← Chapters

ကျောက်တုံးအတွင်းမှ စိတ်ဝိညာဉ်

Vol. 23 Ch. 310

ကျောက်တုံးအတွင်းမှ စိတ်ဝိညာဉ်

Vol. 23 Ch. 310

ဧရာမအိုးကြီးထံသို့ စုမင်အသံရောက်ရှိသွားသည့် အခိုက်အတန့်တွင် သူ တတိယစာလုံးကို ရေရွတ်လိုက်သည်။ စုမင်ခေါင်းထဲတွင် ဘန်းခနဲမြည်ဟည်းသွားပြီး သူ့စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ခံစားလိုက်ရကာ ထိုစာလုံးတို့၏ စွမ်းအားများသည် အိုးကြီးအား ဝန်းရံသွားကြသည်။

စုမင်ပါးစပ်မှ ထိုစကားလုံးသုံးလုံး ထွက်ပေါ်လာသည်နှင့် အိုးကြီးထံမှ ပြန်ကန်အားသည်လည်း ရုတ်တရက်ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် နက်မှောင်တောင်တွင် ရှိနေခဲ့စဉ်က ရရှိခဲ့သော သူ့လည်ပင်းတွင်ချိတ်ဆွဲလျက် ဝတ်ရုံများအောက် ဖုံးကွယ်ထားသည့် အနက်ရောင်ကျောက်တုံးလေးထံမှ မှိန်ဖျော့ဖျော့ အလင်းတစ်ဖြာထုတ်လွှတ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းသည် အိုးကြီးကို ဖုံးအုပ်သွားခဲ့သည်။ အိုးကြီးသည် တုန်ခါသွားပြီး လက်သီးဆုပ်အရွယ်ရောက်သည်အထိ ကျူံ့သွားချေသည်။ ထို့နောက် ၎င်းကပျံသန်းလာပြီး စုမင်လက်ဝါးပေါ်သို့ ဆင်းသက်လိုက်သည်။

ထိုထူးဆန်းသောမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများသည် မျက်လုံးများပြူးကျယ်သွားကြပြီး ၎င်းတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်ဟန် အထင်းသားပေါ်လာခဲ့သည်။ အိုးကြီးကို သယ်လာပေးကြသည့် အနောက်ပိုင်းပင်လယ်ကလန်မှ တပည့်များသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြရသည်။

စုမင်၏လုပ်ရပ်များကို ရပ်ကြည့်နေကြသည့် လူအုပ်ထဲတွင် ဒုတိယသခင်လေးဆိုသူနှင့် လေလံပွဲအတွက် ရောက်ရှိလာကြသည့် အနောက်ပိုင်းပင်လယ်ကလန်မှ လူအိုကြီးများပင် ပါဝင်ချေသည်။ လေလံပွဲတင်ဆက်သူ ဖုန်းရှောင်ဖုန်းနှင့် ကျီရှန်တို့သည်ပင် စုမင် ထိုအိုးကြီးအား မည်သို့သိမ်းဆည်းလိမ့်မည်လဲဆိုသည်ကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

အဆုံးတွင်တော့ ထိုအိုးကြီးသည် အနောက်ပိုင်းပင်လယ်ကလန်၌ နှစ်ပေါင်းများစွာရှိနေခဲ့ခြင်းဖြစ်ပြီး သူတို့ ၎င်းကို ဘယ်တုန်းကမျှ မချုံ့နိုင်ခဲ့ချေ။ အေးခဲကောင်းကင်နယ်မြေထဲသို့ ထိုအိုးကိုသယ်ဆောင်လာနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းသည် အနောက်ပိုင်းပင်လယ်ကလန်၌ တောင်တစ်လုံးအရွယ်ရှိ ပစ္စည်းများကိုပင် သိုလှောင်နိုင်သည့် သိုလှောင်ပစ္စည်းတစ်ခု ရှိနေသောကြောင့်ပင်ဖြစ်သည်။ သို့သော် ယခုတော့သူတို့မျက်စိရှေ့တည့်တည့်တွင် စုမင်သည် အခြားမည်သည့်အရာမှမလုပ်ပဲ အိုးကြီးကို လက်ဝါးဖြင့်ဖိကပ်လိုက်ရုံဖြင့် ထိုအိုးသည် အလင်းဖျော့ဖျော့ဖြင့် ရုတ်ခြည်းလွှမ်းခြုံခံလိုက်ရပြီး ထူးခြားဆန်းကြယ်စွာပင် ကျုံ့ဝင်သွားခဲ့တော့သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ချိန်တွင် လူအများ၏ ခေါင်းထဲ၌ ပထမဆုံးပေါ်လာသောအရာမှာ လေလံပွဲအတွင်း ဆံပင်ပြာအဘိုးအိုပြောခဲ့သော စကားပင်ဖြစ်သည်။

“ကံကြမ္မာရဲ့ ရွေးချယ်ခံရသူတွေသာ ဒီပစ္စည်းကို ရရှိပိုင်ဆိုင်နိုင်ပြီး ရွေးချယ်ခံရသူကသာ ဒါကိုဖွင့်နိုင်လိမ့်မယ်”

လူအုပ်အတွင်းရပ်နေသော ကျီရှန်ပါးစပ်က အလိုလိုပွင့်ဟသွားခဲ့သည်။ ထိုအိုးကို သူမသိနေခဲ့သလို၊ အနောက်ပိုင်းပင်လယ်ကလန်တွင် ရှိနေခဲ့သည့်နှစ်များတစ်လျှောက် ၎င်းထံ၌ မည်သည့်အပြောင်းအလဲမှမတွေ့ခဲ့ရသည်ကိုလည်း သူမသိထားခဲ့သည်။ ထိုအရာက သက်မဲ့အရာဝတ္ထုကြီး တစ်ခုကဲ့သို့သာဖြစ်သည်။ အနောက်ပိုင်းပင်လယ်ကလန်မှ မရေမတွက်နိုင်သောတပည့်များသည် ၎င်းကိုလေ့လာခဲ့ကြပြီး အပိုင်ရရှိရန် ကြိုးစားခဲ့ကြဖူးသော်လည်း မည်သည့်နည်းလမ်းကိုပင် အသုံးပြုပါစေ၊ မည်သည့်ရလဒ်မှ မထွက်ခဲ့ပေ။

အနောက်ပိုင်းပင်လယ်ကလန်၏ ကလန်သခင်သည်ပင် အဆုံးတွင်လက်လျှော့သွားခဲ့ပြီး ဤပစ္စည်းအပေါ် လေ့လာမှုသည် အနောက်ပိုင်းပင်လယ်ကလန်အတွင်း ဂုဏ်သရေအမြင့်ဆုံးဟု အသိအမှတ်ပြုထားသည့် သူတို့၏ဘိုးဘေး ဂုရုလီလုံမှ တစ်စုံတစ်ရာပြောလိုက်ချိန်၌ အဆုံးသတ်သွားခဲ့လေသည်။

ထိုတစ်စုံတစ်ရာသည်ကား လေလံပွဲအတွင်း ဆံပင်ပြာအဘိုးအို ပြောဆိုခဲ့သောအရာပင် ဖြစ်သည်။

ထိုဆေးအိုးကိုလည်း ဂုရုလီလုံ၏ စိတ်ဆန္ဒအရ အေးခဲကောင်းကင်နယ်မြေသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်။ ဂုရုလီလုံသည် အနောက်ပိုင်းပင်လယ်ကလန် အတွင်း မည်သူကမှ ထိုအိုးကိုမရရှိခဲ့သဖြင့် ၎င်းကို ထိန်းသိမ်းမထားခြင်းကသာ အကောင်းဆုံးအရာဖြစ်လိမ့်မည် ဖြစ်ပြီး မဟုတ်ပါက သူတို့ခေါင်းပေါ်သို့ ကပ်ဘေးများကျရောက်လာလိမ့်မည်ဟု ခံစားမိခဲ့လေသည်။ ထို့ကြောင့်ပင် သူတို့သည် ၎င်းကို အေးခဲကောင်းကင်နယ်မြေသို့ပို့၍ ဆေးအိုးကိုပိုင်ဆိုင်ရန် ကံကြမ္မာ၏ ရွေးချယ်ခံရသူရှိမရှိ သိလိုခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် လေလံပွဲသို့လာခဲ့သည့် အနောက်ပိုင်းပင်လယ်ကလန်မှ ကလန်အကြီးအကဲများသည် စုမင်လက်ဖဝါးပေါ်ရှိ မှိန်ဖျော့ဖျော့အလင်းတောက်ပနေသည့် အိုးငယ်လေးကိုကြည့်လျက် အသက်ရှူသံများ မြန်ဆန်လာခဲ့ကြသည်။ သူတို့ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို တစ်ချိန်တည်းမှာပင်  စုမင်မျက်နှာသည်လည်း သူတို့အားလုံး၏ မှတ်ဉာဏ်များအတွင်း စွဲထင်သွားခဲ့ရချေပြီ။

ဒုတိယသခင်လေး၏ မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် တောက်ပသွားသည်။ အဝေးတွင်ရပ်နေသည့် စုမင်အားကြည့်နေရင်း သူ့နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

‘အရမ်းကောင်းတယ်။ အနည်းဆုံးတော့ ငါ့အစီအစဉ်တွေ ပြောင်းလိုက်ရပြီး အဲဒီအိုးကို အကြီးအကဲဆီပေးဖို့ မဝယ်ခဲ့မိတာ အလကားမဖြစ်သွားဘူးပေါ့...’

စုမင်အားကြည့်နေသည့် ကောင်းကင်ဘုံတံခါးဝမှ ချန်အမည်ရှိ အဘိုးအို၏ မျက်လုံးများအတွင်း လေးနက်စွာတွေးတောနေသည့် အမူအယာတစ်ခု ပေါ်လာခဲ့သည်။ ပထမဆုံးအနေဖြင့် သူသည် ထိုလူငယ်အား သူ့ဆရာကြောင့်မဟုတ်ပဲ အလေးအနက် သဘောထားမိသွားခဲ့ခြင်း ဖြစ်သည်။

စုမင်၏ အမည်က သူ့မှတ်ဉာဏ်များအတွင်း နက်ရှိုင်းစွာဝင်ရောက်သွားခဲ့ချေပြီ။

ထျန်းလန်မုန်သည်လည်း စုမင်ကို အဝေးမှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး သူမမျက်နှာပေါ်တွင် လှပသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထိုအချိန်တွင် လူတိုင်း၏ လေ့လာနေမှုအောက်တွင် ရှိနေသည့် ထိုလူ၏မျက်နှာထက်တွင်တော့ မိန်းမောတွေဝေနေသောအမူအယာတစ်ခု ရှိနေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်မှသာ အာရုံခံစားနိုင်မှုများ ပြန်လည်ရရှိလာခဲ့သည်။ သူသည် လက်ထဲရှိ အိုးငယ်လေးကို ကြည့်လိုက်ပြီး သူ့တဲဆီသို့ တိတ်ဆိတ်စွာလှည့်ထွက်သွားတော့သည်။

ကျီချဲသည် သူ့နောက်မှလိုက်ပါသွားကာ စုမင်၏တဲအပြင်ဘက်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် တဲဆီသို့ ဦးတည်၍စိုက်ကြည့်နေကြသည့် မျက်လုံးများထံသို့ အေးစက်စွာ ပြန်လည်စိုက်ကြည့်ပေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက်တွင်မှ ထိုမျက်လုံးပိုင်ရှင်များသည် တစ်ဖြည်းဖြည်းအကြည့်ပြန်လွှဲသွားကြပြီး သူတို့မျက်နှာများပေါ်တွင် ထင်ဟပ်နေသည့် စိတ်ရှုပ်ထွေးမှု၊ မနာလိုမှု၊ စိတ်လှုပ်ရှားမှုစသည့် ခံစားချက်အမျိုးမျိုးနှင့်အတူ သူတို့တဲများဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

အပြင်ဘက်တွင် မှောင်မည်းနေခဲ့ချေပြီ။ မြင့်မားသောကောင်းကင်ထက်တွင် လမင်းကြီးက တောက်ပနေသော်လည်း ဆီးနှင်းများက ဆက်လက်ကျဆင်းနေဆဲ ဖြစ်၍ ကုန်းမြေအား ငွေရောင်အလွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ပင်။ မျိုးနွယ်စုတစ်စုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး အေးစက်သောလေပြင်းများထဲတွင် မီးခွက်များအတွင်းရှိ မီးများထံမှ တဖျစ်ဖျစ်မြည်သံများသာ ထွက်ပေါ်နေခဲ့သည်။

စုမင်သည် တဲအတွင်းတွင် တင်ပလ္လင်ခွေထိုင်လျက် သူ့လက်ဝါးပေါ်ရှိ အိုးငယ်လေးကို ငေးစိုက်ကြည့်နေမိသည်။ မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး အိုးငယ်လေးကို ဘယ်လက်ဖြင့် ပွတ်တိုက်လိုက်သည်။ အိုးငယ်လေးကို ထိလိုက်မိသည့်အခိုက်အတန့်တွင် သူ့အသွေးအသားများက ၎င်းနှင့်ဆက်သွယ်နေသည်ဟူသော ခံစားချက်က စုမင်နှလုံးသားအတွင်း မြင့်တက်ဖြစ်ပေါ်လာခဲ့၏။

“ဒါက တစ်ကယ့်ကို ဆေးဖက်ဝင်ပစ္စည်းတွေကို နိုင်စီးငြိမ်းသတ်ပြီး ဆေးလုံးတွေ ဖန်တီးနိုင်ဖို့လိုအပ်တဲ့ ဘာရန်ဆေးအိုး(မဖြစ်မထွန်းဒယ်အိုး)ပဲ... ပြီးတော့ အနောက်ပိုင်းပင်လယ်ကလန်က ဆံပင်ပြာနဲ့လူကြီး ပြောတာလည်းမှန်တယ်။ ဒီဆေးအိုးကို... မဖွင့်ခဲ့တာ အချိန်တော်တော်ကြာနေလောက်ပြီ။ ဒီအထဲမှာ... ဆေးလုံးတစ်လုံးရှိနေတာပဲ” စုမင် တီးတိုးရေရွတ်လိုက်မိရင်း သူ့မျက်လုံးအတွင်းရှိ အလင်းတို့က ပိုမိုတောက်ပလာခဲ့သည်။

စုမင်နှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ သူသည် မူလက ထိုစကားများကို မယုံကြည်ခဲ့သော်လည်း ဆေးအိုးကိုထိန်းချုပ်ရန် နည်းလမ်းကိုသုံး၍ ၎င်းအား ကျူံ့သွားစေရန် ပြုလုပ်လိုက်သောအခါ အိုးအတွင်းမှ ထူးခြားဆန်းကြယ်သော အသက်ဓာတ်တစ်ခု၏ အားပျော့သော အရိပ်အယောင်ကို ခံစားမိခဲ့လေသည်။

ထိုအသက်ဓာတ်သည် သက်ရှိအရာတစ်ခု၏ အသက်ဓာတ်ဟုတ်ပုံမပေါ်ပဲ ဆေးလုံးတစ်လုံး၏ အသက်ဓာတ်ပင်ဖြစ်သည်။

“ဒီဆေးအိုးက တည်ရှိနေတာ နှစ်ပေါင်းများစွာကြာလောက်ပြီ... အကယ်၍ ဒါကို နှစ်ထောင်ပေါင်းများစွာ ပိတ်ထားခဲ့တာဆိုရင် အတွင်းထဲမှာရှိနေတဲ့ ဆေးလုံးကလည်း သေချာပေါက်ကို နှစ်ထောင်ချီသက်တမ်းရှိနေတဲ့ အရာတစ်ခုပဲ။ အကယ်၍ ဒါကို နှစ်သိန်းပေါင်းများစွာကြာအောင် ဘယ်သူကမှ မဖွင့်ခဲ့တာဆိုရင်တော့...”

စုမင်နှလုံးခုန်သံတို့ ပိုမိုမြန်ဆန်လာခဲ့သည်။ လက်ဝါးပေါ်ရှိ အိုးငယ်လေးကို ငေးကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်း  တွန့်ဆုတ်မှုများ တစ်ဖြည်းဖြည်းပေါ်လာခဲ့သည်။ ထိုဆေးအိုးလေးကို အနီးကပ် သေချာစစ်ဆေးလေ့လာကြည့်ပြီးသည့် အချိန်တွင်တော့

ထိုတွန့်ဆုတ်မှုများနေရာတွင် ထိတ်လန့်တုန်လှုပ်မှုများ အစားထိုးသွားကြတော့သည်။

စုမင်မျက်နှာပေါ်တွင် လေးနက်သောအမူအယာတစ်ခု ပေါ်လာပြီး ဆေးအိုးကို မျက်နှာနားသို့ကပ်၍ သေချာအနံ့ခံကြည့်လိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် စုမင်မျက်လုံးများအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုများက ပိုမိုပြင်းထန်လာပြီး မယုံကြည်မှုများပင် ရောထွေးပါဝင်နေခဲ့သည်။

‘ဆေးရနံ့က အားပျော့နေတယ်... အဲလိုဖြစ်ဖို့ဆို အကြောင်းအရင်းနှစ်ချက်ပဲရှိတယ်။ အိုးထဲက ဆေးလုံးဟာ အသုံးမဝင်နိုင်တော့လို့ စွန့်ပစ်ခဲ့တာဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် အဲဒီဆေးလုံးက အပြီးမသတ်ရသေးတာပဲ...’

‘ဒါပေမယ့် အကယ်၍ အဲဒီအမည်မသိဆေးလုံးက အသုံးမဝင်နိုင်တော့လို့ စွန့်ပစ်ခံခဲ့ရတာဆိုရင် ဆေးရနံ့အားပျော့နေတာက သဘာဝပဲ။ ဒါပေမယ့် ဒီလောက်နှစ်တွေအများကြီး ကြာသွားပြီးတဲ့နောက်မှာတော့ ဆေးရနံ့က ရှိမနေသင့်တော့ဘူး။ အဲဒါက လုံးဝပျောက်ကွယ်သွားခဲ့သင့်ပြီ’

‘ဘယ်သူကမှ ဒီဆေးအိုးကိုနှစ်ထောင်ပေါင်းများစွာ မဖွင့်ခဲ့တာကြောင့် ဆေးရနံ့ပျောက်ကွယ်မသွားသေးတာ မဟုတ်ရင်တော့ ဆေးလုံးကို အပြီးမသတ်ရသေးတာကြောင့်ပဲ ဖြစ်လိမ့်မယ်...’

စုမင်မျက်လုံးတို့ တောက်ပသွားသည်။ ဆေးအိုးလေးကို ငေးစိုက်ကြည့်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်တွင် ဘယ်လက်ကိုမြှောက်၍ ထူးဆန်းသောလက်သင်္ကေတအချို့ ပြုလုပ်လိုက်သည်။

ဤအရာသည် သူ့မှတ်ဉာဏ်များထဲတွင်ရှိနေသော လက်အစီအရင်များထဲမှတစ်ခုဖြစ်ပြီး ဆေးလုံးများကို ဖန်တိးပြုလုပ်နေစဉ် အိုးပွင့်သွားစေရန် အမိန့်ပေးနိုင်သည့် အစီအရင်လည်း ဖြစ်သည်။ ထူးဆန်းသောအသံထွက်ရှိသည့် စာလုံးအချို့နှင့်ဆိုလျှင်

အိုးနှုတ်ခမ်းကို ဘေးသို့ရွေ့သွားအောင်လုပ်နိုင်ပြီး ဆေးလုံးဖော်စပ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို အဆုံးသတ်ပစ်နိုင်ချေသည်။

ဆေးအိုးကို ချက်ချင်းပွင့်သွားစေရန် ထိုလက်အစီအရင်များကို ပြုလုပ်နေစဉ် မှန်ကန်သော စကားလုံးများကို ရွတ်ဆိုဖို့လိုအပ်ကြောင်း စုမင်သိ၏။ သို့သော် သူ့လက်ထဲရှိ ဆေးအိုးလေးကိုကြည့်လိုက်မိသောအခါ စုမင် တွန့်ဆုတ်သွားခဲ့သည်။

‘အကယ်၍ အိုးထဲက ဆေးလုံးက မအောင်မြင်ခဲ့တဲ့ ဆေးလုံးဖြစ်နေလို့ စွန့်ပစ်ထားခဲ့တာ မဟုတ်ပဲ ပြီးမြောက်အောင်မြင်ဖို့အတွက် ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းနေတာဆိုရင် ငါ အခုဒါကို ဖွင့်လိုက်တာနဲ့ သူက တစ်ကယ် မအောင်မြင်တဲ့ဆေးလုံးတစ်လုံး ဖြစ်သွားလိမ့်မယ်...’

စုမင်ခဏတာ ငြိမ်သက်သွားပြီးနောက် လက်သင်္ကေတများ ပြုလုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ဆေးအိုးကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

‘ဒီနေရာက အိုးထဲကိုလေ့လာဖို့ နေရာကောင်းတစ်ခု မဟုတ်ဘူး။ နဝမတောင်ထွတ်ကို ပြန်ရောက်မှပဲ ငါဒါကိုအဖြေရှာတော့မယ်’

စုမင် မဆင်မခြင်မလှုပ်ရှားခဲ့ပေ။ အိုးငယ်လေးကို သိမ်းဆည်းပြီးသည်နှင့် မျက်လုံးများကိုမှိတ်လျက် တရားစထိုင်လိုက်တော့သည်။

မကြာမီမှာပင် ညအချိန်ကုန်လွန်သွားခဲ့သည်။ ဒုတိယမြောက်နေ့၏ နံနက်ခင်းသို့ရောက်သောအခါ စုမင် တဲအပြင်သို့ထွက်လာပြီးနောက် လေလံခန်းမဆီသို့ ကျီချဲနှင့်အတူ သွားလိုက်သည်။ ဒုတိယနေ့လေလံပွဲတွင် သူလေလံဝင်ဆွဲခြင်း မပြုခဲ့ပေ။ ထိုအချိန်တွင်တော့ သူလိုချင်သည့် ပစ္စည်း တစ်ခုသာကျန်ရှိတော့ပေသည်... ကျောက်တုံးအတွင်း ချိပ်ပိတ်ထားသည့် အနက်ရောင်လူတူသတ္တဝါလေး။

ထိုပစ္စည်းသည် ဒုတိယနေ့လေလံပွဲအတွင်း ထွက်ပေါ်လာခဲ့ခြင်းမရှိပဲ နောက်ဆုံးနေ့တွင်တော့ အချိန်အတန်ကြာ ကုန်ဆုံးသွားပြီးနောက် ခန်းမအတွင်းရှိ ပြင်းထန်သောလေထုသည်လည်း  ရက်ပေါင်းများစွာ ဆက်တိုက်တည်ရှိနေခဲ့ရသောကြောင့် စတင်လျော့ကျလာခဲ့သည်။ ထိုအချိန်ကျမှသာ ဆံပင်အပြာနှင့် လေလံပွဲတင်ဆက်သူ အဘိုးအိုသည် စုမင်စောင့်ဆိုင်းနေခဲ့သော ပစ္စည်းကို နောက်ဆုံးတော့ ထုတ်ယူလာခဲ့ချေပြီ။

ထိုအရာသည် လူတစ်ဦး၏အရပ်ထက် အနည်းငယ်ရှည်သော ကျောက်တုံးတစ်တုံး ဖြစ်သည်။

၎င်းကို ထွင်းဖောက်မြင်နေရပြီး အတွင်းတွင်တော့ ထိုင်နေသည့် သေးငယ်သော အနက်ရောင်လူတူသတ္တဝါ တစ်ကောင် ရှိနေသည်။

ထိုအရာက အသက်ရှင်နေပုံပေါက်သည်ဟု ထင်ရသည်။

“ဒီဟာက ဘာလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒီအရာနဲ့ပက်သက်လို့ လူတွေအများကြီးကို မေးကြည့်ခဲ့ဖူးပေမယ့် အများစုကလည်း ဒါဘာမှန်း မသိခဲ့ကြဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်တော်တို့ရဲ့ လေးစားရတဲ့ဧည့်သည်တစ်ယောက်က အဲဒီပစ္စည်းကို ဒီယူလာပြီး လေလံတင်ပေးဖို့ ပြောခဲ့တယ်”

“အဲဒီလေးစားရတဲ့ ဧည့်သည်ကတော့ ဒါကို ကျောက်တုံးထဲက စိတ်ဝိညာဉ်လို့ခေါ်တယ်။ သူပြောခဲ့တာက သူ့မှာမူလတုန်းက ဒီလိုကျောက်တုံးသုံးခုရှိခဲ့ပေမယ့် သူတို့အထဲက နှစ်ခုကိုဖွင့်လိုက်မိတဲ့အချိန် ကျောက်တုံးထဲက အနက်ရောင်လူတူသတ္တဝါလေးတစ်ကောင်က သေဆုံးသွားပြီး အနက်ရောင်သလင်းကျောက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်တဲ့။ တစ်ခြားတစ်ခုကတော့ အနက်ရောင်လေပြင်းတစ်ခုအဖြစ် ပြောင်းလို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်တဲ့ ခင်ဗျာ။ အခုတော့ ကျွန်တော်တို့လည်း အဲဒါဘယ်ရောက်နေမှန်း မသိပါဘူး”

“ဒါက နောက်ဆုံးအပိုင်းအစပါ။ သူလည်း နောက်တစ်ကြိမ်ထပ်ဖွင့်ဖို့ မကြိုးစားရဲတော့လို့ ဒီနေရာကိုယူလာပြီး လေလံတင်ခိုင်းခဲ့တာပါ။ သူက ဒါအတွက် ဈေးကြီးကြီးပေးရမယ်လို့ မတောင်းဆိုခဲ့ဘူး။ ဒါပေမယ့် တောင်းဆိုချက်တစ်ခုတော့ ရှိပါတယ်။ ဝယ်သူက သူ့ကို ဒီပစ္စည်းရဲ့နာမည် ပြောပြနိုင်ရမှာဖြစ်ပြီး သူပြောတဲ့စကားတွေ အမှန်ဆိုတာကိုလည်း သက်သေပြပေးရပါမယ်။ ပိုင်ရှင်က စိတ်ကျေနပ်တယ်ဆိုရင် လေလံဆွဲသူအတွက် ပေးချေပေးမှာဖြစ်ပြိး ဒီပစ္စည်းကို လေလံဆွဲသူဆီ အလကားပေးလိုက်မှာပါ။ ကျောက်တုံးတွေထဲက တစ်ခုကို သူခွဲတုန်းက အနက်ရောင်လူတူသတ္တဝါလေးကနေ ပြောင်းလဲသွားတဲ့ အနက်ရောင်သလင်းကျောက်လေးကိုလည်း သူပေးပါမယ်တဲ့။ ပိုင်ရှင်က လေလံဆွဲသူနဲ့ တစ်ကိုယ်တည်း သီးသန့်ညှိနှိုင်းမှာဖြစ်လို့ မင်းတို့အနေနဲ့ အဲဒီအကြောင်းကို တတိယလူသိမှာ စိတ်ပူစရာမလိုပါဘူး”

“ဒီပစ္စည်းအတွက် ကြမ်းခင်းဈေးက ၁၀၀၀၀၀ ပါ ခင်ဗျာ”

ဆံပင်ပြာနှင့်အဘိုးအိုက မနှေးမမြန်ပြောသည်။ ဤပစ္စည်း၏ ထူးဆန်းသောသဘာဝကြောင့် လူအများစု၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်လာစေခဲ့သော်လည်း အများစုသည် ဤပစ္စည်းနှင့် မရင်းနှီးသည့်အပြင် တစ်ခါမှပင် မမြင်ခဲ့ဖူးသောကြောင့် ၎င်း၏အမည်နှင့် အသုံးပြုပုံများကို ပြောပြနိုင်လိမ့်မည်မဟုတ်သဖြင့် လေလံဝင်ဆွဲခြင်းမပြုကြပေ။

“၁၅၀၀၀၀” လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ အသံပိုင်ရှင်သည် ပိန်ပါးပါး သက်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ဦး ဖြစ်သည်။ ထိုလူက သူ့မျက်နှာကို ဖုံးကွယ်ထားခြင်းမရှိပဲ အေးစက်သောအမူအယာနှင့် ရိုးရိုးရှင်းရှင်းပင် ထိုင်နေချေသည်။ သူ့အဝတ်အစားများက အလွန်ထူးခြားပြီး အနက်နှင့်အဖြူကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

ထိုအဝတ်အစားသည် ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုအတွက် ထူးခြားသောအရာဖြစ်သည်။ ထိုမျိုးနွယ်စုသည် ရေခဲပန်းပုများပြုလုပ်ရာတွင် ကျွမ်းကျင်ကြပြီး ထူးခြားသောနည်းလမ်းတစ်မျိုးကိုသုံး၍ ထိုရေခဲပန်းပုများကို အသက်သွင်းလျက် ၎င်းပန်းပုများကို တန်ဖိုးကြီးမာန်အကြောမျှင်ကဲ့သို့ အရာတစ်မျိုးအဖြစ် ပြောင်းလဲကြသည်။

ထိုပန်းပုများ ဖန်တီးခြင်းလုပ်ငန်းစဉ်ကတော့ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးအတွင်းရှိ ထိုနည်းလမ်း၏ ချိပ်ပိတ်ထားသောမှတ်တမ်းမှအပ အပြင်လူများသည်တော့ ထိုအရာကိုသင်ကြားနိုင်ရန် ခဲယဉ်းကြောင်း တွေ့ရပေလိမ့်မည်။

ကျောက်ဒင်္ဂါး ၁၅၀၀၀၀ဟူသော လေလံဈေးသည် လေလံပွဲတွင် ပါဝင်သူများအတွက်တော့ ဘာမျှမဟုတ်ချေ။ သို့သော်ထိုပစ္စည်း၏ မူလရင်းမြစ်နှင့် အသုံးပြုပုံများကို သိသူမရှိသလောက်ဖြစ်နေရာ ထိုပြိုင်ဆိုင်မှုက အတော်အတန်ပြင်းထန်သည်ဟု ယူဆနိုင်ပေသည်။

“၂၀၀၀၀၀”

စုမင်သည် လသာဆောင်ပေါ်တွင်ရပ်လျက် ထွင်းဖောက်မြင်နေရသော ကျောက်တုံးအတွင်းရှိ အနက်ရောင်လူတူသတ္တဝါလေးကို ငေးကြည့်နေမိသည်။ ထိုလူတူသတ္တဝါ၏ လက်တစ်ဖက်စီတိုင်းတွင် လက်ချောင်းသုံးချောင်းစီရှိနေသည်ကို သူရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထိုလူတူသတ္တဝါငယ်လေးသည် နတ်မင်းကြိုဆိုဖန်တီးရန်အတွက် သူလိုအပ်နေသောအရာဖြစ်ကြောင်း အတိအကျသိလိုက်ရသည်နှင့်တစ်ပြိုင်နက် စုမင် လေလံစဆွဲခဲ့ခြင်း ဖြစ်သည်။

“၃၀၀၀၀၀”

ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူက မျက်မှောင်ကြုတ်သွားခဲ့သည်။

“၅၀၀၀၀၀”

“၇၀၀၀၀၀”

“၁၀၀၀၀၀၀” စုမင် မနှေးမမြန်ဆိုသလို ပြောလိုက်သော်လည်း သူ့အကြည့်ကတော့ ထွင်းဖောက်မြင်နိုင်သော ကျောက်တုံးပေါ်တွင်သာ ရှိနေခဲ့၏။

“ဆရာ ဒီပစ္စည်းကို လေလံဆွဲဖို့အရေး မင်းကိုယ့်ကိုယ်ကို ဖိအားမပေးဖို့ ငါအကြံပေးချင်တယ်။ ဒါက ဘာလဲဆိုတာတောင် မင်းမသိလောက်ဘူး။ အကယ်၍ ဒါဘာလဲဆိုတာနဲ့ သူ့နာမည်၊ အသုံးဝင်ပုံတွေကိုမသိပဲ ဆက်ပြီးလေလံဆွဲနေမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို မင်းဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ”

ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုမှ လူလတ်ပိုင်းကြီးက စုမင်အား လှည့်ကြည့်လာခဲ့သည်။

ထို့နောက် သူသည် မတ်တပ်ထရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိလူများကို ပြောဆိုလိုက်သည်။ “ဒီပစ္စည်းကို ဘယ်သူလေလံတင်ခိုင်းခဲ့မှန်း ငါမသိဘူး။ ဒါပေမယ့် မင်းဒီမှာရှိနေမယ်ဆိုတာတော့ ငါသေချာသိတယ် ဆရာ... ဒါဘာလဲဆိုတာသိတဲ့လူက ငါတစ်ယောက်တည်းပဲရှိတယ်ဆိုတာတော့ ငါမင်းကိုပြောနိုင်တယ်။ တစ်ခြားဘယ်သူကမှ ဒါကိုသိမှာမဟုတ်လို့ ဒါကိုဘယ်လိုသုံးရမလဲဆိုတာ သိဖို့ဆို ပိုတောင်ဆိုးဦးမယ်”

***

All Chapters