အခန်း (၉၇၅-၉၇၆)
Vol. 98 Ch. 975-976
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၅ + ၉၇၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင်၏ မျက်နှာထားက တင်းမာသွားကာ ပြတ်သားသော လေသံဖြင့် အမိန့်ပေးလိုက်၏။ "ကျောင်းလုံ စစ်သင်္ဘောကြီး... ငရဲမျှော်စင်ထဲကနေ ထွက်ခွာတော့..."
မင်းသမီး လီအာနာသည် ကျောင်းလုံ လေသင်္ဘောကြီးအား မောင်းနှင်ကာ ငရဲမျှော်စင်၏ ဧရာမ ပြတင်းပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်သို့ ဖြည်းညင်းစွာ ထွက်ခွာသွားတော့၏။
ထိုအချိန်၌ အပြင်ဘက်တွင် ကိုယ်၌၏ လက်ချောင်းများကိုပင် ပြန်မမြင်ရလောက်အောင် အလွန်အမင်း မှောင်မိုက်နေလျက်ရှိနေသည်။ ထို့နောက်တွင်မူ လေသင်္ဘောများသည် တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောကမှတစ်ဆင့် ငရဲမျှော်စင် ဆဋ္ဌမအထပ်သို့ တစ်စင်းပြီးတစ်စင်း ပျံသန်းလာကြ၏။ ထို့နောက် ဧရာမ ပြတင်းပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်သို့ ထွက်ခွာလာကြကာ အမှောင်ထုထဲ၌ တန်းစီ၍ နေရာယူလိုက်ကြတော့သည်။
ငရဲမျှော်စင်၏ စွမ်းအင်အရှိန်အဝါက မိုင်နှစ်ရာကျော် ပတ်လည်ရှိ နေရာလပ်အားလုံးကို လွှမ်းမိုးဖိနှိပ်ထားရာ ကောင်းကင်ယံ၌ လေသင်္ဘောကြီးများ တန်းစီနေသည်ကို မည်သူကမျှ သတိမထားမိကြချေ။
လေးနာရီကျော် ကြာပြီးနောက် တုပိုင်၏ လေသင်္ဘောကြီးသည်လည်း ငရဲမျှော်စင် ဆဋ္ဌမအထပ်မှ ပျံသန်းထွက်ခွာလာ၏။
လက်ရှိအချိန်၌ တာ့နင်အင်ပါယာ၏ လေသင်္ဘောကြီး ဆယ့်ခြောက်စင်းလုံး အောင်မြင်စွာ ဖြတ်သန်းထွက်ခွာလာနိုင်ခဲ့လေပြီ။
တုပိုင်တစ်ယောက် ငရဲမျှော်စင် ဆဋ္ဌမအထပ်သို့ ပြန်သွားလိုက်သည်။ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ဟင်းလင်းပြင် တံခါးပေါက်ကြီးကို ပိတ်ပစ်ရန် လိုအပ်၏။
သို့သော် မည်သို့ ပိတ်ရမည်နည်း။ အလွန်ပင် ရိုးရှင်းလှသည်။ ရှုပ်ထွေးနေသော စွမ်းအင်အချက်အလက်များ၏ ပေါင်းစပ်ထားမှုကို ဖြုတ်ချလိုက်ရုံသာ ဖြစ်၏။
သန်းရာနှင့်ချီသော စွမ်းအင်အချက်အလက် အစီအစဉ်များနှင့် ပေါင်းစပ်မှုများက ဟင်းလင်းပြင် တံခါးပေါက်တစ်ခုကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အချက်အလက်တစ်ခု မှားယွင်းသွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင် တံခါးပေါက် တစ်ခုလုံး ချက်ချင်း ပြိုကွဲပျောက်ကွယ်သွားမည် ဖြစ်၏။
ငရဲမျှော်စင် ဆဋ္ဌမအထပ်မှာလည်း ယခင်ကဲ့သို့ ရှုပ်ထွေးပွေလီသော အခြေအနေသို့ လုံးဝ ပြန်လည်ရောက်ရှိသွားတော့သည်။
နောင်တစ်ချိန်၌ တုပိုင် ဟင်းလင်းပြင် တံခါးပေါက်ကို ပြန်ဖွင့်လိုပါကလည်း အလွန် ရိုးရှင်းသည်။ နောက်ဆုံး စွမ်းအင်အစီအစဉ်နှင့် ပေါင်းစပ်မှုကို ပြန်လည်ဖြည့်သွင်းလိုက်ရုံသာ ဖြစ်၏။
**--**--**--**--**--**--**--**
ငရဲမျှော်စင်မှ ထွက်လာပြီးနောက် တုပိုင် ကောင်းကင်ယံရှိ လေသင်္ဘောကြီး ဆယ့်ခြောက်စင်းကို မော့ကြည့်လိုက်၏။
ဤတပ်ဖွဲ့ကြီးမှာ အလွန် အစွမ်းထက်သည် ဆိုသည်ကို သံသယဝင်စရာ မလိုချေ။ ရေတွက်၍မရနိုင်သော ကျောက်သလင်း စွမ်းအင်အမြောက်များ ၊ လေဆာအမြောက်များနှင့် ခရမ်းလွန်ရောင်ခြည် ဗုံးများကို တပ်ဆင်ထားလျက်ရှိနေကြသည်။
ထို့အပြင် စစ်သည် နှစ်သိန်းနီးပါးမှာလည်း စွမ်းအင်လှံတံများကို ကိုင်ဆောင်ထားကြ၏။
ဤတပ်ဖွဲ့၏ အင်အားသည် မသေမျိုးစစ်တပ်အား သတ်ဖြတ်ချေမှုန်းနိုင်စွမ်း ရှိသည်မှာ အသေအချာပင် ဖြစ်လေ၏။
တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်လောက၌ ဤစစ်တပ်၏ အင်အားသည် အစွမ်းထက်သော မြေအောက်ကမ္ဘာ မိစ္ဆာစစ်တပ်ကိုပင် ဖိနှိပ်ရန် လုံလောက်ခဲ့၏။ မသေမျိုးနဂါးသာ ပြန်လည်ရှင်သန်မလာခဲ့လျှင် ထိုတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့မည် မဟုတ်ပေ။
ယခုအချိန်၌မူ ထိုနဂါး၏ စိတ်ဝိညာဉ်သည်ပင် တုပိုင်၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကာ သူကိုင်ဆောင်ထားသော ရွှေရောင် ဘုရင့်တုတ်ကောက်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ထို့နောက် တုပိုင် ရွှေရောင်ဘုရင့်တုတ်ကောက်ကြီးကို ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်၏။ "ဟင်းလင်းပြင် တပ်ပေါင်းစုတွေ ထွက်ခွာကြ...။ ထိုက်ခန်အင်ပါယာ မြို့တော်ဆီကို ချီတက်ကြ..."
ချက်ချင်းပင် ဧရာမ လေသင်္ဘောကြီး ဆယ့်ခြောက်စင်းတို့ကဘထိုက်ခန်အင်ပါယာဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြတော့သည်။ ဤသည်မှာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော အင်အားစုတစ်ခု ဖြစ်ရာ ဤတိုက်ပွဲကို အနိုင်ရရန် လုံလောက်လှသင့်ပေသည်။
တုပိုင် ရွှေရောင် တုတ်ကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လှောင်ပြုံးတစ်ခု ပြုံးလိုက်မိ၏။ "ကံကြမ္မာ မိစ္ဆာစစ်တပ်... မင်းတို့ရဲ့ နိဂုံးက ဒီမာပဲ..."
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် ကံကြမ္မာမိစ္ဆာ၏ စစ်သည် သန်းလေးဆယ် ပါဝင်သော စစ်တပ်ကြီးသည်လည်း အမှောင်ဒီရေလုံးကြီး တစ်ခုအလား ထိုက်ခန်အင်ပါယာဆီသို့ အရပ်မျက်နှာ အသီးသီးမှ ချီတက်ဝင်ရောက်လာကြ၏။
အိပ်မက်ဆိုးမင်းသားက အိပ်မက်ဆိုးအင်ပါယာ၏ စစ်တပ်ကို ဦးဆောင်ကာ အရှေ့ဘက်မှ သွေးဆာရက်စက်စွာ ချီတက်ဝင်ရောက်လာသည်။ လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်ကမူ လေလွင့်စစ်တပ်ကို ဦးဆောင်လျက် မြောက်ဘက်မှ ဝင်ရောက်လာ၏။
ရုပ်သေးမျိုးနွယ်စု၏ စစ်သေနာပတိသည်လည်း ရုပ်သေးစစ်တပ်ကို ဦးဆောင်ကာ အနောက်ဘက်မှ ချီတက်လာ၏။
ဘုရင်မ မိုဟန်ကမူ မသေမျိုးစစ်တပ် သုံးဆယ့်ငါးသန်းကို ဦးဆောင်လျက် တောင်ဘက်မှ ရူးသွပ်စွာ ချီတက်ဝင်ရောက်လာ၏။
မြေပြင်ကြီး အက်ကွဲသွားကာ သောင်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးက မြေအောက်မှ ထွက်ပေါ်လာပြီး သူတို့၏ မိစ္ဆာအတောင်ပံများကို ခတ်လျက် ထိုက်ခန်အင်ပါယာဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာကြတော့သည်။
ကံကြမ္မာမိစ္ဆာက မထီမဲ့မြင် အပြုံးဖြင့် လှောင်ရယ်လိုက်၏။ "ဟား.. ဟား.. ဟား... တုပိုင်... မင်းရဲ့ ကမ္ဘာပျက်မဲ့နေ့ ရောက်လာပြီပဲ...။ ငါအချိန်တွေ အများကြီး ဆွဲထားခဲ့ရတာ...။ တကယ်ကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး..."
ဘုရင်မ မိုဟန်၏ မျက်လုံးများ၌ အမုန်းတရားများ ဟုန်းဟုန်းတောက်လောင်သွားပြီး အံကိုကြိတ်လိုက်သည်။ "တုပိုင်... ရှင့်ရဲ့ နိဂုံးချုပ်ချိန် ရောက်လာပြီ...။ ရှင့်ကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်မယ်..."
**--**--**--**--**--**--**--**
တုပိုင်တစ်ယောက် ဟင်းလင်းပြင် တပ်ပေါင်းစု၏ စစ်သည် နှစ်သိန်းနီးပါးကို ဦးဆောင်ပြီး ထိုက်ခန်အင်ပါယာ မြို့တော်ထဲသို့ ဝင်ရောက်လာသောအခါ တစ်မြို့လုံး အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားကြရ၏။
အထူးသဖြင့် တောင်တန်းကြီး တစ်ခုအလား ကြီးမားလှသော လေသင်္ဘောကြီး ဆယ့်ခြောက်စင်း ပျံသန်းလာသောကြောင့် လူတိုင်း ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရသည်။
ထိုက်ခန်အင်ပါယာမှ အသက်ရှင်ကျန်ရစ်သူ သုံးသိန်းမှာ ပွဲတော်တစ်ခု ကျင်းပနေရသကဲ့သို့ ဝမ်းသာပျော်ရွှင်သွားကြ၏။
သေချာသည်က ဤသည်မှာ အတိုင်းအတာ တစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခုသာ ဖြစ်သည်။ မူလက သူတို့၌ စစ်သည် တစ်သိန်းခွဲ ရှိပြီး တုပိုင် ခေါ်ဆောင်လာသော နှစ်သိန်းနီးပါးကို ပေါင်းထည့်လိုက်လျှင်ပင် စုစုပေါင်း သုံးသိန်းကျော်ခန့်သာ ရှိသေး၏။
ရန်သူ၏ သန်းလေးဆယ်ရှိသည့် စစ်တပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် နှစ်ဖက်အင်အား ကွာဟချက် ကြီးမားမှုကတော့ ပြောင်းလဲမသွားခဲ့ပေ။
သို့တိုင်အောင် အထီးကျန်ပြီး မျှော်လင့်ချက်မဲ့နေချိန်မျိုးတွင် သူတို့ကို ကူညီထောက်ပံ့ပေးမည့် မဟာမိတ်များ ရှိနေသေးသည်ဟူသော ခံစားချက်လေးက အလွန် ကောင်းမွန်လှသည် မဟုတ်ပါလော။
**--**--**--**--**--**--**--**
အိမ်ရှေ့စံမင်းသမီးလေး ရှောင်ဝက ကမ္ဘာမြေမှ သူမ၏ အစ်မဖြစ်သူ ရှောင်ပိန်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ပြေးသွားပြီး အစ်မဖြစ်သူ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်ကာ အော်ခေါ်လိုက်သည်။ "အစ်မ..."
ကမ္ဘာမြေမှ ရှောင်ပိန်မှာ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် သူမအား ဖက်တွယ်ထားသော မိန်းကလေးငယ် တစ်ဦးကို တွေ့လိုက်ရ၏။
ထိုမိန်းကလေးမှာ အနည်းငယ် ပိုဝပြီး အရပ်ပုသည်မှလွဲ၍ သူမနှင့် တော်တော်လေး ရုပ်ဆင်နေသည်။ မိန်းကလေးမှာ အရပ် ၅ ပေခန့်သာ ရှိပြီး ကမ္ဘာမြေမှ ရှောင်ပိန်ကမူ ၅ ပေ ၇ လက်မကျော် ရှိသည်။
အိမ်ရှေ့စံမင်းသမီးလေးက တခစ်ခစ် ရယ်မောလိုက်ရင်း ရွှင်မြူးစွာ စကားစလိုက်၏။ "အစ်မက အရပ်လည်းရှည်သလို ပိန်လည်းပိန်တယ်နော်...။ အစ်မနာမည်ကလည်း တုရှောင်... ညီမနာမည်ကလည်း တုရှောင်ပဲ...။ အဖေကပြောတယ်... အစ်မကိုတော့ ရှောင်ပိန်လို့ခေါ်ပြီး ညီမကိုကျတော့ ရှောင်ဝလို့ခေါ်မယ်တဲ့..."
ဤတွေ့ဆုံမှု၌ ရှောင်ဝမှာ စကားတွေ တရစပ် ပြောနေခဲ့သော်လည်း အစ်မဖြစ်သူ ရှောင်ပိန်ကမူ တစ်ခွန်းမျှပင် ပြန်ပြောရန် အချိန်မရခဲ့ချေ။
ခဏကြာပြီးနောက် ရှောင်ပိန်က ခေါင်းယမ်းကာ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။ "ညီမလေးက ငယ်သေးတာကိုး...။ နောက်ကျရင် အရပ် ထပ်ရှည်လာဦးမာပါ..."
ရှောင်ဝက မျက်လုံးလေး ကလယ်ကလယ်ဖြင့် စပ်စုလိုက်၏။ "အစ်မက တကယ်ကို ချောတာပဲ...။ အစ်မကို သဘောကျပြီး လိုက်နေတဲ့ ယောင်္ကျားတွေ အများကြီးရှိလားဟင်..."
ထိုအခါ ရှောင်ပိန် မျက်နှာပူသွားရပြီး ရှက်ကိုးရှက်ကန်းဖြင့် ရေရွတ်လိုက်မိသည်။ "အိုက်ယား..."
ထို့နောက် ရှောင်ဝက လူငယ်တစ်ဦးကို ဆွဲခေါ်လာပြီး သူ၏ ပါးကို ဆွဲလိမ်ကာ ဟန့်လိုက်၏။ "ခွေးကောင်လေး တုမို... အစ်မကြီးလို့ ခေါ်လိုက်စမ်း..."
တုမိုမှာ အလွန် စိတ်ဓာတ်ကျနေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိစ္ဆာမြို့စား၏ ထိန်းချုပ်မှုကို ခံခဲ့ရစဉ်က သူ၏ ဖခင်အပေါ် အလွန် ရိုင်းစိုင်းသော စကားများကို ပြောဆိုခဲ့မိသောကြောင့် ဖြစ်သည်။ ထိုစကားများမှာ သူ၏ ကိုယ်ပိုင်ဆန္ဒ မဟုတ်ခဲ့သော်ငြားလည်း သူ၏နှုတ်မှတစ်ဆင့် ထွက်ပေါ်ခဲ့သည်ကတော့ ငြင်းမရသည့် အမှန်တရားပင်။
ထို့ကြောင့် ဤကာလအတွင်း သူ၏ စိတ်ဓာတ်မှာ အလွန် ကျဆင်းနေခဲ့၏။ သူသည် မူလကတည်းက အထီးကျန်ဆန်ကာ ခပ်အေးအေး နေတတ်သူဖြစ်ပြီး မိစ္ဆာမြို့စား၏ ထိန်းချုပ်ခံရပြီးနောက်ပိုင်းတွင်ကား လူများနှင့် စကားပြောရန် ပို၍ပင် ဝန်လေးနေခဲ့တော့သည်။
ရှောင်ဝက ခါးထောက်လိုက်ရင်း တုမိုအား စိုက်ကြည့်လိုက်၏။ "ဘာသဘောလဲ...။ ဒါက အစ်မကြီး... ငါက မင်းရဲ့ အစ်မလတ်...။ မင်းက ငါတို့ရှေ့မာ လာပြီး ဟန်လုပ်နေတာလား...။ မင်းက ချောပြီး အစွမ်းထက်နေလို့လား...။ သိုင်းပညာဉာဏ်ကြီးရှင်မို့လို့လား...။ ငါ့သိုင်းပညာက မင်းလောက်မတော်ဘူး... မင်းက ငါ့ထက် အရပ်ရှည်တယ်ဆိုပေမဲ့ ငါက မင်းကို ရိုက်ချင်ရင် ရိုက်မာပဲ...။ ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ အစ်မဖြစ်နေလို့ပဲ..."
တုမိုကမူ မကျေမနပ် မျက်စောင်းထိုးကာ ညည်းတွားလိုက်သည်။ "ကလေးဆန်လိုက်တာ..."
ထို့နောက် သူသည် အစ်မလတ်ဖြစ်သူအား သူ၏ အလွန် ချောမောသော မျက်နှာကို စိတ်ကြိုက် ဆွဲလိမ်အနိုင်ကျင့်ခွင့် ပြုထားလိုက်တော့၏။
ရှောင်ဝက မောင်ဖြစ်သူ၏ နှာခေါင်းကို လက်ချောင်းများဖြင့် ဝက်နှာခေါင်းသဖွယ် ပင့်တင်ကာ နှုတ်ခမ်းလေးစူလျက် ညည်းတွားဟန်ဖြင့် ဆိုလိုက်သည်။ "ကြည့်စမ်းပါဦး အစ်မကြီးရယ်...။ ဒီကမ္ဘာကြီးက တကယ်ကို မတရားဘူး...။ တုမိုက ယောင်္ကျားလေးဖြစ်နေရက်နဲ့ အရမ်းလှနေတယ်...။ မိန်းကလေးတစ်ယောက်ထက်တောင် ပိုလှနေသေးတယ်...။ အခုလို ဝက်နှာခေါင်းပုံစံလေး လုပ်ထားတာကမှ မျက်စိထဲကြည့်ရတာ ပိုအဆင်ပြေသေးတယ်..."
ရှောင်ပိန်သည်တော့ ညင်သာစွာ ပြုံးလိုက်ပြီး သူမ၏ မောင်နှမများကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲ၌ ကြင်နာယုယမှုများ ပြည့်နှက်နေ၏။
သူမ၏ စိတ်နှလုံးမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ ပထမဦးစွာ သူမသည် မိခင်ဖြစ်သူ၏ ဘက်မှ ရပ်တည်ကာ ဖခင်ဖြစ်သူအား မိခင်၏ ခံစားချက်များကို ပို၍ ဂရုစိုက်စေချင်ခဲ့၏။ သို့သော် သူမသည် အမြဲတမ်း အထီးကျန်နေခဲ့ရရာ ယခုကဲ့သို့ မောင်နှမများ ရှိလာခြင်းက သူမကို အလွန် နွေးထွေးစေသည်။
သူမ ရှောင်ဝ၏ လက်ကို ဆွဲကိုင်လိုက်ရာ မောင်ဖြစ်သူ တုမိုမှာ အစ်မဖြစ်သူ၏ လက်ထဲမှ လွတ်မြောက်သွားတော့၏။ ထို့နောက် သူမသည် အခြားလက်တစ်ဖက်ဖြင့် တုမိုကို ဆွဲကိုင်ကာ အတွင်းဘက်သို့ လျှောက်သွားလိုက်သည်။
ရှောင်ပိန်က သူတို့ကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်၏။ "ဒါက လီဟိုင်... ဟိုတစ်ယောက်က သူ့ညီမ လီရှောင်ထန်လေ...။ သူတို့အဖေက လီရှောင်ချန်တဲ့... ငါတို့အဖေရဲ့ အချစ်ဆုံးသူငယ်ချင်းပေါ့..."
**--**--**--**--**--**--**--**
ဖန်းချင်းယီ လေကို တဝကြီး ရှူသွင်းလိုက်ရင်း ကျေနပ်စွာ ရေရွတ်လိုက်သည်။ "ဒီနေရာကို သဘောကျတယ်...။ တာ့နင်အင်ပါယာက နေရောင်ခြည်ထက်တောင် ဒီနေရာကို ပိုသဘောကျသေးတယ်..."
သေချာပေါက် သူမ ဤနေရာအား ပို၍ သဘောကျနေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ နေရောင်ခြည် ဝင်ရောက်မလာနိုင်ဘဲ အမြဲတမ်း မီးခိုးရောင် ကောင်းကင်အဖြစ် ရှိနေကာ နျူကလီးယားဆောင်းရာသီ၏ အကျိုးဆက်များကို ခံစားနေရဆဲ ဖြစ်သောကြောင့်ပင်။ မိစ္ဆာများ ဆိုသည်မှာ အမှောင်ထုသတ္တဝါများပင် မဟုတ်ပါလော။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၅ + ၉၇၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။