အခန်း (၉၇၁-၉၇၂)
Vol. 98 Ch. 971-972
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၁ + ၉၇၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
“သတ်...။”
တုပိုင်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်၏။
ရုတ်တရက် သူ့လက်ထဲရှိ ရွှေတောင်ဝှေးထံမှ မီတာတစ်သောင်းအရှည်ရှိသော ရွှေရောင်အလင်းတန်းကြီး ပေါက်ကွဲထွက်ပေါ်လာကာ မြေအောက်ကမ္ဘာနယ်မြေ၏ ကောင်းကင်ယံကို လုံးဝ ဆွဲဖြဲပစ်လိုက်ရာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
ထိုကောင်းကင်အက်ကွဲကြောင်းကြီးထဲမှ နေရောင်ခြည်များ ဖြာကျလာတော့၏။
မသေမျိုးနဂါးကြီး သေဆုံးသွားပြီး မိစ္ဆာဝိညာဉ်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ မြေအောက်ကမ္ဘာ၏ စွမ်းအင်များမှာလည်း လုံးဝ ခန်းခြောက်သွားတော့သည်။
နေရောင်ခြည်အောက်၌ မြေအောက်ကမ္ဘာနယ်မြေကြီးမှာ လျင်မြန်စွာ ပြိုကွဲပျောက်ကွယ်သွားတော့သည်။
လအနည်းငယ်ခန့် ကြာပြီးနောက်တွက် မြေအောက်ကမ္ဘာနယ်မြေကြီး လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်ကာ ဤတစ်ကြိမ်တွင်မူ ဘယ်သောအခါမျှ ပြန်လည်သက်ဝင်လာတော့မည် မဟုတ်ပေ။
နေရောင်ခြည် ဖြာကျနေသော်ငြားလည်း ဤနေရာမှာ မီးခိုးရောင်နယ်မြေတစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်၏။ စိမ်းလန်းသော သစ်ပင်များ၊ နီရဲသော ပန်းပွင့်များ မရှိသလို စိမ်းလန်းသော တောင်တန်းများနှင့် မြစ်ချောင်းများလည်း မရှိဘဲ သက်မဲ့နယ်မြေတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။
ဤဟင်းလင်းပြင် ကမ္ဘာလောက၌ မြေဆီလွှာစွမ်းအင်များ လုံးဝ ဝါးမျိုခံလိုက်ရသည့်အတွက် တောင်အမေရိက ကုန်းမြေတိုက်ကြီး တစ်ခုလုံး ပြန်လည်အသက်ဝင်လာရန် အနည်းဆုံး နှစ်တစ်ရာခန့် အချိန်ယူရပေလိမ့်မည်။
တုပိုင် မြေပြင်ပေါ်ရှိ အနက်ရောင်သရဖူကို စိုက်ကြည့်လိုက်သည်။
ဤသရဖူက The Lord of the Rings ရုပ်ရှင်ထဲမှ အထွတ်အထိပ် လက်စွပ်ထက်ပင် ပို၍ ထိတ်လန့်ဖွယ် ကောင်းနေပေလိမ့်မည်။
ထိုအထွတ်အထိပ် လက်စွပ်ကို ဝတ်ဆင်လိုက်ပါက ကြီးမားသော သွေးဆောင်ဖြားယောင်းမှုများကို ခံရမည်ဖြစ်သော်လည်း စိတ်ဆန္ဒများ လုံးဝ ပြိုလဲပျက်စီးသွားရန် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ဦးမည် ဖြစ်၏။
သို့သော် သူ့ရှေ့ရှိ အနက်ရောင်သရဖူကို ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် အသိစိတ်တစ်ခုလုံး ချက်ချင်း ပျက်စီးသွားမည် ဖြစ်လေသည်။
ထိုမျှသာမက သောင်းနှင့်ချီသော အစွမ်းထက် မိစ္ဆာဝိညာဉ်များကိုပင် အနက်ရောင်သရဖူထဲ၌ ချိတ်ပိတ်ထားသေး၏။ သရဖူထဲ၌ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေမည်ကို အလွယ်တကူ တွေးကြည့်၍ ရနိုင်သည်။
အနက်ရောင်သရဖူကို ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လာမည် ဖြစ်ကြောင်း အတိအကျ ဆိုနိုင်၏။
သို့သော် ယခုအခါ၌ တုပိုင်သည် ဆောင်းရန် နေနေသာသာ ထိတွေ့ရန်ပင် မဝံ့ရဲချေ။ ဤသရဖူသည် လောက၌ အန္တရာယ်အများဆုံး အရာတစ်ခု ဖြစ်ပေလိမ့်မည်။
တုပိုင် ထိုအနက်ရောင်သရဖူကို ကျောက်သလင်းဖြင့် ပြုလုပ်ထားသော ဟင်းလင်းပြင်သေတ္တာထဲသို့ ထည့်လိုက်၏။ ထို့နောက် မည်သူမျှ ရှာမတွေ့နိုင်မည့် အလွန်လျှို့ဝှက်သော နေရာတစ်ခု၌ ဖွက်ထားမည် ဖြစ်သည်။
သူ၏ လက်ထဲရှိ ရွှေတောင်ဝှေးကိုမူ အစစ်အမှန် မူလကမ္ဘာမြေဆီသို့ ပြန်လည်သယ်ဆောင်သွားမည် ဖြစ်လေ၏။
နေရောင်ခြည်အောက်၌ တောက်ပနေသော ရွှေတောင်ဝှေးထိပ်မှ အနက်ရောင်သန်းနေသည့် ရွှေရောင်ကျောက်မျက်ရတနာကို တုပိုင် ကြည့်လိုက်၏။ ဤအရာမှာ နဂါးဝိညာဉ်မှ စုစည်းဖြစ်တည်လာခြင်း ဖြစ်သည်။
ဤကျောက်သည် အစွမ်းအထက်ဆုံး လက်နက်တစ်ခု ဖြစ်လာမည်လား။ လက်နက်တစ်ခုမျှသာ မကဘဲ ဗျူဟာမြောက် ရတနာတစ်ခုလည်း ဖြစ်နေနိုင်၏။ တုပိုင် မသေချာချေ။ သို့သော် ဤရွှေတောင်ဝှေးသည် ကံကြမ္မာ မိစ္ဆာကို အနိုင်ယူရန်အတွက် သူ၏ အဓိက သော့ချက် ဖြစ်လာပေလိမ့်မည်ကိုတော့ တုပိုင် သေချာနေ၏။
**--**--**--**--**--**--**--**
ထိုအချိန်၌ပင် နီရှန်၊ ကျီယင်ယင်နှင့် အခြားသော အစွမ်းအထက်ဆုံး သိုင်းပညာရှင်များ အားလုံး နိုးထလာကြသည်။ မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး၏ အကြည့်များက တုပိုင်ထံသို့ ဦးစွာ ရောက်ရှိသွားကြ၏။ မူလက တုပိုင်ထံသို့ တန်းတန်းမတ်မတ် ပြေးသွားချင်ခဲ့ကြသော်လည်း အနည်းငယ် တွေဝေသွားပြီးနောက် မြေပြင်ပေါ်၌သာ ရပ်နေလိုက်ကြသည်။
ထို့နောက် ကျီပြောင်ပြောင်၊ သွေးကွမ်ရင်မယ်တော်၊ ကျီချင်းကျူနှင့် ဝမ်ယန်းယင်းတူ အစရှိသော လူသားသိုင်းပညာရှင် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာလည်း အသက်ပြန်ရှင်လာကြ၏။
နောက်ဆုံး၌ မသေမျိုးနဂါးကြီး၏ ဝါးမျိုခြင်းကို ခံခဲ့ရသော သိန်းနှင့်ချီသည့် စစ်သည်များသည်လည်း ပြန်လည်နိုးထလာကြတော့သည်။
လူတိုင်း မတ်တပ်ရပ်ကာ တုပိုင်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။ တုပိုင်သည် ထပ်မံပြီး ကမ္ဘာကြီးကို ကယ်တင်ခဲ့ပြန်လေပြီ။
အချိန်အတန်ကြာပြီးနောက် သိန်းနှင့်ချီသော လူများမှာ လေတိုက်၍ ယိမ်းနွဲ့သွားသော ဂျုံခင်းကြီးကဲ့သို့ မြေပြင်ပေါ်၌ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်ကြသည်။ ဒူးတစ်ဖက် ထောက်လျက် လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားကြ၏။
ဤသည်မှာ သစ္စာရှိခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။ ရှိနေသည့် သိန်းနှင့်ချီသော လူများအားလုံးမှာ မည်သည့်လူမျိုး၊ မည်သည့် ရပ်တည်ချက်မှ ဖြစ်ပါစေ တုပိုင်အပေါ် လိုလိုလားလား သစ္စာခံကြလေမည်။
**--**--**--**--**--**--**--**
ကျီပြောင်ပြောင်က သမီးတစ်ယောက်၊ သွေးကွမ်ရင်မယ်တော်က သားတစ်ယောက်၊ မင်းသမီးယွီကျိန်းက သားတစ်ယောက်နှင့် လီတောက်ယွဲ့သည်လည်း သားတစ်ယောက် မွေးဖွားခဲ့ကြ၏။
ထို့အပြင် အလှလေး အိမ်ရှေ့စံမင်းသမီး တုရှောင်၊ ကျီကျန်ယန်၏သား တုမိုနှင့် နင်းရွှဲ့၏သား တုယဲ့တို့လည်း ရှိနေသေးသည်။ ဤဟင်းလင်းပြင် ကမ္ဘာလောက၌ တုပိုင်၏ သားသမီး ခုနစ်ယောက် ရှိနေသည်။
လက်ရှိအချိန်၌မူ တုပိုင်သည် လေသင်္ဘောကြီးပေါ်၌ သူ၏ သားသမီး ခုနစ်ယောက်ကို စာသင်ကြားပေးနေလျက်ရှိသည်။ သင်ခန်းစာမှာ ဟင်းလင်းပြင်များ၊ စကြာဝဠာနှင့် ကြယ်တာရာများအကြောင်း ဖြစ်သည်။
ကလေး ခြောက်ယောက်စလုံးက သေချာ နားထောင်နေကြပြီး တုပိုင်အား ကြည့်နေသည့် သူတို့၏ မျက်လုံးများထဲ၌ တွယ်တာချစ်ခင်မှုများ ပြည့်နှက်နေကြ၏။
အိမ်ရှေ့စံမင်းသမီးလေး တုရှောင်မှလွဲ၍ ကျန်ကလေး ခြောက်ယောက်စလုံးက တုပိုင်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ သူတို့၏ ဖခင်နှင့် ပတ်သက်၍ သိထားသော တစ်ခုတည်းသော အမှတ်ရမှုမှာ ကြီးမြတ်မှုနှင့် ခန့်ညားထည်ဝါမှုတို့ပင် ဖြစ်၏။ အကြောင်းမှာ သူတို့သည် ဖခင်ဖြစ်သူ၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရသောကြောင့် ဖြစ်သည်။
သူတို့၏ ဖခင်သည် ကမ္ဘာကြီးကို ကယ်တင်ရန် သူ့ကိုယ်သူ စတေးခဲ့ဖူးသည် မဟုတ်ပါလော။ အခြားသူများနည်းတူ သူတို့၏ ရင်ထဲ၌လည်း ဖခင်ဖြစ်သူ တုပိုင်သည် နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်နေခဲ့သည်။
သို့သော် အမှန်တကယ် တွေ့ဆုံထိတွေ့ပြီးနောက်၌မူ တုပိုင်သည် အကောင်းဆုံး ဖခင်တစ်ဦး ဖြစ်ကြောင်း သူတို့ သတိထားလိုက်မိကြသည်။
သူတို့၏ အဖေသည် နူးညံ့သိမ်မွေ့ကာ သည်းခံတတ်ပြီး ဗဟုသုတကြွယ်ဝကာ ဟာသဉာဏ်လည်း ရွှင်သေးသည်။
ကလေး ခြောက်ယောက်အနက် နှစ်ယောက်သာ သူတို့၏ ဖခင်နှင့်အတူ အခြားကမ္ဘာတစ်ခုဆီသို့ လိုက်ပါနိုင်မည်ဖြစ်ပြီး ကျန်ကလေးများက ဤနေရာ၌သာ ကျန်ရစ်ခဲ့ကြရမည် ဖြစ်သည်။
ထို့ကြောင့် ဤလေးဆယ့်ရှစ်နာရီအတွင်း တုပိုင်က ကလေးများနှင့် အတူနေထိုင်ကာ စိတ်ဝင်စားဖွယ် သင်ခန်းစာမျိုးစုံကို သင်ကြားပေးခဲ့ခြင်း ဖြစ်လေတော့သည်။
**--**--**--**--**--**--**--**
ပေမင်ဓားဂိုဏ်း၏ ကောင်းကင်ယံထက်၌ လေသင်္ဘောကြီး ဆယ့်ခြောက်စင်းမှာ ငြိမ်သက်စွာ မျောလွင့်နေလျက် ရှိ၏။
ဆယ့်ခြောက့်စင်းအနက် ဆယ့်နှစ်စင်းမှာ တိုက်ခိုက်ရေးလေသင်္ဘောများ ဖြစ်ကြသည်။ ကျန်လေးစင်းမှာ သယ်ယူပို့ဆောင်ရေး လေသင်္ဘောကြီးများ ဖြစ်ကာ မရေမတွက်နိုင်သော စစ်သည်များ၊ စွမ်းအင်မှော်အမြောက်များ၊ လေယာဉ်ပစ် လေဆာအမြောက်များနှင့် နက္ခတ္တဗေဒဆိုင်ရာ ရိက္ခာပစ္စည်းတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
ဤလေသင်္ဘောကြီး ဆယ့်ခြောက်စင်းသည် တုပိုင်နှင့်အတူ ကမ္ဘာမြေအဆုံးထိ လိုက်ပါသွားကြမည် ဖြစ်သည်။
ထို့အပြင် တုပိုင်၏ နောက်သို့ လိုက်ပါမည့် သိုင်းပညာရှင် သုံးသောင်းကျော် ရှိနေသေး၏။ သူတို့ထဲ၌ ပေမင်ဓားဂိုဏ်းမှ တပည့်နှစ်သောင်း၊ မီးနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင် ငါးထောင်နှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းမှ စစ်သည်ငါးထောင်တို့ ပါဝင်လေသည်။
လွန်ခဲ့သော အချိန်ကပင် လေသင်္ဘောကြီးပေါ်၌ တုပိုင်၊ တော်ဝင်ရောမအင်ပါယာ ဧကရာဇ်နှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း ခေါင်းဆောင်တို့အကြား ဟင်းလင်းပြင် မဟာမိတ်စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။
လီကျန့်၊ ဝမ်ယန်းယင်းတူ၊ ဖူဟုန်ပင်း၊ ဗိုလ်ချုပ်ကျီရှီ၊ ကျီချင်းကျူနှင့် အခြားသော တိုက်ရိုက်လက်အောက်ခံများသည်လည်း လက်ရွေးစင်စစ်သည် တစ်သိန်းခွဲကို ဦးဆောင်ကာ တုပိုင်၏ အနောက်သို့ လိုက်ပါကြမည် ဖြစ်သည်။
နီရှန်၊ ကျီယင်ယင်နှင့် လီတောက်ယွဲ့တို့သည် သိုင်းပညာအရာ၌ မဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဆယ်နှစ်ကျော်ကြာ အသည်းအသန် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ကျီပြောင်ပြောင်သည်လည်း လွန်ခဲ့သော ရှစ်နှစ်ကပင် မဟာဆရာသခင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ဤအမျိုးသမီး လေးဦးကလည်း တုပိုင်၏ စစ်ချီမှုတွင် လိုက်ပါကြမည် ဖြစ်သည်။
ကျန်ရစ်မည့် သွေးကွမ်ရင်မယ်တော်၊ မင်းသမီးယွီကျိန်း၊ နင်းရွှဲ့၊ တုဖိန်အာနှင့် အခြားသော အမျိုးသမီးများမှာမူ သိုင်းပညာစွမ်းရည် မလုံလောက်မှုကြောင့် တာ့နင်အင်ပါယာထဲ၌သာ ကျန်ရစ်နေခဲ့ကြရလေမည်။
**--**--**--**--**--**--**--**
နောက်ဆုံးနှုတ်ဆက်ပွဲ အချိန်သို့ ရောက်ရှိလေ၏။ လီတောက်ယွဲ့က တုပိုင်၏ ခန္ဓာကိုယ်အား ဖက်တွယ်ထားပြီး သူ၏ဘေး၌မူ သွေးကွမ်ရင်မယ်တော်၊ ယွီကျိန်း၊ နင်းရွှဲ့၊ တုဖိန်အာနှင့် အခြားအမျိုးသမီးများ လှဲလျောင်းနေကြ၏။
မင်းသမီးယွီကျိန်းက ဆိုသည်။ “လီတောက်ယွဲ့... နင်ကတော့ မျက်နှာပြောင်တိုက်လွန်းတယ်။ ယောက်ျားနောက် စစ်ချီရာမှာ လိုက်သွားရမှာ သိသိကြီးနဲ့ အခုတောင် ငါတို့ဆီကနေ ပြေးလုနေသေးတယ်။ ငါတို့က ဆယ်နှစ်ကျော်တောင် စောင့်နေခဲ့ရတာပါဆို။”
တုဖိန်အာကလည်း ဝင်ပြော၏။ “ဟုတ်တယ်... မှန်တယ်။ မောင်လေးတုပိုင်ရဲ့ ခန္ဓာကိုယ်က သံနဲ့လုပ်ထားတာ မဟုတ်ဘူး။ ဒီကနေ ထွက်သွားပြီးရင် လီတောက်ယွဲ့... နင်က မိစ္ဆာမလို မလုပ်နဲ့နော်။ ချင့်ချိန်တတ်အောင် သင်ထားဦး။”
ထို့နောက် မင်းသမီးယွီကျိန်းက ဆက်ပြောသည်။ “အမတို့... ငါ ပြောစရာတစ်ခု ရှိတယ်။ ငါ့ယောက်ျားကလေ...”
“မပြောနဲ့... မပြောနဲ့တော့...”
နင်းရွှဲ့က အရင်ဆုံး လှည့်လာကာ မင်းသမီးယွီကျိန်း၏ ပါးစပ်ကို ပိတ်လိုက်၏။
လီတောက်ယွဲ့က ပြောလိုက်သည်။ “တုံးအလိုက်တဲ့ မိန်းမ... စိတ်ထဲက သိနေရင် ပြီးတာပဲကို အသံထွက် ပြောနေသေးတယ်။ တကယ့်ကို ဗြောင်ကျလွန်းတယ်။”
နင်းရွှဲ့က တုပိုင်၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်ရင်း မေးလိုက်၏။ “ယောက်ျား... ရှင် ပြန်လာမှာမလားဟင်။”
တုပိုင်ကမူ ပြုံးလိုက်၏ “ဒါပေါ့ကွာ... သေချာပေါက် ပြန်လာမှာပေါ့။”
**--**--**--**--**--**--**--**
ကောင်းကင်ယံထက်၌ လေသင်္ဘောကြီး ဆယ့်ခြောက်စင်းက တန်းစီလျက် ပင်လယ်ပြင်ထက်၌ တိတ်ဆိတ်စွာ မျောလွင့်နေလျက် ရှိနေလေသည်။ သူတို့၏ ရှေ့တည့်တည့်၌ကား အလွန်ကြီးမားလှသော ဟင်းလင်းပြင် ကမ္ဘာလောက၏ တံခါးပေါက်ကြီး ရှိနေ၏။
အချင်း မီတာ ရာနှင့်ချီ၍ ရှိသော ထိုဟင်းလင်းပြင် တံခါးပေါက်ကြီးမှာ ခမ်းနားထည်ဝါပြီး လျှို့ဝှက်ဆန်းကြယ်ကာ လှပလွန်းလှ၏။
တုပိုင်သည်တော့ လေသင်္ဘောကြီး၏ ကုန်းပတ်ပေါ်၌ မတ်တပ်ရပ်နေလျက် ရှိသည်။
စစ်တပ်အင်အား သုံးသောင်းနှင့် လက်ရွေးစင် စစ်သည်တစ်သိန်းခွဲတို့သည်လည်း လေသင်္ဘောအသီးသီးပေါ်၌ မတ်မတ်ရပ်နေကြ၏။
“မင်းတို့အားလုံးအတွက် ကျုပ်ဂုဏ်ယူတယ်။”
“ကျုပ် မင်းတို့ကို တခြားကမ္ဘာတစ်ခုဆီ ခေါ်သွားမယ်ဆိုတာ သိနေကြပေမဲ့ မင်းတို့က ဟင်းလင်းပြင်ကို ဖြတ်တယ်ဆိုတာကိုတောင် ဘာမှန်း သိကြတာမဟုတ်ဘူး။”
“ဒါတောင် ကျုပ်နောက်ကို လိုက်ဖို့ တစ်စက်လေးမှ တုံ့ဆိုင်းမနေခဲ့ကြဘူး။ စစ်ချီရာမှာ ကျုပ်နောက်ကို လိုက်ခွင့်ရဖို့ နေရာလုပြီးတောင် တိုက်ခိုက်ခဲ့ကြသေးတယ်။”
“ကျုပ်တို့ ကံတရားက အရမ်းကောင်းခဲ့ပါတယ်။ မိစ္ဆာက ကမ္ဘာကြီးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့ပေမဲ့ မဖျက်ဆီးနိုင်ခဲ့ဘူး။ ဒီကမ္ဘာက လူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်အလုပ်လုပ်နိုင်ကြသလို အေးအေးချမ်းချမ်းနဲ့လည်း ဆက်လက် ဖွံ့ဖြိုးတိုးတက်နိုင်ကြသေးတယ်။”
“ဒါပေမဲ့ ဟိုဘက်ကမ္ဘာရဲ့ ကံတရားကတော့ သိပ်မကောင်းလှဘူး။ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေက အဲဒီကမ္ဘာကို ကျူးကျော်ဝင်ရောက်ခဲ့ကြပြီး ကမ္ဘာပျက်ကပ်ကြီး ကျရောက်ခဲ့တာ ဆယ့်ငါးနှစ်တောင် ကျော်ခဲ့ပြီ။”
“ကျုပ်တို့ အဲဒီကမ္ဘာကို ရောက်ရင် အရမ်း အစွမ်းထက်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကျုပ်နောက်ကို စစ်ချီရာမှာ လိုက်လာကြတဲ့ သူရဲကောင်း နှစ်သိန်းနီးပါး ရှိတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်နှယောက်များ အသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့... ကျုပ်… အာမမခံနိုင်ဘူး။”
“မြေအောက်ကမ္ဘာနယ်မြေထဲက သောင်းနဲ့ချီတဲ့ မိစ္ဆာဝိညာဉ်တွေက ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်လုနီးပါး စွမ်းဆောင်နိုင်ခဲ့တယ်။ ဟိုဘက်ကမ္ဘာမှာ မိစ္ဆာတွေ ဘယ်လောက်တောင် များနေမလဲ ကျုပ် မသိဘူး။ မရေတွက်နိုင်လောက်တဲ့ ပမာဏအထိ အများကြီးလည်း ဖြစ်နေနိုင်တယ်။ မြေအောက်ကမ္ဘာနယ်မြေထဲမှာ အမြင့်ဆုံးအဆင့်က မိစ္ဆာမြို့စားပဲ ဆိုပေမဲ့။ တခြားကမ္ဘာမှာတော့ မိစ္ဆာမင်းသား နှစ်ပါးတောင် ရှိနေတယ်။”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၁ + ၉၇၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။