← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း ၈၁ - ယန်လျိုရှား နတ်ဘုရားမျှော်စင် ဒုတိယအထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်း၊ လင်းရှန်ဟဲ နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းသို့ တက်လှမ်းခြင်း

ကစဉ့်ကလျား နတ်ဘုရားတောင်ခြေရှိ သာမန်ရိုးကျဖြစ်သော ခြံဝင်းငယ်တစ်ခုအတွင်း၌ လင်းချန်နှင့် ရှောင်ဖန်တို့ ရပ်နေကြသည်။ လင်းချန်သည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်ရှုလိုက်၏။

“ဒီနေရာက...”

ဤခြံဝင်းသည် မည်သူမျှ လှည့်မကြည့်မိလောက်အောင် အလွန်ပင် ရိုးရှင်းလွန်းလှသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သို့သော် ရှောင်ဖန်က သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သဖြင့် သူ မသိနိုင်သော ထူးခြားသည့် နတ်ဘုရားလျှို့ဝှက်ချက်တစ်ခုခု ဤခြံဝင်းထဲတွင် ရှိနေရမည်ဖြစ်သည်။

ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်၏ အဝင်ဝသည်လည်း ဤနေရာတစ်ဝိုက်တွင် ရှိနေနိုင်ပေသည်။

ရှောင်ဖန်က ပြုံးလိုက်သည်။

“ဒီနေရာက လူတွေရဲ့မျက်စိကို လှည့်စားဖို့ တည်ရှိနေတာလေ။ တစ်ချိန်တည်းမှာပဲ ဒါက ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ရဲ့ ဝင်ပေါက် တည်ရှိတဲ့နေရာလည်း ဖြစ်တယ်။ သွားကြစို့..။ ငါ မင်းကို အဲ့ဒီကို ခေါ်သွားမယ်။”

စကားပြောနေစဉ်မှာပင် သူသည် ခြံဝင်းအတွင်းရှိ အခန်းတစ်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွား၏။

လင်းချန်သည်လည်း စူးစမ်းရန် နောက်မှလိုက်သွားမည်အပြု... သူ ခြေလှမ်းမရွေ့ရသေးမီမှာပင် ကောင်းကင်ယံအထက် ဆီမှ မကြားရသည်မှာ ကြာပြီဖြစ်သော ကောင်းကင်တာအို၏ ခန့်ညားထည်ဝါသော အသံကြီး ထွက်ပေါ်လာခဲ့သည်။

“လျို ကောင်းကင်ပြည်နယ်မှ ယန်လျိုရှားသည် နတ်ဘုရားပင်မမျှော်စင်၏ ဒုတိယအထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းတွင် အဆင့် ၉၈ ချိတ်သွားပါပြီ။”

“ကောင်းကင်တာအို၏ လက်ဆောင်တစ်ခုနှင့် မိုင်ပေါင်းတစ်ထောင်စာ ကံတရားကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သည်။”

ထိုအသံသည် ဟိန်းထွက်သွားပြီး တာအိုပြည်နယ်သုံးထောင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်တာအို၏ ကြေညာချက်ကို ကြားလိုက်ရချိန်တွင် လင်းချန်နှင့် ရှောင်ဖန်တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။

ယန်လျိုရှား မျှော်စင်ကို ထပ်ပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြန်ပြီလား။

ယခင်ကလည်း ယန်လျိုရှားသည် နတ်ဘုရားမျှော်စင်၏ ပထမအထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး လင်းချန်မှလွဲ၍ ပါရမီရှင်များအားလုံးထဲတွင် မျှော်စင်ကို ပထမဆုံး အောင်မြင်သူ ဖြစ်ခဲ့သည်။

မမျှော်လင့်ဘဲ များပြားလှသော ပါရမီရှင်ထူးချွန်သူများထဲတွင် သူမသည် ထပ်မံ၍ ပထမဆုံးအဖြစ် ဦးဆောင်ကာ ဒုတိယအထပ်ကို အောင်မြင်သွားပြန်လေပြီ။

ယခင် ယှဉ်ပြိုင်ခဲ့စဉ်က ယန်လျိုရှား၏ တိုက်ခိုက်မှုများသည် အမှန်တကယ်ပင် အခက်ခဲဆုံးဖြစ်ကြောင်း လင်းချန် မှတ်မိနေသေးသည်။ အခြားသော နတ်ဘုရားစွမ်းရည် တိုက်ခိုက်မှုများသည် သူ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ပျက်စီးသွားသော်လည်း ယန်လျိုရှား ထုတ်လွှတ်လိုက်သော ကောင်းကင်အနှံ့ ပြည့်နှက်နေသည့် ရောင်စုံအလင်းတန်းများကမူ မပျောက်ကွယ်မီ ခဏတာ ကြံ့ကြံ့ခံနိုင်ခဲ့လေသည်။

ကောင်းကင်ထက်ရှိ အဆင့်သတ်မှတ်ချက်များ အသစ်ပြင်ဆင်ထားသော ရွှေအိုရောင် နတ်ဘုရားအဆင့်စာရင်းကို ကြည့်ရင်း ရှောင်ဖန်က အားကျစွာဖြင့် သက်ပြင်းချလိုက်မိသည်။

“ဒီမျိုးဆက်ရဲ့ ပါရမီရှင်တွေက တကယ်ကို ပန်းပေါင်းတစ်ရာ ပွင့်လန်းနေသလိုပါပဲလား။ မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို ရွှေခေတ်ကြီးပဲ။”

လင်းချန်နှင့် ရှောင်ဖန်တို့သာ အံ့အားသင့်ရသည်မဟုတ်ချေ။ ကောင်းကင်တာအို၏ ကြေညာချက်ကို ကြားလိုက်ရသည့် တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးသည်လည်း အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ကြလေသည်။ ကောင်းကင်တာအို၏ ကြေညာချက်မှာ ရုတ်တရက်ဆန်လွန်းလှသဖြင့် သူတို့အတွက် ပြန်လည်သုံးသပ်ရန်ပင် အချိန်မရလိုက်ပေ။

လျိုရှားပြည်နယ်မှ ပါရမီရှင်က နတ်ဘုရားမျှော်စင်၏ နောက်ထပ်တစ်ထပ်ကို အောင်မြင်သွားပြီတဲ့လား။

ဒီလူကို ကောင်းကင်ကိုဆန့်ကျင်တဲ့ ပါရမီရှင် လင်းချန်နဲ့ တစ်တန်းတည်း ယှဉ်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသောသူလို့ ယူဆရတော့မှာလား။

လျိုရှား သူတော်စင်နယ်မြေတော့ တကယ်ကို အနှိုင်းမဲ့ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်ပြီပဲ။

ယခုအခါ လျိုရှားပြည်နယ်ရှိ လျိုရှားသူတော်စင်နယ်မြေ တစ်ခုလုံးတွင် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေကြပြီး မရေမတွက်နိုင်သော တပည့်များက ကြွေးကြော်ကာ အောင်ပွဲခံနေကြလေသည်။ အကြီးအကဲများနှင့် ကျန်ရှိနေသော ကျွမ်းကျင်သူများပင်လျှင် သူတို့၏ ဂုဏ်ဒြပ်များကို ဘေးဖယ်ထားကာ တပည့်များနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲနေကြတော့သည်။

ဤမျှ ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်သည် သူတို့အတွက် အမှန်တကယ်ပင် ဆင်နွှဲထိုက်သော အောင်ပွဲတစ်ခုပင်။

သူတို့၏ သူတော်စင်မ ယန်လျိုရှားသည် ယခုအခါ ထူးဆန်းအံ့ဖွယ်ပါရမီရှင် လင်းချန်မှလွဲ၍ ကျန်ရှိသော ပါရမီရှင်ထူးချွန်သူအားလုံးထဲတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီဖြစ်သည်။ သူတို့၏ သူတော်စင်မမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မျှော်စင်ကို အောင်မြင်စွာ မဖြတ်ကျော်နိုင်သေးသလို ဒုတိယအထပ်ကို အောင်မြင်ဖို့ဆိုသည်မှာ ဝေးစွပင်။

တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိအားလုံးသည် ယန်လျိုရှား တစ်ဦးတည်းသာ လင်းချန်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု ထင်မှတ်နေကြစဉ်မှာပင် အခြား မြင့်မြတ်ထည်ဝါသည့် ကောင်းကင်တာအို၏ ကြေညာချက်တစ်ခု ကောင်းကင်၏အနက်ရှိုင်းဆုံးနေရာမှ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“ရှေးဟောင်းကန္တာရ လင်းမိသားစုမှ လင်းရှန်ဟဲသည် နတ်ဘုရားမျှော်စင်၏ ပထမအထပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းတွင် အဆင့် ၉၉ ချိတ်သွားပါပြီ။”

“ကောင်းကင်တာအို၏ လက်ဆောင်တစ်ခုနှင့် မိုင်ပေါင်းသုံးရာစာ ကံတရားကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သည်။”

ထိုခဏ၌ တာအိုပြည်နယ်သုံးထောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ခုနလေးတင် အလွန်အမင်း အံ့ဩနေကြသော သက်ရှိများမှာ ဦးနှောက်များ ဗလာဖြစ်သွားကြပြီး မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ပေ။

ဒါက ဘယ်လိုအခြေအနေကြီးလဲ။

ရှေးဟောင်းကန္တာရ လင်းမိသားစက ရှေးဟောင်းလူထူးဆန်း လင်းရှန်ဟဲလည်း မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားတာလား။ ပါရမီရှင်နှစ်ယောက်စလုံးက နတ်ဘုရားမျှော်စင်ပင်မဆောင်ကို တစ်ပြိုင်နက်တည်း အောင်မြင်သွားကြတာလား။ ဒါက တကယ်ကို တစ်သက်မှာတစ်ခါ ကြုံရခဲတဲ့ မြင်ကွင်းပဲ။

အရေးကြီးဆုံးအချက်မှာ ယန်လျိုရှား ဒုတိယအထပ်ကို အောင်မြင်ပြီး မကြာမီမှာပင် လင်းရှန်ဟဲက မျှော်စင်ကို အောင်မြင်သွားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူအနိုင်ယူခဲ့သော မျှော်စင်စောင့်နတ်ဘုရားမှာ ဒုတိယအထပ်ကို ခုလေးတင် အောင်မြင်သွားသည့် ယန်လျိုရှားပင် ဖြစ်ရမည်။

မည်သို့ပင်ဆိုစေ မျှော်စင်ကို ဖြတ်ကျော်ရန် အချိန်အတန်ကြာ ပေးရစမြဲပင်။ လူတိုင်းက ဝင်လိုက်သည်နှင့် ချက်ချင်းအောင်မြင်သော လင်းချန်ကဲ့သို့ ထူးဆန်းနေဖို့ မဖြစ်နိုင်ပေ။ သို့ဆိုလျှင် လင်းရှန်ဟဲ၏ အစစ်အမှန် ခွန်အားသည် ယန်လျိုရှားထက်ပင် အနည်းငယ် ပိုမိုသာလွန်နေသည်ဟု မဆိုနိုင်ပေဘူးလော။

အချုပ်အားဖြင့်ဆိုရသော် လောလောဆယ် နတ်ဘုရားစာရင်း၏ အဆင့် ၉၈ နေရာတွင် ရှိနေသင့်သူမှာ ယန်လျိုရှားမဟုတ်ဘဲ လင်းရှန်ဟဲသာ ဖြစ်ပေလိမ့်မည်။

ထိုသို့တွေးမိသည်နှင့် တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိများ သတိပြန်ဝင်လာကြပြီး ရှေးဟောင်းလင်းမိသားစု တည်ရှိရာ ဖူကွမ်းမြင့်မြတ်ပြည်နယ်ဘက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

ရှေးဟောင်းလင်းမိသားစုက ဘယ်လိုတောင် ကံကောင်းနေတာလဲ။

အရင်က လင်းချန်ရှိခဲ့တာက တစ်ပိုင်းပေါ့။ သူကတော့ ထူးခြားဆန်းကြယ်တဲ့ ပါရမီရှင်ဖြစ်သွားပြီး အဆင့်တူမှာ တာအိုဘိုးဘေးတောင် သူ့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ အခု ဘာလို့ နောက်ထပ် လင်းရှန်ဟဲတစ်ယောက် ထပ်ပေါ်လာရပြန်တာလဲ။

လင်းရှန်ဟဲသည် ပါရမီအဆင့်သတ်မှတ်ချက်စာရင်းတွင် ဒုတိယဖြစ်နေသော်လည်း ဤအဆင့်ရှိသည့် ပါရမီရှင်များအားလုံး ရှေးဟောင်းလင်းမိသားစုတွင်သာ စုပြုံနေခြင်းကို သူတို့ လက်ခံနိုင်ရန် ခက်ခဲနေကြသည်။

ရေတွက်မရနိုင်သော ရှေးဟောင်းမိသားစုကြီးများနှင့် အင်အားကြီးမျိုးနွယ်စုများမှာ ဆွံ့အသွားကြသည်။ သူတို့မိသားစုများ မျှော်လင့်ချက်ကြီးစွာ ထားခဲ့ကြသော ပါရမီရှင်များနှင့် ရှေးဟောင်းလူထူးဆန်းများသည် ပါရမီစာရင်းတွင် ပါဝင်ကြသော်လည်း ဤဒုတိယမြောက် အခွင့်အလမ်းကြီးတွင်မူ ပါဝင်ပတ်သက်နိုင်စွမ်း မရှိသလောက်ပင်။

အချို့သော ပါရမီရှင်များမှာ နတ်ဘုရားမျှော်စင်၏ အရံစာရင်းတွင် ပါဝင်ကြသော်လည်း ထိုအဆင့်သတ်မှတ်ချက်မှာ မျိုးဆက်တူအချင်းချင်း ပြိုင်ဆိုင်မှုသာ ဖြစ်ပြီး နတ်ဘုရားအဆင့်သတ်မှတ်ချက်စာရင်းလောက် ဂုဏ်သိက္ခာမကြီးမားပေ။

ဤခေတ်ကာလတွင် ရှေးဟောင်းလင်းမိသားစုသည် အခြားသော အင်အားစုအားလုံးကို ကျော်ဖြတ်ပြီး အမြင့်ဆုံးတောင်ထိပ်သို့ တက်လှမ်းတော့မည့်ပုံပင်။

လျိုရှား သူတော်စင်နယ်မြေ...။

ယခုလေးတင် စတင်ခဲ့သော အောင်ပွဲခံပွဲမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ကျွမ်းကျင်သူများနှင့် တပည့်အားလုံး မှင်တက်သွားကြသည်။

“ရှေးဟောင်းလင်းမိသားစု... လင်းရှန်ဟဲလား။”

ခြံဝင်းအတွင်း၌...။

ကောင်းကင်တာအို၏ ကြေညာချက်ကို နားထဲတွင် ကြားလိုက်ရချိန်၌ လင်းချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

မဆိုးပါဘူး။ သူတို့ရဲ့ ရှေးဟောင်းလင်းမိသားစုမှာ သူကိုယ်တိုင်အပြင် အင်အားအကြီးဆုံး နောက်ထပ်ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာပြီပဲ။

သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး ပါရမီရှင် ၉၉ ယောက်ထဲမှ တစ်ဦး...။

ဤသည်မှာ လင်းရှန်ဟဲ၏ အကန့်အသတ်လား၊ ဒါမှမဟုတ် အဆင့်သစ်တစ်ခုအတွက် သူ ထပ်မံစိန်ခေါ်နိုင်ဦးမှာလားဆိုတာကို လင်းချန် သိချင်မိသည်။ လင်းချန်သည် ဤအချက်ကို အလွန်ပင် စိတ်ဝင်စားနေမိ၏။

အတန်ကြာ စောင့်ကြည့်ပြီးနောက်တွင် ကောင်းကင်၏ အနက်ရှိုင်းဆုံးဆီမှ နောက်ထပ် ကောင်းကင်တာအို၏ ကြေညာချက်များ ထွက်ပေါ်မလာတော့ပေ။ ထိုအခါမှသာ တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိများမှာ သက်ပြင်းအရှည်ကြီး ချနိုင်တော့လေသည်။

အကယ်၍ ဤအချိန်တွင် နောက်ထပ်ပါရမီရှင်တစ်ဦးသာ မျှော်စင်ကို ထပ်မံအောင်မြင်သွားပါက သူတို့၏နှလုံးသားမှာ ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။ အကြောင်းမှာ ဤအချိန်၌ မျှော်စင်အောင်မြင်ခြင်းသည် ယန်လျိုရှား၏ မျှော်စင်စောင့်ပုံရိပ်ယောင်ကို အနိုင်ယူလိုက်ခြင်းဟု အဓိပ္ပာယ်ရသောကြောင့်ပင်။

လင်းရှန်ဟဲ တစ်ယောက်တည်းနှင့်တင် သူတို့ကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်ရာ ထိုကဲ့သို့သော ထာဝရပါရမီရှင်အစစ်အမှန်များမှာ အဘယ်မှာလျှင် အလွယ်တကူ ပေါ်ထွက်လာနိုင်ပါမည်နည်း။

ထိုစဉ် ရှောင်ဖန်သည် သတိပြန်ဝင်လာပြီး လင်းချန်၏ပုခုံးကို ပုတ်ကာ ဂုဏ်ပြုစကားဆိုလိုက်သည်။

“ဂုဏ်ယူပါတယ်။ ရှေးဟောင်းလင်းမိသားစုမှာ နတ်ဘုရားအဆင့်ဝင် ပါရမီရှင်တစ်ယောက် ထပ်တိုးလာပြန်ပြီ။”

သူ၏ စိတ်ထဲတွင်မူ အတော်လေး ခံစားသွားရ၏။ ရွှေခေတ်ကြီးအတွင်း ပါရမီရှင် သုံးဦးသာ နတ်ဘုရားအဆင့်စာရင်းသို့ တက်လှမ်းနိုင်ခဲ့ရာတွင် နှစ်ဦးမှာ ရှေးဟောင်းလင်းမိသားစုမှ ဖြစ်နေသောကြောင့်ပင်။

ထိုစကားကို ကြားသောအခါ လင်းချန်က ပြုံးလိုက်သည်။

“လင်းရှန်ဟဲရဲ့ ပါရမီက အစကတည်းက အားကောင်းပြီးသားပါ။ နတ်ဘုရားစာရင်းထဲ ပါသွားတာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

ဒါပေမဲ့ သူ့ရဲ့ခြေလှမ်းတွေက ဘယ်နေရာမှာ အဆုံးသတ်မလဲဆိုတာတော့ ငါလည်း မသိဘူး။”

ထိုသို့ပြောရင်း လင်းချန်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“တာအိုမိတ်ဆွေ ရှောင်ဖန် အချိန်ဆွဲမနေတော့ဘဲ ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ကို တန်းသွားကြရအောင်။

ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က လှုပ်ခတ်နေပြီလို့ ခံစားနေရတယ်...။ အဆင့်တက်တော့မယ့်ပုံပဲ။”

ထိုစကားကို ကြားသောအခါ ရှောင်ဖန်သည် သူ၏နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး ဘာမှပြန်မပြောသော်လည်း တောင်းဆိုသည့်အတိုင်း ရှေ့မှဦးဆောင်ခေါ်သွားပေးလိုက်သည်။

ခဏအကြာတွင် ခြံဝင်းအတွင်းရှိ အခန်းတစ်ခန်းထဲမှ အလင်းရောင်တစ်ချက် ဝင်းခနဲ လက်သွားခဲ့လေသည်။ ထို့နောက်တွင် လင်းချန်နှင့် ရှောင်ဖန်တို့၏ အငွေ့အသက်များသည် ခြံဝင်းအတွင်းမှ လေထဲသို့ ပျောက်ကွယ်သွားတော့သည်။

အခန်း ၈၂- ထူးခြားဆန်းကြယ်လှသော ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်၊ လက်မှတ်ထိုးဝင်ခြင်း အခွင့်အရေးကို ဖွင့်လှစ်ခြင်း

အမည်မသိ နယ်မြေတစ်ခုတွင် ထူထပ်သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည့် ပုံသဏ္ဌာန်မမှန်သော ကောင်းကင်ပြာရောင် ကျောက်တုံးများသည် မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေ၏။ မြေပြင်တစ်ခုလုံးမှာ ထိုကောင်းကင်ပြာရောင် ကျောက်တုံးများဖြင့် ဖုံးလွှမ်းနေပုံရပြီး တောက်ပသော အပြာရောင်အလင်းတန်းများ ဖြာထွက်နေခဲ့သည်။

ထိုကောင်းကင်ပြာရောင် ကျောက်တုံးများအတွင်းရှိ ဝိညာဉ်စွမ်းအင်သည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများထက်ပင် ပိုမိုစင်ကြယ်ပြီး ကျယ်ပြောလှကာ ၎င်းတို့၏ အဆင့်အတန်းမှာလည်း ပိုမိုမြင့်မားလှပေသည်။ ၎င်းတို့သည် အခြားမဟုတ်ချေ။ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများထက် ပိုမိုအဆင့်မြင့်ပြီး ပို၍တန်ဖိုးကြီးမားသော... ဝိညာဉ်ပုံဆောင်ခဲများပင် ဖြစ်သည်။

အမည်မသိ နယ်မြေတစ်ခုလုံးသည် ဝိညာဉ်ပုံဆောင်ခဲများမှ ထွက်ပေါ်လာသော သိပ်သည်းလှသည့် ကောင်းကင်နှင့်မြေပြင် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ထိုစွမ်းအင်များသည် အရည်ကဲ့သို့ ပျစ်ခဲနေကာ ဝိညာဉ်စွမ်းအင် မိုးပေါက်များအဖြစ်သို့ပင် ပြောင်းလဲနေပြီဖြစခသည်။

“ဝုန်း”

တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး လင်းချန်နှင့် ရှောင်ဖန်တို့၏ ပုံရိပ်များသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာကာ ဝိညာဉ်ပုံဆောင်ခဲများ ခင်းကျင်းထားသော မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ခြေကုပ်မြဲသွားသည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသော ကြောက်မက်ဖွယ် ကောင်းလောက်အောင် စင်ကြယ်သည့် ဝိညာဉ်စွမ်းအင်များကို လင်းချန် ခံစားလိုက်ရသည်။ ဤစင်ကြယ်သော ဝိညာဉ်စွမ်းအင်များသည် အလွန်မြင့်မားသော အရည်အသွေးရှိပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်ကာ အရာအားလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ပင်။

သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုသည် အဆင့်တက်ရန် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုအခါ ဤစွမ်းအင်များ စီးဝင်လာမှုအောက်တွင် ပိုမိုမြင့်မားသော နယ်ပယ်သို့ အလိုအလျောက် ရောက်ရှိတော့မည့်အလား တုန်ခါလာလေသည်။ ဤအံ့သြဖွယ် ခံစားချက်ကို ခံစားရင်း လင်းချန်၏ ခန္ဓာကိုယ်မှာ မသိလိုက်ဘဲ တုန်ရင်သွားမိသည်။

ဤကျယ်ပြောစင်ကြယ်ပြီး မြင့်မားသော အရည်အသွေးရှိသည့် ဝိညာဉ်စွမ်းအင်များသည် သူ၏ နတ်ဘုရားသားတော် နန်းတော်ထက်ပင် ပိုမိုသိပ်သည်းနေသေးသည်။ အကယ်၍ သူသာ ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက ၁၅ မိနစ်အတွင်း သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုသည် အဆင့်တက်ခြင်းကို အောင်မြင်စွာ အပြီးသတ်နိုင်မည်ဖြစ်ပြီး ကပ်ဘေးကိုးခုနယ်ပယ်၏ စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု သူခံစားနေရသည်။

ရုတ်တရက် လင်းချန်သည် ရှေ့နားတွင် တောင်လိုဏ်ဂူတစ်ခုနှင့်တူသော မသေမျိုးဂူတစ်ခုကို တွေ့လိုက်ရလေသည်။ ၎င်း၏ အတွင်းပိုင်းမှာ မည်းမှောင်နေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုမသေမျိုးဂူကို မြင်လိုက်ရသောအခါ လင်းချန်၏ စိတ်ထဲ၌ ရဲတင်းသော အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူသည် ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်သို့ အမှန်တကယ် မရောက်သေးဘဲ ၎င်း၏ အပြင်ဘက်သို့သာ ရောက်ရှိနေသေးခြင်းများ ဖြစ်နေမလား။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ စနစ်က လက်မှတ်ထိုးဝင်ရန် အခွင့်အရေး ရရှိပြီဖြစ်ကြောင်း သတိပေးချက် မထုတ်ပြန်သေးသောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုးသည် စနစ်ကို မလှုံ့ဆော်နိုင်စရာ အကြောင်းမရှိပေ။

ဘေးနားရှိ ရှောင်ဖန်မှာ လင်းချန်၏ စိတ်လှုပ်ရှားမှုကို ခံစားမိသွားပြီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ဤသည်မှာ သူတို့၏ ကစဉ့်ကလျားမြင့်မြတ်နယ်မြေမှ လူအနည်းငယ်သာ သိရှိထားသော လျှို့ဝှက်နယ်မြေ၊ ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ပင် ဖြစ်သည်။ လင်းချန်ကဲ့သို့ ပါရမီရှင်ပင်လျှင် ဤနေရာသို့ ရောက်လာပါက အံ့အားသင့်သွားရမည်သာဖြစ်သည်။

“တာအိုမိတ်ဆွေ လင်းချန် သွားကြစို့။ ငါတို့ တကယ့်ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ထဲကို မရောက်သေးဘူး။

အဲ့ဒါက ရှေ့က တောင်လိုဏ်ဂူပဲ။ အဲ့ဒီထဲကို ရောက်မှ ငါတို့ရဲ့ ပန်းတိုင်ကို ရောက်မှာ။

အဲ့ဒီမှာ မင်း အခြေချပြီး ခဏလောက် ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ ငါအရင်က ပြောခဲ့တာတွေကိုတော့ မှတ်ထားပေးပါ။

အချိန်အတော်ကြာသွားလို့ အတွင်းက ဝိညာဉ်စွမ်းအင် ဖိအားကို မင်းမခံနိုင်တော့ဘူးဆိုရင် ချက်ချင်း ပြန်ထွက်လာရမယ်။ မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုအခြေခံအုတ်မြစ် ထိခိုက်သွားရင် ရတဲ့အကျိုးထက် ဆုံးရှုံးမှုက ပိုများလိမ့်မယ်။”

သူကိုယ်တိုင် ကပ်ဘေးကိုးခုနယ်ပယ်တွင် ရှိစဉ်က ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်အတွင်း နာရီဝက်ခန့်သာ အများဆုံး ကျင့်ကြံနိုင်ခဲ့သည်။

လင်းချန်သည် သူ့ထက် ပိုကြာကြာ ခံနိုင်ရည်ရှိမည်မှာ သေချာသော်လည်း အတွင်း၌ အကန့်အသတ်မရှိ ကျင့်ကြံ၍ မရနိုင်ပေ။ သို့မဟုတ်ပါက အခြေခံအုတ်မြစ် ထိခိုက်ပျက်စီးသွားမည်မှာ ရှောင်လွှဲ၍မရနိုင်ပေ။

ထိုစကားများ ကြားလိုက်ရသောအခါ လင်းချန်၏ မျက်လုံးများထဲ၌ အံ့သြရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့၏။ သူတို့သည် စစ်မှန်သော ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ထဲသို့ မရောက်သေးပေ။

နတ်ဘုရားသားတော် နန်းတော်ထက်ပင် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များ သိပ်သည်းလှသော ဤနေရာသည် ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်၏ အပြင်ဘက် ဧရိယာမျှသာ ရှိသေးသည်။ ဤကဲ့သို့သော ပြိုင်ဘက်ကင်း ရတနာမြေ ရှိနေခြင်းကြောင့်လည်း ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည် ရှေးဦးခေတ်မှ ယခုအချိန်အထိ အစွမ်းထက်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ဒီလို ထူးခြားဆန်းကြယ်သည့် နေရာမျိုး ပိုင်ဆိုင်ထားမှတော့ မြင့်မြတ်နယ်မြေအနေနှင့် ကွာစီဧကရာဇ်အဆင့် ပညာရှင်များ ထွက်ပေါ်မလာရန်မှာ ခက်ခဲပါလိမ့်မည်။

လင်းချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး ရှောင်ဖန်ကို စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။

“ငါ ဒီလောက် ဆန်းကြယ်တဲ့နေရာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေ့တော့ တကယ်ပဲ မျက်စိပွင့်သွားရပြီ။”

ထိုစကားကို ကြားသောအခါ ရှောင်ဖန်က ဘာမှပြန်မပြောဘဲ လက်ဟန်ပြကာ ရှေ့မှ ဦးဆောင်ခေါ်သွားလိုက်လေသည်။ သို့သော် သူ၏ နှုတ်ခမ်းထောင့်ရှိ ပိုမိုကျယ်ပြန့်လာသော အပြုံးကိုမူ ဖုံးကွယ်ထား၍ မရပေ။

လင်းချန်သည် စိတ်ကိုတည်ငြိမ်အောင်ထားကာ ရှောင်ဖန်၏နောက်မှ လိုက်ပါသွားပြီး သူ၏မျက်လုံးထဲ၌လည်း ပြင်းထန်သော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဤကဲ့သို့ ထူးကဲသောနေရာမျိုးတွင် သူ၏ ပြိုင်ဘက်ကင်းစနစ်သည် လက်မှန်ထိုးဝင်ရန် အခွင့်အရေးတစ်ခုကို သေချာပေါက် ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး အသစ်တစ်ခါ လက်မှတ်ထိုးဝင်နိုင်လိမ့်မည်ဟု သူယုံကြည်နေ၏။

ထို့ထက် ပိုအရေးကြီးသည်မှာ သူသည် ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်အတွင်း အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံနိုင်ပြီး သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုကို မြှင့်တင်ကာ ရုပ်ခန္ဓာကျင့်ကြံမှုအဆင့်နှင့် ကွာဟချက်ကို ကျဉ်းမြောင်းစေနိုင်ခြင်းပင် ဖြစ်သည်။

အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသော မှောင်မည်းနေသည့် တောင်လိုဏ်ဂူအတွင်းသို့ ဝင်လှမ်းလိုက်သည်နှင့် လင်းချန်၏ မျက်စိရှေ့မှ မြင်ကွင်းသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွား၏။

လက်ရာမြောက်ပြီး ကြီးမားလှသော ကျင့်ကြံခြင်း မသေမျိုးဂူတစ်ခု သူ၏မြင်ကွင်းထဲ၌ ထွက်ပေါ်လာခဲ့သည်။ ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကျင့်ကြံခြင်း ထိုင်ခုံငယ်ပေါင်း ဒါဇင်နှင့်ချီကို သပ်သပ်ရပ်ရပ် စီထားပြီး ဘေးတွင် ကျောက်စားပွဲနှင့် ကျောက်ခုံတန်းလျားများကိုလည်း သီးခြားစီ တွေ့ရသည်။

လင်းချန်၏ မျက်လုံးများကို အတောက်ပဆုံး ဖြစ်သွားစေသည့် အရာမှာ ထိုထိုင်ခုံငယ်များ၊ ကျောက်စားပွဲများနှင့် ကျောက်ခုံတန်းလျားများမှလွဲ၍ မသေမျိုးဂူတစ်ခုလုံးရှိ အရာအားလုံးသည် ဝိညာဉ်ပုံဆောင်ခဲများဖြင့်သာ ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။

မသေမျိုးဂူတစ်ခုလုံးတွင် ကောင်းကင်ပြာရောင် ပုံဆောင်ခဲ အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေပြီး အဆုံးမဲ့ ကျယ်ပြောစင်ကြယ်လှသော ကောင်းကင်နှင့်မြေပြင်၏ ဝိညာဉ်စွမ်းအင်များသည် နေရာအနှံ့၌ လှိုင်းထနေခဲ့သည်။

သူ၏ စိတ်ထဲတွင်လည်း စနစ်၏ ပြတ်သားသော အသိပေးသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

“အိမ်ရှင်သည် လက်ရှိတွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေ၏ ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်သို့ ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ လက်မှတ်ထိုးဝင်နိုင်ပါပြီ။”

“အိမ်ရှင် ယခု လက်မှတ်ထိုးဝင်လိုပါသလား။”

All Chapters