အခန်း (၄၅၁)
Vol. 45 Ch. 451
“တိုက်ကြီးရဲ့ ထိပ်တန်းအထူးစခန်းကို သွားခွင့်ရဖို့ဆိုတာ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ နောက်ပြီး နောက်ထပ် နှစ်အနည်းငယ်ကြာရင် အရပ်ရှစ်မျက်နှာ နတ်ဘုရားလက်နက်များပေါ်ထွက်လာတော့မယ်။ အဲဒီအထဲက တစ်ခုက စစ်နတ်ဘုရားလှံဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်နေပြီ။ မင်းသာ အထူးစခန်းကို မဝင်ထားရင် အဲဒီလက်နက် ပေါ်လာတဲ့အခါ အထူးစခန်းက ထွက်လာတဲ့ သိုင်းပညာရှင်တွေနဲ့ ရင်ဆိုင်ရဖို့က တကယ်ကို ခက်ခဲလိမ့်မယ်”
ပုကျိုရှောင်က ထူးထူးခြားခြား စကားအရှည်ကြီး ပြောလိုက်သည်။
သိုင်းပညာရှင်တိုင်းအတွက် ထိုအထူးစခန်းတွင် လေ့ကျင့်ခွင့်ရခြင်းမှာ တန်ဖိုးမဖြတ်နိုင်သော အရာဖြစ်သည်။ အကယ်၍ ယီပိုင်မင်းသာ မရှိလျှင် ထိုနေရာကို ပုကျိုရှောင်က ရရှိထားပြီးဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မကြာမီ ပေါ်ထွက်လာတော့မည့် နတ်ဘုရားလက်နက် ရှစ်မျိုးအကြောင်း သတင်းများစွာ ထွက်ပေါ်နေခဲ့ပြီး မကြာသေးမီက ရရှိသော ယုံကြည်စိတ်ချရသည့် သတင်းများအရ ၎င်းမှာ တစ်ချိန်က ကမ္ဘာပေါ်တွင် ပထမဆုံးသော သိုင်းနတ်ဘုရား၏ လက်နက်ဖြစ်သည့် စစ်နတ်ဘုရားလှံဖြစ်နိုင်ခြေ အလွန်များနေသည်။
အကယ်၍ ၎င်းသာ အမှန်တကယ် ပေါ်လာပါက တိုက်ကြီးပေါ်ရှိ အထူးစခန်းမှ သိုင်းပညာရှင်များပင် လှုပ်ရှားလာကြမည် ဖြစ်သည်။
ပါရမီရှင် လူငယ်သိုင်းသမားများအတွက် ထိုအထူးစခန်းမှာ မဖြစ်မနေ သွားရောက်စမ်းသပ်ရမည့် မြင့်မြတ်သော နယ်မြေပင်။
“ပိုင်မင်း... မင်း ဆရာဝန်မလေးအတွက် စိုးရိမ်နေတာလား။ မပူပါနဲ့ မင်း အထူးစခန်းသွားရင် ငါတို့နှစ်ယောက်စလုံး သူမကို စောင့်ရှောက်ပေးပါ့မယ်။ တကယ်တော့ အဲဒီဆရာဝန်မလေးက ပါးနပ်ပြီး လူလည်ကျတတ်တာဆိုတော့ သူများက သူ့ကို လာဒုက္ခပေးဖို့ထက် သူက သူများကို ဒုက္ခမပေးရင်ပဲ တော်လှပြီ”
ချန်းပိုင်က သူ၏ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
ယီပိုင်မင်းကမူ ထိုစကားကို ကြားသောအခါ ချန်းပိုင်ကို မကျေမနပ် ကြည့်လိုက်သည်။ ချန်းပိုင်၏ စကားမှာ ချီးမွမ်းနေခြင်းနှင့် မတူလှပေ။
“မင်း တကယ် စိုးရိမ်နေရင် သူမကိုပါ အထူးစခန်းကို ခေါ်သွားပါလား။ ငါကြားတာတော့ တော်ဝင်မှော်သင်တန်းကျောင်းကလည်း တော်တော်လေး ကြိုးစားလိုက်လို့ တိုက်ကြီးရဲ့ မှော်အထူးစခန်းမှာ နေရာတစ်ခု ရထားတယ်လို့ သိရတယ်”
ပုကျိုရှောင်က ပြောလိုက်သည်။
တိုက်ကြီး၏ ထိပ်တန်းအထူးစခန်းကို သိုင်းပညာရှင် အထူးစခန်းနှင့် မှော်ဆရာ အထူးစခန်းဟူ၍ နှစ်မျိုးခွဲထားပြီး တိုက်ကြီးတစ်ခုလုံးမှ အတော်ဆုံး လူငယ်များကိုသာ ရွေးချယ်သည်။ သတ်မှတ်ချက်မှာ အသက် ၁၆ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး ၁၆ နှစ်ကျော်ပါက မည်မျှပင် တော်စေကာမူ ဝင်ခွင့်မရှိပေ။
အသက် ၁၆ နှစ်အောက်တွင်သာ လူတစ်ဦး၏ အလားအလာကို အပြည့်အဝ ဖော်ထုတ်နိုင်သည်ဟု လက်ခံထားကြသောကြောင့်ပင်။
တော်ဝင်မှော်သင်တန်းကျောင်းမှာ သင်ကြားမှုအဆင့်အတန်း မမီသဖြင့် ယခင်က ထိုအထူးစခန်းတွင် ဝင်ခွင့်နေရာ မရခဲ့ဖူးပေ။ သို့သော် အိမ်ရှေ့မင်းသား ယီပိုင်လျန်မှာ ထိုအထူးစခန်းသို့ အမြဲတမ်း တက်ချင်နေသဖြင့် တော်ဝင်မိသားစုက ငွေကုန်ကြေးကျများစွာ အသုံးပြုကာ နေရာတစ်ခုကို ရအောင်ယူထားခဲ့ခြင်းပင်။
သို့သော် ယီပိုင်လျန်မှာ အသုံးမကျလှပေ။ သူ၏ မှော်ဝိညာဉ် ထိခိုက်ထားသဖြင့် အနောက်ပေါက်မှ ဝင်လျှင်ပင် မှော်ဝိညာဉ်ကို စစ်ဆေးလိုက်သည်နှင့် သူ၏ အားနည်းချက်မှာ ချက်ချင်း ပေါ်သွားပေလိမ့်မည်။ အထူးစခန်းသည် ချို့ယွင်းချက်ရှိသော မှော်ဝိညာဉ် ပိုင်ရှင်များကို လုံးဝ လက်မခံပေ။ ထို့ကြောင့် သင်တန်းကျောင်းအနေဖြင့် သူတို့၏ နေရာအတွက် သင့်တော်သော လူသစ်ကို ပြန်လည် ရွေးချယ်ရတော့မည် ဖြစ်သည်။
“ဒါနဲ့... ဒီတစ်ခေါက် အဲဒီနေရာအတွက် ရေပန်းစားနေတဲ့သူက မင်း သိတဲ့လူပဲ အိမ်ရှေ့မင်းသမီး လန်လန်ပေါ့”
ပုကျိုရှောင်က ပြောလိုက်သည်။
ယင်းကို ကြားသောအခါ ချန်းပိုင်က မထီမဲ့မြင် ပြုလိုက်သည်။
“လန်လန်ရဲ့ မှော်ကျင့်စဉ်က သာမန်ပဲလေ။ သူမက ဘယ်လိုလုပ် အဲဒီနေရာကို ရမှာလဲ”
“ဒါကတော့ မိဖုရားကြီးချီကိုပဲ မေးကြည့်ရမှာပေါ့။ သူမသားက အသုံးမကျတော့ လန်လန်ကို မြှောက်ပေးချင်တာ ဖြစ်မှာပေါ့။ ကျိုးနိုင်ငံကြီးကို အမျိုးသမီးတစ်ယောက်က လွှမ်းမိုးသွားမှာတော့ စိုးရိမ်မိသား”
ပုကျိုရှောင်က ပြောလိုက်သည်။ စစ်ဗိုလ်ချုပ်များသည် မိဖုရားကြီးချီ၏ ဩဇာလွှမ်းမိုးမှုမှာ ဧကရာဇ်မင်းမြတ်အပေါ်သို့ပါ သက်ရောက်လာနေသည်ကို အမြဲတမ်း မနှစ်မြို့ကြချေ။
ယီပိုင်မင်း မျက်မှောင်ကြုတ်လိုက်မိသည်။ လန်လန် ဆိလျှင်တော့ ကိစ္စက သိပ်မရိုးရှင်းတော့ပေ။ မကြာသေးမီက သူမ၏ စွမ်းရည်များမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ယီပိုင်လျန်၏ မှော်ဝိညာဉ် ထိခိုက်သွားခဲ့ပြီးနောက် လွန်ခဲ့သော လအနည်းငယ်ကပင် သူမသည် မှော်
ဆရာကြီးအဆင့်သို့ ချိုးဖောက်၍ တက်လှမ်းနိုင်ခဲ့သည်။
ပြောရမည်ဆိုလျှင် သူမသည် ကျိုးနိုင်ငံ၏ လူငယ်မျိုးဆက်သစ်များထဲတွင် အမှန်တကယ်ပင် ထင်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။
ယခင်က ယွင်ရှန်းမှာ ငယ်ရွယ်သေးသဖြင့် ယီပိုင်မင်းအနေဖြင့် များစွာ မစိုးရိမ်ခဲ့သော်လည်း အမှောင်အိမ်ရှေ့မင်းသားက လက်ထပ်ခွင့်တောင်းလာပြီးနောက်တွင်မူ သူ ပို၍ သတိထားရန် လိုအပ်လာသည်။
ယွင်ရှန်းသည် ငှက်ပျောရွက်ကျေးရွာမှ လူမသိသူမသိ မိန်းကလေးငယ်လေး မဟုတ်တော့ပေ။ သူမ၏ ကျင့်စဉ်နှင့် အသက်အရွယ် တိုးတက်လာသည်နှင့်အမျှ သူမ၏ ရုပ်ရည်နှင့် အရှိန်အဝါတို့မှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။
အချို့သူများ၏ မျက်လုံးထဲတွင် ယွင်ရှန်းမှာ လန်လန်ကဲ့သို့ တောက်ပခြင်း မရှိဟု ထင်ရနိုင်သော်လည်း ၎င်းမှာ ယွင်ရှန်းက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသောကြောင့်သာ ဖြစ်သည်။ ယွင်ရှန်းသည် လူအများ၏ အာရုံစိုက်မှုကို မလိုချင်ပါက လူအုပ်ကြားထဲတွင် ငြိမ်သက်စွာ ရပ်နေရုံနှင့် မည်သူမျှ သတိမပြုမိအောင် နေနိုင်သူမျိုးဖြစ်သည်။
သို့သော် သူမသာ ပေါ်လွင်ချင်ပါက ချက်ချင်းပင် သူမ၏ ထက်မြက်မှုများကို ထုတ်ဖော်ပြသနိုင်ပြီး လူတိုင်းကို မှင်သက်သွားစေမည့် အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်သူ ဖြစ်သည်။
ဤတောကြောင်မလေးကို ကျိုးနိုင်ငံ၌ တစ်ယောက်တည်း ထားခဲ့ရန် သူ တကယ်ကို စိတ်မချနိုင်ပေ။ သိုင်းပညာရှင် အထူးစခန်းနှင့် မှော်ဆရာ အထူးစခန်းတို့မှာ တစ်နေရာတည်းတွင် ရှိနေသဖြင့် ယွင်ရှန်းသာ သူနှင့်အတူ လိုက်လာပါက နောင်တွင် ကျင့်ကြံရသည်မှာ ပို၍ပင် ပျော်ရွှင်စရာ ကောင်းလာပေလိမ့်မည်။ ထိုသို့ တွေးမိသောအခါ ယီပိုင်မင်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။
“မှော်သင်တန်းကျောင်းရဲ့ အတည်ပြုဝင်ခွင့်က ဘယ်တော့လောက်လဲ”
ယီပိုင်မင်းသည် ယွင်ရှန်းအတွက် စိုးရိမ်မဆုံး ဖြစ်နေရသည်။
“နောက်ထပ် နှစ်လ၊ သုံးလလောက်နေရင် အထူးစခန်းကလူတွေ မြို့တော်ကို ရောက်လာလိမ့်
မယ်”
ပုကျိုရှောင်က ပြောလိုက်သည်။
နှစ်လ၊ သုံးလဆိုလျှင် အချိန်ရသေးသလို ဒီဟုန်မြို့တော်မှ ကိစ္စရပ်များလည်း ပြီးလောက်ပြီ ဖြစ်သည်။ သို့သော် ယီပိုင်မင်း မသိရှိသောအချက်မှာ ယွင်ရှန်းသည် ဒီဟုန်မြို့တော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ခြင်းပင်။
ယီပိုင်မင်း ထင်ထားသည့်အတိုင်းပင် ယွင်ရှန်းသည် သူမကိုယ်သူမ ရုပ်ဖျက်လိုပါက မည်သူမျှ မှတ်မိနိုင်မည် မဟုတ်ပေ။ သူမတို့အဖွဲ့ကို လုပ်ကြံခိုင်းသူမှာ တန်ယွမ်၏ ဒုတိယမင်းသား လီရှောင်ဖြစ်ကြောင်း သိလိုက်ရသောအခါ ယွင်ရှန်းသည် တန်ယွမ်မြို့တော်ဖြစ်သော ပိုင်ထန်သို့ ဦးတည်ရန် ဆုံးဖြတ်လိုက်သည်။
ယွင်ရှန်းသည် ရုပ်ဖျက်မှော်အတတ်ကို အသုံးပြုထားကာ သူမ၏ မှော်ကျင့်စဉ် မြင့်မားလာသည်နှင့်အမျှ ရုပ်ဖျက်ထားနိုင်သည့် ကြာချိန်မှာလည်း ပိုမိုတိုးတက်လာခဲ့သည်။
လက်ရှိတွင် သူမသည် အဝါရောင်သန်းသော အသားအရေနှင့် အနည်းငယ် နာမကျန်းဖြစ်နေသည့် ပုံစံရှိသော သာမန်မိန်းကလေးတစ်ဦးနှင့် တူနေသည်။ ၎င်းမှာ ယခင်က လင်းယောင်အာနှင့် တွေ့ခဲ့စဉ်ကအတိုင်းပင်။
ခဏမျှ လမ်းလျှောက်ပြီးနောက် မြို့တံခါးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ မြို့တံခါးတွင် စစ်သည်များက ဖြတ်သန်းသွားလာသူများကို တင်းကျပ်စွာ စစ်ဆေးနေကြသော်လည်း ယွင်ရှန်းမှာ မတုန်လှုပ်ဘဲ အေးအေးဆေးဆေးပင် လျှောက်လှမ်းသွားသည်။
“မင်းတို့ နှစ်ယောက် ဘယ်ကလဲ”
ဒုတိယမင်းသား လီရှောင်၏ အမိန့်အရ မြို့စောင့်တပ်များမှာ မြို့တံခါး၌ အသေအချာ စစ်ဆေးနေကြသည်။ အထူးသဖြင့် ကျိုးနိုင်ငံ သို့မဟုတ် ဒီဟုန်မြို့တော်မှ လာသူများကို စောင့်ကြည့်ရန် ညွှန်ကြားထားခြင်းပင်။
“လူကြီးမင်း... ကျွန်မ ကျိုးနိုင်ငံက လာတာပါ”
ယွင်ရှန်းက သူမ၏ သက်သေခံကတ်ပြားကို ထုတ်ပြလိုက်သည်။
“ကျိုးနိုင်ငံကလား”
ကျိုးနိုင်ငံမှ ဖြစ်ကြောင်း ကြားရသည်နှင့် မြို့စောင့်များမှာ ချက်ချင်း သတိကြီးသွားကြသည်။
“ကျွန်မက ဆေးဆရာမပါ။ တန်ယွမ်မှာ ဆေးကုသဖို့ လာတာပါ”
ယွင်ရှန်းက တည်ငြိမ်စွာပြောကာ ဆေးဆရာတံဆိပ်ကို ထုတ်ပြလိုက်သည်။
“ဆေးဆရာမလား...”
နိုင်ငံများအကြားတွင် ဆေးဆရာများအပေါ်၌ ဆက်ဆံရေးမှာ ညင်သာလေ့ရှိသည်။ ဝူကျီတိုက်ကြီးပေါ်တွင် စစ်ဖြစ်နေချိန်၌ပင် အလွန်လေးစားခံရသော လူတန်းစားမှာ ဆေးဆရာများပင်။
သူတို့မှာ နယ်စပ်များကို ကျော်ဖြတ်ကာ လူနာများကို ကုသပေးလေ့ရှိကြသည်။
ယွင်ရှန်း၏ အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ သူမ၏ ဆေးဆရာအရည်အချင်း စစ်ဆေးသည့်ကာလ ပြည့်မြောက်ပြီဖြစ်သဖြင့် နယ်လှည့်ဆေးဆရာအဖြစ် အဆင့်တိုးရန် ကြိုးစားနေခြင်းဖြစ်ပြီး ကျိုးတော်ဝင် ဆေးဧကရာဇ်ဂေဟာမှ သူမ၏ဆရာက အခြားနိုင်ငံများသို့ ဆေးပညာလေ့လာရန် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ပြောဆို လိုက်သည်။
နာမည်ကြီး ဆေးဆရာတစ်ဦးဖြစ်ရုံသာမက တော်ဝင်ဆေးဆရာ၏ တိုက်ရိုက်တပည့်ဖြစ်ကြောင်း သိလိုက်ရသောအခါ မြို့စောင့်များမှာ သူမကို လေးစားစွာ ဆက်ဆံကြတော့သည်။