← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၁ + ၁၁၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

“ဟားဟား… အစ်ကိုကြီးဖူ စိတ်ပျက်စရာတွေနဲ့ ကြုံခဲ့ရပုံပဲနော်…” အမျိုးသားတပည့် နှစ်ဦးတို့က ရယ်မောကာ အနားသို့ ကပ်လာကြ၏။

အစ်ကိုကြီးဖူဆိုသည့် ချောမောသော လူငယ်သည်တော့ ခါးသက်သက် ပြုံးလိုက်ပြီး လက်ကာပြကာ ခေါင်းခါလိုက်၏။

“ဒီကိစ္စမျိုးက အရမ်းအရေးကြီးသလို ရှေ့လျှောက်သွားရမယ့် ခရီးကလည်း ရှည်လျားသေးတယ်ကွ… ဒါကြောင့် အရမ်းလောလို့ မဖြစ်ဘူး…”

“အစ်ကိုကြီးဖူလို ဂုဏ်အဆင့်မျိုး… အဘွားက ဓားနတ်ဘုရားဂိုဏ်းရဲ့ မဟာအကြီးအကဲ ၊ မိဘတွေကလည်း ပြစ်ဒဏ်စီရင်ရေးဓားခန်းမနဲ့ မြောက်ပိုင်းဓားရေကန်ကို အသီးသီး အုပ်ချုပ်နေကြတာဆိုတော့ ညီမလေးရှင်းရှင်းနဲ့က တကယ့်ကို လိုက်ဖက်ညီတဲ့ အနေအထားပါပဲ…”

“ဒါပေါ့… အစ်ကိုကြီးဖူရဲ့ အဘွားက ညီမလေးရှင်းရှင်းရဲ့ ဆရာမနဲ့လည်း ဂိုဏ်းတူအစ်မကြီးလိုကို ရင်းနှီးကြတယ်လေ… မိသားစုတွေ ပေါင်းဖက်ကြဖို့ဆိုတာ သင့်တော်မှန်ကန်တဲ့ ကိစ္စပါပဲ…”

အစ်ကိုကြီးသည်တော့ အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ရှင်းရှင်းရှိရာဘက်သို့ နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော် ရှင်းရှင်းအား ကြည့်နေသည့် သူ၏ မျက်ဝန်းများထဲ၌ မသိမသာ ယုတ်မာကောက်ကျစ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကိုမူ အခြားမည်သူမျှ သတိမထားမိလိုက်ကြပေ။

သူ၏ အမည်မှာ ဖူဟန်ဖြစ်ပြီး ထိုနေ့က တဲအိမ်လေး၏ အပြင်ဘက်၌ ဓားသူတော်စင်မယ်နှင့် စကားပြောဆိုခဲ့သော ချောမောလှပသည့် အမျိုးသမီးကြီး၏ မြေးပင် ဖြစ်လေ၏။ အမှန်တကယ်တော့ ဖူဟန်သည် ရှင်းရှင်းအား အထူးတလည် စိတ်ဝင်စားခြင်း မရှိလှချေ။

သူမ၏ ရုပ်ရည်သွင်ပြင်သည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ အသက်ရှူမှားလောက်အောင် လှပသော်လည်းပဲ သူမ၏ စိတ်နေသဘောထားမှာ နူးညံ့သိမ်မွေ့လွန်းသဖြင့် ဖူဟန် နှစ်သက်သော ပုံစံမျိုး မဟုတ်ချေ။

ထို့အပြင် ရှင်းရှင်း၏ အသက်ငယ်ရွယ်နေခြင်းကလည်း သူ၏ အကြိုက်နှင့် ကိုက်ညီမှု မရှိလှပေ။

ဖူဟန်၏ အကြိုက်မှာ ရှင်းရှင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ခန္ဓာကိုယ် ကောက်ကြောင်းအလှ ထင်ရှားပြီး မီးတောက်မီးလျှံပမာ ပူလောင်ပြင်းပြသည့် အမျိုးသမီးမျိုးဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ့အဘွားက ရှင်းရှင်းကို လက်ထပ်ယူရန် သူ့အား စေခိုင်းထားသည်။

ဖူဟန် သိထားရသလောက် သူ၏ အဘွားဖြစ်သူ၏ ရည်ရွယ်ချက်မှာ ယင်ဓာတ်ကို စုပ်ယူပြီး ယန်ဓာတ်ကို ဖြည့်ဆည်းခြင်းဟူသော လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုကာ ရှင်းရှင်း၏ ထူးကဲသော ပါရမီများဖြင့် သူ့အား ဖြည့်တင်းပေးရန် ဖြစ်၏။ ဓားသူတော်စင်မယ် စောင့်ကြည့်နေသဖြင့် လူသိရှင်ကြား အတင်းအဓမ္မ လုပ်ဆောင်ရန်မှာမူ မဖြစ်နိုင်ပေ။

သို့သော် မင်္ဂလာဦးညသာ ရောက်လာပါက ကိစ္စရပ်များမှာ အလွန်လွယ်ကူသွားပေလိမ့်မည် မဟုတ်လော။ သူ၏ ပြိုင်ဘက်မှာ လင်းချန်အမည်ရှိသော လူငယ်တစ်ဦးသာ ဖြစ်ကြောင်း သူ့အဘွားထံမှ ဖူဟန် သိရှိထား၏။

ထိုအကောင်မှာ ရှင်းရှင်း၏ ငယ်သူငယ်ချင်း ဖြစ်ရုံသာမက ငယ်စဉ်ကတည်းက စေ့စပ်ထားသူဖြစ်ကြောင်းကိုလည်း သူ သိထားသည်။ ထို့အပြင် နတ်ဓားဂိုဏ်းမှ သေလုမြောပါး ဖြစ်နေသော စစ်ဧကရာဇ်၏ တပည့်ဖြစ်ပြီး လူငယ်ဧကရာဇ်ဖြစ်ကြောင်းကိုလည်း သူသိသည်။

ထိုလူငယ်ဧကရာဇ်ဆိုသူမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာပြီး နေယွမ်နယ်ပယ်၌ ရှိနေစဉ်ကပင် နိဗ္ဗာန်နယ်ပယ်မှ သိုင်းပညာရှင်များကို ရင်ဆိုင်နိုင်စွမ်း ရှိသော်လည်း သိုင်းဝိညာဥ်လက်နက်ကို အသုံးမပြုနိုင်သဖြင့် နိဗ္ဗာန်နယ်ပယ်သို့ ဖောက်ထွက်နိုင်မည် မဟုတ်ကြောင်းကို ဖူဟန်သိထား၏။

နတ်ဓားဂိုဏ်းသည် သတင်းအချက်အလက်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသဖြင့် ပြင်ပလူများမှာ ဤထက်ပို၍ မသိရှိကြပေ။ နတ်ဓားဂိုဏ်း၏ ရုတ်တရက် သတင်းပိတ်ပင်လိုက်သော ထူးဆန်းသည့် အပြုအမူများကြောင့် ကမ်းရိုးတန်းပြည်နယ်ရှိ အခြားသူများက စစ်ဧကရာဇ် ဝေဝူရွှမ် သေဆုံးသွားပြီဖြစ်၍ ဤသို့ လုပ်ဆောင်ခြင်း ဖြစ်မည်ဟုသာ ထင်ကြေးပေးနေကြတော့သည်။

‘စစ်ဧကရာဇ်က သေသွားပြီ… သိုင်းဝိညာဥ်လက်နက်ကို မကိုင်တွယ်နိုင်တဲ့ လူတစ်ယောက်က ကံကောင်းလို့ နိဗ္ဗာန်နယ်ပယ်ကို ရောက်လာရင်တောင် ဒုက္ခိတတစ်ယောက်လို ဖြစ်နေဦးမှာပဲ… ရှေးဟောင်းအမွေအနှစ်နယ်မြေကို ရောက်ရင် သူ့ကို ရှင်းလိုက်မယ်…’

ဖူဟန် သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ဖုံးကွယ်လိုက်ပြီး ကောက်ကျစ်သော အပြုံးဖြင့် အတွေးထဲ၌ ရေရွတ်လိုက်၏။ လင်းချန်တစ်ယောက် ရှေးဟောင်းအမွေအနှစ်နယ်မြေ စူးစမ်းရှာဖွေခြင်း ခရီးစဉ်သို့ လိုက်ပါလာမည် ဖြစ်ကြောင်း သူ့အဘွားထံမှ ဖူဟန် သိထားသည်။

ထို အမွေအနှစ်နယ်မြေ စူးစမ်းရှာဖွေခြင်း၌ နိဗ္ဗာန်နယ်ပယ်ရှိ သိုင်းဝိညာဉ်ပညာရှင်များသာ ပါဝင်နိုင်၏။ လင်းချန် လိုက်ပါလာမည် ဆိုကတည်းက ထိုအကောင်သည် နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိနေပြီဟု ကောက်ချက်ချနိုင်သည်။

သို့သော် သူသည် သိုင်းဝိညာဥ်လက်နက်အား အသုံးမပြုနိုင်သဖြင့် နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရှိနေလျှင်ပင် ဖူဟန်၏ အမြင်၌ အသုံးမကျသည့် ဒုက္ခိတတစ်ယောက်ထက် မပိုချေ။

ရုတ်တရက် ကောင်းကင်ယံမှ လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီး တံခါးပေါက်ဝတွင် ရှိနေသူများ၏ အာရုံကို ဖမ်းစားသွားတော့၏။ မော့ကြည့်လိုက်သောအခါ သစ်သားဖြင့် ပြုလုပ်ထားပုံရသော်လည်း သတ္တုရောင် တောက်ပြောင်နေသော အောက်ခြေပြား တိမ်စီးလှေတစ်စင်းသည် အထက်မှ မြူခိုးတိမ်တိုက်များကို ဖောက်ထွက်ကာ မြေပြင်ဆီသို့ ထိုးဆင်းလာသည်ကို မြင်လိုက်ရသည်။

ရှည်လျားသော ပါးသိုင်းမွေးနှင့် သက်ကြီးပိုင်း အမျိုးသားအပြင် အနီးနားရှိ ဂိတ်ပေါက်မှ ဆံပင်ငွေရောင် အမျိုးသမီးတို့ နှစ်ဦးစလုံး တိမ်စီးလှေကို မြင်လိုက်ရသောအခါ မျက်နှာထားများ တင်းမာသွားကြတော့၏။

မူလ၌ ကမ်းရိုးတန်းပြည်နယ်တွင် တိမ်စီးလှေအား ပိုင်ဆိုင်သော ဂိုဏ်းမှာ ရှန်ထျန်ဂိုဏ်း တစ်ခုတည်းသာ ရှိခဲ့သည်။

စစ်ဧကရာဇ်ကြီး အဆိပ်သင့်ဒဏ်ရာများဖြင့် နေရပ်ပြန်လာပြီးနောက်တွင်မှ နတ်ဓားဂိုဏ်းသည်လည်း တစ်စင်း ရရှိလာခြင်း ဖြစ်သည်။

ထို့အပြင် နတ်ဓားဂိုဏ်း တိမ်စီးလှေ၏ ပတ်လည်၌ လှည့်ပတ်စီးဆင်းနေသော စိတ်ဝိညာဉ်စွမ်းအား အရှိန်အဝါများက ‘ဝမ်’ ဟူသော စာလုံးအဖြစ် ထင်ရှားစွာ ပေါ်လွင်နေ၏။ (ဝမ်ရဲ့ အဓိပ္ပါယ်က ရှင်ဘုရင်ဗျ - editor)

တိမ်စီးလှေ ရင်ပြင်ပေါ်သို့ သက်ဆင်းလိုက်သည်နှင့် သင်္ဘောဘေးဘက်ရှိ တံခါး ရုတ်တရက် ပွင့်သွားပြီး ချင်ဝူရွှမ် ဦးစွာ ထွက်လာ၏။ သူက ပြုံးလျက် လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

“ဟားဟား… ဂိုဏ်းချုပ်ဟိုင်နဲ့ ဂိုဏ်းချုပ်မေတို့က ခြေလှမ်းတစ်လှမ်း ဦးနေကြမယ်လို့ ထင်မထားဘူးဗျာ…”

“ဂိုဏ်းချုပ်ချင်…”

ကမ်းရိုးတန်းဂိုဏ်းမှ မုတ်ဆိတ်ဖြူ အကြီးအကဲနှင့် ဓားနတ်ဘုရားဂိုဏ်းမှ ဆံပင်ငွေရောင် အမျိုးသမီးကြီးတို့သည်လည်း လက်ယှက်ကာ ပြန်လည် နှုတ်ဆက်လိုက်ကြသည်။

ဟိုင်ရှောင်ယွမ်ဟု လူသိများသော မုတ်ဆိတ်ဖြူ အကြီးအကဲသည် ချင်ဝူရွှမ်၏ ဆရာနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်ကြီးပင်။ ဆံပင်ငွေရောင် အမျိုးသမီးကြီးသည်တော့ ဓားနတ်ဘုရားဂိုဏ်းမှ ဓားသူတော်စင်မယ်၏ ဂိုဏ်းတူညီမ ဖြစ်ပြီး လက်ရှိ ဂိုဏ်းချုပ် မေယွဲ့ရှာ ဖြစ်လေ၏။

ဂိုဏ်းချုပ်များ အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူတို့၏ အကြည့်တို့မှာ ချင်ဝူရွှမ်၏ အနောက်ဘက်သို့ ရောက်ရှိသွားကြ၏။ ဂိုဏ်းချုပ်နှစ်ဦး သာမက သူတို့နှင့်အတူ ပါလာကြသော တပည့်များသည်လည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။

ထိုအထဲ၌ ရှင်းရှင်းမှာ စိတ်အလှုပ်ရှားဆုံးပင်။

ချင်ဝူရွှမ်၏ နောက်မှ ဆင်းလာကြသော တပည့်ခြောက်ဦးတို့သည် ဝမ်စာလုံး ထိုးထားသော ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ထိုအထဲမှ ရှေ့ဆုံးလူက ခန့်ညားသော အပြုံးဖြင့် ဆိုသည်။

“ဒါက ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ ဝင်ပေါက်လား…”

ရှေ့ဆုံးမှ လျှောက်လာနေသော လင်းချန်ကို ချင်ဝူရွှမ်က ပြုံး၍ ခေါင်းညိတ်ကာ ဖြေလိုက်၏။

“ဟုတ်တယ်… အဲဒီ တံခါးပေါက် ပွင့်သွားရင် ငါတို့ အမွေအနှစ်နယ်မြေထဲကို ဝင်လို့ရပြီ…”

တင်းကျစ်ရုံမှလွဲ၍ လေချန်နှင့် အခြားတပည့်လေးဦးမှာ လင်းချန်၏ နောက်မှ ကပ်လိုက်လာကြပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။

တင်းကျစ်ရုံ၏ အမူအရာကို သတိပြုမိသော ကျောက်ဟိုင်မင်းက ပြောလာ၏။ “မင်းကတော့ အေးဆေးပဲနော်…”

တင်းကျစ်ရုံကမူ နှာခေါင်းရှုံလိုက်သည်။ “ဂိုဏ်းက တာဝန်တွေ ယူပြီး အပြင်မှာ သွားလာတုန်းက ဒီလို မြင်ကွင်းမျိုးတွေ ငါ မြင်ဖူးပြီးသားကွ…”

“မြင်ဖူးပြီးသားဆိုတော့ ဘာဖြစ်လဲ… ဘာလို့ နှာခေါင်းရှုံ့နေရတာလဲ…”

“မင်း အပူပါလို့လား… ချကြမလား…”

ထိုနှစ်ယောက် ထိုးကြိတ်ရန် ပြင်နေသည်ကို မြင်သောအခါ လင်းချန်သည် ကြားဝင်လိုက်ပြီး နှစ်ယောက်သားကို တွန်းထုတ်ကာ လူခွဲလိုက်၏။

“တခြားလူတွေ ကြည့်နေကြတယ်… ကိုယ့်အချင်းချင်း ဒီလို ရန်ဖြစ်နေတာ ဘယ်ကောင်းမလဲ… သူများတွေအမြင်မှာ ရယ်စရာ ဖြစ်နေမယ်ဟ…”

လင်းချန်၏ စကားအဆုံး၌ တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့ နှစ်ယောက်စလုံး မျက်နှာလွှဲသွားကြတော့သည်။

တိမ်စီးလှေကို သိမ်းဆည်းပြီးနောက် လျှောက်လာသော ချင်ဝူရွှမ်သည်လည်း ခေါင်းတခါခါဖြင့် ပြုံးလိုက်၏။

“ဒီကလေးနှစ်ယောက်ကတော့လေ… ပြဿနာ မတက်ရရင်ကို မနေနိုင်ကြဘူး…”

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဟိုင်ရှောင်ယွမ်သည် မျက်နှာထား တည်ငြိမ်နေသော်လည်း သူ့ဘေးရှိ ဆံပင်ကိုကျစ်ဆံမြီးကျစ်ထားသော လူငယ်ဘက်သို့ လှည့်ကာ မေးလိုက်၏။

“ယန်ကွမ်းကန်း… မင်း ဘယ်လိုမြင်လဲ…”

ယန်ကွမ်းကန်း အမည်ရှိသော လူငယ်​က လေးနက်သော မျက်နှာထားဖြင့် တိတ်တဆိတ် ခေါင်းညိတ်ကာ ဆိုလိုက်၏။

“နတ်ဓားဂိုဏ်း အတွင်းစည်းတပည့်တွေထဲမှာ အသန်မာဆုံးဖြစ်တဲ့ ကျောက်ဟိုင်မင်းနဲ့ နာမည်တစ်ခု ရထားပြီးသား တင်းကျစ်ရုံတို့က အဲဒီလူငယ်လေးကို အတော်လေး လေးစားမှု ရှိပုံရတယ်…”

ယန်ကွမ်းကန်း၏ သုံးသပ်ချက်ကို ကြားပြီးနောက် ဟိုင်ရှောင်ယွမ်က တိတ်တဆိတ် ခေါင်းညိတ်ကာ သတိပေးလိုက်၏။

“အမွေအနှစ်နယ်မြေထဲ ရောက်သွားရင် မင်းရဲ့ ဂိုဏ်းတူ ညီအကိုတွေကို ခေါ်ပြီး စမ်းသပ်မှုတွေကိုပဲ ဦးစားပေး လုပ်ဆောင်ပါ… ဘယ်အဖွဲ့နဲ့မှ ပဋိပက္ခ မဖြစ်အောင်နေတာ အကောင်းဆုံးပဲ… အထူးသဖြင့် အဲဒီ လူငယ်ဧကရာဇ် လင်းချန်နဲ့ ဝေးဝေးမှာနေ…”

**--**--**--**--**--**--**--**

တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းကို တွန်းထုတ်လိုက်ပြီးခါစ လင်းချန်၏ အနောက်ဘက်မှ တုံ့ဆိုင်းဆိုင်း ခေါ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ချန်လေး…”

လင်းချန် လှည့်ကြည့်လိုက်သောအခါ သူ၏ အိပ်မက်များထဲ၌ စိုးမိုးထားသော ပုံရိပ်လေးကို တွေ့လိုက်ရလေ၏။

ကောင်မလေး၏ ပါးပြင်တို့မှာ ပန်းရောင်သန်းနေပြီး တစ်စုံတစ်ခုကို မသေချာသကဲ့သို့ သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေလျက် ရှိသည်။

ယီစင်း၏ ငွေကြယ်ရောင် ဝတ်ရုံရှည်မှာ ကျက်သရေရှိသော သူမ၏ အမူအရာကို ပိုမို ပေါ်လွင်စေပြီး ကျောပြင်ထက်သို့ ဖြန့်ကျနေသော ဆံနွယ်နက်များနှင့်အတူ ကောင်းကင်ဘုံမှ သက်ဆင်းလာသော နတ်သမီးလေးတစ်ပါးအလား လှပတော့သည်။

လင်းချန်သည်တော့ ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်ပြီး လူတိုင်း၏ စောင့်ကြည့်နေမှုအောက်၌ပင် ယုံကြည်မှုရှိရှိဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းကာ ပွေ့ဖက်ရန် အသင့်အနေအထား ပြင်လိုက်၏။

“ဟင်…”

ရင်းနှီးနေသော အပြုအမူများ ရင်းနှီးနေသော မျက်နှာနှင့် ရင်းနှီးနေသော လေသံတို့ကြောင့် ရှင်းရှင်း အံ့သြသွားသလို ရှက်ရွံ့လည်း သွားရပြီး သူမ၏.မျက်နှာတစ်ခုလုံး နီမြန်းလာကာ ရှက်သွေးဖြာသွားတော့သည်။ သို့သော်လည်း သူမက လင်းချန်ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး လင်းချန်အား ဖက်ထားခွင့် ပြုလိုက်ဆဲပင် ဖြစ်၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၁ + ၁၁၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters