အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၃ + ၁၁၄
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
လင်းချန် သူ့ရှေ့မှ ကောင်မလေးအား စိုက်ကြည့်ရင်း ရွှင်လန်းသော အပြုံးဖြင့် ဆိုလိုက်၏။
“ကိုယ့်ရဲ့ ရှင်းရှင်းလေးက တကယ်ကို ပိုပိုပြီး လှလာတာပဲ…”
“လူတွေ ဒီလောက် အများကြီး ရှိနေတာကို…”
ယီစင်း၏ မျက်နှာလေးမှာ ရှက်သွေးဖြာမှုကြောင့် နီရဲလာပြီး လင်းချန်အား အပြစ်တင်ဟန်ဖြင့် ဆို၏။
“လူတွေ ရှိတော့ ဘာဖြစ်လဲ…”
လင်းချန်က ယီစင်း၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ရင်း ပြုံးလိုက်သည်။
“ကိုယ့်သတို့သမီးလောင်းလေး လှလို့ ကိုယ်က ချီးကျူးတာ တခြားလူတွေနဲ့ ဘာဆိုင်လို့လဲနော်…”
လွန်ခဲ့သောနှစ်များ၌ သူ၏မိဘများ ပျောက်ဆုံးသွားပြီးနောက် လင်းချန် တစ်ကိုယ်တည်း အထီးကျန်နေချိန်မှစ၍ အကျဉ်းထောင်ကျွန်းသို့ အဖမ်းမခံရမီအချိန်အထိ သူ၏ဘေးနား၌ အမြဲရှိနေပေးခဲ့သူမှာ ယီစင်းပင် ဖြစ်လေ၏။
သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာသည် သာမန်လူများ နားမလည်နိုင်လောက်အောင်ပင် နက်ရှိုင်းလှသည်။
“နတ်ဓားဂိုဏ်းရဲ့ ပါရမီရှင် ဓားသူတော်စင်မယ်လေးက တကယ်ပဲ လင်းချန်ရဲ့ သတို့သမီးလောင်း ဖြစ်နေတာကိုး…”
လင်းချန်နှင့် ယီစင်းတို့၏ ချစ်ခင်ရင်းနှီးသော အမူအရာကို မြင်လိုက်ရသော ဝမ်လန်ရှင်းတစ်ယောက် ပါးစပ်အုပ်လျက် အံ့သြတကြီး ဖြစ်သွားရသည်။
နတ်ဓားဂိုဏ်း၏ ဓားသူတော်စင်မယ်လေးသည် ပါရမီထူးချွန်ရုံသာမက နတ်သမီးအလား အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
ကမ်းရိုးတန်းပြည်နယ်၌ သူမအား နှစ်ရှည်လများ စွဲလမ်းနှစ်သက်နေကြသော လူငယ်ပါရမီရှင် အများအပြား ရှိကြပြီး အထူးသဖြင့် နတ်ဓားဂိုဏ်းအတွင်း၌ သူမအား ပိုးပန်းလိုသူများအား တန်းစီလိုက်ပါက ပြည်နယ်တစ်ခုလုံးကိုပင် ပတ်နိုင်သည်ဟု ဆိုစမှတ်ပြုကြ၏။
လူတန်းကြီးက ပြည်နယ်တစ်ခုလုံးကို ပတ်နိုင်သည်ဆိုသည့် စကားမှာ ချဲ့ကားပြောဆိုခြင်း ဖြစ်သော်လည်း ဤအချက်က ယီစင်း၏ ရေပန်းစားမှုကို သက်သေပြနေခြင်းပင် ဖြစ်သည်။
လင်းချန်အား ကြည့်နေသော ဖူဟန်၏ မျက်နှာမှာ မဲမှောင်သွားရသည်။
ယီစင်းကို သူမကြိုက်ချေ။ သို့သော် သူ၏အမြင်၌မူ ယီစင်းသည် သူ၏ အပိုင်ပစ္စည်း ဖြစ်နေပြီး အခြားသူများ လက်ဖျားနှင့် ထိမည်ကိုပင် သူ မလိုလားချေ။
ယခုမူ လင်းချန်နှင့် ယီစင်းတို့သည် သူ၏မျက်စိရှေ့မှောက်၌ပင် ချစ်ကြည်နူးနေကြသည် မဟုတ်ပါလော။
သူ၏ဘေးရှိ တပည့်နှစ်ဦးသည်လည်း ရုတ်တရက် ပေါ်လာသော လင်းချန်အား မျက်မှောင်ကြုတ်လျက် ကြည့်နေကြ၏။ အမျိုးသမီးတပည့် သုံးဦးကမူ ဓားသူတော်စင်မယ်လေး၏ သတို့သားလောင်းမှာ မည်သို့သောလူမျိုး ဖြစ်သည်နည်းကို သိချင်စိတ် ပြင်းပြနေကြသည်။
အနီးနားရှိ ဂိုဏ်းများမှ တပည့်များသည်လည်း လင်းချန်အား အကဲခတ်နေကြဆဲ ဖြစ်၏။ လူငယ်ဧကရာဇ် လင်းချန်နှင့် ပတ်သက်၍ ကောလဟလ အမျိုးမျိုး ထွက်ပေါ်နေလျက်ရှိသည်။
ထိုအထဲမှ ရေပန်းအစားဆုံး ကောလဟလမှာ သူသည် သိုင်းဝိညာဥ်လက်နက်ကို မပိုင်ဆိုင်ထားသောကြောင့် နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည် မဟုတ်ဟူ၍ပင်။ သို့သော် ယခု လူငယ်ဧကရာဇ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ နိဗ္ဗာန်နယ်ပယ် ပထမအဆင့်၌ ရှိနေသော သိုင်းဝိညာဉ်ပညာရှင် ဖြစ်နေပြီဆိုသည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။ ကောလဟလသည် ကောလဟလသာ ဖြစ်၏။ မယုံကြည်ရပေ။
“ချန်လေး… ဒီနှစ်တွေထဲ ဘယ်ရောက်နေတာလဲ… နေရော ကောင်းရဲ့လား…”
ယီစင်းက စိုးရိမ်တကြီး မေးလိုက်၏။
“လာ… ဟိုဘက်သွားရအောင်… ကိုယ် အေးဆေး ပြောပြပါ့မယ်…”
လင်းချန်သည်တော့ ယီစင်း၏ လက်အား ညင်သာစွာ ဆွဲယူကာ ရင်ပြင်အစွန်းရှိ တောင်ကုန်းဘက်သို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုရင်ပြင်ကြီးသည် သိုင်းဝိညာဉ်သားရဲကြီး နှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပြိုကျကာ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက် ပေါ်ထွက်လာသည့် နေရာပင် ဖြစ်လေ၏။
ထိုဝင်ပေါက်အား ထိပ်သီးဂိုဏ်းသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့က ပြန်လည် ပြုပြင်ထားကြသည်။ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများသည်တော့ မြေပြိုကျမှုကြောင့် ဖြစ်ပေါ်လာကြခြင်းပင်။
ထိုတောင်ကုန်းပေါ်၌ ယီစင်းနှင့်အတူ ထိုင်ရင်း လင်းချန် ဤနှစ်များအတွင်း သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအကြောင်းကို ပြောပြလိုက်၏။ သူ အကျဉ်းထောင်ကျွန်းသို့ မည်သို့ ရောက်ရှိသွားပုံ ၊ နောက်ဆုံး၌ ဝေဝူရွှမ်နှင့် တွေ့ဆုံကာ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပုံများကို ပြောပြလိုက်သည်။
လင်းချန်၏ စွန့်စားခန်းများကို နားထောင်ရင်း ယီစင်းမှာ အလိုအလျောက်ပင် သူမ၏လက်ချောင်းလေးများဖြင့် လင်းချန်၏လက်ကို ယှက်နွယ်ကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။
လင်းချန် ပြောပြီးနောက် ယီစင်းသည်လည်း သူမ၏ နေ့ရက်များအကြောင်း ၊ မည်သို့ ကျင့်ကြံခဲ့ရပုံများနှင့် သူ့အား လိုက်ရှာရန် မည်သို့ စိတ်ကူးခဲ့ပုံများကို ဖြည်းညှင်းစွာ ပြန်လည် ပြောပြလိုက်သည်။
“ဪ… ဒါနဲ့ စကားမစပ် ကိုယ် မိန်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်…”
လင်းချန်တစ်ယောက် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏လက်ထဲ၌ လှပသော ဖဲကြိုးလေးဖြင့် ချည်နှောင်အလှဆင်ထားသည့် အနီရောင်လက်ဆောင်ဘူးလေးတစ်ခု ပေါ်လာ၏။
ယီစင်းမှာ ဤကဲ့သို့ ဆန်းသစ်ပြီး သေသပ်လှပသော ထုပ်ပိုးမှုမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့အတွက်ကြောင့် သူမ၏ မျက်လုံးများ တောက်ပသွားတော့ပြီး လက်ဆောင်ဘူးလေးအား ယူကာ လင်းချန်ကို ကြည့်လိုက်၏။ “ဒါ ဘာလေးလဲ…”
“ဖွင့်ကြည့်လိုက်လေ…” ယီစင်း၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်ရောင်ခြည်များကို မြင်လိုက်ရသဖြင့် လင်းချန် ပြုံးကာ ဆိုလိုက်သည်။
ယီစင်း လက်ဆောင်ဘူးပေါ်မှ ဖဲကြိုးကို ဖြည်းညှင်းစွာ ဖြေ၍ ဖွင့်လိုက်သောအခါ အာမေဋိတ်သံတစ်ခု ပြုလိုက်မိပြီး အထဲမှ ပစ္စည်းကို ထုတ်ယူလိုက်၏။
ထိုဘူးထဲ၌ ယီစင်း ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် အနည်းငယ် ဆင်တူသော်ငြား ပိုမို သေသပ်လှပသည့် ဆင်စွယ်ရောင် ဝတ်ရုံရှည်တစ်ထည် ရှိနေသည်။
“မိန်း စမ်းဝတ်ကြည့်လိုက်ပါလား…”
ယီစင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားများကို ဝတ်ရုံထဲသို့ ထည့်သွင်းလိုက်ရာ တောက်ပသော အလင်းရောင်တစ်ခုက သူမ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး အပြင်မှ လုံးဝ မြင်မရအောင် ဖုံးကွယ်သွားတော့၏။
အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် ယီစင်း၏ ပုံရိပ် ပြန်လည် ပေါ်ထွက်လာ၏။
ထိုဝတ်ရုံသည် သူမ၏ သေသပ်လှပသော ခန္ဓာကိုယ်ကောက်ကြောင်းနှင့် အံဝင်ခွင်ကျ ဖြစ်နေပြီး ကျက်သရေရှိသော ကိုယ်နေဟန်ထားကို ပိုမို ပေါ်လွင်လာစေသည်။
ဆင်စွယ်ရောင် ဝတ်ရုံရှည်သည် အလွန်တရာ ကျက်သရေရှိလှပြီး ဝတ်ရုံလက်များကို အဖြူရောင် အထည်သားစစ်စစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ တောက်ပသော အလင်းရောင်ဒီဇိုင်းများ ပန်းထိုးထားသည့် အလင်းပေါက် ပိုးသားပါးပါးဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေ၏။
ယီစင်းနှင့် လိုက်ဖက်လှသောကြောင့် လင်းချန်၏ မျက်နှာမှာ ဝင်းပသွားလေပြီး အံ့သြတကြီး ချီးကျူးလိုက်သည်။
“မဆိုးဘူး… မဆိုးဘူး… ကျူးကော့မင် ဒီဇိုင်းဆွဲထားတဲ့ ငွေကြယ်ရောင်ဝတ်ရုံဖြူက ဝတ်လိုက်တော့ ပိုတောင် ကြည့်ကောင်းသွားသေးတယ်…”
တောင်ကုန်းပေါ်မှ ပေါ်ထွက်လာသော အလင်းရောင်ကြောင့် အခြားသူများက လှည့်ကြည့်လာကြ၏။
အဝတ်အစားအဖြစ် အသုံးပြုသည့် ဤကဲ့သို့ ပစ္စည်းမျိုးများသည် စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းလိုက်သည်နှင့် ချက်ချင်း ပြောင်းလဲဝတ်ဆင်နိုင်သဖြင့် အလွန် အဆင်ပြေလှသည်။
အလင်းရောင် ပျောက်ကွယ်သွားပြီး ယီစင်း၏ ပုံရိပ် ပေါ်ထွက်လာချိန်၌ သူတို့သည်လည်း သူမ၏ ပြိုးပြိုးပြက်ပြက် လှပနေသော အသွင်အပြင်ကြောင့် မှင်သက်သွားကြရတော့သည်။
‘ဟိုကောင်လေး ပေးတဲ့ လက်ဆောင်လား…’
မေယွဲ့ရှာမှာ ယီစင်း၏ ခြေရင်းမှ လက်ဆောင်ဘူးခွံကို ကြည့်ပြီး တွေးတောလိုက်မိ၏။
**--**--**--**--**--**--**--**
“ဘယ်လိုလဲ ချန်လေး… လှလားဟင်…”
“လှတာပေါ့ကွ…”
လင်းချန် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
“ရှင်းရှင်း… ကြယ်တွေကို အနီးကပ်မြင်ချင်တယ်လို့ ကိုယ့်ကို ပြောဖူးတာ မှတ်မိလား…”
ယီစင်း အသာအယာ ပြုံးကာ ခေါင်းညိတ်လိုက်၏။
“မှတ်မိတာပေါ့… ဒါပေမဲ့ အဲဒါက ဒီတိုင်းပြောရုံပါ… အနီးကပ် မြင်ဖို့က မဖြစ်နိုင်ပါဘူးရှင်…”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မိန်းရဲ့…”
“စိတ်ဝိညာဉ်အစီအရင်ကို စမ်းပြီး အသက်သွင်းကြည့်လိုက်…”
လင်းချန်၏ အပြောကြောင့် ယီစင်း သူမ၏ မျက်လုံးများကို မှိတ်ပြီး အာရုံစူးစိုက်လိုက်ရာ သူမ ဝတ်ဆင်ထားသော ငွေကြယ်ရောင်ဝတ်ရုံဖြူ အတွင်း၌ အလွန် နက်ရှိုင်းသော စိတ်ဝိညာဉ်အစီအရင် တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
နတ်ဓားဂိုဏ်း၏ ဓားသူတော်စင်မယ်လေး တစ်ယောက်အနေဖြင့် ယီစင်းသည် စိတ်ဝိညာဉ်ပစ္စည်း အများအပြားနှင့် ထိတွေ့ဖူးသော်ငြား ဤမျှ ရှုပ်ထွေးနက်နဲသော စိတ်ဝိညာဉ်အစီအရင်မျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
လင်းချန်၏ လမ်းညွှန်မှုအတိုင်း ယီစင်း သူမ၏ စိတ်ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်ပြီး ဝတ်ရုံ၏ အစီအရင် အတွင်းသို့ စီးဆင်းစေလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ယီစင်း၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံဖြူသည် လေမတိုက်ဘဲ တဖျပ်ဖျပ် လွင့်ဝဲလာပြီး ပန်းထိုးထားသော အလင်းရောင် လမ်းကြောင်းများထဲမှ တောက်ပသော ကြယ်ရောင်များ ရုတ်ခြည်း ဖြာထွက်လာတော့၏။
ယီစင်း မျက်လုံး ပြန်ဖွင့်လိုက်ချိန်၌ သူမ၏ ပတ်ဝန်းကျင်မှ မြင်ကွင်းကြောင့် အံ့သြမှင်သက်သွားရတော့သည်။
သူမ ကိုယ်၌သည် တောက်ပသော ကြယ်ရောင်များဖြင့် လင်းလက်နေပြီး သူမ၏ ပတ်လည်၌လည်း ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံကြီး ရှိနေ၏။ ကြယ်များ ဝန်းရံထားသော အာကာသ ဟင်းလင်းပြင်အလယ်၌ ရပ်နေရသကဲ့သို့ သူမ ခံစားလိုက်ရတော့သည်။
လှမ်းကြည့်နေကြသော လူအနည်းငယ်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်လျက် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
နေ့ခင်းကြောင်တောင်ကြီး ကြယ်တာရာ ကောင်းကင်တစ်ခု ပေါ်ထွက်လာခြင်းသည် အံ့မခန်းဖွယ်ရာ ဖြစ်ပြီး ထိုကြယ်တာရာ ကောင်းကင်သည် ယီစင်း ဝတ်ဆင်ထားသော ဝတ်ရုံဖြူမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နေကြရသည်။
“ခန့်ညားလိုက်တာ… စိတ်ဝိညာဉ်ဝတ်ရုံပဲ”
အနီးနားရှိ ကမ်းရိုးတန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဟိုင်ရှောင်ယွမ်သည်လည်း ယီစင်း၏ ပတ်လည်၌ ပေါ်ထွက်လာသော ကြယ်တာရာ ကောင်းကင်ကို ကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်၏။
မေယွဲ့ရှာ၏ မျက်နှာတွင်လည်း အံ့သြသည့် အရိပ်အယောင်များ ပေါ်လာပြီး ပြိုးပြိုးပြက်ပြက် တောက်ပနေသော ကြယ်တာရာ ကောင်းကင်အား စိုက်ကြည့်နေမိတော့သည်။
ထိုဝတ်ရုံ၌ ပါဝင်သော စွမ်းအားများကြောင့် သူမ အကြီးအကျယ် စိတ်လှုပ်ရှားသွားပုံရ၏။
ဘုန်း… ဘုန်း… ဘုန်း…
ထိုအချိန်၌ပင် ကောင်းကင်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ယီစင်း ရှိရာဘက်သို့ ဦးတည်လာ၏။
ထိုလက်ဝါးကြီးသည် ကြီးမားလွန်းသဖြင့် လက်ဝါးပေါ်ရှိ အရေးအကြောင်းများကိုပင် အထင်းသား မြင်တွေ့နိုင်ပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမှုန်းပစ်မည့်အလား ပြင်းထန်သော အရှိန်ဖြင့် ဆင်းသက်လာတော့သည်။
“ရာရာစစ…”
ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ဧရာမလက်ဝါးကြီးကို မြင်လိုက်ရသောအခါ ချင်ဝူရွှမ်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာ ဝေါခနဲ ပေါက်ကွဲထွက်လာပြီး မိုးထိအောင် မြင့်မားသော လှိုင်းလုံးကြီးအသွင် ပြောင်းလဲကာ ထိုလက်ဝါးကြီးကို ဝင်တိုက်လိုက်သည်။
အောက်ဘက်သို့ ရောက်နေသည့် လင်းချန်၏ မျက်နှာထားသည်လည်း အကြီးအကျယ် ပြောင်းလဲသွားပြီး ယီစင်း၏ ရှေ့သို့ အလျင်အမြန် ဝင်ကာ ကာကွယ်လိုက်ရင်း အထက်ကောင်းကင်အား ဒေါသအပြည့်ဖြင့် စိုက်ကြည့်လိုက်၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၃ + ၁၁၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team