ကျီချဲ အဲဒါကို ဒီယူလာခဲ့
Vol. 23 Ch. 311
အကယ်၍ ငါသာ အဲဒါအကြောင်းမသိရင်၊ ဘာလို့လေလံဝင်ဆွဲနေတော့မလဲ”
ထွင်းဖောက်မြင်နေရသောကျောက်တုံးထံမှ စုမင်အကြည့်ပြန်လွှဲလိုက်ပြီး အဖြူနှင့်အနက် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင် လူထံသို့ လှမ်းကြည့်လိုက်သည်။
ထိုဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုမှ ပိန်ပါးပါးလူသည်လည်း စိတ်ဆိုးဒေါသထွက်နေသော အမူအယာဖြင့် စုမင်ကို စိုက်ကြည့်နေခဲ့သည်။ မူလက မည်သည့်အရာမှ ပြန်ဝယ်သွားဖြစ်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူ့ကိုယ်ပေါ်တွင် ကျောက်ဒင်္ဂါးများစွာ မရှိချေ။ ထိုကျောက်တုံးကို ဤနေရာတွင်တွေ့ရလိမ့်မည် ဟူ၍လည်း သူမထင်ထားခဲ့မိခြင်း ဖြစ်သည်။
ထိုအရာကို တွေ့လိုက်ရသည့်အခိုက်အတန့်တွင် သူ့နှလုံးသားအတွင်း ကြီးထွားလာသောစိတ်လှုပ်ရှားမှုက လေလံခန်းမအတွင်းရှိ လူအများစုထက် သာလွန်သွားခဲ့သည်။ ဤပစ္စည်း၏ မယုံနိုင်လောက်အောင်ပင် ရှားပါးသောသဘာဝကြောင့် အခြားသူများအနေဖြင့် ၎င်း၏မူလရင်းမြစ်ကို သေချာပေါက်သိလိမ့်မည်မဟုတ်ကြောင်း သတိပြုမိခဲ့ချိန်တွင် သူအလွန်အားရကျေနပ်နေခဲ့သည်။
ဤပစ္စည်းအား မည်သို့အသုံးပြုရမည်ဆိုသည်ကို သူတစ်ဦးတည်းသာ သိပေသည်။
ဤပစ္စည်းကို အလွယ်တကူရယူနိုင်လိမ့်မည်ဟု သူမူလက တွေးထင်ထားခဲ့သလို ကျောက်တုံးအတွက် ကြမ်းခင်းဈေးကလည်း အလွန်နိမ့်နေခဲ့ခြင်းက သူ့အား စိတ်လှုပ်ရှားစေခဲ့ပြီး သူ့မျှော်လင့်ချက်များကိုလည်း မထိန်းချုပ်နိုင်ဖြစ်စေခဲ့သည်။
သို့သော်... လေလံပွဲ၏အလယ်မှာပင် စုမင်က ကြားဖြတ်ဝင်ရောက်လာခဲ့၏။
ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀က သူ့အကန့်အသတ်ဖြစ်သည်။
ဤပစ္စည်းကိုဝယ်ရန် သူ့ထံ၌ ကျောက်ဒင်္ဂါးများထပ်မရှိတော့ပေ။ ပစ္စည်းအားလိုချင်သော စိတ်ဆန္ဒသည် မဖော်ပြနိုင်သော အဆင့်တစ်ခုထိ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း သူ့ထံတွင် ကျောက်ဒင်္ဂါးများမရှိတော့ခြင်းကြောင့် ထိုသူ့မျက်လုံးများက တစ်ဖြည်းဖြည်း နီရဲလာခဲ့သည်။
“သူ လိမ်နေတာ။ ဒီပစ္စည်းကို လေလံတင်တဲ့သူအတွက်တော့ အဲဒါဘာလဲဆိုတာ ငါတစ်ယောက်တည်းပဲ သိတယ်။ ငါကလွဲလို့ တစ်ခြားဘယ်သူမှသိနိုင်မှာ မဟုတ်ဘူး” ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူက သူ့ပတ်ဝန်းကျင်ရှိ လူများအား အော်ဟစ်လိုက်သည်။
သို့သော် လူအများစုက သူ့ကို လျစ်လျူရှုထားချေသည်။
သူ့အားစောင့်ကြည့်နေခဲ့သူများ၏ ခေါင်းထဲတွင်ပင် အမျိုးအမည်မဖော်နိုင်သော အတွေးများဖြစ်ပေါ်လာပြီး ထိုသူတို့၏မျက်လုံးများက တောက်ပလာကြသည်။
“နဝမမြောက်အခန်းက လေလံဆွဲသူခင်ဗျာ။ ဒီပစ္စည်းက ဘာလဲဆိုတာ မင်းမသိဘူးလို့ သံသယဝင်နေသူတစ်ယောက်တော့ ရှိနေပြီ။ ဒါကြောင့် ဒီပစ္စည်းက ဘာလဲဆိုတာ ပြောဖို့ ငါမင်းကိုအခွင့်အရေးတစ်ခု ပေးပါ့မယ်” ညင်သာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သော်လည်း ပြောလိုက်သူသည် ကျောက်တုံး၏ လျှို့ဝှက်ဆန်းကြယ်သောပိုင်ရှင်မဟုတ်ပဲ လေလံပွဲစီစဉ်တင်ဆက်သူ ဆံပင်ပြာနှင့်အဘိုးအိုပင် ဖြစ်သည်။
“မင်းအဖြေ မပေးနိုင်ရင်တော့၊ အခြေအနေတွေ မျှတမှုရှိစေဖို့ ကျေးဇူးပြုပြီး ဒီပစ္စည်းအတွက် လေလံဆွဲခွင့်ကို စွန့်လွှတ်လိုက်ပါ” ဆံပင်ပြာအဘိုးအို၏ မျက်လုံးများအတွင်း အလင်းတစ်ဖြာတောက်ပလာပြီး ဖြည်းညင်းစွာပြောဆိုလိုက်သည်။
“အိုး... ဒီပစ္စည်းကို ဝယ်ချင်တဲ့လူအားလုံးက ဒီပစ္စည်းဘာဆိုတာကို လူအုပ်ရှေ့မှာ ပြောရမှာလား”
စုမင်၏ နှုတ်ခမ်းများထက်တွင် ကြောက်မက်ဖွယ်အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ဆံပင်ပြာအဘိုးအိုအား တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဟုတ်ပါတယ်။ အဲဒါတွေက စည်းမျဉ်းတွေပါပဲ” ဆံပင်ပြာအဘိုးအိုသည် စုမင်အားအလျင်အမြန် လှမ်းကြည့်ပြီးနောက် ခေါင်းညိတ်ပြလာသည်။
ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူကြီး၏ အသက်ရှူသံတို့ လျင်မြန်သွားသည်။ သူသည် ထိုကျောက်တုံးအတွက် စုမင်အား အပြစ်ပြုမိခဲ့ပြီးဖြစ်သည်။ သူ့စိတ်ထဲတွင်တော့ ထိုပစ္စည်းကိုရသည်နှင့် ချက်ချင်းထွက်ခွာသွားရန် တွေးတောထားခဲ့ပြီးဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်မှ ရှာမတွေ့ခင်မှာပင် သူက သူ့မျိုးနွယ်စုအတွင်း ပြန်ရောက်နေလောက်ချေပြီ။
“အဲဒါ အတော်လေးမမျှတတာပဲ။ အကယ်၍ ငါပြောပြီးလို့ တခြားတစ်ယောက်ယောက်ကသာ ထပ်ပြီးလေလံဝင်ဆွဲလာရင် သူက ငါ့စကားတွေကို တုပသွားရုံပဲပေါ့။ ငါ့နောက်မှာ တစ်ခြားလေလံဆွဲတဲ့သူ မရှိတော့မှသာ ငါပြောနိုင်မယ်။ လေလံဆက်ဆွဲမယ့်လူတွေက ငါနဲ့ သူပဲ ဖြစ်ရမယ်။ မင်းတို့အဲလိုလုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုမှသာ အနောက်ပိုင်းပင်လယ်ကလန်က တရားမျှတမှုရှိတယ်လို့ ယူဆနိုင်မှာ။ ပြီးတော့ အကယ်၍ ငါက ပစ္စည်းရဲ့ မူလရင်းမြစ်ကို မှန်မှန်ကန်ကန်ခွဲခြားပြနိုင်ပြီး ဝယ်ယူနိုင်ခဲ့မယ်ဆိုရင်၊ လေလံပွဲပြီးတဲ့အချိန်ကျမှ မင်းတို့ငါ့ဆီလာပို့ပေးတာမျိုး မလိုအပ်ဘူး။ ငါ အဲဒါကို ဒီနေရာမှာ ချက်ချင်းလိုချင်တယ်”
ဆံပင်ပြာအဘိုးအိုသည် ခြောက်ကပ်ကပ်အသံဖြင့် ပြန်လည်ပြောဆိုလိုက်ရင်း နှလုံးသားအတွင်းတွင်တော့ အေးစက်စွာရယ်မောနေလိုက်သည်။ “ကောင်းပြီလေ။ မင်းတို့နှစ်ယောက်မတိုင်ခင်ကလည်း ဒီပစ္စည်းကို ဘယ်သူမှလေလံဝင်မဆွဲခဲ့ကြဘူး။ အဲဒါကြောင့် တစ်ခြားထပ်ပြီး လေလံဆွဲမယ့်လူတွေကို ငါတို့လက်မခံတော့ဘူး။ ဒီပစ္စည်းကိုရဖို့ သင့်တော်တဲ့လူတွေက မင်းတို့နှစ်ယောက်ပါပဲ။ အကယ်၍ မင်းဒါကိုရခဲ့မယ်ဆိုရင်လည်း၊ ချက်ချင်းယူနိုင်ပါတယ်”
“ဒီပစ္စည်းက ကျောက်တုံးထဲက စိတ်ဝိညာဉ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် အဖိုးတန်တဲ့အရာက အတွင်းထဲက အနက်ရောင်လူတူသတ္တဝါလေး မဟုတ်ပဲ ကျောက်တုံးက အဖိုးတန်တာ။ အထူးနည်းလမ်းတစ်ခုနဲ့ဆိုရင် လူတစ်ယောက်က အဲဒါကို သူ သို့မဟုတ် သူမရဲ့ကိုယ်ပိုင် ခန္ဓာကိုယ်ထဲကို ထည့်ခြင်းအားဖြင့် သူတို့ရဲ့ချီကို ပိုထူထပ်အောင်လုပ်နိုင်တယ်။ အဲဒါက စိတ်ကိုလည်း ထောက်ပံ့နိုင်ပြီး တွေးတောဆင်ခြင်တဲ့အခါ လေ့ကျင့်ရာမှာ ကူညီပေးလိမ့်မယ်”
“အတွင်းထဲမှာရှိတဲ့ အနက်ရောင်လူတူသတ္တဝါက အမှန်တစ်ကယ်တော့ ဒီကျောက်တုံးကြီးက ကမ္ဘာကြီးရဲ့ ညစ်ညမ်းအော်ရာတွေကို စုပ်ယူပြီးတဲ့နောက် ဖြစ်တည်လာတဲ့အရာပဲ။ အဲဒီအထဲမှာ အဆိပ်တွေပြည့်နေတယ်။ ဒါပေမယ့် အဲဒီအဆိပ်က သေစေနိုင်မှာတော့ မဟုတ်ဘူး။ လူတစ်ယောက်လေ့ကျင့်ရာမှာ တိုးတက်မှုကို အကျိုးသက်ရောက်လိမ့်မယ်။ အဲဒါကို အထူးနည်းလမ်းတစ်ခုနဲ့ ထုတ်ယူရတယ်။ မဆင်မခြင်ထုတ်ယူတဲ့ ဘယ်သူမဆို ထိခိုက်သွားလိမ့်မယ်” စုမင်သည် သိမ်မွေ့ညင်သာသော အသံဖြင့် ပြောကြားလိုက်ပြီး လေလံခန်းမတစ်ခုလုံး သူ့အသံများဖြင့် ပြည့်နေခဲ့သည်။
“အဓိပ္ပါယ်မရှိလိုက်တာ။ မင်းမှားသွားပြီ” ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူသည် စုမင်အားချက်ချင်း အော်ငေါက်လိုက်ပြီး မုန်းတီးနေသောမျက်လုံးများဖြင့် စုမင်ထံ လှမ်းကြည့်လာသည်။ ထိုအမုန်းတရားများသည် ရုတ်တရက်ဆိုသလို အကြောင်းပြချက်မရှိ ထွက်ပေါ်လာကြခြင်းဖြစ်သည်။ သူ့အတွက်တော့ စုမင်သည် ထိုပစ္စည်းကို သူ မပိုင်ဆိုင်ရစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
စုမင်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ကိုယ့်ခံစားချက်ကိုပင် ဖုံးကွယ်မထားနိုင်သည့် ယခုလိုလူမျိုးကြောင့် သူစိတ်အနှောက်အယှက် အဖြစ်ခံမနေတော့ပေ။ သူတို့စိတ်ခံစားချက်များကိူ ဖုံးကွယ်ထားနိုင်ပြီး သူတို့ဘာတွေးနေလဲဆိုသည်အား အရိပ်အမြွက်ပင် ထုတ်ဖော်ပြသခြင်းမရှိသူများကိုသာ သူပိုစိုးရိမ်ပေသည်။
ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူအား စုမင်လှမ်းကြည့်၍ ပြောဆိုလိုက်သည်။ “ငါ ပြောလို့ပြီးပြီ။ အဲဒါ ဘာလဲဆိုတာ အခု မင်းပြောရမယ့်အလှည့်ပဲ”
ဆံပင်ပြာအဘိုးအို၏ မျက်နှာထက်တွင် စိတ်ဆိုးဒေါသထွက်ဟန် အမူအယာတစ်ခုရှိနေသော်လည်း စုမင်ပြောလိုက်သော စကားများကို မှားယွင်းသည်ဟု စွပ်စွဲ၍မရချေ။ အဆုံးတွင်တော့ သူကိုယ်တိုင်သည်ပင် ထိုအရာအား ဘာမှန်းမသိသေးသည် မဟုတ်ပါလား။
“နဝမမြောက်အခန်းကလူက မှားနေတယ်ဆိုတာကို မင်းကသေချာပြောနိုင်နေမှတော့၊ ဒီပစ္စည်းက ဘာလဲဆိုတာကို အခုဒီနေရာမှာပဲ ပြောလို့ရပါပြီ။ ပစ္စည်းကို လေလံတင်ခိုင်းခဲ့တဲ့လူလည်း ဒီနေရာမှာရှိနေတယ်ဆိုတာတော့ ငါမင်းကိုပြောနိုင်တယ်”
“အကယ်၍ မင်းပေးမယ့်အဖြေက သူ့ကိုစိတ်ကျေနပ်စေမယ်ဆိုရင်၊ အဲဒီလူက သူ့စိတ်ကိုပြောင်းရင် ပြောင်းသွားနိုင်တယ်” ဆံပင်ပြာအဘိုးအိုသည် ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင် ပိန်ပါးပါးလူအား လှမ်းကြည့်လိုက်သည်။
“ဒါက...”
ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူသည် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်သွားခဲ့၏။ ထိုအကြောင်းကို ဘယ်လိုပြောရမည်မှန်း သူမသိခဲ့ချေ။ အကယ်၍ သူအမှန်တရားကို ပြောခဲ့လျှင်တောင် ထိုပစ္စည်းကို ရဖို့မသေချာသေးသလို ထိုအရာက အကုန်မဟုတ်သေးချေ။ သူ့အပြန်လမ်းတွင် ကြုံတွေ့ရနိုင်သော အန္တရာယ်များက သူ့ကိုအကြိမ်ကြိမ်သတ်ပစ်ဖို့တောင် လုံလောက်ပေလိမ့်မည်။ အမှန်စင်စစ် သူ့မျိုးနွယ်စုဆီသို့ ကပ်ဘေးတစ်ခု သယ်ဆောင်သွားမိရန်တောင် ဖြစ်နိုင်ချေမြင့်မားပေသည်။
သို့သော် သူထိုအရာကိုမပြောပဲ ပစ္စည်းအား တစ်ပါးသူယူဆောင်သွားသည်ကိုသာ စောင့်ကြည့်နေလျှင်လည်း သူအမှန်တစ်ကယ်ကို မကျေမနပ်ဖြစ်ရပေလိမ့်မည်။
ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူသည် စုမင်အားစိုက်ကြည့်နေရင်းမှာပင် သူ့နှုတ်ခမ်းများပေါ်၌ ကောက်ကျစ်ရက်စက်သော အပြုံးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။
“အဲဒီပစ္စည်းရဲ့ နာမည်က တစ္ဆေသံလိုက်ကျောက်တုံးတဲ့။ ပြီးတော့ မင်းပြောခဲ့တဲ့ဟာနဲ့ မတူဘူး။ အဲဒီပစ္စည်းရဲ့ အဖိုးတန်ဆုံးအရာက ကျောက်တုံးမဟုတ်ဘူး။ အတွင်းက အနက်ရောင်လူတူသတ္တဝါလေးပဲ။ အဲဒါကိုတော့ တစ္ဆေကျောက်တုံးလို့ခေါ်ပြီး ကမ္ဘာကြီးဆီက အော်ရာတွေကိုစုပ်ယူပြီး သဘာဝအတိုင်းဖြစ်တည်လာတာပဲ။ လူတစ်ယောက်က အဲဒါကိုခန္ဓာကိုယ်ထဲထည့်ပြီး အသုံးပြုဖို့အတွက် သန့်စင်ပစ်လို့ရပေမယ့် အဲဒါက သူ့စွမ်းအားကို နည်းနည်းပဲတိုးမြှင့်ပေးနိုင်လိမ့်မယ်။ အဲဒါရဲ့ အကြီးမားဆုံးအသုံးဝင်ပုံက ငါတို့ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုအနေနဲ့ အထူးနည်းလမ်းတစ်ခုကိုသုံးပြီး အဲဒီအရာလေးကို အသုံးပြုသူကိုကာကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုအဖြစ် ထွင်းထုပြီးတဲ့အချိန်ပဲ”
“အဲဒီရတနာက အသုံးပြုသူရဲ့ဘဝနဲ့ အတူချည်နှောင်သွားမှာဖြစ်ပြီး တစ်ချိန်ကျရင် အသုံးပြုသူကိုယ်စား သေဆုံးပေးလိမ့်မယ်”
သူ့စကားသံ ထွက်ပေါ်လာပြီးသည်နှင့် လေလံခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထွင်းဖောက်မြင်နေရသော ကျောက်တုံးကြီးထံ လှည့်ကြည့်လိုက်ကြသည့် မျက်လုံးအစုံပေါင်းများစွာသည် မတူကွဲပြားသော စိတ်ခံစားချက်များဖြင့် တောက်ပနေခဲ့သည်။
“ငါ့မှာ အဲဒီပစ္စည်းကိုဆက်ပြီးတော့ ဝယ်နိုင်စွမ်းမရှိတော့သလို ဝယ်လည်းမဝယ်ချင်တော့ဘူး။ မင်းကြိုက်ရင် ယူသာသွားလိုက်။ မင်းအတွက် တစ်ကြိမ်သေပေးနိုင်တဲ့ပစ္စည်းကို မင်းကိုယ်ပေါ်မှာ ဘယ်လိုလုံခြုံအောင် ထိန်းသိမ်းထားနိုင်မလဲဆိုတာ ငါသိချင်မိတယ်”
“ပြီးတော့ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုက ငါတို့ရဲ့အထူးနည်းလမ်းသာမရှိရင် အဲဒီပစ္စည်းက လုံးဝအသုံးမဝင်တဲ့အရာပဲ” ထိုပိန်ပါးပါး သက်လတ်ပိုင်းအရွယ်လူသည် ရူးမိုက်စွာပြုံးလျက် ထိုင်ချလိုက်သည်။
သူမှန်ကန်သော အရာကိုလုပ်လိုက်ရသဖြင့် ကျေနပ်သွားခဲ့သည်။ ထိုကဲ့သို့ပြောကာ ပစ္စည်းအပေါ်တွင် လက်လျှော့သကဲ့သို့ ပြုမူလိုက်သဖြင့် သူ့ကိုယ်သူ ပိုမို၍ဘဝင်ကျသွားရသည်။ သို့သော် သူရည်ရွယ်ချက်ရှိရှိ ပြောလိုက်သော ထိုစကားလုံးများက စုမင်အား အပြစ်ပြုမိသွားနိုင်သည်ဟူသော ဖြစ်နိုင်ချေကိုတော့ ထည့်မတွက်ခဲ့မိချေ။
အမှန်စင်စစ် သူဆန့်ကျင်အပြစ်ပြုမိသွားသော အဓိကလူမှာ စုမင်မဟုတ်ချေ။ ထိုပစ္စည်းအား လေလံတင်ရောင်းချခိုင်းခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့်လူအား အလွန်စိတ်ဆိုးသွားစေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤကိစ္စတွင်လည်း ထိုပုဂ္ဂိုလ်ကသာ အရေးအကြီးဆုံးလူဖြစ်ချေသည်။
အေးခဲကောင်းကင်မှလူများသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်အားရှာဖွေရာတွင် ပြဿနာအချို့ ရင်ဆိုင်ကြုံတွေ့ရနိုင်သော်လည်း အနောက်ပိုင်းပင်လယ်ကလန်အတွက်တော့ ထိုသူ့ကိုရှာဖွေရန်ဆိုသည်မှာ မယုံနိုင်လောက်အောင်ပင် လွယ်ကူပေလိမ့်မည်။ ထိုလူသည်လည်း လေလံခန်းမအတွင်း ယခုရှိနေသည်ဆိုသဖြင့် အကယ်၍ အနောက်ပိုင်းပင်လယ်ကလန်ကသာ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူ၏ စကားများကို ယုံကြည်သွားခဲ့မည်ဆိုလျှင် ထိုသူ့အနေဖြင့် ဒုက္ခတွင်းထဲသို့ ချက်ချင်းကျရောက်သွားပေလိမ့်မည်။
စုမင်မျက်နှာပေါ်တွင် တွန့်ဆုတ်ဟန်အမူအယာတစ်ခု ပေါ်လာသည်။ ကျောက်တုံးထံသို့ လှမ်းကြည့်လိုက်ပြီးနောက် ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူအား ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းခါယမ်းပြလိုက်သည်။
“အဲဒါနဲ့ပက်သက်လို့ ငါမှားသွားတာ ဖြစ်နိုင်တယ်။ အဲဒါရဲ့ အသုံးပြုပုံက တစ်ကယ်ပဲ မင်းပြောသလိုသာဆိုရင် ငါလည်း ဒီပစ္စည်းကိုစွန့်လွှတ်လိုက်တော့မယ် ညီနောင်။ ဒီပစ္စည်းကို ရတနာတစ်ခုလို့ ဆက်ယူဆဖို့မဖြစ်နိုင်တော့ဘူးလေ။ အဲဒါက ငါ့အသက်ကိုတောင် ဆုံးရှုံးသွားစေနိုင်တဲ့ အရာတစ်ခုပဲ” စုမင် သက်ပြင်းချလိုက်သည်။
ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူသည် စုမင်စကားများကို ကြားသောအခါ အလွန်အံ့အားသင့်သွားပြီး သူ့အမူအယာက ပြောင်းလဲသွားသည်။ သူ့စကားများအတွင်း ဘာမှားသွားလဲဆိုသည်ကို သူသဘောပေါက်သွားခဲ့သည်။
ထိုအချိန်တွင် လေလံခန်းမအတွင်းရှိ လူအုပ်ထဲတွင် ကောက်ရိုးခါးမောက်တစ်လုံးအား ဆောင်းထားသည့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးရှိနေသည်။ ကောက်ရိုးခါးမောက်အောက်မှ သူ့မျက်နှာက အလွန်မည်းမှောင်သွားပြီး ညာလက်သီးကို အလိုလိုတင်းကြပ်စွာ ဆုပ်လိုက်မိသည်။ ထိုသူက ခေါင်းမော့လိုက်သောအခါ သူ့မျက်လုံးများအတွင်းရှိနေသော သတ်ဖြတ်လိုသည့်အသိများကို တွေ့မြင်နိုင်ချေသည်။ ထိုသတ်ဖြတ်လိုသည့်အသိက စုမင်အားရည်ရွယ်ခြင်းမဟုတ်ပဲ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင် ပိန်ပါးပါးလူအား ရည်ရွယ်ခြင်းဖြစ်သည်။
သူသည်ကား အနောက်ပိုင်းပင်လယ်ကလန်သို့ ဆက်သွယ်ခဲ့သည်ဆိုသော ကျောက်တုံးပိုင်ရှင်ပင် ဖြစ်သည်။ ထိုအချိန်တွင်တော့ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူအပေါ်သို့ သူ့အမုန်းတရားများသည် ကောင်းကင်ကို လောင်ကျွမ်းပစ်နိုင်သည်အထိ အလွန်ပြင်းထန်နေခဲ့ချေပြီ။ သူတို့သည် သူ့အား ဘေးကျပ်နံကျပ်အခြေအနေတစ်ခုအတွင်းသို့ တွန်းပို့နေကြခြင်းဖြစ်ပြီး အသေးငယ်ဆုံးအမှားလေးတစ်ခု လုပ်လိုက်မိလျှင်တောင် အနောက်ပိုင်းပင်လယ်ကလန် တည်ဆောက်ထားသော ဤယာယီမျိုးနွယ်စုထဲမှ သူ လမ်းလျှောက်ရက်သား ထွက်သွားနိုင်တော့မည် မဟုတ်ပေ။
သူ့အပေါ်သို့ ရံဖန်ရံခါ ကျရောက်လာသည့် ဆံပင်ပြာအဘိုးအို၏ အကြည့်နှင့် ထိုအကြည့်ထဲမှ အံ့အားသင့်မှုများကိုပင် သူခံစားမိနေ၏။
“သောက်အဓိပ္ပါယ်မရှိတာတွေ” သူ အလျင်အမြန်ထရပ်လိုက်ပြီး မြေပြင်အားဆောင့်နင်းကာ လေထဲသို့ခုန်တက်လိုက်သည်။ လေလံခန်းမအတွင်းတွင် သူ့အသံက မိုးခြိမ်းသံကဲ့သို့ထွက်ပေါ်လာသည်။
“ငါက ဒီပစ္စည်းကိုယူလာပြီး ငါ့အတွက် လေလံတင်ပေးဖို့ အနောက်ပိုင်းပင်လယ်ကလန်ဆီ ပေးခဲ့တဲ့လူပဲ။ ငါ ဒီပစ္စည်းကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပြီး လူအများကြီးကို မေးကြည့်ခဲ့ဖူးတယ်။ အဲဒါရဲ့ အသုံးဝင်ပုံအကြောင်း အသေးစိတ်ကျတဲ့ အဖြေတစ်ခုကိုသာ ငါမသိရင်မသိနိုင်မယ်။ ဒါပေမယ့် ဒီပစ္စည်းက တစ္ဆေသံလိုက်ကျောက်တုံး မဟုတ်တာတော့ အသေအချာပဲ။ နဝမမြောက်အခန်းထဲက ညီနောင်ပြောသလိုပဲ။ အဲဒါမှာ နာမည်တစ်ခုပဲရှိသလို အဲဒီနာမည်ကလည်း ‘ကျောက်တုံးထဲက စိတ်ဝိညာဉ်’ ဆိုတာပဲ”
“ဆရာ မင်းက အဲဒီစကားတွေကို ပြောခြင်းအားဖြင့် အခုလေးတင် ငါ့ကိုအန္တရာယ်ကျရောက်အောင်လုပ်ဖို့ ကြိုးစားခဲ့တာကြောင့် ငါလည်း အဲဒါကို လျှော်မပစ်နိုင်ဘူး။ အေးခဲကောင်းကင်နယ်မြေထဲက လူတွေအားလုံးရဲ့ရှေ့မှာ မင်းတို့ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုက ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာကို ဘယ်လိုရှင်းပြမလဲဆိုတာ ငါသိချင်မိတယ်”
ထိုလူက သူ့ကောက်ရိုးခါးမောက်ကိုချွတ်၍ သုန်မှုန်နေသောမျက်နှာကို ဖော်ပြလိုက်သည်။ သူ ထိုသို့လုပ်မှရပေလိမ့်မည်။ အကယ်၍ သူ့မျက်နှာကိုသာ ဆက်လက်ဖုံးကွယ်ထားပါက သူ့အတွက် အန္တရာယ်ဒုက္ခများမှ လွတ်မြောက်နိုင်ရန် ပိုမိုခက်ခဲသွားပေလိမ့်မည်။
“မင်းအခု ငါ့မျက်နှာကို မြင်ဖူးသွားပြီ။ ငါ ဖုံးကွယ်ထားစရာမလိုတော့ဘူး။ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စု၊ မင်းပြောခဲ့တာတွေက အစစ်အမှန်ဟုတ်မဟုတ် အနောက်ပိုင်းပင်လာ်ကလန်ကို မျက်မြင်သက်သေအဖြစ် ဖိတ်ခေါ်ပြီး ငါနဲ့အတူ စစ်ဆေးခိုင်းမယ်”
“အကယ်၍ အဲဒါက အတုအယောင်ဖြစ်နေရင်တော့ ငါစိတ်ကျေနပ်လောက်မယ့် အဖြေတစ်ခုကို မင်းပေးရလိမ့်မယ်” သုန်မှုန်နေသောထိုယောကျ်ား၏ မျက်နှာပေါ်တွင် အမျက်ဒေါသများလည်းရှိနေခဲ့သည်။ သူက စကားပြောပြီးသည်နှင့် စုမင်အားလှည့်ကြည့်လိုက်ရာ ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။
“နဝမမြောက်အခန်းက ငါ့ညီနောင် မင်းပြောခဲ့တဲ့ ဒီပစ္စည်းရဲ့ အသုံးပြုပုံတွေက ငါနားလည်ထားတာနဲ့ အတူတူပဲ။ ဒါပေယ့် ငါမသိခဲ့တဲ့ အချက်တစ်ချို့ရှိနေခဲ့တာ။ အခုတော့ အဲဒါနဲ့ပက်သက်လို့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားရပြီ”
“ဒီပစ္စည်းရဲ့အသုံးပြုပုံအကြောင်း ငါ့ကိုအမှန်တိုင်းရှင်းပြပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ညီနောင်။ ငါအရင်က လုပ်ထားခဲ့တဲ့ကတိက အတုအယောင်မဟုတ်ပါဘူး။ မင်းက ဒီပစ္စည်းကို ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀နဲ့ ဝယ်ခဲ့တာဆိုမှတော့ အဲဒီ ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀ကို ငါမင်းအတွက် ပြန်ပေးပါ့မယ်။ ပြီးတော့ ကတိအတိုင်း ဒီအနက်ရောင်သလင်းကျောက်ကိုလဲ ငါမင်းကို ပေးလိုက်ပါ့မယ်”
ထိုလူက စကားပြောပြီးသည်နှင့် ရင်ဘတ်ထဲမှ အိတ်တစ်အိတ်ကိုထုတ်ယူ၍ စုမင်ထံ လှမ်းပစ်ပေးလိုက်သည်။ စုမင် ထိုအရာကိုဖမ်းယူလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုယောကျ်ားသည် အလွန်စိတ်ဆိုးနေသောအမူအယာဖြင့် သူ့ထိုင်ခုံရှိရာဆီ ပြန်လှည့်ထွက်သွားချေသည်။
သူ့ရင်တွေ နာနေသော်လည်း ထိုသို့လုပ်ရန်လိုအပ်ပေသည်။ အကယ်၍ သူသာ ကျောက်တုံးနှင့် အခြားပစ္စည်းများကို စုမင်ထံသို့ ကတိအတိုင်းမပေးခဲ့လျှင် သူ့စကားများ၏ ယုံချင်စရာကောင်းမှုက လျော့ကျသွားပေလိမ့်မည်။
ယခုတော့ ဤနေရာရှိ လူများအားလုံးသည် သူ ကျောက်တုံးနှင့် အခြားပစ္စည်းများကို စုမင်ထံပေးလိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရချေပြီ။ ထိုလူများက သူ၏သဘောထားကြီးမှုကို တွေ့မြင်သွားကြပြီးဖြစ်သော်ငြား သူကတော့ ဤအရာကို အခြားအကြောင်းအရင်းတစ်ခုအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လိုရမယ်ရဆိုသလိုပင် ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဝင်လူ၏ စကားများသာ မှန်ခဲ့ပါက သူ၏ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးနိုင်မည့် လူတစ်ယောက်ရှိလာပေလိမ့်မည်။ အနောက်ပိုင်းပင်လယ်ကလန်၏ ပစ်မှတ်က စုမင်ဖြစ်သွားပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်တော့ သူ့အတွေးများကို လျစ်လျူရှုထား၍ ရနိုင်သေးသည်။
စုမင်အိတ်ကို ဖမ်းယူကာ ၎င်းကိုတစ်ချက်စစ်ဆေးကြည့်လိုက်ပြီးမှ ရင်ဘတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ထို့နောက် နှုတ်ခမ်းများထက်မှ အပြုံးတစ်ခုနှင့်အတူ ထိုအမျိုးသားအား လက်သီးလက်ဝါးထပ် နှုတ်ဆက်လိုက်သည်။ ထို့နောက် မှန်ကန်သော ကျောက်ဒင်္ဂါးအရေအတွက် ပမာဏကိုထုတ်ယူ၍ ကျီချဲထံ ပေးလိုက်ပြီး လေလံခန်းမအတွင်းရှိ ကျောက်တုံးကို ညွှန်ပြလိုက်သည်။
“အဲဒီပစ္စည်းက အခု ငါပိုင်သွားပြီ။ ကျီချဲ အဲဒါကို ဒီယူလာခဲ့”
တစ်ချက်ခုန်လိုက်သည်နှင့် ကျီချဲ၏ခန္ဓာကိုယ်သည် အလင်းတန်းရှည်တစ်ခုအသွင် ပြောင်းလဲသွားပြီး လေလံခန်းမအလယ်သို့ ဦးတည်တိုးဝင်သွားသည်။ ထို့နောက် ကျောက်တုံးဘေးတွင် ရပ်လိုက်စဉ် လက်ကိုတစ်ချက်ဝှေ့ယမ်း၍ ထိုအရာအား သိမ်းဆည်းလိုက်ပြီး စုမင်ထံသို့ အလျင်အမြန်ပြန်လာခဲ့လေသည်။
***