အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း ၂၃၃- အလွန်အဆိပ်ပြင်းသော ရက်စက်ကြမ်းကြုတ်သည့် သားရဲ။
နတ်ဆရာကြီး နှင့် သဘောတူညီချက်ရယူပြီးနောက် လုပေါင် သည် နဂါးကျားတောင်ခြေသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် သူသည် ဆင့်ချူး မည်သည့်နေရာတွင် ရှိနေသနည်းဟု ရှာဖွေရန် စနစ်၏ အကန့်ကို ဖွင့်လိုက်သည်။ အမှန်တော့ စနစ်သည် တာဝန်ရှိရာနေရာသို့ အလိုအလျောက် လမ်းညွှန်ပေးမည်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် လမ်းညွှန်မှုကို ဖွင့်ကြည့်လိုက်သောအခါ လုပေါင်မှာ မှင်သက်သွားရသည်။
စနစ်တွင် ပြသနေသော လမ်းကြောင်းအရ ဆင့်ချူးသည် လုပေါင်နှင့် နာရီဝက်ခရီးပင် မဝေးသော နေရာတွင် ရှိနေသည်။
“သူက တကယ်ပဲ ငါ့ကို စောင့်ကြည့်နေတာပဲ..”
ဤအကွာအဝေးကို ကြည့်ရင်း လုပေါင်သည် တစ်ဖက်တွင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုဆင့်ချူးဆိုသည့်လူမှာ အကျင့်စာရိတ္တမရှိသူဖြစ်ပုံရရာ စနစ်၏ တာဝန်သာ မရှိခဲ့ဘဲ သူသာ တကယ် ချောင်းမြောင်းတိုက်ခိုက်ခံရလျှင် မည်သူ့ကို သွားတိုင်ရမည်နည်း။
သို့သော် ယခုအခြေအနေတွင်မူ မည်သူက မည်သူ့ကို ချောင်းမြောင်းတိုက်ခိုက်မည်ဆိုသည်မှာ မသေချာတော့ပေ။
နဂါးကျားတောင် ပတ်ဝန်းကျင်သည် မဖွံ့ဖြိုးသေးသော တောင်တန်းများဖြစ်ပြီး လမ်းကောင်းဟူ၍ မရှိသလောက်ပင်။ သို့သော် လုပေါင်အတွက်မူ ၎င်းမှာ ပြဿနာမဟုတ်ပေ။ သူသည် ချက်ချင်းပင် အသွင်ပြောင်းကျား ကို အောက်ခြေမရှိသောတွင်းထဲမှ ဆင့်ခေါ်လိုက်သည်။”
“ဟိုဘက်ကို သွားစို့။”
လုပေါင်သည် အသွင်ပြောင်းကျားပေါ်သို့ ခွစီးကာ ရှေ့ရှိ တောင်ထိပ်တစ်ခုကို လက်ညွှန်ပြလိုက်သည်။
အသွင်ပြောင်းကျားအတွက်မူ ဤကဲ့သို့ တောင်တက်လမ်းမှာ မြေပြန့်လမ်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ပင်။ လုပေါင်ကို တင်ဆောင်ထားသော အသွင်ပြောင်းကျားသည် တောအုပ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ အသွင်ပြောင်းကျား၏ သဘာဝအရှိန်အဝါ ကြောင့် အနီးအနားရှိ တောရိုင်းတိရစ္ဆာန် တစ်ကောင်တစ်လေမျှပင် အနားမကပ်ရဲကြပေ။
ထိုအချိန်တွင် လုပေါင်၏ ရှေ့ဆယ်မိုင်ခန့်အကွာရှိ တောင်ထိပ်တစ်ခုပေါ်တွင်။
ဆင့်ချူးသည် ဤနေရာ၌ ဂူတစ်ခုကို တူးထားပြီးဖြစ်သည်။ သူသည် ထိုဂူအတွင်း၌ တရားထိုင်နေသည်။ သူ၏ ရှေ့မလှမ်းမကမ်းရှိ နံရံတွင် အလောင်းတစ်လောင်း ရှိနေသည်။
ထိုသူသည် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။ အကယ်၍ ကျွမ်းကျင်သော ဆရာသခင်ကြီးများသာ ရှိနေပါက ဤသူသည် ရှန်ရှီး အလောင်းစုန်းအတတ် ကဲ့သို့ပင် ကျော်ကြားသော မြောက်ပိုင်းနယ်စပ် မိစ္ဆာယဉ်ပါးအောင်လုပ်သည့် ဂိုဏ်း၏ ဂိုဏ်းသားငယ် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်မည်ဖြစ်သည်။
ယခုအခါ ထိုဂိုဏ်းသားငယ်မှာ ဆင့်ချူး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုအလောင်းအပြင် ဆင့်ချူး၏ နောက်ကွယ်တွင် တောရိုင်းတိရစ္ဆာန် အသေကောင်ပုံကြီး တစ်ပုံ ရှိနေသည်။ ထိုအသေကောင် အများစုမှာ အစိတ်အပိုင်းများ မပြည့်စုံဘဲ ကြည့်ရသည်မှာ အလွန်ထိတ်လန့်ဖွယ် ကောင်းလှသည်။
အလောင်းစုန်းအတတ်ဂိုဏ်း၏ ဝိသေသမှာ သေခြင်းတရား၏ မှောင်မိုက်မှုဖြစ်လျှင် ဤဂူအတွင်းရှိ ခံစားချက်မှာ ယုတ်မာညစ်ပတ်သော မိစ္ဆာအငွေ့အသက်ပင် ဖြစ်သည်။
ဆင့်ချူးကို ကြည့်ရသည်မှာ သူသည် မိမိဂိုဏ်းကို သစ္စာဖောက်ခဲ့သူ ဖြစ်သော်လည်း အနည်းဆုံး တစ်ချိန်က နဂါးကျားတောင်၏ တရားဝင် မျိုးဆက်ဖြစ်ခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ ခန္ဓာကိုယ်၌ ဖြောင့်မတ်သော လမ်းစဉ်၏ အငွေ့အသက် တစ်စက်မျှပင် မရှိတော့ဘဲ ရှန်ရှီးမှ ခွေးနှစ်ကောင် နှင့် ယှဉ်နိုင်သော ထူးဆန်းသော အရှိန်အဝါတစ်ခု ရှိနေသည်။
အကယ်၍ လုပေါင်သာ ဤနေရာ၌ ရှိနေပါက ထိုအရှိန်အဝါသည် မိစ္ဆာချုပ်နှောင်ရေးစေတီအတွင်းရှိ မိစ္ဆာဘုရင်၏ အရှိန်အဝါနှင့် အလွန်ဆင်တူကြောင်း အလွယ်တကူ သိနိုင်မည်ဖြစ်သည်။
ဤအချိန်တွင် လုပေါင်က အသံမထွက်ရန် သတိပေးထားသော်လည်း အပြင်မထွက်ရသည်မှာ ကြာပြီဖြစ်သော အသွင်ပြောင်းကျားသည် ပြေးနေစဉ်အတွင်း လည်ချောင်းထဲမှ ဟိန်းသံတိုးတိုးကို မထိန်းနိုင်ဘဲ ထွက်ပေါ်နေသည်။ ထိုအသံနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများသည်လည်း ဆက်တိုက် ပျံ့နှံ့နေသည်။
မိုင်အနည်းငယ် ပြေးပြီးနောက် ဆင့်ချူးရှိရာ တောင်ခြေသို့ ရောက်ရှိလာသည်။ ပျော်ရွှင်စွာ ပြေးလာသော အသွင်ပြောင်းကျားသည် ထိုနေရာ၌ ရုတ်တရက် ရပ်တန့်သွားသည်။
“ဘာဖြစ်လို့လဲ။”
အသွင်ပြောင်းကျား၏ တုံ့ပြန်မှုကို မြင်သောအခါ လုပေါင်က ဇဝေဇဝါ မေးလိုက်သည်။
“ဝူး... “
(ရက်စက်ကြမ်းကြုတ်တဲ့သားရဲ တစ်ကောင် ရှိနေတယ်..)
အသွင်ပြောင်းကျားက ဟိန်းသံတိုးတိုးဖြင့် ပြန်ဖြေသည်။ စိတ်ချင်းဆက်သွယ်မှုအရ လုပေါင်သည် ၎င်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။
ထိုအခိုက်အတန့်တွင် လုပေါင်သည် အသွင်ပြောင်းကျား၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ လုပေါင်သည် အခြားအရာများကို စိုးရိမ်ကောင်း စိုးရိမ်မည် ဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်သော သားရဲချင်း ယှဉ်ပြိုင်ရမည်ဆိုလျှင်မူ သူ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးပေ။
မြေပြင်ပေါ်သို့ ဆင်းပြီးနောက် လုပေါင်သည် လက်ကောက်ဝတ်ကို ခါလိုက်ရာ အောက်ခြေမရှိသောတွင်း၏ အဝင်ဝသည် သူ့နောက်ကွယ်တွင် တိတ်ဆိတ်စွာ ပွင့်လာသည်။ ထို့နောက် မီးပုရွက်ဆိတ်နီ နှင့် ကြွက်အုပ် များစွာ ထွက်လာကြသည်။
အသွင်ပြောင်းကျား၏ အရှိန်အဝါကို ခံစားနိုင်စွမ်းမှာ အလွန်ထက်မြက်သော်လည်း ထိုသားရဲ၏ အရှိန်အဝါမှာ ဖမ်းဆုပ်ရခက်နေသဖြင့် ပစ်မှတ်ကို ရှာဖွေရန် ခက်ခဲနေသည်။ ထို့ကြောင့် ဤကဲ့သို့ ရှာဖွေရေးကိစ္စကို ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
အုပ်စုနှစ်စုစလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် လူစုခွဲကာ တောအုပ်အတွင်း ပုန်းလျှိုးသွားကြသဖြင့် သူတို့ကို ရှာဖွေရန် အလွန်ခက်ခဲသွားသည်။
“သွားကြ အနားမှာရှိတဲ့ ရက်စက်တဲ့ သားရဲကို ရှာပြီး ဝိုင်းထားလိုက်။”
လုပေါင်က အမိန့်ကို စောင့်နေသော နီနီလေး နှင့် ကြွက်ဘုရင် နှစ်ကောင်ကို ညွှန်ကြားလိုက်သည်။ ချက်ချင်းပင် ကြွက်စစ်တပ်သည် ပုရွက်ဆိတ်စစ်တပ်နောက်သို့ လိုက်ပါကာ လှုပ်ရှားတော့သည်။
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဘာဖြစ်...”
သို့သော် ထိုအချိန်တွင်ပင် ပျက်နေသော ဓာတ်ပြားဟောင်းတစ်ခုမှ ထွက်ပေါ်လာသကဲ့သို့ အသံနှင့်အတူ ထို ရုပ်ဆိုးသော လင်းနို့ သည်လည်း အောက်ခြေမရှိသောတွင်း မပိတ်မီ ထွက်လာခဲ့သည်။
“ဟမ်။မင်းအတောင်ပံတွေ ပြန်ကောင်းသွားပြီလား။”
လင်းနို့၏တောင်ပံမှာ အသစ်အတိုင်း ပြန်ဖြစ်နေသည်ကို မြင်သောအခါ လုပေါင်က အံ့အားသင့်ကာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းနို့က အနည်းငယ် ဂုဏ်ယူသော အပြုံးဖြင့်
“ဒါပေါ့ ငါ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းက ထိပ်တန်းပဲလေ။”
ထိုကောင်၏ ကိုယ့်ကိုယ်ကိုယ် ကြွားဝါပုံကို ကြည့်ရင်း လုပေါင် စိတ်ကုန်စွာ ခေါင်းယမ်းလိုက်သည်။
“မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ ငါ့ကို ကောင်းကင်ပေါ် ခေါ်သွားပေး အပေါ်ကနေ တိုက်ပွဲကို စောင့်ကြည့်ရအောင်။”
လုပေါင်က ပြောရင်း အသွင်ပြောင်းကျားကို အောက်ခြေမရှိသောတွင်းထဲသို့ ပြန်ထည့်လိုက်သည်။ ဤလင်းနို့၏ စရိုက်မှာ အနည်းငယ် ထူးဆန်းသော်လည်း ခွန်အားမှာ ရှိနေဆဲဖြစ်သည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့် လုပေါင်တစ်ယောက်တည်းကို တင်ဆောင်ရန်မှာ ပြဿနာမဟုတ်ပေ။
ယခုအခါ လုပေါင်သည် လင်းနို့ကျောပေါ်တွင် ထိုင်ကာ တောအုပ်အထက်မှ တိုက်ရိုက်ပျံသန်းနေသည်။ ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်၏ အရေအတွက်ကြောင့် ပိုက်စိပ်တိုက် ရှာဖွေပြီးနောက် မကြာမီမှာပင် ထိုရက်စက်သော သားရဲ၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားသည်။
“ဟာ... ဒါ ဘာသတ္တဝါကြီးလဲ။”
လင်းနို့ကျောပေါ်မှ လုပေါင်သည် အောက်ရှိ ဝိုင်းရံခံထားရသော သားရဲကို ကြည့်ကာ မမှတ်မိဘဲ အော်လိုက်မိသည်။ ထိုသားရဲသည် အလွန်ကြီးမားပြီး အရွယ်ရောက်ပြီးသော ကျားတစ်ကောင်နှင့် ယှဉ်နိုင်သည်။
သို့သော် ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ လုပေါင်ပင် ဖော်ပြရန် ခက်ခဲနေသည်။ ဤကောင်သည် အမျိုးမျိုးသော တောရိုင်းတိရစ္ဆာန်များ၏ ခြေလက်အင်္ဂါများကို ပေါင်းစပ်ချုပ်လုပ်ထားသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် အရိုးများသာ ကျန်တော့သော ကိုယ်ထည်အချို့ကိုပင် မြင်တွေ့နေရသည်။
“ရုပ်ဆိုးလိုက်တာ မင်းထက်တောင် ပိုရုပ်ဆိုးသေးတယ်။”
ထိုသားရဲ၏ ပုံစံကို ကြည့်ကာ လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားသည်။ လုပေါင်၏ စကားကို ကြားသော်လည်း လင်းနို့သည် မျက်လုံးလှန်ပြရုံသာ လုပ်ပြီး ပြန်မပြောတော့ပေ။
ဤကဲ့သို့သော သားရဲမျိုးကို မြင်သောအခါ လုပေါင်သည် ၎င်းကို ယဉ်ပါးအောင်လုပ်လိုစိတ် မရှိတော့ဘဲ ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်ကိုသာ အဆုံးစီရင်ခိုင်းလိုက်သည်။ သို့သော် ထိုသားရဲ၏ ခွန်အားမှာ သာမန်မျှသာ ဖြစ်သော်လည်း ၎င်းတွင် နာကျင်မှု ခံစားချက် မရှိပုံရကြောင်း လုပေါင် မကြာမီ သတိပြုမိသည်။
ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်တွင် အလွန်ပြင်းထန်သော အဆိပ်များ ရှိနေပုံရသည်။ ကြွက်နှင့် ပုရွက်ဆိတ်များသည် တစ်ချက်ကိုက်လိုက်ရုံဖြင့် တစ်ဖက်လူ၏ အသားကို မစားရသေးလျှင်တောင် ချက်ချင်း အဆိပ်မိကာ သေဆုံးကုန်ကြသည်။
ခဏအတွင်းမှာပင် ကြွက်အုပ်သည် ကြွက်အကောင် ၂၀ ခန့် ဆုံးရှုံးသွားပြီး ပုရွက်ဆိတ်အုပ်မှာလည်း ထိုပမာဏခန့် ဆုံးရှုံးသွားသည်။
“မကိုက်ကြနဲ့တော့”
လုပေါင်သည် နှမြောတသစွာဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။ သူသည် သူ၏ ဝိညာဉ်သားရဲ များ ဤကဲ့သို့ အရာမျိုးကြောင့် ထိခိုက်ဒဏ်ရာရမည်ကို အလွန်မလိုလားပေ။ လုပေါင်၏ အမိန့်ကို ရသည်နှင့် သားရဲအုပ်စု နှစ်စုစလုံး နောက်ဆုတ်ကာ ဘေးကင်းသော အကွာအဝေးတွင် နေလိုက်ကြသည်။
“ဟဲဟဲ အားနည်းတဲ့ကောင်တွေ။ ငါထင်တဲ့အတိုင်းပဲ မင်းတို့က ငါ့ကို အရေအတွက်များလို့ပဲ နိုင်ခဲ့တာပဲ။”
လုပေါင်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်များ သေဆုံးသည်ကို မြင်သောအခါ ဤရုပ်ဆိုးသော လင်းနို့မှာ အလွန်ပျော်နေသည်။
“ဟိုကြည့်ဒီကြည့် လုပ်မနေနဲ့ အဲဒါကို အပြတ်ရှင်းဖို့ နည်းလမ်းရှာစမ်း။”
လုပေါင်က ၎င်း၏ ခေါင်းကို ချက်ချင်း တစ်ချက်ခေါက်ကာ ပြောလိုက်လေတော့သည်။
အခန်း ၂၃၄- မျက်နှာပြောင်းလဲခြင်း အတတ်။
“ငြိမ်ငြိမ်နေ ငါ မင်းကို ကိုင်စရာ ဖန်တီးပေးမယ်။”
လုပေါင်၏ စကားကို ကြားသောအခါ လင်းနို့က ပြန်ပြောလိုက်သည်။ ၎င်းပြောနေစဉ်မှာပင် လင်းနို့၏ ကျောပေါ်မှ ဘယ်ဘက်တစ်ခုညာဘက်တစ်ခုစီဖြင့် ရှည်လျားသော အရိုးဆူးချွန် နှစ်ခု ထွက်ပေါ်လာပြီး လုပေါင်အတွက် အကွက်ကျကျ ကိုင်တွယ်စရာ ဖြစ်လာခဲ့သည်။
အရိုးဆူးချွန်များ ထွက်လာသည်နှင့် လုပေါင်သည် အလိုအလျောက်ပင် လှမ်းကိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် လင်းနို့၏ အရှိန်မှာ ရုတ်တရက် မြင့်တက်သွားပြီး အောက်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲ ထံသို့ တည့်တည့်မတ်မတ် ထိုးဆင်းသွားတော့သည်။
လင်းနို့ကျောပေါ်တွင် ရပ်လျက် အရိုးဆူးချွန်နှစ်ခုကို ဆုပ်ကိုင်ထားရသော လုပေါင်မှာ တစ်ခဏအတွင်း တိုက်လေယာဉ်တစ်စင်းကို မောင်းနှင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
“ဝူးဟူး မြေးလေးတို့မင်းတို့ အဖိုးက အဲဒီကောင်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ထားကြစမ်း။”
ထိုအချိန်တွင် လင်းနို့သည် စိတ်လှုပ်ရှားနေသော မျက်နှာပေးဖြင့် အောက်ရှိ ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်ကို အော်ဟစ်ကြွားဝါလိုက်သည်။
ခြွင်းချက်မရှိဘဲ ကြွက်အုပ်တစ်ခုလုံးက ၎င်းကို သောက်တုံး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ မီးပုရွက်ဆိတ်များ၏ မျက်လုံးကို မမြင်ရသော်လည်း သူတို့လည်း ထိုသို့ပင် တွေးနေကြလောက်သည်။
ထိုးဆင်းလာသည့် အရှိန်မှာ အလွန်မြန်လှသည်။ ဤအချိန်တွင် လင်းနို့၏ အတောင်ပံများပေါ်၌လည်း အရိုးဆူးချွန်များ တန်းစီထွက်လာပြီး သားရဲကြီးထံသို့ ဦးတည်ထားသည်။
ထုံထိုင်းသော်လည်း ရှင်းလင်းသော အသံနှင့်အတူ လင်းနို့သည် ၎င်း၏ အရိုးဆူးချွန်များဖြင့် သားရဲကြီး၏ ခန္ဓာကိုယ်ထဲသို့ တည့်တည့်ကြီး တိုးဝင်သွားတော့သည်။
လုပေါင်သည် ချက်ချင်းပင် လက်လွှတ်လိုက်ပြီး ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ အကြောင်းမှာ လင်းနို့၏ အရှိန်မှာ မြန်လွန်းသောကြောင့် ယခုအခါ အတောင်ပံများသာမက ခေါင်းအပါအဝင် တစ်ကိုယ်လုံး တစ်ဖက်သားရဲ၏ ကိုယ်ထဲ နစ်ဝင်သွားသောကြောင့် ဖြစ်သည်။
ထိုသားရဲကြီး၏ အရေပြားမှာ ထင်ထားသည်ထက် ပို၍ ပျော့ပျောင်းနေပုံရသည်။ ထိုးဖောက်ခံလိုက်ရသော သားရဲ၏ အရေပြားမှာ တွန့်လိမ်လာပြီး လင်းနို့ကို ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝါးမြိုရန် ကြိုးစားလာသည်။
ခေါင်းမှာ သားရဲကိုယ်ထဲတွင် စိုက်နေသဖြင့် လင်းနို့မှာ အသံပင် မထွက်နိုင်တော့ပေ။ သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ အသည်းအသန် ရုန်းကန်နေသည်ကို ကြည့်ခြင်းအားဖြင့် လွတ်မြောက်ရန် ကြိုးစားနေမှန်း သိသာသည်။
“ဒီသောက်တုံးကတော့...”
၎င်း၏ အခြေအနေကို ကြည့်ပြီး လုပေါင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ တစ်ကောင်ချင်းစီ၏ ဉာဏ်ရည်နိမ့်ပါးသော ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်များပင်လျှင် အရင်စူးစမ်းရမည်ကို သိကြသဖြင့် အနည်းငယ်မျှသာ အနစ်နာခံခဲ့ရသည်။ သို့သော် ဤကောင်မှာမူ ဘာမှမစူးစမ်းဘဲ တစ်ဖက်လူကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
သို့သော် လုပေါင်အနေဖြင့် ၎င်းဝါးမြိုခံရမည်ကို ဒီအတိုင်း ရပ်ကြည့်နေ၍ မရပေ။ ချက်ချင်းပင် လုပေါင်က တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ရွှေရောင်အလင်း မိုးကြိုးအတတ်။
ထို့နောက် လုပေါင်က လက်ညှိုးတစ်ချောင်းဖြင့် ရှေ့သို့ ညွှန်ပြကာ ညင်သာစွာ တို့လိုက်သည်။
“ဝုန်း”
မိုးခြိမ်းသံကြီး မြည်ဟည်းသွားပြီးနောက် ရွှေရောင်မိုးကြိုးတန်းတစ်ခု သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ တစ်ခဏအတွင်းမှာပင် သားရဲကြီး၏ ခန္ဓာကိုယ်မှာ အသည်းအသန် တုန်ခါလာတော့သည်။
အတွင်းထဲတွင် ပိတ်မိနေသော လင်းနို့သည်လည်း ထိုအချိန်တွင် လွတ်မြောက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် လင်းနို့သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဆဲဆိုတော့သည်။ ၎င်းသည် မိမိ မနိုင်မှန်း သိသွားသဖြင့် အကွာအဝေးတစ်ခုမှာပင် နေလိုက်တော့သည်။
လုပေါင်မှာမူ ဤတုံ့ပြန်မှုကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ ရွှေရောင်အလင်းမိုးကြိုးက ဤသားရဲအပေါ် ဤမျှ ထိရောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဖြောက်... ဖြောက်..”
ထို့ကြောင့်တောင်ခြေတွင် ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်လာပြီး သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ရွှေရောင်မိုးကြိုးများ အကြိမ်ကြိမ် ကျရောက်နေတော့သည်။
“ဝူး... ဝူး... တော်ပြီ ထပ်မပစ်နဲ့တော့။”
နောက်ဆုံးတွင် ရွှေရောင်မိုးကြိုး နောက်တစ်ချက် ကျရောက်လာသောအခါ သားရဲကြီးထံမှ လေးလံသောအသံတစ်ခု ထွက်ပေါ်လာသည်။ လုပေါင်တွင် စိတ်ချင်းဆက်သွယ်နိုင်စွမ်း ရှိသဖြင့် တစ်ဖက်လူ ဘာပြောနေသည်ကို သိသော်လည်း သက်ရှိသတ္တဝါနှင့်ပင် မတူသော ဤကဲ့သို့သော သားရဲမျိုးအပေါ် လုပေါင်မှာ ကရုဏာ မရှိပေ။
ရပ်တန့်မည့်အစား လုပေါင်သည် ပို၍ပင် အားစိုက်လိုက်ပြီး သူ၏ လက်နှစ်ဖက်မှ လျှပ်စစ်ဓာတ်များ ဆက်တိုက် ထွက်ပေါ်နေသည်။ ယခုအခါ ရှင်းလင်းသွားသည်မှာ သားရဲကြီးက ပြန်မတိုက်ခြင်း မဟုတ်ဘဲ ၎င်း၏ ဖာထေးထားသော ခန္ဓာကိုယ်မှာ ခရုတစ်ကောင်လို နှေးကွေးလွန်းသဖြင့် တုံ့ပြန်ရန် မဖြစ်နိုင်ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် လုပေါင်၏ နောက်ထပ် ရွှေရောင်မိုးကြိုးတစ်ချက် ကျရောက်ပြီးနောက် သားရဲကြီး၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
ရွှေရောင်အလင်းမိုးကြိုး ရှိနေသဖြင့် လွင့်စင်လာသော အသားစများမှာ လုပေါင်အတွက် ခြိမ်းခြောက်မှု မဖြစ်ပေ။ ဘေးမှ စောင့်ကြည့်နေသော ကြွက်အုပ်မှာမူ ဒုက္ခရောက်ကုန်ကြသည်။ သားရဲ၏ အသားစများနှင့် ထိမိသော ကြွက်အများအပြားမှာ ချက်ချင်းပင် မေ့လဲကုန်ကြသည်။ မသေကြသော်လည်း အပြင်းအထန် အဆိပ်မိသွားကြခြင်း ဖြစ်သည်။
မီးနီပုရွက်ဆိတ်များမှာမူ သေးငယ်ပြီး ပျံသန်းနိုင်သဖြင့် အထိအခိုက် မရှိသလောက်ပင်။ ထိုအခိုက်တွင် သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာဓာတ်တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး တောင်ပေါ်သို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်ကို လုပေါင် သတိပြုမိလိုက်သည်။
ထိုမိစ္ဆာဓာတ်မှာ မိစ္ဆာချုပ်နှောင်ရာစေတီအတွင်းရှိ အငွေ့အသက်နှင့် ဆင်တူသော်လည်း ထိုမျှ မပြင်းထန်ကြောင်း သူ ခံစားရသည်။ လုပေါင် မျက်မှောင်ကြုတ်လိုက်သည်။ ဆင့်ချူးသည် တကယ်ပင် လမ်းမှားရောက်နေပြီဖြစ်ကြောင်း ဤကဲ့သို့ ယုတ်မာသော အတတ်ပညာများကို စတင်လေ့လာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
“အားလုံး ပြန်ကြတော့ ဒဏ်ရာရတဲ့ ကြွက်တွေကိုလည်း ပြန်ခေါ်သွား။”
ချက်ချင်းပင် လုပေါင်က အသက်ပြင်းပြင်းရှူကာ အောက်ခြေမရှိသောတွင်း၏ အဝင်ဝကို ထပ်မံဖွင့်လှစ်လိုက်သည်။ ကြွက်အုပ်နှင့် ပုရွက်ဆိတ်အုပ်များသည် စီတန်းကာ အတွင်းသို့ ပြန်ဝင်သွားကြသည်။ ထိုကဲ့သို့သော သားရဲမျိုးကို အင်အားသုံး၍ မနှိမ်နင်းနိုင်ဘဲ အရှုံးသာ ရှိမည်ဖြစ်သဖြင့် လုပေါင်က သူတို့ကို အရင်ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။
သူတို့အားလုံး ဝင်သွားပြီးနောက် အပေါ်တွင် ဝဲပျံနေသော ရုပ်ဆိုးသော လင်းနို့မှာလည်း ချက်ချင်း ထိုးဆင်းလာသည်။ ၎င်းသည်လည်း အောက်ခြေမရှိသောတွင်းထဲသို့ ပြန်ဝင်ရန် ကြံစည်ပုံရသည်။ သို့သော် ၎င်း ဝင်ခါနီးမှာပင် လုပေါင်က လက်ကို ယမ်းလိုက်ရာ အဝင်ဝမှာ ပျောက်ကွယ်သွားသည်။
“ဘုန်း”
တစ်ခဏအတွင်း လင်းနို့မှာ မြေကြီးထဲသို့ ခေါင်းစိုက်ဝင်သွားပြီး အတော်ကြာ ရုန်းကန်ပြီးမှ ပြန်ထွက်လာနိုင်သည်။
“အစ်ကိုကြီး ကျွန်တော်လည်း ပြန်သင့်တယ် မဟုတ်လား...”
လင်းနို့က လုပေါင်ကို မော့ကြည့်ပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ ယခုအခါ လင်းနို့၏ ခန္ဓာကိုယ်အပေါ်ပိုင်း သားရဲကိုယ်ထဲ နစ်ဝင်ခဲ့သော နေရာအများအပြားမှာ စတင်ပုပ်ပွနေသည်ကို တွေ့ရသည်။၎င်း အထဲပြန်ဝင်ချင်နေသည်မှာ မဆန်းပေ။ ဤအရာမှာ ၎င်းအတွက် အလွန်အန္တရာယ်များလွန်းသည်။
“သူတို့ ပြန်တာက ပြဿနာမရှိဘူး။မင်းက ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာလဲ။”
လုပေါင်က ပြုံးလျက် မေးလိုက်သည်။ လင်းနို့၏ နှုတ်ခမ်းများ တွန့်သွားပြီး သနားစဖွယ် မျက်နှာပေးဖြင့်။
“ကျွန်တော့်ကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ပါဦး။ အား... နာလိုက်တာ...”
ပြောရင်းခန္ဓာကိုယ်ကို တွန့်လိမ်ကာ နာကျင်ဟန် ဆောင်နေတော့သည်။
ထိုအခိုက်တွင် လုပေါင်က ဖြည်းဖြည်းချင်း လက်ညှိုးမြှောက်လိုက်ရာ လျှပ်စီးတစ်ခု လက်ဖျားတွင် ပတ်ခွေလာသည်။
လျှပ်စီးပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းနို့၏ ခန္ဓာကိုယ်မှ တရှဲရှဲအသံများ ထွက်ပေါ်လာသည်။ ကြည့်ရဆိုးလှသော ဒဏ်ရာများသည် မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ လုပေါင်က ရက်စက်နေခြင်း မဟုတ်ပေ။ဤကောင်တွင် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိကြောင်း နီလေးထံမှ သတင်းရထားပြီး ဖြစ်သည်။
“ဟဲဟဲ မနာတော့ဘူး မနာတော့ဘူး။”
လင်းနို့သည် ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ လုပေါင်ဘေးသို့ အပြေးလေး ရောက်လာသည်။ ၎င်းက လုပေါင်၏ လက်မောင်းကို ဆွဲရင်း ရွှေရောင်မိုးကြိုးကို ပြန်သိမ်းရန် အချက်ပြနေသည်။
“မင်းကတော့ကွာ...”
၎င်း၏ ကျွမ်းကျင်လှသော မျက်နှာပြောင်းလဲခြင်း အတတ် ကို ကြည့်ပြီး လုပေါင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားလေတော့သည်။