အခန်း (၂၄၇၅-၂၄၇၆)
Vol. 177 Ch. 2475-2476
အပိုင်း(၂၄၇၅)
"အရာအားလုံး ပြီးဆုံးသွားပြီ..."
မည်သည့် စိတ်ခံစားမှု အရိပ်အယောင်မျှ မရှိဘဲ စုရီ က တိုးညှင်းစွာ ကြေညာလိုက်သည်။ ကာကွယ်ရေး ယန္တရားများနှင့် ထောင်ချောက်မျိုးစုံကို အတင်းအကျပ် ဖြတ်ကျော်ပြီးနောက် သူသည် မျှော်စင်၏ ဗဟိုချက်သို့ ရောက်ရှိလာပြီး ထိုယုတ်မာသော အမျိုးသမီးကို သတ်ဖြတ်နိုင်ခဲ့သည်။ ကလဲ့စားချေခြင်းနှင့် ပတ်သက်၍ အခြားသူများက မည်သို့ပင် ပြောဆိုကြစေကာမူ သူသည် ဟာလာဟင်းလင်း ဖြစ်သွားသည်ဟု မခံစားရချေ။ လုံးဝ မဟုတ်ပေ။ သူ အလွန် ကောင်းမွန်နေသည်ဟု ခံစားရသည်။
အလွန် ကောင်းမွန်သည်ထက်ပင် ပိုမို ကောင်းမွန်နေသည်ဟု သူ ခံစားရသည်။
အချိန်ကာလ အားလုံးအတွက် ဤအမျိုးသမီးနှင့် စကြာဝဠာကို ထပ်မံ မျှဝေနေထိုင်စရာ မလိုတော့ပြီ ဟူသော ပြင်းထန်သည့် ဝမ်းသာအားရမှု လှိုင်းတံပိုးတစ်ခုက သူ၏ ဝိညာဉ်နှင့် စိတ်အာရုံကို နားလည်နိုင်စွမ်းမရှိလောက်အောင် နှစ်သိမ့်ပေးနေခဲ့သည်။ သူသည် ပြုံးလိုသော ဆန္ဒကို မထိန်းချုပ်နိုင်တော့ချေ။ ထို့နောက် လွတ်လပ်ပေါ့ပါးသော ဓား တန်ခိုးရှင် တစ်ပါး၏ ဟန်ပန်ဖြင့် မည်သည့် ထိန်းချုပ်မှုမျှ မပါဘဲ သူ လွတ်လပ်စွာ ရယ်မောလိုက်လေသည်။ ၎င်းသည် စင်ကြယ်ပြီး သဟဇာတဖြစ်ကာ ရိုးသားလှသည်။
"ဟား ဟား ဟား ဟား..."
ဝေ့ဝူယင် သည် ဟုန်ရွှမ်နူ ၏ ပခုံးကို လှမ်းကိုင်လိုက်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အမတေ နှင့် ဝိညာဉ် စွမ်းအင်များကို စုစည်းကာ ပဲ့တင်ထပ် ချီ အမျှင်လေးတစ်ခုကို လျင်မြန်စွာ ဖန်တီးရန် ကြိုးပမ်းနေစဉ် သူမ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သို့သော် ထိုရိုးရှင်းသော ဆုပ်ကိုင်မှု တစ်ချက်ဖြင့် သူမ၏ စွမ်းအင်များ အားလုံး ပြန့်ကျဲပျောက်ကွယ်သွားခဲ့သည်။
အလွယ်တကူ ဖြိုခွဲခံလိုက်ရသော စွမ်းအင်များကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။ ဝေ့ဝူယင် က သူမကို ခိုင်မာသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းခါပြလိုက်သောအခါ သူမ၏ နှလုံးသားမှာ နှစ်ချက်ခန့် ရပ်တန့်မတတ် ဖြစ်သွားခဲ့သည်။
ဝှစ်...
ဝှစ်...
ဝှစ်...
အန်ဒီဟေး ၏ သေဆုံးမှုနှင့်အတူ မိုးကုပ်စက်ဝိုင်း တာအို စောင့်ရှောက်သူများသည် စုရီ အပေါ်သို့ ပြိုကျဆင်းလာကြပြီ ဖြစ်သည်။
သူသည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် နှစ်ဦး၏ လူသတ်သမား ဖြစ်သည်။ လျှို့ဝှက် ကစားပွဲ ဟုတ်သည် ဖြစ်စေ.. မဟုတ်သည် ဖြစ်စေ... သူ၏ ရိုင်းစိုင်းသော လုပ်ရပ်များသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ စည်းမျဉ်းများကို ချိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ဘာတွေ ဆက်ဖြစ်လာမည်နည်း။
...
"သူ တကယ် လုပ်နိုင်ခဲ့တာပဲ..."
အခြားတစ်ဖက်၌... ထျန်းရှီယာက အလွန်အမင်း တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ သူမသည် ကိစ္စများကို အစမှ အဆုံးထိ မြင်ခဲ့ရသည်။
အတားအဆီးများစွာ ရှိခဲ့သည့်တိုင် စုရီသည် ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ဆီသို့ ရဲရင့်စွာ တည့်မတ်ပျံသန်းသွားခဲ့သည်။ အရှင်သခင် အမှောင်မိခင် ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး အဟန့်အတား တစ်ခုပြီးတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။ ထို့နောက် သူမ၏ ထွက်ပြေးရာ လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့လိုက်ရင်း အောင်ပွဲခံသည့်ဟန်ဖြင့် သူမအပေါ်သို့ သက်ဆင်းသွားခဲ့သည်။
ရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် မျက်ရည်များ ကျဆင်းကာ အသနားခံခဲ့ရသည်။ သူမ၏ အတိတ်ကြောင့် မတရားမှုများကို ခံစားခဲ့ရကြောင်း အော်ဟစ် ငိုကြွေးခဲ့သည်။ သူမသည် စုရီ ၏ ဆုံးဖြတ်ချက်အပေါ် အပြစ်အချို့ကို ပုံချကာ စာနာမှုနှင့် တုံ့ဆိုင်းမှုကို ရှာဖွေခဲ့သည်။ သို့သော် ၎င်းတို့အားလုံးမှာ စုရီ၏ သတိကို လျော့ကျစေပြီး ပြင်းထန်သော သေစေနိုင်သည့် တိုက်ကွက်တစ်ခုကို အသုံးပြုရန် လှည့်ကွက်တစ်ခုသာ ဖြစ်ခဲ့သည်။ စုရီ သည် အေးစက်တည်ငြိမ်စွာဖြင့် တန်ပြန်တိုက်ခိုက်လိုက်ပြီး သူမ၏ အသက်ကို အဆုံးသတ်လိုက်လေသည်။
အရှင်သခင် အမှောင်မိခင်သည် နောက်ဆုံးအချိန်တွင် သူမ၏ ကောက်ကျစ်သော သဘာဝကို စောင့်ကြည့်နိုင်စွမ်းရှိသူများအား ပြသသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အရေးကြီးသော သတင်းအချက်အလက် အချို့ကိုလည်း ဖော်ထုတ်သွားခဲ့သည်။
ဖော်ထုတ်ခဲ့သည့် အချက်အလက်များထဲတွင် အံ့ဩစရာအကောင်းဆုံးမှာ စုရီ ၏ အတိတ်ဘဝသည် တဒင်္ဂ ဓား သူတော်စင် မဟုတ်ဘဲ အာဏာရှင် ဓား သူတော်စင် ဖြစ်နေခြင်းပင်။ အစစ်အမှန် ကန်းပန် သူတော်စင် တစ်ပါး ဖြစ်ပေသည်။
အထွတ်အထိပ် သူတော်စင် များကြားတွင် ကျင့်ကြံခြင်း အဆင့် မဟုတ်ဘဲ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ရှိ စွမ်းရည်များနှင့် အောင်မြင်မှုများကို ညွှန်ပြသော အဆင့်အတန်း သုံးခု ရှိသည်။ ၎င်းတို့မှာ ရိုးရွဲ သူတော်စင် များ၊ ကန်းပန် သူတော်စင် များ နှင့် မူလ သူတော်စင် များ ဖြစ်ကြသည်။
ရိုးရွဲ သူတော်စင် တစ်ဦးသည် ကောင်းကင်ဘုံများနှင့် မချိုးဖျက်နိုင်သော ဆက်သွယ်မှုတစ်ခုကို ဖန်တီးရမည် ဖြစ်သည်။
ကန်းပန် သူတော်စင် တစ်ဦးသည် ကောင်းကင်ဘုံများ၏ အရပ်ရှစ်မျက်နှာစလုံးတွင် တာအို ကို ရှာဖွေရမည် ဖြစ်သည်။
မူလ သူတော်စင် တစ်ဦးသည် ကောင်းကင်ဘုံများကြားရှိ လျှို့ဝှက်ချက်၏ ပထမဆုံး မီးပွားလေးကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။
ဖန်တီးရန်...
ရှာဖွေရန်...
ရရှိရန်ပင်...။
စုရီ တစ်ယောက် အရှင်သခင် အမှောင်မိခင် ထံသို့ ရောက်ရှိရန် အခက်အခဲများကို ကျော်ဖြတ် တိုက်ခိုက်နေချိန်တွင်မှ ထျန်းရှီယာ သည် ဤကွာခြားချက်များကို စူးဟောင်ရန် ထံမှ သိရှိခဲ့ရခြင်း ဖြစ်သည်။ စူးဟောင်ရန် သည် သူစွမ်းနိုင်သမျှ အကောင်းဆုံး ပဲ့တင်ထပ် ဝိညာဉ် အဆင့် နှင့် ပတ်သက်သော အသိပညာနှင့် နားလည်မှုများကို သူမအား ဖြည့်ဆည်းပေးနေသဖြင့် ဤအချိန်ကာလမှာ သူမအတွက် အလွန်အရေးကြီးလှပေသည်။
ကျင့်ကြံခြင်း နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်တစ်ချက်ကိုလည်း သူမ သိရှိနားလည်သွားခဲ့သည်။ ရိုးရွဲ၊ ကန်းပန်နှင့် မူလ ဟူသော ဘွဲ့အမည်များသည် သီးခြား ကျင့်ကြံခြင်း အဆင့်တစ်ခုဖြင့် သတ်မှတ်ထားခြင်း မဟုတ်ပေ။ သို့သော် ထိုဘွဲ့များကို ရရှိရန် အခွင့်အရေးမှာ ပုံမှန်အားဖြင့် ကျင့်ကြံခြင်း အဆင့်များနှင့် ဆက်စပ်နေလေ့ရှိသည်။
ဥပမာအားဖြင့် အထွတ်အထိပ် သူတော်စင် အားလုံးသည် ကောင်းကင်ငယ် တမန်တော် များ မဟုတ်ကြသော်လည်း ကောင်းကင်ငယ် တမန်တော် အဆင့် ထက် ကျော်လွန်သော ကျင့်ကြံသူ အားလုံးသည် အထွတ်အထိပ် သူတော်စင် များ ဖြစ်ကြသည်။ ဤယုတ္တိဗေဒသည် အချို့သော သီးခြား အဆင့်များအတွက်လည်း မှန်ကန်ပေသည်။ ထိုဘွဲ့အမည်များသည် ထာဝရ တာအိုဆီသို့ တက်လှမ်းနိုင်သည့် ပါရမီနှင့် အလားအလာများကိုပါ ညွှန်ပြနေကြောင်း စူးဟောင်ရန် က ရှင်းပြခဲ့သည်။
ဥပမာအနေဖြင့် စုရီ ၏ အတိတ်ဘဝသည် ကန်းပန် သူတော်စင် တစ်ပါး ဖြစ်လာပြီးနောက် ကျော်လွှား၍မရနိုင်သော အဟန့်အတားတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသည် တာအိုမျိုးစေ့ ရှာဖွေသူ အဆင့် သို့ မတက်လှမ်းနိုင်ခဲ့ဘဲ စုစုပေါင်း ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ကာ အကြိမ်တိုင်းတွင် သေလုမျောပါး အခြေအနေဖြင့်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ တက်လှမ်းရန်အတွက် သူ၏ မဆုတ်မနစ်သော ပြင်းပြသည့် ဆန္ဒမှာ ကြည့်ရှုသူ မည်သူ့ကိုမဆို စိတ်အားထက်သန်စေခဲ့သည်။ သို့သော် လူတစ်ဦးသည် မလျှော့သော ဇွဲလုံ့လရှိပြီး မိမိကိုယ်ကိုယ် ရက်စက်စွာ ပြုမူနိုင်လျှင်ပင် ကျင့်ကြံခြင်း သည် အကြောင်းပြချက် များစွာကြောင့် နောက်သို့ ဆွဲချခံရနိုင်ကြောင်းကိုလည်း ၎င်းက ပြသနေခဲ့သည်။
အခြားသူများနည်းတူ စူးဟောင်ရန် သည်လည်း စုရီ ၏ အတိတ်ဘဝတွင် အဘယ်ကြောင့် အကြိမ်ကြိမ် ကျရှုံးခဲ့ရသနည်း ဆိုသည်ကို သေချာ မသိခဲ့ပေ။ သို့သော် စုရီ ကမူ သိရှိနေခဲ့သည်။ စုရီ သည် သူ၏ ပြဿနာကို အခြားသူများအား ယခင်က ပြောပြခဲ့ဖူးသည်။ အထူးသဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားသော ဟုန်ရွှမ်နူ နှင့် ချူးရှင်း တို့ကိုပင်။
ထိုပြဿနာမှာ သေမျိုး နှင့် လျှို့ဝှက် အာဏာရှင် အဆင့် တို့တွင် သူ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ် ပင်ဖြစ်သည်။ အမှန်တကယ်တော့ ထိုသေးငယ်သော မပြည့်စုံမှုများက သူ၏ တက်လှမ်းရန် ကြိုးပမ်းမှုတိုင်းကို ရှောင်လွှဲ၍မရဘဲ ပျက်စီးစေခဲ့ခြင်း ဖြစ်သည်။ ဤအရာက သူ့ကို အလွန်အမင်း စိတ်ပျက်ဝမ်းနည်းစေခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်း နှလုံးသား ကို ဖျက်ဆီးပစ်ရန်တော့ မလုံလောက်ခဲ့ပေ။ သူသည် ဤပြဿနာအတွက် ဖြေရှင်းနည်းကို ရှာဖွေရန် ကျယ်ပြောလှသော ကောင်းကင်ယံနှင့် ကြယ်တာရာ စကြာဝဠာ ကြီးအတွင်း လှည့်လည် ရှာဖွေခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ သူသည် သူ၏ မပြည့်စုံမှုများကို ဖျက်သိမ်းပြီး အသစ်ပြန်လည် စတင်နိုင်သည့် ကံကြမ္မာကို ရရှိခဲ့ခြင်းပင်။
ဘဝတစ်ခုတည်းထက်ပင် ပိုမိုကျော်လွန်သော အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။
စုရီ၏ ရဲရင့်သော ပြသမှုကြောင့် ထျန်းရှီယာ အလွန်အမင်း အံ့ဩနေချိန်တွင် အချိန်တန်လာခဲ့ပြီ ဖြစ်သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အစွမ်းကုန် မိုးကုပ်စက်ဝိုင်း မျှော်စင်များ မှ တာအို စောင့်ရှောက်သူများ ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့သည် သူတို့၏ တည်ရှိမှုကို တစ်စက်ကလေးမျှ ဖုံးကွယ်ခြင်းမရှိဘဲ ဟင်းလင်းပြင် ကို ဖြတ်သန်းကာ တောက်ပစွာ ပျံသန်းလာကြသည်။ ထို့နောက် အာဏာရှင်ဆန်သော အော်ရာများဖြင့် စုရီ အပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။
သူမ၏ ဘေးတွင်ရှိသော စူးဟောင်ရန်သည် ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်မှာမူ သူ၏ လုပ်ဖော်ကိုင်ဖက် စောင့်ရှောက်သူများနှင့် ပူးပေါင်းရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုကိုယ်ပွားသည် စုရီ ၏ ကိစ္စအပေါ် အာရုံစိုက်မှု နည်းပါးလှသည်။ ထိုအစား သူ၏ အကြည့်များသည် ဝေ့ဝူယင် နှင့် ဟုန်ရွှမ်နူ တို့ကိုသာ အကဲခတ်နေခဲ့သည်။ ခန့်မှန်း၍မရနိုင်သော အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။
ပို၍ အရေးကြီးသည်မှာ အခြေအနေများသည် ထူးဆန်းသော လမ်းကြောင်းတစ်ခုဆီသို့ ပြောင်းလဲသွားခဲ့ခြင်းပင်။
တာအို စောင့်ရှောက်သူများ စုရီ အပေါ်သို့ ဆင်းသက်လာချိန်တွင် ယွီပေါင်ယွဲ့ သည် သူမ၏ ဟင်းလင်းပြင် သင်္ဘော အပေါ်၌ ကာကွယ်ပေးလိုသောဟန်ဖြင့် မတ်တပ်ရပ်နေခဲ့သည်။ လက်နှစ်ဖက်ကို ဖြန့်တန်းထားလျက် ဝင်ရောက်လာသော တာအို စောင့်ရှောက်သူများ ကို စူးရဲစွာ ကြည့်ရှုနေခဲ့သည်။ သူမ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။
စုရီ ကို မထိနဲ့... ဟူ၍ပင်...။
စုရီ အံ့အားသင့်သွားပြီး သူမ၏ သွယ်လျသော ကျောပြင်ကို ထူးဆန်းစွာ စိုက်ကြည့်နေမိသည်။ အမျိုးသမီးတစ်ဦးက သူ၏ ခန္ဓာကိုယ်နှင့် အသက်ကို အသုံးပြု၍ သူ့ကို ဤမျှ ပွင့်လင်းစွာ ကာကွယ်ပေးဖူးသည်မှာ ဘယ်အချိန်တုန်းကနည်း။
တစ်ချိန်တည်း၌... စူးဟောင်ရန်၊ တုန်းဖန်ယွဲ့ နှင့် မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် တို့ အပါအဝင် တာအို စောင့်ရှောက်သူများ ခုနစ်ဦးသည်လည်း စုရီ နည်းတူပင် အံ့ဩနေခဲ့သည်။ သူမက ဘာလုပ်နေသနည်း။
မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင်၊ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် နှင့် မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်း မျှော်စင် တို့ကို ကိုယ်စားပြုသော ထိုသုံးဦးအပြင် ကျန်လေးဦးမှာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြသည်။
မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်း မျှော်စင် ၏ တာအို တရား ဥပဒေ စောင့်ရှောက်သူ သည် အရပ်ရှည်ပြီး တောင့်တင်းသန်မာသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ငွေမီးခိုးရောင် ခြင်္သေ့မုတ်ဆိတ်မွေးများနှင့်အတူ ချောမွေ့သော ရွှေရောင်ဆံပင်များကို မြင်းမြီးပုံစံ အရှည်ကြီး စည်းနှောင်ထားသည်။ သူသည် ဩဇာတိက္ကမရှိပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။ အပြစ်အနာအဆာကင်းသော သွားများဖြင့် သူ၏ ပုလဲကဲ့သို့ ဖြူဖွေးသော အပြုံးက နှလုံးသားကို ပြုစားနိုင်စွမ်း ရှိပုံရသည်။
သူသည် ရွှေရောင် အနားကွပ်ထားသော အနီရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ၎င်းက သူ၏ နွေးထွေးသော အသားဖြူဖြူနှင့် ကောင်းစွာ လိုက်ဖက်နေပြီး ကျောဘက်တွင် ကြီးကျယ်ခမ်းနားသော ရွှေရောင် ခြင်္သေ့ပုံကို ရေးထိုးထားသည်။ သူသည် ယဉ်ကျေးသော တောအုပ်တစ်ခု၏ ဘုရင်တစ်ပါးနှင့် ဆင်တူလှသည်။
လောကကြီးက သူ့ကို ခြင်္သေ့ဝိညာဉ် အရှင်သခင် ဟု သိကြသည်။ သို့သော်လည်း... ရှီဇီ ဟု ခေါ်ဆိုခြင်းကို သူ ပို၍ နှစ်သက်သည်။ မည်သူမျှ သူ၏ နာမည်ရင်းကို မသိကြပေ။ အများစုက သူ့ကို ရိုးရွဲ သူတော်စင် ရှီဇီ သို့မဟုတ် စောင့်ရှောက်သူ ရှီဇီ ဟု ခေါ်ဆိုကြသည်။
တာအို စောင့်ရှောက်သူများ ခုနစ်ဦးထဲတွင် ရှီဇီ နှင့် စူးဟောင်ရန် တို့သာလျှင် သာမန် အထွတ်အထိပ် သူတော်စင် အဆင့်ထက် ကျော်လွန်နေသည့် ရိုးရွဲ သူတော်စင် များ ဖြစ်ကြသည်။ သူတို့သည် လက်ရှိ မျိုးဆက် မိုးကုပ်စက်ဝိုင်း အဆင့်ရှိသူတစ်ဦး၏ လက်အောက်တွင် သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်နေသော အထွတ်အထိပ် သူတော်စင် များလည်း ဖြစ်ကြပေသည်။
***
အပိုင်း(၂၄၇၆)
"ဒါဆို သူတို့ရဲ့ ဆုံးဖြတ်ချက်က ဒီလိုမျိုးလား..."
ဝေ့ဝူယင်သည် မိုးကုပ်စက်ဝိုင်း မျှော်စင်များ၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားခဲ့သည်။ သူသည် ထိုကဲ့သို့သော ပြစ်ဒဏ်မျိုးကို မျှော်လင့်ထားခြင်း မရှိခဲ့ပေ။
ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု၏ တာအို စောင့်ရှောက်သူများသည် စုရီ အပေါ်သို့ သက်ဆင်းလာကြပြီးနောက် ပြစ်ဒဏ် အမိန့်တော် ကို ထုတ်ပြန်လိုက်ကြသည်။ ယွီပေါင်ယွဲ့ ၏ ရဲရင့်သော ကာကွယ်မှု ရှိနေလင့်ကစား တာအို စောင့်ရှောက်သူများ သည် သူတို့၏ ရည်ရွယ်ချက်ကို ပြတ်သားစွာ ကြေညာခဲ့ကြသည်။ ထိုပြစ်ဒဏ်များမှာ စုရီ အတွက် လွန်စွာ ပြင်းထန်လှပြီး သူ၏ လွတ်လပ်ခွင့်နှင့် အနာဂတ် နှစ်ခုစလုံးကို ဖျက်ဆီးပစ်နိုင်လောက်ပေသည်။ ထို့ပြင် ၎င်းက စုရီ ၏ လျှို့ဝှက်ချက်များကို လိုချင်တပ်မက်နေသော ဂလက်ဆီ ၏ အုပ်စိုးသူများ၏ အမှန်တကယ် လိုလားချက်များကိုလည်း ဖော်ပြနေပေသည်။
ဝေ့ဝူယင် သည် ထိုအဖြစ်အပျက်ကို အကဲခတ်ရင်း နောက်ဆက်တွဲ ပြောင်းလဲမှုများကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ..."
သူသည် ဧဒင်၏ စာကြည့်တိုက် အတွင်း၌ ထိုင်ကာ ထိုအခြေအနေများကို ဆန်းစစ်နေခဲ့သည်။ ဤ လျှို့ဝှက် ကစားပွဲ တွင် သူသည် ကစားသမား တစ်ဦး မဟုတ်သော်လည်း အခွင့်အရေး ရပါက အပြောင်းအလဲများ ပြုလုပ်နိုင်ရန်အတွက် အသင့်ပြင်ထားရန် လိုအပ်ပေသည်။ သံသရာ မျက်လုံး ကို ပိုမို လေ့လာပြီး ၎င်း၏ စွမ်းရည်များကို အပြည့်အဝ နားလည်နိုင်ရန်လည်း လိုအပ်သေးသည်။ ထိုအရာများ အားလုံးသည် သူ၏ အနာဂတ် အစီအစဉ်များအတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်လာပေလိမ့်မည်။
စုရီ သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ မိုးကုပ်စက်ဝိုင်းများ၏ အမြင်တွင် သူတို့က အရေးမပါသော်လည်း ၎င်းက ဂလက်ဆီ အတွက် ထိခိုက်နစ်နာမှု မရှိခဲ့သည်တော့ မဟုတ်ချေ။ ထို့အပြင်... သူ၏ အသက်ကို အကျိုးဆက်မရှိဘဲ ဆက်လက် ရှင်သန်ခွင့်ပြုနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူတို့သည် သူ့ကို ကြိုးရှည်ရှည် လှန်ပေးထားပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ကလဲ့စားချေခွင့် ပြုခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် လုပ်ရပ်တိုင်းမှာ... အကျိုးဆက်တွေ ရှိစမြဲပင်။
စုရီ သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနိုင်မည် မဟုတ်ပေ။ အကယ် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မှ အဂ္ဂိရတ်ပညာရှင် များကို အစစ်အမှန် သူတော်စင် တစ်ဦးက ပြဿနာမရှိဘဲ သတ်ဖြတ်နိုင်သည်ဟု ထင်မြင်သွားပါက ဤလောကတွင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ မရှိတော့သည့်တိုင်အောင် သူတို့၏ ဂုဏ်သတင်းနှင့် ပုံရိပ်တို့သည် ညစ်နွမ်းသွားပေလိမ့်မည်။
စုရီ ၏ ဘက်တော်သားများအတွက် အနည်းငယ် ကံကောင်းသည်မှာ သူတို့သည် သူ၏ လျှို့ဝှက်ချက်များကို ဦးစားပေးနေဆဲဖြစ်ပြီး သူ့ကို လွတ်မြောက်ရန် တံခါးပေါက်တစ်ခု ဖွင့်ပေးထားခြင်းပင် ဖြစ်သည်။
စုရီ တည်ငြိမ်စွာ အသက်ရှူထုတ်လိုက်သည်။ သူ၏ နှလုံးသားမှာ တုန်လှုပ်ခြင်း မရှိသကဲ့သို့ သူ၏ ဝိညာဉ်မှာလည်း ယခင်ကဲ့သို့ပင် တောက်ပနေဆဲ ဖြစ်သည်။
ဤသည်ကို မြင်သောအခါ စူးဟောင်ရန် က သတိပေးလိုက်သည်။
"တာအိုမိတ်ဆွေ စု၊ ဒီအခြေအနေတွေကို မင်း သဘောတူလိုက်ဖို့ ငါ အကြံပြုချင်တယ်၊ မင်း သေသွားတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး..."
ရိုးရွဲ သူတော်စင် ရှီဇီ က ပခုံးတွန့်ကာ ကျယ်လောင်စွာ သက်ပြင်းချလိုက်သည်။
"တာအိုမိတ်ဆွေ စု၊ အသက်ရှူနေသရွေ့ မင်းရဲ့ ကံကြမ္မာကို အမြဲတမ်း ပြောင်းလဲနိုင်တယ် ဆိုတာ နားလည်ထားပါ၊ တကယ်လို့ မင်းရဲ့ တည်ရှိမှုသာ ဖျက်ဆီးခံလိုက်ရရင် ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်တော့ဘူး..."
ထိုရိုးရွဲ အဆင့် အထွတ်အထိပ် သူတော်စင် နှစ်ဦးစလုံးသည် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ကြင်နာစွာ သတိပေးခဲ့ကြသည်။ သို့သော် သူတို့အတွက် ဤအရာမှာ ရှောင်လွှဲ၍မရသော အခြေအနေ တစ်ရပ်ပင် ဖြစ်သည်။ ကစားပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး စုရီ အတွက် စာရင်းရှင်းရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်သည်။ သူ့အတွက် လွတ်မြောက်ရာလမ်း မရှိတော့ပေ။ သူတို့သည် ဖြစ်နိုင်ခြေရှိသော ကြိုတင်ကာကွယ်မှု အားလုံးကို အချိန်အတော်ကြာကတည်းက ပြုလုပ်ထားပြီး ဖြစ်သည်။
ယွီပေါင်ယွဲ့ ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်လာခဲ့သည်။
"ကျွန်မတို့ ဒါကို ဆွေးနွေးလို့ ရပါတယ်၊ ညှိနှိုင်းကြရအောင်၊ ဒါက မတရားဘူး..."
သူမ၏ နှလုံးသားထဲတွင် အဂ္ဂိရတ် အမိန့်တော်ကို ဆန့်ကျင်ရန်မှာ မဖြစ်နိုင်ကြောင်း သိရှိနေသည်။ ဂလက်ဆီ တစ်ခုလုံးက ၎င်းကို ကျောထောက်နောက်ခံ ပြုထားသည်။ အကယ်၍ စုရီ သာ ငြင်းဆန်ရန် ဆုံးဖြတ်လိုက်ပါက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်ခုလုံးနှင့် တိုက်ခိုက်ရန်သာ ရှိတော့သည်။
တစ်ခုတည်းသော လွတ်မြောက်ရာလမ်းမှာ ဂလက်ဆီ အစုအဝေး ၏ ကန့်သတ်ချက်များကို ကျော်လွန်၍ တည်ရှိနေသော ကြီးမားကျယ်ပြန့်သော အပြင်ဘက်လောက ဆီသို့ ထွက်ခွာသွားရန်ပင် ဖြစ်သည်။ ၎င်းမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ဝေးကွာရုံသာမက ကြီးမားကျယ်ပြန့်သော အပြင်ဘက်လောက ၏ အန္တရာယ်များမှာလည်း ခန့်မှန်း၍ မရနိုင်ချေ။ ကန်းပန် သူတော်စင် များပင်လျှင် ထိုလမ်းကြောင်းပေါ်သို့ ပေါ့ပေါ့ဆဆ ခြေချရန် မရဲဝံ့ကြပေ။ များစွာသော သူတို့သည် ထိုသို့ ကြိုးပမ်းရာတွင် သေဆုံးသွားခဲ့ကြပြီး ဘယ်သောအခါမျှ ပြန်မလာနိုင်ခဲ့ကြချေ။
"ရိုးအလွန်းတာကို ရပ်လိုက်တော့ ကလေးမ၊ တာအိုမိတ်ဆွေ စု က ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကို မဟုတ်ဘူး၊ နှစ်ယောက်ကို သတ်ဖြတ်ခဲ့တာ၊ နောက်ထပ် နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး ဂလက်ဆီ ကို သူ့အိမ်လို သဘောထားပြီး သတ်ဖြတ် ဖြတ်သန်းလာခဲ့တာ၊ ဒါတွေက ညှိနှိုင်းထားတဲ့ စည်းကမ်းချက်တွေပဲ၊ လက်ခံနိုင်ဆုံး အပေးအယူ စံနှုန်းတွေနဲ့ ချမှတ်ထားတာ..."
တာအို တရားဥပဒေ စောင့်ရှောက်သူ အဖိုးတန် နှလုံးသား က ယွီပေါင်ယွဲ့ ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူမ၏ ကလေးဆန်သော အပြုအမူကို ရယ်စရာကောင်းသည်ဟု ထင်မြင်သော်လည်း ရှင်းပြပေးရန် ကြင်နာမှု ရှိနေခဲ့သည်။
"..."
ယွီပေါင်ယွဲ့ ဘာလုပ်ရမှန်း မသိတော့ပေ။ သူမ ဘာလုပ်နိုင်မည်နည်း။ ထိတ်လန့်တုန်လှုပ်စွာဖြင့် လွတ်မြောက်ရာလမ်းကို ရှာဖွေတွေးတောရန် ကြိုးစားနေခဲ့သည်။
စုရီ၏ လက်က သူမ၏ ပခုံးကို ညင်သာစွာ ထိတွေ့လာသည်။ သူမ လှည့်ကြည့်လိုက်သောအခါ သူသည် နွေးထွေးစွာ၊ ယုံကြည်မှုရှိစွာနှင့် ဖြောင့်မတ်တည်ကြည်စွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။ ထိုအပြုံးတွင် မည်သည့် အညစ်အကြေးမျှ မပါဝင်ချေ။ သူမ၏ နှလုံးသား အနည်းငယ် သက်သာရာ ရသွားခဲ့သည်။
"စုရီ ..."
မည်သည့် အမည်နာမ ခေါ်ဆိုမှု ထုံးစံများကိုမျှ ဂရုမစိုက်တော့ဘဲ သူ၏ နာမည်အပြည့်အစုံကို သူမ ခေါ်လိုက်သည်။
စုရီ က ခေါင်းခါပြလိုက်ပြီး သူမကို အသံတိတ် နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် သူမကို ဘေးဘက်သို့ ညင်သာစွာ ဖယ်ရှားလိုက်သည်။
...
ထိုအရာများ ဖြစ်ပျက်နေချိန်တွင် အလွန်ဝေးကွာသော နေရာတစ်ခု၌ မကြာသေးမီက စုမေ့နှင့် အခြားသူများကို တွေ့ဆုံခဲ့သော အမျိုးသမီးသည် ကြယ်ကွင်းပြင် သောင်းနှင့်ချီ၍ ပါဝင်နေပုံရသော သေးငယ်သည့် စက်လုံးနှစ်ခုကို ကစားသလို လှည့်ပတ်နေခဲ့သည်။ ဘယ်ဘက်လက်မောင်းကို တစ်ချက် ကြည့်လိုက်ချိန်တွင် သူမ မျက်မှောင်ကုတ်သွားခဲ့သည်။
"ကမ္မ တန်ဖိုး မလုံလောက်ဘူးလား၊ နှမြောစရာပဲ..."
သူမ၏ လေသံတွင် စိတ်ပျက်မှုများ ထင်ရှားစွာ ပါဝင်နေ၏။ စုရီ ၏ ကမ္မ တန်ဖိုး သည် သူ့အတွက် အကျိုးရှိမည့် အခြေအနေများကို စီစဉ်ဖန်တီးပေးနိုင်စွမ်း မရှိတော့ချေ။ ၎င်းမှာ ကုန်ခမ်းသွားခြင်းကြောင့် မဟုတ်ဘဲ ပမာဏ မလုံလောက်သောကြောင့်သာ ဖြစ်သည်။
"တကယ်လို့ သူသာ အင်ပီရီယန် တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒါကို ဖြေရှင်းဖို့ သိပ်ခက်ခဲမှာ မဟုတ်ဘူး၊ ဒါက သူ့ကို ငါ ရိတ်သိမ်းလို့ မရတော့ဘူး ဆိုတဲ့ သဘောပဲ..."
သူမ စေလွှတ်ထားခဲ့သည့် သူမ၏ ကိုယ်ပွား အကြောင်းကို သူမ စဉ်းစားလိုက်သည်။ ၎င်းသည် ဂလက်ဆီ ထံမှ ထွက်ပေါ်လာသော ကြိတ်ချေသည့် စွမ်းအားတစ်ခုကို အဆက်မပြတ် ခုခံနေရသည်။ ၎င်းက သူမ၏ အစစ်အမှန် ခန္ဓာကိုယ် ဖြင့် ဝင်ရောက်ခြင်း သို့မဟုတ် ကိုယ်ပွား တစ်ခု၏ စစ်မှန်သော စွမ်းအားကို အသုံးပြုခြင်းမှ တားဆီးထားသည်။ ထို့ပြင် သူမ၏ အစစ်အမှန် ခန္ဓာကိုယ် ဖြင့် ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားပါက ဂလက်ဆီကြီး တစ်ခု၏ ဂလက်ဆီ အစီအရင် ကို အလိုအလျောက် သက်ဝင်လှုပ်ရှားသွားစေမည်သာ ဖြစ်သည်။ ၎င်းမှာ အလွန် ပြဿနာတက်နိုင်ပြီး များစွာသော သူများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သူမသည် စုရီကို ဂလက်ဆီ၏ အကာအကွယ်မှ ထွက်သွားစေချင်ခဲ့သည်။ သို့သော် သူက အုပ်စိုးနေသော ဂလက်ဆီ အဖွဲ့အစည်း၏ စည်းမျဉ်းများကို ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ချိုးဖောက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမသည် ပါးစပ်ကို ဟကာ စက်လုံးတစ်လုံးကို ပစ်သွင်းလိုက်သည်။
ဂျွတ်... ဂျွတ်...
သူမသည် ထိုစက်လုံးကို အလွန်အမင်း အရသာခံလျက် ဝါးစားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝေ့ဝူယင် သည် လောကကြီး တစ်ခုလုံးကို ခြုံငုံကြည့်ရှုရင်း မျက်မှောင်ကုတ်လိုက်သည်။ ကောင်းကင် တာအိုများ သည် ဒေါသတကြီး ဆူပွက်နေကြသော်လည်း ဝင်ရောက်စွက်ဖက်ရန် လုံလောက်သော စွမ်းအားကို မစုဆောင်းနိုင်သေးပုံရသည်။ ၎င်းသည် ခြိမ်းခြောက်နေသော နဂါးကြီး တစ်ကောင်နှင့် တူနေခဲ့သည်။
၎င်းကို သူတစ်ဦးတည်းသာ ခံစားမိသည် မဟုတ်ကြောင်း ရှင်းလင်းလှသည်။ စူးဟောင်ရန် နှင့် ရိုးရွဲ သူတော်စင် ရှီဇီ တို့ နှစ်ဦးစလုံးသည်လည်း ဟင်းလင်ပြင်ကို အကဲခတ် နေကြပုံ ရသည်။ ထို့နောက်တွင်တော့... ထိုနှစ်ဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စုရီ အပေါ်သို့သာ အာရုံစိုက်လိုက်ကြသည်။
လွတ်လပ်ပေါ့ပါးသော ဓား တန်ခိုးရှင် တစ်ပါးနှင့် ဆင်တူသော လူငယ် ဓားသမားလေးသည် အမှောင် ဟင်းလင်းပြင် အတွင်း၌ ခိုင်မာစွာ ရပ်နေခဲ့သည်။ သူ၏ ကျောရိုးသည် ကောင်းကင်ကို ထောက်ခံထားသော တိုင်လုံးကြီး တစ်ခုကဲ့သို့ဖြစ်ပြီး သူ၏ မျက်လုံးများသည် အဆုံးအစမရှိသော စကြာဝဠာ ကဲ့သို့ တောက်ပကျယ်ပြောလှသည်။
"မင်းကို ကြီးကျယ်တဲ့ တိုက်ပွဲတွေဆီ ခေါ်သွားပေးမယ်လို့ ငါ ပြောခဲ့တယ်လေ၊ ဒီတစ်ပွဲအတွက်ရော ငါနဲ့အတူ ပူးပေါင်းမလား၊ မိတ်ဆွေဟောင်းကြီး..."
တဒင်္ဂ နယ်မြေ ဓား သည် တိုးညှင်းစွာ မြည်ဟည်းလိုက်ပြီး အစစ်အမှန် ဝိညာဉ်တစ်ခုကဲ့သို့ တုံ့ပြန်လိုက်သည်။ အမှန်စင်စင်... ချောမောခန့်ညားလှသော လူငယ်တစ်ဦး၏ မှေးမှိန်သော ပုံရိပ်သည် ဓားသွား၏ မျက်နှာပြင်ပေါ်တွင် အားတက်သရော အပြုံးတစ်ခုနှင့်အတူ တောက်ပသွားခဲ့သည်။
တာအို စောင့်ရှောက်သူ ခုနစ်ဦးနှင့် တိုက်ခိုက်ရမည်လော။ ဂလက်ဆီကြီး တစ်ခုလုံးနှင့် တိုက်ခိုက်ရမည်လော။
"ငါတို့ရဲ့ ဓားသွားတွေ ထက်မြက်ပါစေ... ငါတို့ ရန်သူတွေရဲ့ လည်ပင်းတွေ နူးညံ့ပါစေ..."
စုရီ ၏ ဝိညာဉ်အတွင်း၌ တိုးညှင်းသော အသံလေးတစ်ခု ပဲ့တင်ထပ်သွားသည်။ ဤလမ်းကြောင်းက သူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားစေကာမူ သူ့နောက်သို့ လိုက်ပါမည့် ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ဆိုလျှင်တောင်မှ ချွင်းချက် မရှိပါချေ။ စုရီ သည် အောင်ပွဲခံသည့်ဟန်ဖြင့် ပြုံးလိုသော ဆန္ဒကို မထိန်းချုပ်နိုင်တော့ချေ။ ဘဝနှစ်ခုစာမှ မိတ်ဆွေများက သူ၏ဘေး၌ ရပ်တည်ပေးနေချိန်တွင် ဘာကို ကြောက်ရွံ့နေစရာ လိုတော့မည်နည်း။
သူသည် တစ်ကြိမ် သေဆုံးဖူးပြီးပြီ ဖြစ်သည်။
ကြောက်ရွံ့စရာ ဘာမှ မရှိတော့ပေ။
"ဟင့်အင်း..."
ယွီပေါင်ယွဲ့ ၏ နှလုံးသားမှာ ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူမသည် ဝိညာဉ် စွမ်းအား တစ်ချက်ကို အပြင်ဘက်သို့ ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး တာအို စောင့်ရှောက်သူများ၏ အလွန်သို့ လှမ်းကြည့်လိုက်သည်။ သူမက သူ့ကို မမြင်နိုင်သော်လည်း သူ စောင့်ကြည့်နေကြောင်းကို သူမ သိရှိနေခဲ့သည်။
"တောင်းပန်ပါတယ်၊ စုရီ ကို ဒီကနေ ခေါ်သွားပေးပါ၊ ကျွန်မ ဘာမဆို လုပ်ပါ့မယ်... ဘာမဆိုပါ..."
ယွီပေါင်ယွဲ့ သည် တောင်းပန်တိုးလျှိုးစွာဖြင့် အော်ဟစ်လိုက်သည်။ ဤသို့ဆိုလျှင် သူမက မည်သူ့ကို အော်ဟစ်နေသနည်း။ အဖြေက ရှင်းလင်း နေပေသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက်သာ ချလိုက်လေတော့သည်။
***