အခန်း (၄၅၀)
Vol. 45 Ch. 450
ဒုတိယမင်းသား လီရှောင် စေလွှတ်လိုက်သော မှော်ဆရာများသည် နံနက်ခင်းနှင်းပေါက်များ နေရောင်ခြည်နှင့် တွေ့ချိန်တွင် ပျောက်ကွယ်သွားသကဲ့သို့ပင် သဲလွန်စမကျန် ပျောက်ဆုံးသွားခဲ့ရသည်။ မှော်ဆရာ ငါးဆယ်လုံးမှာ တစ်ယောက်မကျန် ပျောက်ကွယ်သွားခြင်းဖြစ်ရာ ဒီဟုန်မြို့တော်မှ လူများပင် တစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ပေ။
သေချာစွာ စုံစမ်းစစ်ဆေးပြီးနောက်တွင်မူ ဒုတိယမင်းသား၏ ကိုယ်ရံတော်များသည် ထိုနေရာ၌ အသုံးပြုခဲ့သော မှော်အတတ် အကြွင်းအကျန်အချို့ကိုသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ သို့သော် သူတို့မှာလည်း စံအိမ်တော်မှ မှော်ဆရာများ အသုံးပြုခဲ့ကြသော မှော်စွမ်းအင်များသာ ဖြစ်နေပြီး အခြား မည်သည့် သဲလွန်စမျှ မရှိချေ။
ဒုတိယမင်းသား စံအိမ်မှ မှော်ဆရာများ အချင်းချင်း စိတ်ဝမ်းကွဲကာ သတ်ဖြတ်ခဲ့ကြလေသလားဟုပင် ထင်မှတ်ရတော့သည်။ လီရှောင်နှင့် သူ၏ ကိုယ်ရံတော်မှူးသည် ထိုမှော်ဆရာများကို သတ်ဖြတ်ခဲ့သူမှာ သူဌေးကြီးရွှေဖြစ်လိမ့်မည်ဟု အိမ်မက်ပင် မက်ဖူးမည်မဟုတ်ပေ။
ယွင်ရှန်းသည် ရန်သူကို လမ်းမှားစေရန်အတွက် သူဌေးကြီးရွှေကို ခိုင်းစေရာတွင် မှော်ဆရာတစ်ဦးချင်းစီကို သူတို့၏ ကိုယ်ပိုင်မှော်နည်းလမ်းများအတိုင်း တိတိကျကျ ပြန်လည်
သတ်ဖြတ်ခိုင်းခဲ့ခြင်းပင်။
မီးနှင့်ရေကို ခံနိုင်ရည်ရှိပြီး မှော်အတတ်များကိုလည်း အကာအကွယ်ပေးနိုင်သော သူဌေးကြီးရွှေ၏ ရှေ့မှောက်တွင် မှော်ဆရာများမှာ တစ်ချက်တည်းနှင့် အသက်ပျောက်ခဲ့ကြရသည်။ ဤအချက်ကို လီရှောင်တို့ လုံးဝရိပ်မိမည်မဟုတ်ပေ။
ဤအခြေအနေကို စဉ်းစားကြည့်ရုံနှင့်ပင် အလွန်တရာ နားမလည်နိုင်စရာ ဖြစ်နေတော့သည်။ ထိုအုပ်စုမှာ သာမန်မှော်ဆရာများ မဟုတ်ဘဲ ဒုတိယမင်းသားက အထူးရွေးချယ်ထားသော မှော်ဆရာကြီးအဆင့်ထက် မနိမ့်သူများ ဖြစ်ကြသည်။ ဤမျှ လူအများအပြား တစ်ပြိုင်နက် ပျောက်ကွယ်သွားခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းမှာ မဖြစ်နိုင်သောအရာပင်။
အသေအချာ ပြန်လည်သုံးသပ်ပြီးနောက်တွင် ထိုလူများအားလုံး အသတ်ခံလိုက်ရသည်ဟူသော ကောက်ချက်တစ်ခုသာ ကျန်တော့သည်။
“ဒုတိယမင်းသား... ဒီနေ့မနက်စောစောက ဒီဟုန်မြို့တော်ကလို့ ယူဆရတဲ့ လူနှစ်ယောက် ပိုင်ထန်မြို့ထဲကို ဝင်လာတယ်လို့ မြို့တံခါးစောင့်တွေက ပြောပါတယ်။ ဒါဟာ ဒီဟုန်မြို့တော်ကလူတွေရဲ့ လက်ချက်များလား”
လီရှောင်၏ တည်တင်းနေသော မျက်နှာကို ကြည့်ကာ သူ၏ သခင်မှာ စိတ်အခြေအနေ မကောင်းမှန်း ကိုယ်ရံတော်မှူးက ရိပ်မိနေသည်။
မှော်ဆရာ ငါးဆယ်ဆိုသည်မှာ နည်းလှသည်မဟုတ်ပေ။
ပြီးခဲ့သည့်တစ်ကြိမ်က တစ်ရာကျော် ဆုံးရှုံးခဲ့ရပြီး ယခု ထပ်မံ၍ ငါးဆယ် ဆုံးရှုံးရပြန်ရာ ဒုတိယမင်းသားတွင် လက်အောက်ခံ အင်အားစုများစွာ ရှိသည်ဆိုစေကာမူ မှော်ဆရာဆိုသည်မှာ ရိတ်ပြီးလျှင် ပြန်ပေါက်လာသည့် ကောက်ပဲသီးနှံများ မဟုတ်ပေ။
“ဒီဟုန်မြို့တော်က လူတွေမှာ ဒီလိုစွမ်းဆောင်ရည်မျိုး မရှိပါဘူး”
လီရှောင်က စဉ်းစားကာ ပြောလိုက်သည်။ သူသည် အခြေအနေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သော စိတ်ရှည်မှုမျိုး ရှိသည်။ အကယ်၍ ယီပိုင်လျန်သာ ဆိုလျှင် ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံရပါက ဒေါသကြောင့် တစ်ဝက်သေနေလောက်ပြီ ဖြစ်သည်။
“မြို့တံခါးတွေကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်။ ဒီရက်ပိုင်းအတွင်း မြို့ထဲကို ဘယ်သူတွေ ဝင်လာသလဲဆိုတာ သေချာကြည့်။ အထူးသဖြင့် နိုင်ငံခြားသားတွေ၊ သိုင်းပညာရှင်တွေနဲ့ မှော်ဆရာတွေကို ဂရုစိုက်ကြည့်ပြီး ဝင်လာတာနဲ့ ချက်ချင်း နောက်ယောင်ခံလိုက်စမ်း”
လီရှောင်က တွေးတောကာ အမိန့်ပေးလိုက်သည်။
လီရှောင်သည် ယခုကဲ့သို့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခြင်းကပင် သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေသည်။ ယခုအဖြစ်အပျက်မှာ ပြီးခဲ့သည့် ခရမ်းရောင်ရွှေသတ္တုတွင်း ကိစ္စနှင့် အလွန်ပင် တူညီနေသည်။
ရန်သူက မည်သူမှန်းမသိသော်လည်း ထိုးနှက်ချက်မှာ ပြင်းထန်မြန်ဆန်လှပြီး အသက်ရှင်
ကျန်ရစ်သူ တစ်ဦးမျှ မထားခဲ့ပေ။ ထိုသူမှာ မည်သူပင်ဖြစ်စေ ရှာတွေ့သည်နှင့်တစ်ပြိုင်နက် ထိုက်တန်သော တန်ဖိုးကို ပေးဆပ်စေရမည်ဟု သူ ကြုံးဝါးလိုက်သည်။
ကိုယ်ရံတော်မှူးသည်လည်း အမိန့်အတိုင်း ချက်ချင်းပင် လှုပ်ရှားတော့သည်။
တစ်ဖက်တွင်မူ ကျိုးနိုင်ငံ၏ မြို့တော်ရှိ ဝူရွှမ်းဝူကျီ ခမ်းမအတွင်း၌ ယီပိုင်မင်းမှာ စိတ်လွင့်နေပုံရသည်။
“ပိုင်မင်း... ငါ မင်းကို စကားပြောနေတာနော်။ မင်း နားထောင်နေရဲ့လား”
ကျန့်လီက သူ၏ တပည့်ဖြစ်သူကို မကျေမနပ် ကြည့်ကာ မေးလိုက်လေတော့သည်။
“ဆရာကြီး... တောင်းပန်ပါတယ် ကျွန်တော် စိတ်လွင့်သွားလို့ပါ”
ယီပိုင်မင်းသည် သူ၏နှာခေါင်းကို ပွတ်သပ်ရင်း ငေးငေးငိုင်ငိုင် ဖြစ်နေမိသည်။ ခုနလေးတင် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ကဲ့သို့ မတင်မကျဖြစ်ကာ စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့ခြင်းပင်။
သူ့စိတ်ထဲတွင် ယွင်ရှန်းကိုသာ ပြေးမြင်နေမိသည်။ သူမ ကျိုးနိုင်ငံမှ ထွက်ခွာသွားသည်မှာ အတန်ကြာပြီ ဖြစ်သည်။ သူမ၏ဘေးတွင် သူဌေးကြီးရွှေရှိနေသလို သူမကိုယ်တိုင်ကလည်း အလွန်ပါးနပ်သူဖြစ်သဖြင့် အန္တရာယ်ရှိမည်မဟုတ်ဘူးဟု သူ တွေးနေမိသည်။
“မင်း ဒီရက်ပိုင်း စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတာ ကြာပြီ။ တိုက်ကြီးရဲ့ ထိပ်တန်းအထူးစခန်းကိစ္စကိုရော မင်း ဘယ်လိုသဘောရသလဲ”
ကျန့်လီသည်လည်း ယီပိုင်မင်း စိတ်မပါသည်ကို ရိပ်မိသည်။ ယွင်ရှန်း ထွက်သွားပြီးကတည်းက သူ့တပည့်မှာ အရာရာကို ဂရုမစိုက်သလို ဖြစ်နေခဲ့ခြင်းပင်။
“ဆရာကြီး... ကျွန်တော် နောက်ထပ် အနည်းငယ်လောက် ထပ်ဆိုင်းငံ့ထားချင်ပါသေးတယ်”
ယီပိုင်မင်းက သူ့ရှေ့တွင် ချထားသော စာကို ဘေးသို့ တွန်းပို့လိုက်သည်။
“ပိုင်မင်း... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလည်း မင်းက အချိန်ဆွဲချင်တယ်ဆိုလို့ ဆရာက သဘောတူခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဆရာ မင်းကို အလိုမလိုက်နိုင်တော့ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲက သားရဲအသွင်ပြောင်းတဲ့ လက္ခဏာတွေက ပိုပြီးတော့ ထင်ရှားလာနေပြီ”
ကျန့်လီသည် ယီပိုင်မင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ယီပိုင်မင်းမှာ သူ၏ အဂုဏ်ယူရဆုံးသော တပည့်ဖြစ်ပြီး အနာဂတ်မှာလည်း အတိုင်းအဆမရှိ တောက်ပမည့်သူ ဖြစ်သည်။ ဆရာတစ်ဦးအနေဖြင့် ယီပိုင်မင်းကို သင်ကြားပေးစရာ ဘာမှမကျန်တော့ဟု ကျန့်လီ ခံစားနေရသည်။
လက်ရှိ ကျိုးနိုင်ငံ၏ အခြေအနေမှာ မိဖုရားကြီးချီ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိနေပြီး ယီပိုင်လျန်မှာလည်း သူ၏မှော်ဝိညာဉ် ထိခိုက်သွားကာ ကျင့်စဉ်တိုးတက်မှု မရှိတော့သဖြင့် ယီပိုင်မင်းအပေါ် ပိုမိုရန်ငြိုးထားကာ နေ့စဉ်နှင့်အမျှ ပစ်မှတ်ထားကာ နှောင့်ယှက်နေသည်။
ယီပိုင်မင်းအနေဖြင့် ငြိမ်ခံနေမည့်သူမဟုတ်ကြောင်း ကျန့်လီ သိသော်လည်း သူသည် လက်ရှိတွင် ကျိုးဧကရာဇ်ကဲ့သို့သော သူများကို ယှဉ်ပြိုင်ရန် အတောင်အစုံ မစုံသေးပေ။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ကျိုးနိုင်ငံမှ ခေတ္တခဏ ထွက်ခွာသွားရန်ပင်။
လွန်ခဲ့သော နှစ်နှစ်ကလည်း ယီပိုင်မင်းမှာ ဤအခွင့်အရေးမျိုး ရခဲ့သော်လည်း ကျင့်စဉ်မပြည့်စုံသေးဟု အကြောင်းပြကာ ငြင်းဆိုခဲ့သည်။ သို့သော် ယွင်ရှန်းနှင့် ပြန်လည်ဆုံတွေ့ပြီးနောက် အထူးသဖြင့် သူမက သားရဲသွေးပေါင်းစပ်ခြင်းကို ကူညီပေးခဲ့ပြီးနောက်တွင်မူ သူ၏အတွင်းရှိ ထူးဆန်းသော သားရဲအသွင်ပြောင်းစွမ်းအင်များမှာ ပိုမိုအားကောင်းလာကာ ခွန်အားများမှာလည်း အံ့မခန်း တိုးတက်လာခဲ့သည်။
ကျန့်လီသည် အစောပိုင်းက ယီပိုင်မင်းနှင့် လက်ရည်စမ်းကြည့်ရာတွင် ယီပိုင်မင်း၏ ခွန်အားမှာ သူ့ထက်ပင် ကျော်လွန်နေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုထူးဆန်းသော သားရဲစွမ်းအင်
အောက်တွင် ယီပိုင်မင်းသည် သိုင်းသူတော်စင်အဆင့်သို့ပင် ရောက်ရှိနေနိုင်သည်။
အသက် ၁၃ နှစ်အရွယ်နှင့် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိနေခြင်းမှာ ကြောက်မက်
ဖွယ်ကောင်းလှပြီး ဤသတင်းသာ ပျံ့နှံ့သွားပါက မိဖုရားကြီးချီထံမှ ပြင်းထန်သော တုံ့ပြန်မှုများ လာပေလိမ့်မည်။
မိဖုရားကြီးချီမှာ ပြဿနာမဟုတ်သော်လည်း ကျိုးဧကရာဇ်၏ နောက်ကွယ်မှ မှော်ကျောင်းတော်က ဤအတိုင်း လွှတ်ထားမည်မဟုတ်ပေ။
ထို့ကြောင့် လောလောဆယ်တွင် ယီပိုင်မင်းအနေဖြင့် ထိုနေရာသို့ သွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ထိုနေရာမှာ သိုင်းပညာရှင်များအတွက် စမ်းသပ်ကွင်းဖြစ်သော တိုက်ကြီး၏ ထိပ်တန်းအထူးစခန်းပင်။
ဝူရွှမ်းဝူကျီ ခမ်းမ၏ အုပ်ချုပ်သူအနေဖြင့် ကျန့်လီတွင် အထူးစခန်းသို့ တိုက်ရိုက်စေလွှတ်နိုင်သည့် ခွဲတမ်းတစ်ခု ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ကျော်က ထိုခွဲတမ်းကို ပုကျိုရှောင်အတွက် သိမ်းထားရန် ရည်ရွယ်ခဲ့သော်လည်း ပုကျိုရှောင်က ငြင်းပယ်ခဲ့ပြီး ယီပိုင်မင်းကသာ ပို၍ အရည်အချင်းပြည့်မီသည်ဟု ဆိုခဲ့သည်။
ထိုအချိန်မှစ၍ ယီပိုင်မင်း၏ အတွင်းမှ ထူးဆန်းသော စွမ်းအားမှာ နှစ်အလိုက် ပိုမိုလှုပ်ရှားလာရာ အထူးစခန်းမှ နည်းပြများသာ ထိုစွမ်းအားကို ဖိနှိပ်ပေးနိုင်မည်ဟု ကျန့်လီ ယုံကြည်နေသည်။
ထိုစွမ်းအားသည် ယီပိုင်မင်း ငယ်စဉ်ကတည်းက ရှိနေခြင်းပင်။
တစ်ခါက ကျန့်လီ မတော်တဆ မြင်လိုက်ရစဉ်က ထိုစွမ်းအားမှာ အလွန်ကြောက်စရာကောင်းပြီး ၎င်း လှုပ်ရှားလာတိုင်း ယီပိုင်မင်းမှာ စိတ်ကိုမထိန်းနိုင်ဘဲ မှော်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သွားတတ်သည်။
၎င်းမှာ သူ၏ မွေးရာပါ စွမ်းအားဖြစ်နိုင်သလို မိဖုရားကြီးလီနှင့် ပတ်သက်နေသလားဟုလည်း ကျန့်လီ တွေးမိသည်။ သို့သော် မိဖုရားကြီးလီ ကွယ်လွန်သည်မှာ ကြာပြီဖြစ်သလို သူမကို ခစားခဲ့သော နန်းတွင်းသူကြီးများမှာလည်း အသက်မရှိကြတော့ပေ။
ထိုစွမ်းအားကို ကျန့်လီ မဖိနှိပ်နိုင်သဖြင့် ဤအတိုင်းသာ ဆက်သွားပါက ယီပိုင်မင်းမှာ လူသားဆန်မှု လုံးဝ ပျောက်ကွယ်သွားမည်ကို သူ စိုးရိမ်နေခြင်းပင်။
“ဆရာကြီး... ကျွန်တော့်ကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး”
ယီပိုင်မင်းသည်လည်း သူ့ကိုယ်သူ ကောင်းကောင်းသိသည်။ အထူးသဖြင့် ပြီးခဲ့သည့်တစ်ခေါက် ထျန်းချွဲကျီကို သတ်ဖြတ်ပြီးနောက်တွင် ထိုစွမ်းအားမှာ ပို၍ပင် လှုပ်ရှားချင်နေကြောင်း သူ ခံစားရသည်။
ထိုစွမ်းအားမှာ မည်သည့်အချိန်တွင် ပေါက်ကွဲထွက်လာပြီး ယွင်ရှန်းကို ထိခိုက်စေမည်ကို သူ စိုးရိမ်နေခဲ့ခြင်းပင်။ ထို့ကြောင့် ယွင်ရှန်း ဒီဟုန်မြို့တော်သို့ သွားမည်ကို သိပါလျက်နှင့် သူ အတူမလိုက်ဘဲ သူ့ကိုယ်သူ ထိန်းချုပ်ကာ ကျန်ရစ်နေခဲ့ခြင်းပင်။
“မင်း ခန်းမဒုတိယအုပ်ချုပ်သူကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်ပြန်ပြီလား”
ယီပိုင်မင်း ကျန့်လီ၏ ကျင့်ကြံခန်းထဲမှ ထွက်လာသောအခါ ပုကျိုရှောင်နှင့် ချန်းပိုင်တို့က တစ်ဖက်တစ်ချက်စီမှ စောင့်ကြိုနေကြသည်။