အခန်း (၉၇၃-၉၇၄)
Vol. 98 Ch. 973-974
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၃ + ၉၇၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင်၏ အေးစက်စက် အသံက ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။
"ဟိုဘက်ကမ္ဘာက မိစ္ဆာတွေ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ မင်းတို့ ဉာဏ်မီသလောက် တွေးကြည့်ရင်တောင် မှန်းဆနိုင်မှာ မဟုတ်ဘူး။ မင်းတို့ရဲ့ အလောင်းတောင် ရှာမရတဲ့အထိ ဆိုးဆိုးရွားရွား သေနိုင်တယ်။"
"ဒါတောင်မှ မင်းတို့က ကျုပ်နောက်လိုက်ပြီး စစ်ချီချင်သေးလား။ အခု ထွက်သွားမယ်ဆိုရင်တောင် အချိန်မီသေးတယ်နော်။"
တုပိုင်၏ စကားပြောဟန်မှာ အမြဲတမ်း ဤကဲ့သို့ပင်ဖြစ်ပြီး မည်သည့်ခံစားချက်မှ ပါဝင်လေ့မရှိပေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး အကြည့်စူးစူးတို့ဖြင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်၏။
"နုတ်ထွက်မယ့်သူ ရှိလား။"
သူရဲကောင်း နှစ်သိန်းနီးပါးမှာ တိတ်ဆိတ်နေကြ၏။
တုပိုင် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဘယ်သူမှ မထွက်ဘူးလား။ ကောင်းပြီလေ။"
ထို့နောက် ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်ဖြစ်သည့် တုပိုင်သည် လက်ကိုဝှေ့ယမ်းကာ ပြတ်သားသော အသံဖြင့် ခက်ထန်စွာ အမိန့်ပေးလိုက်တော့၏။
"စတင်ကြလော့။"
**--**--**--**--**--**--**--**
ဟင်းလင်းပြင် တံခါးပေါက်ကြီးမှာ အကြီးမားဆုံးဖြစ်သော တုပိုင်လေသင်္ဘောကြီးပင် ဖြတ်သန်းသွားလာနိုင်လောက်သည်အထိ ကြီးမားကျယ်ဝန်းလှ၏။ သို့တိုင် တုပိုင်က အလွန် သတိထားနေဆဲပင် ဖြစ်သည်။
သူသည် ဟင်းလင်းပြင် တံခါးပေါက်ကြီးကို ဖြတ်သန်းဖူးပြီး ဖြစ်သော်လည်း၊ အကယ်၍ စစ်သည် နှစ်သိန်းပါဝင်သော စစ်တပ်ကြီးသာ အောင်မြင်စွာ မဖြတ်သန်းနိုင်လျှင် ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်သွားပေလိမ့်မည်။
ထို့ကြောင့် တုပိုင်က ဟင်းလင်းပြင်တံခါးပေါက်ကို ဦးစွာဖြတ်သန်းရန် လေယာဉ်ငယ်တစ်စင်းကို စေလွှတ်လိုက်၏။ လေယာဉ်ငယ်ကို မောင်းနှင်သူမှာ ဗိုက်ကင်းနိုင်ငံမှ မင်းသမီး လီအာနာပင် ဖြစ်သည်။
မူလက သူမသည် ကျောင်းလုံ စစ်သင်္ဘော၏ တပ်မှူးဖြစ်၏။ နောက်ပိုင်း၌ ကျောင်းလုံ စစ်သင်္ဘောမှာ ခေတ်နောက်ကျသွားပြီ ဖြစ်သဖြင့် အရှေ့ဘက် ပြည်ထောင်စုနှင့် တာ့နင်အင်ပါယာတို့ ပူးပေါင်းကာ ကျောင်းလုံ လေသင်္ဘောသစ်ကြီးကို တည်ဆောက်ကြသည်။ ထိုလေသင်္ဘောကြီးမှာ ကမ္ဘာ့သမိုင်း၌တွင်လည်း ပထမဆုံးသော လေသင်္ဘောကြီးတစ်ခု ဖြစ်ခဲ့သည်။
ယခုတိုင် မင်းသမီး လီအာနာက ကျောင်းလုံ လေသင်္ဘောကြီး၏ ကပ္ပတိန်အဖြစ် တာဝန်ယူထားဆဲ ဖြစ်၏။
ထိုမျှသာမက သူမသည် အရှေ့ဘက် ပြည်ထောင်စုထဲသို့ ဝင်ရောက်ကာ အင်ပါယာ၏ ဗိုလ်ချုပ်ကြီး တစ်ဦးအဖြစ် ချီးမြှောက်ခံထားရသည်။
မူလက ဟင်းလင်းပြင် တံခါးပေါက်ကြီးကို ပထမဆုံးအကြိမ် ဖြတ်သန်းရမည့် တာဝန်မှာ သူမကဲ့သို့ အင်ပါယာ ဗိုလ်ချုပ်ကြီးတစ်ဦး လုပ်ဆောင်ရမည့် အလုပ်မဟုတ်သော်လည်း သူမကိုယ်တိုင်က စွန့်စားရသည်ကို နှစ်သက်သူဖြစ်၏။
သူမ မောင်းနှင်နေသော လေယာဉ်ငယ်မှာ သာမန်လေယာဉ်တစ်စင်း မဟုတ်သလို တိုက်လေယာဉ်တစ်စင်းလည်း မဟုတ်ပေ။ အဆိုပါယာဉ်မှာ အလျား ဆယ်မီတာ၊ အနံ လေးမီတာနှင့် အမြင့် သုံးမီတာခန့်ရှိသော အာကာသယာဉ်ငယ်လေး တစ်စင်းနှင့် ပို၍တူသည်။ ယာဉ်ပေါ်၌ အသေးစား စွမ်းအင်အမြောက် သုံးလက်နှင့် လေဆာအမြောက်တစ်လက်ကို တပ်ဆင်ထားသည်။
ဤသည်မှာ စွမ်းအင်ယဉ်ကျေးမှုခေတ် အလျင်အမြန် တိုးတက်လာခြင်း၏ ရလဒ်တစ်ခုပင် ဖြစ်တော့သည်။
ကျောက်သလင်းစွမ်းအင်၏ အကူအညီကြောင့် အာကာသယာဉ်ငယ်လေး၌ အင်ဂျင်ရှစ်လုံး တပ်ဆင်ထားနိုင်သည်။ အကယ်၍ လုံလောက်သော စားနပ်ရိက္ခာများသာ ရှိပါက ဤအာကာသယာဉ်ငယ်လေး တစ်စင်းတည်းဖြင့် ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ပျံသန်းနိုင်မည် ဖြစ်လေ၏။
အဆိုပါယာဉ်ငယ်သည် အီလက်ထရောနစ် နည်းပညာနှင့် ပျံသန်းမှုအမြန်နှုန်း ကဲ့သို့သော အချို့သော အပိုင်းများတွင် ကမ္ဘာမြေ၏ လေယာဉ်များနှင့် နှိုင်းယှဉ်ပါက များစွာ ခေတ်နောက်ကျနေသေး၏။ သို့သော် အခြားသော အစိတ်အပိုင်းများ၌မူ ကမ္ဘာမြေ၏ လေယာဉ်များထက် များစွာ အဆင့်မြင့်ပြီး ပို၍ အစွမ်းထက်နေလေပြီ။
လီအာနာတစ်ယောက် လေယာဉ်ငယ်ကို မောင်းနှင်လျက် ဟင်းလင်းပြင် တံခါးပေါက်ကြီးထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်၏။ ဟင်းလင်းပြင် တံခါးပေါက်ကြီးမှာ ကြီးမားလွန်းလှသည့်အတွက် လေယာဉ်ငယ်လေးမှာ အလွန် သေးငယ်သွားသယောင် ထင်ရစေသည်။
ဟင်းလင်းပြင် တံခါးပေါက်ကြီးနှင့် သုံးမီတာခန့် အကွာသို့ ရောက်သောအခါ မင်းသမီး လီအာနာက ယာဉ်ကို ရပ်တန့်လိုက်ပြီး အသံလွှင့်စက်မှတစ်ဆင့် လေးစားစွာ တင်ပြလာ၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ဖြတ်သန်းဖို့ ခွင့်တောင်းပါတယ်။"
သူမ၏ အသံမှာ ကျောက်သလင်း စွမ်းအင်အစီအရင်မှတစ်ဆင့် ကျယ်လောင်စွာ ထွက်ပေါ်လာကာ ပင်လယ်ပြင်တစ်ခုလုံးရှိ လူတိုင်း ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။
တုပိုင်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်၏။
"ဖြတ်သန်းဖို့ ခွင့်ပြုတယ်။"
လီအာနာက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
"သုံး... နှစ်... တစ်... ခရီးစဉ် စတင်ပြီ။"
သူမသည် လေယာဉ်ငယ်ကို အရှိန်မြှင့်လိုက်ပြီး ဟင်းလင်းပြင် တံခါးပေါက်ကြီးထဲသို့ တိုက်ရိုက် မောင်းနှင်ဝင်ရောက်သွားလိုက်တော့၏။ ပထမအဆင့် အောင်မြင်သွားလေပြီ။ အနည်းဆုံးတော့ လေယာဉ်ငယ်မှာ ချက်ချင်း ပေါက်ကွဲမသွားသလို လွှင့်ထွက်သွားခြင်းမျိုးလည်း မရှိပေ။
နောက်တစ်ဆင့် အောင်မြင်မှု ရှိမရှိ ဆိုသည်မှာ မင်းသမီး လီအာနာအနေဖြင့် ဤလေယာဉ်ငယ်လေးဖြင့် တာ့နင်အင်ပါယာဘက်သို့ အောင်မြင်စွာ ပြန်လည် ထွက်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိ အပေါ်၌ မူတည်နေ၏။
လူတိုင်းကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခြင်း မရှိဘဲ စက္ကန့်သုံးဆယ်ခန့် အကြာ၌ပင် မင်းသမီး လီအာနာက လေယာဉ်ငယ်လေးကို မောင်းနှင်လျက် ဟင်းလင်းပြင် တံခါးပေါက်ကြီးထဲမှ အရှိန်ဖြင့် ပြန်ထွက်လာသည်။
ထို့နောက် သူမ၏ မျက်နှာထက်၌ အောင်မြင်မှုအပြုံးများဖြင့် သတင်းပို့လာသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ဟင်းလင်းပြင် တံခါးပေါက်ကြီးကို အသွားအပြန် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ခံစားရတာလည်း အရမ်းကောင်းပါတယ်။ ကိုယ်တွင်းမှာ မအီမသာဖြစ်တာမျိုးလည်း မရှိသလို လေယာဉ်ကလည်း ဘာချို့ယွင်းချက်မှ မဖြစ်ပါဘူးရှင်။"
ထို့နောက် နောက်ထပ် လေယာဉ်ငယ် ငါးစင်းသည်လည်း အသွားအပြန် ဖြတ်သန်းကြပြီး အားလုံးမှာ ဘေးအန္တရာယ် ကင်းရှင်းကြသည်။
ထို့နောက် တုပိုင် အမိန့်ပေးလိုက်ရာ လေသင်္ဘောကြီး ဆယ့်ခြောက်စင်းလုံး စတင်ကာ ဖြတ်သန်းကြတော့၏။
လီအာနာ ကိုယ်တိုင် မောင်းနှင်နေသော ကျောင်းလုံ လေသင်္ဘောကြီးသည်လည်း ဟင်းလင်းပြင် တံခါးပေါက်ကြီးကို ဖြည်းညင်းစွာ ဖြတ်သန်းသွား၏။
ကျောင်းလုံ လေသင်္ဘောကြီးမှာ လွန်ခဲ့သော နှစ်အနည်းငယ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် အခြားလေသင်္ဘောများနှင့် ယှဉ်လျှင် သေးငယ်လှ၏။ စစ်သင်္ဘောကြီးဟု ခေါ်သော်ငြားလည်း အရှည် မီတာနှစ်ရာခန့်သာ ရှိသည်။
လူတိုင်း၏ စိုးရိမ်တကြီး စောင့်ကြည့်နေသည့်ကြားမှပင် ကျောင်းလုံ လေသင်္ဘောကြီးမှာ ဟင်းလင်းပြင် တံခါးပေါက်ကြီးထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
တုပိုင်သည်လည်း ဖန်းချင်းယီ၊ နီရှန်၊ ကျီယင်ယင်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ဟင်းလင်းပြင် တံခါးပေါက်ကြီးထံ
သို့ ပျံသန်းဝင်ရောက်သွား၏။
ဝှစ်...။
ခေတ္တမျှ မူးဝေသွားပြီးနောက် တုပိုင်နှင့် လူတစ်စုမှာ ငရဲမျှော်စင်၏ ဆဋ္ဌမအထပ်သို့ ရောက်ရှိလာကြလေပြီ။
"အာ့..."
ရုတ်တရက် ဖန်းချင်းယီထံမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ သူမသည် အလွန်အစွမ်းထက်သူ ဖြစ်သော်လည်း မြေပြင်ပေါ်သို့ ခွေကျသွားရကာ ဧရာမ စွမ်းအားကြီးတစ်ခုက ဖိနှိပ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ထိုမျှသာမက သူမ၏ ပါးစပ်ထဲမှ မိစ္ဆာစွယ်များ ရှည်ထွက်လာကာ နားရွက်များကလည်း ပို၍ ချွန်ထွက်လာပြီး တစ်ကိုယ်လုံး နာကျင်မှုဝေဒနာက အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ သူမမှာ နာကျင်လွန်းသဖြင့် လူးလှိမ့်နေရပြီး အံကိုကြိတ်ကာ အော်ဟစ်လိုက်ရတော့သည်။
"တုပိုင်... ကျွန်မကို ဒီကနေ မြန်မြန် ခေါ်ထုတ်သွားပေးစမ်းပါ။ ကျွန်မ ဆက်သည်းမခံနိုင်တော့ဘူး။ ဒီနေရာရဲ့ စွမ်းအင်ဖိနှိပ်မှုက အရမ်း ပြင်းထန်လွန်းတယ်။"
ငရဲမျှော်စင်မှာ နဂါးမျိုးနွယ်များ၏ နယ်မြေ ဖြစ်၏။
ဖန်းချင်းယီ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစိတ်ဝိညာဉ်မှာ ထွက်သွားပြီ ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အတွင်းအပြင် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကာ မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေဆဲပင် ဖြစ်လေ၏။ ထို့အတွက်ကြောင့် ဤမျှော်စင်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဖိနှိပ်ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။
ဤသည်မှာ တုပိုင်အတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်၏။ အနည်းဆုံးတော့ ဤနေရာသို့ မိစ္ဆာများ ကျူးကျော်ဝင်ရောက်ရန် ခက်ခဲပေလိမ့်မည်။
ဖန်းချင်းယီ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး အသံကုန် ဟစ်အော်လိုက်ရသည်။
"တုပိုင်... မြန်မြန်လုပ်။ ကျွန်မကို ဒီကနေ ခေါ်ထုတ်သွားပေးစမ်းပါ။ ရှင့်ကို တောင်းပန်ရဦးမှာလား။"
တုပိုင်တစ်ယောက် သူမအား ပွေ့ချီလိုက်ပြီး ငရဲမျှော်စင် ဆဋ္ဌမအထပ်၏ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ အမြန် ခုန်ထွက်သွားလိုက်၏။ ငရဲမျှော်စင်မှ အပြင်သို့ ရောက်ရှိသွားပြီးနောက်တွက်တော့ သူမ၏ အခြေအနေမှာ အနည်းငယ် သက်သာလာသော်လည်း နာကျင်နေဆဲ ဖြစ်သည်။
သူမ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နဖူးမှ ချွေးစေးများကို သုတ်ကာ ညည်းတွားလိုက်မိ၏။
"မျှော်စင်ရဲ့နယ်ပယ်ထဲကနေ ထွက်လာတာတောင် အရမ်း နာနေတုန်းပဲ။"
မိုင်တစ်ရာကျော်ခန့် ဝေးကွာသွားမှသာ ဖန်းချင်းယီတစ်ယောက် မြေပြင်ပေါ်၌ ကောင်းစွာ လမ်းလျှောက်နိုင်လာပြီး ကီလိုမီတာ အနည်းငယ်မြင့်သော ဧရာမ မျှော်စင်ကြီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်၏။
ထို့နောက် သူမက မျက်မှောင်ကြုတ်လျက် တုပိုင်အား လှည့်ကြည့်လာသည်။
"ထိုက်ခန်အင်ပါယာရဲ့ မြို့တော်က ဘယ်မှာလဲ။ ငါ့ဘာသာငါ သွားလိုက်မယ်။ ဒီလိုနေရာမျိုးကနေ ဝေးဝေးနေရလေ ပိုကောင်းလေပဲ။"
ထိုက်ခန်အင်ပါယာ မြို့တော်မှာ ဤနေရမှ အရှေ့ဘက် မိုင်နှစ်ရာကျော်အကွာတွင် ရှိနေ၏။ ဖန်းချင်းယီက မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ သူမ၏ အတောင်ပံများကို ဖြန့်ကြက်ကာ ထိုက်ခန်အင်ပါယာဆီသို့ ပျံသန်းသွားတော့သည်။
တုပိုင်က ထွက်သွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ ပြုံးစစဖြင့် လှမ်းအော်လိုက်၏။ "သူတို့ကို သွားပြီး မခြောက်နဲ့ဦးနော်။"
ဖန်းချင်းယီက လှည့်ပင်မကြည့်ဘဲ စိတ်မရှည်စွာ ပြန်အော်လိုက်သည်။
"သိပါတယ်။ စကားများလိုက်တာ။"
မျှော်လင့်ထားသည့်အတိုင်းပင် ငရဲမျှော်စင်မှာ တုပိုင် တွေးထင်ထားသကဲ့သို့ နဂါးမျိုးနွယ်၏ မြင့်မြတ်နယ်မြေဖြစ်နေကာ မိစ္ဆာများအတွက်မူ တားမြစ်နယ်မြေတစ်ခု ဖြစ်နေသည်။
ထို့ကြောင့် ဤကဲ့သို့ ကြီးမားသော စစ်တပ်ကြီး ဖြတ်သန်းလာမှုကို ကံကြမ္မာမိစ္ဆာ သတိထားမိသွားမည်ကို တုပိုင် စိုးရိမ်မနေခြင်း ဖြစ်၏။
ဧကရာဇ်ထိုက်ခန်တစ်ယောက် မြို့တော်ကို ငရဲမျှော်စင်အနီး၌ တည်ဆောက်ခဲ့ခြင်းမှာ ဤရည်ရွယ်ချက်ကြောင့်ပင် ဖြစ်ကြောင်း သိသာလှသည်။
**--**--**--**--**--**--**--**
တုပိုင် ငရဲမျှော်စင်၏ ဆဋ္ဌမအထပ်သို့ ပြန်လာလိုက်၏။
ကျောင်းလုံ လေသင်္ဘောကြီးသည်လည်း နေရာ၌ ငြိမ်သက်စွာ ရပ်နားနေသည်။ အဆိုပါသင်္ဘောကြီးမှာ ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ ကြီးမားသော်လည်း ငရဲမျှော်စင် ဆဋ္ဌမအထပ်၏ ဧရိယာမှာ အလွန် ကျယ်ဝန်းလှရာ ကျောင်းလုံ လေသင်္ဘောသာမက ပိုကြီးမားသော တုပိုင် လေသင်္ဘောကြီးပင်လျှင် အေးဆေးစွာ ဝင်ဆံ့နိုင်နေသည်။
တုပိုင် သူ၏ မျက်လုံးတို့ကို မှိတ်လိုက်၏။ ထို့နောက် ရှေးဟောင်းနဂါးဘုရင်၏ စိတ်ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး ငရဲမျှော်စင် ဆဋ္ဌမအထပ်နှင့် ဆက်သွယ်မှုကို ဖွင့်လှစ်လိုက်သည်။ မှန်ပေသည်။ တုပိုင်ထံ၌ ငရဲမျှော်စင်နှင့် ဆက်သွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်လေ၏။
ယခင်က အိပ်မက်ဆိုးဧကရာဇ်သည် ပဉ္စမအထပ်ကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ယခုအခါ၌ ငရဲမျှော်စင် တစ်ခုလုံး၏ အာဏာမှာ တုပိုင်၏လက်ခုပ်ထဲသို့ ရောက်နေလေပြီ။
ယခုအခါ၌ တုပိုင်က ဆဋ္ဌမအထပ်၏ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ထားပြီဖြစ်ရာ ဆဋ္ဌမအထပ်နှင့် ထိုအထပ်အောက်ရှိ အာဏာများ၊ စမ်းသပ်မှု စည်းမျဉ်းများ အားလုံးမှာ တုပိုင်၏ လက်အောက်သို့ ရောက်ရှိလာကြ၏။
တုပိုင် သူ၏ မျက်လုံးကို ဖွင့်လိုက်ကာ ဩဇာပါသော အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။
"ငရဲမျှော်စင် ဆဋ္ဌမအထပ်... အလျား မီတာသုံးရာနဲ့ အနံ မီတာသုံးရာရှိတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်စမ်း။"
ရုတ်တရက် ငရဲမျှော်စင် ဆဋ္ဌမအထပ်၏ နံရံပေါ်၌ အလျားနှင့် အနံ မီတာသုံးရာစီရှိသော ဧရာမ ပြတင်းပေါက်ကြီးတစ်ခု ပွင့်ဟလာတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၃ + ၉၇၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။