အခန်း (၄၉၃-၄၉၄)
Vol. 50 Ch. 493-494
အခန်း။ ၄၉၃
"ငြင်းလို့မရတာတစ်ခုကတော့ မြွေတွေကနေ ဆင်းသက်လာတဲ့ ဒီတစ်ပါးကမ္ဘာသတ္တဝါတွေက တကယ့်ကို ထူးဆန်းတာပဲ။ ပုံစံအမျိုးမျိုး သဏ္ဌာန်အမျိုးမျိုးနဲ့ကို ရှိကြတာ"
လုချွမ်းသည် ရှေ့တန်းစစ်မြေပြင်ကို အလွန်စိတ်ဝင်တစားဖြင့် အကဲခတ်နေသည်။ အထူးသဖြင့် သူ့ရှေ့တည့်တည့်ရှိ လူတစ်ပိုင်း မြင်းတစ်ပိုင်းကဲ့သို့ မြင်းလူသားများ၏ ပုံသဏ္ဌာန်မှာ အလွန်ပင် ထူးခြားလွန်းလှသည်။
ဝုန်း... ဝုန်း...
ယခုအချိန်တွင် အရပ်အမြင့် နှစ်မီတာကျော်ရှိသော မြင်းလူသား ထောင်ပေါင်းများစွာသည် အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းကြီး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရသည်။ ဤမြင်းလူသားများသည် လေးနှင့်မြားများကို ကိုင်ဆောင်ထားကြပြီး သူတို့၏ တည်နေရာကို လျင်မြန်စွာ ပြောင်းလဲရင်း မြားကြိုးကို အဆက်မပြတ် ဆွဲကာ ပစ်ခတ်နေကြသည်။
ရှူး... ရှူး... ရှူး...
မြားများသည် အလွန်မြန်သော အရှိန်၊ ပြင်းထန်သော ထိုးဖောက်အားတို့ဖြင့် ပြေးဝင်လာသော ဇွန်ဘီများ၏ ဦးခေါင်းများကို တိုက်ရိုက် ထိုးဖောက်သွားသဖြင့် ဇွန်ဘီများမှာ ဦးခေါင်းများ ပေါက်ကွက်ကာ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ ခဏအတွင်းမှာပင် မြင်းလူသားစစ်တပ်၏ ရှေ့မှောက်ရှိ မြေပြင်တစ်ခုလုံးမှာ ဇွန်ဘီအလောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော်လည်း ဤမျှလောက် သတ်ဖြတ်နိုင်ခြင်းမှာ အတိုင်းအဆမရှိသော ဇွန်ဘီဒီရေလှိုင်းကြီးနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ရှိသေးသည်။
အလယ်ကောင်းကင်မြို့မှ ဇွန်ဘီဒီရေလှိုင်းနှင့်အတူ ထွက်ခွာလာပြီးနောက် လုချွမ်းသည် နောက်ထပ် နှစ်ရက်ကြာ ခရီးနှင်ခဲ့သည်။
လမ်းတစ်လျှောက်တွင် မြို့လယ်ခေါင်များကို ဖြတ်သန်းခြင်းမပြုသော်လည်း လမ်းဘေးရှိ လေလွင့်ဇွန်ဘီများကို စုစည်းခဲ့ရာ သူ၏ ဇွန်ဘီစစ်တပ်အင်အားမှာ ၅ သိန်းဝန်းကျင်အထိ ပြန်လည်ရှိလာခဲ့သည်။
ထို့ပြင် ယခင်က နှင်းခဲဧရာမဝံပုလွေများ၏ အလှူအတန်းကြောင့် ဇွန်ဘီဒီရေလှိုင်းအတွင်းရှိ ဇွန်ဘီများ၏ အရည်အသွေးမှာလည်း ယခင်ကထက် များစွာ သာလွန်နေပြီဖြစ်သည်။
ယခုအချိန်တွင် သူတို့သည် ကျန်းပြည်နယ်မှ ထွက်ခွာလာပြီး အိမ်နီးချင်း လင်းပြည်နယ်ရှိ "
နဂါးပုန်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုချွမ်းကို စိတ်သက်သာရာ ရစေသည်မှာ ဤနေရာတွင် သူသည် နောက်ထပ် ကြောက်ရွံ့ခြင်းမရှိသော မဟာမိတ်အသစ်ဖြစ်သည့် မြင်းလူသားစစ်တပ်နှင့် ထပ်မံဆုံတွေ့ရခြင်းပင်။ ဤထူးဆန်းသော တစ်ပါးကမ္ဘာ သတ္တဝါများသည် ယခင် တောင်ပံပါသူများကဲ့သို့ပင် နဂါးပုန်းမြို့တစ်ခုလုံးကို ဖျက်ဆီး၍ မွှေနှောက်နေကြသည်။
နဂါးပုန်းမြို့သို့ ရောက်ရောက်ချင်းမှာပင် လုချွမ်းသည် ပျံသန်းနိုင်သော ကင်းထောက်အဖွဲ့ကို စေလွှတ်စုံစမ်းခိုင်းခဲ့ရာ နေရာအတော်များများတွင် မြင်းလူသားများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
ဤမြို့၏ မူလအရှင်သခင်များဖြစ်သော နဂါးပုန်းအခြေစိုက်စခန်းမှ လူများမှာမူ အခြေစိုက်စခန်းအတွင်း၌ ပိတ်မိနေပြီး အသက်ကို အနိုင်နိုင် လုနေကြရရှာသည်။
ဇွန်ဘီဒီရေလှိုင်းနှင့် မြင်းလူသားစစ်တပ်တို့၏ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲပင်။ အစပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွင် မြင်းလူသားများ၏ မြားချက်ကြောင့် ဇွန်ဘီရုပ်သေးများစွာ ဆုံးရှုံးခဲ့ရသော်လည်း လုချွမ်းအတွက်မူ ၎င်းမှာ ဘာမျှမဟုတ်ချေ။
မြင်းလူသားစစ်တပ်မှာ ဇွန်ဘီဒီရေလှိုင်း၏ ဝိုင်းရံမှုကို ခံထားရပြီဖြစ်ရာ လုချွမ်းမှာ အလောတကြီး မလုပ်ဘဲ ဇွန်ဘီများကိုသာ ရှေ့သို့ တိုးတိုက်ရန် ဆက်လက် အမိန့်ပေးနေသည်။
အချိန်ကြာလာသည်နှင့်အမျှ မြားချက် ရာပေါင်းများစွာကို ပစ်ခတ်ပြီးနောက် မြင်းလူသားများမှာ စတင်မောပန်းလာကြပြီး တိုက်ခိုက်မှုအရှိန်မှာလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။
ရှူး... ရှူး... ရှူး...
သိပ်သည်းလှသော မြားမိုးများ အားပျော့သွားသည်နှင့်အမျှ တိုးဝင်လာသော ဇွန်ဘီဒီရေလှိုင်းကို ဆက်လက် မတားဆီးနိုင်တော့ဘဲ နှစ်ဖက်ကြား အကွာအဝေးမှာ ပိုမိုနီးကပ်လာသည်။ အထူးသဖြင့် လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ခံစစ်အလွန်ကောင်းသော တင့်ကားအမျိုးအစားဇွန်ဘီရုပ်သေးများက ရှေ့တန်းမှ ဦးဆောင်ကာ မြေပြင်ကို တုန်ခါစေလျက် အားကောင်းသော တင့်ကားကြီးများအလား မဆုတ်မနစ် တိုးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် လျင်မြန်ဖြတ်လတ်သော ဇွန်ဘီရုပ်သေးများစွာသည်လည်း သူတို့၏ တစ္ဆေတစ်ကောင်ကဲ့သို့သော အရှိန်အဟုန်ကို အသုံးပြု၍ မြားများကို ရှောင်တိမ်းရင်း ရန်သူ့ထံသို့ အလျင်အမြန် နီးကပ်လာနေကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မြင်းလူသားစစ်တပ်မှာ စတင်ပျာယာခတ်လာတော့သည်။ ယခင်က စည်းချက်ကျကျ ထွက်ပေါ်နေသော မြားကြိုးသံများမှာ ရုတ်ချည်းပင် ဖရိုဖရဲဖြစ်သွားပြီး လုချွမ်း နားမလည်နိုင်သော ဘာသာစကားဖြင့် အချင်းချင်း အော်ဟစ်ကာ တစ်စုံတစ်ရာကို ဆက်သွယ်နေကြပုံပင်။
မြင်းလူသားစစ်တပ်သည် သူတို့၏ အဝေးပစ် လေးမြားအတတ်ကို အသုံးချ၍ အကွာအဝေးတစ်ခုကို ထိန်းထားနိုင်မှသာ ရှေ့မှ ကြောက်ရွံ့ခြင်းကင်းမဲ့သော သတ္တဝါဆိုးများကို ဖိနှိပ်ထားနိုင်မည်ဖြစ်ကြောင်း ကောင်းစွာသိကြသည်။
အကယ်၍ ဤသတ္တဝါဆိုးများ အနားသို့ ကပ်လာနိုင်ပါက သူတို့၏ အရေအတွက်၊ စူးရှသော အစွယ်နှင့် ခြေသည်းများအောက်တွင် မြင်းလူသားများ၏ ခံစစ်မှာ ခဏချင်း ပြိုလဲသွားမည်ဖြစ်သည်။
ဇွန်ဘီဒီရေလှိုင်းကြီး နီးကပ်လာခြင်းက သူတို့၏ ဘေးကင်းရေးကို ခြိမ်းခြောက်လာသဖြင့် အားပျော့နေသော မြားချက်များမှာ ရုတ်တရက် ပြန်လည်ပြင်းထန်လာပြန်သည်။ မြင်းလူသားများသည် မြားကြိုးများကို ရူးသွပ်မတတ် ဆွဲငင်ကာ အနားသို့ကပ်ရန် ကြိုးစားနေသော ဇွန်ဘီဒီရေလှိုင်းကို ဖိနှိပ်ရန် အသည်းအသန် ပစ်ခတ်ကြတော့သည်။
အထူးသဖြင့် ခံစစ်ကောင်းသော တင့်ကားအမျိုးအစား ဇွန်ဘီများနှင့် လျင်မြန်သော အလျင်အမြန်အမျိုးအစား ဇွန်ဘီများကို ပစ်မှတ်ထား၍ အဆင့် ၅ မြင်းလူသား အယောက်ငါးဆယ်ခန့်က စစ်တပ်အတွင်းမှနေ၍ ရွေးချယ်ကာ ချေမှုန်းခဲ့ကြသည်။ ရွှေရောင်
အစင်းကြောင်းပါသော သံနက်မြားများမှာ ကောင်းကင်ယံကို တိုးဖောက်လျက် ခြိမ်းခြောက်မှုအရှိဆုံး ဇွန်ဘီရုပ်သေးများကို ပစ်ချနိုင်ခဲ့သဖြင့် ဇွန်ဘီဒီရေလှိုင်း၏ ဖိအားမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ဤမြင်ကွင်းကို မြင်လိုက်ရသော မြင်းလူသားများ၏ မျက်နှာတွင် ဝမ်းသာရိပ်မရှိဘဲ လေးနက်မှုနှင့် စိုးရိမ်ပူပန်မှုများသာ ပေါ်လွင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤအားသာချက်မှာ ခေတ္တခဏသာဖြစ်ပြီး မူလကပင် ကုန်ခမ်းနေသော စွမ်းအင်များမှာ ယခုအခါ ပို၍ပင် လျင်မြန်စွာ ကုန်ဆုံးသွားသောကြောင့်ပင်။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင် မြားဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ ထိုးဆင်းသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် မြင်းလူသားစစ်တပ်တစ်ခုလုံးမှာ လုချွမ်း၏ ဇွန်ဘီဒီရေလှိုင်းအောက်တွင် ဝါးမြိုခံရမည်မှာ အသေအချာပင်။
ဤကဲ့သို့ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရစဉ်မှာပင် စစ်တပ်၏ အလယ်မှ ဦးဆောင်နေသော အဆင့် ၆ မြင်းလူသားတပ်မှူး အချို့မှာ နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ကြသည်။ သူတို့၏ မျက်လုံးများမှာ အေးစက်ကာရက်စက်ပြီး ခန္ဓာကိုယ်များမှာ ကျစ်လျစ်သန်မာကာ ကြွက်သားများမှာ ထုဆစ်ထားသကဲ့သို့ပင်။ အရပ်အမြင့် ၃ မီတာခန့်ရှိသဖြင့် အခြားမြင်းလူသားများထက် များစွာပိုမြင့်ကာ ပြင်းထန်ပြီး အန္တရာယ်ရှိသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သူတို့သည် နေရောင်အောက်တွင် တောက်ပနေသော ခန့်ညားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် သဘာဝအတိုင်း ကျနေသော အရိုးအလှဆင်ပစ္စည်းများကို ဆင်ယင်ထားကြသည်။
လည်ပင်းတွင် မသိနားမလည်နိုင်သော သတ္တဝါများ၏ သွားများဖြင့် ပြုလုပ်ထားသော လည်ဆွဲများကို ဆွဲထားပြီး လက်ကောက်ဝတ်များတွင်လည်း အရိုးလက်ကောက်များစွာကို ဝတ်ဆင်ထားကြသည်။
ဤအဆင့် ၆ မြင်းလူသားများသည် သူတို့၏ သန်မာလှသော လက်မောင်းများကို ဆန့်ထုတ်
လိုက်ပြီး သဋတို့၏ ဘေးဘက်မှ ၂ မီတာကျော်ရှည်သော ဧရာမအရိုးလေးကြီးများကို ဆွဲထုတ်လိုက်ကြသည်။ ထိုဖြူဖွေးသော အရိုးလေးမှာ သတ္တဝါတစ်ကောင်၏ ကျောရိုးဖြင့် ပြုလုပ်ထားပုံရပြီး အဖြူရောင် အရိုးစိပ်များတွင် စူးရှသော အရိုးဆူးများ ပါရှိကာ မှေးမှိန်သော အဖြူရောင် စိတ်ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသည်။
နောက်တစ်ခဏ၌ သူတို့သည် ပခုံးပေါ်မှ ဧရာမ အရိုးမြားဖြူ ၃ စင်းကို ဆွဲထုတ်လိုက်ကြသည်။ လေးကိုဆွဲကာ မြားတင်လိုက်သည်နှင့် လေးနှင့်မြားတစ်လျှောက်တွင် အနီရောင်ဖျော့ဖျော့ အလင်းတန်းများ စီးဆင်းလာပြီး အချိန်နှင့်အမျှ ပိုမိုတောက်ပလာခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း...
မြားကြိုးခတ်သံမှာ မိုးကြိုးပေါင်း ထောင်သောင်းချီ၍ ပေါက်ကွဲသကဲ့သို့ ဟိန်းထွက်သွားသည်။ တစ်ခဏအတွင်းမှာပင် မီးလျှံဒုံးကျည်များအလား ကွေးညွှတ်ကာ ပျံသန်းလာသော မီးမြားဆယ်စင်းကျော်မှာ မြင်းလူသားများ၏ ဦးခေါင်းပေါ်မှ ဖြတ်ကျော်ကာ ပြေးဝင်လာသော ဇွန်ဘီဒီရေလှိုင်းကြားသို့ ယပ်တောင်ပုံသဏ္ဌာန် ကျရောက်ပေါက်ကွဲတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
တကယ့်ဒုံးကျည်များကဲ့သို့ပင် ထိုမီးမြားများသည် ထိမှန်ရာတွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ဧရိယာအကျယ်အဝန်းတစ်ခုလုံးကို ချက်ချင်း ရှင်းလင်းပစ်လိုက်သဖြင့် ဇွန်ဘီဒီရေလှိုင်း၏ ထိုးစစ်မှာ ရပ်တန့်သွားခဲ့သည်။
"တောက်... အကွက်တွေ လာထုတ်နေတာလား"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချွမ်းမှာ ဒေါသထွက်သွားပြီး အမိန့်မပေးရသေးသော အဆင့် ၆ ဇွန်ဘီရုပ်သေးများကို တိုက်ခိုက်ရန် တိုက်ရိုက်အမိန့်ပေးလိုက်သည်။
"ဝူး..."
တစ်ခဏချင်းမှာပင် အဆင့် ၆ ဇွန်ဘီရုပ်သေး ဆယ်ကောင်ကျော်မှာ ဟိန်းဟောက်ကာ စတင်တိုက်ခိုက်ကြတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးလုံးများစွာနှင့်အတူ သိပ်သည်းလှသော ရေခဲလှံများမှာ မြင်းလူသားစစ်တပ်ကို ထိမှန်သွားခဲ့သည်။
ထို့နောက် နှင်းခဲနယ်ပယ်မှာ ပျံ့နှံ့သွားပြီး မြင်းလူသားများအားလုံး၏ လှုပ်ရှားမှုကို တန့်သွားစေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ပျံသန်းသူ ၁ မှာ ဆင်းသက်လာပြီး ရေတွက်မရနိုင်သော အနက်ရောင် အကြေးခွံများကို ပစ်လွှတ်လိုက်တော့သည်။
ခဏအတွင်းမှာပင် မြင်းလူသားစစ်တပ်မှာ အလစ်အငိုက်မိသွားပြီး သူတို့၏ တပ်ဖွဲ့ဝင် ထက်ဝက်ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကျဆုံးသွားခဲ့ရသည်။ အဝေးပစ်တိုက်ခိုက်မှုတစ်ခုတည်းသာ အားသာချက်ရှိသော မြင်းလူသားများသည် အဆင့်မြင့် ဇွန်ဘီရုပ်သေးများ၏ စွမ်းရည်အမျိုးမျိုးကြားတွင် ဗျာများသွားကြပြီး ဇွန်ဘီဒီရေလှိုင်း၏ ဝါးမြိုခြင်းကို အလျင်အမြန် ခံလိုက်ရတော့သည်။
"အူး... ဝူး..."
ရုတ်တရက် မြင်းလူသားစစ်တပ်အတွင်းမှ စူးရှပြီး သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အသက်ရှင်ကျန်ရစ်သော မြင်းလူသားများမှာ ဇွန်ဘီဒီရေလှိုင်းကြားတွင် ဝိုင်းပတ်ခံလိုက်ရပြီး အရှင်လတ်လတ် အကိုက်ခံရကာ သွေးအိုင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးကုန်ကြသည်။
"နှင်းခဲဧရာမဝံပုလွေတွေနဲ့ နှိုင်းယှဉ်ရင် ဒီမြင်းလူသားတွေက တကယ်ကို အားနည်းလွန်းတယ်"
လုချွမ်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး နောက်တစ်ခဏ၌ မြင်းလူသားအားလုံးကို အကြွင်းမဲ့ ချေမှုန်းရန် ဇွန်ဘီဒီရေလှိုင်းကို အရှိန်အဟုန်အပြည့်ဖြင့် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
အခန်း။ ၄၉၄
အချိန်ကာလက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
"ဗြုန်း..."
ဧရာမဇွန်ဘီ ၁ ၏ သွေးစွန်းနေသော လျှာအောက်တွင် အသည်းအသန် ခုခံနေသည့် နောက်ဆုံးသော အဆင့် ၆ မြင်းလူသားတပ်မှူးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူသည် ဖောက်ထွက်သွားသော သူ၏ ရင်ဘတ်ကို ငုံ့ကြည့်ရင်း မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေကာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် မြေပြင်ပေါ်သို့ အားကိုးရာမဲ့စွာ လဲကျသွားခဲ့ရသည်။
ဤအချိန်၌ ဇွန်ဘီဒီရေလှိုင်းကြီး၏ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်မှုအောက်တွင် မြင်းလူသားစစ်တပ်တစ်ခုလုံးက အကြွင်းမဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ တစ်ကောင်မျှ လွတ်မြောက်သွားခြင်း မရှိဘဲ အားလုံးမှာ မြေပြင်ပေါ်၌ အသက်မဲ့သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
စစ်မြေပြင်မှာ သွေးချင်းချင်းနီလျက်ရှိပြီး မြင်းလူသားများ၏ အလောင်းများက ဖရိုဖရဲ ပြန့်ကျဲနေကာ သူတို့ထံမှ စီးကျလာသော သွေးများသည် မြေပြင်အနှံ့ ပျံ့နှံ့လျက် ကြက်သွေးရောင် သွေးအိုင်ကြီးများကို ဖြစ်ပေါ်စေသည်။
ထိုသွေးအိုင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကာ ကျယ်ပြောလှသော သွေးအိုင်ပင်လယ်ကြီးအလား ဖြစ်ပေါ်နေပြီး ပုပ်စော်နံသော အနံ့ဆိုးများကို ထုတ်လွှတ်နေတော့သည်။
ပျံ့နှံ့သွားသော ထိုသွေးညှီနံ့များသည် မိုင်ပေါင်းများစွာအထိ ရောက်ရှိသွားကာ ပြင်းထန်သော သားရဲတိရစ္ဆာန်အမြောက်အမြားကို ဆွဲဆောင်ခဲ့သော်လည်း အဆုံးမရှိသော ဇွန်ဘီဒီရေလှိုင်းကြီးကို မြင်လိုက်ရသည်နှင့် ထိုသားရဲများက ထိတ်လန့်တုန်လှုပ်လျက် အမြီးကုတ်ကာ အမြန်ဆုံး ထွက်ပြေးသွားကြသည်။
"ချီချီ... သွားပြီး သူတို့ရဲ့ ဝိညာဉ်သားရဲအမြုတေတွေကို ထုတ်ယူလိုက်ဦး"
လုချွမ်းသည် ကောင်းကင်ယံ၌ သူ၏ဘေးတွင်ရှိကာ တိုက်ပွဲကို စောင့်ကြည့်နေသော ကျိရုရွှယ်ကို ပြုံးလျက် ပြောလိုက်သည်။ ထိုအမြုတေများသည် ချီချီအတွက် များစွာ အသုံးဝင်ကြောင်း သူသိရှိသဖြင့် ရရှိသမျှသော အမြုတေများကို သူမအားသာ ပေးအပ်လေ့ရှိသည်။
"ဟုတ်ကဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်၏ မျက်နှာတွင် ပြုံးပန်းများ ဝေဆာသွားပြီး အဆင့် ၆ မြင်းလူသားတပ်မှူးများ၏ အလောင်းများဆီသို့ ပျော်ရွှင်စွာ ပြေးဝင်သွားတော့သည်။ ရက်သတ္တပတ် နှစ်ရက်အတွင်းမှာပင် ဝိညာဉ်အမြုတေများ ထပ်မံရရှိခဲ့ပြန်ရာ သူမအတွက်မူ ဤစွမ်းအင်ဆေးရည်များက အဆုံးမရှိသကဲ့သို့ပင်။
ထို့နောက် ကျိရုရွှယ်သည် မြင်းလူသားအလောင်းများ၏ အထက်တွင် ပျံသန်းလျက် သူမ၏ စိတ်စွမ်းအားများကို အသုံးပြု၍ ထက်မြက်သော ဓားအသွားများအဖြစ် ပြောင်းလဲကာ မြင်းလူသားများ၏ ခန္ဓာကိုယ်အတွင်းမှ အမြုတေများကို ဂရုတစိုက် ထုတ်ယူ၍ သူမ၏ ခါးပိုက်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
ချီချီလေး လုပ်ဆောင်ပြီးနောက် လုချွမ်းသည် သွေးစွန်းနေသော မြေပြင်ဆီသို့ တစ်ဖန်ကြည့်ရှုကာ မြင်းလူသားအလောင်းများကို ဝါးမြိုရန် ဇွန်ဘီဒီရေလှိုင်းကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။
ဤမြင်းလူသားစစ်တပ်၏ စွမ်းအားမှာ နှင်းခဲဧရာမဝံပုလွေများလောက် မပြင်းထန်သော်လည်း သူတို့၏ အဆင့်အတန်းမှာမူ နှင်းခဲဝံပုလွေများထက်ပင် သာလွန်နေသည်။
ဆိုလိုသည်မှာ သူတို့၏ အသားများအတွင်း၌ ပါရှိသော စွမ်းအားများက များပြားလှသဖြင့် ဇွန်ဘီဒီရေလှိုင်းက ဝါးမြိုလိုက်ပါက ဇွန်ဘီရုပ်သေး အမြောက်အမြားမှာ အဆင့်တက်လှမ်းနိုင်မည်မှာ အသေအချာပင်။
ဝုန်း...
လုချွမ်း၏ အမိန့်ပေးသံနှင့်အတူ ငြိမ်သက်စွာ စောင့်ဆိုင်းနေသော ဇွန်ဘီဒီရေလှိုင်းကြီးသည် ချက်ချင်းပင် ဆူပွက်လာပြီး ဇွန်ဘီရုပ်သေး အစုအဝေးကြီးမှာ မြင်းလူသားအလောင်းများဆီသို့ တဟုန်ထိုး အုပ်စုလိုက် ဝိုင်းအုံသွားကြတော့သည်။
စစ်မြေပြင်တစ်ခုလုံးတွင် ဇွန်ဘီရုပ်သေးများ၏ ဟိန်းဟောက်သံများသာမက အသားစများ ဆွဲဖြဲသံနှင့် အဆက်မပြတ် ဝါးမြိုနေသံများဖြင့် ဖုံးလွှမ်းသွားသည်။ ကျိရုရွှယ်သည် ဝိညာဉ်အမြုတေများနှင့်အတူ ယာဉ်တန်းဆီသို့ ပြန်သွားခဲ့ပြီး လုချွမ်းမှာမူ ဇွန်ဘီဒီရေလှိုင်း၏ စားပွဲတော်ပြီးဆုံးသည်အထိ ကောင်းကင်ယံ၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
မြင်းလူသားများသည် ခန္ဓာကိုယ် ကြီးမားလှသဖြင့် ထောင်ပေါင်းများစွာသော အလောင်းပုံကြီးမှာ တောင်ကုန်းတစ်ခုအလား ထင်ရသော်လည်း ကျယ်ပြောလှသော ဇွန်ဘီဒီရေလှိုင်းနှင့် နှိုင်းယှဉ်ပါက များစွာ သေးငယ်လှသည်။
ဇွန်ဘီဒီရေလှိုင်း၏ ရူးသွပ်စွာ ဝါးမြိုမှုအောက်တွင် တစ်နာရီ၏ လေးပုံတစ်ပုံမျှသော အချိန်အတွင်းမှာပင် မြေပြင်ပေါ်၌ ဖြူဖွေးသော အရိုးစုများနှင့် မာကျောသော ဦးခေါင်းခွံများသာ ကျန်ရှိတော့ပြီး အခြားအရာအားလုံးမှာ စားသောက်ခြင်း ခံလိုက်ရပြီဖြစ်သည်။
"ဝူး..."
မျှော်လင့်ထားသည့်အတိုင်းပင် မိနစ်အနည်းငယ်အကြာတွင် အဆင့် ၅ ဇွန်ဘီရုပ်သေး လေးကောင်မှာ အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြပြီး ကျေနပ်အားရစွာဖြင့် ဟိန်းဟောက်လျက် သူတို့၏ ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။ ထို့ပြင် အဆင့် ၄ ဇွန်ဘီရုပ်သေး အစိတ်ကျော်မှာ အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၃ နှင့် အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့ကြသူများမှာမူ ရေတွက်၍မရနိုင်အောင် များပြားလွန်းသည်။
"ဒါတင်မကသေးဘူး အခုစားသုံးလိုက်တဲ့ အသားတွေထဲမှာပါတဲ့ စွမ်းအင်တွေကို အကုန်လုံး ချေဖျက်ပြီးသွားရင် နောက်ထပ် ဇွန်ဘီရုပ်သေး အမြောက်အမြား အဆင့်တက်လာဦးမှာပဲ"
အောက်ဘက်ရှိ ဇွန်ဘီရုပ်သေးများ တစ်ကောင်ပြီးတစ်ကောင် အဆင့်တက်နေသည်ကို ကြည့်ရင်း လုချွမ်းသည် အလွန်ပင် ကျေနပ်အားရနေပြီး သူ၏မျက်ဝန်းများတွင် မျှော်လင့်ချက်ရိပ်များ ယှက်သန်းနေတော့သည်။
တစ်ပါးကမ္ဘာမှ သတ္တဝါစစ်တပ်များက သူ၏ဇွန်ဘီဒီရေလှိုင်းကို ရူးသွပ်စွာ လာရောက်
တိုက်ခိုက်ကြရန် သူ အလိုရှိနေသည်။ အကယ်၍ ထိုသို့တိုက်ခိုက်ရာတွင် သူ၏ဇွန်ဘီ
အင်အား တစ်သောင်းကျော်ခန့် ကျဆုံးသွားရပါကလည်း သူမမူပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ များပြားလှသော တစ်ပါးကမ္ဘာသတ္တဝါတို့၏ အလောင်းများကို ရရှိပါက သူ၏ဇွန်ဘီရုပ်သေးများ အဆင့်တက်လှမ်းနိုင်မှုမှာ ခန့်မှန်း၍ပင် ရနိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်ကျလျှင် အဆင့် ၆ ဇွန်ဘီရုပ်သေး ရာဂဏန်းနှင့် အဆင့် ၅ ဇွန်ဘီရုပ်သေး ထောင်ဂဏန်းအထိ ပိုင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။
သို့သော်လည်း ဤအရာများမှာ စိတ်ကူးယဉ်မှုသက်သက်သာ ရှိသေးသည်။ တစ်ပါးကမ္ဘာမှ အသက်ရှင်ကျန်ရစ်သော အသိဉာဏ်ရှိသတ္တဝါများက များသောအားဖြင့် အလွန်ပါးနပ်ကြသည်။ လမ်းခရီးတစ်လျှောက်တွင် များပြားလှသော တစ်ပါးကမ္ဘာသတ္တဝါတို့သည် ဇွန်ဘီဒီရေလှိုင်းကြီးကို မြင်သည်နှင့် မိုင်ပေါင်းထောင်ချီဝေးရာသို့ အရိပ်အယောင်ပင်မကျန်အောင် ထွက်ပြေးတိမ်းရှောင်သွားကြစမြဲ ဖြစ်သည်။
ထို့ကြောင့်ပင် ယခုအချိန်အထိ နှင်းခဲဧရာမဝံပုလွေများအပြင် ဤမြင်းလူသားများသည် သူနှင့်တွေ့ဆုံခဲ့သမျှထဲတွင် ဒုတိယမြောက် ခေါင်းမာလှသော တစ်ပါးကမ္ဘာသတ္တဝါများ ဖြစ်ကြသည်။
သူတို့သည် ချဉ်းကပ်လာသော ဇွန်ဘီဒီရေလှိုင်းကို မြင်သော်လည်း ရှောင်တိမ်းခြင်းမပြုဘဲ လုချွမ်းကို အင်အားချင်း တိုင်းတာရန်အတွက် စစ်တပ်ကို စုစည်းခဲ့ကြသည်။ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် လုချွမ်းသည်လည်း ညှာတာခြင်းမရှိဘဲ ဇွန်ဘီရုပ်သေးများကို စနစ်တကျ ထိန်းချုပ်ကာ ရန်သူများ လွတ်မြောက်နိုင်ခြင်းမရှိစေရန် အရပ်မျက်နှာအနှံ့မှ ဝိုင်းရံပိတ်ဆို့ ချေမှုန်းခဲ့ခြင်းပင်။
"ဒုတိယမြောက် အဆင့် ၇ ဇွန်ဘီရုပ်သေးကို ဖန်တီးဖို့ အချိန်ရောက်ပြီ"
အဆင့် ၆ ဇွန်ဘီရုပ်သေး ငါးဆယ်နီးပါးကို ကြည့်ရင်း လုချွမ်းသည် စိတ်အားထက်သန်စွာဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။ လက်ရှိတွင် အဆင့် ၇ ဇွန်ဘီရုပ်သေး တစ်ကောင်တည်းသာ ရှိနေခြင်းမှာ လုချွမ်းအတွက် လုံလောက်မှုမရှိသေးပေ။
မကြာသေးမီရက်ပိုင်းအတွင်း သူ၏လေ့လာတွေ့ရှိချက်များအရ အဆင့် ၆ တစ်ပါးကမ္ဘာသတ္တဝါများနှင့် ဆုံတွေ့ရသည့်အကြိမ်ရေမှာ များပြားလာသဖြင့် အဆင့် ၇ သတ္တဝါများ ပေါ်ထွက်လာရန်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု သူ ယူဆထားသည်။
အကယ်၍ အဆင့် ၇ တစ်ပါးကမ္ဘာသတ္တဝါ တစ်ကောင်ကသာ တိုက်ခိုက်လာခဲ့ပါက ၎င်းကို တန်ပြန်တိုက်ခိုက်ရန် အဆင့် ၇ ဇွန်ဘီရုပ်သေး အလုံအလောက်မရှိလျှင် လုချွမ်းအနေဖြင့် များပြားလှသော ဇွန်ဘီဒီရေလှိုင်းကြီးကိုသာ အားကိုး၍ ခုခံရမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် အဆင့် ၇ ရန်သူကို အင်အားသုံး၍ အနိုင်ယူနိုင်စေဦးတော့ သူ၏လက်အောက်ရှိ ဇွန်ဘီစစ်တပ်မှာ အထိနာပြီး အဆုံးအရှုံး များပြားနိုင်သည်။
ထိုအတွေးနှင့်အတူ လုချွမ်းသည် ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။ သူသည် မြေပြင်သို့ အလျင်အမြန် ဆင်းသက်လိုက်ပြီး ဧရာမဇွန်ဘီ ၁ ကို စေခိုင်းကာ အဆင့်တက်ကာစဖြစ်သော အဆင့် ၆ ဇွန်ဘီရုပ်သေး လေးကောင်ကို ဆက်တိုက်သတ်ဖြတ်၍ သူတို့ထံမှ အဆင့် ၆ အမြုတေများကို ထုတ်ယူလိုက်သည်။
အဆင့် ၆ အမြုတေ လေးခုကို ရရှိပြီးနောက် လုချွမ်းသည် ကောင်းကင်တွင် ပျံဝဲနေသော ပျံသန်းသူ ၁ ကို အောက်သို့ ဆင်းသက်ရန် ခေါ်ယူလိုက်သည်။
ရှူး...
နားကွဲမတတ် အသံနှင့်အတူ အရိပ်တစ်ခု ဖြတ်သန်းသွားပြီးနောက် ပျံသန်းသူ ၁ သည် လုချွမ်း၏ရှေ့တွင် ချက်ချင်း ဆင်းသက်လာကာ ၎င်း၏ ဧရာမ အနက်ရောင်အတောင်ပံကြီးများကို ကျောဘက်တွင် လျင်မြန်စွာ ရုပ်သိမ်းလိုက်သည်။ လုချွမ်းသည် ၎င်းကိုကြည့်ကာ အဆင့် ၆ အမြုတေ လေးခုကို ဝါးမြိုရန် တိုက်ရိုက် ပေးအပ်လိုက်သည်။
တောင်ပံပါသူများ၏ စွမ်းရည်များကို ပေါင်းစပ်ထားပြီးဖြစ်သဖြင့် ပျံသန်းသူ ၁ ၏ စွမ်းအားမှာ များစွာတိုးတက်နေပြီး အထူးသဖြင့် ပျံသန်းမှုအရှိန်မှာ သိသိသာသာ မြင့်မားနေပြီဖြစ်သည်။ အကယ်၍ ယခုတစ်ကြိမ်တွင် အဆင့် ၇ သို့ တက်လှမ်းနိုင်ခဲ့ပါက ၎င်း၏ခွန်အားမှာ ပိုမိုသန်မာလာမည်ဖြစ်သလို အရှိန်အဟုန်မှာလည်း ပိုမိုကောင်းမွန်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လုချွမ်း၏ ပထမဆုံး အဆင့် ၇ ဇွန်ဘီရုပ်သေးဖြစ်သော တာဖန်းသည် တိုက်ခိုက်ရေးစွမ်းအား အလွန်ကောင်းမွန်သော်လည်း မပျံသန်းနိုင်ချေ။ ထို့ကြောင့် ပျံသန်းသူ ၁ မှာ တာဖန်းအတွက် အကောင်းဆုံးသော အားဖြည့်ဘက်ပင် ဖြစ်ပေလိမ့်မည်။
"ဝူး..."
အမြုတေများကို စားသုံးပြီးနောက် ပျံသန်းသူ ၁ ၏ အဆင့်တက်လှမ်းမှုမှာ ချက်ချင်း စတင်ခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး ငှက်ဟိန်းသံကဲ့သို့သော အော်ဟစ်သံကို ထုတ်ဖော်လျက်ရှိကာ ၎င်း၏ထံမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထိုစွမ်းအင်မုန်တိုင်းများသည် ပျံသန်းသူ ၁ ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ လျင်မြန်သော အသွင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။
အချိန်အတန်ကြာ ကုန်ဆုံးသွားပြီးနောက်တွင် ပျံသန်းသူ ၁ ၏ ပတ်ပတ်လည်ရှိ စွမ်းအင်မုန်တိုင်းများမှာ နောက်ဆုံးတွင် ငြိမ်သက်သွားပြီး အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသော ပျံသန်းသူ ၁ ပေါ်ထွက်လာခဲ့သည်။
"ဝူး..."
အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် ပျံသန်းသူ ၁ သည် ကောင်းကင်သို့ မော့ကာ ဝမ်းသာအားရ ဟိန်းဟောက်လိုက်ရာ ၎င်း၏အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အဆင့် ၇ အရှိန်အဝါများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ပျံသန်းသူ ၁ ကို အနီးကပ် စောင့်ကြည့်နေသော လုချွမ်းသည် ပြုံးလိုက်မိသော်လည်း ၎င်းအသစ်ရရှိလိုက်သော စွမ်းရည်ကို သိရှိလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။ ယခုတစ်ကြိမ် အဆင့် ၇ သို့ တက်လှမ်းရာတွင် ပျံသန်းသူ ၁ သည် ဟင်းလင်းပြင်စွမ်းအားကို ထိန်းချုပ်နိုင်သော စွမ်းရည်ကို ရရှိခဲ့ပြီး အကွာအဝေးတိုအတွင်း ချက်ချင်း ရွှေ့ပြောင်းနိုင်စွမ်းကိုပါ ပိုင်ဆိုင်သွားခဲ့ခြင်းပင်။