတော့ဘူး”
“ရှင့်လောက် အရှက်မရှိတဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး။ စုမင် ရှင်က အရှက်ကိုမရှိဘူး။ ရှင်က အရမ်းစက်ဆုပ်ဖို့ကောင်းတယ်”
ကျီရှန်သည် အလွန်ဒေါသထွက်နေသဖြင့် သူမမျက်နှာကပင် ဖြူရော်သွားခဲ့သည်။ စုမင်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်ပြီးနောက် အခန်းတွင်းမှ ဒေါသတကြီးထွက်ခွာသွားသည်။ သို့သော် ထိုဒေါသများက သူမ၏ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုမို၍ပင် ဆွဲဆောင်မှုရှိသွားစေသည်။
ကျီချဲသည် ထွက်ခွာသွားသော ကျီရှန်ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါယမ်း၍ အကြည့်ပြန်လွှဲလိုက်သည်။ သူ့နှလုံးသားထဲတွင်တော့ ဤနေရာတွင် စုမင်၏ ဒုတိယစီနီယာအစ်ကို ရှိမနေခြင်းအတွက် ကောင်းကင်ဘုံအား ကျေးဇူးတင်မိနေချေ၏။ အကယ်၍ အစ်ကိုနှစ်သာရှိနေခဲ့မည်ဆိုလျှင် စုမင်ထက် ပို၍အရှက်မဲ့သောတစ်စုံတစ်ယောက် ရှိနေသေးကြောင်း ကျီရှန် အမှန်တစ်ကယ် နားလည်သွားပေလိမ့်မည်။
အကယ်၍ ဟူကျီသာ ရှိနေလျှင်တော့ ကျီရှန်သည် အေးခဲကောင်းကင်နယ်မြေထဲတွင် ရှိနေစဉ် သူမ မည်သည့်ဘဝမျိုး ကြုံတွေ့ရမည်ကိုသဘောပေါက်၍ ရူးသွပ်သွားပေလိမ့်မည်...
စုမင်တစ်ဦးတည်းနှင့် တွေ့ဆုံခဲ့ရသည်မှာ သူမ ကံကောင်းပေသည်။
လေလံဈေးသည် ကျောက်ဒင်္ဂါး ၄၀၀၀၀၀၀၀ ဟူသော ပမာဏကို ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် လေလံပွဲအတွင်း ဆူညံသံများလည်း ငြိမ်ကျသွားခဲ့ပြန်သည်။ ဆံပင်ပြာအဘိုးအို၏ မျက်နှာပေါ်တွင် စိတ်ဆိုးဒေါသထွက်နေဟန် အမူအယာတစ်ခုရှိနေသော်လည်း လေလံတင်ရောင်းချခြင်းကို သူဆက်လုပ်ရပေမည်။ ကျန်ရှိနေသည့် ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး လူအုပ်၏အာရုံစိုက်မှုကို ပြန်လည်ရယူရန်ကြိုးစားလျက်
လေလံပွဲအား ၎င်း၏လမ်းကြောင်းပေါ် ပြန်ရောက်လာစေလိုက်သည်။
ကောင်းကင်ကြီး စတင်မည်းမှောင်လာပြီး ရက်ပေါင်းများစွာကျင်းပမည့် လေလံပွဲ၏ ပထမဆုံးနေ့ အဆုံးသတ်ခါနီးသို့ ရောက်လာသောအခါ လေလံပွဲကော်မတီသည် ယခုနေ့၏ နောက်ဆုံးရောင်းချမည့်ပစ္စည်းကို ထုတ်ယူလာခဲ့ရာ လေလံခန်းမအတွင်းရှိ လေထုက နောက်တစ်ကြိမ်ထပ်မံပူပြင်းလာပြန်သည်။
“မဟာယုမင်းဆက်ပြည်ထောင်က ကျုပ်တို့မာန်စွမ်းအားရှင် မျိုးနွယ်စုရဲ့ မြင့်မြတ်သောနယ်မြေပါ။ မဟာဘာရန်ဆေးအိုးကလည်း တိုင်းပြည်ရဲ့ မြင့်မြတ်ရတနာပစ္စည်းတစ်ခုဖြစ်လို့ အဲဒါကို မာန်စွမ်းအားရှင်မျိုးနွယ်စုပိုင် ပစ္စည်းတစ်ခုလို့တောင် ယူဆနိုင်ပါတယ်။ မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ အခမ်းနားဆုံး၊ အကြီးကြယ်ဆုံး ခေတ်အချိန်ကဆိုရင် ဒီဆေးအိုးကို ပစ္စည်းအားလုံးရဲ့ အကြီးမြတ်ဆုံးအရာလို့တောင် ယူဆနိုင်ခဲ့ကြတယ်။ ဆေးအိုးတစ်လုံးပုံစံနဲ့ ဖန်တီးပြုလုပ်ခံခဲ့ရတဲ့ ပစ္စည်းအားလုံးမှာ ကောင်းကင်ဘုံကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ မယုံနိုင်ဖွယ်အစွမ်းတွေပါဝင်လို့ သူတို့က အရမ်းရှားပါးကြတယ်”
“အခုတော့ မဟာယုမင်းဆက်ပြည်ထောင် တည်ရှိနေသေးလား ဆိုတာလည်း ကျွန်တော်တို့ တို့မသိကြတော့သလို... မျိုးနွယ်စုပိုင်ရတနာဖြစ်တဲ့ မဟာဘာရန်ဆေးအိုး ဘယ်နေရာမှာတည်ရှိတယ် ဆိုတာကိုလည်း ကျွန်တော်တို့မသိရတော့ဘူး... အမှန်တော့ သူတို့မျိုးဆက်ဖြစ်တဲ့ ကျွန်တော်တို့တွေက ဆေးအိုးပုံစံ တစ်ခြားပစ္စည်းတွေ ဖန်တီးပြုလုပ်နိုင်ခဲ့ကြရင်တောင် ဆေးအိုးဖန်တီးချိန်မှာ ဖြစ်ပေါ်လာမယ့် အပျက်အစီးတွေကို ခေါင်းခံနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အရမ်းခက်ခဲနေလိမ့်မယ်”
“ဆေးအိုးတစ်အိုး ဖြစ်တည်ပုံပေါ်လာတာနဲ့ အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာမှာဖြစ်ပြီး အဲဒါက အရမ်းပြင်းထန်လွန်းလို့ မာန်ဝိညာဉ်နယ်ပယ်က အစွမ်းထက်မာန်စွမ်းအားရှင်တစ်ယောက်တောင် ပေါက်ကွံမှုကို ခံနိုင်မှာမဟုတ်တဲ့အကြောင်း ကျွန်တော်တို့အားလုံး သိကြပါတယ်...”
“ရှေးခေတ်ဟောင်းကာလအတွင်းမှာတောင် ဆေးအိုးတွေနဲ့ ဆေးအိုးပုံစံ ရတနာတွေက လက်တစ်ဆုပ်စာပဲ ရှိခဲ့တာ။ အခုတော့ ကျွန်တော်က သူတို့အထဲက တစ်ခုကိုထုတ်ယူလာခဲ့ပါပြီ”
“ဒီဟာက ဆေးအိုးပုံစံပြုလုပ်ထားတဲ့ ရတနာတစ်ခုဖြစ်ပြီး သူ့ချိပ်အစီအရင်တွေက အခုထိ ကျန်ရှိနေသေးတယ်။ အဲဒါကို အနောက်ပိုင်းပင်လယ်ကလန်က ရှာမတွေ့ခင်အချိန်အထိ ကမ္ဘာမြေထောင့်တစ်နေရာမှာ နှစ်ပေါင်းများစွာ မြုပ်နှံထားခံခဲ့ရတယ်... အိုးအတွင်းမှာ ချိပ်ပိတ်ထားတဲ့ တစ်စုံတစ်ရာရှိနေနိုင်ပေမယ့် မဖွင့်နိုင်ပါဘူး”
“အနောက်ပိုင်းပင်လယ်ကလန်က ကျွန်တော်တို့တွေ အဲဒါကို အချိန်တော်တော်ကြာ စစ်ဆေးခဲ့ပေမယ့် မဖွင့်နိုင်ခဲ့ပါဘူး။ အခုတော့ အဲဒါကို အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးက လူတွေဆီ လေလံတင်ရောင်းချဖို့ ဒီနေရာဆီ ယူဆောင်လာခဲ့ပါပြီ။ ကံကြမ္မာရဲ့ ရွေးချယ်ခံရသူတွေသာ အဲဒါကိုဖွင့်နိုင်ပါလိမ့်မယ်။ ဒီပစ္စည်းက မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ ရတနာတစ်ခုဖြစ်ပြီး မည်သည့်မျိုးနွယ်စု၊ မည်သည့်ကလန်နဲ့မှ သက်ဆိုင်ခြင်းမရှိပါဘူး... ကျွန်ုပ်ရဲ့ အေးခဲကောင်းကင်နယ်မြေထဲက အဖွဲ့ဝင်မိတ်ဆွေတို့ မင်းတို့အထဲက တစ်ယောက်ယောက်ကတော့ ဒါကိုပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
အဘိုးအိုအသံသည် ပိုမိုကျယ်လောင်လာပြီး မိုးခြိမ်းသံတစ်ခုသဖွယ် ခန်းမတစ်ခုလုံး ပျံ့နှံ့မြည်ဟီးသွားသည်။ သူ့နောက်တွင် ပင်လယ်နဂါးကိုးကောင်သည် လေထဲသို့ကူးခတ်ပျောက်ကွယ်သွားကြပြီး တွန့်လိမ်ပုံပျက်မှုများအတွင်းမှ ဖြည်းညင်းစွာပြန်လည် ကူးခတ်ထွက်လာကာ နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ ၎င်းတို့ကိုယ်ပေါ်တွင် ပေ၁၀၀၀အရွယ်အစားရှိ ဧရာမအိုးကြီးကို သယ်ဆောင်လာခဲ့ကြသည်။
အိုးကြီးက အလွန်ကြီးမားပြီး ၎င်းပေါ်လာချိန်တွင် မယုံနိုင်လောက်အောင်ပင် ဖိနှိပ်သော ခံစားချက်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။ အိုးကြီးနှင့်ယှဉ်လျှင် လူများသည် ပုရွက်ဆိတ်လောက် သေးငယ်ခြင်းမရှိသော်လည်း ၎င်းအရှေ့တွင် သူတို့သည် ဘာမှမဟုတ်သောအရာများ ဖြစ်နေဆဲပင်။
ရေသူမကိုးကောင်သည် အိုးကြီးကိုဝန်းရံနေကြပြီး သူတို့၏ သီချင်း သီဆိုသံများက လေထဲသို့ ပဲ့တင်ထပ်နေသဖြင့်
အိုးကြီး ယူဆောင်လာသည့် ဖိနှိပ်သောလေထုအတွင်း အံ့သြတုန်လှုပ်ဖွယ် ခံစားချက်တစ်ခု ပေါင်းထည့်ခံလိုက်ရသလိုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေသူမကိုးကောင် သီဆိုနေသော တေးသံသည် ပထမဆုံးမာန်နတ်ဘုရား ဖန်တီးခဲ့သည့် မာန်နတ်ဘုရားတေးသံ ဖြစ်နေသောကြောင့်ပင်။
ရေသူမကိုးကောင်သည် ဆေးအိုးကြီးအား ဝန်းရံလျက် ပထမဆုံးမာန်နတ်ဘုရား ဖန်တီးခဲ့သော မာန်နတ်ဘုရားတေးသံကို သီဆိုနေကြပြီး သူတို့၏ သီဆိုသံများက လေထုအတွင်း ပဲ့တင်ထပ်နေသဖြင့် အိုးကြီးကြောင့် ဖြစ်ပေါ်နေသော ဖိနှိပ်ခြင်းလေထုအတွင်း အံ့သြတုန်လှုပ်ဖွယ် ခံစားချက်တစ်ခု ပေါင်းထည့်ခံလိုက်ရသလိုပင် ဖြစ်သည်။
“ငါ မွေးဖွားခဲ့တဲ့နေရာဟာ စကြဝဠာရဲ့ နိယာမတွေအတိုင်း လုပ်ကိုင်နေဆဲ။ ငါမွေးဖွားပြီးတဲ့ အချိန်မှာ မာန်စွမ်းအားရှင်တွေဟာ တိုးတက်လာ... ကောင်းကင်ဘုံတွေမှာသာ မျက်စိတွေရှိရင် ကုန်းမြေတွေပေါ်မှာ မာန်စွမ်းအားရှင်တွေ အရိုင်းဆန်ဆန်ပြေးလွှားနေတာကို ထာဝရစောင့်ကြည့်ခိုင်းချင်ရဲ့။ နတ်ဘုရားတွေမှာသာ စိတ်ဝိညာဉ်ရှိရင် ငါဟာ နတ်ဘုရားတွေကိုတောင် အုပ်စိုးတဲ့ မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ ဘုရင်ဖြစ်လာမယ်”
“... ကောင်းကင်ဘုံတွေသာ သူတို့မျက်လုံးတွေကို မဖွင့်ရဲခဲ့ရင် ငါဟာ ကောင်းကင်ဘုံတွေကို ချိပ်ပိတ်ပစ်မယ်။ နတ်ဘုရားတွေသာ ငါ့ကို မနာခံခဲ့ရင် ဆေးအိုးတွေကိုသုံးလို့ နတ်ဘုရားတွေကို ဖျက်ဆီးမယ်။ မာန်စွမ်းအားရှင်တို့ရဲ့ သွေးမျိုးဆက်အနေအထားတွေကို ပြန်လည်တည်ထောင်မယ်... စကြဝဠာကို ဖြတ်လျက်...”
လေထုအတွင်း ရေသူမတို့၏ အသံများပဲ့တင်ထပ်နေစဉ် လေလံခန်းမကို လေးနက်သောလေထုတစ်ခုက ဖုံးအုပ်ထားသည်။ လသာဆောင်ပေါ်တွင်ရပ်နေသော စုမင်နားထဲတွင် မာန်နတ်ဘုရားတေးသံက ပဲ့တင်ထပ်လို့နေသည်။ တေးသံအတွင်းမှ စိမ့်ထွက်နေသည့် မာန်နတ်ဘုရား၏ မောက်မာမှုကို သူခံစား၍ရသလို သီချင်းစာသားများအတွင်းမှ ထွက်ပေါ်နေသည့် ကမ္ဘာပေါ်ရှိသက်ရှိအားလုံးထံမှ လေးစားမှုကိုလည်း သူကြားနေရချေသည်။
ကုန်းမြေ၏ ပိုင်စိုးသူအနေဖြင့် ကမ္ဘာကြီးအား ပြန်လည်ပြုပြင်တည်ထောင်မည် ဆိုခြင်းနှင့် သွေးမျိုးဆက်များအား ပြန်လည်တည်ထောင်မည်ဆိုခြင်းတို့မှ ထွက်ပေါ်နေသည့် သတ္တိရှိမှုနှင့် ရဲရင့်မှုများကိုပင် စုမင် ကြားနေရသည်။
“ဒါဟာ မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ အအောင်မြင်ဆုံးခေတ်ကာလ... မာန်စွမ်းအားရှင်ပေါင်းများစွာက သူတို့ဘုရင်၊ သူတို့ မာန်နတ်ဘုရားနောက်ကို လိုက်ပြီး... ကောင်းကင်ဘုံတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့ အချိန်ပဲ...” စုမင် တီးတိုးရေရွတ်လိုက်သည်။ သူ့မျက်လုံးများအတွင်း စွဲလမ်းမှုများဖြစ်ပေါ်လာခဲ့သည်။
ရေသူမတို့၏ သာယာသော သီဆိုသံများ တိုးညင်းဖျော့တော့သွားသည့် အခိုက်အတန့်မှာပင် ဆံပင်ပြာအဘိုးအို၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
“ဒီဆေးအိုးအတွက် ကြမ်းခင်းဈေးကတော့ ၁၀၀၀၀၀၀၀ ပါ... မင်းတို့ အခုလေလံစဆွဲနိုင်ပါပြီ”
***