အခန်း (၉၇၇-၉၇၈)
Vol. 98 Ch. 977-978
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၇ + ၉၇၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နီရှန် ၊ ကျီယင်ယင်နှင့် ကျီပြောင်ပြောင်တို့ကမူ ဤနေရာအား များစွာ နှစ်သက်သဘောကျခြင်း မရှိကြချေ။
ကမ္ဘာကြီး တစ်ခုလုံးသည် မှုန်မှိုင်းအုံ့ဆိုင်းနေကာ မျှော်လင့်ချက်မဲ့သည့် လေထုကြီးဖြင့် လွှမ်းခြုံထား၏။ ကောင်းကင်ယံထက်၌ မီးခိုးရောင်နှင့် အဝါရောင်တို့ ရောယှက်နေကာ ဝါထိန်နေသည့် လျှပ်စီးများကလည်း ရံဖန်ရံခါ လက်ခနဲ ဝင်းလက်သွားတတ်သေးသည်။ ထို့အပြင် ဤနေရာ၏ လေထုသည်လည်း ဘယ်သောအခါမျှ သန့်စင်သွားမည့်ဟန် မပေါ်နေချေ။
သို့သော် သူတို့ကို များစွာ အံ့အားသင့်စေသည့် အရာတစ်ခုတော့ ရှိနေ၏။ ဤနေရာရှိ ရွှမ်းချီစွမ်းအင် သိပ်သည်းဆသည် အလွန်ပင် မြင့်မားနေကာ တာ့နင်အင်ပါယာထက်ပင် အဆပေါင်းများစွာ ပိုမို သိပ်သည်းနေခြင်းပင် ဖြစ်သည်။
လီတောက်ယွဲ့ကမူ အချစ်၌ နစ်မွန်းနေသူပီပီ တုပိုင်နှင့်အတူ ရှိနေရုံဖြင့် မည်သည့်နေရာဖြစ်စေ သူမအတွက်တော့ နွေဦးရာသီကဲ့သို့ သာယာလှပနေလိမ့်ပေမည်။
**--**--**--**--**--**--**--**
ရှောင်ဝ၏ မျက်လုံးလေးများက အရောင်လက်နေကာ ပါးစပ်လေးမှလည်း အဆက်မပြတ် ရေရွတ်နေတော့၏။
"အစ်မ… ဒါက တီဗွီဆိုတာလားဟင်…"
"အစ်မ… ဒါကရော ကွန်ပျူတာလား…"
"အစ်မ… တိုက်လေယာဉ်က ဘယ်မာလဲ သိလား…။ အဖေက သမီးကို တာဘိုအင်ဂျင်တစ်လုံးပေးမယ်တဲ့…"
"ဝါး… ဒါက တကယ်ကို လှတာပဲ…။ တာဘိုအင်ဂျင်က ခြေထောက်ပေါက်ပြီးတော့ မပြေးပါဘူးလေ… သမီးကို တစ်နာရီလောက် ထိုင်ကြည့်ခွင့်ပေးဦး…"
"ဒါကို ရုပ်ရှင်လို့ ခေါ်တာလားဟင်…"
ထိုက်ခန်အင်ပါယာ နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်၌မူ လီဟိုင်သည် ဤနန်းတော်ကြီးအား သူ၏ဖခင် လီရှောင်ချန် ကိုယ်တိုင် ပုံစံထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မနေနိုင်မထိုင်နိုင် ကြွားလုံးထုတ်နေတော့၏။
သို့တိုင်အောင် ရှောင်ဝနှင့် တုမိုတို့သည်ကား အနည်းငယ်မျှပင် အံ့ဩအားကျသွားခြင်း မရှိခဲ့ချေ။
ရေခဲသရဖူခံတပ်သဖွယ် ခန့်ညားလှသော ဤနန်းတော်ကြီးသည် အလွန် အံ့မခန်းဖြစ်သည်မှာတော့ အမှန်ပင် ဖြစ်၏။ သို့သော် တုမိုသည် မိစ္ဆာမြို့စား၏ ထိန်းချုပ်မှုကို ခံခဲ့ရသည့်အပြင် မီတာ ၁၅၀၀ ရှည်လျားသော နဂါးကြီး ပြန်လည်ရှင်သန်လာသည်ကိုပင် မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ဤနန်းတော်ကြီးလောက်နှင့်တော့ သူ့ကို အံ့အားသင့်စေရန် ခဲယဉ်းလှသည်။
ရှောင်ဝကမူ မိစ္ဆာများရှိရာ အခြားဟင်းလင်းပြင်လောကသို့ သွားရောက်ရန်အတွက် သူမ၏ စိတ်ကူးထဲ၌ အာကာသယာဉ် တစ်စီးကို ပုံစံထုတ်နေ၏။ ထိုအာကာသယာဉ်သည် ဤနန်းတော်ကြီးထက်ပင် ပိုမို ကြီးမားသေးသည်။ လက်ရှိ အခြေအနေအရ တည်ဆောက်ရန် မဖြစ်နိုင်သေးသဖြင့် စိတ်ကူးထဲ၌သာ ကျေနပ်နေရသော်ငြား ဤရေခဲသရဖူခံတပ် နန်းတော်ကြီးလောက်ဖြင့် သူမအား အံ့အားသင့်စေမည် မဟုတ်ပေ။
ထို့နောက် လီဟိုင်တစ်ယောက် သူ၏ အဖိုးတန်ပစ္စည်းများကို ထုတ်ပြသော်လည်း ရှောင်ဝကို အံ့အားသင့်အောင် မစွမ်းဆောင်နိုင်ခဲ့သဖြင့် များစွာ စိတ်ပျက်သွားရ၏။
သို့သော် မထင်မှတ်ဘဲ ဤမိန်းကလေးသည် တီဗွီတစ်လုံးကြောင့် အလွယ်တကူပင် အံ့အားသင့်ကာ သဘောကျသွားတော့သည်။
လီရှောင်ထန်၏ ရုပ်ဆိုးဆိုး မျက်နှာထက်၌ ပြုံးရွှင်သော အမူအရာတစ်ခု ပေါ်လွင်သွား၏။ "ဒါက ဝက်ကလေး ပက်ပါ လို့ခေါ်တဲ့ ကာတွန်းကားလေ…။ ညီမလည်း အဲဒါ ကြည့်ရတာ သဘောကျတယ်…"
လီဟိုင်ကမူ နှာခေါင်းရှုံ့လိုက်သည်။ "အဲဒါ ကလေးကြည့်တဲ့ ကာတွန်းကားကြီး… ကြည့်ရတာ ပေါတောတောနဲ့…"
တုမိုသည်လည်း ခေါင်းရမ်းလိုက်၏။ "ငါလည်း အဲဒါက စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူး… တုံးအလိုက်တာ…"
ရှောင်ဝကမူ တခစ်ခစ် ရယ်မောလိုက်သည်။ "ငါကတော့ ကြည့်ကောင်းတယ်လို့ ထင်တာပဲ…။ ဟားးးဟားးးဟားးး တကယ်ကို စိတ်ဝင်စားစရာကောင်းတာ…"
ထိုအခါ လီဟိုင်က မျက်နှာပြောင်တိုက်ကာ လေသံကို ချက်ချင်း ပြောင်းပစ်လိုက်၏။ "အင်း… ငါ သေချာပြန်ကြည့်ကြည့်တော့လည်း ဒီကာတွန်းကားက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ…"
တုမိုမှာတော့ သူ့အား မျက်စောင်းထိုးကြည့်လိုက်မိပြီး ဆွံ့အသွားရတော့သည်။ ‘ဒီကောင် သောက်ရှက်ကို မြောင်းထဲပစ်လိုက်ပြီလား…’
**--**--**--**--**--**--**--**
ကာတွန်းကားကြည့်ရသော အချိန်ကောင်းလေးသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ ရှောင်ပိန်ကမူ အစ်မကြီးဖြစ်သူပီပီ မောင်နှမများကို စောင့်ရှောက်ရန် တာဝန်ရှိသည့်အပြင် ဖခင်ဖြစ်သူသည်လည်း အရသာရှိသော အစားအစာများစွာကို ယူဆောင်လာသောကြောင့် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေလျက် ရှိ၏။
ထိုသို့ဖြင့် ကာတွန်းကားကြည့်ရသော တစ်နာရီဟူသည့် အချိန်လေးသည် လျင်မြန်စွာ ကုန်လွန်သွားပြီဖြစ်သည်။
မူလ၌ တစ်နာရီပြည့်လျှင် ရှောင်ဝတစ်ယောက် အင်ဂျင်သွားဖြုတ်တော့မည်ဟု ထင်မှတ်ထားရ၏။
သို့သော် ရှောင်ဝက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် အစ်မဖြစ်သူအား မော့ကြည့်လာသည်။ "အစ်မ… ညီမ ကာတွန်းကား နောက်ထပ် သုံးနာရီလောက် ထပ်ကြည့်ဦးမယ်နော်…။ ပြီးမှပဲ အင်ဂျင် သွားဖြုတ်တော့မယ်… ရလားဟင်…"
ရှောင်ပိန်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်ရ၏။ "အင်းပါ…"
ဤကဲ့သို့သော ကိစ္စမျိုးအတွက် ညီမဖြစ်သူက အဘယ်ကြောင့် သူမ၏ ခွင့်ပြုချက်ကို လာတောင်းနေရသနည်း ဆိုသည်ကိုတော့ သူမ နားမလည်ချေ။
သူမဘေးမှနေ၍ တုမိုက မထီမဲ့မြင် လှောင်ပြုံးဖြင့် ပြုံးလိုက်၏။ "ကလေးဆန်လိုက်တာ…"
ရှောင်ဝသည် မျက်လုံးဝိုင်းကြီးများဖြင့် တီဗွီဖန်သားပြင်ကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း လက်နှစ်ဖက်ဖြင့် မောင်ဖြစ်သူအား လှမ်းဆွဲလိုက်ကာ ချောမောခန့်ညားလှသည့် မျက်နှာလေးကို အကြမ်းပတမ်း ညှစ်ခြေပစ်လိုက်တော့သည်။
ရှောင်ဝက မျက်စောင်းထိုးကာ ဗိုလ်ကျသည့် လေသံဖြင့် ကြိမ်းဝါးလိုက်၏။ "နင့် အမကို လာစနေတာလား…။ ဘယ်လိုသေသွားမှန်းတောင် မသိအောင် လုပ်ပစ်လိုက်လို့"
ကလေးမလေး လီရှောင်ထန်သည်တော့ လက်ခုပ်တီးကာ အားကျသည့်ဟန်ဖြင့် ငေးကြည့်နေ၏။ "အစ်မရှောင်ဝက တကယ်ကို အစွမ်းထက်တာပဲ…"
လီဟိုင်ကမူ လက်ရှိအချိန်၌ သူသာ တုမိုကဲ့သို့ ရှောင်ဝ၏ အနိုင်ကျင့်ခြင်းကို ခံရလျှင် မည်မျှ ကောင်းလိုက်မည်နည်းဟု တွေးတောရင်း အလွန် မနာလိုဖြစ်နေသော အမူအရာကို ပြသနေတော့သည်။
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ နန်းတော်ထဲ၌ တုပိုင်တို့ မိသားစုသည် စားပွဲရှည်ကြီး တစ်ခုတွင် ညစာစားနေကြ၏။ တာ့နင်အင်ပါယာမှ ယူဆောင်လာသော အရသာရှိလှသည့် သမင်သားကင်များ ၊ သစ်သီးအမျိုးမျိုးနှင့် အရည်အသွေးမြင့် ဝိုင်များကို သူတို့ သုံးဆောင်နေကြသည်။
သူတို့၏ အောက်ဘက်၌လည်း စားပွဲဝိုင်းပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေ၏။ တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောကမှ တပ်ပေါင်းစု ခေါင်းဆောင်များနှင့် ထိုက်ခန်အင်ပါယာမှ စစ်သူကြီးများ စုစုပေါင်း လူရာဂဏန်းခန့်တို့ အတူတကွ ညစာစားသုံးနေကြခြင်း ဖြစ်သည်။
ဤတပ်ပေါင်းစုကြီးအတွက် ဤအစားအစာများမှာ သာမန်မျှသာ ဖြစ်သော်လည်း ထိုက်ခန်အင်ပါယာမှ စစ်သူကြီးများအတွက်မူ မျက်ရည်ကျသွားရလောက်အောင်ပင် အလွန် အရသာရှိလှသည်။
ကမ္ဘာပျက်ကပ်ကြီး စတင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပြီဖြစ်ရာ ယခုအခါ ကမ္ဘာမြေပေါ်၌ အဓိက အစားအစာအဖြစ် မျိုးဗီဇပြောင်း သစ်သီးများသာ ကျန်ရှိတော့၏။
သေချာပေါက် မျိုးဗီဇပြောင်း သားရဲ အမျိုးမျိုးထံမှ အသားများလည်း ရှိသော်လည်း တကယ်တမ်း၌ စားမကောင်းလှချေ။ အရည်အသွေးမြင့် ဝိုင်ဆိုလျှင်လည်း ကမ္ဘာပျက်ကပ် မတိုင်မီက ကမ္ဘာမြေပေါ်၌ ကျန်ရစ်ခဲ့သော ဝိုင်ဟောင်းများကိုသာ သောက်သုံးနိုင်တော့သည်။
ထို့အတွက်ကြောင့် ဤအစားအစာများမှာ သူတို့အတွက်တော့ နတ်ပြည်မှ အစားအစာမျာကဲ့သို့ ဖြစ်နေတော့၏။
ရှောင်ဝသည် စားသောက်ရင်း စကားပြောရင်းဖြင့်ပင် သူမရှေ့ရှိ တက်ဘလက် ဖန်သားပြင်ကို စိုက်ကြည့်ကာ ကာတွန်းကားကို ဆက်ကြည့်နေ၏။
မိခင်ဖြစ်သူ နီရှန်က မျက်မှောင်ကြုတ်သွားရသည်။ "ရှောင်ရှောင်… သေချာစားစမ်းပါ။ မကြည့်နဲ့တော့…"
ရှောင်ဝက နှုတ်ခမ်းလေးဆူကာ ဂျီကျတော့သည်။ "အမေ… သမီး နောက်ထပ် နှစ်နာရီလောက် ထပ်ကြည့်ဦးမယ်… နှစ်နာရီတည်းပါ… အဲဒါပြီးရင် အင်ဂျင် သွားဖြုတ်ပြီး အလုပ်လုပ်တော့မယ်…"
သူမသည် မိခင်ဖြစ်သူကို အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။ မင်းသမီးတရှောင်သည် မွေးစားမိခင်နင်းရွှဲ့ကို အချစ်ဆုံးဖြစ်ပြီး နင်းရွှဲ့၏ စကားကိုသာ အလေးအနက် နားထောင်လေ့ရှိသည်။ မိခင်အရင်းဖြစ်သူ၏ စကားများမှာမူ သူမအတွက် ညာဘက်နားကဝင်၍ ဘယ်ဘက်နားက ထွက်သွားတတ်သော စကားများသာ ဖြစ်၏။
ဘေးနားရှိ မောင်ဖြစ်သူ တုမိုက တဟားဟားဖြင့် လှောင်ရယ်လိုက်သည်။ "ဟားးး ဟားးး ကလေးလေး ကြနေတာပဲ"
ပထမ၌ တစ်နာရီ ၊ ထို့နောက် သုံးနာရီ ၊ ယခု နှစ်နာရီ... ဤအစ်မဖြစ်သူသည် အလွန်ပင် ကလေးဆန်လွန်းလှရာ သူ့ကို အလိုလို ရယ်ချင်လာအောင် လုပ်နေသကဲ့သို့ပင်။
ရှောင်ဝက မည်သို့မျှ တုံ့ပြန်ခြင်း မရှိသော်လည်း ဖန်းချင်းယီက တုမို၏ နောက်စေ့ကို ရိုက်ချလိုက်ကာ မျက်စောင်းခဲကြည့်လိုက်သည်။ "စကားကို သေချာပြောစမ်း…။ စောင်းချိတ်ပြီး မပြောနဲ့…"
တုမိုမှာ အလျင်အမြန်ပင် ပါးစပ်ပိတ်သွားရ၏။ သူ အကြောက်ဆုံးသူသည် ငယ်စဉ်ကတည်းက သူ့ကို အမြဲရိုက်နှက်ဆုံးမခဲ့သော သူ၏ဆရာသခင် ဖန်းချင်းယီပင် ဖြစ်သည်။
သူသည် အလွန် ထူးချွန်သူဖြစ်သော်လည်း နေ့စဉ်နီးပါး အရိုက်ခံနေရဆဲပင် ဖြစ်၏။ အကြောင်းရင်းကို မေးကြည့်သောအခါ ဖန်းချင်းယီက သူ့ကို မောက်မာဝင့်ကြွားမလာစေရန် နေ့တိုင်း ရိုက်ရမည်ဟု အကြောင်းပြချက်ပေးလေ့ရှိသည်။
ရှောင်ဝ အားရပါးရ လက်ခုပ်တီးလိုက်သည်။ "အန်တီ ဖန်းချင်းယီက အရမ်းမိုက်တာပဲ…"
ဤမိန်းကလေးသည် မြှောက်ပင့်ရာတွင်ပင် များစွာ ပြီးစလွယ် လုပ်လွန်းလှသော်လည်း ဖန်းချင်းယီ၏ သူမကို ကြည့်လိုက်သော မျက်ဝန်းများထဲ၌တွင်တော့ ချစ်ခင်ကြင်နာမှုများဖြင့် ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် သူမ၌ ငယ်စဉ်ကတည်းက ရှောင်ဝကဲ့သို့ လူတိုင်း ချစ်ခင်နှစ်သက်ရသော အကျင့်စရိုက်မျိုး မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။
ထိပ်ဆုံး၌ ထိုင်နေသော တုပိုင်ကမူ အသားများကို လှီးဖြတ်စားသောက်ကာ အရက်သောက်ရင်း လီတောက်ယွဲ့ ခွံ့ကျွေးသော သစ်သီးများကိုလည်း ပါးစပ်ဖြင့် လှမ်းဟပ်စားနေ၏။ ရှောင်ဝတစ်ယောက် ကာတွန်းကားထဲ၌ နစ်မြုပ်နေခြင်းနှင့် ပတ်သက်၍လည်း ဆုံးမရန် ရည်ရွယ်ထားခြင်း မရှိချေ။
တုပိုင် ဝိုင်ခွက်ကိုချကာ သမီးဖြစ်သူအား စိုက်ကြည့်လိုက်၏။ "ရှောင်ရှောင်… ထိုက်ခန်အင်ပါယာ မြို့တော်ရဲ့ ဖွဲ့စည်းပုံ အစီအစဉ်ကို သမီး ကြည့်ပြီးပြီလား…"
အိမ်ရှေ့စံမင်းသမီး တုရှောင်က တက်ဘလက်ကို စိုက်ကြည့်နေရင်းပင် ခေါင်းညိတ်ပြ၏။ "ကြည့်ပြီးပြီ အဖေ…"
တုပိုင် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်သည်။ "သမီးက စွမ်းအင်လက်နက်တွေဖြစ်တဲ့ ကျောက်သလင်း မှော်အမြောက်တွေ ၊ စွမ်းအင်အမြောက်တွေ ၊ လေဆာအမြောက်တွေ ၊ လေယာဉ်ပစ် လေဆာအမြောက်တွေ ၊ ခရမ်းလွန်ရောင်ခြည်ဗုံးတွေ စတာတွေနဲ့ အရင်းနှီးဆုံးပဲလေ…။ အဖေ မင်းကိုပေးထားတဲ့ ရန်သူ့ နေရာချထားမှု မြေပုံအရ ဘယ်လို လက်နက်ဆင်ရမယ်ဆိုတဲ့ အစီအစဉ် သမီးမှာ ရှိလား…"
"ရှိတယ်…။ စွမ်းအင်လက်နက်တွေ အားလုံးရဲ့ သုံးဖက်မြင် ကာကွယ်ရေး အစီအစဉ်တွေ အကုန် ပြီးသွားပြီ…"
ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင် အချက်အလက် တစ်ခုက တုပိုင်၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာလေ၏။
ဤလုပ်ငန်းစဉ် တစ်ခုလုံး၌ သူမသည် အသားများကို စားကာ သစ်သီးဖျော်ရည် သောက်ရင်း တက်ဘလက်ကို စိုက်ကြည့်၍ ကာတွန်းကားကိုပါ ဆက်ကြည့်နေခြင်းပင်။ ထို့အပြင် လင်းလု ခွံ့ကျွေးသော သစ်သီးကိုလည်း အချိန်မဆိုင်းဘဲ ပါးစပ်ဟကာ ဟပ်စားနေ၏။
စွမ်းအင်လက်နက် ကာကွယ်ရေး အစီအစဉ်ကို တုပိုင်ထံသို့ ပေးပို့ပြီးနောက် ရှောင်ဝက အစ်မဖြစ်သူအား လှမ်းကြည့်ကာ မျက်စပစ်ပြလိုက်သည်။ "အစ်မ… ညကျရင် ညီမ အစ်မနဲ့ အတူအိပ်မယ်နော်…"
အစ်မကြီး ရှောင်ပိန်က သဘောတကျ ခေါင်းညိတ်လိုက်၏။ "အင်း… ကောင်းပြီလေ…"
**--**--**--**--**--**--**--**
ညစာစားပွဲကြီးသည် တပ်ဖွဲ့ကြီး နှစ်ခုကြား ပထမဆုံးအကြိမ် တွေ့ဆုံဖလှယ်မှုဖြစ်ပြီး စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ပေးခြင်းလည်း ဖြစ်၏။
စားသောက်ပြီးနောက် ကလေးများမှလွဲ၍ ကျန်လူအားလုံးအတွက် အနားယူရန်မှာ မဖြစ်နိုင်ချေ။
လေသင်္ဘောကြီး ဆယ့်ခြောက်စင်းပေါ်၌ သယ်ဆောင်လာသော လက်နက်များအားလုံးကို ချရမည်ဖြစ်ပြီး တစ်မြို့လုံး အပြည့် လက်နက်တပ်ဆင်ရမည် ဖြစ်သည်။
စွမ်းအင်အမြောက် ၊ ခရမ်းလွန်ရောင်ခြည်အမြောက်နှင့် လေဆာအမြောက်များကို မည်သည့်နေရာများတွင် ထားရှိရမည်ဆိုသည်မှာ အမြင့်ဆုံး စွမ်းအားများ ထုတ်ဖော်နိုင်ရန်နှင့် သုံးဖက်မြင် ကာကွယ်ရေးကွန်ရက် တစ်ခုဖြစ်လာစေရန် လုံးဝ တိကျနေရန် လိုအပ်၏။ ထို့အတွက်ကြောင့် စစ်သည် သုံးသိန်းတို့သည် အချိန်နှင့်အပြိုင် အလုပ်လုပ်ကြရတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၇ + ၉၇၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။