အခန်း (၄၉၁-၄၉၂)
Vol. 50 Ch. 491-492
အခန်း။ ၄၉၁
"ဝူး..."
မမျှော်လင့်ဘဲ အလစ်အငိုက် အတိုက်ခံလိုက်ရသောကြောင့် ဧရာမနဂါးကြီး ဟာလာသည် မီးလျှံများကြားထဲမှ ရင်ကွဲမတတ် အော်ဟစ်လိုက်သံမှာ မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားသည်။
၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ မီးအလင်းတန်းများကြား၌ အဆက်မပြတ် ရုန်းကန်နေရပြီး ပြင်းထန်လှသော ပေါက်ကွဲမှုအရှိန်ကြောင့် နောက်ဘက်သို့ ထိန်းမနိုင်သိမ်းမရ လွင့်စင်သွားတော့သည်။
ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေသော ကျောက်လင်းမှာလည်း အလားတူပင်။ သူမသည် မီးလောင်ကျွမ်းပြီး ခြေလက်အင်္ဂါများ ပြတ်တောက်နေသည့် အရုပ်ဟောင်းလေးတစ်ရုပ်အလား မီးလျှံများကြားမှ လွင့်ထွက်သွားကာ အခြေစိုက်စခန်းအတွင်းရှိ လမ်းမပေါ်သို့ အသားပုံတစ်ခုအဖြစ် ပြုတ်ကျသွားခဲ့သည်။
ဤအချိန်၌ တစ်ကမ္ဘာလုံးမှာ ပေါက်ကွဲမှုအရှိန်ကြောင့် တုန်ခါသွားသကဲ့သို့ ခံစားရပြီး အခြေစိုက်စခန်း၏ မြေပြင်မှာလည်း မရပ်မနား တုန်လှုပ်နေသည်။ မြို့တံခါးဝတွင် ကင်းစောင့်နေသော မိုးကြိုးဟိန်းသံမှာမူ ကောင်းကင်ယံမှ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးလုံးကြီးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေတော့သည်။
မျက်တောင်အနည်းငယ်ခတ်အကြာတွင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်သွားသော ဟာလာ ပေါ်ထွက်လာချိန်တွင် ပေါက်ကွဲမှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသဖြင့် အလွန်ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။
ဟာလာ၏ ရှေ့ပိုင်းမှာ သွေးချင်းချင်းနီနေပြီး ရင်ဘတ်မှ မျက်နှာအထိ မူလက နီရဲနေသော အကြေးခွံများမှာ အကုန်လုံး ကွာကျကုန်ကာ မီးလောင်ဒဏ်ရာများထံမှ လတ်ဆတ်သော သွေးများမှာ မြစ်တစ်စင်းသဖွယ် အောက်သို့ စီးကျနေတော့သည်။
တစ်ချိန်တည်းမှာပင် ဟာလာ၏ ဧရာမ အတောင်ပံကြီးများမှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး သွေးပေါက်ကြီးများဖြင့် ပြည့်နှက်ကာ အရိုးများကိုပင် မှေးမှိန်စွာ မြင်နေရပြီဖြစ်သည်။
"ဝူး..."
ဒဏ်ရာများကြောင့် ဟာလာမှာ အလွန်အမင်း နာကျင်နေပြီး ရူးသွပ်မတတ် ဒေါသတကြီးဖြင့် ဟိန်းဟောက်နေတော့သည်။ ခဏအကြာတွင် ဟာလာသည် စိတ်ဖောက်ပြန်နေသူတစ်ဦးအလား ပျက်စီးနေသော အတောင်ပံများကို ခတ်လျက် မျက်လုံးများ သွေးရောင်လွှမ်းကာ အခြေစိုက်စခန်းအတွင်း အသားပုံဖြစ်နေသော ကျောက်လင်းဆီသို့ အတင်းတိုးဝင်လာတော့သည်။
ရှင်းလင်းလှသည်မှာ ဟာလာသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ခဲ့သော ပုရွက်ဆိတ်မ ကျောက်လင်းကို အငြိုးအတေး ကြီးမားနေခြင်းပင်။ ကျောက်လင်း သေဆုံးသွားပြီဖြစ်စေကာမူ သူမကို ခွင့်လွှတ်ရန် အစီအစဉ်မရှိပေ။
ဝုန်း...
ရုတ်တရက် အောက်ဘက်မှ ခရမ်းရောင် လျှပ်စီးတိုင်ကြီးတစ်ခု ထိုးတက်လာပြီး ဟာလာ၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်ကာ နောက်သို့ လွင့်စင်သွားစေသည်။ ဟာလာ မြို့ထဲသို့ ဝင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ အောက်တွင်ရှိသော မိုးကြိုးဟိန်းသံက ဝင်ရောက်တားဆီးလိုက်ခြင်းပင်။
"ဝူး..."
မိုးကြိုးဟိန်းက ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လျက် နဂါးကြီး ဟာလာကို သတိပေးလိုက်သည်။ သခင်ဖြစ်သူ မရှိခဏတွင် အခြေစိုက်စခန်းကို ကာကွယ်ရန် သခင်က သူ့ကို တာဝန်ပေးထားခဲ့သည်။ သခင်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ အခြေစိုက်စခန်းအတွင်းသို့ ဝင်ခွင့်မရှိပေ။
မထင်မှတ်ထားသော တိုက်ခိုက်မှုကြောင့် ဟာလာမှာ နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။ ပေါက်ကွဲစေတတ်သော လျှပ်စီးတိုက်ကွက်ကြောင့် ၎င်း၏ ရင်ဘတ်ဒဏ်ရာမှာ ပိုမိုပွင့်ထွက်သွားပြီး အသားစများ လွင့်စင်ကာ အတွင်းရှိ အရိုးများမှာ အတိုင်းသား ပေါ်ထွက်လာခဲ့သည်။
ရူးသွပ်မှုများကြားမှ ဟာလာ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများသည် မိုးကြိုးဟိန်းသံကိုသာ စူးစိုက်ကြည့်လျက် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေတော့သည်။
ဝုန်း...
ခဏအတွင်းမှာပင် နီရဲသော လျှပ်စီးတန်းတစ်ခုအလား နဂါးကြီး ဟာလာသည် မိုးကြိုးဟိန်းဆီသို့ ပြေးဝင်လာပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော ကြောက်မက်ဖွယ် မီးလျှံများကို အထက်မှ မှုတ်ထုတ်လိုက်သည်။
မိုးကြိုးဟိန်းသဲသည်လည်း အလျှော့မပေးဘဲ ၎င်း၏ပတ်ပတ်လည်တွင် လျှပ်စီးလှိုင်းများကို အဆက်မပြတ် ထုတ်ဖော်ကာ လျှပ်စီးပင်လယ်ကြီးအဖြစ် ပြောင်းလဲလျက် နဂါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
ပြင်းထန်လှသော ထိပ်တိုက်တွေ့ဆုံမှုကြီး စတင်ခဲ့ပြီဖြစ်သည်။ နဂါးကြီး ဟာလာမှာ မီးလျှံဝိညာဉ်တစ်ခုကဲ့သို့ တိုက်ကွက်တိုင်းတွင် အဆုံးမရှိသော မီးလျှံများ ပါဝင်နေသည်။ တစ်ဖက်တွင်လည်း မိုးကြိုးဟိန်းသံက ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်နေပြီး အဆက်မပြတ် ထွက်ပေါ်လာသော လျှပ်စီးတိုက်ကွက်များနှင့် မီးလျှံများမှာ ဝိညာဉ်ကိုပင် တုန်လှုပ်စေသော ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေသည်။
အခြေစိုက်စခန်းရှေ့ရှိ ကမ္ဘာကြီးမှာ မီးလျှံများနှင့် မိုးကြိုးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ကြက်သွေးရောင် မီးအလင်းတန်းနှင့် ခရမ်းရောင် လျှပ်စီးတန်းများမှာ ရောယှက်ကာ တိုက်ခိုက်နေကြသည်။
ဧရာမ သားရဲကြီးနှစ်ကောင်မှာ ထူးခြားသော စွမ်းရည်များကိုသာမကဘဲ စူးရှလှသော အစွယ်နှင့် ခြေသည်းများကိုပါ အသုံးပြု၍ အချင်းအပြန်အလှန် သတ်ဖြတ်နေကြတော့သည်။
သို့သော်လည်း မိုးကြိုးဟိန်းမှာ အဆုံးစွန်၌ အဆင့် ၆ သာ ရှိသေးပြီး ဟာလာမှာ ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း အဆင့် ၇ ဖြစ်သဖြင့် အဆင့် ၆ ရှိသော မိုးကြိုးဟိန်းမှာ ၎င်း၏ ပြိုင်ဘက် မဟုတ်ပေ။
မကြာမီမှာပင် မိုးကြိုးဟိန်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွင် အရေးနိမ့်လာခဲ့ပြီး ဟာလာ၏ တွန်းထုတ်ခြင်းကို အကြိမ်ကြိမ် ခံလိုက်ရကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် အထိနာနေပြီဖြစ်သည်။
ဝုန်း...
မိုးကြိုးဟိန်းသံသည် ဟာလာ၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရကာ နောက်ပြန်လွင့်စင်သွားပြီး မြို့ရိုးမြင့်ကြီးကို အရှိန်ဖြင့် ဝင်တိုက်မိသွားသည်။ မြို့ရိုးပေါ်တွင် လူတစ်ကိုယ်စာခန့် ချိုင့်ဝင်သွားပြီး လက်မောင်းခန့်အထူရှိသော အက်ကြောင်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ မြို့ရိုးကြီးမှာ ပြိုကျတော့မည့်အလား ယိုင်နဲ့နေတော့သည်။
"ဝူး..."
သို့သော်လည်း တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်ကာ မီးလောင်ကျွမ်း၍ မည်းတူးနေစေကာမူ မိုးကြိုးဟိန်းသည် နောက်မဆုတ်ခဲ့ပေ။ မြေပြင်မှ ပြန်လည်ထရပ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်တွင် လျှပ်စီးများ ပတ်နွယ်လျက် ဟာလာဆီသို့ နောက်တစ်ကြိမ် ထပ်မံပြေးဝင်သွားပြန်သည်။
ဝုန်း... ဝုန်း...
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း သားရဲကြီးနှစ်ကောင်၏ တိုက်ပွဲမှာ လျော့ပါးသွားခြင်း မရှိပေ။ ဘယ်လောက်တောင် အချိန်ကြာသွားသည်မသိ သတိလစ်နေခဲ့သော ကျောက်လင်းက နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။
"ငါ... ပြန်ရှင်လာပြီ"
သူမသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"ငါ့ရဲ့ အင်အားက..."
ကျောက်လင်းသည် ဤတစ်ကြိမ် ပြန်လည်ရှင်သန်ပြီးနောက် သူမ၏ ကျင့်စဉ်အဆင့်ကို အာရုံစိုက်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ အဆင့်မှာ အဆင့် ၇ သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော ပြင်းထန်လှသည့် စိတ်ဝိညာဉ်စွမ်းအားများကို ခံစားရင်း ကျောက်လင်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားကာ ပြုံးလိုက်မိသည်။
ဝုန်း...
သို့သော်လည်း မကြာမီမှာပင် ထွက်ပေါ်လာသော မိုးကြိုးသံများက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။ မော့ကြည့်လိုက်သောအခါ ပြိုကျနေသော မြို့ရိုးအပြင်ဘက်တွင် ဧရာမ သားရဲကြီးနှစ်ကောင် တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရပြီး တိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်နေပုံပင်။
"ငါ သေသွားတဲ့အချိန်မှာ မိုးကြိုးဟိန်းသံက ဒီနဂါးကြီးကို တိုက်ခိုက်ပေးနေလိမ့်မယ်လို့ မထင်ထားမိဘူး..."
ကျောက်လင်းမှာ အံ့ဩသွားမိသော်လည်း သားရဲနှစ်ကောင်လုံး၏ အခြေအနေကို မြင်သောအခါ မျက်မှောင်ကြုတ်မိသွားသည်။
မိုးကြိုးဟိန်းသံမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သေလုမျောပါး ဖြစ်နေပြီဖြစ်သည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ၎င်း၏ ဦးခေါင်းမှာ မီးလောင်ကျွမ်းမှုကြောင့် အရိုးများပင် ပေါ်ထွက်နေပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မီးလျှံများကြောင့် ကောက်ကျစ်နေပြီး နေရာအနှံ့တွင် အရိုးအထိရောက်သော နက်ရှိုင်းသည့် ဒဏ်ရာကြီးများ ရှိနေသည်။ ဒဏ်ရာများမှ ထွက်လာသော သွေးများမှာ မြေပြင်ပေါ်တွင် သွေးအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေတော့သည်။
နဂါးကြီးမှာလည်း ဒဏ်ရာ မနည်းလှပေ။ မိုးကြိုးဟိန်းသံနှင့် မခြားနားဘဲ ၎င်း၏ခန္ဓာကိုယ်တွင် လျှပ်စီးတိုက်ကွက်များကြောင့် လောင်ကျွမ်းနေသော ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ ကောင်းမွန်သော အကြေးခွံဟူ၍ မရှိသလောက်ပင်။
နက်ရှိုင်းသော ခြေသည်းရာများစွာကလည်း တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ ထို့ပြင် ၎င်း၏ ရှေ့ခြေတစ်ဖက်မှာလည်း တွဲလောင်းကျနေပြီး မိုးကြိုးဟိန်းသံ၏ ကိုက်ခဲခြင်းကို ခံထားရပုံရကာ အရှေ့ပိုင်းတွင် သွေးချင်းချင်းနီလျက် အရိုးများပင် အတိုင်းသား ပေါ်နေပြီဖြစ်သည်။
"ဒါက ချီချီလေးရဲ့ အိမ်မွေးတိရစ္ဆာန်ပဲ..."
သေလုမျောပါး ဖြစ်နေသော မိုးကြိုးဟိန်းသံကို ကြည့်ကာ ကျောက်လင်း၏ အကြည့်များမှာ နဂါးကြီးဆီသို့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
"ဒီနေ့တော့ ငါ နဂါးကို သတ်ပြမယ် နဂါး... နင့်ရဲ့ သေနေ့ ရောက်ပြီ"
ကျောက်လင်းသည် အရိုးဓားကို ကောက်ကိုင်ကာ ရှေ့သို့ ပြေးဝင်လိုက်သည်။ အဆင့် ၇ ၏ ပြင်းထန်လှသော အရှိန်အဝါများမှာ သူမ၏ ခန္ဓာကိုယ်မှ အရပ်မျက်နှာအနှံ့သို့ လှိုင်းလုံးကြီးများအလား ဖြာထွက်သွားတော့သည်။
"ဝူး..."
မိုးကြိုးဟိန်းကို အဆုံးသတ်တော့မည့် နဂါးကြီးမှာ ၎င်း၏ ရန်သူဟောင်း ကျောက်လင်းကို မြင်လိုက်ရသောအခါ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး ပစ်မှတ်ကို ပြောင်းလဲကာ နဂါးမီးလျှံများကို မှုတ်ထုတ်လျက် ကျောက်လင်းဆီသို့ ဦးတည်လာတော့သည်။
သို့သော်လည်း ယခုအခါ ကျောက်လင်းမှာ ယခင်နှင့် လုံးဝမတူတော့ပေ။ သူမသည် ဆယ်ဆခန့် ပိုမိုသန်မာလာပြီဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရထားသော နဂါးကြီးမှာ သူမကို အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။
ကျောက်လင်းသည် အရှိန်မလျှော့ဘဲ ပြေးဝင်လာကာ တောက်လောင်နေသော နဂါးမီးလျှံများကို သူမ၏ ဓားဖြင့် အလွယ်တကူပင် နှစ်ခြမ်းခွဲပစ်လိုက်သည်။ ထို့နောက် အရိုးဓားကို ဝှေ့ယမ်းကာ ကမ္ဘာကြီးကိုပင် ပိုင်းဖြတ်နိုင်မည့်အလား ပြာလွင်သော ဓားစွမ်းအင် ငါးခုကို နဂါးကြီးဆီသို့ ပစ်လွှတ်လိုက်သည်။
ရှူး... ရှူး... ရှူး...
မျက်တောင်တစ်ခတ်အတွင်းမှာပင် လျင်မြန်လှသော ဓားစွမ်းအင် ငါးခုမှာ နဂါးကြီး၏ လည်ပင်းနှင့် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ရာ နဂါးကြီးမှာ ထိတ်လန့်တုန်လှုပ်လျက် နေရာမှာတင် တောင့်တင်းသွားတော့သည်။
နောက်တစ်ခဏ၌ နဂါးကြီး၏ မျက်လုံးများ မှေးမှိန်သွားကာ အသက်ဓာတ် ကင်းမဲ့သွားခဲ့သည်။ ၎င်း၏လည်ပင်းမှာ ပြတ်တောက်သွားပြီး သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာသည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော နက်ရှိုင်းသည့် ဓားရာများမှာ အရိုးစုအများစုကို ဖြတ်တောက်သွားသဖြင့် သွေးများမှာ နေရာအနှံ့ ပျံ့ကျဲကုန်တော့သည်။
ဘုန်း...
ဧရာမ နဂါးအလောင်းကြီးမှာ မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားခဲ့ပေတော့သည်။
"ဟင်း ဒါက ငါ့ကို လိုက်တိုက်ခဲ့တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ"
ကျောက်လင်းသည် သူမရှေ့ရှိ နဂါးအလောင်းကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ နဂါးကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် ကျောက်လင်းသည် ထိုနေရာတွင် ကြာကြာမနေတော့ဘဲ အခြေစိုက်စခန်းအတွင်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ နဂါးအလောင်းကိုမူ မိုးကြိုးဟိန်းသံ၏ဒဏ်ရာများကို ကုသရန်အတွက် ထားရစ်ခဲ့သည်။
နောက်ဆုံးတော့လည်း ဤနဂါးကြီးမှာ သူမကြောင့် ရောက်လာခဲ့ခြင်းပင်။
"တကယ်လို့ ချီချီလေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးကသာ ငါ့ကြောင့် သေသွားခဲ့ရင် ချီချီလေးကို ငါ ဘယ်လိုမျက်နှာပြရတော့မှာလဲ"
အခန်း။ ၄၉၂
နဂါးအလောင်းကြီးကို မိုးကြိုးဟိန်းသံကိုယ်တိုင် ကိုင်တွယ်နိုင်ရန် ထားရစ်ခဲ့ပြီးနောက် ကျောက်လင်းသည် ချောင်းယန်အခြေစိုက်စခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သူမ ကျဆုံးချိန်တွင် ကျောပေါ်မှ ပျံသန်းရေးကိရိယာ ပျက်စီးသွားခဲ့သော်လည်း အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ယခုအခါ ကျောက်လင်းသည် ကိုယ်တိုင် ပျံသန်းနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အပြန်ခရီးမှာ သိပ်နှေးကွေးလိမ့်မည် မဟုတ်ပေ။
"ဒါနဲ့... လုချွမ်းက ဒီမှာ မရှိတာလား"
ကျောက်လင်း ထွက်ခွာတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို သတိရကာ ရပ်တန့်လိုက်သည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တစ်မြို့လုံးမှာ ခြောက်ကပ်နေကြောင်း သတိထားမိလိုက်
သည်။
"ဒါဆိုရင် လုချွမ်းနဲ့ ချီချီလေးတို့ ဘယ်ရောက်သွားကြတာလဲ။ သူတို့ ဘယ်ကို သွားကြတာလဲ"
သံသယစိတ်ဖြင့် ကျောက်လင်းသည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း လုချွမ်းနှင့် ချီချီလေးတို့၏ သဲလွန်စကို သေချာစွာ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ကံမကောင်းစွာဖြင့် အခြေစိုက်စခန်းတစ်ခုလုံးကို အနှံ့အပြား ရှာဖွေသော်လည်း သူတို့၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူတို့နေထိုင်သည့် ဗီလာမှာလည်း ဟာလာဟင်းလင်း ဖြစ်နေသလို တစ်မြို့လုံးတွင်လည်း ဇွန်ဘီတစ်ကောင်မျှ မရှိချေ။ လီမြစ်မြို့တွင်းရှိ ဇွန်ဘီများ ပျောက်ကွယ်သွားသည်ကို ပြန်လည်တွေးတောရင်း ကျောက်လင်း၏ ရင်ထဲ၌ သံသယတစ်ခု ပေါ်လာခဲ့သည်။
"ဒါဆို လုချွမ်းနဲ့ ချီချီလေးတို့ လီမြစ်မြို့ကနေ ထွက်သွားကြပြီပေါ့"
မြို့တံခါးဝသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာစဉ် ကျောက်လင်း၏ မျက်လုံးများမှာ ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိကာ အရောင်တောက်သွားသည်။ အကယ်၍ ဤအချက်သာ အမှန်ဖြစ်ပါက လုချွမ်းသည် သူမ၏ အကြံပြုချက်ကို နားထောင်ပြီး လီမြစ်မြို့မှ သူ့အလိုအလျောက် ထွက်ခွါသွားခဲ့ခြင်းပင်။
"နေဦး ငါ မှတ်မိပြီ"
ရုတ်တရက် ကျောက်လင်း၏ မျက်လုံးများမှာ အသိတစ်ခုကြောင့် ဝင်းလက်သွားပြီး သူမ၏ မျက်နှာတွင် ဝမ်းသာအားရ အမူအရာများ ပေါ်လာခဲ့သည်။ ယခင်က အလယ်ကောင်းကင်မြို့ကို ဝံပုလွေအုပ်ကြီး တိုက်ခိုက်စဉ်က ဇွန်ဘီဒီရေလှိုင်းက ကူညီခဲ့သည့်ကိစ္စကို သူမ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ဇွန်ဘီဘုရင်က ဘာကြောင့် လူသားတွေကို ကူညီရသလဲဆိုသည်ကို ယခုမှပင် သူမ သဘောပေါက်သွားတော့သည်။
အဲဒီ ဇွန်ဘီဘုရင်က လုချွမ်းပဲ ဖြစ်ရမယ်။
"ဒါ လုချွမ်းပဲ ဖြစ်ရမယ် သေချာတယ်။ သူကလွဲရင် တခြား ဘယ်ဇွန်ဘီဘုရင်ကမှ လူသားတွေကို လာကူညီမှာ မဟုတ်ဘူး"
ကျောက်လင်း သိသိသာသာ စိတ်လှုပ်ရှားနေမိသည်။ လုချွမ်းမှလွဲ၍ လူသားများကို ကူညီမည့် အခြားဇွန်ဘီဘုရင်ကို သူမ စဉ်းစား၍မရပေ။ ထို့ပြင် လုချွမ်းက လူသားများကို တက်တက်ကြွကြွ ကူညီနေပြီဖြစ်ရာ ၎င်းမှာ ကောင်းမွန်သော လက္ခဏာပင်။ ထိုသို့တွေးမိသောအခါ ကျောက်လင်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။
လုချွမ်းနှင့် ချီချီလေးတို့၏ တည်နေရာကို အကြမ်းဖျင်း သိရှိသွားပြီဖြစ်သဖြင့် ကျောက်လင်း စိတ်အေးသွားကာ နဂါးအသားကို ဝါးမြိုနေသော မိုးကြိုးဟိန်းသံကို ဂရုတစိုက် တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်တွင် ဒဏ်ရာဗရပွနှင့် မိုးကြိုးဟိန်းမှာ နဂါးအသားများ၏ အာဟာရကြောင့် ဒဏ်ရာများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။
အထူးသဖြင့် မျက်နှာပေါ်မှ ပေါ်ထွက်နေသော အရိုးဖြူဖြူများနှင့် ခန္ဓာကိုယ်ပေါ်မှ နက်ရှိုင်းသော ဒဏ်ရာကြီးများမှာ စိတ်ဝိညာဉ်စွမ်းအားများနှင့်အတူ အသားနုများ ပြန်တက်လာပြီး အမာရွတ်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေသည်။ ထို့ပြင် မီးလောင်ကျွမ်းသွားသော အမွှေးအမျှင်များမှာလည်း အလျှင်အမြန် ပြန်ပေါက်လာကာ ခဏချင်းမှာပင် နူးညံ့လှသော ခရမ်းရောင် ဝက်ဝံမွှေးများက ၎င်း၏ မူလအသွင်အပြင်ကို ပြန်လည် ဖော်ဆောင်ပေးနေပြီ ဖြစ်သည်။
ဤအချိန်၌ အငမ်းမရ စားသောက်နေသော မိုးကြိုးဟိန်းသံသည် ကျောက်လင်း အနားသို့ တိုးလာသည်ကို မြင်သောအခါ သတိကြီးစွာဖြင့် အနည်းငယ် နောက်ဆုတ်သွားပြီး လည်ချောင်းသံဖြင့် ဟိန်းဟောက်ကာ သတိပေးလိုက်သည်။
"ဆက်စားပါ နင့်သခင် ပြန်လာတဲ့အခါ ဒီစာကို သေချာပြလိုက်ဦးနော်"
ကျောက်လင်းသည် ခဏမျှ စဉ်းစားပြီးနောက် စာတစ်စောင် ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ အလယ်ကောင်းကင်မြို့မှ သတင်းများအရ လုချွမ်းနှင့် ချီချီလေးတို့သည် ဇွန်ဘီဒီရေလှိုင်းနှင့်အတူ အရှေ့ဘက်သို့ ဦးတည်သွားနေကြပုံပင်။ သို့သော်လည်း သူတို့က မိုးကြိုးဟိန်းသံကို ဤနေရာတွင် စောင့်ရှောက်ရန် ထားခဲ့ခြင်းမှာ ဤအခြေစိုက်စခန်းကို စွန့်ပစ်သွားခြင်းမဟုတ်ဘဲ နောင်တစ်ချိန်တွင် ပြန်လာကြမည်ကို ညွှန်ပြနေသည်။
လက်ရှိတွင် သူမအနေဖြင့် လုချွမ်းတို့နောက်ကို လိုက်ရှာရန် မဖြစ်နိုင်သေးသဖြင့် သူမ ဤနေရာသို့ ရောက်ခဲ့ကြောင်း သိစေရန် စာတစ်စောင်သာ ရေးသားထားခဲ့လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးဟိန်းသံ၏ စောင့်ကြည့်မှုအောက်၌ ကျောက်လင်းသည် ပြာလွင်သောအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ချောင်းယန်အခြေစိုက်စခန်း၌ တော်တော်ကြာသည်အထိ ဧရာမနဂါးကြီး ပြန်ပေါ်မလာတော့သဖြင့် အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ စိတ်အေးသွားကြသော်လည်း ကျောက်လင်းတစ်ယောက် အချိန်အတော်ကြာ ပျောက်ကွယ်နေခြင်းက မြို့တော်ခေါင်းဆောင်အပါအဝင် အဆင့်မြင့်အရာရှိများကို စိုးရိမ်ပူပန်စေခဲ့သည်။
စစ်နတ်ဘုရားမသည် ဤအခြေစိုက်စခန်း၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားဖြစ်ရုံသာမက နဂါးပြည်နယ်တစ်ခုလုံး၏ လုံခြုံရေးကို တာဝန်ယူထားရသော အခြေစိုက်စခန်းအားလုံး၏ တပ်မှူးလည်း ဖြစ်သည်။ အကယ်၍ သူမ တစ်စုံတစ်ခုဖြစ်သွားခဲ့ပါက ၎င်းမှာ နဂါးပြည်နယ်အတွက် ကပ်ဘေးတစ်ခုဖြစ်ရုံသာမက တစ်နိုင်ငံလုံးကိုပါ လှုပ်ခတ်သွားစေမည့် မြေငလျင်တစ်ခု ဖြစ်ပေလိမ့်မည်။
အစည်းအဝေးခန်းမအတွင်း၌ လေထုမှာ တင်းမာလေးလံနေပြီး အရာရှိတိုင်း၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဖုံးလွှမ်းနေသည်။
"ရဲဘော်တို့... ရဟတ်ယာဉ်အဖွဲ့က ညွှန်ကြားထားတဲ့အရပ်ဆီကို မိုင် ၁၅၀ ခန့်အထိ လိုက်လံရှာဖွေခဲ့ပေမဲ့ စစ်နတ်ဘုရားမရဲ့ အရိပ်အယောင်ကို အခုထိ မတွေ့ရသေးပါဘူး"
လူငယ်စစ်အရာရှိတစ်ဦးက လေးနက်သောလေသံဖြင့် တင်ပြလိုက်သည်။
ထိုစကားကြောင့် အရာရှိအားလုံး မျက်မှောင်ကြုတ်သွားကြသည်။ စစ်နတ်ဘုရားမက နဂါးကြီးကို မျှားခေါ်သွားပြီး မကြာမီမှာပင် အခြေစိုက်စခန်းက လူလွှတ်၍ ရှာဖွေခိုင်းခဲ့သော်လည်း ယခုအချိန်အထိ အသုံးဝင်သော သတင်းအချက်အလက်တစ်စုံတစ်ရာ မရရှိသေးချေ။
"အားလုံး စိတ်မပူကြပါနဲ့။ စစ်နတ်ဘုရားမရဲ့ အရှိန်က မနှေးပါဘူး။ နဂါးကြီးက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ စစ်နတ်ဘုရားမကို အလွယ်တကူ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ အခု သူတို့ရဲ့ သဲလွန်စကို မတွေ့ရသေးတာဟာ စစ်နတ်ဘုရားမက နဂါးကြီးကို ရဟတ်ယာဉ်အဖွဲ့ ရှာဖွေနိုင်တဲ့ အကွာအဝေးထက် ကျော်လွန်တဲ့နေရာအထိ မျှားခေါ်သွားလို့လည်း ဖြစ်နိုင်ပါတယ်"
တင်းမာနေသော လေထုကို မြင်သောအခါ မြို့တော်ခေါင်းဆောင်က အားပေးစကား ပြောလိုက်သည်။ အစအန မတွေ့သေးခြင်းမှာ ကျဆုံးသွားခြင်းကို ဆိုလိုသည်မဟုတ်သဖြင့် မျှော်လင့်ချက် ရှိနေသေးသည်ဟု သူက ယူဆသည်။
သို့သော်လည်း အနည်းဆုံး အဆင့် ၇ ရှိသော နဂါးကြီး၏အကြောင်းကို တွေးမိသောအခါ မြို့တော်ခေါင်းဆောင်၏ မျက်နှာတွင် မှောင်မှောင်မှိုင်းမှိုင်း အမူအရာ ပေါ်လာခဲ့ရသည်မှာ မလွဲမသွေပင်။
တောက်... တောက်... တောက်...
မထင်မှတ်ဘဲ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အလျင်စလို ပြေးဝင်လာသော ခြေသံများ ထွက်ပေါ်လာသည်။
"ခေါင်းဆောင် ခေါင်းဆောင် သတင်းကောင်းပါ စစ်နတ်ဘုရားမ ပြန်ရောက်လာပါပြီ"
စစ်အရာရှိတစ်ဦးသည် ပြုံးရွှင်သောမျက်နှာဖြင့် အစည်းအဝေးခန်းထဲသို့ ပြေးဝင်လာကာ အရေးတကြီး သတင်းပို့လိုက်သည်။
"ဘာပြောတယ်"
"စစ်နတ်ဘုရားမ ပြန်ရောက်လာပြီ"
ထိုစကားကို ကြားလိုက်ရသည်နှင့် အစည်းအဝေးခန်းအတွင်းရှိ လူတိုင်းမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်ကြသည်။
"ဘယ်လိုလဲ စစ်နတ်ဘုရားမ နေကောင်းရဲ့လား ဒဏ်ရာရော ရသေးလား"
မြို့တော်ခေါင်းဆောင်သည် အရာရှိထံသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားပြီး ကျောက်လင်း၏ အခြေအနေကို ချက်ချင်း မေးလိုက်သည်။
"စိတ်မပူပါနဲ့... စစ်နတ်ဘုရားမက အထိအခိုက်မရှိပါဘူး။ ခုနတင် ကောင်းကင်ကနေ ဆင်းသက်လာတာဖြစ်ပြီး အခု မြို့ရိုးမြင့်ပေါ်မှာ ရှိနေပါတယ်"
အရာရှိက အလေးပြုရင်း ဖြေကြားလိုက်သည်။
"ကောင်းတယ် ကောင်းတယ်... အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြ"
စစ်နတ်ဘုရားမ အန္တရာယ်ကင်းကြောင်း သိလိုက်ရသဖြင့် မြို့တော်ခေါင်းဆောင် စိတ်အေးသွားကာ အားလုံးကို ဦးဆောင်၍ မြို့ရိုးပေါ်သို့ ထွက်လာခဲ့သည်။
မကြာမီမှာပင် ကျောက်လင်း ဘေးကင်းစွာ ပြန်ရောက်လာသည့်သတင်းမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။ ထို့ပြင် စစ်နတ်ဘုရားမသည် အဆင့် ၇ သို့ တက်လှမ်းနိုင်ခဲ့ရုံသာမက ဧရာမနဂါးကြီးကိုပါ အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ကြောင်း သိလိုက်ရသောအခါ အခြေစိုက်စခန်းတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားပြီး ကြီးမားသော တုန်လှုပ်ချောက်ချားမှု ဖြစ်ပေါ်သွားခဲ့သည်။
ထိုသတင်းမှာ အနီးနားရှိ အခြေစိုက်စခန်းများဆီသို့ ပျံ့နှံ့သွားသည်နှင့်အမျှ ကျောက်လင်း၏ ကျော်ကြားမှုမှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။
ပြန်ရောက်ပြီး မကြာမီမှာပင် ကျောက်လင်းသည် ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။
“ဒီနေ့ကစပြီး ကျန်းပြည်နယ်နဲ့ နဂါးပြည်နယ်အတွင်းမှာရှိတဲ့ အခြေစိုက်စခန်းအားလုံးက ဇွန်ဘီဘုရင်ကို အရင်ဦးအောင် သွားရောက်တိုက်ခိုက်တာမျိုး လုံးဝမလုပ်ကြဖို့ အမိန့်ထုတ်ပြန်လိုက်”
ဤအမိန့်ကို အခြေစိုက်စခန်းတိုင်းက ခြွင်းချက်မရှိ လိုက်နာရမည်ဖြစ်သည်။ ကျောက်လင်း ဤသို့ လုပ်ဆောင်ရခြင်းမှာ လုချွမ်းအပေါ် သူမ၏ ရိုးသားမှုကို ပြသရန်အတွက်ပင်။
လူသားမျိုးနွယ်စုတစ်ခုလုံး၏ မူဝါဒလမ်းကြောင်းကို သူမအနေဖြင့် မပြောင်းလဲနိုင်သေးသော်လည်း လောလောဆယ်တွင် နဂါးပြည်နယ်နှင့် ကျန်းပြည်နယ်တို့၌ သူမသည်သာ အဆုံးအဖြတ်ပေးနိုင်သူပင်။