← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း ၂၃၅- ဆင့်ချူးလား။တကယ့်တိရစ္ဆာန်ကောင်ပဲ။

တောင်ပေါ်ရှိ ဂူတစ်ခုအတွင်း။

တရားထိုင်နေသော ဆင့်ချူးသည် ဤအခိုက်အတန့်တွင် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏ရှေ့တွင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးထံမှ ထွက်ပေါ်လာခဲ့သော မိစ္ဆာဓာတ် များမှာ လွင့်မျောနေသည်။

သူသည် မျက်မှောင်ကြုတ်ကာ ထိုမိစ္ဆာဓာတ်ကို လက်ချောင်းဖြင့် ညင်သာစွာ တို့လိုက်သည်။ တစ်ခဏအတွင်းမှာပင် ထိုမိစ္ဆာဓာတ်သည် အိမ်ပြန်လမ်းတွေ့သွားသကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။

“ဟင်း...”

မိစ္ဆာဓာတ်များ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်နှင့် ဆင့်ချူး၏ တစ်ကိုယ်လုံးသည် ထူးဆန်းသော ပုံစံများဖြင့် တွန့်လိမ်လာပြီး အလွန်အမင်း သာယာကြည်နူးနေသည့် အသံမျိုး ထွက်ပေါ်လာသည်။

“ငါက မင်းကို မရှာရသေးဘူး မင်းက ငါ့တံခါးကို ကိုယ်တိုင်လာခေါက်နေပြီပေါ့...”

ခဏအကြာတွင် ခန္ဓာကိုယ်တွန့်လိမ်နေမှုများ ရပ်တန့်သွားပြီး သူ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားသည်။

တစ်ဖက်တွင်မူ လုပေါင်သည် ရုပ်ဆိုးသော လင်းနို့၏ ကျောပေါ်သို့ တစ်ဖန်ပြန်တက်လိုက်သည်။

“အစ်ကိုကြီး ခဏနေလို့ အားကောင်းတဲ့ ရန်သူနဲ့ တွေ့ရင် အစ်ကိုကြီးပဲ အရင်ခုန်ဆင်းလိုက်နော်ဟုတ်ပြီလား။ကျွန်တော်ကတော့ ဝင်တိုက်မှာ မဟုတ်ဘူး။”

ဤအချိန်တွင် လင်းနို့က လုပေါင်ကို သတိကြီးစွာဖြင့် ကြိုတင်အသိပေးနေခြင်း ဖြစ်သည်။

“အော်... ဆိုလိုတာက မင်းက ပွဲကြည့်ဖို့ပဲ တာဝန်ယူမယ်ပေါ့ ဟုတ်လား။”

ဒါကို ကြားလိုက်ရတော့ လုပေါင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

လင်းနို့က သဘာဝကျလှသည်ဟု ထင်ရသော အသံဖြင့်

“ဒါပေါ့။ အစ်ကိုကြီးက ကျွန်တော့်ရဲ့ အစ်ကိုကြီးပဲလေ အရေးကြုံလာရင် ညီအငယ်က အရင်တိုက်ရမှာလား။”

“မင်းက ဘာမှမလုပ်ပေးရင် ငါ့မှာ မင်းလို ညီအငယ်မျိုး ဘာလုပ်ဖို့ လိုမှာလဲ။”

စကားပြောနေရင်း လုပေါင်သည် အောက်ခြေမရှိသောတွင်း ကို တိတ်ဆိတ်စွာ ဖွင့်လိုက်သည်။

“ဝု ဝု”

စိတ်လှုပ်ရှားနေသော ဟောင်သံနှစ်သံနှင့်အတူ ဟေးမီနှင့် ဒါပေါင်တို့သည် လျင်မြန်စွာ ပြေးထွက်လာကြပြီး နှင်းလုံးလေး သည်လည်း သူတို့နှင့်အတူ ပျံထွက်လာသည်။

“ဆရာကြီး ကျွန်တော်တို့ လုပ်ပေးရမယ့်အရာ ရှိလို့လား။”

ထွက်လာသည်နှင့် နှင်းလုံးလေးက လုပေါင်ကို အော်မေးလိုက်သည်။ ဤသုံးကောင်၏ စရိုက်အရ သူတို့သည် အပြင်ထွက်ကာ ပြဿနာရှာချင်နေကြပြီဖြစ်သည်။ အောက်ခြေမရှိသောတွင်းထဲတွင် အလွန်သက်တောင့်သက်သာ ရှိနေသော်လည်း သူတို့မှာ အချိန်အကြာကြီး ငြိမ်ငြိမ်မနေနိုင်ကြပေ။

“ကြည့်စမ်း ဒါမှ ညီအငယ်ဆိုတာမျိုး။”

လုပေါင်က လင်းနို့၏ ခေါင်းကို ပုတ်လိုက်ပြီးနောက် ဟေးမီတို့အုပ်စုကို အော်ပြောလိုက်သည်။

“လာကြ ဒီမှာ အလုပ်မလုပ်တဲ့ လင်းနို့တစ်ကောင်ရှိတယ်။ သူ့ရဲ့ အရိုးတွေက အနံ့လေး မွှေးနေတာပဲ သွားကိုက်စားကြစမ်း။”

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ အစ်ကိုကြီး အစ်ကိုကြီး ကျွန်တော် ရှေ့ဆုံးကနေ တိုက်ပါ့မယ်၊ အသက်ပေးပြီး တိုက်ပါ့မယ်။”

ချက်ချင်းပင် လင်းနို့သည် ထိတ်လန့်တုန်လှုပ်စွာ အတောင်ပံများ ခတ်ရင်း ထပ်ခါတလဲလဲ ပြောတော့သည်။ လုပေါင်လည်း မတတ်သာဘဲ ပြန်ဖြေလိုက်ရသည်။ ဤလင်းနို့သည် အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်သော စရိုက်ရှိရာ ဤကဲ့သို့ နည်းလမ်းမျိုး သုံးမှသာ ခိုင်း၍ရမည်ဖြစ်သည်။

ထို့နောက် ဟေးမီတို့ သုံးကောင်သည်လည်း လင်းနို့ကျောပေါ်သို့ တက်လိုက်ကြသည်။ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲ ဖြစ်သဖြင့် လုပေါင်တို့အားလုံးကို တင်ဆောင်ကာ ပျံသန်းရာတွင် ဘာဖိအားမှ မရှိပေ။

“ဝု”

(ဒီအရိုးတွေကတကယ်ပဲ အရသာရှိမယ့်ပုံပဲ။)

“ဝု”

(ငါတို့မြည်းကြည့်မလား။)

ကျွတ်ခနဲ အသံနှင့်အတူ လင်းနို့ကျောပေါ်မှ ထွက်နေသော အရိုးဆူးချွန်နှစ်ခုကို ဟေးမီနှင့် နောက်တစ်ကောင်က တစ်ယောက်တစ်ချောင်းစီ ကိုက်ဖြတ်လိုက်ကြလေသည်။

“ငှက်မင်းကြီးအတွက်ရော ငါ့ကိုလည်း နည်းနည်းပေးဦး။”

နှင်းလုံးလေး၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်သွားကာ ၎င်းသည်လည်း လင်းနို့ကျောပေါ် နားလိုက်ပြီး အရိုးကို စတင်ဆိတ်တော့သည်။ အောက်ခြေမရှိသောတွင်းထဲတွင် အကြာကြီး နေခဲ့သော်လည်း နှင်းလုံးလေး၏ နှုတ်သီးမှာ အလွန်ထက်မြက်လာကြောင်း လုပေါင် သတိထားမိလိုက်သည်။ ၎င်းက တစ်ချက်ဆိတ်လိုက်ရုံဖြင့် အရိုးပေါ်တွင် အပေါက်တစ်ခု ဖြစ်သွားစေသည်။

လင်းနို့မှာမူ အပြင်းအထန် နာကျင်မှုကြောင့် အော်ဟစ်နေတော့သည်။ ၎င်း၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ လုပေါင်က ၎င်း၏ကျောကို ပုတ်ကာ

“မအော်နဲ့တော့။ အထဲရောက်ရင် မင်းအတွက် နှစ်တစ်ရာသက်တမ်းရှိတဲ့ မီးဝိညာဥ်သီးတစ်လုံး ပေးမယ်။”

ချက်ချင်းပင် လင်းနို့၏ အော်သံမှာ ရပ်တန့်သွားပြီး ဖြီးဖြီးကြီး ပြန်ပြုံးပြလာသည်။ လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဤကောင်၏ နာကျင်မှုမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူ အလိမ်ခံလိုက်ရကြောင်း သိလိုက်ရသည်။

“ဆရာကြီး အလုပ်လာပြီ။”

ထိုအချိန်တွင် လင်းနို့သည် ရုတ်တရက် တည်ကြည်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ ၎င်းစကားပြောပြီးသည်နှင့် လုပေါင်သည်လည်း ကမ်းပါးစွန်းတွင် ရပ်ကာ မိမိကို အေးစက်သော အကြည့်ဖြင့် ကြည့်နေသည့် ဆင့်ချူးကို မြင်လိုက်ရသည်။

“အောက်ဆင်းပြီး ကြည့်ရအောင်။ မှတ်ထားသူ့ကို အရှင်ဖမ်းရမယ်။”

လုပေါင်က ချက်ချင်း အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် ဟေးမီတို့နှင့်အတူ လင်းနို့ကျောပေါ်မှ ခုန်ဆင်းကာ ကမ်းပါးဘေးရှိ တောင်လမ်းပေါ်သို့ ဆင်းသက်လိုက်သည်။

တိုက်ခိုက်ရေးစွမ်းရည်အရ ဤနှစ်ကောင် မှာ လုပေါင်၏ သားရဲများထဲတွင် အသန်မာဆုံး မဟုတ်သော်လည်း သူတို့တွင် ယခုအခါ နဂါးအသက်ရှူသံနှင့် နဂါးဟိန်းသံစွမ်းရည်များ ရှိနေပြီဖြစ်ရာ လုပေါင်က သူတို့၏ ခွန်အားကို စမ်းသပ်ရန် ကြံစည်ထားခြင်းဖြစ်သည်။

“ငါ ဒီမှာရှိနေတာကို မင်း ဘယ်လိုသိတာလဲ။”

ဆင့်ချူးသည် အပေါ်တွင် ဝဲပျံနေသော လင်းနို့နှင့် နှင်းလုံးလေးကို တစ်ချက်ကြည့်ကာ လုပေါင်ကို မေးလိုက်သည်။

လုပေါင်က ပြောင်ချော်ချော်ဖြင့်။

“မင်းဆီက အနံ့က အရမ်းပြင်းတာပဲ ဝေးဝေးကနေတောင် ငါ ရနေတယ်။”

“ဟမ် အနံ့မှ မရှိတာ။”

ဆင့်ချူးမှာ မှင်သက်သွားပြီး ၎င်း၏အဝတ်အစားကို အလိုအလျောက် နမ်းကြည့်မိသည်။ ထို့နောက်မှ သူ အနောက်ခံလိုက်ရမှန်း သိသွားပြီး လုပေါင်ကို ဒေါသတကြီး စိုက်ကြည့်တော့သည်။

“နဂါးကျားတောင်က လူဆိုတဲ့အတိုင်းပဲလမ်းမှားရောက်သွားတာတောင် သူတို့လိုပဲ အူကြောင်ကြောင် နိုင်တုန်းပဲ။”

လုပေါင်ကခေါင်းယမ်းကာ ရယ်မောလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် တောင်လမ်းတစ်ခုလုံး စတင်တုန်ခါလာတော့သည်။

ထို့နောက် ဆင့်ချူး၏ နောက်ကွယ်ရှိ ဂူအတွင်းမှ ကြီးမားသော မြွေကြီးတစ်ကောင် ထွက်လာသည်။ ၎င်း၏ အရွယ်အစားမှာနက်နက်ကြီး နှင့်ပင် ယှဉ်နိုင်သည်။ တိတိကျကျ ပြောရလျှင် ၎င်းမှာ မြွေအစစ်တော့ မဟုတ်ပေ။

ပုံစံမှာ မြွေကြီးနှင့် တူသော်လည်း ခန္ဓာကိုယ်မှာ ပုရွက်ဆိတ်ကောင်ကြီး နှင့် တူနေပြီး တောရိုင်းတိရစ္ဆာန်မျိုးစုံ၏ ခြေထောက်များဖြင့် ဖုံးလွှမ်းထားသည်။ ဆိတ်ခြေထောက် နွားခြေထောက်... မည်သို့ပင် ကြည့်ကြည့် အလွန်ထူးဆန်းနေသည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားကို ဖယ်ထားလျှင်တောင် ပုံပန်းသဏ္ဌာန်ကပင် စိတ်ထဲတွင် မခံချင်စရာ ကောင်းလှသည်။

“ရွံစရာကောင်းလိုက်တာ...”

လုပေါင်က နှုတ်ခမ်းမဲ့ကာ ရေရွတ်လိုက်သည်။ သို့သော် လုပေါင်၏ စကားကို ကြားသောအခါ ဆင့်ချူးက နှာခေါင်းရှုံ့ကာ ခုန်တက်လိုက်ပြီး မြွေကြီး၏ ခေါင်းပေါ်သို့ နင်းလိုက်သည်။ ထို့နောက် ရွှံ့ဗွက်ထဲ နစ်ဝင်သွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ဝက်မှာ မြွေခေါင်းထဲသို့ တိုက်ရိုက် နစ်ဝင်သွားတော့သည်။

ထို့နောက် သူ၏ အရေပြားပေါ်တွင် မြွေကြေးခွံများ စတင်ထွက်ပေါ်လာပြီး ကြည့်ရသည်မှာ အလွန်ရွံစရာကောင်းလှသည်။

“ရွံစရာကောင်းတယ် ဟုတ်လား ခဏနေရင် မင်းကို ငါ့ရဲ့ အရည်ကျိုမြွေကြီးအောက်မှာ အသေခံခိုင်းမယ်။”

သူက နှာခေါင်းရှုံ့ကာ လုပေါင်ရှိရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ယခုအချိန်တွင် ဆင့်ချူးသည် သူ၏ အမည်အတိုင်း တကယ့် တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

သူပြောလိုက်သည်နှင့် မြွေကြီးသည် လုပေါင်တို့ရှိရာသို့ ပြေးဝင်လာပြီး ပါးစပ်မှ အဆိပ်ရည်များကို ထွေးထုတ်လိုက်သည်။

“ဝု”

ချက်ချင်းပင် ဟေးမီက ပါးစပ်ဖွင့်လိုက်ရာ နဂါးအသက်ရှူသံ တစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအဆိပ်ရည်များမှာ နဂါးအသက်ရှူသံအောက်တွင် လျင်မြန်စွာ ပျော်ဝင်သွားတော့သည်။

“ခေတ်အဆက်ဆက် သားရဲအပေါင်းတို့ ငါ့အမိန့်ကို နာခံကြ မိစ္ဆာအဖြစ် ပြောင်းလဲပြီး ငါ့နောက်ကို လိုက်ကြစမ်း...”

မြွေခေါင်းပေါ်မှ ဆင့်ချူး၏ လက်များသည် လက်ကွက် များကို လျင်မြန်စွာ ဖော်ဆောင်နေသည်။

တစ်ချိန်တည်းမှာပင် တောင်တစ်ခုလုံး ဂျောက်... ဂျောက်... ဂျောက်... ဟု အသံမြည်ကာ တုန်ခါလာပြီး အနီးအနားရှိ နံရံများ ကွာကျလာကာ အတွင်း၌ မြှုပ်နှံထားသော တိရစ္ဆာန်အရိုးစုများ ပေါ်ထွက်လာသည်။ ထိုအရိုးစုများသည် အသက်ဝင်လာသကဲ့သို့ နံရံပေါ်မှ ခုန်ဆင်းလာကြသည်။

ထို့ပြင် မြေပြင်ကြီး ပွင့်ထွက်သွားပြီး ကိုယ်လက်အင်္ဂါ ပြတ်တောက်နေသော သားရဲအလောင်းများ မိစ္ဆာဓာတ်များ လွှမ်းခြုံလျက် တွားသွားထွက်လာကြသည်။ ယခင်က သာယာလှပသော တောင်တန်းကြီးမှာ ယခုအခါ ငရဲခန်းတစ်ခုအလား ပြောင်းလဲသွားလေတော့သည်။

အခန်း ၂၃၆- သနားစဖွယ် လင်းနို့။

ယခုအခါ တောင်တန်းများပေါ်တွင် ပျံ့နှံ့နေသော မိစ္ဆာဓာတ် များသည် ထူထပ်သော မီးခိုးရောင် မြူနှင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

နဂါးကျားတောင်၏ ပင်မခန်းမဆောင်အတွင်း၌ တရားထိုင်ကာ ကျမ်းစာရွတ်ဆိုနေသော နတ်ဆရာကြီးသည် ဤအခိုက်အတန့်တွင် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှံနေသည်။

နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အပြင်ဘက်ရှိ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိသွားသည်။ ဤနေရာမှနေ၍ အဝေးရှိ တောင်တန်းများပေါ်တွင် ဝဲပျံနေသော မိစ္ဆာဓာတ်များကို သူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

“ကံကောင်းလို့ လူငယ်လေး လုပေါင်က မိစ္ဆာချုပ်နှောင်ရာစေတီကို ပြင်ပေးထားလို့ပေါ့မဟုတ်ရင်တော့..”

ဤမြင်ကွင်းကို ကြည့်ရင်း နတ်ဆရာကြီးမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အကယ်၍ မိစ္ဆာချုပ်နှောင်ရေးစေတီသာ ယခင်ကကဲ့သို့ ပျက်စီးနေသော အခြေအနေတွင် ရှိနေပါက ဤမိစ္ဆာဓာတ်များ၏ ဆွဲငင်မှုအောက်တွင် လုံးဝ ပြိုလဲသွားလောက်ပြီဖြစ်သည်။

၎င်းမှာ ဆင့်ချူး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ သူသည် ဤမိစ္ဆာဓာတ်များကို အသုံးပြု၍ မိစ္ဆာချုပ်နှောင်ရာစေတီအတွင်းရှိ မိစ္ဆာအားလုံးကို ဆွဲထုတ်လိုခြင်းဖြစ်သည်။ ထိုသို့သာ ဖြစ်လာခဲ့လျှင် နဂါးကျားတောင်သည် ထိုရန်ငြိုးကြီးသော မိစ္ဆာများ၏ လက်ချက်ဖြင့် ပျက်စီးသွားပေလိမ့်မည်။

သို့သော် ဤရည်ရွယ်ချက်မှာ ကျရှုံးရန်သာ ကံပါခဲ့ပုံရသည်။

“နတ်ဆရာကြီး ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ရမလဲ။”

ထိုအချိန်တွင် တောင်ပေါ်ရှိ တာအိုဆရာအားလုံးမှာ အပြင်သို့ ပြေးထွက်လာကြပြီး လေးနက်သော အသံဖြင့် နတ်ဆရာကြီးကို မေးမြန်းကြသည်။

“သူတို့က ငါတို့ဆီကို ဦးတည်လာနေတာပဲ။ အစီအမံ ဖော်ဆောင်ပြီး ခုခံကြ။”

နတ်ဆရာကြီးက မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ နတ်ဆရာကြီး၏ စကားကို ကြားရသောအခါ တာအိုဆရာများ အုပ်စုသည် အမိန့်ကို နာခံကာ လေ့ကျင့်ရေးကွင်းအတွင်း စုဝေးလိုက်ကြသည်။

“ဟားဟားဟား ဒီနေ့တော့ မင်းရော နဂါးကျားတောင်ရော ဒီမှာပဲ မြှုပ်နှံခံရတော့မှာပဲ။”

ဤအချိန်တွင် မြွေခေါင်းအတွင်း နစ်ဝင်နေသော ဆင့်ချူးသည် မာန်တက်စွာ ရယ်မောနေသည်။ သူစကားပြောနေစဉ်မှာပင် သူ၏မြွေခေါင်းမှာ မြွေလျှာကဲ့သို့ ရှည်လျားပြီး သွယ်လျသော ခေါင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။

“ဆရာကြီး ခိုင်ခိုင်ကိုင်ထား ကျွန်တော် ကောင်းကင်ပေါ်ကနေ ရန်သူ့အခြေအနေကို သွားကြည့်ပေးမယ်။”

ထိုအခိုက်တွင် လင်းနို့သည် အတောင်ပံများ ဖြန့်ကာ ကောင်းကင်ပေါ်သို့ တည့်တည့် ပျံတက်သွားသည်။ သို့သော် ပျံတက်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာပင် ၎င်းသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ ပြန်လည် ပြုတ်ကျလာသည်။

“လူယုတ်မာတွေ ချောင်းမြောင်းတိုက်ခိုက်တာပဲ။”

မြေပြင်ပေါ်သို့ ကျသည်နှင့် လင်းနို့သည် အော်ဟစ်ဆဲဆိုတော့သည်။ ထိုအခါမှသာ လုပေါင်သည် ကောင်းကင်တွင် မိစ္ဆာဓာတ်များ ပြည့်နှံနေသော အရိုးလင်းယုန် များစွာ ဝဲပျံနေသည်ကို သတိပြုမိလိုက်သည်။

လင်းနို့ကို တစ်ချက်ကြည့်ကာ လုပေါင် ခေါင်းယမ်းလိုက်ပြီး လက်ဝှေ့ယမ်းကာ ၎င်းကို အောက်ခြေမရှိသောတွင်း ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။ ဤကောင်မှာ လုပေါင်၏ အခြားဝိညာဉ်သားရဲများနှင့် လုံးဝ မတူပေ။ ၎င်း၏ စရိုက်မှာ ယုံကြည်ရန် အလွန်ခက်ခဲလှသည်။

တစ်ဖက်တွင်မူ ဟေးမီနှင့် ဒါပေါင်တို့သည် နဂါးအသက်ရှူသံ များကို ဆက်တိုက် မှုတ်ထုတ်နေပြီး နဂါးဟိန်းသံ များဖြင့် ခြိမ်းခြောက်နေကြသည်။ သူတို့၏ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့်သာ ထိုမိစ္ဆာသတ္တဝါ များမှာ ချက်ချင်း ပြေးမတက်လာကြခြင်း ဖြစ်သည်။

“မရတော့ဘူး မရတော့ဘူး ငါ့လည်ချောင်းတွေ ခြောက်ကုန်ပြီ။”

ဤနေရာတွင် နှင်းလုံးလေး မှာ ဟေးမီ၏ ခေါင်းပေါ်တွင် ဝပ်လျက် လုပေါင်ကို အော်ပြောနေသည်။ လုပေါင် ခေါင်းညိတ်လိုက်ပြီး သူတို့ကိုလည်း အောက်ခြေမရှိသောတွင်းထဲသို့ ချက်ချင်း ပြန်သိမ်းလိုက်သည်။

ယခုအခါ တောင်လမ်းပေါ်တွင် လုပေါင် တစ်ယောက်တည်းသာ ကျန်တော့သည်။

“ဟားဟားဟား မင်း ခုခံဖို့ လက်လျှော့လိုက်ပြီလား။”

လုပေါင်က သူ၏ ဝိညာဉ်သားရဲများကို ပြန်သိမ်းလိုက်သည်ကို မြင်သောအခါ ဆင့်ချူးက လှောင်ပြောင်လိုက်သည်။ သို့သော် လုပေါင်သည် ဆင့်ချူးကို ကူကယ်ရာမဲ့သော အမူအရာဖြင့် ကြည့်ကာ ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။

“မင်းသာ ဒီပုံစံအထိ ပြောင်းမသွားခဲ့ရင် မင်းကို တိုက်ရတာ နည်းနည်းတော့ ခက်ခဲလိမ့်မယ် ဒါပေမဲ့ အခုတော့...”

လုပေါင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ စကားပြောနေရင်း သူသည် ရွှေရောင်အလင်းဂါထာ ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

လုပေါင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ပေါ်လာသည်ကို မြင်သောအခါ ဆင့်ချူး၏ မျက်နှာ ပျက်သွားပြီး။

“အဲဒီအဖိုးကြီးက မင်းကို ရွှေရောင်အလင်းဂါထာ အပြည့်အစုံ ပေးထားမှန်း ငါသိသားပဲ။ ဟမ့် ဒီနေ့တော့ မင်း ဒီမှာပဲ အသက်ပျောက်ရလိမ့်မယ်။”

သူပြောလိုက်သည်နှင့် တောင်တန်းတစ်ခုလုံးရှိ မိစ္ဆာသတ္တဝါ အုပ်ကြီးမှာ လုပေါင်ထံသို့ တပြိုင်နက် ပြေးဝင်လာကြသည်။ မိစ္ဆာအုပ်စုကြီး လှုပ်ရှားလာသည်နှင့် တောင်လမ်းတစ်ခုလုံး တုန်ခါနေတော့သည်။

သို့သော် ဤအခိုက်အတန့်တွင် လုပေါင်သည် သူ၏ ညာဘက်လက်ကို ညင်သာစွာ မြှောက်လိုက်သည်။

“အားလုံးပဲ၊ အဖိုးအတွက် သေပေးကြစမ်း။”

လုပေါင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အသံဆုံးသည်နှင့် သူ၏ လက်ဖဝါးပေါ်ရှိ မိစ္ဆာချုပ်နှောင်ရာစေတီ၏ အမှတ်အသားမှာ ရုတ်တရက် တောက်ပလာတော့သည်။ သူသည် ရွှေရောင်အလင်းဂါထာကို ရန်သူနှင့် တိုက်ခိုက်ရန် ထုတ်ဖော်ခြင်း မဟုတ်ဘဲ ထိုအမှတ်အသားကို အသက်သွင်းရန် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အဝေးတွင် နတ်ဆရာကြီးနှင့် အခြားသူများမှာ မိစ္ဆာဓာတ်များ ပျံ့နှံ့လာမည့်အရေးကို အသင့်စောင့်နေကြသည်။ သို့သော် ထိုအချိန်တွင် ရွှေရောင်အလင်းတန်း တစ်ခုသည် မြူခိုးမှိုင်းနေသော မိစ္ဆာဓာတ်များကို ဖောက်ထွက်ကာ ရောင်ခြည်ပေါင်း သောင်းခြောက်ထောင် ဖြာထွက်လာတော့သည်။

ထိုရွှေရောင်အလင်းသည် အုံ့မှိုင်းနေသော နေ့တစ်နေ့တွင် တိမ်တိုက်များကို ဖောက်ထွက်လာသော နေရောင်ခြည်ကဲ့သို့ အလွန်ပင် လှပတောက်ပလှသည်။

တောင်တန်းတစ်ခုလုံးတွင် ယခုအခါ စူးရှလှသော အော်ဟစ်ညည်းညူသံများကိုသာ ကြားနေရတော့သည်။ ထိုထူးဆန်းပြီး ရွံစရာကောင်းသော မိစ္ဆာသတ္တဝါများသည် ဤရွှေရောင်အလင်းနှင့် ထိတွေ့သည်နှင့် သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် အရည်ပျော်သွားကာ အမည်းရောင် အရည်များအဖြစ် ပြောင်းလဲကုန်ကြသည်။

“မဖြစ်နိုင်တာ မင်း ဘယ်လိုလုပ်ပြီး...”

ဆင့်ချူးသည် မျက်လုံးများ ပြူးသွားပြီး လုပေါင်ကို ထိတ်လန့်တုန်လှုပ်စွာ အော်ပြောသည်။ သို့သော် သူ စကားမဆုံးမီမှာပင် ရွှေရောင်အလင်းတန်းမှာ သူ၏ဆီသို့ ရောက်ရှိလာပြီး စူးရှသော အော်သံများသာ ကျန်ရစ်တော့သည်။

တောင်တန်း တစ်လျှောက်လုံးတွင် မိစ္ဆာသတ္တဝါ တစ်ကောင်မျှပင် မကျန်တော့ဘဲ အလွန်ရွံစရာကောင်းသော အမည်းရောင် အချွဲများသာ ကျန်ရစ်တော့သည်။ ၎င်းမှာ မိစ္ဆာများ အရည်ပျော်ပြီးနောက် ကျန်ခဲ့သည့် အရာများ ဖြစ်သော်လည်း အန္တရာယ် မရှိတော့ပေ။

ကမ်းပါးစွန်းတွင်မူ ခုနက မာန်တက်နေသော ဆင့်ချူးသည် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများဖြင့် မြေပြင်ပေါ်သို့ လဲကျနေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ မိစ္ဆာအသွင်ပြောင်းလဲမှုမှာ မပြည့်စုံသေးသဖြင့် မိစ္ဆာချုပ်နှောင်ရေးစေတီ၏ မိစ္ဆာနှိမ်နင်းရာ အမှတ်အသား များသည် သူ့ကို အသက်မဆုံးစေဘဲ ပြင်းထန်သော ဒဏ်ရာကိုသာ ရရှိစေခဲ့သည်။

“ငါ ပြောသားပဲ လုပ်စရာတွေ အများကြီး ရှိပါလျက်နဲ့ ဘာလို့ ငါ့ကိုမှ လာပစ်မှတ်ထားရတာလဲ။”

ဤအချိန်တွင် လုပေါင်သည် ဆင့်ချူး၏ အနားသို့ လမ်းလျှောက်သွားပြီး လှောင်နေသော မျက်နှာဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။ ဆင့်ချူးမှာ မြေပြင်ပေါ်တွင် ဝပ်လျက် မျက်လုံးများမှာ အရောင်အဝါ မရှိတော့ဘဲ စိတ်လွတ်နေပုံရသည်။

ဒါကို မြင်တော့ လုပေါင်လည်း စကားများများ ပြောမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို ပုခုံးပေါ်သို့ ထမ်းလိုက်သည်။ ထို့နောက် လင်းနို့ကို အောက်ခြေမရှိသောတွင်းထဲမှ အတင်းဆွဲထုတ်လိုက်သည်။

“ဟေး ငါ ခုနကမှ တိုက်ချင်စိတ်တွေ တက်ကြွလာတာ ရန်သူတွေ ဘယ်ရောက်ကုန်ပြီလဲ။”

ထွက်လာသည်နှင့် လင်းနို့သည် အလိုအလျောက် နောက်သို့ တွန့်သွားပြီးမှ ရန်သူများ မရှိတော့သည်ကို မြင်သောအခါ ဒေါသတကြီး အော်ပြောတော့သည်။

“ဖြောင်း”

၎င်း အော်လိုက်သည်နှင့် လုပေါင်က ၎င်း၏ ခေါင်းကို ရိုက်လိုက်တောဘသည်။

“စကားများမနေနဲ့ သွားမယ်။”

ချက်ချင်းပင် လုပေါင်သည် ဆင့်ချူးကို ထမ်းကာ လင်းနို့ကျောပေါ်သို့ တက်လိုက်သည်။

“ကောင်းပါပြီလေ ဆရာကြီးက သတ္တိကောင်းလွန်းလို့ ကျွန်တော့်ကိုတောင် အကူအညီ မတောင်းလိုက်ရဘူး။ မဟုတ်ရင်တော့ သူတို့ကို မြောက်အရပ် ဘယ်မှာမှန်းတောင် မသိအောင် ကျွန်တော် ရိုက်နှက်လိုက်မှာ။”

ဤနေရာတွင် လင်းနို့သည် အခြေအနေကို အခွင့်ကောင်းယူကာ စကားကြီး စကားကျယ် ပြောနေတော့သည်။

နဂါးကျားတောင်။

မိစ္ဆာဓာတ်များ ပျောက်ကွယ်သွားသည်ကို မြင်ရသောအခါ ဘာဖြစ်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း အားလုံးပင် သတိကို လျှော့ချလိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် အဝေးမှ ကြီးမားသော လင်းနို့တစ်ကောင် သူတို့ဆီသို့ ပျံသန်းလာသည်။

“ဟမ် အဲဒီကောင်က ငါ့ရဲ့ နဂါးကျားတောင်ကိုတောင် လာရဲတယ်ပေါ့။”

“ငါတို့ကို အထင်သေးလွန်းတယ် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲလေး တစ်ကောင်က ဒီကို လာရဲတယ်လား။”

“အားလုံး စိတ်စုစည်းကြစမ်း မိုးကြိုးအတတ်ကို သုံးကြ။”

ချက်ချင်းပင် ထိုလင်းနို့ကို မြင်လိုက်ရသဖြင့် တာအိုဆရာများ အုပ်စုသည် တရားမျှတသော ဒေါသများဖြင့် အော်ဟစ်ကြသည်။

ထို့နောက်တွင်မူ...

လုပေါင်ကိုတင်ဆောင်ကာ သီချင်းတအေးအေးဖြင့် နဂါးကျားတောင်သို့ ပျံသန်းလာသော လင်းနို့သည် ရုတ်တရက် တစ်ကိုယ်လုံး တွန့်လိမ်သွားပြီး မရေမတွက်နိုင်သောမိုးကြိုးတန်းများ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ကျရောက်လာလေတော့သည်။

All Chapters