← Chapters

အရူးအုပ်စု

Vol. 001 Ch. 94

အရူးအုပ်စု

Vol. 001 Ch. 94

နန်ဒူဝန်ရှန်းက ရီဖူရှင်းအား ကြည့်လိုက်သည်။ သည်ကောင်လေးက သူ့ကိုယ်သူ ဧကရာဇ်ဖြစ်လာရန် ကံပါလာသည်ဟု ပြောသည်မှာ အနည်းငယ်ပိုသည်ဟု ဆိုနိုင်သော်လည်း သူကား အမှန်ပင် အရည်အချင်း ပြည့်ဝလှသည်။ ထို့ကြောင့် ဝန်ကြီးချုပ်ကျိုက သူ့အား အမှန်တကယ်ပင် ဟောကိန်းထုတ်ခဲ့လျှင် ဧကရာဇ်ဖြစ်လာမည့် ကံကြမ္မာပါသည် ဆိုသည်မှာ ဖြစ်နိုင်ပေသည်။ ထို့အပြင် ဝန်ကြီးချုပ်ကျိုက သူ့အမိန့်ပြားကိုပင်လျှင် ချီးမြှင့်ပေးခဲ့သေးသည်။ သူမည်မျှ သည်ကောင်လေးကို အလေးထားသည်ကို သိသာ ထင်ရှားလှသည်။

မိမိရှေ့မှ ချောမောသော လူငယ်လေးအား ကြည့်ကာ နန်ဒူဝန်ရှန်းက ပြောသည်... “ဘာပဲဖြစ်နေနေ... မနက်ဖြန်... နန်ဒူမိသားစုကို မသွားနဲ့တော့... ဝန်ကြီးချုပ်ကျိုက ဧကရာဇ်ကို မပြောခဲ့ဘူး ဆိုရင်တောင် အခု ဒီကိစ္စကို ကိုင်တွယ်နေတာက ဝန်ကြီးချုပ်ဟွာပဲ... မင်းက ငြင်းပယ်ခဲ့ရင် သူက မင်းကို ဘာလုပ်မယ်ဆိုတာ မပြောနိုင်ဘူး...”

“ဦးရီး... ကျုပ်မှာ တကယ်လို့ ဧကရာဇ်ဖြစ်ဖို့ ကံကြမ္မာပါလာရင် အတိတ်က အကြောင်းအရာတွေကို ဗွေမယူရင် နန်ဒူမိသားစုက ကျုပ်ကို ထောက်ခံမှာလား..."

နန်ဒူမိသားစုကား ယခင်က တော်ဝင်မိသားစု ဖြစ်သည်။ သူတို့တွင် ခိုင်မာသော နောက်ခံအင်အား ရှိသည်။ သူတို့က နန်ဒူနိုင်ငံမှ အရာအားလုံးကို စွန့်လွှတ်ရဲလျှင် သူတို့က အခြေအနေကို ပြောင်းလဲနိုင်ကာ ဝန်ကြီးချုပ်ဟွာအား တိုက်ခိုက်နိုင်ပေသည်။

"ဒီကောင်လေး...” နန်ဒူဝန်ရှန်းက ရီဖူရှင်းကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သည်ကောင်လေးကား စိတ်တည်ငြိမ်မှု သိပ်ရှိပုံမရပေ။

"မင်းက ဘာလုပ်သင့်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း တွေးထားဖို့ လိုလိမ့်မယ်... ဂျီယူအတွက် ဘာပြောစရာတွေရှိလဲ... သူမက ရူးမိုက်တာ တစ်ခုခုလုပ်မှာ ငါစိုးရိမ်တယ်...” နန်ဒူဝန်ရှန်းက ပြောသည်။

"ဦးရီး... ဂျီယူကို ရူးမိုက်တာတွေ ဘာမှမလုပ်ဖို့ပြောပြီး ကျွန်တော့်ကို စောင့်နေဖို့ ပြောပေးပါ...” ရီဖူရှင်းက ပြောသည်။ သူက ဝန်ကြီးချုပ်ကျို၏ ခန့်မှန်းချက်ကို ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ရီချင်နှင့် သူ့မွေးစားအဖေကတည်း ထိုသို့ တူညီစွာပင် ပြောခဲ့ကြသည်။

"ကောင်းပြီ...” နန်ဒူဝန်ရှန်းက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဟွာဖန်းလူအား တစ်ချက်ကြည့်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

ဥယျာဉ်တွင် လူတိုင်းက ရီဖူရှင်း၏နောက်တွင် ရပ်နေကြသည်။ သူတို့က သူ့အား မည်သို့ နှစ်သိမ့်ပေးရမည်မှန်း မသိကြပေ။

ရီဖူရှင်း နောက်လှည့်ကြည့်လိုက်လျှင် ထိုလူများ၏ အမူအရာများအား ကြည့်ကာ ပြုံးလိုက်သည်... “အားလုံးက ကျုပ်ကို ဘာလို့ ဒီလိုတွေ ကြည့်နေကြတာလဲ... နောက်ကျနေပြီ...  သွားပြီး အနားယူကြတော့... ဆရာ... သွားကြစို့...” ထိုသို့ပြောပြီး ရီဖူရှင်းက ဟွာဖန်းလူကို ကျောတွင်ပိုးကာ မိမိအဆောင်ဘက်သို့ ထွက်ခွာလာခဲ့သည်။ ယိချင်နှင့် တခြားလူများက သူတို့၏ နောက်ကျောများအား ကြည့်ကာ သက်ပြင်းချရုံမှအပ တခြား မတတ်နိုင်ကြပေ။

အိမ်ရှေ့စံမင်းသား၏ ပညာသင်ဘက်...။ နှစ်အနည်းငယ်တွင် သူက အိမ်ရှေ့စံမင်းသားထက် ပိုမိုထူးချွန်သောသူ ဖြစ်လာမည်မှ သေချာလှသည်။ သူ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးမသွားဖို့သာ ဆုတောင်းရန်လိုသည်။

***

ညအမှောင်ထဲတွင် ဂီတသံစဉ်တစ်ခု ကု့ချင်းဥယျာဉ်ထဲတွင် ပျံ့နှံ့နေသည်။ လေနုအေးလေးက သူ့ထံလာရောက် ရိုက်ခတ်သော်လည်း သူက အေးစက်သော ခံစားချက်ကို မရပေ။ သူ့ရင်ဘတ်ထဲတွင်ကား ပူလောင်နေသည်။ သူက မျက်လုံးများ မှိတ်လျက် တည်ငြိမ်စွာ တီးခတ်လိုက်သည်။ ထိုအခိုက်တွင်ပင် မှတ်ဉာဏ်အပိုင်းအစ အများအပြား စိတ်ထဲ ဝင်ရောက်လာသည်။ သူ့စိတ်ထဲတွင် လှပသော မိန်းမပျိုတစ်ယောက် ပေါ်လာသည်။ သူမက အလွန်လှပသော်လည်း ဉာဏ်များလှသည်။

သူမအား ပထမဆုံးအကြိမ် သူမ အသက်ဆယ့်နှစ်နှစ်တွင် စတွေ့သည်။ ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးကား အံ့အားသင့်ဖွယ် လှပသည်။ သူမ ကြီးပြင်းလာလျှင် မြေခွေးမ ဖြစ်လာတော့မည်။

အသက်ဆယ့်ငါးနှစ်တွင် သူတို့က ချင်းကျူကျောင်းတော်တွင် ဆုံစည်းကြရသည်။ မိန်းကလေးက ရည်ရွယ်ချက်ရှိရှိပင် သူ့အား ရန်သူ အများအပြားရစေရန် ကြံစည်ခဲ့သည်။ နောက်ပိုင်းသူက သူ့ဆရာနှင့် သူမနှင့် တန်ခိုးကျင့်ခွင့် ရခဲ့၏။ သူတို့ အချိန်အတော်ကြာ အတူတူ ရှိနေခဲ့ကြသည်။ ထိုပျော်ရွှင်စရာ အချိန်များအား သူပြန်တွေးလျင် မျက်နှာတွင် လှပသော အပြုံးတစ်ခု ပေါ်လာသည်။

နောက်ပိုင်း သူမက အားလုံးကို ထိတ်လန့် အံ့အားသင့်အောင်ပင် နှစ်သစ်ကူးညတွင် ရီမိသားစုထံ ရောက်ရှိလာခဲ့သည်။ သူတို့က လက်ချင်းချိတ်ကာ ချင်းကျူ ရေကန်တွင် လျှောက်လည်ခဲ့ကြသည်။ ထို့နောက် သူတို့ ခွဲခွာခဲ့ကြသည်။

ထို့နောက် သူ ချင်းကျူမြို့မှ ဒွန်ဟိုင်မြို့သို့ သူရောက်လာခဲ့ပြီး သူမအား သူရောက်လာသည်ကို သိရှိစေရန် ဒွန်ဟိုင်ကျောင်းတော်တွင် ပြဿနာရှာခဲ့သည်။ သူတို့က ကု့ချင်းဥယျာဉ်တွင် ပြန်ဆုံခဲ့ကြကာ သူမက သူ့အား အသာအယာ ပွေ့ဖက်ခဲ့သည်။

သူတို့နှစ်ယောက်က အချင်းချင်း ချစ်ခင်နှစ်သက်ကြသော်လည်း နန်ဒူမိသားစု အတွင်းရေးများကြောင့် တရားဝင် ချမပြရဲခဲ့ကြပေ။ ထို့နောက် မူယွန်ချန်က ကောလာဟလများ ဖြန့်သည်။ သူက ကြယ်စင်ဧကရာဇ် ကျောင်းတော်အား စိန်ခေါ်ကာ မူယွန်ချန်အား သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူတို့က လက်ချင်းချိတ်ကာ သူတို့၏ပတ်သက်မှုအား တရားဝင် ကြေညာခဲ့ကြသည်။

လာဘ်လာဘကျောင်းဆောင်တွင် ထိုနေ့က သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ကာ အိပ်ခဲ့ကြသည်။ မိန်းကလေးက ရှက်သော်လည်း သူ့အား မတားခဲ့ပေ။ သူမက သူ့အား အရာအားလုံး ပေးအပ်ရန် ဆန္ဒရှိသည်ကို သိသည်။ သူမအား လက်ထပ်မည်ဟု မိမိကိုယ်ကို ကျိန်ဆိုခဲ့သည်။ သို့သော် ကံကြမ္မာက သူတို့နှစ်ယောက်အား ကျီစယ်ခဲ့သည်။ ဧကရာဇ်၏ အမိန့်တော်က အရာအားလုံးကို ဖျက်ဆီးခဲ့သည်။

ဂီတက သာမန်ပုံပြင်တစ်ပုဒ်မှ ချိုမြိန်သော အချိန်ကာလသို့ ပြောင်းလဲသွားသည်။ သို့သော် နောက်ပိုင်းတွင် အခက်အခဲ အဖုအထစ်များကြောင့် ဒေါသများ။ စိတ်ဓာတ်ကျခြင်းများ။ မုန်းတီးမှုများ ပါဝင်လာသည်။

ကလန်...ဟု အသံတစ်ချက်ကြားကာ ကြိုးတစ်ပင် ပြတ်တောက်သွားသည်။ ရီဖူရှင်းက မျက်လုံးအား ဖွင့်လိုက်သည်။ သူက စူးရှသော မျက်လုံးများဖြင့် ပြတ်သွားသော ကြိုးအား ကြည့်လိုက်သည်။ ထို့နောက် သူက မော်ကြည့်လိုက်လျှင် အဘိုးအိုတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။

သူက မေးလိုက်သည်... “အဘိုးယူ... ဘာလို့ အနားမယူသေးတာလဲ...”

"ဂီတသံကြားတာနဲ့ လာနားထောင်ကြည့်တာပါ... သခင်လေးရီ... သခင်လေးရီရဲ့ဂီတက ဒီနေ့ နည်းနည်း ပြန့်ကျဲနေတယ်... တစ်ခုခု ဖြစ်လို့လား...”

ရီဖူရှင်းက သူ့အား ကြည့်လိုက်လျက် အဘိုးအိုထံမှ ရင်းနှီးသော ခံစားချက်ပေါ်လာသည်။ သူက ပြောသည်... “အဘိုးယူ...ကျွန်တော်ချစ်တဲ့ တစ်ယောက်ကို တစ်စုံတစ်ယောက်က ခိုးယူနေတယ်...”

"သခင်လေးရီရဲ့ မိန်းကလေးကို ဘယ်သူက ခိုးရဲရတာလဲ...” အဘိုးအိုက နားမလည်စွာ မေးလိုက်သည်။

"နန်ဒူနိုင်ငံရဲ့ ဧကရာဇ်... သူက ကျွန်တော့်ရဲ့ ချစ်သူကို အိမ်ရှေ့စံရဲ့ ကြင်ရာတော် ဖြစ်စေချင်တယ်... အဘိုးယူ... ကျွန်တော် ဘာလုပ်သင့်လဲ...”

"ဒါက သခင်လေးရဲ့ ချစ်သူဆိုရင် ဧကရာဇ်ဖြစ်နေတော့ရော... ဘာအရေးလဲ...” အဘိုးအိုက တည်ငြိမ်အေးဆေးစွာ ပြောသည်။ ရီဖူရှင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အဘိုးအို၏ မျက်လုံးများက အသက်မဲ့နေသော်လည်း သူ၏ စကားက ယုတ္တိရှိသည်ဟု သူထင်သည်။

ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်... “အဘိုးယူ... အဘိုးယူပြောတာ မှန်တယ်... သူက ဧကရာဇ်ဖြစ်နေတော့ရော ဘာအရေးလဲ...”

"သခင်လေးရီ... စောစောအနားယူပါ... အဘိုးသွားတော့မယ်...” အဘိုးအိုက ထိုနေရာမှ ဖြည်းညင်းစွာ ထွက်သွားသည်။ ရီဖူရှင်း၏အပြုံးက တစ်စုံတစ်ခုအား ဆုံးဖြတ်ထားပြီးသား ဟန်အတိုင်းသား ပေါ်နေသည်။

ညကား ရေပြင်ကဲ့သို့ ငြိမ်သက်နေသည်။ ရီဖူရှင်း တစ်ညလုံး မအိပ်ပေ။ ထိုစဉ် သိမ်းငှက်နက်ကြီး တစ်ကောင် ဥယျာဉ်ထဲသို့ အသံမကြားရဘဲ ဆင်းသက်လာသည်။ ရီဖူရှင်းက သိမ်းငှက်နက်ကြီးပေါ်သို့ တက်လိုက်ကာ လေပေါ်သို့ ပျံသန်းလိုက်သည်။ ထိုစဉ် လူတစ်ယောက် လေထဲတွင် ပေါ်လာကာ သိမ်းငှက်နက်ကြီး သွားရာလမ်းကြောင်းကို ပိတ်ထားသည်။ သူကား ယိချန်ဖြစ်သည်။

“ညဘက် ခိုးကြောင်ခိုးဝှက်နဲ့ ဘယ်သွားမလို့လဲ... နင်က သူခိုးလား...” ရီဖူရှင်း လှည့်ကြည့်လိုက်လျှင် တန်လန်ကို မြင်လိုက်ရသည်။

ဆရာကြီးယိ... တန်အဒေါ်... “ရီဖူရှင်း မချိပြုံး ပြုံးလိုက်သည်။ လူတိုင်းက အိပ်မည့်အစား သူ့အား စောင့်ကြပ်နေကြပုံ ရသည်။ လူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။ ယူချင်း။ ယိချိန်ချန်နှင့် တန်ဝမ်တို့လည်း ရှိနေကြသည်။ သူတစ်ယောက်တည်း ထွက်သွားမည်ကို သူတို့အားလုံး ခန့်မှန်းမိဟန်တူသည်။

̏မင်းက ဘယ်သွားချင်တာပဲဖြစ်ဖြစ်... မနက်ဖြန်မှ ပြောကြတာပေါ့...” ယိချန်က အေးစက်စွာ ပြောသည်။

သူယခုအချိန် ထွက်သွား၍ မရတော့သည်ကို ရီဖူရှင်းသိသည်။ သူ့အခန်းထဲသို့ပြန်၍ အနားယူလိုက်သည်။ တခြားလူများက ဥယျာဉ်ထဲတွင်ထိုင်ကာ သူ့အား စောင့်ကြပ်နေကြသည်။

***

သည်နေ့ကား ကောင်းကင်ပြက္ခဒိန်၏ ၁၀ဝ၀ဝ နှစ်တွင် နောက်ဆုံးနေ့ဖြစ်သည်။

နံနက်စောစောတွင် ရီဖူရှင်းက အခန်းထဲမှ ထွက်လာလျှင် သူအခန်းအနီးတွင် ထိုင်နေကြသော ထိုလူများအား မြင်ရ၏။ ထိုမြင်ကွင်းက သူ့ရင်ဘတ်အား အမှန်ပင် နွေးထွေးစေသည်။ သည်လူများ အားလုံးမှာ သူ့မိသားစုဝင်များဟု ခံစားရသည်။

"ဆရာ... အစောကြီးနိုးနေတာပဲ...” ခုံတန်းပေါ်တွင် ထိုင်နေသော ဟွာဖန်းလူအားမြင်လျှင် သူ့ထံလျှောက်သွားလိုက်ကာ ပြောလိုက်သည်။

"မင်းရဲ့ ဆရာကတော်နဲ့ဂျီယူကို သွားတွေ့ရမယ်လေ... ငါက စောစောထရမှာပေါ့...” ဟွာဖန်းလူက ပြုံးလျက်ပြောသည်။

"ရှင်သွားလို့မရဘူး...” တန်လန်က ဟွာဖန်းလူအား ဒေါသတကြီးကြည့်၍ ပြောသည်။

"တန်အဒေါ် ပြောတာမှန်တယ် ဆရာ... ဆရာ့ရဲ့ ကျန်းမာရေး အခြေအနေအရ ဆရာမသွားသင့်ဘူး... ဆရာကတော်နဲ့ ဂျီယူကို ကျွန်တော် ဒီကို ခေါ်ခဲ့မယ်...”

"မင်းငါ့ကို ထားခဲ့ရဲရင် နောက်ဆရာ တစ်ယောက်ကို သွားရှာဖို့ လိုလိမ့်မယ်...” ဟွာဖန်းလူက အေးစက်စွာ ပြောသည်။

"ကျွန်တော် နားလည်ပါတယ်...” ရီဖူရှင်းက ပြောသည်။

"မင်း တကယ်သွားတော့မလား...”ယိချန်က ရီဖူရှင်းကို မေးသည်။

လူငယ်က ခေါင်းညိတ်လိုက်သည်။ သူ့တွင် ရွေးချယ်စရာမရှိပေ။ အကယ်၍ သူမသွားလျှင် ထိုအရူးမလေးက မည်သို့လုပ်မည် သူမပြောတတ်ပေ။ အဆုံးသတ်က အဆိုးရွားဆုံးသော အခြေအနေ ဖြစ်နေလျှင်ပင် သူသွားရမည် ဖြစ်သည်။

"ဘာလို့အားလုံးက ဒီလိုမျိုး ကြည့်နေကြတာလဲ... ကျုပ်က အလွယ်တကူ မသေနိုင်ပါဘူး... ဆရာကတော်နဲ့ မြေခွေးမကို ဒီကိုခေါ်လာခဲ့မယ်...”

ယူချင်းက သူ့နောက်ကို လိုက်လာကာ ယိချိန်ချန်က ယူချင်းနောက်က လိုက်လာသည်။

“မင်း ဘာလုပ်နေတာလဲ...” ရီဖူရှင်းက ယူချင်းကို မေးသည်။

“မင်းနဲ့သွားမလို့လေ...” သူပြန်ပြောသည်။

“ငါက ငါ့ရည်းစားကို သွားတွေ့မှာ... မင်းက ဘာအတွက်သွားမလို့လဲ... မင်းရည်းစားက မင်းနောက်မှာ...” ရီဖူရှင်းက ယူချင်းကို ပြောသည်။ သို့သော် ယူချင်းက မလှုပ်ရှားပေ... “ပြန်သွားစမ်း...” ရီဖူရှင်း အော်လိုက်သည်။

ယူချင်း မလှုပ်ပေ။

“ယူချင်း...ပြန်လာခဲ့...” ယူချင်းက ပြန်ကြည့်လိုက်သည်... ငါသူနဲ့လိုက်သွားမယ်... ယိချန်က ပြောသည်။

ယူချင်း၏ မျက်လုံးများက နီရဲနေပြီး သူ၏လက်သီးများအား တင်းကျပ်စွာ ဆုပ်ထားသည်။

ရီဖူရှင်းက ယိချင်အား ကြည့်ကာ ပြောလိုက်သည်... “ကျုပ်က ခင်ဗျားရဲ့ တပည့်မဟုတ်ဘူး... ဘာလိုက်လုပ်မှာလဲ...”

“မင်းက အရူးပဲ...”ယိချန်က အေးစက်စွာ ပြောလိုက်သည်။

ရီဖူရှင်းက ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်... “ခင်ဗျားကမှ တကယ့် အရူးအစစ်ပဲ...”

ထိုသို့ပြောပြီးသည်နှင့် သူဥယျာဉ်ထဲမှ လှမ်းထွက်လိုက်သည်။ ယိချန်က ယူချင်းနှင့် ယိချိန်ချန်အား ကြည့်ကာ တန်လန်အား ပြောလိုက်သည်... “တန်လန်... သူတို့နှစ်ယောက်ကို စောင့်ကြည့်ထား...” ထိုသို့ပြောကာ သူလည်း ရီဖူရှင်းနောက်မှ လိုက်သွားသည်။

တန်လန်၏ မျက်လုံးများလည်း နီရဲနေလေပြီ။ ထိုထွက်သွားသော နှစ်ယောက်အား ကြည့်ကာ သူမပြောလိုက်သည်... “အကုန်လုံး အရူးတွေ...”

***

All Chapters