အခန်း (၉၇၉-၉၈၀)
Vol. 98 Ch. 979-980
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၉ + ၉၈၀)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
အင်အားကြီးမားလှသော ရန်သူများသည် ထိုက်ခန်အင်ပါယာ၏ မြို့တော်ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေကြလေပြီ။
၂၉ နာရီ ကြာမြင့်ပြီးနောက်တွင် ကျောက်သလင်း မှော်အမြောက် အလက် ၉၀၀ နှင့် စွမ်းအင်အမြောက် ၂၃၀၀ တို့ကို အပြည့်အဝ တပ်ဆင်ပြီးစီးသွားလေ၏။ သုံးပုံတစ်ပုံကို မြို့ရိုးထက်၌ တပ်ဆင်ထားပြီး ကျန်ရှိနေသည်များကိုတော့ မြို့ထဲ၌ နေရာချထားလျက် ရှိသည်။
ခရမ်းလွန်ရောင်ခြည်ဗုံး ၅၀၀ ၊ လေဆာအမြောက် ၄၀၀ ၊ လေယာဉ်ပစ် စွမ်းအင်အမြောက် ၃၀၀ နှင့် လေယာဉ်ပစ် လေဆာအမြောက် ၃၀၀ တို့ အပြင် လေယာဉ်ပစ် ကျောက်သလင်းအမြောက် ၅၀၀ လည်း ရှိနေသေး၏။
စစ်သည်များအား စွမ်းအင်မှော်သေနတ် သုံးသိန်းကိုလည်း တပ်ဆင်ပေးထားပြီး မြေအောက်လေ့ကျင့်ရေးကွင်း၌ တန်ဖိုးရှိလှသော အချိန်များကို အသုံးပြုကာ လေ့ကျင့်မှုများ ပြုလုပ်နေကြ၏။
ဤစွမ်းအင်မှော်သေနတ်များ အားလုံးသည် ကျောက်သလင်း စွမ်းအင်ဖြင့် အလုပ်လုပ်ကြပြီး လေဆာသေနတ်များနှင့် လျှပ်စစ်သေနတ်များလည်း ပါဝင်သေးသည်။ သို့သော် မည်သည့်သေနတ်အမျိုးအစားပင် ဖြစ်ပါစေ ထိုသည်တို့၏ စွမ်းအားက ဂေါက်စ်ရိုင်ဖယ်များထက် များစွာ သာလွန်ကြ၏။
တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောက၏ တပ်ပေါင်းစု၌ သိုင်းစစ်သည်တော်အင်အား သုံးသောင်း ရှိပြီး ထိုက်ခန်အင်ပါယာ၌လည်း သိုင်းစစ်သည်တော် နှစ်သောင်း ရှိသည်။ စုစုပေါင်း သိုင်းစစ်သည်တော် ငါးသောင်းတို့ကိုလည်း အလင်းတန်း သံဓားများနှင့် လေဆာဓားများ စသည့် လက်နက်သစ်များဖြင့် အစားထိုး တပ်ဆင်ပေးထားလေသည်။
အတိုချုပ်ဆိုရလျှင် တုပိုင်၏ ကွပ်ကဲမှုအောက်ရှိ သုံးသိန်းခွဲသော စစ်တပ်ကြီးသည် အစွမ်းအထက်ဆုံးသော လက်နက်များကို ကိုင်ဆောင်ထားကြပြီ ဖြစ်တော့၏။
**--**--**--**--**--**--**--**
နန်းတော်ခန်းမဆောင်အတွင်း၌ တုပိုင် ရာဇပလ္လင်ထက်၌ နေရာယူထားပြီး အောက်ဘက်၌မူ လူထောင်ပေါင်းများစွာက သပ်ရပ်စွာ ရပ်နေလျက် ရှိကြ၏။
ထိုက်ခန်အင်ပါယာမှ အဆင့်မြင့်အရာရှိ နှစ်ရာ ရှိနေပြီး ကျန်ရှိသော လူရှစ်ရာစလုံးမှာ ဟင်းလင်းပြင်လောက တပ်ပေါင်းစုမှ အဆင့်မြင့် အရာရှိများ ဖြစ်ကြသည်။
ပထမ စစ်သေနာပတိ လီစစ်စစ်က အရိုအသေပေးကာ စစ်မဖြစ်မီ အစီရင်ခံစာ တစ်စောင်ကို တင်ပြလာ၏။
"အရှင်မင်းကြီး…။ ကျမတို့ရဲ့ သိုင်းစစ်သည် ငါးသောင်းထဲက ထိပ်တန်း ဆရာသခင်တွေရဲ့ အင်အားခွဲဝေမှုက ဒီလိုပါ…"
"မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက ငရဲနယ်ပယ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်…"
"အရှင်မင်းကြီးနဲ့ ကျမတို့ နှစ်ဦးကတော့ သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်တွေပါ…"
"ပဉ္စမမြောက် စစ်သေနာပတိနဲ့ သတ္တမမြောက် စစ်သေနာပတိတို့က သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားရှင်တွေပါ…"
"ဝူဇွန်းအဆင့် စွမ်းအားရှင် ၃၉ ယောက် ရှိပြီးတော့ အဲဒီထဲမှာ ၂၅ ယောက်က ထိုက်ခန်အင်ပါယာကဖြစ်ပြီး ၁၄ ယောက်ကတော့ တပ်ပေါင်းစုကပါ…"
"ဆရာသခင်အဆင့် စွမ်းအားရှင် ၉၀၀ ရှိတဲ့အနက် ၃၀၀ က ထိုက်ခန်အင်ပါယာကဖြစ်ပြီး ၆၀၀ က တပ်ပေါင်းစုကပါ…"
လီစစ်စစ်၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားရ၏။
"ကျမတို့ဘက်မှာ ဆရာသခင်အဆင့်အထက် စွမ်းအားရှင် အရေအတွက်က တစ်ထောင်ဝန်းကျင်လောက်ပဲ ရှိတဲ့အတွက် ရန်သူ့အရေအတွက်နဲ့ ယှဉ်ရင် အများကြီး နည်းပါးနေမှာပါ…။ အထူးသဖြင့် ငရဲနယ်ပယ်နဲ့ သိုင်းသူတော်စင်အဆင့်အထက် စွမ်းအားရှင်တွေမှာဆိုရင် ကျမတို့က လုံးဝ အားနည်းနေတဲ့ အနေအထားမှာ ရှိနေပါတယ်…"
"ခန့်မှန်းချက်တွေအရ ရန်သူ့ဘက်မှာ အနည်းဆုံး နိဗ္ဗာန်အဆင့် စွမ်းအားရှင် တစ်ယောက် ၊ ငရဲနယ်ပယ်အဆင့် စွမ်းအားရှင် လေးယောက်ထက်မနည်း ရှိနိုင်ပြီး သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်တွေကတော့ တစ်ရာထက်တောင် ကျော်နေနိုင်ပါတယ်…"
တုပိုင် ဂရုတစိုက် နားထောင်နေ၏။
ရန်သူ၏ ထိပ်တန်း သိုင်းပညာရှင်များနှင့် ပတ်သက်၍ အထက်ပါ ကိန်းဂဏန်းများမှာ အတော်လေး လျှော့တွက်ထားခြင်း ဖြစ်ပြီး တကယ်တမ်း၌ ထိုထက်များစွာ ပိုများပြားနေနိုင်၏။
တုပိုင် သူ၏ လက်ထဲရှိ ရွှေရောင်တောင်ဝှေးကို ဆုပ်ကိုင်ထားရင်း ခေါင်းညိတ်လိုက်၏။ "ငါ သိတယ်…။ ဒါပေမဲ့ ငါ ပြောနေကျစကားကိုပဲ ထပ်ပြောမယ်…။ ငါတို့… နိုင်ရမယ်…"
ပထမ စစ်သေနာပတိ လီစစ်စစ်က လက်ထဲမှ မှတ်တမ်းများကို ကြည့်ကာ ဆက်လက် တင်ပြလာ၏။ "ဆက်လက်ပြီး အရှင်မင်းကြီးနဲ့ အရာရှိကြီးတွေကို ရန်သူ့တပ်ဖွဲ့ လေးခုရဲ့ ဦးတည်ရာတွေနဲ့ ကျမတို့ဆီကနေ ကွာဝေးတဲ့ အကွာအဝေးကို အစီရင်ခံပါ့မယ်…"
"မြောက်ဘက်မှာရှိတဲ့ လေလွှင့်မဟာမိတ်အဖွဲ့ရဲ့ စစ်သည်တစ်သန်းက ကျမတို့နဲ့ မိုင် ၅၀၀ အကွာမှာ ရှိနေပါတယ်…။ နောက်ထပ် နာရီ ၄၀ အကြာမှာ မြို့တော်ဆီ ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်…"
"အနောက်ဘက်မှာရှိတဲ့ ရုပ်သေးတပ်ဖွဲ့ ငါးသန်းထဲမှာ လူသားရုပ်သေးက ငါးသိန်းလောက်ပါဝင်ပြီး ကျန်တဲ့ လေးသန်းခွဲကတော့ မျိုးဗီဇပြောင်း သားရဲတွေချည်း ဖြစ်ပါတယ်…။ သူတို့က ကျမတို့နဲ့ မိုင် ၁၃၀၀ အကွာမှာ ရှိနေပါတယ်…"
"တောင်ဘက်မှာရှိတဲ့ မသေမျိုးတပ်ဖွဲ့ ၃၅ သန်းကတော့ မိုင်ထောင်ချီပြီး ရှည်လျားပါတယ်…။ ကျမတို့နဲ့ အနီးဆုံး အကွာအဝေးက မိုင် ၁၉၀၀ သာ ရှိပေမဲ့ တချို့ မသေမျိုးတပ်ဖွဲ့တွေက အရမ်းမြန်တာကြောင့် ရက်အနည်းငယ်အတွင်းမှာ စစ်မြေပြင်ကို ရောက်လာကြပါလိမ့်မယ်…"
"အရှေ့ဘက်က အိပ်မက်ဆိုးအင်ပါယာ စစ်သည် ၃ သိန်းရဲ့ လက်ရှိ တည်နေရာကိုတော့ မသိရသေးပါဘူး…။ သူတို့က အရမ်း အစွမ်းထက်ပြီး ပျံသန်းနိုင်တဲ့ သားရဲတွေ ပါဝင်တာကြောင့် အချိန်မရွေး စစ်မြေပြင်ကို ရောက်လာနိုင်ပါတယ်…"
"ကံကြမ္မာ မိစ္ဆာသခင်ရဲ့ လက်အောက်ခံ မိစ္ဆာစစ်တပ် ငါးသောင်းရဲ့ လက်ရှိ တည်နေရာကိုလည်း မသိရသေးပါဘူး…။ သူတို့က ပိုပြီး မြန်တဲ့အတွက် အချိန်မရွေး စစ်မြေပြင်ကို ရောက်လာနိုင်ပါတယ်…"
တုပိုင် မျက်မှောင်ကြုတ်သွားရ၏။ "ဆိုလိုတာက… အစောဆုံး နာရီ ၄၀ အကြာမှာ စစ်ပွဲ စတင်နိုင်တယ်ပေါ့…။ မြို့တော်ရဲ့ ကာကွယ်ရေး နေရာတွေ အားလုံး လုံလောက်ရဲ့လား…"
လီစစ်စစ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြ၏။ "အားလုံး ပြီးစီးနေပါပြီ။ အရှင်မင်းကြီး…"
"စစ်သည်တွေ အားလုံးရဲ့ လက်နက်တွေနဲ့ စွမ်းအင် အူတိုင်တွေရော… အပြည့်အဝ တပ်ဆင်ထားပြီးပြီလား…" တုပိုင် မေးလိုက်သည်။
လီစစ်စစ် တစ်ဖန် ခေါင်းညိတ် အာမခံလိုက်ပြန်၏။ "အရှင်မင်းကြီး… အားလုံး အသင့်ပါပဲ…"
တုပိုင် ကျေနပ်အားရစွာ ပြုံးလိုက်သည်။ "ငါတို့ ပြင်ဆင်မှုတွေ အားလုံး ပြီးပြီဆိုတော့… ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်း အနားယူပြီး စစ်ပွဲ ရောက်လာမယ့် အချိန်ကိုပဲ စောင့်ကြတာပေါ့…"
လူထောင်ပေါင်းများစွာထံမှ သံပြိုင် ဟိန်းဟောက် ကြွေးကြော်သံကြီး ထွက်ပေါ်လာ၏။ "အမိန့်တော်အတိုင်းပါ… အရှင်မင်းမြတ်"
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာရှိ မရေမတွက်နိုင်သော စခန်းများနှင့် မြို့ရွာများမှ လူများအားလုံး ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် မြို့တော်ကြီးမှာ အထီးကျန်စွာ ကျန်ရစ်ခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ကံကြမ္မာ မိစ္ဆာသခင်က တုပိုင်နှင့် မိုင်နှစ်ရာ ပတ်လည်အတွင်းရှိ လူသားများ အားလုံးကို အပြတ်ရှင်းလင်း သတ်ဖြတ်ပစ်မည်ဟု ကြွေးကြော်ထားသောကြောင့်ပင်။
ထို့အတွက်ကြောင့် လူအားလုံးနီးပါးသည် တုပိုင်နှင့် မိုင်နှစ်ရာ အကွာသို့ ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်၏။
ထိုမျှမက မြို့တော်၏ တောင်ဘက်ပိုင်းရှိ စခန်းများနှင့် လူသားအားလုံးသည်လည်း ထွက်ပြေးသွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် မသေမျိုးတပ်ဖွဲ့များ ဖြတ်သန်းသွားမည့် နေရာဖြစ်နေသောကြောင့်ပင်။
တောင်ပိုင်းပြည်နယ်များမှ ဘုရင်ခံသည်လည်း လူနှစ်သန်းကျော်ကို ဦးဆောင်ကာ အရှေ့ဘက်သို့ ပြောင်းရွှေ့သွားကြ၏။ အဘယ်ကြောင့်ဆိုသော် အရှေ့ဘက်သည် အိပ်မက်ဆိုးအင်ပါယာ စစ်သည်များ ချီတက်မည့် လမ်းကြောင်းဖြစ်သော်ငြား သူတို့သည် ကောင်းကင်ယံမှ ပျံသန်းလာမည်ဖြစ်ပြီး သူတို့၏ ပစ်မှတ်မှာ တုပိုင်နှင့် မြို့တော်သာ ဖြစ်သောကြောင့် မြေပြင်ပေါ်ရှိ လူသားအခြေချ နေထိုင်ရာများကို အန္တရာယ်ပြုလိမ့်မည် မဟုတ်သောကြောင့်ပင်။
မြောက်ဘက်ရှိ စခန်းများမှ ကျန်ရစ်သူများသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရ၏။
မေပယ်ရွက်စခန်း၏ ခေါင်းဆောင်သည် မြို့ရိုးထက်၌ ရပ်နေ၏။ ရေခဲစွမ်းအားရှင် မြို့စား လျန်ကျင်းသည်လည်း မြို့ရိုးထက်၌ ရပ်နေ၏။
သူတို့၏ အရှေ့ဘက်၌မူ လေလွှင့်မဟာမိတ်အဖွဲ့မှ စစ်သည် တစ်သန်းကျော်သည် အဝေးပြေးလမ်းမကြီးတစ်လျှောက် တောင်ဘက်သို့ ခန့်ညားထည်ဝါစွာ ချီတက်လာနေကြလျက် ရှိသည်။
အနက်ရောင်ပုရွက်ဆိတ် ပင်လယ်ကြီးသဖွယ် တပ်မတော်ကြီးသည် မိုင်ရာချီ၍ ရှည်လျားနေသလို မရေမတွက်နိုင်လောက်အောင်ပင် များပြားလှပြီး အရှိန်အဝါအရ အလွန်ပင် လွှမ်းမိုးထားနိုင်စွမ်း ရှိလှ၏။ မရေမတွက်နိုင်သော လေလွင့်စစ်သည်များသည်လည်း မော်တော်ဆိုင်ကယ်များနှင့် ထရပ်ကားများကို စီးနင်းလာကြ၏။
သူတို့၏ လက်နက်ကိရိယာများမှာ ရောနှောနေသော်လည်း အလွန်ပင် ကောင်းမွန်လှ၏။ ဂေါက်စ် ရိုင်ဖယ် ၊ သာမန်ရိုင်ဖယ် ၊ စက်သေနတ် ၊ ဘဇူးကာ စသဖြင့် အကုန်အစင် ပါဝင်ကြသည်။
မရေမတွက်နိုင်သော ကိုယ်တိုင်မောင်း အမြောက်များနှင့် ယာဉ်ဆွဲအမြောက်များလည်း ပါဝင်ကာ အရေအတွက်အားဖြင့် ၂၀၀၀ နီးပါးခန့်ပင် ရှိနေ၏။ ဒုံးပျံပစ်ယာဉ်များသည်လည်း ရာနှင့်ချီ၍ ရှိနေသည်။ ပဲ့ထိန်းဒုံးကျည်အား တပ်ဆင်ထားသော ယာဉ်များဆိုလျှင် ရာဂဏန်းအထိပင် ရှိနေ၏။ အမျိုးအစားစုံလင်သော တင့်ကားပေါင်း ၃၀၀ ကျော်လည်း ပါဝင်နေသေးသည်။
အမျိုးမျိုးသော လက်နက်တပ် သံချပ်ကာ ယာဉ်များကိုမူ ရေတွက်၍ပင် မရနိုင်ချေ။
"ဝှစ်… ဝှစ်… ဝှစ်…"
ကောင်းကင်ယံထက်၌ လက်နက်တပ် ရဟတ်ယာဉ် အစီးနှစ်ရာကျော် ရှိနေ၏။ စစ်ရဟတ်ယာဉ်များသာမက တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်ကြီးများပင် ရှိသေးသော်လည်း ထိုလေယာဉ်များအားလုံးကို အနီးအနားရှိ စစ်ဘက်ဆိုင်ရာ လေဆိပ်များတွင် ရပ်နားထားကြ၏။
ဤလက်နက်များ အားလုံးသည် ကမ္ဘာပျက်ကပ်မတိုင်မီက ကျန်ရစ်ခဲ့သော အရာများဖြစ်ပြီး အများစုမှာ ထိုက်ခန်အင်ပါယာ၏ လက်အောက်သို့ ရောက်ရှိသွားကာ ကျန်တစ်စိတ်တစ်ပိုင်းမှာမူ လေလွှင့်မဟာမိတ်အဖွဲ့၏ လက်အောက်သို့ ကျရောက်သွားခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအကြိမ်၌မူ လေလွှင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိသည် ကံကြမ္မာ မိစ္ဆာသခင်ကို မျက်နှာလိုမျက်နှာရ လုပ်နိုင်ရန်အတွက် အင်အားအားလုံးနီးပါးကို ထုတ်သုံးလာခြင်းပင် ဖြစ်တော့၏။
ကောင်းကင်ယံမှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုလျှင် လေလွှင့်မဟာမိတ်အဖွဲ့၏ သန်းနှင့်ချီသော စစ်တပ်ကြီးသည် အလွန်ပင် အစွမ်းထက်လှသည့် ဧရာမ သားရဲကြီး တစ်ကောင်နှင့်ပင် တူနေတော့၏။
သို့သော်ငြားလည်း ထိုက်ခန်အင်ပါယာမှ မရေမတွက်နိုင်သော လူတို့သည် တုပိုင်ကို ကျောခိုင်းကာ မြို့တော်မှ ထွက်ပြေးခဲ့ကြစဉ်က လက်နက်ကြီးများကိုပါ ယူဆောင်သွားကြသည်။
ထိုည သူတို့ ထွက်ပြေးကြစဉ် တင့်ကားများ ၊ ကိုယ်တိုင်မောင်း အမြောက်များ ၊ လက်နက်တပ် ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များ၏ ၈၀ ရာခိုင်နှုန်းကျော်ကို မောင်းနှင်ယူဆောင်သွားကြ၏။
ထို့အတွက်ကြောင့် ခေတ်မီ လက်နက်ကြီးများ၏ ပစ်ခတ်မှု စွမ်းအားကို ယှဉ်ကြည့်လျှင် ထိုက်ခန်အင်ပါယာ၏ မြို့တော်သည် လေလွှင့်မဟာမိတ်အဖွဲ့ထက် များစွာ အားနည်းနေပြီး သူတို့၏ အရေအတွက် သုံးပုံတစ်ပုံခန့်သာ ရှိတော့၏။
လေလွှင့်မဟာမိတ်အဖွဲ့၏ အင်အားကြီးမားလှသော စစ်တပ်ကြီးကို ကြည့်ရင်း လင်းမိန်တစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် အလွန်အမင်း နာကျင်ခံစားနေရသည်။
"မြို့တော်တော့ ပြီးပြီ…။ ထိုက်ခန်အင်ပါယာလည်း ပြီးဆုံးသွားပြီ…။ အန်တီ တောင်းပန်ပါတယ်… တုရှောင်ရယ်…။ အန်တီက အားနည်းပြီး အရည်အချင်းမရှိတဲ့ သူတစ်ယောက်ပါပဲ…"
သူမအနေဖြင့် မေပယ်ရွက်နယ်မြေမှ စစ်သည်များ အားလုံးကို ခေါ်ဆောင်သွားလျှင်တောင် လေလွှင့်တပ်ဖွဲ့၏ တပ်ခွဲတစ်ခုကိုပင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ပင်းရှီးမြို့စား လျန်ကျင်းသည်လည်း အင်အား ကြီးမားလှသော လေလွှင့်စစ်သည် တစ်သန်းကျော်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။ "တုပိုင်တော့ ပြီးပြီ…။ မြို့တော်လည်း ပြီးပြီ…။ ထိုက်ခန်အင်ပါယာလည်း အဆုံးသတ်သွားပြီပဲ…"
သူ၏ဇနီးဖြစ်သူကမူ မဲ့ရွဲ့ကာ အေးစက်စက် လှောင်အပြုံးဖြင့် ကြည့်နေ၏။ တုပိုင်၏ လက်ချက်ကြောင့် သူမ၏ သားဖြစ်သူ သေဆုံးခဲ့ရသည်။ ယခုအခါ၌ တုပိုင် သေတော့မည် ဖြစ်သောကြောင့် သူမ စိတ်သက်သာရာ ရသွားတော့သည်။
ပင်းရှီးမြို့စား လျန်ကျင်း၏ မျက်ဝန်းများထဲ၌ နာကျင်ရိပ်များ ပေါ်လွင်နေ၏။ "မျှော်လင့်ချက် မရှိတော့ဘူး…။ လူသားမျိုးနွယ်အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး…။ မဟာမိတ်အဖွဲ့ရဲ့ လေလွှင့်စစ်သည် တစ်သန်းဆိုတာ ထိုက်ခန်အင်ပါယာကို လေးငါးကြိမ်လောက် ဖျက်ဆီးပစ်ဖို့တောင် လုံလောက်နေပြီ…။ ဒါပေမဲ့… ဒါက ကံကြမ္မာ မိစ္ဆာသခင် စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ငါးခုထဲမှာ အားအနည်းဆုံးပဲ… ဟူး..."
ဟုတ်ပေ၏။ ဤအင်အားကြီးမားလှပါသည် ဆိုသည့် စစ်တပ်ကြီးသည် တပ်ဖွဲ့ငါးခုထဲ၌ အားအနည်းဆုံးသာ ဖြစ်သည်။ ကျန်ရှိနေသော ရုပ်သေးတပ်ဖွဲ့ ၊ မသေမျိုးတပ်ဖွဲ့ ၊ အိပ်မက်ဆိုးအင်ပါယာ၏ စစ်သည်များနှင့် မိစ္ဆာစစ်တပ်တို့သည် အစွမ်းထက်ပြီး တစ်ခုထက်တစ်ခုကလည်း ပိုမို အားကောင်းနေသေးသည်။
မြို့စား လျန်ကျင်း၏ အမြင်၌မူ တုပိုင်အား ကာကွယ်ပေးမည့်သူ သုံးသိန်းသာ ရှိနေပြီး လေလွှင့်မဟာမိတ်အဖွဲ့၏ တပ်ဖွဲ့ဝင် တစ်သန်းကိုပင် အနိုင်ယူနိုင်စွမ်း ရှိမည်မဟုတ်ရာ အခြားတပ်ဖွဲ့များကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဤသည်မှာ ကျားနှင့် ယုန်တို့၏ စစ်ပွဲကြီးပင် ဖြစ်သည်။ ကျားပေါင်း တစ်သိန်းနှင့် ယုန်တစ်ထောင်တို့၏ အပြတ်အသတ် အင်အားကွာနေသည့် စစ်တပ်ကြီးပင် ဖြစ်လေတော့၏။
**--**--**--**--**--**--**--**
နာရီ ၄၀ ပင် မကြာလိုက်ချေ။ ၃၂ နာရီ ကြာပြီးနောက် လေလွှင့်မဟာမိတ်အဖွဲ့၏ ရှေ့တန်းတပ်များသည် စစ်မြေပြင်သို့ ရောက်ရှိလာကြပြီ ဖြစ်၏။
ထိုက်ခန်အင်ပါယာ မြို့တော်၏ မြောက်ဘက် မြေပြန့်လွင်ပြင်ပေါ်၌ လေလွှင့်မဟာမိတ် စစ်တပ်ကြီးသည် အမည်းရောင် ပင်လယ်ကြီးသဖွယ် ဖုံးလွှမ်းနေတော့သည်။ မြောက်ဘက် မိုင်နှစ်ရာအတွင်းရှိ ခံတပ်များ အားလုံးကို လေလွှင့်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်၏။
တုပိုင်ကမူ နန်းတော်၏ အမြင့်ဆုံးနေရာ၌ ရပ်နေကာ ဖျက်ဆီးပစ်လိုသောအငွေ့အသက်များ ဖုံးလွှမ်းနေသည့် ရန်သူ့စစ်တပ်ကြီးကို ငေးကြည့်နေ၏။
မဟာစစ်ပွဲကြီး စတင်လေပြီ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၇၉ + ၉၈၀) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဆိုတော့ကာ ဂေါက်စ်ရိုင်ဖယ်ဆိုတာ ဘာကြီးလဲ။ ရှင်းပြမဲ့ဟာ ရေးဖို့ကို အပျင်းတစ်နေလို့ ကြာနေတာ တောင်းပန်ပါတယ်ဗျ။ 😔 အပျင်းတစ်တယ် ဆိုတာထက် တစ်ပိုင်းတစ်ပိုင်းရေးပြီးရင် ပင်ပန်းလို့ ၊ ရှင်းပြတာကို ဆက်ရေးဖို့ အားမကျန်တာလို့ ပြောရမယ် 😭
ဆိုတော့ကာ ဂေါက်စ်ရိုင်ဖယ်က ဘာကြီးလဲ။ သူက ကျည်ဆန်သက်သက် မဟုတ်ဘူးဗျ။ သူ့ရဲ့ ရိုင်ဖယ်သေနတ်ပြောင်းမှာ လျှပ်စစ်သံလိုက်ကွိုင်တွေကို စီပြီးတော့ တပ်ထားတယ်။ ပစ်ခတ်လိုက်ပြီဆိုရင် အဲဒီ လျှပ်စစ်သံလိုက်ကွိုင်ကနေ အရမ်းကို ဆွဲငင်အားကောင်းတဲ့ သံလိုက်ဓာတ်တွေနဲ့ ကျည်ဆန်ကို အားဖြည့်ပြီး ပစ်လိုက်တာမျိုးပေါ့။ ပြောရရင် ရိုးရိုးသေနတ်ကိုမှ သံလိုက်ဓာတ်နဲ့ အားဖြည့်ထားတဲ့ သဘောပဲ။ ဒါပေမဲ့ ရိုးရိုးသေနတ်ထက် အများကြီး ပိုပြီးတော့ အားကောင်းတယ်။
ဂေါက်စ်ရိုင်ဖယ်တွေက အပြင်မာလည်း တကယ်ရှိပါတယ်နော်။ ဒါပေမဲ့ တုပိုင်ရဲ့ ဒီဇာတ်လမ်းထဲကလိုတော့ အစွမ်းမထက်သေးဘူး ၊ မထိရောက်သေးဘူးရယ်။ ဘာလို့လဲ ဆိုတော့ ဇာတ်လမ်းထဲကလိုမျိုး သံလိုက်ဓာတ်ထုတ်ဖို့ လိုအပ်တဲ့စွမ်းအင်ကို ကျည်ကပ်သေးသေးလေးထဲမှာ ထည့်ဖို့ မလွယ်တာရယ် သေနတ်ပြောင်းက အပူလွန်ပြီး ခဏခဏ ပေါက်ကွဲကြတာတွေကြောင့်မလို့ဗျ။ အမေရိကန်ဆိုရင် ဂေါက်စ်ရိုင်ဖယ်ကို စမ်းသပ်နေကြတာ ဆယ်စုနှစ်နဲ့ကို ချီနေပြီဗျ။ အောင်မြင်မှုလည်း ရှိနေပြီ။ ပိုက်ဆံရှိရင် ဝယ်လို့တောင် ရနေပြီဗျ။ ဇာတ်လမ်းထဲကလောက်တော့ အဖြစ်မရှိသေးဘူးပေါ့။ အပျော်ဆော့ရုံလောက် သာသာပဲ ရှိသေးတယ်။
ဆိုတော့ကာ အနှစ်ချုပ်ရရင် ဂေါက်စ်ရိုင်ဖယ်တွေကို သံလိုက်စွမ်းအင်နဲ့ အားဖြည့်ထားတဲ့ သေနတ်ဆိုပြီး ပြောလို့ရပါတယ်။ အနာဂတ်မှာလည်း စစ်မြေပြင်တွေမှာပါ တကယ်ကြီး တွင်ကျယ်လာနိုင်တဲ့အထိ အလားအလာရှိတယ်လို့ ပြောနိုင်ပါတယ်ဗျ။
လက်ရှိအချိန်အထိ အားပေးနေကြတဲ့ စာဖတ်သူများကို ကျေးဇူးအများကြီးတင်ပါတယ်။ လက်တလော ခိုးရောင်းတွေကြောင့် ရောင်းအားကျလို့ စိတ်ဓာတ်ကျနေတာကြောင့်ရယ် ရာသီတုပ်ကွေးမိသွားတာကြောင့်ရယ် ၂ ခုပေါင်းပြီး စာအထွက်နည်းသွားလို့ တောင်းပန်ပါတယ်ဗျာ။ အခုတော့ အဖျားက နည်းနည်းပဲ ကျန်ပါတော့တယ်။ ပိုမြန်မြန်ထွက်အောင် ကြိုးစားနေပါတယ်ဗျာ။ အားလုံးကို အများကြီး ချစ်တယ်ဗျို့။ 😜