အခန်း (၃၃၇-၃၃၈)
Vol. 34 Ch. 337-338
အခန်း (၃၃၇)
ကျိုးရူရှီးသည် လောလောဆယ်တွင် လက်ခံထားလိုက်ရုံမှလွဲ၍ အခြားမတတ်နိုင်တော့ဘဲ၊ နောက်ပိုင်း အခွင့်အရေးရလာသည့်အခါမှ သားဖြစ်သူကို ပြန်လည်ပေးအပ်ခိုင်းရန် စိတ်ကူးထားလိုက်လေ၏။
"အန်တီ... ကျွန်မကို စီယောင်လို့ပဲ ခေါ်ပါ။ ရှောင်မိုကလည်း စီယောင်လို့ပဲ ခေါ်တာ" ချင်စီယောင်က ချိုသာစွာ ပြောလိုက်ပေသည်။ "ဒါနဲ့လေ အန်တီ၊ ပြီးရင် ရှောင်မိုကို မြို့တော်ထဲ ခေါ်သွားပြီး ဆော့လို့ရမလားဟင်"
"ရတာပေါ့ကွယ်။ ဒါပေမဲ့ မင်းသမီးလေးက စိတ်မကွက်ဘူးဆိုရင် မသွားခင် ညစာ အတူတူ စားသွားပါလား"
ကျိုးရူရှီးသည် မင်းသမီးလေးအနေဖြင့် သူတို့၏ သာမန်ဟင်းလျာများကို စားသုံးလိုမည်မဟုတ်ဟု ထင်သော်လည်း ယဉ်ကျေးမှုအရ ဖိတ်ခေါ်လိုက်ခြင်းသာ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ညနေစောင်းအချိန် ရောက်ရှိနေပြီဖြစ်ရာ ညစာစားရန် မဖိတ်ခေါ်ခြင်းက ရိုင်းရာကျလွန်းနေမည် မဟုတ်ပါလော။
"အစ်မဟွာရှန်း... ကျွန်မ အန်တီနဲ့ ရှောင်မိုတို့ အတူတူ စားလို့ရမလားဟင်"
ချင်စီယောင်သည် သူမ၏ ကိုယ်ပိုင်အစေခံမလေးအား မျှော်လင့်တကြီး ကြည့်ကာ အင်္ကျီလက်စကို ဆွဲလှုပ်ရင်း တောင်းဆိုလိုက်လေ၏။
"ရတာပေါ့ရှင်" ဟွာရှန်းအမည်ရသော အစေခံမလေးက ခေါင်းညိတ်ပြလိုက်ပေသည်။
"ရေး..." ချင်စီယောင်သည် ပျော်ရွှင်စွာ ခုန်ပေါက်သွားလေ၏။ "ဒါဆိုရင်လည်း အန်တီ... စီယောင် အားမနာတော့ဘူးနော်"
"မင်းသမီးလေးက ဘာတွေပြောနေတာလဲ။ မင်းသမီးလေး ထိုင်ပါရှင်။ ကျွန်တော်မျိုးမ သွားပြီး ဟင်းတွေ ယူလာခဲ့ပါ့မယ်"
ကျိုးရူရှီးသည် ထိုမိန်းကလေးငယ်၏ လိမ္မာရေးခြားရှိလှသော အမူအရာကို ကြည့်လေလေ ပို၍ သဘောကျလာလေလေပင် ဖြစ်တော့သည်။
မကြာမီမှာပင် မီးဖိုချောင်အတွင်းမှ ဟင်းပွဲအချို့ကို သယ်ဆောင်လာခဲ့ချေပြီ။
ချင်စီယောင်သည် သိချင်စိတ်များ အပြည့်ဖြင့် ဟင်းလျာများကို ခပ်ယူကာ မိန်းမပျိုလေးတစ်ဦးပမာ တစ်လုပ်ချင်းစီ ဖြည်းညင်းစွာ စားသောက်နေလေ၏။
"အန်တီ... အန်တီ ချက်ထားတဲ့ ဟင်းတွေက အရမ်းအရသာရှိတာပဲ။ နန်းတော်ထဲက စားတော်ကဲတွေ ချက်တာထက် အများကြီး ပိုကောင်းတယ်" ချင်စီယောင်က ရိုးသားစွာ ချီးကျူးလိုက်ပေသည်။
"မင်းသမီးလေးက အခုမှ ပထမဆုံး စားဖူးလို့ ဆန်းနေတာ ဖြစ်မှာပါ။ အရသာရှိရင် များများစားပါရှင်" ကျိုးရူရှီးသည် ချင်စီယောင် အများဆုံး စားနေသော ဟင်းခွက်ကို သူမအနီးသို့ တိုးပေးလိုက်လေသည်။
"အင်း... အင်း..." ချင်စီယောင်က တုံ့ပြန်လိုက်ပြီး ခေါင်းငုံ့ကာ ဆက်လက်စားသောက်နေတော့၏။
မင်းသမီးငယ်လေးသည် တစ်လုပ်ချင်းစီ နှေးကွေးစွာ စားသောက်နေသော်လည်း သူမ၏ စားနိုင်စွမ်းမှာ အတော်လေး ကြီးမားကြောင်းကို ရှောင်မို သတိပြုမိလိုက်လေသည်။ သူမက တကယ့်ကို စားကြူးတဲ့ ကလေးမလေးပါပဲလား။
နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာမြင့်ပြီးနောက် ချင်စီယောင်သည် ညစာစား၍ ပြီးဆုံးသွားချေပြီ။ အန်တီဖြစ်သူအား နှုတ်ဆက်ပြီးနောက် သူမသည် ရှောင်မို၏ လက်ကလေးကို ဆွဲကာ ရှောင်အိမ်တော်၏ အပြင်ဘက်သို့ ပြေးထွက်သွားလေတော့သည်။
ကလေးငယ်နှစ်ဦးသည် မြို့တော်အတွင်း လမ်းလျှောက်သွားနေကြပြီး အစေခံမလေးဟွာရှန်းကမူ ကလေးနှစ်ယောက် သီးသန့်လွတ်လပ်ခွင့်ရစေရန် အနောက်မှ ခပ်ခွာခွာ လိုက်ပါလာခဲ့ပေသည်။
အစေခံမလေးဟွာရှန်းသည် အမြဲတစေ ပြုံးရွှင်နေပြီး သာမန် အမျိုးသမီးတစ်ဦးနှင့်တူနေသော်လည်း။
သူမ၏ ဝိညာဉ်အာရုံမှာ အလွန်တရာ ဝေးကွာသော နေရာအထိ ပျံ့နှံ့နေကြောင်းကို ရှောင်မို သဲ့သဲ့မျှ ခံစားသိရှိနေပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သူ လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။
ဒီအစေခံမလေးက သေချာပေါက် သာမန်လူ မဟုတ်လောက်ဘူး။
"အစ်မဟွာရှန်း... ဘာလို့ အန်တီက ကျွန်မကို စီယောင်လို့ မခေါ်တာလဲဟင်"
လမ်းလျှောက်နေရင်း ချင်စီယောင်က သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
"ဘာဖြစ်လို့လဲဆိုတော့ မင်းသမီးလေးက အထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ရှောင်အိမ်တော်ရဲ့ စည်းမျဉ်းတွေကလည်း တင်းကျပ်တဲ့အတွက် သခင်မကျိုးအနေနဲ့ ရိုင်းစိုင်းလို့ မရဘူးလေ။ ဒါပေမဲ့ သခင်လေးရှောင်နဲ့ မင်းသမီးလေးတို့က ကလေးတွေပဲ ဖြစ်နေသေးတဲ့အတွက် နာမည်ကို တိုက်ရိုက်ခေါ်လည်း ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး" ဟွာရှန်းက ပြန်လည်ဖြေကြားလိုက်ပေသည်။
"အော်..."
ချင်စီယောင်က နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်လေသည်။
မိန်းကလေးငယ်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း မြို့တော်၏ စည်ကားသိုက်မြိုက်မှုများကြောင့် သူမ၏ အာရုံများမှာ လျင်မြန်စွာပင် ဖမ်းစားခံလိုက်ရချေပြီ။
"ရှောင်မို... အဲဒါက ဘာကြီးလဲဟင်"
"အဲဒါက ထန်ဟူလုလေ"
"ဟိုဟာကကော"
"အဲဒါက ငန်းပေါင်းလေ"
"ရှောင်မို... အဲဒါကကော"
"အဲဒါက တည်းခိုခန်းနဲ့ စားသောက်ဆိုင်လေ။ တည်းခိုဖို့နဲ့ စားသောက်ဖို့ နေရာပေါ့"
"ရှောင်မို... အဲဒါကကော စားသောက်ဆိုင်ပဲလား" မိန်းကလေးငယ်က ထပ်မံမေးမြန်းလိုက်ပြန်၏။ "အဲဒီက အစ်မကြီးတွေက ဘာလို့ အဝတ်အစားတွေ ဒီလောက် နည်းနည်းလေးပဲ ဝတ်ထားကြတာလဲ။ သူတို့ မရှက်ကြဘူးလားဟင်"
"ဒါက..." ပြည့်တန်ဆာအိမ်ကို ကြည့်ကာ ရှောင်မိုသည် မည်သို့ ရှင်းပြရမည်ကို မသိတော့သဖြင့် ဘာမှမသိနားမလည်သော ကလေးငယ်တစ်ဦးပမာ ဟန်ဆောင်လိုက်ရလေတော့သည်။ "ငါလည်း မသိဘူးလေ၊ ဒါပေမဲ့ ငါ့အမေက အဲဒါက နေရာကောင်းမဟုတ်ဘူးလို့ ပြောတယ်။ အဲဒီကို သွားခွင့်လည်း ဘယ်တော့မှ မပေးဘူး"
"အော်... ဒါမျိုးကိုး..."
ချင်စီယောင်သည် အနည်းငယ် သိချင်စိတ် ရှိနေဆဲဖြစ်သော်လည်း ဆက်လက်၍ မတွေးတောတော့ဘဲ လမ်းတစ်လျှောက် ပျော်ရွှင်စွာ ခုန်ပေါက်နေလေတော့၏။
လမ်းမပေါ်တွင် ချင်စီယောင်သည် ဘယ်ညာလှည့်ပတ် ကြည့်ရှုနေပေသည်။
သူမသည် အရသာရှိမည်ဟု ထင်ရသမျှ အရာအားလုံးကို လိုက်လံဝယ်ယူနေလေ၏။
သူမ၏ ဗိုက်ကလေးမှာလည်း တင်းကားလုံးဝန်းနေချေပြီ။
မျက်လှည့်နှင့် ကျွမ်းဘားပြပွဲများကို မြင်လိုက်ရသောအခါ ချင်စီယောင်သည် ထိုနေရာမှ ခြေခွာ၍ပင် မရနိုင်တော့ချေ။
သူမသည် ပွဲကို ကြည့်ရှုရင်း သူမ၏ လက်ငယ်လေးများကို အဆက်မပြတ် လက်ခုပ်တီးနေကာ ဆုငွေများကိုလည်း အလွန် ရက်ရက်ရောရော ပေးကမ်းနေလေသည်။
ထိုသိုင်းလောကတွင် လှည့်လည်ဖျော်ဖြေသူများမှာ ဤချမ်းသာသော မိသားစုမှ မိန်းကလေးငယ်လေးကို ဦးညွှတ်ခယချင်စိတ်များပင် ပေါ်ပေါက်နေကြတော့၏။
လမ်းဘေးတွင် ရွှံ့ရုပ်လေးများ ပြုလုပ်နေသော အဘိုးအိုတစ်ဦးနှင့် ဆုံတွေ့သောအခါ ချင်စီယောင်သည် ပျော်ရွှင်စွာဖြင့် ရှောင်မိုကို ထိုနေရာသို့ ဆွဲခေါ်သွားလေတော့သည်။
"မိန်းကလေး... ရွှံ့ရုပ်လေး လိုချင်လို့လား။ တစ်ရုပ်ကို ကြေးပြား ငါးပြားပါကွယ်" အဘိုးအိုက ပြုံးလျက် ဆိုလေ၏။
"အဘိုး... သမီးကိုယ်တိုင် တစ်ရုပ် လုပ်ကြည့်လို့ရမလားဟင်" ချင်စီယောင်က မေးလိုက်ပေသည်။
"ရတာပေါ့ကွယ်" ဘာအလုပ်မှ လုပ်စရာမလိုဘဲ ငွေရမည်ဖြစ်သဖြင့် အဘိုးအိုမှာ ပို၍ပင် ဝမ်းသာသွားချေပြီ။
အစေခံမလေးဟွာရှန်းက သူမ၏ ပိုက်ဆံအိတ်ထဲမှ ကြေးပြားငါးပြားကို ရေတွက်ကာ အဘိုးအိုအား ပေးလိုက်လေသည်။ ထို့နောက် ချင်စီယောင်သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ရွှံ့စေးများကို ပယ်ပယ်နယ်နယ်ကိုင်ကာလေးလေးနက်နက် စတင်ပုံဖော်နေတော့၏။
နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာမြင့်ပြီးနောက် မိန်းကလေးငယ်သည် သူမပြုလုပ်ထားသော ရွှံ့ရုပ်ငယ်လေးကို မြှောက်ပြကာ ပျော်ရွှင်စွာဖြင့် "ရှောင်မို... ဒါက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ပါဦး" ဟု မေးလိုက်လေသည်။
အနည်းငယ် ပုံပျက်ပန်းပျက်ဖြစ်နေသော ရွှံ့ရုပ်လေးကို ကြည့်ကာ ၎င်းမှာ လူတစ်ယောက်၏ ပုံစံဖြစ်မည်ဟုသာ ရှောင်မို ခန့်မှန်းနိုင်လေ၏။ "အစ်မဟွာရှန်းလား"
"မဟုတ်ဘူး၊ ထပ်ခန့်မှန်းကြည့်"
"ငါများလား"
"နင်လည်း မဟုတ်ဘူး၊ ထပ်ခန့်မှန်းကြည့်"
"မင်းသားနှစ်ပါးထဲက တစ်ပါးပါးများလား"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" ချင်စီယောင်သည် သူမပြုလုပ်ထားသော ရွှံ့ရုပ်လေးကို ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် ဆူပုတ်လိုက်ပြီး "အဲဒီလောက်တောင် အရုပ်ဆိုးနေလို့လား" ဟု တိုးတိုးလေး ရေရွတ်လိုက်လေ၏။
"ထားလိုက်တော့၊ ဆက်မခန့်မှန်းနဲ့တော့။ ဆက်ပြီး သွားဆော့ကြမယ်"
ချင်စီယောင်ကိုယ်တိုင်လည်း သူမ၏ ရွှံ့ရုပ်လေးမှာ အနည်းငယ် အရုပ်ဆိုးနေသည်ဟု တွေးထင်သွားဟန်တူကာ အလျင်အမြန်ပင် သိမ်းဆည်းလိုက်ပြီး ရှောင်မိုကို ရှေ့သို့ ဆက်လက်ဆွဲခေါ်သွားတော့သည်။
မကြာမီမှာပင် ကောင်းကင်ကြီး မည်းမှောင်သွားပြီး အိမ်တိုင်းအိမ်တိုင်းတွင် မီးပုံးများ ချိတ်ဆွဲထားကြလေ၏။
မိန်းကလေးငယ်သည် မီးပုံးများအောက်ရှိ သူမ၏ ကိုယ်ပိုင်အရိပ်ကို နင်းကာ ယုန်ငယ်လေးတစ်ကောင်ပမာ ခုန်ပေါက်နေလေသည်။
အချုပ်အားဖြင့်ဆိုရသော် နန်းတော်တွင်းမှ ပထမဆုံးအကြိမ် ထွက်ခွာလာရသော မိန်းကလေးငယ်တစ်ဦးအတွက် အရာအားလုံးက အသစ်အဆန်းများသာ ဖြစ်နေပေသည်။
"မင်းသမီးလေး... ကျွန်မတို့ ပြန်ရမယ့် အချိန်ရောက်ပါပြီ"
မသိမသာဖြင့် ဟိုင်နာရီ (ည ၉ နာရီမှ ၁၁ နာရီအတွင်း) သို့ ရောက်ရှိနေပြီဖြစ်ရာ အစေခံမလေးဟွာရှန်းက သူမ၏ မင်းသမီးလေးအား သတိပေးလိုက်လေ၏။
"အော်..."
ချင်စီယောင်က ခေါင်းငုံ့သွားသည်။ သူမ ဆော့ကစားရသည်မှာ အားမရသေးသော်လည်း ငြင်းဆန်ရန် မရဲဝံ့ပေ၊ သို့မဟုတ်လျှင် သူမ၏ မယ်တော်က သူမကို နောက်တစ်ကြိမ် အပြင်ထွက်ခွင့် ပြုတော့မည် မဟုတ်ချေ။
"ရှောင်မို... ငါ ပြန်ရတော့မယ်..." ချင်စီယောင်၏ မျက်ဝန်းများတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော အရိပ်အယောင်များ အပြည့်ဖြင့် ရှောင်မိုအား ကြည့်ကာ ပြောလိုက်ပေသည်။
"မင်းသမီးလေး... ဘေးကင်းလုံခြုံစွာ ပြန်နိုင်ပါစေ" ရှောင်မိုက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်လေ၏။
မိန်းကလေးငယ်သည် မလိုလားစွာဖြင့် လှည့်ထွက်သွားပြီး ခြေသုံးလှမ်းလှမ်းတိုင်း တစ်ကြိမ် လှည့်ကြည့်လှည့်ကြည့်ဖြင့် မလှမ်းမကမ်းရှိ ရထားလုံးဆီသို့ လျှောက်သွားလေတော့သည်။
ရထားလုံးပေါ်သို့ တက်ခါနီးလေးတွင်ပင် မိန်းကလေးငယ်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရှောင်မိုဆီသို့ ပြန်ပြေးလာပြီး "ရှောင်မို... နင် ငါ့ကို သတိရနေမှာလားဟင်" ဟု မေးလိုက်လေသည်။
"သေချာတာပေါ့" ဟု ရှောင်မိုက ပြန်ဖြေလိုက်၏။
"ဒါဆိုရင် ဒါလေး ယူထားလိုက်" မိန်းကလေးငယ်သည် သူမ၏ အဝတ်အိတ်လေးထဲမှ ရွှံ့ရုပ်ငယ်လေးကို ထုတ်ယူကာ ရှောင်မိုအား ကမ်းပေးလိုက်ပေသည်။
"ငါ့အတွက်လား" ရှောင်မိုမှာ မှင်တက်သွားချေပြီ။
"ဟုတ်တယ်"
မိန်းကလေးငယ်က ခေါင်းညိတ်ပြလိုက်လေ၏။
"ဒီရုပ်လေးက တခြားဘယ်သူမှမဟုတ်ဘူး၊ ငါပဲလေ။ နင့်အတွက် ငါပေးတဲ့ လက်ဆောင်ပဲ။
နင် ငါ့ကို သတိရတဲ့အခါ ဒီရုပ်လေးကိုကြည့်ပြီး ငါ့နာမည်ကို တိတ်တိတ်လေး ရေရွတ်လိုက်ပါ။ နင် ငါ့ကို သတိရနေတယ်ဆိုတာ ငါ သိကောင်းသိသွားနိုင်တယ်လေ၊ အဲဒီအခါကျရင် ငါ နင့်ဆီ လာခဲ့မယ်"
"ဟုတ်လို့လား" ရှောင်မိုသည် ရွှံ့ရုပ်လေးကို ယူကာ ပြုံးလိုက်လေသည်။ "တကယ်လို့ မင်းသမီးလေးက လာမတွေ့ရင်ကော ဘယ်လိုလုပ်မလဲ"
"ငါ မလာဘူးဆိုရင်လည်း နင့်အတွက် ဘာမှနစ်နာသွားတာမှ မရှိတာပဲ"
"ဘာဖြစ်လို့လဲ" ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။
မိန်းကလေးငယ်၏ မျက်ဝန်းလေးများ ကွေးညွတ်သွားလေ၏။ "ဘာဖြစ်လို့လဲဆိုတော့ ငါလည်း နင့်ကို သတိရနေလို့ပေါ့"
အခန်း (၃၃၈) ဒီလက်ဖက်ရည်က ဘာလို့ ပုံမှန်ထက် အများကြီး ပိုခါးနေရတာလဲ
ရှောင်အိမ်တော်၏ အရှေ့ဘက်ခြံဝင်းအတွင်း၌။
ရှောင်အိမ်တော်၏ ပထမသခင်မကြီး ရှာချင်ခယ်သည် ပန်းမန်ပင်များကို ညှပ်သင်ပြင်ဆင်နေလေ၏။
သူမ၏ ကိုယ်ပိုင်အစေခံမလေး ဟွမ်ရင်းသည် ခြံဝင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး ရှောင်အိမ်တော်၏ ပထမသခင်မကြီးအား အရိုအသေပေးလိုက်လေသည်။ "သခင်မကြီး"
"အင်း" ရှာချင်ခယ်က ခေါင်းညိတ်လိုက်ပြီး "မနေ့က မင်းသမီးလေးက ရှောင်မိုကို လာရှာတယ်ဆို" ဟု ဖြည်းညင်းစွာ မေးလိုက်ပေသည်။
ရှောင်အိမ်တော်၏ အိမ်ရှင်မကြီးတစ်ဦးအနေဖြင့် တတိယမင်းသမီးက ရှောင်မိုအား လာရောက်ရှာဖွေခဲ့သည်ကို သူမ သဘာဝကျကျပင် သိရှိထားပြီးဖြစ်လေ၏။
မနေ့က သူမ သိပ်ပြီး မမေးမြန်းခဲ့ခြင်းသာ ဖြစ်ပေသည်။
"ဟုတ်ပါတယ် သခင်မကြီး၊ တတိယမင်းသမီးက ရှောင်မိုနဲ့ လာဆော့တာပါ။ တတိယမင်းသမီးက ပဉ္စမသခင်မရဲ့ ခြံဝင်းထဲမှာ ထမင်းစားသွားပြီးတော့ ရှောင်မိုကို ဆော့ဖို့ အပြင်ဆွဲခေါ်သွားခဲ့တယ်။ ရှောင်မိုက ဟိုင်နာရီရောက်မှပဲ ပြန်ရောက်လာတာပါ" ဟု ဟွမ်ရင်းက မှန်ကန်စွာ အစီရင်ခံလိုက်လေ၏။
"သိပြီ၊ မင်း သွားလို့ရပြီ" ဟု ရှာချင်ခယ်က တည်ငြိမ်စွာ ပြောလိုက်ပေသည်။
"သခင်မကြီး..."
ဟွမ်ရင်းသည် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် စကားပြောရန် ဆုံးဖြတ်လိုက်လေသည်။
"အခု ရှောင်မိုက ဆရာဟွမ်ရဲ့ တပည့်ဖြစ်နေပြီ။ သူက အမဲလိုက်ပွဲတော်ကိုတောင် သွားခဲ့ရပြီး မင်းသမီးလေးရဲ့ ကိုယ်ရံတော်ဖြစ်လာတဲ့အပြင်၊ အမှုထမ်းကောင်းလို့ အရှင်မင်းကြီးရဲ့ ဆုချီးမြှင့်တာကိုတောင် ခံခဲ့ရတယ်။
အခုဆို မင်းသမီးလေးက သူတို့အိမ်တံခါးဝအထိတောင် လာခဲ့ပြီဆိုတော့ ရှောင်မိုနဲ့ သူ့ရဲ့ဆက်ဆံရေးက အရမ်းကို ကောင်းမွန်နေပုံရတယ်။
ဒါကများ..."
ဟွမ်ရင်းက နောက်ဆုံးစကားကို ပြောရန်ပြင်လိုက်စဉ်မှာပင် ရှာချင်ခယ်သည် ခေါင်းကို လှည့်ကာ သူမအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေ၏။
ဟွမ်ရင်းသည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်လေသည်။ သူမကိုယ်သူမ ပါးရိုက်ရင်း "ကျွန်မ သေထိုက်တဲ့ အပြစ်ကို ကျူးလွန်မိပါပြီ၊ ကျွန်မ စကားပြောတာ များသွားပါတယ်၊ ကျွန်မ သေထိုက်ပါတယ်" ဟု ဆိုလေတော့သည်။
"ဟွမ်ရင်း၊ မင်း ဘာပြောချင်တယ်ဆိုတာ ငါ သိပါတယ်"
ရှာချင်ခယ်သည် ရှေ့သို့လျှောက်သွားပြီး သူမရှေ့တွင် ဒူးထောက်နေသော အစေခံမလေးအား ကြည့်လိုက်ပေသည်။
"မင်းက ရှာမိသားစုကနေ ငါနဲ့အတူ ရှောင်အိမ်တော်ကို လိုက်လာခဲ့တာလေ။ မင်းက ငါ့အပေါ် သစ္စာရှိပြီး ကျန်းပေမင်းသားရဲ့ မျိုးဆက်အမွေဆက်ခံမယ့်ကိစ္စကို စိုးရိမ်နေတယ်ဆိုတာ ငါသိပါတယ်။
ဒါပေမဲ့ မင်းကို ငါ ပြောချင်တာက ငါတို့တွေ ရှောင်အိမ်တော်ကို ရောက်လာကတည်းက ရှောင်အိမ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။
ပြောရမယ်ဆိုရင် ရှောင်အိမ်တော်မှာ တရားဝင်အမွေဆက်ခံသူကို ဖယ်ရှားပြီး မောင်းမငယ်ရဲ့သားကို တင်မြှောက်ခဲ့တဲ့ ထုံးစံ လုံးဝမရှိခဲ့ဖူးဘူး။
အကယ်၍ ရှိခဲ့တယ်ဆိုရင်တောင်မှ။
အနာဂတ် ကျန်းပေမင်းသား ဘယ်သူဖြစ်လာမလဲဆိုတာကို မင်းသားကြီးနဲ့ အရှင်မင်းကြီးတို့ကပဲ ဆုံးဖြတ်ရမှာ
တခြားသူတွေက ဝင်ပြီး အတင်းအဖျင်းပြောဖို့ အရည်အချင်းမပြည့်မီဘူး။
မင်း နားလည်လား"
"နားလည်ပါပြီ သခင်မကြီး..." ဟွမ်ရင်းသည် မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး ခေါင်းမော့ကြည့်ရန်ပင် မရဲဝံ့တော့ချေ။
"ဒီတစ်ကြိမ်တော့ မင်းကို ငါ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ထပ်ပြီး ပြစ်မှားမိရင်တော့ ကိုယ့်ဘာသာကိုယ် သွားပြီး အပြစ်ဒဏ်ခံယူလိုက်တော့" ရှာချင်ခယ်သည် လှည့်သွားပြီး ပန်းမန်ပင်များကို ဆက်လက် ညှပ်သင်နေကာ ဟွမ်ရင်းအား ထပ်မံ ကြည့်ရှုခြင်း မရှိတော့ချေ။
"ကျေးဇူးတင်ပါတယ် သခင်မကြီး။ ကျွန်မ မှတ်ထားပါ့မယ်၊ နောက်တစ်ကြိမ် ထပ်မပြစ်မှားတော့ပါဘူး" ဟွမ်ရင်းသည် မြေပြင်ပေါ်တွင် သုံးကြိမ်တိုင်တိုင် ဦးညွှတ်ခယလိုက်ပြီးနောက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မတ်တတ်ရပ်ကာ နောက်ဆုတ်ထွက်ခွာသွားလေတော့သည်။
ဟွမ်ရင်း ထွက်ခွာသွားပြီးနောက် ခြံဝင်းအတွင်း၌ သူမတစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေ၏။
သို့ရာတွင် စောစောကနှင့် နှိုင်းယှဉ်ပါက ရှာချင်ခယ်သည် ပန်းမန်ပင်များကို ညှပ်သင်ရာတွင် သိပ်ပြီး အာရုံစိုက်နေပုံ မရတော့ချေ။
သူမ ညှပ်သင်နေစဉ် ကတ်ကြေးထံမှ "တောက်" ဟူသော အသံနှင့်အတူ အတောက်ပဆုံး ဖူးပွင့်နေသော ပန်းပွင့်လေးတစ်ပွင့် ပြတ်ကျသွားလေတော့သည်။
ရှာချင်ခယ်သည် ထိုပန်းပွင့်လေးကို ကောက်ယူလိုက်ပြီး အဝေးသို့ မော့ကြည့်လိုက်ရာ သူမ၏ မျက်မှောင်များ ကုတ်သွားချေပြီ။
ချင်တိုင်းပြည် နန်းတော်အတွင်းရှိ တတိယမင်းသမီး၏ နန်းဆောင်၌။
မနေ့က အားရပါးရ ဆော့ကစားခဲ့သော ချင်စီယောင်သည် ခြံဝင်းအတွင်းရှိ နန်းဆောင်ထဲတွင် ထိုင်ကာ စာအုပ်ကို ဆက်လက် အာဂုံဆောင်နေလေ၏။
သို့သော် မိန်းကလေးငယ်သည် စာကျက်နေရင်း မနေ့က အန်တီကျိုး၏ အိမ်တွင် စားခဲ့ရသော ဟင်းလျာများကို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေရပေသည်။
မနေ့က လမ်းမပေါ်တွင် စားခဲ့သော သကြားရည်သုတ် အသီးအချောင်းများ၊ ပေါက်စီများ၊ ဝက်ခြေထောက်ပေါင်းနှင့် မက်မွန်ပန်းမုန့်များကို သူမ ပြန်လည်သတိရနေလေ၏။
သိုင်းကစားရင်း မျက်လှည့်ပြကာ သိုင်းလောကတခွင်လှည့်လည်ဖျော်ဖြေသူများကိုလည်း သတိရနေပေသည်။
ရွှံ့ရုပ်လေးများ ပြုလုပ်ပေးသော အဘိုးအိုကိုလည်း ပြန်လည်သတိရနေမိချေပြီ။
အရေးအကြီးဆုံးအချက်မှာတော့ သူမနှင့် ရွယ်တူဖြစ်သော ကောင်လေးကို သူမ သတိရနေခြင်းပင် ဖြစ်လေသည်။
ထိုသို့ တွေးတောနေစဉ် မိန်းကလေးငယ်၏ နှုတ်ခမ်းထက်တွင် ရူးကြောင်ကြောင် အပြုံးလေးတစ်ခု အမှတ်တမဲ့ ပေါ်လာလေ၏။
သို့သော် မကြာမီမှာပင် မိန်းကလေးငယ်သည် ခေါင်းကို အားပါးတရ ခါရမ်းလိုက်ပြီး "အာရုံလွင့်လို့ မဖြစ်ဘူး။ မြန်မြန် စာကျက်ရမယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်ပေသည်။
သူမ၏ အတွေးများကို ထိန်းချုပ်ကာ မိန်းကလေးငယ်သည် ကဗျာများနှင့် လင်္ကာများကို အသံကျယ်ကျယ်ဖြင့် ဖတ်ရှုရင်း တတ်နိုင်သမျှ အမြန်ဆုံး အာဂုံဆောင်နိုင်ရန် ကြိုးစားအားထုတ်နေလေတော့သည်။
နေ့လယ်အချိန်ရောက်သောအခါ မိန်းကလေးငယ်သည် စာကျက်ရင်းပင် ထမင်းစားနေကာ နန်းတွင်းစာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသော ပညာရှင်တစ်ဦးပမာ လုံ့လဝီရိယ ရှိနေပုံ ပေါ်လေ၏။
မွန်းလွဲပိုင်း ရှန်းနာရီသို့ ရောက်ရှိချိန်တွင် ချင်စီယောင်သည် မယ်တော်ဖြစ်သူ ပေးထားသော ကျောင်းစာများကို အစမှအဆုံး လေးလေးနက်နက် ပြန်လည်လေ့လာသုံးသပ်ပြီးနောက် ခြံဝင်းအတွင်းမှ ယုံကြည်မှုအပြည့်ဖြင့် ပြေးထွက်သွားလေတော့သည်။
"မင်းသမီးလေး... ဘယ်သွားမလို့လဲဟင်"
အစေခံမလေးဟွာရှန်းသည် လက်ဖက်ရည်နှင့် မုန့်များကို သယ်ဆောင်လာစဉ် မင်းသမီးလေးက သမင်ငယ်လေးတစ်ကောင်ပမာ သူမ၏ ဘေးမှ ပြေးထွက်သွားသည်ကို မြင်လိုက်ရလေ၏။
"မယ်တော့်ဆီ သွားပြီး စာသွားပြန်မလို့"
မိန်းကလေးငယ်သည် တဖြည်းဖြည်း ဝေးကွာသွားပြီး သူမ၏ အသံလေးမှာလည်း အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားချေပြီ။
ထိုအချိန်တွင် ချင်တိုင်းပြည်ဘုရင်သည် စာကြည့်ဆောင်အတွင်း၌ အသနားခံစာများကို ဖတ်ရှုစစ်ဆေးနေပြီး မိဖုရားကြီးရှီကမူ ခင်ပွန်းဖြစ်သူ၏ ဘေးတွင် မတ်တတ်ရပ်ကာ အင်္ကျီလက်စများကို ခေါက်တင်လျက် မှင်များကို သေချာစွာ သွေးပေးနေလေ၏။
"ခမည်းတော်... မယ်တော်..."
ရုတ်တရက် မိန်းကလေးငယ်တစ်ဦး၏ ပေါ့ပါးပျော်ရွှင်နေသော အသံလေးတစ်ခု စာကြည့်ဆောင်၏ အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
တံခါးဝတွင် စောင့်ကြပ်နေသော မိန်းမစိုးလီသည် သူမအား မတားဆီးရဲသဖြင့် မမြင်ယောင်သာ ဆောင်နေလိုက်ရပြီး မင်းသမီးငယ်လေးအား စာကြည့်ဆောင်၏ သစ်သားတံခါးကို တွန်းဖွင့်ခွင့် ပြုလိုက်ရတော့သည်။
အစပိုင်းတွင် ချင်စီယောင်သည် ပွင့်လန်းနေသော ပန်းတစ်ပွင့်ပမာ ပျော်ရွှင်နေခဲ့လေ၏။
သို့သော် သူမ၏ မယ်တော်ဖြစ်သူ၏ တင်းမာသော အကြည့်ကို မြင်လိုက်ရသောအခါ ချင်စီယောင်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး စာကြည့်ဆောင်အတွင်းမှ အလျင်အမြန် ပြန်ထွက်ကာ တံခါးကို လိမ္မာရေးခြားရှိစွာ ပြန်ပိတ်လိုက်လေသည်။ ထို့နောက် တံခါးကို ခေါက်ကာ "ခမည်းတော်၊ မယ်တော်... သမီးတော် စီယောင် ဝင်ခွင့်ပြုပါဘုရား" ဟု လျှောက်တင်လိုက်ပေသည်။
"ဝင်ခဲ့လေ" ဟု မိဖုရားကြီးရှီက တံခါးနောက်ကွယ်မှ လှမ်းပြောလိုက်၏။
ခွင့်ပြုချက် ရရှိပြီးနောက်တွင်မှ ချင်စီယောင်သည် တံခါးကို တွန်းဖွင့်ကာ ရိုသေစွာဖြင့် ရှေ့သို့ လျှောက်သွားပြီး ဦးညွှတ်လိုက်လေသည်။ "သမီးတော် စီယောင်က ခမည်းတော်နဲ့ မယ်တော်ကို ဂါရဝပြုပါတယ်။ ခမည်းတော် ကျန်းမာပါစေ၊ မယ်တော် ကျန်းမာပါစေ"
"ခမည်းတော် ကျန်းမာပါတယ်" ချင်တိုင်းပြည်ဘုရင်က ပြုံးလျက် ဆိုလေ၏။
"အင်း" မိဖုရားကြီးရှီက ခေါင်းညိတ်ပြလိုက်ပြီး "စီယောင် ပြောစရာ ရှိလို့လား" ဟု မေးလိုက်ပေသည်။
ချင်စီယောင်သည် ကိုယ်ဟန်ကို မတ်မတ်ထားလိုက်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ပျော်ရွှင်စွာ ပြောလိုက်လေ၏။ "ခမည်းတော်နဲ့ မယ်တော်ကို လျှောက်တင်ပါတယ်။ မနေ့က မယ်တော် ပေးထားတဲ့ ကျောင်းစာတွေကို သမီးတော် လုပ်လို့ ပြီးသွားပါပြီ။ ခမည်းတော်နဲ့ မယ်တော်က ကျေးဇူးပြုပြီး စစ်ဆေးပေးတော်မူပါ"
"ဒီလောက်တောင် မြန်တာလား" ချင်တိုင်းပြည်ဘုရင်မှာ အနည်းငယ် အံ့ဩသွားချေပြီ။
မိဖုရားကြီးရှီသည်လည်း သူမ၏ သမီးတော်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေ၏။
သူမ ပေးထားသော ကျောင်းစာများမှာ ငါးရက်စာ ဖြစ်ပေသည်။
ဒီလို ဆော့မက်တဲ့ ကောင်မလေးက ခုနစ်ရက်အတွင်း ပြီးရင်တောင် တော်လှပြီလို့ ဆိုရမှာကို သူမက တစ်ရက်တည်းနဲ့ အပြီးလုပ်လိုက်တယ်ပေါ့။
"ဟုတ်ပါတယ် ခမည်းတော်၊ မယ်တော်။ သမီးတော် အကုန်ရနေပါပြီ" ချင်စီယောင်၏ မျက်နှာအမူအရာတွင် ခမည်းတော်၊ မယ်တော်... မြန်မြန် စစ်ဆေးပေးပါတော့၊ မြန်မြန် စစ်ဆေးပေးပါတော့ ဟု ပြောနေသည့်အလား စိတ်အားထက်သန်မှုများ ပြည့်နှက်နေပေသည်။
"ကောင်းပြီလေ၊ ဒါဆို အရင်ဆုံး အားလုံးကို အာဂုံဆောင်ပြစမ်း" ဟု မိဖုရားကြီးရှီက မိန့်ဆိုလိုက်၏။
"မှန်လှပါ မယ်တော်။ အဟမ်း၊ အဟမ်း၊ အဟမ်း..." ချင်စီယောင်သည် လူကြီးတစ်ဦးကို အတုခိုးကာ ချစ်စရာကောင်းလောက်အောင် လည်ချောင်းရှင်းလိုက်ပြီး စတင်၍ အာဂုံဆောင်လေတော့သည်။
"တောငန်းတွေ ပျံသန်းလာကြတယ်၊ သူတို့ရဲ့ တောင်ပံတွေက တဖျပ်ဖျပ် မြည်နေတယ်။
ဒီပညာရှင်မွန်တွေဟာ ခရီးထွက်လာကြပြီး တောတောင်တွေထဲမှာ ပင်ပန်းဆင်းရဲခံကြရတယ်။
သနားစရာကောင်းတဲ့ သူတွေကိုတော့ ဒီမုဆိုးဖို၊ မုဆိုးမတွေကို သနားကြင်နာပေးကြပါ။
တောငန်းတွေ ပျံသန်းလာကြတယ်၊ အလယ်ပိုင်း စိမ့်ညွန်တောမှာ စုရုံးနေကြတယ်။
ဒီပညာရှင်မွန်တွေက တံတိုင်းဘေးမှာ၊ အတုံးအခဲပေါင်း တစ်ရာကို ဖန်တီးထားတယ်။
သူတို့ ပင်ပန်းဆင်းရဲခံရပေမဲ့၊ နောက်ဆုံးမှာတော့ အေးချမ်းတဲ့ အိမ်လေးတစ်လုံး ရရှိမှာပါ"
ချင်စီယောင်သည် ကဗျာများနှင့် လင်္ကာများကို တစ်ပုဒ်ပြီးတစ်ပုဒ် ကြိုးစားပမ်းစား အာဂုံဆောင်ပြနေလေ၏။
ရလဒ်အနေဖြင့် တကယ့်ကို စကားလုံးတစ်လုံးမျှပင် မမှားယွင်းခဲ့ချေ။
မိဖုရားကြီးရှီက နောက်ထပ် စာကြောင်းအနည်းငယ်ကို ရွေးချယ်ကာ ၎င်းတို့၏ အဓိပ္ပာယ်ကို မေးမြန်းလိုက်သောအခါတွင်လည်း သူမက ဖြေကြားနိုင်ဆဲပင် ဖြစ်လေသည်။
နောက်ပိုင်းတွင်မူ မိဖုရားကြီးရှီအနေဖြင့် ထပ်မံမေးမြန်းစရာ ဘာမှမရှိတော့ချေ။
"ခမည်းတော်၊ မယ်တော်... သမီးတော်ရဲ့ ကျောင်းစာတွေ ပြီးသွားပြီမလားဟင်" ဟု ချင်စီယောင်က မျှော်လင့်တကြီး မေးမြန်းလိုက်ပေသည်။
"ပြီးသွားပြီ။ စီယောင်... သမီးတော် အရမ်းတော်တာပဲ" မိဖုရားကြီးရှီက သူမ၏ သမီးတော်ကို ရှားရှားပါးပါး ချီးကျူးလိုက်လေ၏။
"ဒါဆိုရင် မယ်တော်... စီယောင် နန်းတော်ပြင်ပကို ထွက်ပြီး ရှောင်အိမ်တော်မှာ ဆက်သွားဆော့လို့ ရပြီလားဟင်" ဟု ချင်စီယောင်က ပျော်ရွှင်စွာ မေးလိုက်ပေသည်။
"သွားလေ" မိဖုရားကြီးရှီက လက်ကာပြလိုက်၏။
"ကျေးဇူးတင်ပါတယ် ခမည်းတော်၊ ကျေးဇူးတင်ပါတယ် မယ်တော်" ချင်စီယောင်သည် ဦးညွှတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားလေတော့သည်။
"ဒီကောင်မလေးက ဒီလောက်တောင် ကြိုးစားနေတာ၊ ရှောင်အိမ်တော်က သခင်လေးနဲ့ သွားဆော့ချင်လို့များလား" ဟု မိဖုရားကြီးရှီက ခင်ပွန်းဖြစ်သူအား နားမလည်စွာဖြင့် မေးမြန်းလိုက်ပေသည်။
"ဘယ်သူ သိမှာလဲ"
ချင်တိုင်းပြည်ဘုရင်သည် သက်ပြင်းတစ်ချက်ချကာ သူ၏ လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ အကြီးကြီး မော့သောက်လိုက်လေ၏။
"တောက်"
ချင်တိုင်းပြည်ဘုရင်သည် တောက်တစ်ချက်ခေါက်လိုက်ပြီး လက်ဖက်ရည်ပန်းကန်လုံးကို ကြည့်လိုက်ပေသည်။
"ဒီလက်ဖက်ရည်က ဘာလို့ ပုံမှန်ထက် အများကြီး ပိုခါးနေရတာလဲ"