အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း ၂၃၉- ကျွန်တော်က နတ်ဆရာကြီး ဖြစ်သွားတာလား။
သို့သော် ပြောသလောက် မလွယ်ကူပေ။ လုပေါင် သည် အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း ဤရွှေရောင်အလင်းလုံးများကို မည်သို့ထိတွေ့ရမည်ကို အဖြေမထွက်ခဲ့ပေ။
ယခုဆိုလျှင် သန်းခေါင်ယံသို့ နီးကပ်နေပြီဖြစ်သည်။ လုပေါင် ဤရွှေရောင်အလင်းလုံးများကို စတင်တွေ့ရှိချိန်မှ ယခုအထိ သုံးနာရီတိတိ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ဤအချိန်အတောအတွင်း သူစဉ်းစားမိသမျှ နည်းလမ်းပေါင်းစုံကို စမ်းသပ်ခဲ့သော်လည်း ထိုအလင်းလုံးများနှင့် မည်သို့မျှ ဆက်သွယ်၍မရခဲ့ပေ။ ဤရွှေရောင်အလင်းလုံးများထဲတွင် ရှိနေသောအရာမှာ သာမန်အရာမဟုတ်ကြောင်း သူ ရှင်းလင်းစွာ ခံစားနေရသည်။
“ဒါကို သုံးကြည့်ရမလား...”
လုပေါင် သည် မိမိဘာသာ ရေရွတ်ရင်း ယခင်က ခိုးယူထားသော ရတနာဂိုဒေါင် မှ လိမ်လည်ရယူခဲ့သော ဉာဏ်အလင်းပွင့်ဆေး ကို ထုတ်ယူလိုက်သည်။ ဉာဏ်အလင်းပွင့်ဆေးမှာ မူလကတည်းက ရွှေရောင်ဆေးလုံးလေးဖြစ်ပြီး ယခု လုပေါင်၏ လက်ထဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆေးလုံးအပေါ်မှ ရွှေရောင်အလင်းတန်းမှာ ဖြည်းဖြည်းချင်း တောက်ပလာတော့သည်။
ဤတုံ့ပြန်မှုက ခုပေါင်၏ တွေးထင်ချက်ကို ပိုမိုခိုင်မာစေသည်။ အကြီးအကဲ နတ်ဆရာကြီး ပြောခဲ့ဖူးသည်မှာ ဤဆေးလုံးကို အထူးခြားဆုံးသော ပတ်ဝန်းကျင်မျိုးတွင် သောက်သုံးရမည်ဟု ဖြစ်သည်။ ယခုကြည့်ရသည်မှာ ဤယဇ်ပူဇော်ရာ ခန်းမဆောင်ကြီးထက် ပို၍ထူးခြားသောနေရာ ရှိပါဦးမည်လော။
ဤနေရာမှာ သာမန်လူများ လုံးဝမဝင်နိုင်သော နေရာဖြစ်ပြီး နဂါးကျားတောင်တန်းမှ နတ်ဆရာများပင် ဝင်ခွင့်ရခဲသော နေရာဖြစ်သည်။ ထို့အပြင် ဤနေရာတွင် ပူဇော်ထားသူများမှာ နဂါးကျားတောင်တန်း၏ ဘိုးဘေးဘီဘင် အစဉ်အဆက်များဖြစ်ပြီး တစ်ဦးချင်းစီမှာ အလွန်စွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
“စမ်းကြည့်တာပေါ့။”
ဆေးလုံးကို သောက်လိုက်လျှင် ကုန်သွားမည်ဖြစ်သော်လည်း ထိုရတနာများအတွက် လုပေါင် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် တင်ပျဉ်ခွေပြန်ထိုင်လိုက်ပြီး လက်ထဲမှ ဆေးလုံးကို ချက်ချင်း မျိုချလိုက်သည်။
လက်ထဲတွင် ကိုင်ထားစဉ်က အလွန်မာကျောသော ဆေးလုံးမှာ ပါးစပ်ထဲရောက်သည်နှင့် တစ်ပြိုင်နက် အရည်ပျော်သွားပြီး နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် လုပေါင် ၏ ဒန်ထျန် စိတ်ဝိညာဉ်အတွင်းသို့ စီးဝင်သွားသည်။ထို့နောက် လုပေါင် သည် တစ်ကမ္ဘာလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ ဤခံစားချက်မှာ ခေါင်းမူးခြင်းမျိုးမဟုတ်ဘဲ အလွန်အမင်း သက်သောင့်သက်သာရှိသော ခံစားချက်မျိုးဖြစ်သည်။
ယခင်က မြင်သာသော်လည်း ထိတွေ့၍မရခဲ့သော အလင်းလုံးများမှာ ဤအချိန်တွင် ဘုန်းခနဲ ပေါက်ကွဲထွက်သွားကြသည်။ ၎င်းတို့သည် ရွှေရောင်လူရုပ်ပုံလွှာများအဖြစ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတော့သည်။ ထိုရုပ်ပုံလွှာများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သာယာသော ရယ်မောသံများပြုကာ လုပေါင် ထံသို့ လှမ်းလာကြသည်။
ယခုအခါ လုပေါင်သည် အလွန်နက်ရှိုင်းသော အသိတရားအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော်လည်း သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ထိုရွှေရောင်အလင်းတန်းများကြားမှ စွမ်းအင်အချို့မှာ လုပေါင် ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေတော့သည်။
အကြီးအကဲ နတ်ဆရာကြီး၏ အခန်းအတွင်း၌။
သူသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း သူ၏ကျင့်စဉ်ကို တိတ်ဆိတ်စွာ လည်ပတ်နေသည်။ သူ၏အသက်အရွယ်အရ ခွန်အားများ ထပ်မံတိုးတက်ရန် မဖြစ်နိုင်တော့သော်လည်း ကျင့်စဉ်ကို လည်ပတ်ခြင်းမှာ သူ၏ နှစ်ရှည်လများ အလေ့အကျင့်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။
“ဝုန်း”
ထိုခဏမှာပင် အကြီးအကဲ နတ်ဆရာကြီး၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အခန်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားတော့သည်။ မကြုံစဖူးသော ဖိအားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤအချိန်၌ လုပေါင်သာ အရှေ့တွင် ရှိနေပါက အသက်ရှူရကျပ်သည်အထိ ထိုဖိအားကို ခံစားရပေလိမ့်မည်။ ဤသည်မှာ နဂါးကျား တောင်တန်း၏ အထွတ်အထိပ် နတ်ဆရာကြီး၏ စစ်မှန်သော စွမ်းအားပင် ဖြစ်သည်။
“ဘယ်သူက ငါ့ဂိုဏ်းရဲ့ ပညာလွှဲပြောင်းခြင်း ကို စတင်လိုက်တာလဲ။”
သူသည် အသံဩဇာကြီးကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အခန်းအတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် အကြီးအကဲ နတ်ဆရာကြီးသည် ဝိညာဉ်ခန်းမ၏ တံခါးဝသို့ ရောက်ရှိလာသည်။ သို့သော် သူရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အံ့အားသင့်သွားရသည်။ ယဇ်ပူဇော်ရာခန်းမအတွင်း၌လုပေါင် သည် မြေပြင်ပေါ်တွင် ထိုင်နေခြင်းမဟုတ်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေသည်။
သေချာကြည့်လိုက်လျှင် ပူဇော်ထားသော ဝိညာဉ်ပြားများနှင့် ရုပ်ထုများမှ ရွှေရောင်မျှင်တန်းလေးများမှာ လုပေါင်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အကြီးအကဲ နတ်ဆရာကြီး၏ ပတ်ဝန်းကျင်မှ ဖိအားများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ကြောင်တောင်တောင် အမူအရာသာ ကျန်ရစ်တော့သည်။
“နတ်ဆရာကြီး”
“ဆက်ခံမယ့်သူကို ရှာတွေ့ပြီလား။”
“နေပါဦး... ဒါက မဖြစ်နိုင်ဘူး။ ပညာလွှဲပြောင်းခြင်း စတင်ပြီဆိုရင် နတ်ဆရာကြီးက ဘာလို့ အပြင်မှာ ရောက်နေတာလဲ။”
မကြာမီ ထိုအရှိန်အဝါကို ခံစားမိသော အခြားနတ်ဆရာများလည်း အရပ်မျက်နှာအသီးသီးမှ ပြေးလာကြသည်။ သို့သော် အကြီးအကဲ နတ်ဆရာကြီးကဲ့သို့ပင် ခန်းမဆောင်တံခါးဝသို့ ရောက်ရှိပြီး အတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ အားလုံးမှာ ဆွံ့အသွားကြတော့သည်။
ပညာလွှဲပြောင်းခြင်း ဆိုသည်မှာ နတ်ဆရာကြီးရာထူးကို လွှဲပြောင်းပေးအပ်ရာတွင် ပြုလုပ်ရသည့် မရှိမဖြစ်လိုအပ်သော အခမ်းအနားတစ်ခုဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ယခင်နတ်ဆရာကြီးက သူ၏တစ်သက်တာ သင်ယူခဲ့သမျှ ပညာရပ်အားလုံးကို နတ်ဆရာကြီးအသစ်ထံသို့ သင်ကြားပေးအပ်ရခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့်လည်း နဂါးကျားတောင်တန်းသည် နှစ်ပေါင်းများစွာတိုင်အောင် မဆုတ်ယုတ်ဘဲ တည်တံ့နေခြင်းဖြစ်သည်။
သို့သော် ယခုဖြစ်ပျက်နေသော ပညာလွှဲပြောင်းခြင်းမှာ လူတိုင်း၏ နားလည်မှုကို ကျော်လွန်နေသည်။ မှတ်တမ်းများအရ ပညာလွှဲပြောင်းခြင်းအားလုံး အကြီးအကဲ နတ်ဆရာကြီး ကိုယ်တိုင် ခံယူခဲ့စဉ်က အပါအဝင် မ နတ်ဆရာကြီးကိုယ်တိုင်က စိမံခန့်ခွဲရခြင်းဖြစ်သည်။ သို့သော် ယခုမူ လုပေါင် သည် လွန်ခဲ့သော မျိုးဆက်ပေါင်းများစွာမှ နတ်ဆရာကြီးများ၏ ဝိညာဉ်ပြားများထံမှ တိုက်ရိုက် ပညာလွှဲပြောင်းခြင်းကို ခံယူနေရသည် မဟုတ်ပါလား။
အားလုံးမှာ ဆွံ့အသွားကြသည်။ သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသောအရာမှာ သူတို့၏ အသိဉာဏ်ကို လုံးဝကျော်လွန်နေသဖြင့် ဘာပြောရမှန်းပင် မသိဖြစ်နေကြသည်။
“ဒါဆို... သူငယ်ချင်းလေး လု က အရင်မျိုးဆက် နတ်ဆရာကြီးတွေ ကိုယ်တိုင် ရွေးချယ်လိုက်တဲ့သူလား။”
အတော်ကြာမှ အကြီးအကဲ နတ်ဆရာကြီးသည် ခန်းမအတွင်းရှိ လုပေါင်၏ ကျောပြင်ကို ကြည့်ရင်း မိမိဘာသာ ရေရွတ်လိုက်သည်။
ဤအချိန်တွင် လုပေါင် မှာ ပြင်ပကမ္ဘာမှ ဖြစ်ပျက်သမျှကို လုံးဝမသိရှိပေ။ သူ၏ စိတ်ကမ္ဘာထဲတွင်မူ ထိုရွှေရောင်ရုပ်ပုံလွှာများ ပေါ်လာတိုင်း သူ့အား နတ်ပညာ တစ်ခုစီကို သင်ကြားပေးနေကြသည်။ ထိုနတ်ပညာတစ်ခုချင်းစီမှာ ရွှေရောင်အလင်းဂါထာ ကဲ့သို့ပင် နက်နဲဆန်းကြယ်လှသည်။ သူသည် ထိုအမွေအနှစ်များထဲတွင် လုံးဝ စိတ်နှစ်ဝင်စားနေခဲ့သည်။
အချိန်များ ကုန်လွန်သွားရာ လုပေါင် ၏ ကျင့်ကြံမှုမှာ သုံးရက်တိတိ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် သုံးရက်မြောက်နေ့ မွန်းတည့်ချိန်၌ လုပေါင်၏ ခန္ဓာကိုယ်မှာ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ယဇ်ပူဇော်ရာ ဖျာပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။
ထို့နောက် လုပေါင် သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်နေသည်။ ဘာကြောင့်မှန်းမသိ သူသည် ထူးဆန်းသော နတ်ပညာများစွာကို သင်ယူခဲ့ရသည်ဟု မှတ်မိနေသော်လည်း ယခု မျက်လုံးဖွင့်လိုက်သည့် ခဏမှာပင် ထိုသင်ယူခဲ့သမျှ အရာအားလုံးကို လုံးဝ မေ့သွားခဲ့ပြီဖြစ်သည်။
တစ်ခုတည်းသော အချက်မှာမူ သူ၏ စိတ်ဝိညာဉ်အတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ရှိနေသည်ကို သူ ခံစားနေရခြင်းပင်။
“ဒါတော့ မဖြစ်ဘူး အကြီးအကဲ နတ်ဆရာကြီးကို သွားမေးမှဖြစ်မယ်။ မဟုတ်လို့ အကုန်မေ့သွားရင် ငါတော့ အရှုံးကြီး ရှုံးတော့မှာပဲ။”
လုပေါင် သည် အကြီးအကဲ နတ်ဆရာကြီးကို သွားရှာရန် ချက်ချင်း ထရပ်လိုက်သည်။
သို့သော် လုပေါင် ထရပ်လိုက်သည့် ခဏမှာပင် သူ့ပတ်ပတ်လည်တွင် နတ်ဆရာများစွာ အစီအရင်ဖြင့် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူ၏ ရှေ့တည့်တည့်တွင် အသက်အကြီးဆုံး နတ်ဆရာနှစ်ဦးမှာ နတ်ဆရာဝတ်ရုံကြီးတစ်ခုကို တစ်ဖက်တစ်ချက်စီမှ ကိုင်မြှောက်ထားကြသည်။
“နတ်ဆရာကြီး အသစ်ကို ကြိုဆိုပါတယ်။”
ထိုနေရာရှိ လူအားလုံးမှာ လုပေါင်ကို ကြည့်ကာ တစ်ပြိုင်နက်တည်း အော်ဟစ်ကြိုဆိုလိုက်ကြသည်။
ထိုအသံများကို ကြားလိုက်ရသည့်အခါ လုပေါင် ၏ နှုတ်ခမ်းဖျားမှာ သိသိသာသာ တုန်ခါသွားသည်။.
‘ဘာတွေလဲဟ.. ငါ ဘာမှလည်း မလုပ်ရသေးဘူး နတ်ဆရာကြီး ဖြစ်သွားတာလား။’
“အဟမ်း... ခင်ဗျားတို့ တစ်ခုခု မှားနေတာများလား။”
လုပေါင် သည် မျက်တောင်ခတ်ရင်း အတင်းအကျပ် ရယ်မောကာ မေးလိုက်သည်။
“နတ်ဆရာကြီးခင်ဗျာ... ကျေးဇူးပြုပြီး ဝတ်စုံလဲပေးပါ။”
သို့သော် ထိုနတ်ဆရာနှစ်ဦးမှာ နတ်ဆရာဝတ်ရုံကို ကိုင်ဆောင်ရင်း လုပေါင် အနားသို့ လာကာ ရိုသေစွာ လျှောက်တင်လိုက်ကြလေတော့သည်။
အခန်း၂၄၀- မလုပ်ပါနဲ့ ကျွန်တော် တကယ်ပဲ နတ်ဆရာ မလုပ်ချင်ပါဘူး။
လုပေါင် ၏ ကိုယ်ပိုင်အတွေးအရဆိုလျှင်
ဤ နဂါးကျား တောင်တန်းသည် သေးငယ်လှသော နေရာလေးဖြစ်ပြီး ရှေးရိုးစွဲလွန်းသော ဂိုဏ်းတစ်ခုလည်း ဖြစ်သည်။
ယခင်က ဆင့်ချူးပြစ်ပေးခံရပုံကို ကြည့်ရုံနှင့်ပင် စည်းကမ်းများမှာ သေလုမတတ် များပြားလွန်းလှသည်။ အကယ်၍ သူသာ နတ်ဆရာကြီး ဖြစ်လာပါက ထိုထက်မကသော စည်းကမ်းများကို လိုက်နာရမည် မဟုတ်ပါလား။
ထို့ကြောင့် ခန်းမအတွင်း၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
နတ်ဆရာတစ်စုမှာ လုပေါင်နောက်သို့ လိုက်လံပြေးလွှားရင်း နတ်ဆရာကြီး၏ ဝတ်ရုံကို ဝတ်ဆင်ပေးရန် ကြိုးစားနေကြပြီးလုပေါင် ကမူ နည်းမျိုးစုံဖြင့် ငြင်းဆန်နေလေသည်။
“နတ်ဆရာကြီးခင်ဗျာ...ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒါက စည်းမျဉ်းမို့လို့ပါ ခဏလေးပဲ ဝတ်ပေးပါ။”
“ဟုတ်ပါတယ် တကယ်လို့ အဆင်မပြေဘူးဆိုရင် ဝတ်ပြီးတာနဲ့ ချက်ချင်း ပြန်ချွတ်လို့ ရပါတယ်။”
“နတ်ဆရာကြီး... ဒါကို တွန်းမထုတ်ပါနဲ့တော့။”
ခေတ္တမျှအတွင်းမှာပင် နတ်ဆရာတစ်စုမှာ မျက်နှာငယ်လေးများဖြင့် လုပေါင် ကို အသနားခံနေကြရသည်။
Lu Bao မှာ အားကိုးရာမဲ့စွာဖြင့်
“ဒီလိုမလုပ်ကြပါနဲ့ ကျွန်တော် သဘောမတူသေးဘူးလေ ဘယ်သူက ခင်ဗျားတို့ရဲ့ နတ်ဆရာကြီးလဲာ ဖယ်ကြစမ်း ဖယ်ကြစမ်းပါ။”
အကယ်၍ အခြားသူများသာ ဤမြင်ကွင်းကို မြင်လိုက်ရပါက အလွန်အမင်း မနာလိုဖြစ်ကြပေလိမ့်မည်။ အကြောင်းမှာ ဤသည်မှာ နဂါးကျား တောင်တန်း၏ နတ်ဆရာကြီး ရာထူးဖြစ်နေသောကြောင့်ပင်။
“ကဲ... သူ မဝတ်ချင်လည်း မဝတ်ပါစေနဲ့တော့။”
သူတို့ ငြင်းခုံနေကြစဉ်မှာပင် အကြီးအကဲ နတ်ဆရာကြီး၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“သူငယ်ချင်းလေး လု ငါ့နဲ့ခန်းမဆောင်ကို လိုက်ခဲ့ပါဦး။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။နဂါးကျားတောင်တန်း၏ သမိုင်းတစ်လျှောက်တွင် ရာထူးဆက်ခံပြီးနောက် နတ်ဆရာဝတ်ရုံ မဝတ်သည့် နတ်ဆရာကြီးဟူ၍ တစ်ဦးမျှ မရှိခဲ့ဖူးပေ။ သို့သော်လည်း တစ်ဖက်က ပြန်တွေးကြည့်လျှင် လုပေါင်သည် နတ်ဆရာကြီးရာထူးကို ပုံမှန်နည်းလမ်းဖြင့် ရရှိခဲ့ခြင်းလည်း မဟုတ်ပေ။ ထို့အပြင် ယခုအခါ အကြီးအကဲ နတ်ဆရာကြီးကိုယ်တိုင်က ပြောလာပြီဖြစ်သောကြောင့် နတ်ဆရာတစ်စုမှာ သူ့ကို ထပ်မတားကြတော့ပေ။
လုပေါင် သည် နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး တစ်ချက်ချနိုင်တော့သည်။
ဤနတ်ဆရာများမှာ စည်းကမ်းများကို အလွန်အမင်း စွဲလမ်းလွန်းလှသည်။သူတို့နှင့် စကားပြောရသည်မှာ လုံးဝ အဆင်မပြေနိုင်ပေ။ အကြီးအကဲ နတ်ဆရာကြီးနှင့် စကားပြောရသည်က ပိုကောင်းပေလိမ့်မည်။ အကြောင်းမှာ အကြီးအကဲ နတ်ဆရာကြီးမှာ အသက်အရွယ်ရလာသည်နှင့်အမျှ စိတ်ထားပွင့်လင်းလာပြီး ရှေးရိုးစွဲလွန်းသူတစ်ဦး မဟုတ်တော့သောကြောင့် ဖြစ်သည်။
ထို့အပြင် လုပေါင်ကိုယ်တိုင်လည်း ဘာတွေဖြစ်ပျက်နေသည်ကို အတိအကျ မသိရှိသေးပေ။ ထို့ကြောင့် သူသည် အခြေအနေအရ လိုက်လျောပြီး ခန်းမဆောင်သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
မကြာမီ လုပေါင်သည် ခန်းမဆောင်သို့ ရောက်ရှိလာသည်။
အတွင်းသို့ ဝင်လိုက်သည့်အခါ ခန်းမဆောင်ကြီးမှာ ခန့်ညားထည်ဝါနေသလို တစ်ဖက်တွင်လည်း ပွဲလမ်းသဘင်တစ်ခုကဲ့သို့ အလှဆင်ထားသည်ကို တွေ့လိုက်ရသည်။
“ကျွန်တော် ပြောပါရစေဦး အကြီးအကဲ နတ်ဆရာကြီး ကျွန်တော်တို့ကို အတင်းအကျပ် မလုပ်သင့်ဘူးလေ။ ကျွန်တော်က ခင်ဗျားတို့ နဂါးကျား တောင်တန်းရဲ့ နတ်ဆရာကြီး ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။”
လုပေါင်က အကြီးအကဲ နတ်ဆရာကြီးကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
အကြီးအကဲ နတ်ဆရာကြီးက ခပ်မှိန်မှိန် ပြုံးလိုက်ပြီး
“မင်းက ငါတို့ဂိုဏ်းရဲ့ ပညာလွှဲပြောင်းခြင်း ကို လက်ခံခဲ့ပြီးပြီလေ။ မင်းက နတ်ဆရာကြီး မဟုတ်ရင် ဘယ်သူက ဖြစ်မှာလဲ။”
“ပညာလွှဲပြောင်းခြင်း...”
လုပေါင် မှာ ကြောင်သွားတော့သည်။ သူသည် ဤအကြောင်းကို ဘာမှမသိပေ။
အကြီးအကဲ နတ်ဆရာကြီးက ခေါင်းညိတ်ပြပြီး ထိုညက လုပေါင်သည် ပညာလွှဲပြောင်းခြင်းကို မည်သို့စတင်ခဲ့ကြောင်း ပြန်လည်ပြောပြလေသည်။ အကြီးအကဲ နတ်ဆရာကြီး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်မှ လုပေါင် လုံးဝ နားလည်သွားတော့သည်။
ဆိုလိုသည်မှာ သူမြင်တွေ့ခဲ့ရသော ပုံရိပ်များမှာ သူ့အား တာအို ပညာရပ်များကို လွှဲပြောင်းပေးရန် တာဝန်ရှိသည့်သူများပင်ဖြစ်၏။
“သူငယ်ချင်းလေး လု အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို အတိအကျ ပြောပြနိုင်မလား။”
အကြီးအကဲ နတ်ဆရာကြီးမှာလည်း လုပေါင် သည် ထိုပညာလွှဲပြောင်းခြင်းကို မည်သို့ စတင်နိုင်ခဲ့သည်ကို စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
လုပေါင် မှာ ယခုအခါ အလွန်အမင်း မတရားသလို ခံစားနေရသည်။ အကယ်၍ သူသာ ဂါထာမန္တန် အမြောက်အမြား သင်ယူခဲ့ရမည်ဆိုပါက နတ်ဆရာကြီး လုပ်ရသည်မှာ ကိစ္စမရှိသော်လည်း ယခုမူ သူက အရာအားလုံးကို မေ့သွားခဲ့ပြီဖြစ်သည်။ ဘာမှမရဘဲ နတ်ဆရာကြီး လုပ်ရသည်မှာ အရှုံးကြီး ရှုံးနေသည် မဟုတ်ပါလား။
ထို့ကြောင့် လုပေါင်က ဖြစ်ပျက်သမျှကို အစအဆုံး ပြန်ပြောပြလိုက်သည်။
“ပုံရိပ်တွေ အများကြီး ဟုတ်လား။”
လုပေါင်၏ စကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲ နတ်ဆရာကြီး၏ နှုတ်ခမ်းဖျားမှာ သိသိသာသာ တုန်ခါသွားသည်။ အကြီးအကဲ နတ်ဆရာကြီးကိုယ်တိုင် ပညာလွှဲပြောင်းခြင်း ခံယူစဉ်က ဘိုးဘေးတစ်ဦးထံမှ ပြောင်းလဲလာသော ရွှေရောင်အလင်းတန်း တစ်ခုတည်းသာ ရှိခဲ့သည်။ သို့သော် ထိုတစ်ခုတည်းနှင့်ပင် လုံလောက်နေပြီဖြစ်သည်။ လုပေါင်အတွက်မူ အများကြီး ဖြစ်နေသည်။
“အို... မြတ်စွာဘုရား သူငယ်ချင်းလေး လုရယ်... မင်းကတော့ တကယ်ကိုပဲ...”
အကြီးအကဲ နတ်ဆရာကြီးသည် လုပေါင် ကို ကြည့်ရင်း ခေတ္တမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။ လုပေါင် သည် ဉာဏ်အလင်းပွင့်ဆေး ကို သောက်သုံးပြီးမှ ဤအမွေအနှစ်ကို ရရှိခဲ့သည်ဆိုသော်လည်း အမှန်စင်စစ်တွင် ယခင်ကလည်း ယဇ်ပူဇော်ရာခန်းမ၌ ပညာဉာဏ်ပွင့်ဆေး သောက်ခဲ့သော နတ်ဆရာကြီးများစွာ ရှိခဲ့ဖူးသည်။ သို့သော် လုပေါင် ကဲ့သို့ အဖြစ်မျိုးမှာ ပထမဆုံးပင်ဖြစ်၏။
“ဘာပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး။ သူတို့သင်ပေးတဲ့ ဂါထာတွေကို ကျွန်တော် အကုန်မေ့ကုန်ပြီ တစ်ခုမှ မမှတ်မိဘူး။ ဘာမှမရဘဲနဲ့တော့ ကျွန်တော့်ကို နတ်ဆရာကြီး လာမလုပ်ခိုင်းပါနဲ့။”
လုပေါင်က လက်ကို ဝှေ့ယမ်းရင်းပြောလိုက်သည်။
သို့သော် လုပေါင်အရာအားလုံး မေ့သွားသည်ဟု ကြားလိုက်ရသောအခါ အကြီးအကဲ နတ်ဆရာကြီး၏ မျက်နှာမှာ ပို၍ပင် ထူးဆန်းသွားသည်။
“ဒါဆို... မင်းရဲ့ စိတ်ဝိညာဉ်ထဲမှာ ရွှေရောင်အလင်းတန်းတစ်ခု ရှိနေလား။”
အကြီးအကဲ နတ်ဆရာကြီးက တံတွေးကို ခက်ခဲစွာ မျိုချရင်း စမ်းသပ်မေးမြန်းလိုက်သည်။
လုပေါင် က ခေါင်းညိတ်ပြီး
“ဟုတ်တယ် အဲဒါကို ပြောမလို့ပဲ။ ဘာဖြစ်လို့လဲ။”
ထိုအခိုက်အတန့်မှာပင် တင်ပျဉ်ခွေထိုင်နေသော အကြီးအကဲ နတ်ဆရာကြီးမှာ ရုတ်တရက် ရှေ့သို့ အဟုန်ဖြင့် တိုးဝင်လာသည်။ သူ၏ စစ်မှန်သောစွမ်းအင် များမှာ ရုပ်လုံးပေါ်လာလုမတတ် ဖြစ်နေပြီး လက်ညှိုးဖြင့် လုပေါင်၏ နဖူးကို တိုက်ရိုက် ချိန်ရွယ်ကာ ထိုးလိုက်လေသည်။
သာမန်အခြေအနေမျိုးတွင် လုပေါင်သည် သေချာပေါက် တုံ့ပြန်နိုင်မည်ဖြစ်သည်။ သို့သော် သူသည် အကြီးအကဲ နတ်ဆရာကြီးအပေါ် မည်သည့်သံသယမှ မရှိခဲ့သလို တိုက်ခိုက်မှုမှာလည်း ရုတ်တရက်ဆန်လွန်းလှသဖြင့် လုပေါင် သတိဝင်လာချိန်တွင် အကြီးအကဲ နတ်ဆရာကြီး၏ လက်ညှိုးမှာ သူ၏နဖူးနှင့် ထိလုနီးပါး ဖြစ်နေပြီဖြစ်သည်။
“အကြီးအကဲ နတ်ဆရာကြီး... ခင်ဗျား... ဟိုဟာပဲ...”
လုပေါင် ၏ ခန္ဓာကိုယ် မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ပါးစပ်က အရင် ဆဲဆိုလိုက်မိသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် လုပေါင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ အလိုအလျောက် လည်ပတ်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် တိုက်ခိုက်ခံရသည့် နဖူးနေရာတွင် မီးခိုးရောင် အရှိန်အဝါတစ်ခု ချက်ချင်း ပေါ်ပေါက်လာပြီး ဝန်းရံသွားသည်။
အကြီးအကဲ နတ်ဆရာကြီး၏ လက်ညှိုးသည်လည်း လုပေါင်၏ နဖူးကို ထိုအချိန်တွင် ထိမှန်သွားလေသည်။
“ဘုန်း”
ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ လုပေါင်မှာ ဘာမှမခံစားရသော်လည်းအကြီးအကဲ နတ်ဆရာကြီးမှာမူ နောက်သို့ လွင့်ထွက်သွားကာ နံရံကို ပြင်းထန်စွာ ဆောင့်မိသွားလေတော့သည်။ ယခုမှပင် အကြီးအကဲ နတ်ဆရာကြီးသည် သူ့ကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ စမ်းသပ်နေခြင်းဖြစ်ကြောင်း လုပေါင် နားလည်သွားတော့သည်။
“မင်း ခုနက ဘယ်သူ့ကို ဆဲလိုက်တာလဲ။”
အကြီးအကဲ နတ်ဆရာကြီးသည် နံရံမှ ဖြည်းဖြည်းချင်း ပြန်ထလာပြီး သက်ပြင်းချကာလုပေါင် ကို မေးလိုက်သည်။
လုပေါင် က အနည်းငယ် ချောင်းဟန့်လိုက်ပြီး။
“ဟင်...ကျွန်တော် ဆဲလို့လား။ဘယ်သူကြားလဲ။အသံသွင်းထားတာ မရှိဘဲနဲ့ လျှောက်မပြောနဲ့လေ။”
လုပေါင် ၏ စကားကြောင့် အကြီးအကဲ နတ်ဆရာကြီးမှာ ခါးသကသက် အပြုံးဖြင့် နှုတ်ခမ်းများ တွန့်သွားသည်။ ယခုအချိန်မှာ ထိုကိစ္စကို အရေးတယူ လုပ်နေရမည့် အချိန်မဟုတ်ပေ။
လုပေါင် သည် အကြီးအကဲ နတ်ဆရာကြီးအနားသို့ စပ်စုလိုစိတ်ဖြင့် လျှောက်သွားကာ။
“အကြီးအကဲ နတ်ဆရာကြီး...ဘာတွေဖြစ်နေတာလဲ။”
ဇဝေဇဝါဖြင့်မေးလိုက်သည်။
သူ စကားပြောလိုက်သည်နှင့် အကြီးအကဲ နတ်ဆရာကြီး၏ နာကျည်းမှုနှင့် မနာလိုမှုများ ရောယှက်နေသော အကြည့်ကို ခံစားလိုက်ရသည်။
“တာအို မြင့်မြတ်လှသော ခန္ဓာကိုယ် ကာကွယ်မှု...”
အကြီးအကဲ နတ်ဆရာကြီးက ခါးသီးသော အပြုံးဖြင့် ခေါင်းခါရင်း ရေရွတ်လိုက်သည်။
လုပေါင် မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ၏မျက်နှာတွင် ဝမ်းသာရိပ်တစ်ခု ပေါ်လာသည်။ ဘာပဲဖြစ်ဖြစ် အမည်ကို ကြည့်ရုံနှင့်ပင် အလွန်စွမ်းထက်ပုံရသည်။သူ အရှုံးမရှိနိုင်ပေ။
အကြီးအကဲ နတ်ဆရာကြီးက အသက်ပြင်းပြင်း ရှူလိုက်ပြီး လုပေါင် ကို အလေးအနက် ပြောလိုက်သည်။
“ငါ မင်းကို ရှင်းပြပေးနိုင်တယ် ဒါပေမဲ့ မင်းရဲ့ ရာထူးကို မင်း လက်ခံရမယ်။”
“မလုပ်ပါဘူး ကျွန်တော် တကယ်ပဲ နတ်ဆရာ မလုပ်ချင်ပါဘူး။”
လုပေါင် က ချက်ချင်း ငြင်းလိုက်ပြန်ပါသည်။