← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၅ + ၁၁၆

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

ထိုဧရာမလက်ဝါးကြီးနှင့် ရိုက်ခတ်မိသောအခါ ချင်ဝူရွှမ်၏ အကာအကွယ်မှာ လေထဲ၌ ပေါက်ကွဲထွက်သွားလေပြီး ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားလှိုင်းဂယက်များက ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားတော့၏။

ထိုပေါက်ကွဲမှုမှ ချီစွမ်းအားများသည် အရပ်မျက်နှာအသီးသီးသို့ လွင့်စင်ထွက်သွားပြီး ထိုအထဲမှ ချီလှိုင်းတစ်ခုသည် ဝေ့ဝဲလျက် လင်းချန်ရှိရာဘက်သို့ ပြင်းထန်သော အရှိန်ဖြင့် တိုးဝင်လာသည်။

“ဟမ့်…” လင်းချန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး လက်သီးဆုပ်ကာ ရှေ့သို့ ထိုးချလိုက်၏။

ဘုန်း…

ချီစွမ်းအားမှာ လင်းချန်၏ လက်သီးနှင့် ထိပ်တိုက်တွေ့ရာ လေထုထဲ၌ လုံးဝ ပျောက်ကွယ်သွားတော့သည်။

လူတိုင်း အထက်သို့ မော့ကြည့်လိုက်ကြ၏။

ကောင်းကင်ယံ၌ ချင်ဝူရွှမ်၏ တိမ်စီးလှေနှင့် အရွယ်အစား ၊ ပုံပန်းသဏ္ဍာန် မကွာခြားလှသော တိမ်စီးလှေတစ်စင်း ရပ်နေလျက် ရှိသည်။

ထိုတိမ်စီးလှေ၏ ဦးပိုင်း၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအား အကြွင်းအကျန်များ ထွက်ပေါ်နေဆဲပင် ဖြစ်၏။

လင်းချန်နှင့် ရှင်းရှင်းတို့အား တိုက်ခိုက်လိုက်သူမှာ တိမ်စီးလှေဦးပိုင်း၌ ရပ်နေသော ထိုအမျိုးသားဖြစ်ကြောင်း အလွန်ပင် ထင်ရှားနေ​တော့သည်။

ချင်ဝူရွှမ် တိမ်စီးလှေပေါ်မှ လူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ကျန်းတင်းယွမ်… ခင်ဗျား ဒါ ဘာသဘောလဲ…”

ငွေရောင်ဆံပင်ပိုင်ရှင် မေယွဲ့ရှာသည်လည်း အလားတူပင် ရှေ့သို့ ထွက်လာ၏။ “ကျွန်မတို့ ဓားနတ်ဘုရားဂိုဏ်းကလည်း ရှင်းပြချက် လိုချင်တယ်…”

တိမ်စီးလှေဦးပိုင်းမှ အမျိုးသားက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်၏။ “ဘာမှ မဟုတ်ပါဘူးဗျာ… ရင်ပြင်မှာ မဟုတ်ဘဲ ဟိုတောင်ကုန်းပေါ်မှာ လူတချို့ တွေ့လိုက်လို့လေ… ရှေးဟောင်းအမွေအနှစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ သူခိုးလေးတွေ ထင်ပြီး ကွပ်မျက်မလို့ ပြင်လိုက်တာပါ…”

“အခု သေချာ ကြည့်လိုက်တော့မှ ခင်ဗျားတို့ ဂိုဏ်းနှစ်ခုက တပည့်တွေ ဖြစ်နေတာကိုး… နားလည်မှုလွဲသွားတာပါ…”

ထိုလူ၏ စကားကို ကြားလိုက်ရသောအခါ ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့ နှစ်ဦးစလုံး၏ မျက်နှာများ မဲမှောင်သွားကြရ၏။

‘နားလည်မှု လွဲသွားတာတဲ့လား…’

တန်ခိုးကြီးမားလှသော ရှန်ထျန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဓားနတ်ဘုရားဂိုဏ်းနှင့် နတ်ဓားဂိုဏ်းမှ တပည့်များကိုပင် မခွဲခြားနိုင်လောက်အောင် ညံ့ဖျင်းနေမည်လော။ ထိုခွေးမသား တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိသာလှသည်။

တိမ်စီးလှေ ဖြည်းညှင်းစွာ ဆင်းသက်လာစဉ်မှာပင် လင်းချန်သည်တော့ ရှန်ထျန်ဂိုဏ်းချုပ်အား စိုက်ကြည့်နေ၏။

ရှင်းရှင်းသည်လည်း သူမ၏ ငွေကြယ်ရောင်ဝတ်ရုံဖြူပေါ်မှ ကြယ်များကို သိမ်းဆည်းလိုက်ပြီး တိမ်စီးလှေပေါ်မှ လူကို မျက်မှောင်ကြုတ်လျ​က် ကြည့်လိုက်ကာ ပူပန်သွားရသည်။

ကျန်းတင်းယွမ်၏ စကားကို ကြားလိုက်ရသောအခါ လင်းချန် အေးစက်စွာ ဆိုလိုက်၏။

“နားလည်မှုလွဲတာတဲ့လား… ရှန်ထျန်ဂိုဏ်းချုပ်က ရှင်းရှင်းကို သတ်ဖို့ တမင် ရည်ရွယ်ခဲ့တာ အသိသာကြီးပဲ…”

ထိုဧရာမလက်ဝါးကြီး၏ အဓိကပစ်မှတ်မှာ ရှင်းရှင်းဖြစ်ပြီး တိုက်ခိုက်မှု အတိုင်းအတာ ကျယ်ပြန့်လွန်းသောကြောင့် လင်းချန်ပါ ရောပါသွားခြင်း ဖြစ်​​၏။

ရှင်းရှင်း၏ မျက်ဝန်းများ၌ ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ “ကျွန်မရဲ့ ပါရမီကြောင့် ရှန်ထျန်ဂိုဏ်းက ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေရတာ ဖြစ်မယ်… သူတို့ အမြင်မှာ ဓားနတ်ဘုရားဂိုဏ်းကနေ ဒုတိယမြောက် အမျိုးသမီး ဓားသူတော်စင် ထွက်ပေါ်လာရင် ကမ်းရိုးတန်းပြည်နယ်က သူတို့ရဲ့ လွှမ်းမိုးမှုကို ထိခိုက်စေနိုင်တယ်လို့ တွေးနေကြတာပဲ…”

“ဘာရှန်းမြို့မှာ ဖြစ်ခဲ့တဲ့ ကိစ္စကလည်း ရှန်ထျန်ဂိုဏ်းရဲ့ ခိုင်းစေချက်အရ မဟာလှံတံဂိုဏ်းက လုပ်ခဲ့တာမလား…”

“ဟမ့်… မဟာလှံတံဂိုဏ်း…” လင်းချန်သည်လည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

တိမ်စီးလှေပေါ်မှ ဆင်းလာသူမှာ ဂိုဏ်းချုပ် ကျန်းတင်းယွမ် တစ်ယောက်တည်း မဟုတ်နေချေ။ သူ့အပြင် အနီရောင်ဝတ်ရုံဝတ် မုတ်ဆိတ်ရှည်နှင့် အမျိုးသားတစ်ဦးလည်း ပါလာသေးသည်။ ထိုသူမှာ မဟာလှံတံဂိုဏ်း၏ ဂိုဏ်းချုပ် သွေးစွန်းလျူရှန်ပင် ဖြစ်၏။

ကျန်းတင်းယွမ်နှင့် သွေးစွန်းလျူရှန်တို့နောက်မှ လိုက်ပါလာကြသူများထဲ၌ ရှန်ထျန်ဂိုဏ်းမှ တပည့်များသာမက သွေးရောင်လွှမ်းသော အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် မဟာလှံတံဂိုဏ်းမှ တပည့်များလည်း ပါဝင်နေကြသည်။

ရှန်ထျန်ဂိုဏ်း၏ တိမ်စီးလှေပေါ်၌ မဟာလှံတံဂိုဏ်းကပါ လိုက်ပါလာခြင်းက သူတို့ မဟာမိတ်ဖွဲ့ထားကြောင်းကို ထင်ရှားစေနေ၏။

တောက်ပသော အဝါရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြသည့် ရှန်ထျန်ဂိုဏ်းမှ တပည့်များသည် လူတိုင်းအား အထင်သေး မောက်မာစွာ ကြည့်ရှုနေကြ၏။

မဟာလှံတံဂိုဏ်းမှ တပည့်များကမူ နတ်ဓားဂိုဏ်းနှင့် ဓားနတ်ဘုရားဂိုဏ်းဘက်သို့ ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

နတ်ဓားဂိုဏ်းမှ ချင်ဝူရွှမ်၏ အနောက်၌ ရပ်နေသော လီလဲ့ထျန်က ထိုဘက်သို့ ကြည့်ရင်း ရွံရှာသလို ပြောလိုက်၏။

“ရှန်ထျန်ဂိုဏ်းရဲ့ မောက်မာပုံကို ကြည့်စမ်းပါဦး… သူတို့ပဲ ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ကျနေတာပဲ…”

ကျောက်ဟိုင်မင်းက ဂရုမစိုက်သကဲ့သို့ သမ်းဝေလိုက်သည်။ “ငါတို့ ခေါင်းဆောင်ကို ထည့်မတွက်နဲ့… ငါတို့ လေးယောက်တည်းနဲ့တင် ပွဲကပြီးနေပြီပဲ။ ရေတွင်းထဲက ဖားသူငယ်လေးတွေကို လွှတ်ထားလိုက်ပါဟာ…”

တင်းကျစ်ရုံကမူ သွေးရောင်ဝတ်ရုံနှင့် တပည့်များကို ကြည့်ရင်း သတိပေးလိုက်၏။ “မဟာလှံတံဂိုဏ်းကလည်း ကြားထဲက ဝင်ရှုပ်ဦးမှာ အသေအချာပဲ…”

လေချန်၏ မျက်ဝန်းများထဲ၌ ခရမ်းရောင် လျှပ်စီးတန်းများ လက်ခနဲ ပေါ်လာသည်။ “ကိစ္စ မရှိပါဘူး… သူတို့ သေချင်နေရင် လာခိုင်းလိုက်ပေါ့…”

တိမ်စီးလှေကို ပြန်သိမ်းလိုက်ပြီးနောက် ကျန်းတင်းယွမ်တစ်ယောက် ချင်ဝူရွှမ်၏ အဖွဲ့ဘက်သို့ ကြည့်ကာ လှောင်ပြောင်သလို ရယ်မောလိုက်ပြီး သွေးစွန်းလျူရှန်နှင့် စကားစမြည် ပြောဆိုနေကာ ကျန်လူများကို လုံးဝ လျစ်လျူရှုထားတော့၏။

ရှန်ထျန်ဂိုဏ်း၏ အပြုအမူကြောင့် ဒေါသထွက်နေသော်လည်း ချင်ဝူရွှမ် သူ၏ ဒေါသကို အတင်း ဖိနှိပ်ထားလိုက်ရသည်။ မေယွဲ့ရှာသည်လည်း မဲမှောင်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေလျက် ရှိနေသည်။

သူတို့နှစ်ဦးကို ကြည့်နေရင်း အပြင်ပန်း၌ ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း ကျန်းတင်းယွမ်က တကယ်တမ်းတွင်မူ တိတ်တဆိတ် အကဲခတ်နေလေ၏။

‘ဝေဝူရွှမ် သေသွားပြီ ဖြစ်ရမယ်… မဟုတ်ရင် သူတို့ ဒီလောက်ထိ သည်းခံနေမှာ မဟုတ်ဘူး…’

ခဏကြာပြီးနောက် လင်းချန်တစ်ယောက် ရှင်းရှင်းနှင့်အတူ ရင်ပြင်သို့ ပြန်ရောက်လာသည်။ သူတို့နှစ်ဦး ပြန်ရောက်သည်နှင့် လေချန်နှင့် အခြားသူများ ချက်ချင်း ဝိုင်းအုံလာကြ၏။ လင်းချန် သူတို့အား တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။

ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့် နှစ်ဦးသည်လည်း တခစ်ခစ်ရယ်မောလျက် ပြေးလာကြပြီး မိတ်ဆက်ကာ ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုနေကြတော့သည်။ သူတို့ အားလုံးသည် လူငယ်များသာ ဖြစ်ကြသဖြင့် အနည်းငယ် စကားစမြည် ပြောဆိုပြီးသည်နှင့် တဖြည်းဖြည်း ရင်းနှီးလာကြတော့၏။

ထိုအချိန်၌ပင် ကမ်းရိုးတန်းပြည်နယ်မှ ကျန်ရှိနေသော ဂိုဏ်းသုံးဂိုဏ်းလည်း ရောက်ရှိလာကြသည်။ သားရဲသခင်ဂိုဏ်းသည် ဂိုဏ်းနာမည်နှင့် လိုက်ဖက်စွာပင် စိတ်ဝိညာဉ်သားရဲများကို စီးနင်းလျက် ရောက်ရှိလာကြ၏။

ဂမ္ဘီရနတ်ဆေးဂိုဏ်းသည်တော့ ဆေးဖက်ဝင် အပင်ရနံ့များ သင်းပျံ့နေသော အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားလျက် ရှိကြသည်။

ပန်းပဲမီးလျှံဂိုဏ်းသည်လည်း ရောက်ရှိလာကြ၏။

ထိပ်သီးဂိုဏ်းသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့ စုံလင်စွာ ရောက်ရှိလာပြီ ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ်နယ်မြေ ဖွင့်လှစ်ရန် အချိန်ကျရောက်လာပြီ ဖြစ်လေသည်။

ဂိုဏ်းချုပ် ရှစ်ဦးတို့သည် ရင်ပြင်ရှိ ဝင်ပေါက်ကြီးထံသို့ သွားလိုက်ကြပြီး ရှေးဟောင်းအမှတ်အသား တံဆိပ်ပြားများကို ကိုင်ဆောင်လျက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို ဝင်ပေါက်ထဲသို့ ပို့လွှတ်လိုက်ကြ၏။

စိတ်ဝိညာဉ်စွမ်းအားများ စီးဝင်သွားသည်နှင့် ရင်ပြင်ရှိ ဝင်ပေါက်ကြီးမှာ တုန်ခါသွားလေပြီး ဝင်ပေါက်ကြီးကို ဖုံးလွှမ်းထားသော အလင်းရောင် အကာအရံသည်လည်း ဘုန်းခနဲ ကွဲကြေသွား​ရသည်။ ကျောက်တံခါးကြီးကြီးမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲ ဖြစ်သော်လည်း ဝင်ပေါက်မှ ရှေးဟောင်းအငွေ့အသက်နှင့် အစွမ်းထက်သော အရှိန်အဝါများကမူ ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာ၏။

“ရှေးဟောင်းအမွေအနှစ်နယ်မြေ ပွင့်သွားပြီ… မင်းတို့ ဝင်လို့ရပြီ…”

“အထဲရောက်ရင် မင်းတို့ တစ်နေရာတည်းမှာ အတူတူ ပေါ်လာမှာတော့ မဟုတ်ဘူး…”

ထိုစကားကို ကြားသောအခါ လင်းချန်မှာ ရှင်းရှင်းဘက်သို့ လှည့်ကြည့်မိလိုက်၏။ “တစ်နေရာတည်း မဟုတ်ဘူးလား…”

လူစုကွဲသွားမည့် အခြေအနေအတွက် လင်းချန် ပူပန်ခြင်းတော့ မရှိပေ။ ကောင်းကင်လက်မှုပညာဌာနမှ ပါရမီရှင်များ စုပေါင်းဖန်တီးထားသော ငွေကြယ်ရောင်ဝတ်ရုံဖြူ ရှိနေသဖြင့် ရှင်းရှင်းသည် ဝတ်ရုံ၏ အစွမ်းကို အသုံးချကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်ဟု လင်းချန် ယုံကြည်ထားလေ၏။

ချင်ဝူရွှမ်၏ စကားကို ကြားပြီးနောက် လင်းချန်က ခဏတာ စဉ်းစားလိုက်ပြီး အားလုံးကို ပြောလိုက်သည်။

“အမွေအနှစ်နယ်မြေထဲကို ရောက်သွားရင် ဘယ်မှ မသွားဘဲ ငြိမ်ငြိမ်လေး နေကြပါ… ငါ့မှာ မင်းတို့ကို ရှာဖွေနိုင်တဲ့ နည်းလမ်း ရှိတယ်…”

အားလုံးက စူးစမ်းလိုစိတ်ဖြင့် နားမလည်နိုင်စွာ ကြည့်လိုက်ကြရင်း မေးလိုက်ကြ၏။ “နည်းလမ်း ရှိတယ် ဟုတ်လား… ဘယ်လို နည်းလမ်းလဲ…”

လင်းချန် ဆန်းကြယ်စွာ ပြုံးလိုက်၏။ “မင်းတို့ဆီက အမှတ်တရပစ္စည်း တစ်ခုစီ ပေးကြ… ဘာနေနေရတယ်။ ဘာအတွက်လဲကတော့ ပြီးရင် သိရလိမ့်မယ်…”

ထိုအရာကို မြင်သောအခါ သူတို့အားလုံး တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ မည်သည်ကို ဆက်ပြောရမှန်း မသိ ဖြစ်သွားကြသော်လည်း ပစ္စည်းတစ်ခုစီ ထုတ်ယူကာ လင်းချန်ထံသို့ အမှတ်တရအဖြစ် ပေးအပ်လိုက်ကြ၏။

အမှတ်တရပစ္စည်းများကို ယူပြီးနောက် လင်းချန်တစ်ယောက် ဝင်ပေါက်ထဲသို့ ဝင်သွားလိုက်တော့။

“သွားမယ်… ရှေးဟောင်းအမွေအနှစ်နယ်မြေက ဘယ်လိုပုံစံလဲဆိုတာ ကြည့်ကြတာပေါ့…”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၅ + ၁၁၆ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

All Chapters