← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 34 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 34 Ch. 331-332

အခန်း (၃၃၁)

“ရှောင်မို...”

ထိုမိန်းကလေးငယ်သည် ရှောင်မိုဟူသော နာမည်ကို ထပ်တလဲလဲ ရေရွတ်ရင်း သူမ၏ မျက်လုံးဝိုင်းကြီးများကို တဖျပ်ဖျပ် ခတ်နေလေ၏။

“ဒါဆိုရင် ရှောင်မို၊ နင်က ငါ့ရဲ့ ကိုယ်ရံတော် လုပ်ပေးမလားဟင်” နာမည်ကို အကြိမ်အနည်းငယ် ရေရွတ်ပြီးနောက် မိန်းကလေးငယ်က မျှော်လင့်တကြီး မေးလိုက်ချေပြီ။

“မင်းသမီးလေးက စိတ်မကွက်ဘူးဆိုရင်တော့ လုပ်ပေးပါ့မယ်” ရှောင်မိုက ပြန်လည်ဖြေကြားလိုက်ပေသည်။

“အို... လုံးဝ စိတ်မကွက်ပါဘူး”

စကားဆုံးသည်နှင့်တပြိုင်နက် ချင်စီယောင်သည် ရှောင်မို၏ အင်္ကျီလက်စကို ဆွဲကိုင်ကာ ခမည်းတော်၏ ရှေ့မှောက်သို့ ပြေးသွားလေတော့သည်။

“ခမည်းတော်၊ မယ်တော်၊ သမီးတော် ရွေးပြီးသွားပြီ။ သမီးတော်ရဲ့ ကိုယ်ရံတော်အဖြစ် ရှောင်မိုကိုပဲ လိုချင်တယ်”

“ရှောင်မို...” မိဖုရားကြီးရှီက သူမရှေ့ရှိ ကလေးငယ်ကို ကြည့်ကာ မေးမြန်းလိုက်၏။ “မင်းက ရှောင်အိမ်တော်က ဆင်းသက်လာတဲ့သူလား”

“မှန်လှပါ မိဖုရားကြီး၊ ဟုတ်ပါတယ်ဘုရား” ရှောင်မိုက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလျက် ဖြေကြားလိုက်ပေသည်။

“မင်းက ဘယ်အဆင့်ကို ရောက်နေပြီလဲ” မိဖုရားကြီးရှီက ထပ်မံမေးမြန်းလေ၏။

“မှန်လှပါ မိဖုရားကြီး၊ ချီသန့်စင်ခြင်းအဆင့်ရဲ့ နဝမအလွှာကို ရောက်နေပါပြီဘုရား” ရှောင်မိုက မှန်ကန်စွာပင် လျှောက်တင်လိုက်လေသည်။

ချီသန့်စင်ခြင်း နဝမအလွှာသို့ ရောက်နေပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ မိဖုရားကြီးရှီ၏ မျက်ဝန်းများအတွင်း အံ့ဩသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားချေပြီ။

ဤအရွယ်နှင့် ချီသန့်စင်ခြင်း နဝမအလွှာသို့ ရောက်ရှိနေခြင်းမှာ သူ၏ ပါရမီသည် အမှန်တကယ်ပင် ထူးခြားပြောင်မြောက်လှပေ၏။

“ကောင်းပြီလေ။ စီယောင်က မင်းကို ရွေးချယ်လိုက်ပြီဆိုမှတော့ ကိုယ်တော်တို့လည်း ကန့်ကွက်စရာမရှိပါဘူး” ချင်တိုင်းပြည်ဘုရင်က သမီးတော်၏ ဆန္ဒကို သဘောတူလိုက်ပြီးနောက် ရှောင်မိုအား လေးနက်စွာ မိန့်ဆိုလိုက်လေသည်။ “ရှောင်မို၊ ကိုယ်တော့်ရဲ့ သမီးတော်ကို ကောင်းကောင်း ကာကွယ်စောင့်ရှောက်ရမယ်နော်။ မင်း တာဝန်ကျေပွန်မယ်ဆိုရင် ကိုယ်တော်က ထိုက်တန်တဲ့ ဆုလာဘ်တွေ ချီးမြှင့်ပေးမယ်”

“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ စိတ်ချယုံကြည်တော်မူပါ။ ကျွန်တော်မျိုး ရှောင်မိုက အစွမ်းကုန် ကြိုးစားပြီး ကာကွယ်စောင့်ရှောက်သွားပါ့မယ်” ရှောင်မိုက ရိုသေစွာ တုံ့ပြန်လိုက်၏။

“ကောင်းပြီ” ချင်တိုင်းပြည်ဘုရင်က လက်ကာပြလိုက်ရင်း “မင်းတို့နှစ်ယောက် သွားပြင်ဆင်ကြတော့။ အချိန်ကျရင် ထွက်ခွာကြတာပေါ့” ဟု မိန့်တော်မူလေ၏။

“မှန်လှပါ အရှင်မင်းကြီး”

“မှန်ပါ ခမည်းတော်...”

ခမည်းတော်နှင့် မယ်တော်တို့က သဘောတူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြားသိရသောအခါ ချင်စီယောင်သည် ဝမ်းသာအားရဖြင့် ရှောင်မို၏ အင်္ကျီလက်စကို ဆွဲ၍ နန်းတော်ပြင်ပတွင် ပျော်စရာကောင်းသည့်အရာများ သို့မဟုတ် အရသာရှိသော အစားအစာများ ရှိမရှိ စိတ်အားထက်သန်စွာ မေးမြန်းနေလေတော့သည်။

“မယ်တော် မှတ်မိသလောက်ဆိုရင် ဒီအရွယ် ရှောင်မိုဆိုတဲ့ ကလေးက ရှောင်အိမ်တော်က တရားမဝင်မွေးထားတဲ့ သားလေး မဟုတ်လားဟင်” သမီးတော်နှင့် ရှောင်မိုတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် မိဖုရားကြီးရှီက ဘေးရှိ အရှင်မင်းကြီးအား လှည့်ကြည့်ကာ မေးမြန်းလိုက်၏။

“မှန်တာပေါ့” ချင်တိုင်းပြည်ဘုရင်က ခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။ “လောလောဆယ် ရှောင်အိမ်တော်ရဲ့ ပထမသခင်လေးရော၊ ဒုတိယသခင်လေးရော အပြင်ထွက်ပြီး သိုင်းပညာတွေ သွားသင်နေကြတယ်။ ရှောင်အိမ်တော်မှာ တရားမဝင်မွေးထားတဲ့ သားအနည်းငယ်ပဲ ကျန်တော့တာ၊ အဲဒီအထဲမှာမှ ရှောင်မိုက အကြီးဆုံးပဲလေ”

“အော်... ဒါကြောင့်ကိုး” မိဖုရားကြီးရှီက ခေါင်းညိတ်လိုက်ပြီး “ဒါပေမဲ့ ရှာချင်ခယ်က တရားမဝင်မွေးထားတဲ့ သားတစ်ယောက်ကို လွှတ်လိုက်လိမ့်မယ်လို့တော့ မထင်ထားမိဘူး” ဟု ဆိုလေ၏။

ရှောင်မိုသည် ကိုယ်ရံတော်အဖြစ်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း၊ ဤသည်မှာ တော်ဝင်မိသားစုနှင့် ပိုမိုနီးကပ်လာစေရန်နှင့် အရေးအကြီးဆုံးမှာ အရှင်မင်းကြီး၏ ရှေ့မှောက်တွင် မျက်နှာပြခွင့်ရရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။

ပုံမှန်အခြေအနေမျိုးတွင်ဆိုလျှင် စေလွှတ်ခံရသည့် အနိမ့်ဆုံးအဆင့်အတန်းရှိသော ကလေးမှာပင် ဒုတိယမယားမှ မွေးဖွားလာသူသာ ဖြစ်လေ့ရှိ၏။

မောင်းမငယ်မှ မွေးဖွားလာသော တရားမဝင်သားကို စေလွှတ်ခြင်းမျိုးမှာ လွန်စွာမှ ရှားပါးလှပေသည်။

ချင်တိုင်းပြည်ဘုရင်က ပြုံးရုံသာ ပြုံးလိုက်ရင်း “ဒါက ရှာချင်ခယ်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလေ။ ရှောင်မို ဒီနေရာကို ရောက်လာနိုင်တာက ဆရာဟွမ်ကြောင့်ပဲ” ဟု မိန့်ဆိုလေ၏။

“ဆရာဟွမ်...” မိဖုရားကြီးရှီသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အရှင်မင်းကြီး ပြောဆိုလိုက်သော ဆရာဟွမ်ဆိုသည်မှာ မည်သူဖြစ်ကြောင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားချေပြီ။ “ဒါဆို ရှောင်မိုက ဆရာဟွမ်ရဲ့...”

“သူ့ရဲ့ တပည့်လေ” ချင်တိုင်းပြည်ဘုရင်သည် မိမိ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုကို ဖော်ဆောင်လိုက်လေ၏။ “ကိုယ်တော်တို့က ဆရာဟွမ်ကို ဖိတ်ခေါ်ခဲ့တာ။ ဒါပေမဲ့ ဆရာဟွမ်က ကိုယ်တော့်ကို မျက်နှာမလိုက်ဘဲ သူ့တပည့်ကိုပဲ လွှတ်လိုက်တယ်။ ဒီရှောင်မိုဆိုတဲ့ ကလေးကို ဆရာဟွမ်က ဘာကြောင့်များ တပည့်အဖြစ် လက်ခံခဲ့ရတာလဲဆိုတာ ကိုယ်တော် အတော်လေး သိချင်နေမိသား”

ချင်တိုင်းပြည်ဘုရင်သည် ရှောင်မိုအား နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူ၏ သားတော်နှစ်ပါးရှိရာသို့ အကြည့်ရွှေ့လိုက်လေတော့သည်။

အမှန်တကယ်တော့ ချင်တိုင်းပြည်ဘုရင်သည် သူ၏ သမီးတော်နှင့် ရှောင်မိုဟူသော အသက်ရှစ်နှစ်အရွယ် ကလေးနှစ်ယောက်အတွက် သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိပေ။ သူတို့အတွက် ဤအမဲလိုက်ပွဲတော်ဆိုသည်မှာ အပျော်ခရီးထွက်ခြင်းသက်သက်သာ ဖြစ်လေ၏။

သို့သော် ပထမမင်းသား ချင်ကျင်းစုနှင့် ဒုတိယမင်းသား ချင်ကျင်းယွမ်တို့အတွက်မူကား အခြေအနေက လုံးဝကွာခြားလှပေသည်။

လက်ရှိအချိန်တွင် ချင်တိုင်းပြည်ဘုရင်သည် အိမ်ရှေ့စံမင်းသားကို တရားဝင် ခန့်အပ်ရသေးခြင်း မရှိပေ။ ညီအစ်ကိုနှစ်ယောက်သည် အပေါ်ယံတွင် သင့်မြတ်သယောင် ရှိသော်လည်း တကယ့်လက်တွေ့တွင်မူ ပေါ်တင်တစ်မျိုး၊ တိတ်တဆိတ်တစ်ဖုံ အစဉ်အမြဲ အားပြိုင်တိုက်ခိုက်နေကြလေ၏။

သူတို့ ရွေးချယ်ထားသော ကိုယ်ရံတော်များကိုလည်း ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကာ၊ ထိုသူများအားလုံးမှာ သူတို့ကို ထောက်ခံအားပေးသည့် စစ်သူကြီးများပင် ဖြစ်ကြပေသည်။

နံ့သာတိုင်နှစ်တိုင်စာ လောင်ကျွမ်းချိန် ကြာမြင့်ပြီးနောက်တွင် အခါတော်ပေးချိန်သို့ ရောက်ရှိလာလေတော့သည်။

ချင်တိုင်းပြည်ဘုရင်၏ သားတော်သမီးတော်သုံးပါးနှင့်တကွ တော်ဝင်ဆွေတော်မျိုးတော်များအားလုံးသည် တော်ဝင်အမဲလိုက်တောအုပ်အတွင်းသို့ ဝင်ရောက်သွားကြချေပြီ။

ရှောင်မိုသည်လည်း လေးရှည်နှစ်လက်နှင့် မြားကျည်တောက်နှစ်ခုကို ကျောတွင်လွယ်ကာ၊ လှံရှည်တစ်လက်ကို ကိုင်ဆောင်လျက် တတိယမင်းသမီး ချင်စီယောင်၏ နောက်မှ ကပ်၍ လိုက်ပါသွားလေ၏။

ချင်စီယောင်သည် အပျော်ခရီးထွက်လာသည့်အလား ပျော်ရွှင်တက်ကြွကာ မျှော်လင့်ချက်များအပြည့်ဖြင့် ရှောင်မို၏ ရှေ့မှ ဦးဆောင်လျှောက်သွားနေပြီး သူမ၏ နောက်စေ့ရှိ ဆံမြီးခက်လေးမှာ ဘယ်ညာလွှဲယမ်းနေလေသည်။

ရှောင်မိုကမူကား ပတ်ဝန်းကျင်တစ်ခွင်လုံးကို အကဲခတ်ကာ သားရဲတိရစ္ဆာန်များ ရုတ်တရက် ထွက်ပေါ်လာမည်ကို နိုးနိုးကြားကြားဖြင့် စောင့်ကြည့်နေပေသည်။

ထိုစဉ် ရုတ်တရက်ဆိုသလိုပင် ရှောင်မိုသည် သူ၏ ကျောပြင်မှ လေးနှင့်မြားကို ဆွဲယူကာ လေးကြိုးကို တင်းတင်းဆွဲ၍ မြားတစ်စင်းကို ပစ်လွှတ်လိုက်လေတော့သည်။

“ရွှီး...”

လေထုကို ခွင်း၍ ပြေးထွက်သွားသော အသံတစ်ခုကိုသာ ကြားလိုက်ရလေ၏။

မလှမ်းမကမ်းနေရာရှိ တောယုန်တစ်ကောင်မှာ မြားထိမှန်သွားပြီး သစ်ပင်တစ်ပင်၌ သံမှိုရိုက်ထားသည့်အလား စိုက်ဝင်သွားချေပြီ။

ချင်စီယောင်သည် လျင်မြန်စွာ ပြေးသွားကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများအတွင်း ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး “သနားစရာ ယုန်ကလေးပါလား...” ဟု ရေရွတ်လိုက်လေ၏။

“...” ရှောင်မိုက ရှင်းပြလိုက်သည်။ “မင်းသမီးလေး... ကျွန်တော်တို့က ဒီကို အမဲလာလိုက်ကြတာလေ။ ပြီးတော့ ဒီလို ဖရိုဖရဲနိုင်လှတဲ့ လောကကြီးမှာ ကိုယ်က သူများကို အမဲမလိုက်ရင် သူများက ကိုယ့်ကို အမဲလိုက်လာလိမ့်မယ်။ နောက်တစ်ခုက ကျွန်တော်တို့ အမဲလိုက်လို့ရတဲ့ သားကောင်တွေက ဆင်းရဲသားပြည်သူတချို့ကို ပိုပြီး ဘဝရပ်တည်နိုင်အောင် ကူညီပေးနိုင်သေးတယ်”

ချင်စီယောင်သည် ခေါင်းကို လှည့်ကာ ရှောင်မိုအား ကြည့်ရင်း မျက်တောင်များကို တဖျပ်ဖျပ် ခတ်နေလေ၏။

“တစ်ခုခု မှားနေလို့လား မင်းသမီးလေး” ရှောင်မိုက မေးလိုက်ပေသည်။

“ဘာမှမဖြစ်ပါဘူး” ချင်စီယောင်က ခေါင်းကို အဆက်မပြတ် ခါရမ်းပြလိုက်ရင်း “နင်ပြောတဲ့ စကားတွေက ငါ့ခမည်းတော် ပြောတာနဲ့ သိပ်တူနေလို့ပါ ရှောင်မိုရယ်။ ခမည်းတော်ကလည်း အမြဲတမ်း အဲဒီလိုပဲ ပြောတတ်တယ်လေ” ဟု ဆိုလေသည်။

“ဟုတ်လို့လား”

“ဟုတ်တာပေါ့” ချင်စီယောင်က ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ ရှောင်မို၊ ငါတို့ အမဲလိုက်လို့ရတဲ့ သားကောင်တွေက ဘာလို့ ဆင်းရဲသားပြည်သူတွေကို ပိုပြီး ဘဝရပ်တည်နိုင်အောင် ကူညီပေးနိုင်ရတာလဲဟင်” ချင်စီယောင်က မေးမြန်းလိုက်ပြန်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အမေ ပြောဖူးတာ ရှိတယ်။ ဓလေ့ထုံးစံတွေအရ ဒီအမဲလိုက်လို့ရတဲ့ သားကောင်တွေကို ဆင်းရဲတဲ့ ပြည်သူတချို့ကို ဝေငှပေးရတယ်တဲ့။ သိပ်မများလှပေမဲ့ လူတချို့အတွက်တော့ အကြိမ်အနည်းငယ်လောက် ဗိုက်ဝအောင် စားနိုင်သွားတာပေါ့” ဟု ရှောင်မိုက ပြောပြလိုက်လေသည်။

“အော်... ဒါမျိုးကိုး...”

ချင်စီယောင်သည် ခေါင်းငုံ့သွားပြီး တစ်စုံတစ်ခုကို တွေဝေစဉ်းစားနေသကဲ့သို့ ရှိနေချေပြီ။

အချိန်အနည်းငယ် ကြာပြီးနောက် ချင်စီယောင်သည် ခေါင်းကို မော့လာကာ သူမ၏ ဖြူဖွေးနုဖတ်နေသော လက်ကလေးကို ကမ်းပေးလိုက်လေ၏။

“ဒါက ဘာလုပ်တာလဲ မင်းသမီးလေး” ရှောင်မိုက နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။

“ငါလည်း အမဲလိုက်ချင်တယ်” ချင်စီယောင်သည် ဆုံးဖြတ်ချက် ခိုင်မာသွားသည့်ဟန်ဖြင့် “နင့်ကိုပဲ အားကိုးပြီး အမဲလိုက်ခိုင်းနေလို့ မဖြစ်ဘူးလေ ရှောင်မိုရဲ့” ဟု ဆိုလေ၏။

ရှောင်မိုသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြုံးလိုက်ကာ “ကောင်းပါပြီဗျာ” ဟု ပြန်ပြောလိုက်ပေသည်။

ရှောင်မိုသည် သူ၏ ကျောပြင်မှ လေးတစ်လက်ကို ချင်စီယောင်အား ကမ်းပေးလိုက်လေ၏။ မြားမှန်၍ သေဆုံးသွားသော ယုန်ကိုမူကား တော်ဝင်အမဲလိုက်တောအုပ်အတွင်းသို့ လာရောက်၍ စာရင်းကောက်ယူမည့်သူများ ရှိပေလိမ့်မည်။

မြားတောင်၏ အရောင်ကိုကြည့်၍ မည်သူက အမဲလိုက်ခဲ့သည်ကို သတ်မှတ်နိုင်ပေသည်။

တော်ဝင်အမဲလိုက်တောအုပ်အတွင်း လျှောက်လှမ်းသွားစဉ် ချင်စီယောင်သည် အမဲလိုက်ခြင်းအနုပညာ၏ ရသကို တဖြည်းဖြည်း ခံစားလာရဟန် ရှိလေ၏။

သူမသည် ယုန် သို့မဟုတ် ဆီးနှင်းသမင်များကဲ့သို့သော တိရစ္ဆာန်များကို မြင်သည်နှင့်တပြိုင်နက် လေးကြိုးကို ဆွဲကာ မြားများကို အဆက်မပြတ် ပစ်လွှတ်နေတော့သည်။

ချင်စီယောင်၏ လေးကြိုးတွင် မှော်ဝင်္ကပါတစ်ခုကို တပ်ဆင်ထားသဖြင့် သူမကဲ့သို့ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးပင်လျှင် လေးကို အလွယ်တကူ ဆွဲနိုင်ပေသည်။

သို့ရာတွင် ထိုမှော်ဝင်္ကပါမှာ ချင်စီယောင်အား လေးကြိုးဆွဲရာတွင်သာ ကူညီပေးနိုင်ပြီး ပစ်မှတ်ကို ချိန်ရွယ်ရာတွင်မူ မည်သို့မျှ အထောက်အကူ မပြုနိုင်ချေ။

သို့ဖြစ်၍ ချင်စီယောင်သည် မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေသော်လည်း တစ်စင်းမှ ပစ်မှတ်ကို မထိမှန်ခဲ့ပေ။

ရှောင်မိုကမူ ချင်စီယောင်အတွက် မြားများကို လိုက်လံကောက်ယူပေးရသည်နှင့်ပင် အလုပ်များနေလေတော့သည်။

သူမ အနီးစပ်ဆုံး ထိမှန်ခဲ့သည့် အကြိမ်မှာ ချင်စီယောင်၏ မြားသည် ယုန်၏ အမွေးစုကို ရှပ်ထိသွားချိန်ပင် ဖြစ်သည်။ ထိုယုန်မှာ လွန်စွာ ထိတ်လန့်သွားသဖြင့် သေးအနည်းငယ် ပန်းထွက်သွားကာ လျင်မြန်စွာ ထွက်ပြေးသွားတော့၏...

“ဟွန်း... အမဲလိုက်ရတာ လုံးဝ မပျော်ဖို့မကောင်းဘူး”

ချင်စီယောင်သည် သူမ၏ ဖောင်းမို့မို့ မျက်နှာလေးကို ဆူပုတ်ကာ ခြေဆောင့်နေလေတော့သည်။

“တကယ်တော့ မင်းသမီးလေးက တော်တော်လေး တိုးတက်လာတာ မြန်ပါတယ်။ အခုဆို အတော်လေး တော်နေပြီလေ” ဟု ရှောင်မိုက ချော့မော့ပြောဆိုလိုက်၏။

“တကယ်လား” ချင်စီယောင်က သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ပျော်ရွှင်စွာ ရှောင်မိုအား ကြည့်ကာ “ငါ တကယ် တော်နေပြီလားဟင်” ဟု မေးလိုက်သည်။

“တကယ်ပါဆို” ရှောင်မိုက ထိုမိန်းကလေးငယ်အား နှစ်သိမ့်လိုက်လေသည်။ “မင်းသမီးလေးက နည်းစနစ်လေး နည်းနည်းပဲ လိုတော့တာပါ”

“ဘာနည်းစနစ်လဲ”

“လေးကြိုးကို ဆွဲလိုက်တိုင်း ကြိုးက နှာခေါင်းထိပ် ဒါမှမဟုတ် နှုတ်ခမ်းထောင့်လိုမျိုး တူညီတဲ့ နေရာတစ်ခုကိုပဲ ထိနေရမယ်။ အဲဒါက ပစ်မှတ်ကို တိတိကျကျ ထိမှန်ဖို့အတွက် အရေးအကြီးဆုံး သော့ချက်ပဲ။ ပြီးတော့ မျက်နှာပေါ်က လက်ရဲ့ ထိန်းချုပ်ရမယ့် အမှတ်ကလည်း အကြိမ်တိုင်းမှာ လုံးဝ တစ်ထပ်တည်း ကျနေရမယ်။

မြားကို လွှတ်လိုက်တဲ့အခါမှာ လက်ချောင်းတွေကို ဒီအတိုင်း လွှတ်ချလိုက်ရုံလောက် မရိုးရှင်းဘူးဗျ။ အဲဒီအစား လေးကြိုး လိမ်ကောက်သွားတာမျိုး မဖြစ်အောင် ကျောပြင်ကြွက်သားတွေဆီက အဆက်မပြတ် အားကိုသုံးပြီး လက်ချောင်းတွေကို သဘာဝကျကျ လျှောထွက်သွားအောင် လုပ်ရတယ်”

“ပြီးတော့...”

“နားမလည်ဘူး... ဘာမှ နားမလည်ဘူး...” ချင်စီယောင်က ခေါင်းကို ခါရမ်းလိုက်ပြီး သူမ ကိုင်ထားသော လေးရှည်ကို ကမ်းပေးလိုက်ကာ “နင်ပဲ သင်ပေးတော့” ဟု ဆိုလေ၏။

“ဒါက...” ရှောင်မိုသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး “ကျွန်တော်မျိုးက မင်းသမီးလေးကို မရိုမသေ မလုပ်ဝံ့ပါဘူး” ဟု ပြောလိုက်ပေသည်။

“အာ... ရပါတယ်ဆို” ချင်စီယောင်က ရှောင်မို၏ လက်ငယ်လေးကို အလိုက်တသိ လှမ်းကိုင်လိုက်ပြီး “မြန်မြန်လေး သင်ပေးပါတော့” ဟု တိုက်တွန်းလေ၏။

“ဒါဆိုရင်လည်း ကျွန်တော်မျိုး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်” သူမ၏ ဇွတ်တရွတ်နိုင်လှသော အမူအရာကို မြင်လိုက်ရသဖြင့် ရှောင်မိုမှာလည်း သဘောတူရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

အခန်း (၃၃၂)

ထိုစဉ် ဆယ်ကျန်းခန့်အကွာတွင် ရစ်ငှက်တစ်ကောင်သည် ဟိုဟိုဒီဒီ လမ်းလျှောက်နေလေ၏။ ရှောင်မိုသည် ချင်စီယောင်၏ အနီးသို့ ကပ်သွားကာ သူမ၏ လက်ကလေးကို ကိုင်လျက် လေးကြိုးကို ဖြည်းညင်းစွာ ဆွဲလိုက်ပြီး

“မင်းသမီးလေး... ဒီခံစားချက်ကို မှတ်ထားရမယ်။ လက်ချောင်းတွေက ညင်သာရမယ်။ သားကောင်ကိုချည်းပဲ ကြည့်မနေဘဲ မြားခေါင်းကိုလည်း အာရုံစိုက်ထားပါ။ လေငြိမ်သွားတဲ့အထိ စောင့်...” နောက်ဆုံးစကားလုံးကို ဆိုလိုက်သည်နှင့်တပြိုင်နက် ရှောင်မိုသည် ချင်စီယောင်၏ လက်ကလေးကို လွှတ်ပေးလိုက်ရာ မြားတံသည် အရှိန်ပြင်းစွာ ထွက်ပေါ်သွားပြီး ရစ်ငှက်ကို ထိုးဖောက်ဝင်ရောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားစေတော့သည်။

“ထိသွားပြီ၊ ထိသွားပြီဟေ့” ချင်စီယောင်သည် ပျော်ရွှင်စွာ ခုန်ပေါက်နေပြီး သူမ၏ မြင့်မားသော ဆံမြီးခက်လေးမှာလည်း အထက်အောက် ခုန်ပေါက်နေလေ၏။ “ရှောင်မို၊ နင် တကယ်တော်တာပဲ”

“ဒါက မင်းသမီးလေး ဉာဏ်ကောင်းလို့ပါ” ဟု ရှောင်မိုက မိန်းကလေးငယ်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဆက်လက်မြှင့်တင်ပေးလိုက်ပေသည်။

“မြန်မြန်လုပ်၊ မြန်မြန်လုပ်၊ ငါတို့ ဆက်ပြီး အမဲလိုက်ကြမယ်။ ငါ နည်းနည်း သဘောပေါက်လာပြီ”

ချင်စီယောင်သည် ရှောင်မို၏ လက်ကလေးကို ဆွဲကာ ရှေ့သို့ ပြေးသွားလေ၏။

အရာအားလုံးသည် ချင်စီယောင် ပြောခဲ့သည့်အတိုင်းပင် ဖြစ်လာချေပြီ။

ရှောင်မိုက သူမ၏ လက်ကိုကိုင်ကာ တစ်ကြိမ်သာ သင်ပေးခဲ့ရသော်လည်း သူမသည် ထိုခံစားချက်ကို သေချာစွာ မှတ်မိနေခဲ့သည်။ သူမသည် တောယုန်နှင့် ရစ်ငှက်အချို့ကို ဒဏ်ရာရစေခဲ့ပြီး နောက်ဆုံးတွင်တော့ ယုန်တစ်ကောင်ကို အသေသတ်နိုင်ခဲ့လေ၏။

သူမ၏ သင်ယူနိုင်စွမ်းမှာ အမှန်တကယ်ပင် မြန်ဆန်လှပေသည်။

အရာအားလုံး ပုံမှန်အတိုင်းဖြစ်နေပြီဟု ရှောင်မို ထင်မှတ်နေစဉ်မှာပင်။

ရုတ်တရက် ရှောင်မို ခြေလှမ်းများ ရပ်တန့်သွားကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရှေ့သို့ နိုးနိုးကြားကြား စောင့်ကြည့်ရင်း ချင်စီယောင်ကို သူ၏ ကျောနောက်သို့ ကွယ်ကာထားလိုက်လေသည်။

“ရှောင်မို၊ ဘာဖြစ်လို့လဲဟင်” ချင်စီယောင်သည် ရှောင်မို၏ ပခုံးနောက်မှ သူမ၏ ခေါင်းလုံးလုံးလေးကို ပြူထွက်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

“ပြေး...”

“ဟင်...”

ချင်စီယောင် တစ်စုံတစ်ရာ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် ရှောင်မိုသည် သူမကို ဆွဲယူကာ နောက်သို့ ပြေးလေတော့သည်။

“အော...”

ချုံပုတ်များကြားမှ ငွေရောင်စပ်နေသော ပြာလဲ့လမင်းဝံပုလွေကြီးတစ်ကောင်သည် ခုန်ထွက်လာပြီး ရှောင်မိုနှင့် ချင်စီယောင်တို့နောက်သို့ လိုက်ပါလာချေပြီ။

မင်းသမီးလေးကို တိတ်တဆိတ် ကာကွယ်ပေးနေသော နန်းတွင်းပူဇော်ခံပညာရှင်သည် မျက်မှောင်ကြုတ်သွားလေ၏။

ဤပြာလဲ့လမင်းဝံပုလွေသည် အသက်အရွယ် ကြီးရင့်လာမှုကြောင့် ၎င်း၏ အုပ်စုမှ နှင်ထုတ်ခံလိုက်ရပုံ ပေါ်သော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အဆင့်ကိုး မိစ္ဆာသားရဲတစ်ကောင်ဖြစ်နေဆဲဖြစ်ရာ ဤကလေးငယ်နှစ်ယောက် ကိုင်တွယ်ဖြေရှင်းနိုင်မည့် အရာမျိုး မဟုတ်ပေ။

ခုနစ်ချိခန့် ရှည်လျားသော ဝံပုလွေကြီးမှာ တဖြည်းဖြည်း နီးကပ်လာသည်ကို ချင်စီယောင် မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အလွန်တရာ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရတော့သည်။

“အာ့...”

ပြေးနေစဉ်အတွင်း ချင်စီယောင်သည် သစ်ကိုင်းတစ်ကိုင်းနှင့် ခလုတ်တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ပြာလဲ့လမင်းဝံပုလွေကြီးသည် ကလေးငယ်နှစ်ဦးနှင့် ငါးကျန်းခန့်သာ ကွာဝေးတော့သဖြင့် နန်းတွင်းပူဇော်ခံပညာရှင်မှာ ဝင်ရောက်ကယ်တင်ရန် ပြင်ဆင်လိုက်စဉ် “ဟင်” ဟု ရေရွတ်လိုက်မိကာ သူ၏ အာရုံစိုက်မှုကို စူးစိုက်လိုက်လေတော့သည်။

ချင်စီယောင်မှာမူ ရှောင်မိုက ပြာလဲ့လမင်းဝံပုလွေကြီးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်ကိုသာ မြင်လိုက်ရပေသည်။

ရှောင်မိုသည် ပြာလဲ့လမင်းဝံပုလွေကြီး၏ ခုန်အုပ်မှုကို ရှောင်တိမ်းလိုက်ပြီးနောက် ဝံပုလွေ၏ ဝမ်းဗိုက်ကို သူ၏ လက်သီးဖြင့် အားကုန် ထိုးချလိုက်လေ၏။

ပြာလဲ့လမင်းဝံပုလွေကြီးမှာ ခါးသက်သက် အရည်များကို အန်ချလိုက်ရပြီးနောက် မြေပြင်မှ အလျင်အမြန် ပြန်ထကာ ရှောင်မိုဆီသို့ ထပ်မံ၍ ခုန်အုပ်လိုက်ပြန်သည်။

ရှောင်မိုသည် ပြာလဲ့လမင်းဝံပုလွေ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရင်း ဝံပုလွေကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနေခဲ့၏။

ဟာကွက်တစ်ခုကို တွေ့ရှိသွားသောအခါ ရှောင်မိုသည် ဝံပုလွေ၏ အမွေးများကို ဆုပ်ကိုင်ကာ ခုန်တက်လိုက်ပြီး ၎င်း၏ ကျောပေါ်သို့ ရောက်ရှိသွားလေတော့သည်။ ချက်ချင်းပင် သူ၏ လက်သီးများမှာ မိုးကြိုးမုန်တိုင်းပမာ ရွာကျလာချေပြီ။

ရှောင်မိုသည် သားရဲဆိုးငယ်လေးတစ်ကောင်အလား သူ၏ သာမန်လက်သီးများဖြင့် ပြာလဲ့လမင်းဝံပုလွေကြီး၏ ခေါင်းကို ထုရိုက်နေလေ၏။

သွေးများကြောင့် ရှောင်မို၏ လက်သီးများမှာ မှုန်ဝါးနေပြီး လူ့သွေးနှင့် သားရဲသွေးကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။

သူ လက်သီးမည်မျှ ထိုးမိခဲ့သည်ကိုပင် မသိတော့ချေ။ ပြာလဲ့လမင်းဝံပုလွေကြီး လုံးဝ ငြိမ်သက်သွားပြီး ၎င်း၏ ဦးခေါင်းမှာ ပြားချပ်သွားတော့မှသာ ရှောင်မိုသည် သူ၏ လှုပ်ရှားမှုကို တဖြည်းဖြည်း ရပ်တန့်လိုက်လေတော့သည်။

“ကောင်းကင်ဖွင့်လက်သီးလား... ဆရာဟွမ်ရဲ့ တပည့်ပေါ့...” နန်းတွင်းပူဇော်ခံပညာရှင်သည် မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ကောင်လေးကို အံ့သြတကြီး ကြည့်ကာ “ဒီလို သွေးချီစွမ်းအင်ရယ် ဒီလို သတ္တိမျိုးနဲ့ကလေး... ဆရာဟွမ်ကတော့ တပည့်ကောင်းတစ်ယောက်ကို တကယ် ရလိုက်တာပဲ” ဟု ရေရွတ်လိုက်လေ၏။

ရှောင်မိုသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တဒိုင်းဒိုင်း ခုန်နေသော သူ၏ နှလုံးခုန်သံကို ငြိမ်သက်စေပြီးနောက် ချင်စီယောင်ထံသို့ အလျင်အမြန် လျှောက်သွားကာ “မင်းသမီးလေး... အဆင်ပြေရဲ့လား” ဟု မေးလိုက်ပေသည်။

“ငါ အဆင်ပြေပါတယ်” ချင်စီယောင်သည် အံ့သြတုန်လှုပ်မှုမှ သတိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်၏။

ရှောင်မို၏ လက်သီးများကို ကြည့်ကာ မိန်းကလေးငယ်၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေပြီး “ရှောင်မို... နင့်လက်တွေ...” ဟု ပြောလိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး၊ ဒဏ်ရာသေးသေးလေးတွေပါ” ရှောင်မိုက အဝတ်စတစ်ခုကို ထုတ်၍ ပေါ့ပေါ့ပါးပါးပင် သုတ်ပစ်လိုက်ပြီး “မင်းသမီးလေး ထနိုင်လား” ဟု မေးလိုက်၏။

“ငါ... ငါ ကြိုးစားကြည့်မယ်...”

ချင်စီယောင်သည် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ခြေကျင်းဝတ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး လဲကျလုနီးပါး ဖြစ်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်မိုက သူမကို လျင်မြန်စွာ ဖေးမပေးနိုင်ခဲ့ပေ။

“ရှောင်မို... ငါ့ခြေထောက် အရမ်းနာနေတယ်” ချင်စီယောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

ရှောင်မိုက အောက်သို့ ငုံ့ကြည့်လိုက်ရာ ချင်စီယောင်၏ ခြေကျင်းဝတ်မှာ ရောင်ရမ်းနေပြီး အဆစ်လွဲသွားပုံ ပေါ်နေချေပြီ။

“မင်းသမီးလေး၊ ကျွန်တော်မျိုး မရိုမသေ လုပ်တာကို ခွင့်လွှတ်ပေးပါ”

ရှောင်မိုသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ ဖိနပ်ကို ချွတ်လိုက်ရာ သေးငယ်သော ခြေထောက်လေး ပေါ်လာလေ၏။

ချင်စီယောင် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ရှောင်မိုသည် အားပြင်းပြင်းဖြင့် တစ်ချက် တွန်းတင်လိုက်လေသည်။ ချင်စီယောင်မှာ “အာ့...” ဟု အော်ဟစ်လိုက်စဉ်မှာပင် ရှောင်မိုက သူမ၏ အရိုးကို နေရာပြန်ချပေးလိုက်ပြီးနောက် ဆေးလိမ်းကာ သန့်ရှင်းသော အဝတ်စတစ်ခုဖြင့် ပတ်စည်းပေးလိုက်တော့သည်။

“ကျွန်တော်မျိုး မင်းသမီးလေးကို ယာယီ ကုသပေးထားပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ သေချာ အနားယူဖို့ လိုပါလိမ့်မယ်။ ကျွန်တော်မျိုး မင်းသမီးလေးကို အခုပဲ ပြန်ခေါ်သွားပါ့မယ်”

ရှောင်မိုသည် ခေါင်းကို မော့ကြည့်လိုက်ရာ မျက်ရည်များ ဝဲနေသော ချင်စီယောင်၏ မျက်ဝန်းများကို မြင်တွေ့လိုက်ရလေ၏။

“အင်း... အင်း...”

မိန်းကလေးငယ်သည် ခေါင်းညိတ်ပြလိုက်ပြီး နာကျင်မှုကြောင့် သူမ၏ မျက်တောင်ဖျားများတွင် မျက်ရည်စက်များ တွဲခိုနေချေပြီ။

သို့သော် မိန်းကလေးငယ်မှာ နှာခေါင်းကို တရှုံ့ရှုံ့စုပ်ရင်း မျက်ရည်များ ကျမလာစေရန် ရဲရင့်စွာ ထိန်းချုပ်ထားလေ၏။

“ကျွန်တော်မျိုး မင်းသမီးလေးကို ကျောပိုးသွားပါ့မယ်”

ရှောင်မိုသည် မြားကျည်တောက်ကို ချွတ်လိုက်ပြီးနောက် လှည့်ကာ ချင်စီယောင်ဘက်သို့ ကျောပေးလိုက်ပေသည်။

ချင်စီယောင်သည် ရှောင်မို၏ ကျောပြင်ပေါ်သို့ မှီတွယ်လိုက်ပြီး သူတို့နှစ်ဦးသည် လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာလာခဲ့ကြလေ၏။

ရှောင်မို လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူ၏ ခြေအောက်ရှိ သစ်ရွက်ခြောက်များမှာ “ဘွတ်၊ ဘွတ်” ဟူသော အသံများ မြည်ဟည်းသွားပြီး တောအုပ်အတွင်းသို့ တဖြည်းဖြည်း ပဲ့တင်ထပ်သွားလေတော့သည်။

“ရှောင်မို၊ နင်က တကယ် အရမ်းတော်တာပဲ” စိတ်အေးသွားပြီဖြစ်သော ချင်စီယောင်သည် စောစောက ရှောင်မို၏ လှုပ်ရှားမှုများကို ပြန်လည်သတိရသွားကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။

“မင်းသမီးလေးက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ”

“မဟုတ်ဘူး... နင် တကယ်တော်တာပါ။ ပြီးတော့ နင် ငါ့အသက်ကို ကယ်ခဲ့တာပဲ။ ဆုလာဘ် တစ်ခုခု လိုချင်လားဟင်” ချင်စီယောင်က မေးလိုက်၏။

ရှောင်မိုသည် ခေါင်းခါပြလိုက်ပြီး “ကျွန်တော်က မင်းသမီးလေးရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူထားရတာလေ။ မင်းသမီးလေးရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့က ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ”

“မဟုတ်ဘူး၊ မဟုတ်ဘူး” ချင်စီယောင်က ဇွတ်တရွတ် ငြင်းဆိုလိုက်သည်။ “နင် ငါ့ကို ကယ်ခဲ့တယ်ဆိုတာ အမှန်ပဲလေ။ ဆုလာဘ်နဲ့ ပြစ်ဒဏ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားရမယ်လို့ ခမည်းတော်က ပြောဖူးတယ်။ နင် ဘာလိုချင်လဲ ပြောစမ်းပါ။ ငါ အားလုံး သဘောတူပေးမယ်။ ခမည်းတော်က ငါ့ကို အရမ်းချစ်တာ”

“လောလောဆယ် ကျွန်တော် လိုချင်တာ ဘာမှမရှိပါဘူး” ရှောင်မိုက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။ “တကယ်လို့ မင်းသမီးလေးက အားနာနေတယ်ဆိုရင်လည်း သင့်တော်မယ်ထင်တဲ့ ဆုလာဘ်တစ်ခုခုကိုသာ ချီးမြှင့်ပေးပါ”

“အင်းပါ...” ချင်စီယောင်သည် ခေါင်းငုံ့ကာ ခေတ္တမျှ လေးလေးနက်နက် စဉ်းစားနေချေပြီ။

မကြာမီမှာပင် မိန်းကလေးငယ်သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ခေါင်းမော့လာကာ “နင့်ကို ဘာပေးရမလဲဆိုတာ ငါ သိပြီ” ဟု ပျော်ရွှင်စွာ ပြောလိုက်လေ၏။

“ဘာများလဲ” ရှောင်မိုမှာလည်း ဤမိန်းကလေးငယ်တွင် မည်သို့သော ထူးဆန်းသည့် အကြံအစည်များ ရှိနေသနည်းဟု သိချင်သွားတော့သည်။

“ငါ နင့်အတွက် စစ်စည်တီးပေးမယ်” မိန်းကလေးငယ်က ဝမ်းသာအားရ ပြောလိုက်လေသည်။

“စစ်စည်တီးမယ်...”

“ဟုတ်တယ်၊ ဟုတ်တယ်”

မိန်းကလေးငယ်သည် သူမ၏ နုနယ်လှသော ခေါင်းလေးကို အဆက်မပြတ် ညိတ်ပြနေလေ၏။

“တစ်ခါက ခမည်းတော် ငါ့ကို ပြောဖူးတယ်။ သူ့ဘဝမှာ ရဖူးသမျှ အကောင်းဆုံး လက်ဆောင်က သူ့မွေးနေ့တုန်းက ရှေ့တန်းစစ်မျက်နှာမှာ သူချီတက်တိုက်ခိုက်နေချိန် မယ်တော်က သူ့အတွက် စစ်စည်တီးပေးခဲ့တာတဲ့။

ခမည်းတော်က အကောင်းဆုံးလက်ဆောင်လို့ ပြောရင် ဒါဟာ အကောင်းဆုံးပဲပေါ့။

ပြီးတော့ အခု နင်က ဒီလောက်တောင် တော်နေမှတော့ အနာဂတ်မှာ သေချာပေါက် စစ်သူကြီး တစ်ယောက် ဖြစ်လာမှာပဲလေ။

ဒါကြောင့် အဲဒီ အကောင်းဆုံးလက်ဆောင်ကို နင့်ကိုလည်း ပေးချင်တယ်”

ရှောင်မို။ “...”

“ရှောင်မို... နင် ဘာလို့ ဘာမှမပြောတာလဲ”

မိန်းကလေးငယ်၏ ခြေထောက်လေးများမှာ ရှေ့နောက် အဆက်မပြတ် လွှဲယမ်းနေလေ၏။

“တစ်ခုခု ပြောလေ... ငါ နင့်အတွက် စစ်စည်တီးပေးမယ်လေ နော်... နော်လို့”

မိန်းကလေးငယ်၏ အပြစ်ကင်းစင်လှသော စကားများကို ကြားလိုက်ရသောအခါ ရှောင်မိုသည် အနည်းငယ် ပြုံးလိုက်ပြီး “ကောင်းပါပြီ” ဟု ခေါင်းညိတ်ပြလိုက်လေတော့သည်။

All Chapters