ဆေးအိုးကို လက်ခံရရှိခြင်း
Vol. 23 Ch. 309
“၁၁၀၀၀၀၀၀”
“၁၃၀၀၀၀၀၀”
“၁၅၀၀၀၀၀၀”
ဆေးအိုး၏ ကြမ်းခင်းဈေးသည်ပင် အလွန်မြင့်မားနေခဲ့သဖြင့် လေလံခန်းမအတွင်းရှိ လူအများစုက ၎င်းကို ဝယ်နိုင်စွမ်းမရှိကြချေ။ လူသုံးဦးသည်သာ လေလံဆွဲနေကြခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ တစ်ဦးသည် တတိယအခန်းထဲမှ ဒုတိယသခင်လေးဆိုသူ ဖြစ်သည်။
အခြားတစ်ဦးသည် ချောမောလှပသော ထျန်းလန်မုန်ပင် ဖြစ်သည်။ ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀ သည် သူမအတွက် ကိန်းဂဏန်းတစ်ခုသက်သက်သာ ဖြစ်သကဲ့သို့ပင်။
နောက်ဆုံးလေလံဆွဲသူသည် ကောက်ရိုးခါးမောက်ဆောင်းထားသော အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုသူ၏ အဖြူရောင်ဆံပင်များသည်သာ ကောက်ရိုးခါးမောက် အပြင်သို့ထွက်ပေါ်နေပြီး သူ့မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။ အဘိုးအို၏ အသံက အက်ကွဲနေပြီး လူအုပ်ထဲတွင်ထိုင်နေသော သူ့ပုံက ထူးခြားကွဲထွက်နေခြင်း မရှိခဲ့ပေ။ အစကတည်းက သူသည် လေလံဝင်ဆွဲခြင်း မရှိခဲ့သလောက်ပင်ဖြစ်ပြီး
ကျောက်ဒင်္ဂါး ၁၅၀၀၀၀၀၀ဟူသည့် မြင့်မားသော လေလံဈေးအား ရုတ်တရက်ခေါ်လိုက်ချိန်တွင်တော့ သူ့ပတ်ဝန်းကျင်ရှိလူများ၏ အာရုံက သူ့အပေါ်ချက်ချင်း ကျရောက်လာခဲ့သည်။
စုမင် မျက်မှောင်ကြုတ်လိုက်မိပြီး လေလံဝင်ဆွဲနေကြသူများတွင် ရှိမည့် ကျောက်ဒင်္ဂါးပမာဏနှင့်ပက်သက်၍ တွေးတောကြည့်ပြီးနောက် သူစတင်ဝမ်းနည်းလာမိ၏။ သူတို့နှင့်ယှဉ်လျှင်... စုမင် ခေါင်းခါယမ်းမိသည်။ အကယ်၍ စောစောက သူရရှိခဲ့သော ကျောက်ဒင်္ဂါးများသာ မပါလျှင် သူ ထိုလူများနှင့် သေချာပေါက်ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
‘ရွှေကျောက်ဒင်္ဂါးက အဖြူရောင်ကျောက်ဒင်္ဂါးတွေထက် ပိုတန်ဖိုးရှိတယ်။ ရွှေကျောက်ဒင်္ဂါးတစ်ခုကို အဖြူရောင်ကျောက်ဒင်္ဂါး ၁၀၀တန်ပြီး ခရမ်းရောင်ကျောက်ဒင်္ဂါး ၁၀၀၀တန်တယ်။ ဒါပေမယ့်အခုတော့ ငါ့မှာရှိတဲ့ ကျောက်ဒင်္ဂါး ၅၀၀၀၀၀၀ဆိုတာ ဒီပစ္စည်းရဲ့ ကြမ်းခင်းဈေးအတွက်တောင် မလုံလောက်ဘူး...’
သူ အနည်းငယ်မှားယွင်းတွက်ချက်မိခဲ့ကြောင်း စုမင်သိသည်။ အလွန်များပြားသောငွေပမာဏဟု မူလကသူထင်ထားခဲ့သော ကျောက်ဒင်္ဂါး ၅၀၀၀၀၀၀သည် လေလံပွဲထဲတွင်တော့ မည်သည့်အရာမှမဟုတ်ကြောင်း... လေလံပွဲစသည်နှင့် သူသိခဲ့ရလေသည်။
ထို့ကြောင့် ကျောက်ဒင်္ဂါး ၄၀၀၀၀၀၀၀ရရှိရန် ထိုအဖြစ်အပျက်တစ်ခုလုံးကို ကြိုးကိုင်ခြယ်လှယ်ခဲ့ခြင်း ဖြစ်သည်။
စုမင်မျက်လုံးများ တောက်ပသွားပြီး လေလံခန်းမအထက် လေထဲတွင်လွင့်မျောနေသည့် ပေ၁၀၀၀အရွယ်အစား အိုးကြီးကို ငေးကြည့်လိုက်သည်။ စုမင်မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာခဲ့၏။ သူ ထိုအရာကို ဘယ်လိုပင်ကြည့်ကြည့် ၎င်းသည် ဆေးလုံးများ ဖန်တီးပြုလုပ်ရန်သုံးသော ‘မဖြစ်မထွန်းဒယ်အိုး’ တစ်ခုပင်ဖြစ်သည်။
အထူးသဖြင့် သူ့ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်ပင်လယ်နှင့် ရောနှောခြင်းမရှိသော အားပျော့သော အပူလှိုင်းတစ်ခုကိုပင် စုမင်ခံစားနေရသောကြောင့် ဖြစ်သည်။ ၎င်းအား မီးထဲတွင် အချိန်ကြာမြင့်စွာ ဖုံးအုပ်ခံထားခဲ့ရသည်မှာ ရှင်းလင်းနေသဖြင့် ဆေးလုံးများဖန်တီးရန် အလွန်သင့်တော်ပေလိမ့်မည်။
“၁၇၀၀၀၀၀၀”
ထျန်းလန်မုန်က ညင်သာစွာပြောသည်။ သူမ၏ နူးညံ့သိမ်မွေ့သောအသံသည် နားဝင်ချိုလွန်းလှပြီး သူမ၏ ထူးခြားသောစိတ်နေစိတ်ထားကို ထုတ်ဖော်ပြသလျက်ရှိရာ သူမကိုကြည့် ရှုမိသူတိုင်း စွဲမက်သွားကြလေသည်။
သူမသည် ဤကမ္ဘာလောကနှင့် မသက်ဆိုင်ပုံပေါ်သည့် အမျိုးသမီးတစ်ယောက်လိုပင်။ သူမက ကျက်သရေရှိသည်၊ တည်ငြိမ်အေးဆေးသည်။ သူမ၏ ဝင်လေထွက်လေတို့ကပင် သစ်ခွပန်းရနံ့များကဲ့သို့ ဖြစ်၏။ သူမသည် ထိုနေရာတွင်ထိုင်လျက် သူမပတ်ဝန်းကျင်အား ငြိမ်သက်အေးချမ်းအောင် လုပ်ထားနိုင်ခဲ့သည်။ သူမ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အရေးမကြီးချေ။ ၎င်းနေရာက သူမ၏ကမ္ဘာအဖြစ် အလိုလို ပြောင်းလဲသွားပေလိမ့်မည်။
လူတို့သည် သူမကိုအဝေးမှသာ စောင့်ကြည့်နိုင်ကြပြီး အနီးသို့ကပ်နိုင်ခြင်း မရှိချေ။ ထိုအရာက သူမသည် အေးစက်စက်သီးသန့်ဆန်စွာ ပြုမူနေထိုင်နေခြင်းကြောင့်မဟုတ်ပဲ သူတို့ကမ္ဘာနှင့် သူမကမ္ဘာအား အလွှာတစ်ခုဖြင့် ခြားနားထားသောကြောင့် ဖြစ်သည်။
“၂၀၀၀၀၀၀၀” တတိယအခန်းမှ ဒုတိယသခင်လေးဆိုသူက ပေါ့ပေါ့ပါးပါးပြောသည်။ သူ့အသံသည် ထျန်းလန်မုန်၏ သိမ်မွေ့နူးညံ့သောအသံနှင့်ယှဉ်လျှင် ကွဲပြားနေသော်လည်း ကြားလိုက်ရသူများကိုတော့ အလားတူခံစားချက်မျိုးသာ ပေးစွမ်းနေသည်။
လေလံဆွဲသူနှစ်ဦးသည်ကား တူညီသောကမ္ဘာတစ်ခုတည်းမှ ဖြစ်ကြသကဲ့သို့ပင်။
ကောက်ရိုးခါးမောက်နှင့် အဘိုးအိုသည် ဆက်လက်၍ လေလံဆွဲသင့်လားဆိုသည်ကို တွန့်ဆုတ်နေဟန်ဖြင့် သူ့အသံက တိတ်ဆိတ်နေခဲ့သည်။ သူ တိတ်ဆိတ်နေစဉ်မှာပင် စုမင်ခေါင်းက မော့လာခဲ့၏။
သူသာ ထို ဘာရန်အိုး(မဖြစ်မထွန်းဒယ်အိုး)ကို ရခဲ့မည်ဆိုလျှင် မည်သည့်အရာပဲဖြစ်စေ အရေးမကြီးတော့ပေ။ အဆုံးတွင်တော့ သူသည် လေလံပွဲသို့ ထိုအရာကြောင့်ရောက်လာခဲ့ခြင်း ဖြစ်သည်။
“၂၃၀၀၀၀၀၀”
စုမင် လသာဆောင်တွင်ရပ်လျက် မနှေးမမြန်ကြေညာလိုက်သည်။ အစောပိုင်းကဖြစ်ရပ်ဖြင့် သူချန်ထားခဲ့သော သက်ရောက်မှုကြီးကြောင့် စုမင်အသံပေါ်လာသည်နှင့် အာရုံစိုက်မှုပေါင်းများစွာကို ချက်ချင်းဆွဲဆောင်သွားခဲ့လေသည်။
ထျန်းလန်မုန်သည် နဝမမြောက်အခန်း၏ လသာဆောင်တွင်ရပ်နေသော စုမင်အား တည်ငြိမ်စွာလှမ်းကြည့်လာသည်။ ထို့နောက် စဉ်းစားတွေးတောနေဟန်ဖြင့် ခဏတာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ထပ်မံ၍ လေလံဆွဲခြင်းမပြုတော့ပေ။
တတိယမြောက်အခန်းအတွင်းရှိ ဒုတိယသခင်လေး၏ မျက်လုံးများထဲ၌ တောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ လေလံခန်းမအထက် လေထဲတွင် လွင့်မျောနေသည့် အိုးကြီးကိုကြည့်လိုက်ပြီးနာက် စုမင်ရပ်နေသော နဝမမြောက်အခန်းထံ လှမ်းကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများက အပြုံးတစ်ခုဖြင့် တွန့်ချိုးသွားခဲ့သည်။
“သူ ဒီပစ္စည်းကို လိုချင်နေတာပဲ...”
“ဒုတိယသခင်လေး အိုးပုံစံ ရတနာပစ္စည်းတွေဆိုတာ ပေါ်လာခဲတယ်။ အကယ်၍ မင်းသာ ဒါကိုရပြီး အကြီးအကဲဆီ ကမ်းလှမ်းနိုင်မယ်ဆိုရင် ငါတို့ဒါအတွက် အခြားအသုံးချစရာတစ်ခု ရှာတွေ့တာမျိုးတောင် ဖြစ်နိုင်တယ်” ကောင်းကင်ဘုံတံခါးဝမှ ချန်ဟုအမည်ရသောအဘိုးအိုက ညင်သာစွာပြောသည်။
“အကြီးအကဲကို ကမ်းလှမ်းရမှာလား” ဒုတိယသခင်လေး၏ မျက်လုံးများထဲတွင် လေးနက်စွာတွေးတောနေဟန်မျိုး ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် ထျန်းလန်မုန်၏ တိတ်ဆိတ်မှုနှင့် ဒုတိယသခင်လေး၏ အတွေးများအတွင်း နစ်မြုပ်နေမှုတို့ကြောင့် လေလံပွဲသည် တိတ်ဆိတ်ခြင်းလေထုအတွင်း ကျရောက်သွားသဖြင့် စုမင် လေလံဝင်ဆွဲလိုက်ပြီးနောက်တွင် တိတ်ဆိတ်ငြိမ်သက်သွားသည်ဟုပင် ယူဆ၍ရနိုင်လုနီးနီးဖြစ်သည်။
စုမင်နှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်လာသည်။ ဘယ်အရာကြောင့်မှ အနှောင့်အယှက်မဖြစ်သည့် စိတ်အခြေအနေသို့ သူမရောက်ရှိနိုင်သေးချေ။
သူ စိတ်လှုပ်ရှားနေခဲ့ချေပြီ။
“၃၀၀၀၀၀၀၀” အက်ကွဲခြောက်ကပ်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် လေလံခန်းမအတွင်းရှိ လေထုကတင်းမာသွားသည်မှာ မွန်းကြပ်လုနီးပါးပင် ဖြစ်သည်။
စုမင် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ရာ လေလံဆွဲလိုက်သူသည် ကောက်ရိုးခါးမောက်ဆောင်းထားသော အဘိုးအိုဖြစ်ကြောင်း တွေ့လိုက်ရ၏။
စုမင် အံကြိတ်လျက် တုန့်ဆိုင်းမနေပဲ ပြောလိုက်သည်။
“၄၀၀၀၀၀၀၀”
လေလံဈေးသည် ကျောက်ဒင်္ဂါး ၄၀၀၀၀၀၀၀ ဖြစ်သွားသောအခါ လေလံခန်းမအတွင်းရှိ လူအုပ်ထံမှ
ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
၄၀၀၀၀၀၀၀ ဆိုသည်မှာ သေးငယ်သောငွေကြေးပမာဏ တစ်ခုမဟုတ်ချေ။ ၎င်းပမာဏသည် လေလံပွဲထဲတွင် ဤမတိုင်မီက မပေါ်ပေါက်ဖူးခြင်း မဟုတ်သော်လည်း ယခင်က ပစ္စည်းတစ်ခုအား လေလံဆွဲခဲ့သောဈေးသည် ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀၀ ဖြစ်ခဲ့သည်ဆိုခြင်းမှာ အရေးမပါချေ။ နောက်ဆုံးတွင်တော့ လှံရှည်အား အနောက်ပိုင်းပင်လယ်ကလန်မှ တစ်စုံတစ်ဦးသည် ကျောက်ဒင်္ဂါး သန်းလေးဆယ်ဖြင့်သာ ပြန်လည်ဝယ်ယူသွားခဲ့ခြင်း ဖြစ်၍ သူတို့အတွက်တော့ ထိုကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀၀ဟူသော ငွေပမာဏသည် ဟန်ပြသက်သက်သာဖြစ်သည်။
သို့သော်လည်း ယခုအရာက ကွဲပြားခြားနားချေသည်။ ဤအရာက အမှန်တစ်ကယ် လေလံပွဲတစ်ခု ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ကျောက်ဒင်္ဂါး ၄၀၀၀၀၀၀၀ဟူသော လေလံဈေးက လူပေါင်းများစွာအား အသက်ရှူမြန်သွားစေနိုင်ရန် လုံလောက်ပေသည်။
“၄၁၀၀၀၀၀၀”
ကောက်ရိုးခါးမောက်နှင့်အဘိုးအိုက ခေါင်းမော့မလာခဲ့ပေ။ စုမင် လေလံဆွဲပြီးသည်နှင့်တစ်ပြိုင်နက် သူ့အသံက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
စုမင် ခဏတာတိတ်ဆိတ်နေပြီးနောက်မှ ထပ်မံလေလံဆွဲလိုက်သည်။ “၄၅၀၀၀၀၀၀”
ထိုပမာဏသည် သူ့တွင်ရှိသမျှ ကျောက်ဒင်္ဂါးအကုန် ဖြစ်ပြီး သူပေးနိုင်သည့် အမြင့်ဆုံးလေလံဈေးလည်း ဖြစ်သည်။ အကယ်၍ အဘိုးအိုသာ လေလံဆက်ဆွဲခဲ့မည်ဆိုလျှင်တော့ အိုးကိုရရန် စုမင်အခြားနည်းလမ်းများကိုသာ အသုံးပြုရပေတော့မည်။
ကောက်ရိုးခါးမောက်နှင့်အဘိုးအိုသည် စဉ်းစားတွေးတောနေဟန်ဖြင့် ခဏတာတိတ်ဆိတ်နေပြီးမှ ညင်သာစွာပြောလာသည်။
“၅၀၀၀၀၀၀၀”
စုမင် မျက်လုံးများကိုမှိတ်ချလိုက်သည်။ ၎င်းတို့အား ပြန်ဖွင့်လိုက်သောအခါ စုမင်မျက်လုံးများအတွင်း တည်ငြိမ်မှုတို့ ပေါ်ပေါက်လာခဲ့ပြီး ကောက်ရိုးခါးမောက်နှင့် အဘိုးအိုအားမကြည့်ပဲ လွင့်မျောနေသည့် အိုးကြီးကိုသာ လှမ်းကြည့်လိုက်သည်။ အိုးကြီးသည် အိုးမင်းရှေးကျမှုအား ပြောပြနေသည့် အလင်းတစ်မျိုးဖြင့် တောက်ပနေသည်။
ကောက်ရိုးခါးမောက်နှင့်အဘိုးအိုက ဒင်္ဂါး ၅၀၀၀၀၀၀၀ဖြင့် လေလံဆွဲလိုက်သည်နှင့် လေလံခန်းမအတွင်း ပရိသတ်များ၏အသက်ရှူသံများမှအပ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုငွေပမာဏသည် သာမန်လူတစ်ဦးပိုင်ဆိုင်နိုင်သော အရာမဟုတ်ချေ။ အဋ္ဌမမြောက်အခန်းအတွင်းမှ ကလန်အကြီးအကဲ ဟိုင်သည်ပင် သူ့စွမ်းအားနှင့် အဆင့်အတန်းတို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက်တွင်မှ ထိုပမာဏထက် အနည်းငယ်သာလွန်သောပမာဏကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
စုမင် တိတ်ဆိတ်သွားပြီး လေလံခန်းမအတွင်းရှိ လူအုပ်သည် စုမင်၏ ထပ်မံလေလံဆွဲမှုကို စောင့်ဆိုင်းနေသည့်အချိန်တွင် တစ်စုံတစ်ဦးက နဝမမြောက်အခန်း၏ တံခါးကို အသာအယာ လာခေါက်ချေသည်။
စုမင် လှည့်မကြည့်မိပေ။ ကျီချဲသည် တံခါးဆီသို့ တည်ငြိမ်စွာလျှောက်သွားပြီး ဖွင့်လိုက်ရာ တံခါးအပြင်ဘက်တွင် အဖြူရောင်မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော ယောကျ်ားတစ်ဦး ရပ်နေခဲ့သည်။ ထိုသူသည် စုမင်အား လက်သီးလက်ဝါးထပ်ကာ နှုတ်ဆက်လိုက်ပြီးနောက် အဖြူရောင်သိုလှောင်အိတ်တစ်လုံးကို မြေပြင်ထက်တွင် ချန်ထားရစ်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
အစမှအဆုံးထိတိုင် ထိုလူက စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ကျီချဲ မျက်မှောင်ကြုတ်လျက် သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး စုမင်ဘေးသို့ ပြန်လျှောက်လာခဲ့သည်။ သို့သော် သိုလှောင်အိတ်ပေါ်တွင် ထိုးထားသည့် ‘မုန်’ ဟူသော စာလုံးကိုမြင်လိုက်သောအခါ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး စုမင်ထံ ကမ်းပေးလိုက်သည်။
စုမင် ထိုအရာကိုယူလိုက်ပြီး အိတ်ပေါ်တွင်ချည်ထိုးထားသော ‘မုန်’ဟူသည့် စာလုံးကို မြင်လိုက်သောအခါ ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားမိပြီးနောက် သိုလှောင်အိတ်ကို နတ်ဘုရားစိတ်အာရုံဖြင့် လေ့လာစစ်ဆေးကြည့်လိုက်သည်။
အိတ်အတွင်းမှ နတ်ဘုရားစိတ်အာရုံကို ပြန်လည်ရုတ်သိမ်းပြီးသည်နှင့် သူ့လေလံဈေးကို ခန်းမဆီသို့ အော်ပြောလိုက်တော့သည်။
“၆၀၀၀၀၀၀၀”
လေလံဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် လေလံခန်းမတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်သွားသည်။ ကျောက်ဒင်္ဂါး ၆၀၀၀၀၀၀၀ဆိုသည်မှာ လူအများစု သူတို့ဘဝတွင် ဘယ်တော့မှ မပိုင်ဆိုင်နိုင်သည့် ပမာဏမျိုးဖြစ်သည်။
ကောက်ရိုးခါးမောက်နှင့် အဘိုးအိုသည်ပင် တုန်လှုပ်သွားပြီး နဝမမြောက်အခန်း၏ လသာဆောင်တွင်ရပ်နေသော စုမင်ထံ ဖြည်းညင်းစွာ မော့ကြည့်လာခဲ့၏။ ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူတိုင်း အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက်တွင် ဆံပင်ပြာအဘိုးအို၏ အသံက လေလံခန်းမတစ်ခုလုံး ပဲ့တင်ထပ်ပျံ့နှံ့လာခဲ့သည်။
“၆၀၀၀၀၀၀၀ နဝမမြောက်အခန်းက လူကြီးမင်းကို ရောင်းလိုက်ပါပြီခင်ဗျာ။ ဒီနေ့ လေလံပွဲကတော့ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ မနက်ဖြန်နံနက်မှာ ဖြစ်ပြီး အခု မင်းတို့ကို ပစ္စည်းအချို့ ကြိုတင်ပြသပါမယ်။ မနက်ဖြန်လေလံပွဲမှာတော့ ပိုမိုရှားပါးတဲ့ရတနာတွေ ထုတ်ယူလာမှာပါခင်ဗျာ”
ဆံပင်ပြာအဘိုးအိုသည် စကားပြောနေရင်း ညာလက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ဘေးရှိ ပင်လယ်နဂါးကိုးကောင်က ချက်ချင်းဟိန်းဟောက်လိုက်သည်။ လှိုင်းဂယက်ငယ်များသည် အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားပြီး ပုံရိပ်ယောင်ပင်လယ်ကြီး တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကာ ကျဆင်းနေသော ဆီးနှင်းများနှင့်အတူ သူတို့အထက်ရှိ တောက်ပနေသောလကြီးနှင့် မှောင်မည်းနေသော ညကောင်းကင်တို့ ပေါ်ထွက်လာခဲ့သည်။
လေလံခန်းမအတွင်းမှ ပုံရိပ်ယောင်ပင်လယ်ကြီး ပျောက်ကွယ်သွားစဉ် လတ်ဆတ်သောလေအေးများက အတွင်းသို့တိုးဝင်တိုက်ခတ်လာခဲ့သည်။ လူများသည် တစ်ဖြည်းဖြည်းထရပ်ကာ ထွက်ခွာသွားကြပြီး နောက်တစ်နေ့အားစောင့်ဆိုင်းရန် သူတို့တည်းခိုရာနေရာများသို့ ပြန်သွားခဲ့ကြသည်။
စုမင်လည်း ကျီချဲနှင့်အတူ ထွက်ခွာလာခဲ့သည်။ သူတို့နှစ်ဦးသည် နဝမမြောက်အခန်းမှ ထွက်လာကြပြီး မျိုးနွယ်စုအစွန်ရှိ သူတို့တည်းခိုရာနေရာသို့ ပြန်လာခဲ့ကြသည်။
သူတို့ပြန်ရောက်ပြီး မကြာမီမှာပင် အနောက်ပိုင်းပင်လယ်ကလန်မှ တပည့်များသည် ဘာရန်အိုး(မဖြစ်မထွန်းဒယ်အိုး)ကြီးအား စုမင်ထံသို့ပို့ရန် ရောက်ရှိလာခဲ့သည်။ ထို့နောက် သူတို့သည် ကတိပြုထားသော ကျောက်ဒင်္ဂါးများကိုယူဆောင်၍ ပြန်လည်ထွက်ခွာသွားကြချေသည်။
အိုးကြီးသည် ပေ၁၀၀၀အရွယ်အစားရှိပြီး စုမင်၏တဲအပြင်တွင် ချထားလေသည်။ စုမင်က အိုးဘေးတွင် ရပ်နေစဉ် ကျီချဲကတော့ စုမင်အားကာကွယ်ရန် ပိုမိုဝေးကွာသော အဝေးတွင်ရပ်နေခဲ့သည်။ သို့သော် သူတို့ထံသို့ ကြည့်ရန် တဲများအတွင်းမှ ထွက်လာသည့်လူများစွာရှိနေဆဲ ဖြစ်သည်။ သူတို့၏ အကြည့်အများစုတွင် ရန်လိုမှုများဖြင့် ပြည့်နေခဲ့သည်။
အိုးကြီးက အလွန်ကြီးမားသဖြင့် စုမင် ၎င်းကိုသိုလှောင်အိတ်ထဲတွင် သိမ်းဆည်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အနောက်ပိုင်းပင်လယ်ကလန်သည် စုမင်ထိုအိုးကြီးကို မည်သို့သိမ်းဆည်းယူဆောင်မည်နှင့် ပက်သက်၍ စိတ်မပူသည်မှာ သဘာဝပင်။ အမှန်စင်စစ်တော့ အိုးကြီးအား ယူဆောင်လာခဲ့သူ ဒါဇင်ကျော်သည်ပင် မနီးမဝေးတွင်ရပ်လျက် စောင့်ကြည့်နေခဲ့ကြချေ၏။ အကယ်၍ စုမင်သာ ထိုအိုးကိုမသိမ်းဆည်းနိုင်ပဲ အပြင်ဘက်တွင် တစ်ညတာထားလိုက်မိမည်ဆိုလျှင် စုမင်က အလွန်မိုက်မဲသူဖြစ်လာပေလိမ့်မည်။
ဧရာမအိုးကြီးဘေးတွင် စုမင်ရပ်နေမိသည်။ ယခုလိုအလွန်နီးကပ်နေချိန်တွင် မယုံနိုင်လောက်အောင်ပင် အိုမင်းရှေးကျသော ခံစားမှုကို သူခံစားနေရသည်။ ဤပစ္စည်းသည် အချိန်ကာလများစွာ၊ အပြောင်းအလဲများစွာကို ဖြတ်ကျော်နေထိုင်ခဲ့ရသည့် အဘိုးအိုတစ်ဦးကဲ့သို့ပင်ဖြစ်ပြီး ၎င်းသည် ယခင်က ပိုင်ရှင်အမျိုးမျိုး ပြောင်းလဲခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
စုမင် လက်မြှောက်၍ ဧရာမအိုးကြီးကို ဖိကပ်လိုက်သည်။
မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့လက်မှတစ်ဆင့် အိုးကြီးအတွင်းသို့ နတ်ဘုရားစိတ်အာရုံအား ဖြန့်ကျက်လိုက်သည်။ အိုးကြီးထံသ့ို နတ်ဘုရားစိတ်အာရုံ ပေါင်းစပ်သွားသည့်အချိန်မှာပင် စုမင်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
အိုးအတွင်းမှ မယုံနိုင်လောက်အောင်ပင် အစွမ်းထက်သော အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး စုမင်အား ဖျက်ဆီးပစ်လိုဟန်ဖြင့် သူ၏နတ်ဘုရားစိတ်အာရုံထံသို့ တိုးဝင်လာခဲ့သည်။ ၎င်းသည် စုမင်၏ နတ်ဘုရားစိတ်အာရုံကို နစ်မြုပ်ပစ်ချင်သည့် ဒီရေလှိုင်းလုံးကြီးသဖွယ် တိုးဝင်လာခြင်းဖြစ်သည်။ ဤအရာများအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ၎င်းတို့သည် ခဏအတွင်းမှာပင် တိုးဝင်လာကြသော်လည်း စုမင်၏နတ်ဘုရားစိတ်အာရုံနှင့် ထိတွေ့မိတော့မည့်အချိန်မှာပင်...
“ကျန့်... ယင်း... ချွေး...”
ထိုစကားလုံးအနည်းငယ်သည် စုမင်၏လျှာဖျားမှ ကိုးရိုးကားယားနိုင်စွာ ထွက်ပေါ်လာခဲ့သည်။ စုမင်သည် ၎င်းတို့ကို တီးတိုးရေရွတ်လိုက်ခြင်းဖြစ်ပြီး သူ့ပါးစပ်သည်ပင် ၎င်းစကားလုံးများအား ရေရွတ်သည့်ပုံ သိပ်မပေါ်ခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အသံကို မကြားနိုင်ခဲ့ချေ။ ထိုစကားလုံးများသည် သူထူးဆန်းသောလောကထဲသို့ ပထမဆုံးအကြိမ် ရောက်သွားခဲ့ပြီး သူ၏ပထမဆုံးဆေးလုံးအား ဖန်တီးရန်နည်းလမ်းကို ရခဲ့ချိန်တည်းက စုမင်ခေါင်းထဲတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ဆေးအိုး၏ ပုံကို သူမြင်လိုက်သည်နှင့် ထိုစာလုံးများသည် သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့ပြီး ဘာရန်အိုး(မဖြစ်မထွန်းဒယ်အိုး)အား မည်သို့ထိန်းချုပ်ရမည်ဆိုသည်ကို စုမင်ထံပြောပြခဲ့ချေသည်။
ဤအရာသည် သူထိုစာလုံးများကို ရရှိခဲ့စဉ်အချိန်မှစ၍ ပထမဆုံးအကြိမ်သုံးဖူးခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုးရှင်းသောစာလုံးများသာ ဖြစ်သော်ငြား ၎င်းတို့ထဲတွင် ပါဝင်နေသောစွမ်းအားကမူ စုမင်နားလည်နိုင်သောအရာမျိုး မဟုတ်ချေ။ ပထမဆုံးစာလုံးကို ရေရွတ်လိုက်သည့် အခိုက်အတန့်တွင် စုမင်၏ အသွေး၊အသားများသည် ထိုစာလုံးအတွင်း ပါဝင်သည့်စွမ်းအား၏ စုပ်ယူခံလိုက်ရသကဲ့သို့ တုန်ခါသွားကြသည်ကို စုမင်ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီး သူ့သွေးများသည် ညာလက်အားဖြတ်သန်းလျက် ဧရာမအိုးကြီးအတွင်းသို့ တိုးဝင်သွားကြသည်။
ဒုတိယစာလုံးကို ပြောပြီးသည်နှင့် စုမင်အရိုးများသည် အချင်းချင်းပွတ်တိုက်သွားကြသည်။ အတိအကျပြောရမည်ဆိုလျှင် ၎င်းတို့သည် အချင်းချင်းပွတ်တိုက်နေခြင်းမဟုတ်ပဲ သူ့အရိုးများအားလုံး တုန်ခါနေသကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။ ၎င်းတို့ တုန်ခါနေကြစဉ်၊ ထိုတုန်ခါမှုများကြောင့် စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဆူညံသံသည် ထိုစာလုံး၏ အသံပင်ဖြစ်သည်။
ယင်း...
***