အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၉ + ၁၂၀
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့် နှစ်ယောက်သာမက ယီစင်းကိုယ်တိုင်ပင် ကြောင်အမ်းသွားကာ ဘာလုပ်ရမှန်းမသိဖြစ်တော့၏။ “ဧကရီခေါင်ကြီးလား… ဘာကိုလဲ”
ဤအခြေအနေမှာ တကယ်ကို ထူးဆန်းလွန်းနေပြီ ဖြစ်သည်။ သူတို့ အခက်တွေ့နေချိန်၌ လူစိမ်းတစ်စု ရုတ်တရက် ပေါ်လာပြီး ကူညီပေး၏။ ထို့နောက် သူတို့ဘက်မှ ကျေးဇူးတင်စကား မဆိုရသေးခင်မှာပင် ထိုလူစိမ်းများက သူမရှေ့တွင် ဒူးထောက်ကာ ဧကရီခေါင်ကြီးဟု ခေါ်နကြသေးသည်။
ပို၍ ထူးဆန်းသည်မှာ ရှေ့ထွက်လာသည့် ထိုလူစိမ်းသုံးယောက်သည် ဒူးတစ်ဖက်ထောက်လျက် လင်းချန် ပေးအပ်ထားခဲ့သော အမှတ်အသားများကို လက်ဖြင့် ကိုင်မြှောက် ပြသလာကြခြင်းပင်။
ယီစင်း မျက်မှောင်ကြုတ်သွားရပြီး သူမရှေ့ရှိ လေဟုန်စစ်သည်များကို သံသယအပြည့်ဖြင့် ကြည့်ကာ တွေးလိုက်၏။
“ဒါက… ချန်လေး ပြောခဲ့သလို ငါတို့ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ ဝင်ပြီးတာနဲ့ သူ့ဆီ အရောက်လာနိုင်ဖို့ လူလွှတ်ပြီး လာခေါ်ခိုင်းတာများလား။”
ခေတ္တမျှ စဉ်းစားပြီးနောက် ယီစင်းတစ်ယောက် သူမ၏ ဂိုဏ်းတူအစ်မနှစ်ယောက်ဘေးသို့ ပြန်ဆုတ်သွားလိုက်ကာ တိုးတိုးလေး မေးလိုက်သည်။
“အစ်မတို့… ဘယ်လိုထင်လဲ။”
အမျိုးသမီးတပည့်တစ်ယောက်က ဆို၏။ “ကမ်းရိုးတန်းပြည်နယ်ကို ဂိုဏ်းတွေ အုပ်ချုပ်လာတာ နှစ်ထောင်ချီနေပြီ။ နန်းတွင်းစနစ် မကျင့်သုံးတာ ကြာပေါ့။ ဒီလူတွေ ဘယ်ကရောက်လာမှန်းမသိလို့ ငါတို့ သတိထားရမယ်နော်။”
နောက်ထပ် အမျိုးသမီးတပည့်တစ်ယောက်က ခန့်မှန်း ပြောဆိုလိုက်၏။ “ညီမလေးယီ… ဒီလူတွေကို လူငယ်ဧကရာဇ် လင်းချန် လွှတ်လိုက်တာများလား။ ငါတို့ သူ့ဆီပေးလိုက်တဲ့ ပစ္စည်းတွေက သူတို့လက်ထဲ ရောက်နေတယ်လေ။”
ယီစင်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြလိုက်၏။
“ကျွန်မလည်း သေချာ မသိဘူးလေ။”
အစောက စကားပြောခဲ့သည့် တပည့်ဖြစ်သူက အနက်ရောင် သံချပ်ကာအပျော့စား ဝတ်ဆင်ထားသော လေဟုန်စစ်သည်များကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း အကြံပြုလိုက်၏။
“ဒီလူတွေက ညီမလေးကို ဧကရီခေါင်ကြီးလို့ ခေါ်နေမှတော့ သူတို့ကို အမိန့်တစ်ခုလောက် ပေးကြည့်လိုက်ပါလား။”
ဂိုဏ်းတူအစ်မဖြစ်သူ၏ အကြံပေးစကားကို ကြားသောအခါ ယီစင်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပါးစပ်ကို လက်ဝါးဖြင့်အုပ်ကာ ချောင်းဟန့်လိုက်၏။
“ကျွန်မရဲ့ အစ်မနှစ်ယောက်က ဒဏ်ရာရထားလို့ လမ်းလျှောက်ဖို့ အဆင်မပြေဘူး။ ရှင်တို့ သူတို့ကို ကုန်းပိုးပြီး ခေါ်သွားပေးလို့ ရမလား။”
ယီစင်း စကားဆုံးသည်နှင့် လေဟုန်စစ်သည်များက တပြိုင်နက် ဖြေကြားလိုက်ကြ၏။
“အမိန့်တော်အတိုင်းပါ။”
ထို့နောက် လေဟုန်စစ်သည်များက ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့်များကို ကုန်းပိုးရန် ပြင်ဆင်လိုက်ကြ၏။
“ဧကရီခေါင်ကြီး… ကျေးဇူးပြုပြီး နောက်ကနေ ထပ်ကြပ်မကွာ လိုက်ခဲ့ပေးပါ။ အရှင်မင်းမြတ် စောင့်နေတာ ကြာလှပါပြီ။”
ယီစင်းမှာ ယခုထက်တိုင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲမို့ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သဘောတူလိုက်၏။
“ကောင်းပြီလေ။”
လေဟုန်စစ်သည်များ၏ လှုပ်ရှားမှုအမြန်နှုန်းက အလွန် မြန်ဆန်လှသဖြင့် ကိုယ်ဖော့ပညာ ကောင်းမွန်လှသည့် ယီစင်းပင် အံ့အားသင့်သွားရ၏။
နိဗ္ဗာန်နယ်ပယ်၏ အဆင့်ကိုး၌ ရှိနေကြသော သူမ၏ ဂိုဏ်းတူအစ်မများပင်လျှင် သူမကို ကိုယ်ဖော့ပညာ၌ ယှဉ်နိုင်ကြသည် မဟုတ်ပေ။
သို့သော် ယီစင်းက မည်မျှပင် အရှိန်တင်လိုက်ပါစေ သူမ၏ ဘေးမှ လေဟုန်စစ်သည်များ၏ လှုပ်ရှားပုံမှာ ပျက်ယွင်းသွားခြင်း မရှိဘဲ သူမ၏ အရှိန်အတိုင်း အံဝင်ခွင်ကျ လိုက်ပါနိုင်နေကြ၏။
ထိုအခါ ဤအနက်ရောင်သံချပ်ကာဝတ် လူများသည် အနည်းဆုံး သူမနှင့် တန်းတူ အမြန်နှုန်းရှိသည် သို့မဟုတ် သူမထက်ပင် ပိုမြန်နိုင်ကြောင်းကို ယီစင်း သဘောပေါက်လိုက်သွားတော့၏။
အကယ်၍သာ ထိုသို့ဆိုလျှင် ဤလူများသည် ကမ်းရိုးတန်းပြည်နယ်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့မှ အလေးထား မွေးထုတ်ပေးထားသော တပည့်ကျော်များ ဖြစ်နေနိုင်လောက်သည်။
ထိုသို့ဆိုလျှင် သူတို့သည် မည်သည့်နေရာမှ ရောက်လာကြသည်နည်း။ ထို့အပြင် လင်းချန်၏ အမိန့်ကို တကယ်ပဲ နာခံနေကြသည်လော။
ထူထပ်သော သစ်တောအုပ်ကြီးကို လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် ယီစင်း၏ မျက်လုံးတို့မှာ ရုတ်တရက် အရောင်လက်သွား၏။ အကြောင်းမှာ သူမရှေ့၌ ရင်းနှီးနေသော လူတစ်စုကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။
ထိုနေရာ၌ လေချန်နှင့် နတ်ဓားဂိုဏ်းမှ အခြားလေးယောက် စုဝေးရောက်ရှိနေကြပြီး သူတို့အလယ်၌ လင်းချန် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ယီစင်းတို့ ရောက်ရှိလာသည့် အသံကြောင့် လင်းချန်တို့အဖွဲ့ သတိထားမိသွားပြီး လှည့်ကြည့်လိုက်ကြ၏။
လင်းချန်ရှိရာသို့ ရောက်သောအခါ လေဟုန်စစ်သည်များသည် အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်၌ပင် လင်းချန်အား ဒူးတစ်ဖက်ထောက်ကာ ဂါရဝပြုလိုက်ကြ၏။
“အရှင်မင်းမြတ်… ဧကရီခေါင်ကြီးကို ဘေးကင်းစွာ ခေါ်လာခဲ့ပါပြီ။”
လင်းချန် သူ့ရှေ့မှ လေဟုန်စစ်သည်များကို ခေါင်းညိတ်ပြလိုက်ပြီး လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
“ကောင်းပြီ။ ပတ်ဝန်းကျင်ကို ကင်းထောက်ပြီး အသင့်အနေအထား ပြင်ထားကြ။”
လေဟုန်စစ်သည်များက တပြိုင်နက် တုံ့ပြန်လိုက်ကြ၏။
“အမိန့်တော်အတိုင်းပါ။”
ထို့နောက် သူတို့သည် လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး မျက်စိတစ်မှိတ်အတွင်း တောအုပ်ထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
**--**--**--**--**--**--**--**
အခြေအနေကို သေချာ အတည်ပြုပြီးနောက် ယီစင်းက လင်းချန်အား အံ့အားသင့်စွာ မေးလိုက်၏။
“ချန်လေး… သူတို့က ရှင့်စကားကို တကယ်နားထောင်တာပဲ။ ဘယ်လိုဖြစ်တာလဲ။”
ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့် နှစ်ယောက်သည်လည်း လင်းချန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်ဆန်းကြယ်သော လူအုပ်စုက လင်းချန်အား အရှင်မင်းမြတ်ဟု ခေါ်ဝေါ်လိုက်သောကြောင့်ပင်။
လင်းချန်အား လူငယ်ဧကရာဇ်ဟု တင်စားကြသော်လည်း ထိုအရာက သူ၏ဆရာ စစ်ဧကရာဇ် ကြောင့်သာ ဖြစ်၏။ တကယ်တမ်း၌မူ လင်းချန်သည် နတ်ဓားဂိုဏ်းမှ တပည့်တစ်ဦးသာ ဖြစ်သည်။
သို့သော် ယခုကဲ့သို့ သူ့အား ဧကရာဇ်တစ်ပါးအလား ရိုသေလေးစားသော လျှို့ဝှက်ဆန်းကြယ်သည့် လက်အောက်ငယ်သားများ ရှိနေခြင်းက သူတို့ကို ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေတော့၏။
သူတို့ ပို၍ နားမလည်နိုင်သည်မှာ လင်းချန်သည် ဤလူအုပ်စုကြီးကို ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ မည်သို့ ခေါ်သွင်းလာခဲ့သနည်း ဆိုသည်ကိုပင်။
ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ဝင်ပေါက်သည် လူ လေးဆယ့်ရှစ်ယောက် ဝင်ရောက်ပြီးသည်နှင့် တားမြစ်ချက်များ အသက်ဝင်လာကာ နောက်ထပ် အဝင်မခံတော့ဘဲ ပြန်လည်တွန်းကန်တတ်သည် မဟုတ်ပါလော။
ယီစင်းနှင့် ဓားနတ်ဘုရားဂိုဏ်းမှ တပည့်များသာ သိချင်နေကြခြင်းမဟုတ် နတ်ဓားဂိုဏ်းမှ ငါးယောက်သည်လည်း အံ့အားသင့်နေကြသည်။ လေချန်က မေးလိုက်၏။
“ခေါင်းဆောင်… ကျွန်တော် မေးချင်နေတာတစ်ခုရှိတယ်။ ဟိုတုန်းက လျူမင်နဲ့ ပြိုင်တုန်းကလည်း ရုတ်တရက်ကြီး နိဗ္ဗာန်နယ်ပယ်အဆင့်ကိုးရှိတဲ့ သံချပ်ကာဝတ် စစ်သည် အယောက်သုံးထောင်ကို ခေါ်ထုတ်ခဲ့ဖူးသေးတယ်။ အခုလည်း ဒီထူးဆန်းတဲ့ လက်အောက်ငယ်သားတွေ ထပ်ရောက်လာပြန်ပြီ။”
လေချန်က သိချင်စိတ် ပြင်းပြနေပြီး မျက်နှာအမူအရာ ထူးဆန်းစွာဖြင့် ဆက်ပြောလာ၏။
“ပြီးတော့ သူတို့က ကျွန်တော်ကို သခင်လေးတဲ့လေ။ နောက်ပြီး သူတို့က ခေါင်းဆောင်ရဲ့ တော်ဝင်အစောင့်အရှောက်တွေ ဆိုလားပဲ။”
လေချန်၏ စကားကို ကြားသောအခါ ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ယောက်က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်မိ၏။
“နိဗ္ဗာန်နယ်ပယ်အဆင့်ကိုးရှိတဲ့ သိုင်းဝိညာဉ်ပညာရှင် စစ်သည် အယောက်သုံးထောင် တောင်လား။”
သူမက စကားဆက်လိုက်၏။
“ရှန်ထျန်ဂိုဏ်းတောင်မှ အဲ့လောက်အရေအတွက် စုဆောင်းနိုင်ဖို့ဆိုရင် သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေက အင်အားတွေကိုပါ ပေါင်းစည်းမှ ရလောက်မှာ။”
ဘေးနားရှိ တင်းကျစ်ရုံနှင့် အခြားသူများသည်လည်း လေချန်နှင့် လင်းချန်တို့ကို တစ်လှည့်စီ အံ့အားသင့်စွာ ကြည့်နေကြ၏။
သူတို့လည်း ဤကိစ္စကို အရင်က ကြားဖူးခဲ့သော်လည်း ချဲ့ကားပြောထားသည်ဟုသာ ထင်မှတ်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက ယုံကြည်နိုင်စရာမှ မရှိခဲ့သည် မဟုတ်ပါလော။
သို့သော် လေချန်ကိုယ်တိုင် ထုတ်ပြောလာသည့်အပြင် ယခု တွေ့မြင်နေရသည့် အနက်ရောင်ဝတ် လေဟုန်စစ်သည်များကိုပါ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သူတို့သည်လည်း စတင် ယုံကြည်လာကြတော့၏။
လင်းချန်က လက်ကာပြပြီး ပြုံးကာ ရှင်းပြလိုက်၏။
“မင်းတို့ကို အသေးစိတ်တော့ ငါ မရှင်းပြနိုင်သေးဘူး။ ငါက အစွမ်းထက်တဲ့ အမွေအနှစ်တစ်ခုကို ရထားပြီး ဧကရာဇ်ပလ္လင်ကို ဆက်ခံထားတယ်လို့သာ မှတ်ယူထားလိုက်ကြတော့။”
“မင်းတို့ သိထားရမှာက ဒီရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာဆိုရင် ငါတို့တွေ စိတ်ကြိုက် ဗိုလ်ကျပြီး နေလို့ရပြီဆိုတာပဲ။”
ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါကာ ပြောလာ၏။
“ဒါပေမဲ့ ဒီတစ်ခေါက်လာတဲ့ ရှန်ထျန်ဂိုဏ်းက လူတွေက သွားစမ်းလို့ မကောင်းဘူးနော်။ သူတို့ထဲက ဘယ်သူမဆို ညီမလေးယီနဲ့ ယှဉ်နိုင်တဲ့ ပါရမီမျိုးရှိကြသလို ကျွန်မတို့ထက်လည်း အများကြီးသာတယ်။ တကယ့်ကို ကမ်းရိုးတန်းပြည်နယ်ရဲ့ ထိပ်တန်းပါရမီရှင်တွေချည်းပဲ။”
သူမ၏ စကားဆုံးသည်နှင့် လေချန်နှင့် နတ်ဓားဂိုဏ်းမှ လူများက ဟားတိုက် ရယ်မောလိုက်ကြတော့သည်။
“ဟားဟားဟား…”
ဓားနတ်ဘုရားဂိုဏ်းမှ တပည့်နှစ်ယောက်သာမက ယီစင်းသည်လည်း နားမလည်နိုင် ဖြစ်သွားရ၏။ သူမ၏ ဂိုဏ်းတူအစ်မများ ပြောသည်ကို မည်သည့်အတွက်ကြောင့် ဟားနေကြသည်နည်း။
လေချန်က ရယ်မောရင်း ခေါင်းခါကာ ကြွားလိုက်၏။
“ရှန်ထျန်ဂိုဏ်းက တပည့်တွေ ဘယ်လောက်ပဲ အစွမ်းထက်ထက် ကျုပ်တို့ ဆရာသမားရဲ့ ရှေ့ရောက်ရင်တော့ ဘာမှမဟုတ်တော့ဘူး”
များသောအားဖြင့် မျက်နှာသေဖြင့်သာ ရှိတတ်သည့် တင်းကျစ်ရုံသည်လည်း ပြုံးပြီး ထောက်ခံလိုက်၏။ “ပါရမီရှင်တွေဆိုတာ ခေါင်းဆောင်ရဲ့ ရှေ့မှာတော့ အမှိုက်တွေပါပဲ။”
ကျောက်ဟိုင်မင်းသည်လည်း ကြောက်ရွံ့လေးစားသော လေသံဖြင့် ဆိုလာ၏။ “တကယ်လို့များ သူတို့သာ ခေါင်းဆောင်ရဲ့ အစွမ်းအစ အစစ်အမှန်ကို မြင်လိုက်ရရင် ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးထွက်ကျကုန်လောက်တယ်။”
လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးကာ မှတ်ချက်ပြုလိုက်ကြ၏။
“ခေါင်းဆောင်လို ဘီလူးသဘက်ကောင်မျိုးရဲ့ ရှေ့မှာတော့ ပါရမီအကြောင်း မပြောတာ အကောင်းဆုံးပဲ။”
ယီစင်းနှင့် သူမ၏ ဂိုဏ်းတူအစ်မနှစ်ယောက်တို့သည်တော့ နတ်ဓားဂိုဏ်းမှ လူများကို ကြည့်ပြီး အံ့ဩနေမိကြ၏။ ဤလူများက လင်းချန်အား ဤမျှလောက်ထိ အထင်ကြီးလေးစားထားလိမ့်မည်ဟု သူမတို့ ထင်မထားခဲ့ပေ။
သို့သော် သူမတို့ မည်သို့ပင် စဉ်းစားပါစေ လင်းချန်သည် သမိုင်းတစ်လျောက် တစ်ခါမှ မရှိခဲ့ဖူးသော နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်ကို အောင်မြင်ထားမည်ဟု တွေးမိကြမည် မဟုတ်ချေ။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၂ ၊ အတွဲ ၁ ၊ အပိုင်း ၁၁၉ + ၁၂၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team