← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 50 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 50 Ch. 497-498

အခန်း။ ၄၉၇

ထို့နောက် လုချွမ်းသည် အဆိပ်သင့်ဇွန်ဘီများ၏ စွမ်းရည်များကို စတင်စမ်းသပ်တော့သည်။

ရှူး... ရှူး... ရှူး...

လုချွမ်း၏ စိတ်ညှို့ယူမှုနှင့်အတူ အဆိပ်သင့်ဇွန်ဘီတစ်ဆယ်ကောင်စလုံးသည် သူတို့၏ သန်မာရှည်လျားသော ခြေတံများကို မြေပြင်သို့ ထောက်လိုက်ပြီး ခန္ဓာကိုယ်များကို အမြင့်သို့ မြှင့်တင်လိုက်ကြသည်။ ထို့နောက် သူတို့၏ အမြီးပိုင်းမှနေ၍ ချွန်ထက်သော ပင့်ကူမျှင်များကို ရုတ်တရက် မှုတ်ထုတ်လိုက်ကြသည်။

ထိုမီးခိုးရောင် ပင့်ကူမျှင်များတွင် တောက်ပသော အရောင်အဝါများ ယှက်သန်းနေပြီး အဆိပ်သင့်ဇွန်ဘီများ၏ ထိန်းချုပ်မှုအောက်တွင် လေထုကို ပိုင်းဖြတ်လျက် ရှိရာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိပုံပင်။

ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ထိုပင့်ကူမျှင်များကြောင့် ပျက်စီးသွားပြီး လမ်းဘေးရှိ ဓာတ်တိုင်များမှာလည်း နှစ်ပိုင်းပြတ်တောက်ကာ အဆောက်အအုံများမှ မှန်ချပ်များမှာလည်း အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားတော့သည်။ အဝေးရှိ ခိုင်ခံ့သော ကွန်ကရစ် အဆောက်အအုံများပင်လျှင် ထိုပင့်ကူမျှင်များကြောင့် နက်ရှိုင်းစွာ အစင်းရာများ ထင်ကျန်ရစ်ခဲ့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း လုချွမ်း၏ မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။ ဤချွန်ထက်သော ပင့်ကူမျှင်များသည် ရန်သူများကို ရိတ်သိမ်းရန်အတွက် တကယ့်ကို ကောင်းမွန်သော လက်နက်များပင်။

ထို့နောက် လုချွမ်း၏ အမိန့်အရ အဆိပ်သင့်ဇွန်ဘီများသည် အဆောက်အအုံများတွင် ကပ်ငြိနေသော ပင့်ကူမျှင်များကို အသုံးပြု၍ သူတို့၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ဆွဲတင်

လိုက်ကြပြီး အဆောက်အအုံများပေါ်သို့ ခုန်တက်သွားကြသည်။

နောက်တစ်ခဏတွင် ပင့်ကူမျှင်များကို အမြီးမှ ဖြတ်တောက်လိုက်ပြီး အောက်ဘက်ရှိ ဇွန်ဘီအုပ်ကြီးဆီသို့ ပင့်ကူအိမ်များကို ထပ်မံမှုတ်ထုတ်လိုက်ကြပြန်သည်။

ဘတ်စကက်ဘောကွင်း တစ်ဝက်ခန့် အရွယ်အစားရှိသော ထိုမီးခိုးရောင် ပင့်ကူအိမ်များသည် အောက်သို့ ပျံသန်းသွားပြီး ဇွန်ဘီ ရာပေါင်းများစွာကို တိုက်ရိုက် လွှမ်းခြုံသွားခဲ့သည်။ ဤပင့်ကူအိမ်များသည် လူ့မျက်နှာဘီလူးပင့်ကူများ၏ အိမ်များကဲ့သို့ပင် အဆိပ်များ ပါရှိနေသဖြင့် နောင်တစ်ချိန်တွင် ရန်သူမျိုးနွယ်စု အမြောက်အမြားနှင့် တိုက်ခိုက်ရပါက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပေလိမ့်မည်။

အဆိပ်သင့်ဇွန်ဘီ ဆယ်ကောင်က တစ်ပြိုင်နက်တည်း ပင့်ကူအိမ် တစ်ဆယ်ခုကို မှုတ်

ထုတ်လိုက်သည်ဟု မြင်ယောင်ကြည့်ပြီး အကယ်၍ပစ်မှတ်ကို အကုန်လုံး ထိမှန်သွားပါက အနည်းဆုံး ရန်သူထောင်ပေါင်းများစွာမှာ အဆိပ်မိသွားမည်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်များ ဆုံးရှုံးကာ ရန်သူ့ရှေ့တန်းစစ်မျက်နှာကို ပြိုလဲသွားစေနိုင်သည်။ ထို့ပြင် အထူးအဆိပ်ဖြေစွမ်းရည် မရှိပါက ထိုရန်သူများက သေခြင်းတရားကိုသာ စောင့်ဆိုင်းရပေလိမ့်မည်။

ဤသည်ကို တွေးမိသောအခါ လုချွမ်းသည် အလွန်ပင် ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။ အဆိပ်ရှိသော ပင့်ကူမျှင်များအပြင် အသွင်ပြောင်းထားသော အဆိပ်သင့်ဇွန်ဘီများက လူ့မျက်နှာဘီလူးပင့်ကူများကဲ့သို့ပင် မြေမျက်နှာသွင်ပြင် အမျိုးမျိုးတွင် လိုက်လျောညီထွေ လှုပ်ရှားနိုင်စွမ်း ရှိသည်။ နောင်တွင် ကြမ်းတမ်းပြီး ကျဉ်းမြောင်းသော ဂူများအတွင်း၌ပင် ဤအဆိပ်သင့်ဇွန်ဘီများမှာ သူတို့၏ နေရာကို ရှာဖွေနိုင်ပေလိမ့်မည်။

ဝါးမြိုဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးပြီးနောက် လုချွမ်းသည် ရေပြာမြို့ပြခရိုင်တွင် ကြာရှည်စွာ မနေတော့ဘဲ ဇွန်ဘီဒီရေလှိုင်းကြီးကို အရှေ့ဘက်သို့ ဆက်လက် ဦးဆောင်ခေါ်ယူသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ ဇွန်ဘီများမှာ လူ့မျက်နှာဘီလူးပင့်ကူများကြောင့် ကွယ်ပျောက်နေသည်မှာ ကြာပြီဖြစ်သဖြင့် အချိန်ကုန်ခံ၍ ရှာဖွေနေပါကလည်း ဇွန်ဘီအင်အား ထပ်မံစုဆောင်းနိုင်မည် မဟုတ်သောကြောင့်ပင်။

ဝုန်း...

ယာဉ်တန်းမှာ ဇွန်ဘီဒီရေလှိုင်း၏ အနောက်ဘက်တွင် ပုံမှန်အရှိန်ဖြင့် လိုက်ပါလာသည်။ လုချွမ်းမှာ ရှေ့ခန်းတွင် မျက်လုံးမှိတ်လျက် အနားယူနေပြီး တစ်ခါတစ်ရံတွင် ကောင်းကင်ယံရှိ ပျံသန်းနိုင်သော ဇွန်ဘီရုပ်ဆေးကို အသုံးပြု၍ ပတ်ဝန်းကျင်ကို ကင်းထောက်သည်။

နောက်ခန်းတွင်မူ ကျိရုရွှယ်မှာ အလုပ်ရှုပ်နေသည်။ သူမသည် စိတ်စွမ်းအားကို အသုံးပြု၍ လူ့မျက်နှာဘီလူးပင့်ကူများထံမှ ရရှိလာသော ဝိညာဉ်အမြုတေများကို တစ်ခုချင်းစီ ဆွဲယူလိုက်သည်။ ထို့နောက် အမြုတေအောက်တွင် ဖန်ခွက်တစ်ခုကို ထားလိုက်ပြီး စိတ်စွမ်းအားဖြင့် ဖိအားပေးလိုက်ရာ အမြုတေ၏ မျက်နှာပြင်မှ ခရမ်းရောင် အဆိပ်လွှာများမှာ ဖန်ခွက်အတွင်းသို့ တစ်စက်ချင်းစီ စီးကျလာခဲ့သည်။

ဤခရမ်းရောင် အဆိပ်လွှာမှာ လူ့မျက်နှာဘီလူးပင့်ကူ အဆိပ်များထဲတွင် အပြင်းထန်ဆုံးနှင့် အာနိသင်အရှိဆုံး အစိတ်အပိုင်း ဖြစ်သည်။ မကြာမီမှာပင် အိတ်အတွင်းရှိ အမြုတေအားလုံးကို စီမံပြီးသွားသောအခါ ဖန်ခွက်တစ်ဝက်ခန့်ရှိသော အဆိပ်ရည်များကို ရရှိခဲ့သည်။

"အခုဆိုရင် အဆိပ်တစ်သောင်းဆေးလုံးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ အကုန်စုံသွားပြီ"

ကျိရုရွှယ်သည် ဖန်ခွက်ကို မြှောက်ကြည့်ကာ ပြုံးလိုက်သည်။ ရေပြာမြို့ပြခရိုင်တစ်ခုလုံးကို လူ့မျက်နှာဘီလူးပင့်ကူများ ဖျက်ဆီးထားကြောင်း သူမ သိရှိထားသဖြင့် ဤဟင်းလင်းပြင်အင်းဆက်မျိုးနွယ်များထံမှ အကျိုးအမြတ်ရယူရန် သူမ ကြိုတင်စီစဉ်ထားခဲ့ခြင်းပင်။

သူမသည် ထိုအဆိပ်ရည်တစ်ဝက်ခန့်ရှိသော ဖန်ခွက်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး သူမအလိုရှိသော အဆိပ်တစ်သောင်းဆေးလုံးကို ဖော်စပ်ရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လီမြစ်မြို့တော်မှ ထွက်ခွာလာခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လုချွမ်း၏ ဇွန်ဘီစစ်တပ်သည် အခြေစိုက်မြို့အသီးသီးကို ဖြတ်သန်းလာသည်နှင့်အမျှ သက်ဆိုင်ရာ သတင်းများမှာလည်း တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။

အဝေးမှ ရိုက်ကူးထားသော ဇွန်ဘီဒီရေလှိုင်းကြီး၏ မှတ်တမ်းဓာတ်ပုံများနှင့် ရုပ်သံဖိုင်

များက အဓိက အခြေစိုက်မြို့ကြီးများရှိ ခေါင်းဆောင်များ၏ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။ အရာအားလုံးကို တိုက်စားသွားနိုင်စွမ်းရှိသည့် ထိုအတိုင်းအဆမရှိသော ဒီရေလှိုင်းကြီးမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှသည်။

ချက်ချင်းဆိုသလိုပင် လုချွမ်း၏ အရှေ့ဘက်ခရီးစဉ်လမ်းကြောင်းပေါ်တွင် ရှိနေသော အခြေစိုက်မြို့များသည် အဆင့်မြင့်သတိပေးချက်များ ထုတ်ပြန်လိုက်ကြပြီး အင်အားအားလုံးကို စုစည်းကာ နိုးနိုးကြားကြားဖြင့် ခုခံရန် ပြင်ဆင်ကြတော့သည်။ မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲကြချေ။

ကျောက်ယန် အခြေစိုက်မြို့။

မျှော်လင့်ထားသည့်အတိုင်းပင် လုချွမ်း၏ အခြေအနေများနှင့် ပတ်သက်သော သတင်းအချက်အလက်များက ကျောက်ယန်မြို့အတွင်းသို့ ပျံ့နှံ့လာခဲ့သည်။ အစည်းအဝေးခန်းမအတွင်း၌ အဆင့်မြင့်အရာရှိကြီးများဖြင့် ပြည့်နှက်နေသည်။

မြို့တော်ခေါင်းဆောင်သည် ဇွန်ဘီဒီရေလှိုင်းကြီး လှုပ်ရှားလာပုံ မှတ်တမ်းများကို လူတိုင်းကြည့်ရှုနိုင်ရန် ပြသလိုက်သည်။ အဝေးမှ မြင်တွေ့ရသော ဒီရေလှိုင်းသဏ္ဌာန် ဇွန်ဘီအုပ်ကြီးကို ကြည့်ရင်း လူတိုင်း၏ မျက်နှာရိပ်မျက်နှာကဲများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

"အားလုံး ကြည့်ကြပါ... ဒီဇွန်ဘီဘုရင်က လီမြစ်မြို့တော်ကနေ ဘယ်တုန်းက ထွက်လာမှန်း မသိရသလို အခုဆိုရင် အရှေ့ဘက်ကို ဆက်တိုက် ချီတက်နေပါတယ်။ လမ်းတစ်လျှောက်မှာလည်း ဒီရေလှိုင်းရဲ့ အရွယ်အစားက ပိုပြီးတော့ ကြီးမားလာနေတယ်"

မြို့တော်ခေါင်းဆောင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဇွန်ဘီဘုရင် ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ထားခဲ့ဘူး"

"ဟုတ်ပါတယ်... ဒီဇွန်ဘီဒီရေလှိုင်းက တကယ်ကို ကြီးလွန်းတယ်။ အကယ်၍ ငါတို့မြို့ဘက်ကို ဦးတည်လာရင် တစ်ခဏအတွင်းမှာတင် မြို့ပျက်သွားနိုင်တယ်"

"ဇွန်ဘီဘုရင်က အရှေ့ဘက်ကို ဦးတည်ပြီး ဘာတွေ ကြံစည်နေတာလဲ..."

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လျက် တိုးတိုးတိတ်တိတ် ဆွေးနွေးရင်း ငြင်းခုံနေကြတော့သည်။

"တော်ပြီ... အားလုံး တိတ်ကြပါဦး။ ငါတို့ အရင်ဆုံး သိရမှာက ဒီဇွန်ဘီဘုရင်က ဘာရည်ရွယ်ချက်နဲ့ အရှေ့ဘက်ကို သွားနေတာလဲဆိုတာပဲ။ တစ်စုံတစ်ယောက် ပြောစရာရှိလား" မြို့တော်ခေါင်းဆောင်က စားပွဲကို ခေါက်ကာ လူတိုင်းကို ဝေ့ကြည့်လျက် လေးလေးနက်နက် မေးလိုက်သည်။

"ခေါင်းဆောင်... ဇွန်ဘီဘုရင်က အရှေ့ဘက်ကို ဦးဆောင်သွားနေပေမဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ အခြေစိုက်မြို့တွေကို တိုက်ခိုက်တာမျိုး မရှိသေးပါဘူး။ ကျွန်တော့်

အထင်တော့ ဒီဇွန်ဘီဘုရင်မှာ တစ်ခုခု ရည်ရွယ်ချက် ရှိနေပုံရပြီး အဲဒါက သူသွားနေတဲ့ လမ်းကြောင်းနဲ့ ဆက်စပ်နေလိမ့်မယ်"

အရာရှိတစ်ဦးက သူ၏ရှေ့မှ စာရွက်စာတမ်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောသည်။

"မှန်ပါတယ်... ငါတို့နဲ့ ဇွန်ဘီဘုရင်ကြားက ရန်ငြိုးတွေကလည်း လျှို့ဝှက်ချက်မှ မဟုတ်တာ။ အခြေစိုက်မြို့တွေကိုတောင် လျစ်လျူရှုထားတယ်ဆိုတော့ သူ့မှာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်"

အခြားအရာရှိတစ်ဦးကလည်း ထောက်ခံလိုက်သည်။

"ဟာ... သွားပြီ ခေါင်းဆောင်... ဒီသတ္တဝါရဲ့ ပစ်မှတ်က ထျန်းဟိုင်အခြေစိုက်မြို့ဖြစ်နေလိမ့်မယ်"

ထိုအချိန်၌ အရာရှိတစ်ဦးသည် လုချွမ်း၏ ခရီးစဉ်လမ်းကြောင်းကို မြေပုံပေါ်တွင် ဆက်လက်ဆွဲကြည့်လိုက်ရာ ထျန်းဟိုင်မြို့ကို မြင်တွေ့သွားခဲ့သည်။ သူ၏မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ထိတ်လန့်တကြီး အော်ဟစ်လိုက်မိသည်။

"ဘာ... ထျန်းဟိုင်မြို့လား"

လူတိုင်း ဆွံ့အသွားကြပြီး အခြေအနေ၏ လေးနက်မှုကို တဖြည်းဖြည်း သဘောပေါက်လာကြသည်။

"ဟုတ်တယ်... ဇွန်ဘီဘုရင်ရဲ့ ပစ်မှတ်က ထျန်းဟိုင်မြို့ပဲ ဖြစ်ရမယ်"

လူတိုင်းက ခေါင်းညိတ်ထောက်ခံကြသည်။ ထျန်းဟိုင်မြို့မှလွဲ၍ ဇွန်ဘီဘုရင်ကို ဆွဲဆောင်နိုင်သည့် အခြားနေရာကို မတွေ့ရှိကြတော့ပေ။

"ခေါင်းဆောင်... ထျန်းဟိုင်မြို့က ငါတို့နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အခြေစိုက်မြို့ဖြစ်ရုံတင်မကဘဲ မဟာဗျူဟာမြောက် လက်နက်သိုလှောင်ရုံ အမြောက်အမြားလည်း ရှိနေတာ။ အကယ်၍ ဇွန်ဘီဒီရေလှိုင်းက ထျန်းဟိုင်ကို တိုက်ခိုက်ခဲ့ရင် နောက်ဆက်တွဲက မတွေးရဲစရာပဲ။ ငါတို့ ကြားဖြတ်တားဆီးဖို့ စစ်တပ် စေလွှတ်ရမယ်"

"ဟုတ်ပါတယ်... သူတို့ကို ထျန်းဟိုင်အနား အကပ်မခံနိုင်ဘူး"

"ခေါင်းဆောင်... ဒါကို ငါတို့ တားရမယ်..."

လူတိုင်းက စိုးရိမ်တကြီးဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့သည်။

"ကောင်းပြီ... စစ်နတ်ဘုရားမ ပြန်လာတဲ့အထိ စောင့်ကြဦးစို့။ သူနဲ့ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်"

မြို့တော်ခေါင်းဆောင်က လက်ကာပြလိုက်သည်။

မွန်းတည့်ချိန်တွင် အမဲလိုက်အဖွဲ့နှင့်အတူ ပြန်လည်ရောက်ရှိလာသောသည် သတင်းကို ကြားသည်နှင့် ချက်ချင်းပင် အသ်ပါယာမြို့တော်ဆီသို့ သတင်းပို့လိုက်ပြီး ဇွန်ဘီဘုရင်တွင် ထိုကဲ့သို့ ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သူမသည် ဇွန်ဘီဘုရင်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက်လည်း လျှောက်ထားခဲ့သည်။ သူမသည် လုချွမ်း၏ နောက်ဆုံးပန်းတိုင်မှာ ဘာလဲဆိုသည်ကို သိလိုခြင်းပင်။

အခန်း။ ၄၉၈

"ဟဟ... အဆိပ်တစ်သောင်းဆေးလုံး နောက်ဆုံးတော့ အကုန်အဆင်သင့်ဖြစ်သွားပြီ"

ကားအတွင်း၌ ကျိရုရွှယ်သည် လေထဲတွင် ဝဲပျံနေသော ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကြည်လင်တောက်ပသော ဆေးလုံးများကို ကြည့်ကာ မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် ရှိနေသည်။ သူမ၏ ဘေးတွင်မူ အဆိပ်ရည်များ ကုန်စင်သွားသည့် ဖန်ခွက်အလွတ်တစ်ခု ရှိနေသည်။

စုစုပေါင်း အဆိပ်တစ်သောင်းဆေးလုံး ခြောက်လုံးဖြစ်ပြီး ကျိရုရွှယ်သည် အဆိပ်ရည် ဖန်ခွက်တစ်ဝက်ခန့်ကို အသုံးပြုကာ ယခုကဲ့သို့ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ခြင်းပင်။ ထို့နောက် သူမသည် ရှေ့စားပွဲပေါ်ရှိ ပါးစပ်ကျယ်သော ဖန်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

သူမ၏ စိတ်အာရုံစေခိုင်းမှုနှင့်အတူ လက်မအရွယ်ခန့်ရှိသော အဆိပ်တစ်သောင်းဆေးလုံးများသည် ပုလင်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။ ကျိရုရွှယ်သည် ဆေးစွမ်းများ မပြယ်သွားစေရန် သို့မဟုတ် အဆိပ်ငွေ့များ မပျံ့နှံ့စေရန် ပုလင်းအဖုံးကို ဂရုတစိုက် ပိတ်လိုက်သည်။

ဤအရာများသည် ရတနာများဖြစ်သလို တကယ့်ကို အစွမ်းထက်သော လက်နက်များလည်း ဖြစ်သည်။ ကျိရုရွှယ်သည် ပုလင်းကို မြှောက်၍ အတွင်းရှိ ဆေးလုံးခြောက်လုံးကို ကြည့်ကာ အလွန်ပင် ကျေနပ်အားရနေတော့သည်။

ဤအဆိပ်တစ်သောင်းဆေးလုံးမှာ သူမ၏ ယခင်ဘဝက ရှေးဟောင်းအပျက်အစီးများအတွင်းမှ ရရှိခဲ့သော အထူးဆေးနည်းတစ်ခု ဖြစ်ပြီး ယင်းဆေးလုံးများကြောင့်ပင် သူမသည် သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဖူးသည်။

အဆိပ်တစ်သောင်းဆေးလုံးမှာ ဆေးလုံးပုံသဏ္ဌာန် ရှိသော်လည်း အမှန်စင်စစ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်သည်။

လူ့မျက်နှာဘီလူးပင့်ကူများထံမှ ရရှိသော အဆိပ်အဆီအနှစ် အမြောက်အမြားဖြင့် ဖော်စပ်ထားခြင်းဖြစ်ပြီး ဖော်စပ်နေစဉ်အတွင်း အဆိပ်၏ ပြင်းအားကို ပိုမိုမြှင့်တင်ထားသဖြင့် အလွန်ပင် အသက်အန္တရာယ် ပေးနိုင်စွမ်း ရှိသည်။

တိုက်ပွဲအတွင်း၌ ဤဆေးလုံးကို ပစ်ပေါက်လိုက်ရုံမျှဖြင့် ကျယ်ပြောလှသော အဆိပ်နယ်မြေ သို့မဟုတ် သေမင်းတမန်နယ်မြေတစ်ခုကို ဖန်တီးနိုင်ပြီး အဆင့် ၈ ရှိသော သတ္တဝါများပင်လျှင် ထိုအဆိပ်ငွေ့အတွင်း ကျရောက်ပါက အသက်ပျောက်နိုင်သည်။

သို့သော်လည်း လောလောဆယ်တွင် ခြောက်လုံးသာ ရှိသဖြင့် တစ်လုံးသုံးလိုက်လျှင် တစ်လုံးလျော့သွားမည် ဖြစ်သည်။ ကျိရုရွှယ်အနေဖြင့် ထပ်မံဖော်စပ်လိုပါကလည်း လူ့မျက်နှာဘီလူးပင့်ကူ အဆိပ်ရည်များမှာ ကုန်ခမ်းသွားပြီ ဖြစ်သည်။ ရေပြာမြို့ပြခရိုင်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ နောက်ထပ် ပင့်ကူအုပ်စုများ ထွက်လာပြီး ကြီးထွားလာမည့် အချိန်အထိ စောင့်ဆိုင်းရုံသာ ရှိတော့သည်။ သို့သော်လည်း ထိုပင့်ကူများ မည်သည့်အချိန်တွင် အရွယ်ရောက်လာမည်မှာ မသေချာလှပေ။

"နောင်ဆိုရင် ဖေဖေနဲ့အတူ အဆင့် ၈ သတ္တဝါတွေနဲ့ တွေ့ရင်တောင် ကြောက်စရာ မလိုတော့ဘူး"

ကျိရုရွှယ်သည် နှုတ်ခမ်းများ ကွေးညွှတ်သွားကာ လက်ထဲမှ ပုလင်းကို လှုပ်ခါကြည့်ရင်း ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ နောင်တစ်ချိန် သူမကိုယ်တိုင် အဆင့် ၈ သို့ တက်လှမ်းနိုင်ပါက ဤအမြုတေဆေးလုံးများမှာ အသုံးမဝင်တော့သဖြင့် လက်ရှိအချိန်တိုအတွင်းသာ အသုံးပြုနိုင်မည် ဖြစ်သည်။

စွမ်းအင်ဆေးလုံးများမှာလည်း သူမလက်ထဲတွင် အမြဲတစေ ပြတ်လပ်မှုမရှိဘဲ သူမ၏ ကျင့်ကြံမှုအတွက် များစွာ အထောက်အကူ ဖြစ်စေသည်။ ထိုသို့ စွမ်းအင်ဆေးရည် အမြောက်အမြား၏ အကူအညီကြောင့် ကျိရုရွှယ်၏ ကျင့်ကြံမှုအဆင့်မှာ ယခုအခါ အဆင့် ၇ ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့် ၈ သို့ ရောက်ရှိရန်မှာ သိပ်မဝေးတော့ချေ။

ထို့အပြင် လုချွမ်းသည်လည်း ဤကာလအတွင်း များစွာ အကျိုးအမြတ် ရရှိခဲ့သည်။ အရှေ့ဘက်ပင်လယ်နှင့် နီးကပ်လာသည်နှင့်အမျှ လုချွမ်း၏ ဇွန်ဘီဒီရေလှိုင်း စစ်တပ်မှာလည်း ဇွန်ဘီဦးရေ ရှစ်သောင်းခန့်အထိ ရှိလာခဲ့ပြီး မျက်စိတစ်ဆုံးမျှ ကျယ်ပြောလှသည်။

ထို့ပြင် သူ၏လက်အောက်၌ အဆင့် ၇ ဇွန်ဘီရုပ်သေး ငါးကောင်အထိ ရှိလာပြီ ဖြစ်သည်။ ခွေးခေါင်းဇွန်ဘီနှင့် ပျံသန်းနိုင်သော ဇွန်ဘီတို့အပြင် မီးလျှံ ၁ ၊ ဧရာမဇွန်ဘီ ၁ နှင့် မီးလျှံ ၂ တို့မှာလည်း အဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။

မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့မှာ စွမ်းရည်အသစ် နိုးထလာခြင်း မရှိသော်လည်း ရှိပြီးသား စွမ်းရည်တစ်ခုမှာ များစွာ သန်မာလာခဲ့သည်။

ယင်းမှာ မီးဝိညာဉ်သွေးမီးလျှံပင်။ ရန်သူများ၏ အသားများကို လောင်ကျွမ်းစေနိုင်သော သွေးရောင်မီးလျှံများကို ဖန်တီးနိုင်ခြင်းပင်။ ယခင်က စွမ်းအင်စားသုံးမှု များပြားခြင်းနှင့် အုပ်စုလိုက် ပစ်မှတ်ထားရန် ခက်ခဲခြင်းတို့ကြောင့် သူတို့ကို တိုက်ပွဲများတွင် အသုံးနည်းခဲ့သည်။

သို့သော် ယခုအခါ အဆင့်မြှင့်တင်မှုများ ရရှိပြီးနောက်တွင် ဤမီးလျှံမှာ သွေးမီးတောကပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသဖြင့် များစွာ ကွာခြားသွားခဲ့သည်။ စွမ်းအင်စားသုံးမှု များပြားနေဆဲ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာမူ အနှိုင်းမဲ့လှသည်။ ဤသွေးမီးလျှံ

ပင်လယ်ကို ထုတ်လွှတ်လိုက်သည်နှင့် အထဲတွင် ပိတ်မိသွားသော ရန်သူများက အသားများ ပြာဖြစ်သွားသည်အထိ အလွန်ခိုင်မာသော မီးလျှံများ၏ လောင်ကျွမ်းခြင်းကို ခံရပေတော့မည်ပင်။

ဧရာမနဂါးကြီးများနှင့် ဟင်းလင်းပြင်အင်းဆက်မျိုးနွယ်များကဲ့သို့သော သတ္တဝါများပင်လျှင် ဤကဲ့သို့ အသားများကို လောင်ကျွမ်းစေနိုင်သော မီးလျှံများကို အလွန်အမင်း ကြောက်ရွံ့ကြသည်။

မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့အပြင် အဆင့် ၇ သို့ တက်လှမ်းသွားသော ဧရာမဇွန်ဘီ ၁ သည်လည်း စွမ်းရည်တစ်ခုကို အောင်မြင်စွာ နိုးထလာစေခဲ့သည်။

ယင်းမှာ သွေးစွန်းနတ်ဘုရားလျှပ်စီးပင်။

ဤသွေးစွန်းနတ်ဘုရားလျှပ်စီးမှာ အလွန်ပင် စွမ်းအားကြီးမားလှပြီး အမည်နှင့်လိုက်ဖက်စွာပင် ဤလျှပ်စီးသည် ထူးခြားသော ညစ်ညမ်းစေမှုစွမ်းအားကို ပိုင်ဆိုင်ထားသည်။ တစ်ကြိမ်မျှ ထိမှန်ရုံဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ညစ်ညမ်းသွားစေပြီး ရန်သူ၏ခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ တိုက်စားနှောင့်ယှက်နိုင်စွမ်း ရှိသည်။

လောလောဆယ်တွင် ယာဉ်တန်းနှင့် ဇွန်ဘီဒီရေလှိုင်းကြီးမှာ မြို့နှစ်မြို့၏ နယ်စပ်တွင် စခန်းချထားပြီး လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ ခေတ္တအနားယူနေကြသည်။ လူသားများသည် စက်ရုပ်များမဟုတ်သဖြင့် နာရီပတ်သီးကဲ့သို့ အဆက်မပြတ် မောင်းနှင်နေ၍ မရနိုင်ချေ။

ဇွန်ဘီရုပ်သေးများ အထပ်ထပ်ဝိုင်းရံထားသော အလယ်ဗဟိုဧရိယာမှ မီးခိုးများ ထွက်ပေါ်နေပြီး တစီစီမြည်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ လုချွမ်းသည် အသားကင်စင်ရှေ့တွင် ထိုင်ကာ အာရုံစိုက်လျက် အသားတုတ်များကို ဖြည်းဖြည်းချင်း လှည့်ပေးနေသည်။

တစီစီ...

အသားတုတ်များပေါ်ရှိ အသားစိုင်ကြီးများမှ ဆီများမှာ တစီစီမြည်လျက် ထွက်လာပြီး အောက်ဘက်ရှိ မီးသွေးခဲများပေါ်သို့ ကျဆင်းသွားကာ အနံ့မွှေးမွှေးလေးများ ပျံ့လွင့်လာစေသည်။ ခဏအကြာတွင် အသားကင်စင်ပေါ်ရှိ အသားကင်များမှာ ကျက်သလောက် ရှိနေပြီဖြစ်သည်။

လုချွမ်းသည် အသားကင်များပေါ်တွင် အမွှေးအကြိုင်များကို ဖြူးလိုက်ရင်း အနောက်ဘက်ရှိ ကားအတွင်းမှ ကျိရုရွှယ်ကို လှမ်းခေါ်လိုက်သည်။

"ချီချီ... မြန်မြန်ထွက်ခဲ့တော့ သိုးသားကင်တွေ ရပြီ လာခဲ့"

"ဟုတ်ကဲ့... လာပြီ"

တတိယမြောက် ကုန်တင်ကားအတွင်းမှ ကျိရုရွှယ်က ချက်ချင်းပြန်ထူးလိုက်ပြီး အသုံးအဆောင်များကို သိမ်းဆည်းကာ တံခါးကို အမြန်ဖွင့်လျက် အသားကင်စင်ဆီသို့ ပြေးလာခဲ့သည်။

"ချီချီ... ဒါတွေကို ထမင်းစားစားပွဲပေါ် သွားတင်လိုက်ဦး။ ပြီးတော့ ပန်းကန်ပြားအချို့လည်း ယူခဲ့ဦးနော်"

"ဟုတ်ကဲ့"

ဆီများ စိုရွှဲနေသော သိုးသားကင်များကို ကျိရုရွှယ်ထံ ကမ်းပေးလိုက်ပြီးနောက် လုချွမ်းသည် ဘေးရှိ ပန်းကန်ထဲမှ အသားတုတ်ကြီးများကို အသားကင်စင်ပေါ်သို့ ထပ်မံတင်လိုက်ပြန်သည်။ နာရီဝက်ခန့် ကြာသောအခါ ပြင်ဆင်ထားသမျှ အသားကင်များ အကုန်ကျက်သွားပြီ ဖြစ်သဖြင့် လုချွမ်းသည် နောက်ဆုံးကျက်လာသော အသားကင်များကို စားပွဲဆီသို့ ယူဆောင်လာကာ ထိုင်လိုက်သည်။

ထို့နောက် သူသည် ဘေးရှိ ဇွန်ဘီရုပ်သေးတစ်ကောင်၏ လက်ထဲမှ ဘီယာဘူးတစ်ဘူးကို ယူကာ ဖောက်လိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်သည်။

"စားကြစို့"

ချက်ချင်းပင် လုချွမ်းနှင့် စိတ်အားထက်သန်နေသော ကျိရုရွှယ်တို့မှာ အသားကင်များကို မြိန်ရှက်စွာ စားသောက်ကြတော့သည်။ တစ်တုတ်ပြီးတစ်တုတ် ဝါးမြိုနေကြသဖြင့် သူတို့၏ နှုတ်ခမ်းများတွင်ပင် ဆီများ ဝင်းပြောင်နေသည်။

အဆင့် ၇ သို့ ရောက်ရှိပြီးနောက် လုချွမ်းမှာ လူသားများနှင့် မခြားတော့ဘဲ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခင်ကကဲ့သို့ ဘာစားစား အရသာမရှိသလို ဖြစ်နေခြင်းမျိုး မရှိတော့ချေ။

ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ အစာစားချင်စိတ်မှာလည်း ပိုမိုကြီးမားလာခဲ့ရာ မာဂျောင်တုံးခန့်ရှိသော အသားစိုင်များ ပါဝင်သည့် သိုးသားကင် တစ်ရာကျော်ကို လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ တစ်နာရီ၏ လေးပုံတစ်ပုံမျှသော အချိန်အတွင်းမှာပင် အကုန်အစင် စားသောက်လိုက်ကြသည်။

ဝုန်း... ဝုန်း...

အသားကင်စားပြီး တစ်နာရီခန့် အနားယူပြီးနောက် ယာဉ်တန်းနှင့် ဇွန်ဘီဒီရေလှိုင်းမှာ အရှေ့ဘက်သို့ တစ်ဖန် ခရီးဆက်ခဲ့ကြပြန်သည်။ ယာဉ်တန်းအတွင်း၌...

"နောက်ထပ် တစ်လခွဲလောက်ဆိုရင် ပင်လယ်ပြည်နယ်ကို ရောက်တော့မယ်"

ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းမှာ မြေပုံကို ကြည့်ရှုစစ်ဆေးရင်း အဖွဲ့၏အရှိန်အရ ခရီးဆုံးသို့ ရောက်ရှိမည့် အကွာအဝေးကို တိတ်ဆိတ်စွာ ခန့်မှန်းနေမိသည်။ သူ၏အနောက်တွင်မူ ကျိရုရွှယ်သည် စွမ်းအင်ဆေးရည်ကို သောက်သုံးပြီးနောက် ကျင့်ကြံမှုအခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အတိအကျပင် ထိုအချိန်၌...

ဝူး... ဝူး... ဝူး...

ရင်းနှီးနေသော အသံတစ်ခုမှာ အဝေးရှိ ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ထိုအသံက လုချွမ်းနှင့် ကျိရုရွှယ်ကို ချက်ချင်းပင် သတိပြုမိသွားစေသည်။

"ရဟတ်ယာဉ်လား"

ဇွန်ဘီများ၏ အမြင်အာရုံမှတစ်ဆင့် လုချွမ်းသည် သူတို့ဆီသို့ ပျံသန်းလာသော ရဟတ်ယာဉ်ကို လှမ်းကြည့်လိုက်သည်။ တစ်စင်းတည်းသာ ဖြစ်သည်။

"ကျောက်လင်း သူက ဘာလို့ ဒီကိုလာတာလဲ"

ထိုသူမှာ မည်သူဖြစ်ကြောင်း လုချွမ်း ချက်ချင်း သိရှိသွားခဲ့ပြီး စိတ်ထဲတွင်လည်း သိလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

All Chapters