အခန်း (၂၄၆၉-၂၄၇၀)
Vol. 177 Ch. 2469-2470
အပိုင်း(၂၄၆၉)
"ဝါး..."
စုရီက လျှို့ဝှက် အာဏာရှင်များ အဆင့် တပ်မတော်ကြီး တစ်ခုနှင့် ၎င်းအား ကွပ်ကဲနေသည့် အထွတ်အထိပ် သူတော်စင်များ၏ စွမ်အင် ကိုယ်ပွားများကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ချိန်တွင် ထျန်းရှီယာ က အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။
ရေတံခွန်ကဲ့သို့ ကျဆင်းလာသော ဓားအလင်းလှိုင်းသည် ၎င်းကို ဝါးမြိုသွားခဲ့သည်။ ၎င်းသည် ဧရာမ အရွယ်အစား ရှိနေသော်လည်း အသက်များကို တိကျပြီး ပြီးပြည့်စုံစွာ ဖြတ်တောက်သွားခဲ့သည်။ စုရီ၏ ချို့ယွင်းချက်ကင်းမဲ့သော ဓားကျင့်စဉ် အသုံးပြုမှုက သူမ၏ နှလုံးသားကို အံ့ဩမှင်တက်သွားစေခဲ့သည်။ စုရီ ၏ နောက်ဆုံး ကံကြမ္မာနှင့် ပတ်သက်၍ သူမက လျစ်လျူရှုထားသော်လည်း သူ၏ စွမ်းအားကမူ စိတ်အားထက်သန်ဖွယ် ကောင်းလှပေသည်။
မကြာမီမှာပင် စုရီ၏ တည်ငြိမ်သော လုပ်ရပ်များနှင့် စကားလုံးများသည် ပုံသဏ္ဌာန်မဲ့သော ခိုင်မာသည့် ယုံကြည်မှု အရှိန်အဟုန်တစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းက သူ၏ ပြိုင်ဘက်ကင်းသော စွမ်းအားနှင့် သူတော်စင် တစ်ဦးအဖြစ် သူ၏ အတုမဲ့ တည်ရှိမှုကို ရှင်းလင်းစွာ ပုံဖော်ပေးလိုက်သည်။
ထို့ကြောင့် အထွတ်အထိပ် သူတော်စင် တစ်ဦး၏ အဗာတာသည် မည်သည့် ကြိုတင် ညှိနှိုင်းမှုမျှ မရှိဘဲ ဆုတ်ခွာသွားခဲ့သည်။ သူစိမ်းနယ်မြေတွင် ရေနောက်နောက်၌ ဝင်ရောက်ကစားရန် ကြိုးပမ်းမှုမှ ရှုံးနိမ့်ခြင်းကို လက်ခံသွားခဲ့ခြင်း ဖြစ်သည်။ ဤအရာမှာ မကြုံစဖူးသော စွမ်းဆောင်ရည်တစ်ခုပင် ဖြစ်သည်။ သူမ၏ တစ်သက်တာတွင် ဤမျှ လွှမ်းမိုးနိုင်စွမ်းရှိသော ပါရမီရှင် တစ်ဦးကို ပထမဆုံးအကြိမ် မျက်မြင်တွေ့ရှိဖူးခြင်း ဖြစ်သည်။
အခြားသူများ ပြောပြသော ထူးခြားသည့် ဇာတ်လမ်းများသည် ဤအရာနှင့် ယှဉ်လျှင် ဘာမျှမဟုတ်တော့ချေ။
သို့သော်လည်း... သူမ မသိလိုက်သောအရာကား များစွာ ပိုမိုကြီးမားသော ထူးခြားဆန်းပြားမှုတစ်ခုက ပို၍ နီးကပ်စွာ ရှိနေခြင်းပင် ဖြစ်သည်။
စုရီ တစ်ယောက် ပြင်ပလောကမှ လာသည့် အထွတ်အထိပ် သူတော်စင် နှစ်ဦးထံမှ ဤကပ်ဘေးကို ကျော်လွှားနိုင်လိမ့်မည်ဟု ထျန်းရှီယာ ထင်မှတ်လိုက်ပြီးချိန်မှာပင် အထွတ်အထိပ် သူတော်စင် ယန်ကျိ ၏ သဘောထားက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဤအရာက မျှော်လင့်မထားသောအရာ ဖြစ်သောကြောင့် သူမက နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ အံ့ဩမှင်တက်မှုထက် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြစ်သည်။
စူးဟောင်ရန် ဤမြင်ကွင်းကို အကဲခတ်နေချိန်တွင် သူ၏ မျက်မှောင်များမှာ တဖြည်းဖြည်း ပိုမို နက်ရှိုင်းလာခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် လက်လျှော့ အရှုံးပေးမှုနှင့် လက်ခံမှုတို့ ပါဝင်နေသော ခပ်သဲ့သဲ့ သက်ပြင်းတစ်ချက်ကိုသာ ချလိုက်သည်။
အခြားသူများက သတိမထားမိကြသော်လည်း... သူ ပိုင်ဆိုင်ထားသော ကျင့်ကြံခြင်း အခြေခံ ဖြင့်ဆိုလျှင် သူ၏ အာရုံခံနိုင်စွမ်းကို ရှောင်လွှဲနိုင်သော ဆက်သွယ်မှုဟူ၍ အလွန်နည်းပါးလှသည်။
ယန်ကျိ စိတ်ပြောင်းသွားခဲ့ရသည့် အကြောင်းရင်းက ရိုးရှင်းပေသည်။ နောက်ထပ် ပုဂ္ဂိုလ်တစ်ဦး ကစားဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သောကြောင့်ပင်။
ထိုပုဂ္ဂိုလ်မှာ အစောပိုင်းက စက်ဆုပ်ဖွယ် နှင်း အရှင်သခင်၊ ချူးရှင်း (မူလ ကြယ်တာရာ အရှင်သခင်) နှင့် ဟုန်ရွှမ်နူ (ဓားမိစ္ဆာမ အရှင်သခင်) တို့အကြား ပဋိပက္ခအတွင်း ဝင်ရောက်စွက်ဖက်ခဲ့သော အထွတ်အထိပ် သူတော်စင် ပင်ဖြစ်သည်။
အရှင်သခင် ဖခင်လေး အကြွင်းအကျန် အရိုးပြာ နယ်မြေ ၏ မီးတောက်ဇုံအတွင်းသို့ ခိုးဝင်သွားပြီးနောက် အထွတ်အထိပ် သူတော်စင် နှစ်ဦးက လှုပ်ရှားခဲ့ကြသည်။ မမြင်ရသော တိုက်ပွဲတစ်ခုတွင် အချင်းချင်း အဟန့်အတား ပြုလုပ်ကာ တစ်ဦးကိုတစ်ဦး ထိန်းချုပ်ထားခဲ့ကြသည်။
ပထမတစ်ဦး၏ စွက်ဖက်မှုကို တားဆီးရန် ဒုတိယမြောက် လှုပ်ရှားခဲ့သော အထွတ်အထိပ် သူတော်စင် က ဆက်သွယ်မှုတစ်ခုကို ပေးပို့လိုက်ခြင်း ဖြစ်သည်။ အမှန်တကယ်တော့ ထိုလုပ်ရပ်ကို ဖုံးကွယ်ရန် မည်သည့် ကြိုးစားအားထုတ်မှုမျှ မရှိသလောက်ပင် ဖြစ်သည်။ စူးဟောင်ရန် သည် အဆိုပါ အထွတ်အထိပ် သူတော်စင် နှစ်ဦးကို အကဲခတ်ခဲ့သည်။
သူတို့သည် အလယ်အလတ် အရွယ်အစားရှိ ဂြိုဟ်တစ်လုံးပေါ်ရှိ ကုန်းပြင်မြင့်တစ်ခုထက်တွင် အတူတကွ ထိုင်နေကြသည်။ လှပသော အမျိုးသမီးများနှင့် အမျိုးသားများက ပြုစုယုယနေစဉ် သရေစာများ စားသုံးကာ လက်ဖက်ရည် သောက်နေခဲ့ကြသည်။
သူတို့သည် မီးခိုးရောင် ဆံပင်များရှိသော လူအို အမျိုးသားနှစ်ဦး ဖြစ်ကြသည်။ သို့သော် သူတို့၏ တောက်ပသော မျက်လုံးများက အဆုံးအစမရှိ လန်းဆန်းတက်ကြွသော အသက်ဓာတ်များနှင့် အသက်အရွယ် ကြီးရင့်မှု၏ ရှေးဟောင်း အတွေ့အကြုံများကို ထုတ်လွှတ်နေခဲ့သည်။
တစ်ဦးက အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးကမူ အညိုဖျော့ရောင်နှင့် မီးခိုးရင့်ရောင် ရောစပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူတို့သည် သူတို့၏ ပဲ့တင်ထပ် ချီ များကို အသုံးပြု၍ တိုက်ခိုက်နေခြင်း မဟုတ်ပေ။
ထိုအစား... သူတို့တွင် မှေးမှိန်ပြီး အက်ကွဲနေသော သို့မဟုတ် တောက်ပစွာ လင်းလက်နေသော ဝိညာဉ် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် ဖဲချပ်များ စားပွဲပေါ်တွင် ရှိနေသည်။
"..."
စူးဟောင်ရန် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ အမှန်တကယ်တော့ သူသည် ဤရလဒ်ကို အပြည့်အဝ မျှော်လင့်ထားပြီး ဖြစ်သည်။
ဤအရာသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ယဉ်ကျေးမှုပင် ဖြစ်သည်။
ထို အထွတ်အထိပ် သူတော်စင် နှစ်ဦးသည် လျှို့ဝှက် ကစားပွဲ ကို တက်ကြွစွာ ကစားနေကြခြင်း ဖြစ်သည်။ ထို့အပြင် သူတို့ တစ်ဦးစီ ပိုင်ဆိုင်ထားသော ဖဲချပ်များအနက် ဖြစ်နိုင်ခြေရှိသော ဖဲချပ် ခြောက်ချပ်တွင် သုံးချပ်သာလျှင် တောက်ပနေခဲ့သည်။
ကစားပွဲကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းအားဖြင့် အထွတ်အထိပ် သူတော်စင် တစ်ဦးက ဝင်ရောက်စွက်ဖက်ရန် ဖဲချပ်တစ်ချပ်ကို ကစားခဲ့ပြီး အခြားတစ်ဦးက ၎င်းကို တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိနိုင်ပေသည်။
ထို့နောက် အခြားသော အထွတ်အထိပ် သူတော်စင် က နောက်ထပ် ဖဲချပ်တစ်ချပ်ကို ကစားခဲ့သည်။ ၎င်းသည် အထွတ်အထိပ် သူတော်စင် ယန်ကျိ ကို လှုပ်ရှားလာစေရန် ဩဇာလွှမ်းမိုးခဲ့ပုံရသည်။
စည်းမျဉ်းများ သို့မဟုတ် ကွဲပြားမှုများကို ဘေးဖယ်ထားမည်ဆိုလျှင် ဤနည်းလမ်းသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ က ဤကဲ့သို့သော အဖြစ်အပျက်များကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းပင် ဖြစ်သည်။ သူရဲကောင်း တာအို စံအိမ် နှင့် ၎င်း၏ နောက်ဆက်တွဲ ကပ်ဘေးများသည် ပါဝင်ပတ်သက်သူ အများအပြားက တိကျသော ရလဒ်တစ်ခု ထွက်ပေါ်လာစေရန် ကျယ်ပြန့်သော ကြိုးကိုင်ခြယ်လှယ်မှုနှင့် အစီအစဉ်ချမှတ်မှုတို့၏ ရလဒ်ပင် ဖြစ်သည်။
စူးဟောင်ရန်၏ အကြည့်က ထိုနှစ်ဦးထံ ကျရောက်သွားချိန်တွင် အညိုရောင်နှင့် မီးခိုးရောင် ဝတ်ရုံဝတ် အထွတ်အထိပ် သူတော်စင် က သတိထားမိသွားသည်။
သူသည် လှပသေသပ်သော လက်ဖက်ရည်ခွက်ထဲမှ တစ်ကျိုက်သောက်ကာ အရသာခံနေရင်း ကြယ်တာရာကွင်းပြင် အဆင့်ရှိ အထွတ်အထိပ် အလှပိုင်ရှင်တစ်ဦး၏ ပခုံးနှိပ်နယ်ပေးမှုကို ခံယူနေခဲ့သည်။ သူက နှုတ်ခမ်းကို ခပ်ဖျော့ဖျော့ တွန့်ကွေးလိုက်ရင်း သူက မေးလိုက်သည်။
"သူတော်စင် စူး၊ ငါတို့နဲ့ လာပူးပေါင်းမလား...”
ထိုစကားကို ကြားသောအခါ စုရီ နှင့် အထွတ်အထိပ် သူတော်စင် ယန်ကျိ တို့၏ တိုက်ပွဲကို အာရုံစိုက် အကဲခတ်ရင်း မျက်မှောင်ကုတ်ကာ စိတ်ပျက်နေသည့် အပြာရောင်ဝတ် အထွတ်အထိပ် သူတော်စင်က အေးစက်စွာ နှာမှုတ်လိုက်သည်။
သို့သော်... တတိယလူ တစ်ဦး ဝင်ရောက်လာခြင်းကိုမူ သူက ဆန့်ကျင်ခြင်း မရှိခဲ့ပေ။ စူးဟောင်ရန် သည် ဤကစားပွဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။
စူးဟောင်ရန်က အသံတိတ် အပြုံးတစ်ခုဖြင့် ရိုသေစွာ ငြင်းပယ်လိုက်သည်။ သူသည် ပြောင်းလဲမှုများစွာကို ဖြစ်ပေါ်စေနိုင်သော ပြန်လည် ဝင်စားသူ တစ်ဦးဖြစ်သည့် စုရီ နှင့် ပတ်သက်ရန် ဆန္ဒမရှိခဲ့ချေ။
"ကောင်းပြီလေ..."
အညိုရောင်နှင့် မီးခိုးရောင်ဝတ် ပုဂ္ဂိုလ်က လုံးဝ ဂရုမစိုက်ဘဲ သက်တောင့်သက်သာရှိစွာဖြင့် အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
သို့သော် အပြာရောင်ဝတ် အထွတ်အထိပ် သူတော်စင် မှာမူ ပို၍ ဒေါသထွက်လာခဲ့သည်။ သူ၏ ကျန်ရှိနေသော ဖဲချပ်နှစ်ချပ်ကို အသုံးမကျဟု အပြစ်တင်နေသည့်အလား မျက်လုံးများထဲတွင် ထုတ်မပြောသော ကျိန်ဆဲမှုများဖြင့် ကြည့်ရှုနေခဲ့သည်။
"မိုးကုပ်စက်ဝိုင်းတွေကြားက ကစားပွဲကရော ဘယ်လို အခြေအနေ ရှိနေမလဲ ဆိုတာ သိချင်မိတယ်..."
အညိုရောင်နှင့် မီးခိုးရောင်ဝတ် အထွတ်အထိပ် သူတော်စင် က သိချင်စိတ် ပြည့်နှက်နေသော လေသံဖြင့် စူးဟောင်ရန် ကို မေးလိုက်သည်။
မိုးကုပ်စက်ဝိုင်းများ ကိုယ်တိုင် လျှို့ဝှက် ကစားပွဲ အတွင်းသို့ ဝင်ရောက်နေသည့် ရာခိုင်နှုန်း အပြည့် သေချာနေသည်။ သူတို့က ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု မှ အဖွဲ့ဝင်များကို လုံးဝ လေးစားမှုမရှိဘဲ ကစားရမည့် အရုပ်များသဖွယ် သဘောထားနေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ထိုအတုအယောင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် များကို သူတို့က နက်နက်ရှိုင်းရှိုင်း မထီမဲ့မြင် ပြုထားသောကြောင့်ပင် ဖြစ်သည်။
စုရီ အနေဖြင့် ဤဂလက်ဆီ သို့မဟုတ် မည်သည့် ဂလက်ဆီ တွင်မဆို အုပ်ချုပ်သူများ၏ သွယ်ဝိုက်သော ခွင့်ပြုချက်မပါဘဲ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးကို သတ်ဖြတ်နိုင်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။
အမှန်စင်စစ်... ပြင်ပမှ လာသည့်အထွတ်အထိပ် သူတော်စင် သုံးဦး၏ စုဆောင်းရေး ကြိုးပမ်းမှုများတွင် မည်သည့် အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားသော အဂ္ဂိရတ်ပညာရှင်မျှ မပါဝင်စေရန် အစောပိုင်းကတည်းက သူတို့က သိမ်မွေ့စွာ ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။
ထိုစစ်ဆင်ရေးတွင် ဘီလူးကြီး အဖြစ် စုရီ ကို ဆန့်ကျင် တိုက်ခိုက်ရန် ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြသူအားလုံးမှာ အဂ္ဂိရတ် ဝိညာဉ် မရှိသော အဂ္ဂိရတ်ပညာရှင်များသာ ဖြစ်ကြသည်။
အကယ်၍သာ စုရီသာ အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားသော လောကရှန့်ထို တစ်ဦးကို သတ်ဖြတ်ရန် ကြိုးစားခဲ့မည် ဆိုပါက စူးဟောင်ရန် အပါအဝင် ဂလက်ဆီ အတွင်းရှိ တာအို စောင့်ရှောက်သူ တိုင်းက ချက်ချင်း အရေးယူဆောင်ရွက်ကြမည် ဖြစ်သည်။ မိုးကုပ်စက်ဝိုင်း မျှော်စင် များသည်လည်း ချက်ချင်း သက်ဝင်လှုပ်ရှားလာမည် ဖြစ်သည်။ ထို့နောက် ဝေ့ဝူယင် ကြုံတွေ့ခဲ့ရသည်ထက် မလျော့သော၊ သို့မဟုတ် ပို၍ပင် ကြီးမားနိုင်သော ကောင်းကင် စွမ်းအား များကို ပေါင်းစပ်ထုတ်လွှတ်ကာ သူ့ကို ဖိနှိပ်ကြမည် ဖြစ်သည်။
သို့သော် မိမိတို့၏ အသက်ကို မိမိတို့ကိုယ်တိုင် စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သူများမှာမူ အကာအကွယ် မရရှိခဲ့ကြပေ။ အနည်းဆုံးတော့ စစ်မှန်သော အကာအကွယ်မျိုး မရရှိခဲ့ကြချေ။
စုရီသည် ဤအချက်ကို သတိပြုမိနေသည်မှာ သေချာသလောက်ပင် ဖြစ်သည်။
အမှန်တကယ်တော့ စုရီ က အရှင်သခင် ဖခင်လေး ကို သတ်ဖြတ်ခြင်းမှာ ကစားပွဲ အနိုင်အရှုံး သတ်မှတ်ချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်မှာ သေချာပေသည်။ ၎င်းကို ဖြစ်ပေါ်လာစေရန် ပါးနပ်စွာ ခွင့်ပြုထားခြင်း ဖြစ်သည်။
ထို့ပြင် အရှင်သခင် အမှောင်မိခင် ၏ အသက်ကိုလည်း သူတို့က အပေးအယူ လုပ်နေကြဖွယ် ရှိသည်။ တစ်ချိန်တည်းမှာပင် အထိန်းအကွပ်မဲ့ ဖျက်ဆီးမှုများကို တားဆီးရန်အတွက် စုရီ ၏ လှုပ်ရှားမှု နယ်ပယ်ကို ကန့်သတ်ထားခဲ့ကြသည်။
အနည်းဆုံးတော့ ၎င်းမှာ ဤအကြောင်းအရာနှင့် ပတ်သက်၍ မီးခိုးရောင်နှင့် အညိုရောင်ဝတ် အထွတ်အထိပ် သူတော်စင် ၏ တွေးခေါ်မှုပင် ဖြစ်သည်။ ထို့ပြင် ယွီပေါင်ယွဲ့ နှင့် ဝေ့ဝူယင် တို့၏ ကံကြမ္မာများကလည်း ဤ လျှို့ဝှက် ကစားပွဲ တွင် ပါဝင်နေနိုင်ခြေ အလွန်များပြားလှသည်။
စူးဟောင်ရန် ၏ အသံတိတ် အပြုံးက ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ သူက ပြန်လည် မဖြေကြားခဲ့သော်လည်း သူ၏ တိတ်ဆိတ်မှုက အမှန်တရားကို ရည်ညွှန်းနေခဲ့သည်။ ထို့အပြင် လက်ရှိတွင် ထျန်းရှီကျောက်ရွှမ် က အသာစီးရနေနိုင်ခြေ များပြားလှသည်။ မီးခိုးရောင်နှင့် အညိုရောင်ဝတ် အထွတ်အထိပ် သူတော်စင် သည် အလွန်အမင်း အရသာခံလျက် ပူလောင်နေသော လက်ဖက်ရည်ကို တစ်ကျိုက်သောက်ရင်း သဘောကျစွာ ရယ်မောလိုက်သည်။
ထိုသို့ဆိုသော်လည်း စုရီ ၏ ဆုကြေးငွေတွင် ပါဝင်ပတ်သက်နေသော ပြင်ပမှ အထွတ်အထိပ် သူတော်စင် တိုင်းသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အလေ့အထများကို အပြည့်အဝ သိရှိထားကြသည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင် ဤအရာကို သေသေချာချာ သတိပြုမိထားသည်။ ထို့ကြောင့်ပင် သူသည် ဤဂလက်ဆီ အတွင်း၌ စွဲမြဲနေသော ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအပေါ် အခြေခံ၍ သူ၏ အစီအစဉ်များကို တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။
ထျန်းရှီယာ သည် စူးဟောင်ရန် ၏ လက်မောင်းကို ဆွဲလျက် သူမ၏ ဆူညံသော လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်နေခဲ့သည်။ သူမသည် စိတ်လှုပ်ရှားမှုကို လက်ဟန်ခြေဟန်များနှင့် ပြသနေခဲ့သည်။
စူးဟောင်ရန်ကလည်း မျက်နှာထက်တွင် ပျော်ရွှင်သည့် အပြုံး တစ်ခုကို ဆင်မြန်းထားကာ တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို ဆက်လက် ပြောပြနေခဲ့လေသည်။
ဤကဲ့သို့ ချစ်သူ နှစ်ဦး ချစ်ကြည်နူး ချစ်ရည်လူးလျှက် ရှိနေချိန်တွင် စုရီနှင့် ယန်ကျိတို့ကတော့ အသက်လု တိုက်ပွဲကို ဆက်လက်၍ ဆင်နွှဲ နေခဲ့ကြလေသည်။
***
အပိုင်း(၂၄၇၀)
ဘုန်း...
စုရီ သည် ပဲ့တင်ထပ် ချီ များဖြင့် ဖွဲ့စည်းထားသော နီလာခရမ်းရောင် စက်လုံးတစ်ခုနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ ဝိညာဉ် အော်ရာ၊ ဝိညာဉ် အလင်း နှင့် ဓားအလင်းတန်း တို့သည် ရေလွှမ်းမိုးသည့်အလား ထိုဒေသတစ်လျှောက် ဖုံးလွှမ်းသွားခဲ့သည်။ ထိုစက်လုံးသည် ရက်စက်ကြမ်းကြုတ်စွာ လေးလံနေပြီး အတိုင်းထက်အလွန် အားကောင်းနေခဲ့သည်။ ၎င်းက သူ့ထံသို့ မနားတမ်း ဆက်တိုက် ပြေးဝင်လာခဲ့သည်။
တဒင်္ဂ နယ်မြေ ဓား၏ ထက်မြက်မှုကို စတုတ္ထအဆင့်ရှိ အခြေတည် ဓား ဝိညာဉ်၏ နက်နဲသော ဓား စွမ်းအင် ဖြင့် အားဖြည့်ထားသည်။ ထို့ပြင် ယခင်ကထက် များစွာ ပိုမို တိုးတက်လာသော သူ၏ မပြည့်စုံသေးသည့် ဟင်းလင်းပြင် ဓား ရည်ရွယ်ချက် ကလည်း ပံ့ပိုးပေးထားသည်။
ထိုသို့ရှိလင့်ကစား စုရီ ၏ လက်မောင်းမှာ တုန်ယင်နေခဲ့ပြီး သူ၏ ခြေထောက်များသည် အမှောင် ဟင်းလင်းပြင် တစ်လျှောက် လျှောတိုက်ပါသွားခဲ့သည်။ တိုက်ခိုက်မှု တစ်ကြိမ်စီတိုင်းသည် တည်ငြိမ်နေသော အာကာသ ကို ဆုတ်ဖြဲကာ ဧရာမ လှိုင်းဂယက်ကြီးများကို ဖန်တီးနေခဲ့သည်။
အထွတ်အထိပ် သူတော်စင် ယန်ကျိ သည် မည်သည့်အရာကိုမျှ ထိန်းချုပ်မထားခဲ့ပေ။ သူ၏ မျက်ခုံးနှစ်ခုကြားရှိ ကြယ်ငါးပွင့်ပုံစံ နီလာခရမ်းရောင် သလင်းကျောက်သည် နေကြယ်များနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်ရှိသည့် ဝိညာဉ်ချီ များကို ထုတ်လွှတ်နေသည်။
ထို့အပြင်... သူ၏ အဗာတာ အတွင်းရှိ ပဲ့တင်ထပ် ချီ များသည် သိသာထင်ရှားသော နှုန်းထားဖြင့် ကုန်ဆုံးနေခဲ့သည်။ သူ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုတိုင်းတွင် အစီအရင် လွှမ်းခြုံထားသော ဒေသတစ်ခုလုံးရှိ စုစည်းနေသော အာကာသ၏ လေးလံမှုများ ပါဝင်နေခဲ့သည်။ ထိုအတွင်းရှိ အာကာသ စွမ်းအင် တစ်စချင်းစီတိုင်းကို သူ၏ အသုံးပြုမှုအတွက် အလုံးစုံ ဆွဲယူထားခြင်း ဖြစ်သည်။
ဤအရာမှာ သူ၏ အာဏာ ပင်ဖြစ်သည်။
အာကာသ ၏ အာဏာပင်...။
ယန်ကျိသည် ကောင်းကင်ဘုံ ၏ ဥပဒေသ များကို ကိုယ်တိုင် ကွပ်ကဲနေပြီး အာကာသ နှင့် သက်ဆိုင်သော အရာအားလုံးအပေါ် ပြိုင်ဘက်ကင်းသော ထိန်းချုပ်မှုကို သက်ရောက်စေခဲ့သည်။
အာကာသ တစ်ခုလုံးက မိမိကို ဆန့်ကျင်လှုပ်ရှားလာသောကြောင့် စုရီသည် ခန္ဓာကိုယ်ပေါ် ဧရာမ အလေးချိန်ကြီးတစ်ခု ဖိကျလာသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်ဘုံ လည်ပတ်ခြင်း အစစ်အမှန် အသက်ရှူသံ မှတစ်ဆင့် အတင်းအကျပ် အသုံးပြုထားသော ပဲ့တင်ထပ် ဝိညာဉ် အဆင့် အာကာသ ကျင့်စဉ်များမှပင် မည်သည့် အသာစီးကိုမျှ သူ မရယူနိုင်ခဲ့ပေ။
ကောင်းကင်ငယ်ကို ပိုင်ဆိုင်ထားခြင်း မရှိလေရာ သူသည် ကောင်းကင်ဘုံ ၏ စွမ်းအား အနည်းငယ်မျှကိုသာ ရယူအသုံးပြုနိုင်ခဲ့သည်။
အထွတ်အထိပ် သူတော်စင် ယန်ကျိ၏ တိုက်ခိုက်မှုတိုင်းတွင်မူ ဥပဒေသများ၏ အာဏာနှင့် ကောင်းကင်ဘုံ၏ စွမ်းအားများ ပါဝင်နေခဲ့သည်။
သို့သော်လည်း... စုရီသည် တည်ငြိမ်နေခဲ့သည်။ သူ၏ အသက်ရှူနှုန်းမှာ ပုံမှန်ရှိနေသည်။ သူ၏ လျှို့ဝှက် စွမ်းအား စီးဆင်းမှုမှာလည်း ချောမွေ့နေခဲ့သည်။ သူသည် ကာကွယ်ရန် သို့မဟုတ် တိုက်ခိုက်ရန်အတွက် ဓားဝှေ့ယမ်းမှု တစ်ကြိမ်စီတိုင်းကို တိကျစွာ တွက်ချက်ထားသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ အာကာသ ၏ ချည်နှောင်မှုများမှ အကြိမ်ကြိမ် လွတ်မြောက်စေရန် ဆွဲထုတ်ပေးနေခဲ့သည်။
ဘုန်း...
စုရီ သည် အာကာသ ပေါ်သို့ ခြေထောက်များကို ဖိချရင်း သုံးရာ့ခြောက်ဆယ် ဒီဂရီ အပြည့် လှည့်ပတ်လိုက်သည်။ ထိုနည်းဖြင့် သူ၏ အောက်ဘက်တွင် လည်ပတ်နေသော၊ ပေါက်ကွဲအားပြင်းသည့် မီးတောင်ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းက အာကာသ တစ်ခုလုံးကို ရှုပ်ထွေးသွားစေပြီး ဒိုင်မန်းရှင်း သုံးခုလုံး၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများအထိ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ဤခဏတာ လွတ်လပ်ခွင့် အချိန်လေးကို အသုံးပြု၍ သူသည် လှုပ်ရှားမှု ကျင့်စဉ်ကို လုပ်ဆောင်လိုက်သည်။ လိမ့်ဆင်းလာသော နီလာခရမ်းရောင် စက်လုံးကို ပွတ်ကာသီကာ အချိန်မီ ရှောင်တိမ်းလိုက်လေသည်။
ရှောင်တိမ်းပြီးနောက် သူသည် ဓားကိုင် မထားသော သူ၏ လက်မောင်းကို ဂရုမစိုက်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ ၎င်းမှာ အသက်ကင်းမဲ့စွာဖြင့် ဘေးဘက်တွင် တွဲလောင်းကျနေခဲ့ပြီ ဖြစ်သည်။ အရိုးများသည် ကြေမွသွားပြီး သွေးကြောများမှာလည်း လုံးဝ ပျက်စီးသွားခဲ့သည်။ သန်မာသော ကြွက်သားများသာ မရှိပါက သူ၏ လက်မောင်းသည် လိမ်ကောက်ပြီး ကြေမွနေသော အိတ်တစ်လုံးကဲ့သို့ ဖြစ်နေပေလိမ့်မည်။
စက်လုံးကို သူ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ၎င်းက သူ၏ လက်မောင်းကို ခေတ္တမျှ ပွတ်တိုက်သွားခဲ့သဖြင့် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ရလဒ်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
'အထွတ်အထိပ် သူတော်စင် တစ်ယောက်နဲ့ တိုက်ခိုက်ရတာ သိပ်တော့ မလွယ်ဘူးပဲ၊ ကောင်းကင်ဘုံ ကြီးနဲ့ တိုက်ခိုက်နေရသလိုပဲ...'
စုရီက မျက်မှောင်တစ်ချက်မျှ မကြုတ်ပဲ ပြင်းထန်လှသော နာကျင်မှုကို လက်ခံရင်း မှတ်ချက်ချလိုက်သည်။ ဤဘဝတွင် စုရီ၏ ကျင့်ကြံခြင်း အခြေခံ သည် ပြိုင်ဘက်ကင်းသည်ဟု ယူဆနိုင်ပေသည်။
သို့သော်လည်း... ပဲ့တင်ထပ် ချီ ၏ စွမ်းအားနှင့် ကောင်းကင်ငယ် တစ်ခု၏ ကောင်းကင် စွမ်းအား က ကျောထောက်နောက်ခံ ပြုထားသော သာမည ဥပဒေသ တို့သည် ရွံရှာဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းလှသည်။
အဗာတာ တစ်ခု ဖြစ်နေသော်လည်း အထွတ်အထိပ် သူတော်စင် ယန်ကျိ သည် အဆင့်နိမ့် လျှို့ဝှက်ကောင်းကင် ဝိညာဉ် လက်နက်တစ်ခု ဖြစ်သော နီလာခရမ်းရောင် ချည်နှောင် ဝိညာဉ် စက်လုံး ကို ထူးခြားသော ထိန်းချုပ်မှုနှင့် စွမ်းအားဖြင့် ကိုင်တွယ်အသုံးပြုနေခဲ့သည်။
၎င်းသည် ဝိညာဉ် ဖိအားတစ်ခုကို ထုတ်လွှတ်နေပြီး သူ၏ ကိုယ်ပိုင် သာမည ဥပဒေသ ကို အသုံးပြုရန် လျှို့ဝှက် ဝိညာဉ်ကို အသုံးချနိုင်စွမ်းအား ကန့်သတ်ထားခဲ့သည်။
စုရီသည် အလွန်အမင်း ရှားပါးလှသော အချိန် ဥပဒေသ အပေါ် အာဏာကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သို့သော် ထိုဒေသအတွင်း၌ ကျန်ရစ်နေသော အချိန်ဆန့်ကျင်ရေး မြေမှုန်များက ထိုစွမ်းအားများကို အသုံးပြု၍ ယှဉ်ပြိုင်ခြင်းမှ သူ့ကို တားဆီးနေခဲ့သည်။ ပေါ်တင်ရော သွယ်ဝိုက်သောအားဖြင့်ပါ သက်ရောက်နေသည့် အလွှာနှစ်ထပ် ကန့်သတ်ချက်များက သူ၏ ရွေးချယ်ခွင့်များကို ကန့်သတ်ထားခဲ့သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် ကောင်းကင် စွမ်းအား သို့မဟုတ် ဥပဒေသများ၏ အော်ရာ သာလျှင် ဥပဒေသများကို ထိရောက်စွာ ခုခံတွန်းလှန်နိုင်စွမ်း ရှိသည်။ တဒင်္ဂ နယ်မြေ ဓား အတွင်း၌ တည်ရှိနေသော သတ္တုနှင့် အရှိန်မြှင့်တင်ခြင်းဆိုင်ရာ မွေးရာပါ ဥပဒေသများသာ မရှိပါက သူသည် နီလာခရမ်းရောင် ချည်နှောင် ဝိညာဉ် စက်လုံး နှင့် ထိရောက်စွာ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
အကယ်၍ သူ၏ ဟင်းလင်းပြင် ဓား ရည်ရွယ်ချက် သာ ပြီးပြည့်စုံနေပါက ထိုသို့လုပ်ဆောင်ရန် နည်းလမ်းများကို သူ ပိုင်ဆိုင်ထားမည် ဖြစ်သည်။ သို့သော် ၎င်း၏ မပြည့်စုံသေးသော အခြေအနေက အာကာသ၏ ချည်နှောင်မှုများကို ရိုက်ချိုးရန် ဟင်းလင်းပြင် ကို အသုံးချခွင့်သာ ပြုနိုင်ပေသည်။
သို့သော် သူ့တွင် ဖြေရှင်းစရာ နည်းလမ်း မရှိသည်တော့ မဟုတ်ချေ။ အဗာတာ အတွင်းရှိ ပဲ့တင်ထပ် ချီ နှင့် ကန့်သတ်ချက်ရှိသော ဝိညာဉ် စွမ်းအင် တို့သည် ပြန်လည်ဖြည့်တင်းနိုင်မည့် လမ်းကြောင်း မရှိဘဲ လျင်မြန်စွာ ကုန်ခမ်းနေခဲ့သည်။ ၎င်းသည် ကောင်းကင်ငယ် တမန်တော် အထွတ်အထိပ် သူတော်စင် တစ်ဦး၏ ခွန်အားကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ယန်ကျိ၏ တဖြည်းဖြည်း ဖြူရော်လာသော မျက်နှာအမူအရာက ဤအချက်ကို သက်သေပြနေသည်။
ဝှစ်...
စုရီ သည် သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ အမိန့်ပေးခြင်း ပဲ့တင်ထပ် ဓားကျင့်စဉ် ကို အသုံးပြုကာ ဧရာမ ဓားအလင်းတန်း လှိုင်းကြီးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။ ပတ်ဝန်းကျင်ရှိ အာကာသ နှင့် ၎င်းအပေါ် သက်ရောက်ထားသော အာဏာသည် ပြင်းထန်စွာ တုန်ယင်သွားပြီး ပြေလျော့သွားခဲ့သည်။ ထို့နောက် နီလာခရမ်းရောင် ချည်နှောင် ဝိညာဉ် စက်လုံး သည် ၎င်းနှင့် ဝင်တိုက်မိသွားသည်။
ဘုန်း...
ထွက်ပေါ်လာသော အသံမှာ ဝိညာဉ် အဆင့်အထိ နားကွဲမတတ် ဆူညံလှသည်။ ဤတစ်ကြိမ်တွင် စုရီ သည် နောက်ဆုတ်မသွားခဲ့ပေ။ သူသည် သူ၏ လျှို့ဝှက် စွမ်းအား ကို စုစည်း၍ ရှေ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။ ပြိုင်ဘက်ကင်းသော ဓား နတ်ဘုရားတစ်ပါးကဲ့သို့ သူသည် ဟာကွက်ကို အမိအရ ဆုပ်ကိုင်လိုက်သည်။
ယန်ကျိ သည် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် စုရီ ၏ ပုံရိပ်ကို ရှာဖွေရင်း မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ထို့နောက် ထိုမျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ စုရီ သည် ဟာကွက်တစ်ခုကို ဖန်တီးကာ သူ၏ ဓားအလင်းတန်း အတွင်း ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင် သေးငယ်သော ပြတ်ရှဒဏ်ရာများ ဖုံးလွှမ်းနေပြီး စုတ်ပြဲနေသော ဝတ်ရုံများဖြင့် သွေးများ ထွက်နေခဲ့သည်။ သို့သော် သူသည် အေးစက်သော မျက်လုံးအစုံဖြင့် ယန်ကျိ၏ ရင်ဘတ်ဆီသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။
ဤတိုက်ခိုက်မှု၏ အမြန်နှုန်းမှာ အလင်းထက်ပင် ပိုမို မြန်ဆန်လှသည်။
စုရီသည် ဤ အဗာတာ ၏ အသက်ကို အဆုံးသတ်ချင်နေခဲ့သည်။
သို့သော် ယန်ကျိ ၏ တုန်လှုပ်မှုသည် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ပုံရိပ်က နတ္ထိအဖြစ်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် သူသည် သိသာစွာ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
စုရီသည် သူ၏ တိုက်ခိုက်မှုကို တွေဝေခြင်း သို့မဟုတ် သံသယဝင်ခြင်း မရှိခဲ့ချေ။ ယန်ကျိ ရှိနေခဲ့သော ရင်ဘတ်နေရာသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
သို့သော် သူ၏ ဓားသည် မည်သည့်အရာနှင့်မျှ ထိတွေ့ခြင်း မရှိခဲ့ပေ။
"ငါ့ရဲ့ အစီအရင် အတွင်းမှာ ဟင်းလင်းပြင် ထဲကို ဝင်ဖို့က ငါ့အတွက် သိပ်လွယ်လွန်းတယ်၊ သူတော်စင်စု၊ မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့ဆီကို မရောက်နိုင်ဘူး..."
ယန်ကျိ ၏ အသံသည် အာကာသ နှင့် အချိန် တစ်ခုလုံးကို ဖြတ်သန်းကာ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့မှ လာနေသကဲ့သို့ပင် ဖြစ်သည်။ ထိုအသံသည် ခေါင်းကိုက်စေသော အချိန်ဆိုင်ရာ ကမောက်ကမဖြစ်မှု တစ်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။
စုရီ၏ ဘယ်ဘက် မျက်လုံးအစွန်းမှ သွေးရောင်လမ်းကြောင်းတစ်ခု စီးကျလာသည်။ ထိုသွေးများတွင် အလစ်အငိုက် အဆိပ်ခတ်တတ်သော အဆိပ်တစ်ခု ရောစပ်နေခဲ့သည်။ သူ၏ လောကီမျက်လုံး သည် မှုန်ဝါးလာပြီး သူ၏ အချိန် သဘောတရားမှာ ပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။
'သူတို့ နှစ်ယောက်ပေါင်းပြီး သူတို့ရဲ့ ပြင်ဆင်မှု နှစ်ခုစလုံးကို အသုံးချနေတာပဲ၊ ယွီရှီက ဆုတ်ခွာသွားကောင်း ဆုတ်ခွာသွားနိုင်ပေမယ့် ငါ့ရဲ့ ကံကြမ္မာမှာ ရင်းနှီးမြှုပ်နှံထားဆဲပဲ...'
ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ထိန်းချုပ်ရန် ဟင်းလင်းပြင် ဓား ရည်ရွယ်ချက် ၏ ခွန်အားကို အသုံးပြုပြီးနောက် စုရီသည် အချိန်ဆန့်ကျင်ရေး မြေမှုန် အဆိပ်သင့်သွားခဲ့ကြောင်း သိရှိလိုက်သည်။ ဓား စွမ်းအင် အဖြစ် အသွင်ပြောင်းသွားသော အချိန် စွမ်းအင်များ အပါအဝင် ထိုအဆိပ်သည် ဆာလောင်နေသော ကပ်ပါးကောင် တစ်ကောင်ကဲ့သို့ သူ၏ ဝိညာဉ် အော်ရာ ကို ဖြတ်သန်းကာ ခြေရာခံ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
ယွီရှီ နှင့် ယန်ကျိ တို့သည် သူ့အား တိုက်ခိုက်ရန် ကျယ်ပြန့်သော အစီအစဉ်များ ချမှတ်ထားခဲ့ကြသည်။ လျှို့ဝျက် ပြစ်ဒဏ် နှင့် သူ၏ တိုက်ပွဲကို လေ့လာခွင့် ရရှိထားဖွယ်ရှိပြီး ၎င်းကို အကျယ်တဝင့် လေ့လာခဲ့ကြသည်။ ထို့နောက် သူ၏ နည်းဗျူဟာများနှင့် စွမ်းအားများကို ပြတ်သားစွာ တန်ပြန်နိုင်မည့် နည်းလမ်းများကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
အံ့ဩစရာ မရှိတော့ပေ။
ဤကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ရချိန်တွင် စုရီ ၏ နှလုံးသားမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ လေမတိုက်ပဲ လွင့်ဝဲနေသော ဆံပင်များနှင့်အတူ သူသည် ဓားကို သူ၏အရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ဆောင်ထားလိုက်သည်။
"ဟင်းလင်းပြင် ထဲမှာ ပုန်းနေရုံနဲ့ မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."
သူက မေးခွန်းထုတ်လိုက်သည်။
"ကောင်းကင်ရှန့်ထို အာရုဏ်ဦး ရဲ့ ထူးခြားတဲ့ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း ကျင့်စဉ် ကို ကိုယ်တွေ့ ကြုံပြီးတဲ့နောက်မှာ ငါ ဒီတိုက်ကွက်ကို တီထွင်ခဲ့တာ၊ အဲ့တာကို ဟင်းလင်းပြင် စက်ဝန်း ဓားကျင့်စဉ် လို့ ငါ ခေါ်တယ်..."
နူးညံ့သော အသားကို သတိထား၍ ခွဲစိတ်နေသည့် ဆရာဝန်တစ်ဦးကဲ့သို့ စုရီ သည် ဟင်းလင်းပြင် ကို ကန့်လန့်ဖြတ်၍ သူ၏ဓားဖြင့် ညင်သာစွာ ခုတ်ပိုင်းလိုက်ရင်း ပြောလိုက်သည်။
"ဘာ... ဘာလဲ... ဘာလုပ်..."
အဗာတာ၏ အသံ ရုတ်တရက် ရပ်တန့်သွား၏။
စုရီ သည် ဖြည်းညင်းစွာ အသက်ရှူထုတ်လိုက်သည်။ သူ၏ နှုတ်ခမ်းများတစ်ဝိုက်တွင် အသက်၊ သေခြင်း၊ အချိန်နှင့် ဓား စွမ်းအင် အမျှင်လေးများ လည်ပတ်နေခဲ့သည်။ ထို့နောက် မိုင်နှစ်သန်းခန့် အကွာအဝေးရှိ ဟင်းလင်းပြင် ထဲမှ အနည်းငယ် ဝိုင်းစက်သော အရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ လည်ပတ်နေခဲ့သည်။
ယန်ကျိ ၏ ဦးခေါင်းပင်...။