← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၇ + ၁၁၈

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

ရင်ပြင်ပေါ်ရှိ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်၌ လျှို့ဝှက်ဆန်းကြယ်သော ရောင်စဉ်တန်းတစ်ခု တုန်ခါနေပြီး တစ်စုံတစ်ခုကို ကာကွယ်ထားသည့်အလား ဖြစ်နေသည်။

ဤရှေးဟောင်းအမွေအနှစ်နယ်မြေသည် ရှေးခေတ်ဂိုဏ်းကြီးတစ်ခုမှ မျိုးဆက်သစ်များကို လေ့ကျင့်ပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နိဗ္ဗာန်နယ်ပယ်အဆင့်ရှိသူများသာ ဝင်ပေါက်ရှိ ရောင်စဉ်တန်းအတားအဆီးကို ဖြတ်ကျော် ဝင်ရောက်နိုင်စွမ်းရှိမည် ဖြစ်၏။

လင်းချန်က ဝင်ပေါက်အနီး တိုးကပ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ရောင်စဉ်တန်းကို လက်ဖြင့် ထိတွေ့လိုက်သည်။ ထိုခဏ၌ပင် ဆွဲအားတစ်ခုက သူ့ကို ရုတ်တရက် ဆွဲသွင်းသွားတော့၏။

ထိုတစ်ခဏအတွင်း လင်းချန်၏ ခြေထောက်များမှာ မြေကြီးနှင့် လွတ်ကင်းသွားတော့သည်။ ကမ္ဘာကြီးတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသလို ခံစားလိုက်ရပြီး အမြင်အာရုံများ ဝေဝါးသွား၏။

**--**--**--**--**--**--**--**

အရာအားလုံး ငြိမ်သက်သွားပြီး မြေကြီးပေါ်သို့ ပြန်လည်ခြေချနိုင်လာမှသာ လင်းချန်၏ အမြင်အာရုံများ ပြန်လည် ကြည်လင်လာတော့သည်။

လင်းချန် ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်၏။ ယေဘုယျအားဖြင့် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ပြီးပါက ရှေးဟောင်း အဆောက်အအုံပျက်များရှိရာ မြေအောက်ကမ္ဘာကဲ့သို့ နေရာမျိုးသို့ ရောက်ရှိရမည်ဖြစ်သည်။

သို့သော် ယခု သူ ရောက်ရှိနေသည့် နေရာမှာ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသော တောအုပ်ကြီးတစ်ခု၏ အလယ်၌ ဖြစ်နေ၏။ ခေါင်းပေါ်၌လည်း နေမင်းကြီးက ထွန်းလင်းတောက်ပလျက် ရှိနေသည်။

တစ်ခုရှိသည်မှာ အပြင်လောကနှင့်ယှဉ်လျှင် ဤနေရာရှိ နေလုံးက အနည်းငယ် ပိုသေးနေခြင်းပင်။

လင်းချန် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ “ဒါဆိုရင် ကမ္ဘာငယ်လေးဆိုတာ ဒါကိုပြောတာပေါ့။”

ဤနေရာသို့ မဝင်ခင်ကတည်းက သူ၏ ဆရာဖြစ်သူက ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ထူးခြားဆန်းပြားမှုများအကြောင်း သူ့အား ပြောပြဖူးခဲ့သည်။

လောကကြီး၌ လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာငယ်လေးများစွာရှိနေသည်။ တချို့မှာ ပင်မကမ္ဘာနှင့် ဆင်တူသော်လည်း တချို့ကမူ လုံးဝ ကွဲပြားခြားနားနေတတ်၏။

သူတို့၏ တပည့်များ လေ့ကျင့်ရေးကွင်းအဖြစ် သုံးရန် ကမ္ဘာငယ်လေးတစ်ခုလုံးကို ပိုင်ဆိုင်ထားနိုင်သည်ဆိုကတည်းက ထိုဂိုဏ်း မည်မျှ အစွမ်းထက်ခဲ့ကြောင်း သိသာလှသည်။

ထို့အတွက်ကြောင့် ရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်းရှိ စမ်းသပ်မှုများကို အောင်မြင်ပြီးနောက် ရရှိမည့် ဆုလာဘ်များမှာ မက်လောက်စရာ ကောင်းလွန်းနေခြင်းပင် ဖြစ်၏။ သို့သော် လင်းချန်ကမူ ထိုမက်လောက်စရာ ဆုလာဘ်များကို သိပ်စိတ်မဝင်စားလှပေ။

ထိုအစား ဤရှေးဟောင်းအမွေအနှစ်နယ်မြေထဲ၌ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်းဆိုသည်ကိုသာ စူးစမ်းလိုနေ၏။ ထို့အပြင် ရှန်ထျန်ဂိုဏ်းနှင့် မဟာလှံတံဂိုဏ်းတို့ ပေါင်း၍ ယီစင်းအား ဒုက္ခပေးလာနိုင်မှန်း သိထားသည့်အတွက် လင်းချန် ကိုယ်တိုင် သူမကို ကာကွယ်ပေးရန် အစီအစဉ် ဆွဲထားပြီးသားဖြစ်၏။

ရုတ်တရက် လင်းချန်၏ ဘေးနား၌ အနက်ရောင် သံချပ်ကာအပျော့စား ဝတ်ဆင်ထားသည့် လူ ခုနစ်ဆယ့်နှစ်ယောက် ဘွားခနဲ ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ လင်းချန်အား အရိုအသေ ပြုလိုက်ကြသည်။

လေဟုန်စစ်သည်များက တပြိုင်နက် ရိုသေစွာ အော်လိုက်ကြ၏။ “အမိန့်ရှိပါ… အရှင်မင်းမြတ်…။”

လင်းချန် အမှတ်အသားပစ္စည်းများကို ထုတ်ပေးကာ အမိန့်ပေးလိုက်သည်။ “ဒီကမ္ဘာငယ်လေးက သိပ်မကျယ်ဘူး။ ဒီပစ္စည်းပိုင်ရှင်တွေကို ရှာပြီး ငါ့ဆီ ခေါ်လာခဲ့ကြ။”

စစ်သည်များက တပြိုင်နက် တုံ့ပြန်ကြ၏။ “အမိန့်တော်အတိုင်းပါ။ အရှင်မင်းမြတ်…”

အမှတ်အသားပစ္စည်းများကို လက်ခံရယူပြီးနောက် လေဟုန်စစ်သည်များသည် တစ်ဖွဲ့လျှင် ကိုးယောက်နှုန်းဖြင့် အဖွဲ့ငယ် ရှစ်ဖွဲ့ခွဲကာ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

လေဟုန်စစ်သည်များဆိုသည်မှာ အလွန်ထူးခြားသော စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ လေကဲ့သို့ လျင်မြန်ပြီး ပါရမီအားကောင်းသည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသည်။ လူရှာဖွေခြင်းနှင့် သတင်းအချက်အလက် စုဆောင်းခြင်းတို့၌ ကျွမ်းကျင်ပိုင်နိုင်လှသလို စစ်မြေပြင်၌ ကင်းထောက်အဖြစ် အသုံးပြုရန်လည်း အလွန် သင့်လျော်လှ၏။

လေဟုန်စစ်သည် အားလုံးသည် နိဗ္ဗာန်နယ်ပယ်အဆင့်ကိုး၌ ရှိနေကြသည်။ တကယ်တမ်း ပြောရလျှင် လက်ရှိအချိန်၌ လင်းချန်သည် ထိုထက်ပို၍ အစွမ်းထက်သော တပ်ဖွဲ့ဝင်များကို အသုံးပြုနိုင်စွမ်း ရှိနေလေပြီ။

သို့သော် ဤရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်းသို့ နိဗ္ဗာန်နယ်ပယ်အဆင့်ထက် ကျော်လွန်သော မည်သည့်သက်ရှိ ဝင်ရောက်လာသည်ဖြစ်စေ အစီအရင်များ စတင်အသက်ဝင်လာပြီး ထိုသူတို့ကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်၏။

လင်းချန်အတွက်မူ ဟွာရှာအင်ပါယာသည် သူ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံနှင့် အားကိုးရာပင် ဖြစ်တော့သည်။

အကယ်၍ ရှန်ထျန်ဂိုဏ်းနှင့် မဟာလှံတံဂိုဏ်းမှ လူများသာ တကယ်တမ်း လှုပ်ရှားလာခဲ့လျှင် စစ်တပ်အင်အား တောင့်တင်းလှသော ဧကရာဇ်တစ်ပါးကို ဆန့်ကျင်မိခြင်းက မည်သို့သော အကျိုးဆက်မျိုး ရနိုင်သလဲဆိုသည်ကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်မည် ဖြစ်၏။

လေဟုန်စစ်သည် အဖွဲ့ရှစ်ဖွဲ့သည် အရိပ်များပမာ အရပ်မျက်နှာအသီးသီးသို့ လျှပ်စီးအလား ပြေးထွက်သွားကြ၏။ ထူးဆန်းသည်မှာ သူတို့၏ လှုပ်ရှားမှု အရှိန်သည် အလွန် မြန်ဆန်သော်လည်း လမ်းကြောင်းတစ်လျှောက်၌ မည်သည့် ခြေရာမှ မကျန်ရစ်ခဲ့ခြင်းပင်။ ထို့အတွက်ကြောင့် မည်သူကမျှ သူတို့နောက်သို့ ခြေရာခံလိုက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။

**--**--**--**--**--**--**--**

လီလဲ့ထျန် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အပြာရောင်လေဓားသွားက မဲနက်နေသော ဝံပုလွေတစ်ကောင်၏ ခါးကို ထက်ပိုင်းပြတ်သွားစေ၏။ “လခွမ်း။ ရောက်ရောက်ချင်းကို ဝံပုလွေအုပ်နဲ့ တိုးတာပဲ။”

ဝမ်လန်ရှင်းက ဘေးမှ သက်ပြင်းချကာ ပြောလာသည်။ “တော်သေးတာပေါ့ကွာ။ ငါတို့က သိပ်မဝေးတဲ့နေရာမှာ ကျတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ် ကြည့်ပေးလို့ ရတယ်။”

မလှမ်းမကမ်း၌ ရှိနေသည့် လေချန်ကမူ မိုးကြိုးဓားချက်ဖြင့် ဝံပုလွေအကောင်ရေ နှစ်ဆယ်ကျော်ကို တစ်ခဏချင်း သတ်ဖြတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ပေါက်ကရတွေ ပြောမနေကြနဲ့ဟ။ ဝံပုလွေအုပ်ကို ရှင်းဖို့ပဲ အာရုံစိုက်ထား။”

ထိုအချိန်၌ပင် အရိပ်မည်း မြောက်မြားစွာတို့သည် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တောအုပ်ထဲမှ ပြေးထွက်လာကြပြီး ဝံပုလွေအုပ်အလယ်သို့ ဝင်ရောက်သွားကြ၏။

ချက်ချင်းဆိုသလိုပင် ဝံပုလွေများ၏ အော်မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်ကုန်သည်။ ကြမ်းတမ်းခက်ထန်လှသော ဝံပုလွေ သိုင်းဝိညာဉ်သားရဲများ တစ်ကောင်ပြီးတစ်ကောင် လဲကျ သေဆုံးကုန်တော့၏။

လေချန်နှင့် ကျနမနှစ်ယောက်သည် ဝံပုလွေအသေကောင်များကြား ရပ်နေသော လေဟုန်စစ်သည် နှစ်ဆယ့်ခုနစ်ယောက်ကို ကြည့်ပြီး ကြောင်အမ်းကာ ခေတ္တမျှ မည်သည်ကို ဆက်လုပ်ရမည်မှန်းမသိ ဖြစ်သွားကြရ၏။

လေဟုန်စစ်သည်များထဲမှ သုံးယောက်က လင်းချန် သူတို့ကိုပေးထားသော အမှတ်အသားပစ္စည်းများကို ထုတ်ပြလိုက်ပြီး သတင်းပို့လိုက်သည်။ “သခင်လေးလေ။ အရှင်မင်းမြတ်က သခင်လေးကို ခေါ်ခိုင်းလိုက်ပါတယ်။”

လေချန်ကမူ အနက်ရောင်သံချပ်ကာဝတ် လေဟုန်စစ်သည်၏ စကားကို ကြားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။ “သခင်လေး။ သခင်လေးလေ ဟုတ်လား။”

အနက်ရောင်ဝတ် စစ်သည်က ခံစားချက်ကင်းမဲ့နေသည့် လေသံဖြင့် ရှင်းပြလိုက်သည်။ “သခင်လေးလေဆိုတာ အရှင်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ တော်ဝင်အစောင့်အရှောက်ပါ။”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့လည်း အတူတူ ဆုံမိနေကြပြီး သူတို့ရှေ့မှ လေဟုန်စစ်သည်များကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။ မည်သည်တို့ ဖြစ်နေသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြရ၏။

သို့သော် သူတို့ လင်းချန်အား ပေးထားသည့် အမှတ်အသားပစ္စည်းများမှာ တစ်ဖက်လူများ၏ လက်ထဲသို့ ရောက်နေသဖြင့် သူတို့လည်း လိုက်သွားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

**--**--**--**--**--**--**--**

ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့် နှစ်ယောက်သည်လည်း ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ ရောက်လာပြီး ယီစင်းနှင့် ဆုံတွေ့ကြ၏။ သို့သော် သူတို့၏ အခြေအနေမှာ သိပ်မကောင်းလှပေ။

ယီစင်းက သူမ၏ ဂိုဏ်းတူအစ်မနှစ်ယောက်ကို ရှာတွေ့ချိန်၌ သူတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိနေပြီဖြစ်ကာ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်ကြတော့ပေ။

ယီစင်းမှာ ငွေကြယ်ရောင်ဂါဝန်ကို အသုံးပြု၍ တောက်ပသော ကြယ်တာရာကောင်းကင်တစ်ခု ဖွဲ့စည်းကာ သူတို့အား အကာအကွယ် ပေးထားရ၏။

တစ်ချိန်တည်းမှာပင် ပန်းကန်လုံးအဝခန့် တုတ်ခိုင်သော မြွေပေါင်းရာချီတို့က ယီစင်းတို့အား အဆိပ်ငွေ့များဖြင့် မရပ်မနား မှုတ်ထုတ် တိုက်ခိုက်နေကြသည်။

ပါးစပ်မှ သွေးမည်းများ စီးကျနေသော ဂိုဏ်းတူအစ်မတစ်ယောက် ဆိုလိုက်၏။ “ဂျူနီယာညီမလေး။ ငါတို့ကို စိတ်မပူနဲ့တော့။ ဒီအတိုင်း ဆက်သွားရင် နင်ပါ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းပြီး ဒီမှာတင် သေသွားလိမ့်မယ်။”

နောက်တစ်ယောက်ကလည်း ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ နောက်ကျမှ ငါတို့အတွက် လက်စားပြန်ချေပေးရင် ကျေနပ်ပါပြီဟာ။”

ယီစင်းသည်တော့ ဂိုဏ်းတူအစ်မများ၏ စကားကို ကြားသောအခါ အံကို တင်းတင်းကြိတ်ပြီး ခေါင်းခါ ငြင်းဆန်လိုက်၏။ “မဖြစ်ဘူး။ ညီမ အစ်မတို့ကို ဘယ်တော့မှ ထားမသွားဘူး။”

ထို့နောက် သူမ ဝတ်ဆင်ထားသော ငွေကြယ်ရောင်ဂါဝန်ဖြူထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဆက်လက် ထည့်သွင်းလိုက်သည်။

“တော်သေးတာပေါ့။ ချန်လေး ပေးထားတဲ့ လက်ဆောင်က အစွမ်းထက်လို့သာပဲ။ မဟုတ်ရင်တော့…”

ယီစင်း ထိုသို့တွေးနေစဉ်မှာပင် မြွေအကောင်တစ်ရာကျော်၏ နောက်ဘက် တောအုပ်ထဲမှ လူရိပ်များ ပြေးထွက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ လျပ်တပြက်အတွင်း ဓားရောင်များ လက်ခနဲ ဖြစ်သွားကာ မြွေများ တစ်ကောင်ပြီးတစ်ကောင် ခေါင်းပြတ်သွားကြတော့သည်။

ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခံလိုက်ရသော မြွေအုပ်ကြီးသည် အာရုံပြောင်းသွားပြီး ထိုအရိပ်မည်းများထံသို့ အဆိပ်ငွေ့များ လှည့်၍ မှုတ်ထုတ်လိုက်ကြ၏။

သို့သော် ထိုအရိပ်မည်းများ၏ ခန္ဓာကိုယ်ပေါ်၌ ဖျော့တော့သော မြူခိုးမည်းများ ထွက်ပေါ်လာပြီး မြွေများ၏ အဆိပ်ငွေ့များကို ကာကွယ်ပေးလိုက်သည်။

မကြာမီ မြွေအများစုမှာ အသတ်ခံလိုက်ရပြီး ကျန်ရှိနေသော မြွေများမှာလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့၏။

ယီစင်းတစ်ယောက် သူမထံ ဦးတည်လာနေသော လူ နှစ်ဆယ့်ခုနစ်ယောက်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ဤရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ ဤလူများ မည်ကဲ့သို့ ရောက်လာသည်နည်းကို စဉ်းစား၍မရနိုင်အောင် ဖြစ်သွားတော့သည်။

ဓားနတ်ဘုရားဂိုဏ်းမှ အခြား အမျိုးသမီးတပည့် နှစ်ယောက်သည်လည်း ကုန်းရုန်းထလိုက်ကြပြီး အနက်ရောင် သံချပ်ကာအပျော့စား ဝတ်ဆင်ထားသော ထိုလူစုအား သတိထား ကြည့်လိုက်ကြသည်။

ယီစင်း ကျေးဇူးတင်စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သော လူ နှစ်ဆယ့်ခုနစ်ယောက်က ရုတ်တရက် ဒူးတစ်ဖက်ထောက်ချလိုက်ကြပြီး ရိုသေလေးစားစွာ ခေါင်းငုံ့ကာ အရိုအသေ ပြုလိုက်သည်ကို မြင်လိုက်ရသဖြင့် သူမတို့ အလွန်အမင်း အံ့အားသင့်သွားရတော့၏။

သူတို့က တပြိုင်နက် ရိုသေစွာ လျှောက်တင်လိုက်ကြသည်။

“ဧကရီခေါင်ကြီးကို ဂါရဝပြုပါတယ်။”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၇ + ၁၁၈ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

All Chapters