← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 34 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 34 Ch. 333-334

အခန်း (၃၃၃)

ရှောင်မိုက ချင်စီယောင်အား တောအုပ်ထဲမှ ကျောပိုးကာထွက်လာချိန်တွင် ဝေ့နာရီ (နေ့လယ် ၁ နာရီမှ ၃ နာရီ) သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

အမဲလိုက်ပွဲတော် အချိန်ကာလ ပြီးဆုံးသွားပြီဖြစ်ရာ အခြားသော တော်ဝင်ဆွေတော်မျိုးတော်များနှင့် မှူးမတ်များလည်း တော်ဝင်အမဲလိုက်တောအုပ်အတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြလေ၏။

ချင်တိုင်းပြည်ဘုရင်သည် ရှောင်မိုက သူ၏ သမီးတော်ကို ပွေ့ချီလာသည်ကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီဆိုတာကို သိရှိသွားပြီး အလျင်အမြန် ရှေ့သို့ တိုးလာလေသည်။

“စီယောင်၊ ဘာဖြစ်ခဲ့တာလဲ” မိဖုရားကြီးရှီက သူမ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် သမီးတော်ကို မေးမြန်းလိုက်၏။

“ခမည်းတော်၊ မယ်တော်၊ သမီးတော်နဲ့ ရှောင်မိုက ပြာလဲ့လမင်းဝံပုလွေကြီးနဲ့ တွေ့ခဲ့တယ်၊ အဲဒီနောက် သမီးတော် ချော်လဲသွားပြီး လမ်းဆက်မလျှောက်နိုင်တော့တာ” ခမည်းတော်နှင့် မယ်တော်တို့ကို မြင်လိုက်ရသောအခါ ချင်စီယောင်၏ ရင်ထဲမှ အားငယ်မှုများ ချက်ချင်း ပေါက်ကွဲထွက်လာလေတော့သည်။

“နန်းတွင်းသမားတော်” ချင်တိုင်းပြည်ဘုရင်က အတူပါလာသော ဆေးပညာကျောင်းတော်မှ ကျင့်ကြံသူကို လှမ်းခေါ်လိုက်လေ၏။

အမှန်တကယ်တော့ ချင်တိုင်းပြည်ဘုရင် ညွှန်ကြားရန်ပင် မလိုဘဲ အတူပါလာသော ဆေးပညာကျောင်းတော်မှ ကျင့်ကြံသူများသည် မင်းသမီးလေး၏ ခြေထောက် ဒဏ်ရာရနေကြောင်း သိရှိပြီးဖြစ်ရာ ကုသပေးရန် အလျင်အမြန် ရှေ့သို့ တိုးလာကြပေသည်။

ဆေးပညာကျောင်းတော်မှ အမျိုးသမီးကျင့်ကြံသူသည် ချင်စီယောင်၏ ခြေကျင်းဝတ်ပေါ်သို့ လက်တင်လိုက်ရာ မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာလေ၏။

မကြာမီမှာပင် ချင်စီယောင်သည် သူမ၏ ခြေထောက်လေး လုံးဝ မနာတော့သည်ကို ခံစားလိုက်ရပြီး ဝမ်းသာအားရဖြင့် အကြိမ်အနည်းငယ်ပင် ခုန်ပေါက်နေလေတော့သည်။

“ကျွန်တော်မျိုးက မင်းသမီးလေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပျက်ကွက်ခဲ့ပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ” ရှောင်မိုက လက်နှစ်ဖက်ဆုပ်ကာ သူ၏ အမှားကို မိမိသဘောဆန္ဒအလျောက် ဝန်ခံလိုက်လေ၏။

ချင်တိုင်းပြည်ဘုရင် စကားမပြောနိုင်မီမှာပင် ချင်စီယောင်က ရှောင်မို၏ ရှေ့သို့ ဝင်ရပ်လိုက်ပြီး “ခမည်းတော်၊ ဒီကိစ္စက ရှောင်မိုနဲ့ ဘာမှမဆိုင်ပါဘူး။ ရှောင်မိုသာ မရှိခဲ့ရင် သမီးတော်ကို အဲဒီဝံပုလွေကြီး စားသွားလောက်ပြီ။ ရှောင်မိုက အဲဒီပြာလဲ့လမင်းဝံပုလွေကြီးကို တစ်ယောက်တည်း သတ်ပြီး သမီးတော်ကို ကယ်တင်ခဲ့တာပါ” ဟု ပြောဆိုလိုက်၏။

ချင်တိုင်းပြည်ဘုရင်သည် သွေးများစွန်းထင်းနေပြီး အရေခွံများ ပေါက်ပြဲကာ အသားများပင် ပေါ်လွင်နေသော ရှောင်မို၏ လက်သီးများကို ကြည့်လိုက်လေသည်။ သူ၏ ရင်ထဲမှ အံ့ဩမှုကို ထိန်းချုပ်ကာ “မင်းက ပြာလဲ့လမင်းဝံပုလွေကြီးကို တစ်ယောက်တည်း သတ်ခဲ့တာလား” ဟု မေးမြန်းလိုက်ပေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အဲဒီ ပြာလဲ့လမင်းဝံပုလွေကြီးက အိုမင်းမစွမ်းဖြစ်နေလို့ ကျွန်တော်မျိုး အောင်မြင်နိုင်ခဲ့တာပါ” ရှောင်မိုက မှန်ကန်စွာ ဖြေကြားလိုက်လေ၏။

“အိုမင်းနေတဲ့ ဝံပုလွေဆိုရင်တောင် သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ကိုင်တွယ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး” ချင်တိုင်းပြည်ဘုရင်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး “မင်းက တကယ်ကို ထူးချွန်တယ်။ အတိတ်က မင်းအဖေရဲ့ ဟန်ပန်မျိုးကို ပိုင်ဆိုင်ထားတာပဲ။ မင်း ဘာဆုလာဘ် လိုချင်သလဲ” ဟု မိန့်ဆိုလေ၏။

ရှောင်မိုက ခေါင်းခါပြလိုက်ပြီး “မင်းသမီးလေးရဲ့ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ မင်းသမီးလေးရဲ့ လုံခြုံရေးကို ကာကွယ်ဖို့က ကျွန်တော့်ရဲ့ တာဝန်ပါ။ မင်းသမီးလေး ဒဏ်ရာရသွားတဲ့အပေါ် အရှင်မင်းကြီးက ကျွန်တော့်ကို အပြစ်မယူတာကိုက ကြီးမားတဲ့ ကျေးဇူးတော်ပါပဲ။ ဆုလာဘ်ကို ကျွန်တော်မျိုး ဘယ်လိုလုပ် တောင်းရဲပါ့မလဲ” ဟု လျှောက်တင်လိုက်လေသည်။

“ဟားဟားဟား၊ မင်းလို ကလေးက ဘာလို့ လူကြီးလို စကားပြောနေရတာလဲ။ ကိုယ်တော် ဆုချမယ်ဆိုရင် ဆုချမယ်ပဲလေ”

ချင်တိုင်းပြည်ဘုရင်က လက်ကာပြလိုက်၏။

“ရှောင်အိမ်တော်ရဲ့ တတိယသခင်လေးကို ရွှေတုံးတစ်ရာနဲ့ ပိုးထည်အလိပ်ငါးဆယ် ဆုချီးမြှင့်စေ”

“အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြီးမြတ်လှပါတယ်၊ ကျွန်တော်မျိုး ဝပ်တွားခယ ရှိခိုးပါတယ်”

ချင်တိုင်းပြည်ဘုရင်က အမိန့်ချမှတ်ပြီးဖြစ်ရာ ရှောင်မိုလည်း လက်ခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

“ခမည်းတော်၊ ဆက်မပြောပါနဲ့တော့၊ ရှောင်မိုကို မြန်မြန် ကုသခိုင်းပါတော့” အနီးတွင်ရပ်နေသော ချင်စီယောင်က သူမ၏ ခမည်းတော်၏ အင်္ကျီလက်စကို စိုးရိမ်တကြီး ဆွဲလိုက်လေ၏။

“စီယောင်၊ စိတ်မပူပါနဲ့။ သိုင်းပညာရှင်တွေက ခန္ဓာကိုယ်ကြံ့ခိုင်တယ်။ မင်းလို မိန်းကလေးငယ်တွေနဲ့ ယှဉ်လို့မရဘူးလေ”

ချင်တိုင်းပြည်ဘုရင်က သမီးတော်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပေသည်။

“ရှောင်မို၊ သွားပြီး ခဏလောက် အနားယူလိုက်၊ ပြီးတော့ နန်းတွင်းသမားတော်ကို စစ်ဆေးခိုင်းလိုက်ဦး။ မင်း ဒဏ်ရာနဲ့ အိမ်ပြန်သွားရင် မင်းအမေ စိတ်ပူနေလိမ့်မယ်”

“မှန်လှပါ အရှင်မင်းကြီး”

ရှောင်မိုက ကျေးဇူးတော်အတွက် ထပ်မံ၍ ဦးညွှတ်လိုက်လေ၏။

“မြန်မြန်လုပ်၊ မြန်မြန်လုပ်။ နန်းတွင်းသမားတော်ကို ပြရအောင်”

ရှောင်မို မတ်တတ်ရပ်လိုက်သည်နှင့်တပြိုင်နက် ချင်စီယောင်သည် သူ၏ အင်္ကျီလက်စကို ဆွဲကာ နန်းတွင်းသမားတော်ထံသို့ ခေါ်ဆောင်သွားပြီး အမျိုးသမီးကျင့်ကြံသူအား သေချာစွာ စစ်ဆေးပေးရန် ညွှန်ကြားလေတော့သည်။

မကြာမီမှာပင် လူအားလုံးသည် တော်ဝင်အမဲလိုက်တောအုပ်အတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြချေပြီ။

သားကောင်အရေအတွက်ကို ရေတွက်ရန် တာဝန်ယူထားသော ကျင့်ကြံသူများသည်လည်း တော်ဝင်မျိုးဆက်များ ဖမ်းဆီးလာသော သားကောင်များကို သယ်ထုတ်လာပြီး တစ်ဖက်တွင် ပုံထားလိုက်ကြလေ၏။

သားကောင်အများဆုံး ဖမ်းဆီးနိုင်ခဲ့သူမှာ ဒုတိယမင်းသား ချင်ကျင်းယွမ် ဖြစ်ပေသည်။

ထို့နောက်တွင်တော့ ပထမမင်းသား ချင်ကျင်းစု ဖြစ်လေ၏။

သူတို့၏ နောက်တွင်တော့ အခြားသော မင်းသားများ၏ မျိုးဆက်များ ဖြစ်ကြပေသည်။

ပထမမင်းသားနှင့် ဒုတိယမင်းသား နှစ်ဦးစလုံးသည် အဆင့်ရှစ် မိစ္ဆာသားရဲ တစ်ကောင်စီကို အမဲလိုက်နိုင်ခဲ့ကြလေ၏။

အဆင့်ရှစ် မိစ္ဆာသားရဲတစ်ကောင်၏ အစွမ်းသည် ဂူဗိမာန်အဆင့်နှင့် ညီမျှသော်လည်း ဤတော်ဝင်မင်းသားနှစ်ပါးမှာ အုတ်မြစ်ချခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

ယင်းကို ထောက်ရှုခြင်းအားဖြင့် ဤတော်ဝင်မင်းသားနှစ်ပါးသည် အဆင့်တက်ရန် အရင်းအမြစ်များ လုံလောက်စွာ ရရှိထားသည့်အပြင် သိုင်းပညာပါရမီမှာလည်း အမှန်တကယ် မြင့်မားလှပြီး နေ့စဉ်လေ့ကျင့်မှုတွင် သေချာပေါက် ကြိုးစားအားထုတ်ကြသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထို့ကြောင့် ချင်တိုင်းပြည်ဘုရင်က အိမ်ရှေ့စံမင်းသားကို ယခုထက်တိုင် မခန့်အပ်သေးသည့် အကြောင်းရင်းကိုလည်း ရှောင်မို တစ်နည်းတစ်ဖုံ ခန့်မှန်းမိလိုက်လေ၏။

ပထမမင်းသားရော ဒုတိယမင်းသားပါ ထူးချွန်ပြောင်မြောက်ကြသည့်အတွက် အခြေအနေများ ရှုပ်ထွေးသွားစေနိုင်သည်မှာ သေချာပေသည်။

ထို့ပြင် အိမ်ရှေ့စံမင်းသား မခန့်အပ်ထားခြင်းဖြင့် သူတို့အချင်းချင်း ယှဉ်ပြိုင်မှုများက သူတို့ကို အမြဲတမ်း နိုးကြားတက်ကြွစေပြီး ပိုမိုကြိုးစားအားထုတ်လာစေရန် တွန်းအားပေးနိုင်ပေသည်။

သို့ရာတွင် အိမ်ရှေ့စံမင်းသား မခန့်အပ်ခြင်းသည် နောက်ဆုံးတွင် အန္တရာယ်ကြီးမားသော လျှို့ဝှက်ချက်များကို သယ်ဆောင်လာနိုင်ချေ ရှိလေ၏။

သို့သော် ရှောင်မိုကမူ ဤကိစ္စသည် သူနှင့် မသက်ဆိုင်ဟုသာ ယူဆလိုက်ပေသည်။

ရှောင်မို ထင်မှတ်မထားခဲ့သောအရာမှာ သူနှင့် မင်းသမီးလေးတို့ အမဲလိုက်ခဲ့သည့် သားကောင်များက အနည်းဆုံးဖြစ်လိမ့်မည်ဟု တွေးထင်ထားသော်လည်း အဆုံးတွင် အောက်ဆုံးအဆင့်မှ တတိယနေရာသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

အောက်ဆုံးမရောက်သွားသည့်အတွက် ချင်စီယောင်သည် အလွန်ပင် ပျော်ရွှင်နေလေ၏။ သူမသည် ခါးထောက်ကာ မေးစေ့ကိုမော့ထားပြီး ကြက်မလေးတစ်ကောင်ပမာ ဂုဏ်ယူဝင့်ကြွားနေလေတော့သည်။

“မဆိုးဘူး၊ မဆိုးဘူး။ ငါ့ရဲ့ ချင်တိုင်းပြည် မျိုးဆက်တွေက အရည်အချင်း ရှိသေးတာပဲ။

အထူးသဖြင့် ကျင်းစုနဲ့ ကျင်းယွမ်၊ မင်းတို့နှစ်ယောက်က အုတ်မြစ်ချခြင်းအဆင့်မှာ ရှိနေလျက်နဲ့ အဆင့်ရှစ် မိစ္ဆာသားရဲကို အမဲလိုက်နိုင်လိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး။ ဒါက တကယ်ကို ရှားပါးပြီး ကိုယ်တော့်မျက်နှာကို မပျက်စေခဲ့ဘူး”

ချင်တိုင်းပြည်ဘုရင်သည် မြေပြင်ပေါ်တွင် ပုံထားသော သားကောင်များကို ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေ၏။

“ဒါပေမဲ့ ချင်ယွီနဲ့ ချင်ကျင်းယင်၊ မင်းတို့ ဝမ်းကွဲညီအစ်ကို နှစ်ယောက်က စီယောင်ထက် လေးနှစ်တောင် ကြီးနေပြီးတော့ ဖမ်းမိတဲ့ သားကောင်အရေအတွက်က သူ့ထက်တောင် နည်းနေသေးတယ်။

ကိုယ်တော် မင်းတို့အဖေတွေနဲ့ နောက်ကျရင် သေချာ စကားပြောရဦးမယ်၊ မင်းတို့ ပုံမှန် ဘာတွေ လုပ်နေကြလဲဆိုတာ မေးကြည့်ဦးမှ”

ချင်ယွီနှင့် ချင်ကျင်းယင် ဟူသော ကလေးနှစ်ယောက်မှာ ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။

သူတို့၏ ဖခင်များမှာလည်း ဘေးတွင်ရပ်လျက် မျက်နှာများ နီရဲနေကြလေ၏။

အိမ်ပြန်ရောက်လျှင် သူတို့အနေဖြင့် သေချာပေါက် အရိုက်ခံရမည့်အရေးမှ လွတ်ကင်းနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းရပေသည်။

“ကျင်းစု၊ မင်းရော မင်းညီပါ အဆင့်ရှစ် မိစ္ဆာသားရဲကို အမဲလိုက်နိုင်ခဲ့ပေမဲ့ ကျင်းယွမ်ရဲ့ သားကောင်အရေအတွက်က မင်းထက် ပိုများနေတယ်။ ဒီအမဲလိုက်ပွဲတော်မှာတော့ မင်းညီက ပထမဆုကို ရသွားပြီ”

ချင်တိုင်းပြည်ဘုရင်က ပထမမင်းသားအား မိန့်ဆိုလိုက်ပြီးနောက် မီးဝိညာဉ်ပုလဲ ထည့်ထားသော သေတ္တာကို ချက်ချင်း ထုတ်ယူလိုက်လေ၏။

“ကျင်းယွမ်၊ ဒီမီးဝိညာဉ်ပုလဲက မင်းအတွက်ပဲ”

ဒုတိယမင်းသား ချင်ကျင်းယွမ်သည် ပျော်ရွှင်စွာဖြင့် ရှေ့သို့ တိုးထွက်လာကာ မီးဝိညာဉ်ပုလဲကို လက်ခံယူလိုက်ပြီး “ခမည်းတော်ရဲ့ ကျေးဇူးတော်ကို သားတော်မမေ့ပါဘူး။ သက်တော်ရာကျော်ရှည်ပါစေ” ဟု စိတ်လှုပ်ရှားစွာဖြင့် လျှောက်တင်လိုက်လေ၏။

ရှောင်မိုသည် ပထမမင်းသား ချင်ကျင်းစု၏ မျက်နှာအမူအရာကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ပထမမင်းသားသည် တည်ငြိမ်နေပုံ ပေါက်သော်လည်း သူ၏ မျက်ဝန်းများအတွင်း မကျေနပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး လေးရှည်ကို ဆုပ်ကိုင်ထားသော သူ၏ လက်မှာလည်း သိသိသာသာ တင်းကျပ်သွားသည်ကို တွေ့လိုက်ရပေသည်။

ထင်ထားသည့်အတိုင်းပင် ဖြစ်လေ၏။

ညီအစ်ကိုနှစ်ယောက်သည် အပေါ်ယံတွင် ပြသထားသကဲ့သို့ ကောင်းမွန်သော ဆက်ဆံရေးမျိုး လုံးဝ မရှိကြချေ။

သို့သော် ထိုသို့ဖြစ်သည်မှာလည်း အမှန်တရားပင်။

ထီးနန်းကိစ္စမျိုး မဆိုထားနှင့် ညီအစ်ကိုများပင်လျှင် မတည့်တာမျိုးက ဖြစ်တတ်သည်မဟုတ်လော။

ရှောင်မိုသည် သူ့ဘေးရှိ မိန်းကလေးငယ်ကို တစ်ချက် ကြည့်လိုက်လေသည်။

ဤမင်းသမီးငယ်လေးအတွက်မူကား သူမ၏ အစ်ကိုများကြားရှိ ဆက်ဆံရေးကို လုံးဝ သိရှိနားလည်နိုင်မည် မဟုတ်ပေ။

သို့သော် ယင်းကလည်း ကောင်းပါသည်။ အနည်းဆုံးတော့ သူမသည် ပျော်ရွှင်စရာကောင်းသော ကလေးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလော။

“အမဲလိုက်ပွဲတော်ကို ဒီနေရာမှာတင် အဆုံးသတ်လိုက်မယ်။ မှတ်ထားကြ၊ ချင်တိုင်းပြည်က သိုင်းအစွမ်းအစနဲ့ တည်ထောင်ခဲ့တာ၊ ပြီးတော့ ငါတို့က အခုချိန်မှာ ဖရိုဖရဲခေတ်ကြီးထဲ ရောက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်လာအောင် လုပ်နိုင်မှသာ တခြားသူတွေကို ဝါးမျိုနိုင်လိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် မင်းတို့က ဒီသားကောင်တွေလိုပဲ ဝါးမျိုခံရလိမ့်မယ် အားလုံး နားလည်ကြရဲ့လား”

ချင်တိုင်းပြည်ဘုရင်သည် လူအုပ်ကြီးကို အကဲခတ်ကြည့်လိုက်ပြီး သူ၏ အသံမှာ ဒေါသကင်းစင်နေသော်လည်း ဩဇာအာဏာ အပြည့်အဝ ပါဝင်နေလေ၏။

“ကျွန်တော်မျိုးတို့ နားလည်ပါပြီ” ဟု မျိုးဆက်များအားလုံးက တစ်သံတည်း ဟစ်ကြွေးလိုက်ကြလေသည်။

“နားလည်ရင်လည်း ပြီးတာပါပဲ။ အားလုံး ပြန်နိုင်ကြပြီ” ချင်တိုင်းပြည်ဘုရင်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ဘေးရှိ မိန်းမစိုးကို “လီရှန်၊ ထုံးစံအတိုင်း ဒီသားကောင်တွေကို မြို့တော်ထဲက ဆင်းရဲတဲ့ မိသားစုတွေကို ဝေငှပေးလိုက်ပါ” ဟု မိန့်ဆိုလိုက်၏။

မိန်းမစိုးလီက “မှန်လှပါ အရှင်မင်းကြီး” ဟု အလျင်အမြန် တုံ့ပြန်လိုက်လေသည်။

“နန်းတော်ကို ပြန်မယ်”

ချင်တိုင်းပြည်ဘုရင်သည် တော်ဝင်ရထားလုံးပေါ်သို့ တက်ရောက်သွားပြီးနောက် ပထမမင်းသားနှင့် ဒုတိယမင်းသားတို့သည်လည်း သူတို့၏ မြင်းများပေါ်သို့ အသီးသီး တက်စီးလိုက်ကြချေပြီ။

ချင်စီယောင်သည် တော်ဝင်ရထားလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှောင်မိုကို ထပ်မံကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေလေ၏။

ချင်စီယောင်နှင့် ရှောင်မိုတို့သည် နေ့တစ်ဝက်ကျော်ခန့်သာ အတူရှိနေခဲ့ကြသော်လည်း။

ရှောင်မိုသည် ချင်စီယောင် ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးသော ရွယ်တူကလေးငယ်တစ်ဦး ဖြစ်သည့်အပြင်၊ သူတို့နှစ်ဦးသည် သေရေးရှင်ရေး အခြေအနေကိုပင် အတူတကွ ဖြတ်သန်းခဲ့ကြသည် မဟုတ်ပါလော။

“စီယောင်၊ သွားကြမယ်” ချင်တိုင်းပြည်ဘုရင်က သမီးတော်အား လှမ်းခေါ်လိုက်လေ၏။

“လာ... လာပါပြီ...” ချင်စီယောင်သည် ရှောင်မိုကို သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ရင်း “ခမည်းတော် ပေးတဲ့ ဆုလာဘ်က ခမည်းတော် ပေးတာပဲ။ ငါ ပေးတဲ့ လက်ဆောင်ကတော့ ငါ့ဆီကနေ ပေးတာမို့ သေချာပေါက် ပေးမှာပါ” ဟု ပြောလိုက်ပေသည်။

“ကောင်းပါပြီ၊ ဒါဆိုရင်လည်း မင်းသမီးလေးကို ကြိုတင်ပြီး ကျေးဇူးတင်ထားပါရစေ”

အခန်း (၃၃၄)

ရှောင်မိုသည် အနည်းငယ်မျှသာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေ၏ ။ ရှောင်မို၏ အမြင်တွင် ကလေးဘဝက ပေးခဲ့သော ကတိစကားတစ်ခုက မည်မျှလောက်များ အရေးပါနိုင်မည်နည်း ။ ဤမိန်းကလေးငယ် ကြီးပြင်းလာသောအခါ ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို မှတ်မိရန် မဆိုထားနှင့်၊ သူမ၏ ကလေးဘဝမှ အရာအားလုံးကိုပင် မေ့ပျောက်သွားလောက်ချေပြီ။

"ဒါဆို... ဒါဆို ငါသွားတော့မယ်နော်..." ချင်စီယောင်က သူမ၏ အင်္ကျီစကို ဆုပ်ကိုင်ရင်း ပြောလိုက်လေသည် ။ "မင်းသမီးလေးကို ရိုသေစွာ ပို့ဆောင်နှုတ်ဆက်ပါတယ်" ရှောင်မိုသည် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပေသည် ။ ချင်စီယောင်သည် ရှောင်မိုအား နောက်ဆုံးအနေဖြင့် တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် တော်ဝင်ရထားလုံးရှိရာသို့ လျှောက်သွားလေတော့သည် ။

"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ရိုသေစွာ ပို့ဆောင်နှုတ်ဆက်ပါတယ်ဘုရား"

လူအုပ်ကြီး၏ တစ်ခဲနက် ဟစ်ကြွေးသံများကြားတွင် တော်ဝင်ရထားလုံးမှာ မျက်စိအောက်မှ ပျောက်ကွယ်သွားချေပြီ။

နာရီဝက်ခန့် ကြာပြီးနောက် ချင်စီယောင်သည် နန်းတော်တွင်းသို့ ပြန်လည်ရောက်ရှိသွားလေ၏ ။ နန်းတွင်းအစေခံမလေးများ၏ ပြုစုယုယမှုဖြင့် ချင်စီယောင်သည် ရေနွေးနွေးဖြင့် သက်တောင့်သက်သာ ရေချိုးလိုက်ပြီး သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပေသည် ။ မယ်တော်ပေးထားသော ကျောင်းစာများကို မလုပ်ရသေးသဖြင့် ချင်စီယောင်သည် ခြံဝင်းအတွင်း၌ ထိုင်ကာ ကဗျာများနှင့် လင်္ကာများကို အာဂုံဆောင်နေရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ ။ သို့သော် ချင်စီယောင်သည် စာအုပ်ကိုသာ ကိုင်ထားသော်လည်း စာဖတ်ရန် လုံးဝ အာရုံစိုက်၍ မရနိုင်ဖြစ်နေလေ၏ ။

ချင်စီယောင်၏ စိတ်အာရုံထဲတွင် သူမနှင့် ရှောင်မိုတို့ တော်ဝင်အမဲလိုက်တောအုပ်အတွင်း အမဲလိုက်ခဲ့ကြသော မြင်ကွင်းများကိုသာ ထပ်တလဲလဲ ပြန်လည်မြင်ယောင်နေမိလေသည် ။ အဆုံးတွင် သူမနှင့် ရှောင်မိုတို့မှာ ဝံပုလွေ၏ ပါးစပ်ပေါက်အတွင်းသို့ ကျရောက်လုနီးပါး ဖြစ်ခဲ့ရသော်လည်း ထိုအရာက တကယ်ကို ပျော်စရာကောင်းခဲ့သည် မဟုတ်ပါလော ။

"ဝူး..." ချင်စီယောင်သည် လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး သူမ၏ ချွန်ချွန်လေးဖြစ်နေသော မေးစေ့လေးကို လက်ပေါ်တွင် တင်ထားလိုက်လေ၏ ။ သူမသည် စာများကို တကယ် ကျက်မမှတ်ချင်တော့ပေ၊ ရှောင်မိုကို ရှာပြီး ဆော့ကစားချင်စိတ်သာ ပြင်းပြနေမိလေသည် ။ နန်းတော်ပြင်ပတွင် ပျော်စရာကောင်းသည့်အရာများစွာနှင့် အရသာရှိသော အစားအစာများစွာ ရှိကြောင်း ရှောင်မို ပြောပြခဲ့ဖူးရာ၊ သူမသည် ထိုအရာများကို အမှန်တကယ်ပင် စမ်းကြည့်ချင်နေမိချေပြီ ။

"စီယောင်..." မိန်းကလေးငယ်မှာ အနည်းငယ် လွမ်းဆွေးအားငယ်နေစဉ်မှာပင် ချင်တိုင်းပြည်ရဲ့ဘုရင်၏ အသံမှာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာလေ၏ ။ "ခမည်းတော်" ခမည်းတော် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချင်စီယောင်သည် ဝမ်းသာအားရ ပြေးသွားလေတော့သည် ။

"စာကျက်နေတာလား" ချင်တိုင်းပြည်ရဲ့ဘုရင်သည် ကျောက်စားပွဲပေါ်တွင် တင်ထားသော စာအုပ်များကို တစ်ချက်ကြည့်ကာ ပြုံးလျက် မေးလိုက်ပေသည် ။ "ဟုတ်..." ချင်စီယောင်သည် သူမ၏ ခေါင်းလေးကို ငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "မကျက်ထားရင် နောက်တစ်ခါ မယ်တော် စာမေးတဲ့အခါ သမီးတော် မဖြေနိုင်ရင် မယ်တော် အပြစ်ပေးတာ ခံရလိမ့်မယ်" ။ "ကောင်းပြီလေ၊ ဒါဆိုရင် ခမည်းတော်က စီယောင်နဲ့အတူတူ စာဖတ်ပေးမယ်" ချင်တိုင်းပြည်ရဲ့ဘုရင်က သမီးတော်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေ၏ ။ "စီယောင် စာကျက်လို့ ပြီးသွားရင် ခမည်းတော်က ဆုချမယ်။ စီယောင် ဘာလိုချင်လိုချင် ရစေရမယ်" "တကယ်လားဟင်" ချင်စီယောင်သည် ခေါင်းကို မော့လာကာ မျက်တောင်များကို တဖျပ်ဖျပ် ခတ်လိုက်ပြီး "ခမည်းတော် သမီးတော်ကို လိမ်လို့မရဘူးနော်" ဟု ပြောလိုက်ပေသည် ။ "တကယ်ပါဆို။ ခမည်းတော်က သမီးတော်ကို ဘယ်တုန်းကများ လိမ်ဖူးလို့လဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က ပြုံးလိုက်၏ ။ "ဒါပေမဲ့ သမီးတော်ရဲ့ ပုံစံကို ကြည့်ရတာ တစ်ခုခု လိုချင်နေပုံပဲ"

"ဟုတ်တယ်" ချင်စီယောင်သည် သူမ၏ နုနယ်လှသော ခေါင်းလေးကို အားပါးတရ ညိတ်ပြလိုက်လေသည် ။ "ခမည်းတော်... သမီးတော် စာကျက်လို့ ပြီးသွားရင် နန်းတော်ပြင်ပကို ထွက်ခွင့်ပြုမလားဟင်" "နန်းတော်ပြင်ပကို ထွက်မယ်..." ချင်တိုင်းပြည်ရဲ့ဘုရင်သည် မှင်တက်သွားပြီး သမီးတော်ထံမှ ဤကဲ့သို့သော တောင်းဆိုမှုမျိုး ထွက်ပေါ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ ။ "စီယောင်က ဘာလို့ နန်းတော်ပြင်ပကို ထွက်ချင်ရတာလဲ" "ဘာဖြစ်လို့လဲဆိုတော့ သမီးတော်က ရှောင်အိမ်တော်ကို သွားပြီး ရှောင်မိုနဲ့ သွားဆော့ချင်လို့ပါ" ချင်စီယောင်က စိတ်လှုပ်ရှားစွာဖြင့် ဖြေကြားလိုက်လေ၏ ။

"ရှောင်မိုကို သွားရှာမယ်..." ချင်တိုင်းပြည်ရဲ့ဘုရင်သည် ခေတ္တမျှ မှင်တက်သွားပြီး သူ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်လာချေပြီ ။ "ခမည်းတော်က ခုနကပဲ သမီးတော် လိုချင်တာ မှန်သမျှ အကုန်ရစေရမယ်လို့ ပြောခဲ့တာလေ။ ခွင့်ပြုပေးပါ ခမည်းတော်ရယ်နော်... နော်လို့" ခမည်းတော်၏ လွန်ဆွဲနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချင်စီယောင်သည် သူ သဘောတူမည်မဟုတ်ဟု ခံစားလိုက်ရသဖြင့် သူ၏ လက်ကြီးကို အလျင်အမြန် ဆွဲကာ ချွဲနွဲ့တောင်းဆိုနေတော့သည် ။ "ခမည်းတော်သာ ခွင့်မပြုရင် သမီးတော် ခမည်းတော်နဲ့ စကားမပြောတော့ဘူး..."

ခမည်းတော်က ယခုထက်တိုင် သဘောမတူသေးသည်ကို တွေ့ရသောအခါ ချင်စီယောင်သည် နှုတ်ခမ်းကို ဆူကာ တစ်ဖက်သို့ လှည့်သွားလေတော့၏ ။ "ကောင်းပါပြီလေ" ချင်တိုင်းပြည်ရဲ့ဘုရင်မှာလည်း သူ၏ သမီးတော်ကို မငြင်းဆန်နိုင်ခဲ့ပေ ။ "ဒါဆိုရင်လည်း စီယောင် စာကို သေချာ ကြိုးစားကျက်။ ကျောင်းစာတွေ ပြီးသွားတာနဲ့ စီယောင်ကို ရှောင်အိမ်တော်ဆီ သွားဖို့ ခမည်းတော် ခွင့်ပြုပေးမယ်" ။

"ရေး..." ချင်စီယောင်သည် ပျော်ရွှင်စွာ ခုန်ပေါက်သွားလေ၏ ။ "ခမည်းတော်က အကောင်းဆုံးဆိုတာ သမီးတော် သိပြီးသားပါ" မကြာမီမှာပင် ချင်စီယောင်သည် ကျောက်ခုံပေါ်တွင် ပြန်လည်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ စာအုပ်ကို ကောက်ယူကာ စူးစူးစိုက်စိုက်ဖြင့် စတင်အာဂုံဆောင်နေတော့သည် ။

သမီးတော်၏ လေးလေးနက်နက် ကြိုးစားနေသော အမူအရာကို ကြည့်ကာ ချင်တိုင်းပြည်ရဲ့ဘုရင်သည် စိတ်ထဲမှ မရေမရွတ်ဘဲ မနေနိုင်တော့ချေ ။ ဒီကလေးနှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရင်းနှီးသွားရတာလဲ။ စာကျက်ရမည်ကို လုံးဝ မနှစ်သက်သော စီယောင်ပင်လျှင် ရှောင်မိုနှင့် သွားရောက်ဆော့ကစားခွင့် ရရှိစေရန်အတွက်သာ စာများကို အလေးအနက်ထား ဖတ်ရှုလာခဲ့သည် မဟုတ်ပါလော ။

"သမီးတော်" ချင်တိုင်းပြည်ရဲ့ဘုရင်သည် ရှေ့သို့ လျှောက်သွားကာ သမီးတော်၏ ဘေးတွင် ထိုင်လိုက်လေ၏ ။ "ခမည်းတော်၊ ဘာဖြစ်လို့လဲဟင်" ချင်စီယောင်က ခေါင်းကို လှည့်လာရာ သူမ၏ မျက်ဝန်းများအတွင်း ဖြူစင်ရိုးသားလှသော ကလေးဆန်မှုများ ပြည့်နှက်နေပေသည် ။ "ဘာမှမဖြစ်ပါဘူး၊ ခုနက တော်ဝင်အမဲလိုက်တောအုပ်အပြင်ဘက်မှာ သမီးတော်နဲ့ ရှောင်မိုတို့ လူခွဲကြတုန်းက သမီးတော်က ရှောင်မိုကို လက်ဆောင်တစ်ခု ပေးထားပြီး သေချာပေါက် ပေးမယ်ဆိုတဲ့စကားကို ခမည်းတော် သဲ့သဲ့လေး ကြားလိုက်မိလို့ပါ။ အဲဒီလက်ဆောင်က ဘာများလဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က ပြုံးလျက် မေးလိုက်ပေသည် ။ "အဲဒါက မယ်တော် ခမည်းတော်ကို ပေးခဲ့ဖူးတဲ့ လက်ဆောင်မျိုးလေ" ချင်စီယောင်က ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်လေ၏ ။

"မင်းရဲ့ မယ်တော်က ကိုယ်တော့်ကို ပေးခဲ့ဖူးတဲ့ လက်ဆောင်..." ချင်တိုင်းပြည်ရဲ့ဘုရင်မှာ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားချေပြီ ။ "ဟုတ်တယ်" ချင်စီယောင်က လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြလိုက်လေသည် ။ "အရင်တုန်းက တပ်မတော်ကြီးရဲ့ အလယ်မှာ မယ်တော်က ခမည်းတော်အတွက် စစ်စည်တီးပေးခဲ့တယ် မဟုတ်လား။ ခမည်းတော်က အဲဒါကို သူ့ဘဝမှာ ရဖူးသမျှ အကောင်းဆုံးလက်ဆောင်လို့ ပြောခဲ့တယ်လေ။ အခု ရှောင်မိုက သမီးတော်ကို ကယ်တင်ခဲ့တာဆိုတော့ အနာဂတ်မှာ သမီးတော်ကလည်း ဒီအကောင်းဆုံး လက်ဆောင်ကို ရှောင်မိုကို သေချာပေါက် ပေးရမှာပေါ့" ။

"ဒါက..." ချင်တိုင်းပြည်ရဲ့ဘုရင်သည် ခေတ္တမျှ ဆွံ့အသွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည် ။ "ဒါပေမဲ့ စီယောင်၊ ပုံမှန်ဆိုရင် ဇနီးသည်ကပဲ ကိုယ့်ခင်ပွန်းအတွက် စစ်စည်တီးပေးလေ့ရှိတာလေ။ မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေပဲဟာကို။ ဒါမှမဟုတ် စီယောင်က ကြီးလာရင် ရှောင်မိုကို လက်ထပ်ချင်လို့လား" ။ "အင်း..." ချင်စီယောင်သည် သူမ၏ လက်ချောင်းလေးကို ကိုက်ကာ ခေတ္တမျှ လေးလေးနက်နက် စဉ်းစားလိုက်လေ၏ ။ "မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရှောင်မိုက တကယ် သဘောကောင်းတယ်လေ။ သမီးတော် ကြီးလာတဲ့အခါ ရှောင်မိုကို သဘောကျရင် သူ့ကိုပဲ လက်ထပ်လိုက်မယ်" ။

"ရှီး..." သမီးတော်၏ စကားများကို ကြားလိုက်ရသောအခါ ချင်တိုင်းပြည်ရဲ့ဘုရင်သည် သူ၏ ရင်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေတော့သည် ။ "သမီးတော် ခမည်းတော် ပြောတာကို နားထောင်စမ်းပါ။ ယောကျ်ားတွေဆိုတာ ယေဘုယျအားဖြင့် လူကောင်းတွေ မဟုတ်ကြဘူး။ သူတို့က မိန်းကလေးတွေကို လိမ်ညာရတာ သိပ်ဝါသနာပါတာ။ သမီးတော်က အခု ငယ်သေးတော့ ကိစ္စများစွာကို နားမလည်နိုင်သေးပါဘူး... သမီးတော် ကြီးလာတဲ့အထိ စောင့်ကြည့်ပါဦး..."

"ခမည်းတော်က တကယ့်ကို နားညီးလိုက်တာ..." ချင်တိုင်းပြည်ရဲ့ဘုရင်က စကားများကို အဆက်မပြတ် ပြောနေသဖြင့် ချင်စီယောင်သည် သူမ၏ နှုတ်ခမ်းလေးကို ဆူပုတ်လိုက်လေ၏ ။ "သမီးတော် အခု စာကျက်ရတော့မယ်။ ပြီးတော့ ခမည်းတော်က ရှောင်မိုအကြောင်း မကောင်းမပြောရဘူးနော်။ သူက လူကောင်းတစ်ယောက်ပါ၊ သမီးတော်ရဲ့ သူငယ်ချင်းလည်း ဟုတ်တယ်။ ခမည်းတော်က ရှောင်မိုကို မကောင်းပြောရင် သမီးတော် ခမည်းတော်နဲ့ စကားမပြောတော့ဘူး" ။

ချင်တိုင်းပြည်ရဲ့ဘုရင်သည် မတတ်နိုင်သည့်အဆုံး ပြုံးလိုက်ရသော်လည်း သူ၏ အချစ်တော် သမီးငယ်လေးကို စိတ်ရှည်လက်ရှည်ဖြင့် လမ်းကြောင်းပြောင်းရန် ကြိုးစားနေဆဲ ဖြစ်ပေသည် ။ "ခမည်းတော်က အမှန်တရားကို ပြောနေတာပါ။ ယောကျ်ားတစ်ယောက်ဆိုတာ စမ်းသပ်မှုများစွာကို ကျော်ဖြတ်နိုင်မှသာ..." "ရပြီ၊ ရပြီ၊ ခမည်းတော် မြန်မြန် ထွက်သွားပေးပါတော့။ သမီးတော် စာကျက်ရတော့မယ်။ စာကျက်လို့ ပြီးသွားရင် ရှောင်မိုနဲ့ ကစားဖို့ သွားရဦးမှာ" ။

ချင်စီယောင်သည် ကျောက်ခုံပေါ်မှ ခုန်ဆင်းလိုက်ပြီး သူမ၏ လက်ငယ်လေးများဖြင့် ခမည်းတော်ကို အဆက်မပြတ် တွန်းကာ နန်းဆောင်ပြင်ပသို့ နှင်ထုတ်လေတော့သည် ။ ထို့နောက် သူမသည် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် နားကို ပိတ်ကာ ကဗျာများနှင့် လင်္ကာများကို ဆက်လက်၍ အာဂုံဆောင်နေတော့သည်။

"ဒီကောင်မလေးတော့..." ချင်တိုင်းပြည်ရဲ့ဘုရင်သည် သမီးတော်၏ အလေးအနက် ကြိုးစားနေသော အမူအရာကို ကြည့်ရင်း အလွန်ပင် လွန်ဆွဲနေသော ခံစားချက်ကို ရရှိနေချေပြီ ။ သူမ၏ သမီးတော် ဤမျှ ကြိုးစားပမ်းစား စာကျက်နေသည်ကို တွေ့ရသဖြင့် သဘာဝကျကျပင် ဝမ်းသာပီတိ ဖြစ်ရသော်လည်း၊ ထိုအရာအားလုံးက ရှောင်မိုကို တွေ့ရန်အတွက် ဖြစ်နေခြင်းကမူ... ချင်တိုင်းပြည်ရဲ့ဘုရင်ကို အနည်းငယ် နေရခက်သွားစေခဲ့ပေသည် ။ သူ နှစ်ပေါင်းများစွာ ယုယယဉ်ပါးစွာ ပျိုးထောင်လာခဲ့သော ဂေါ်ဖီထုပ်လေးအား ဝက်တစ်ကောင်က ကိုက်ချီသွားတော့မည့်အလား အဘယ်ကြောင့်များ ခံစားနေရပါသနည်း။

All Chapters