အခန်း (၄၅၄)
Vol. 45 Ch. 454
“ဒုတိယမင်းသားက တကယ်ကို သိတတ်တာပဲ။ ဒီနေ့ နန်းတွင်းစားပွဲက သီးသန့် မိသားစုထမင်းဝိုင်းလေးတင်ပါ။ မင်းရှိနေတာက ငါ့ကို ပိုပြီးတော့ ပျော်ရွှင်စေပါတယ်”
မိဖုရားကြီးမင်က သူမ၏ရင်ထဲတွင် စိတ်ပျက်နေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်အေးဆေးသော မျက်နှာပေးဖြင့် ဖော်ရွေစွာ ပြောလိုက်သည်။
မိဖုရားကြီးမင်နှင့် အိမ်ရှေ့မင်းသား လီချန်းတို့မှာ ငါးဆယ်ရာခိုင်နှုန်းခန့် ဆင်တူကြသည်။ သူမ၏ ရုပ်ရည်မှာ သာမန်သာဖြစ်သော်လည်း နန်းတွင်း၌ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သည့် အတွေ့အကြုံကြောင့် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည်။
မိဖုရားကြီးမင်သည် နန်းတွင်းအရှုပ်အထွေးများကြားတွင် နှစ်ပေါင်းများစွာ အာဏာကို ထိန်းထားနိုင်သူဖြစ်ရာ အချို့သောအချက်များတွင် ကျိုးနိုင်ငံ၏ မိဖုရားကြီးလီထက်ပင် သာလွန်သည်။
ထို့နောက် သူမသည် ရွှမ်မိန်မိန်း၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ကာ “ဒါဆို သမီးက မိန်းမိန်းပေါ့။ နာမည်နဲ့လိုက်အောင် တကယ်ကို လှပတာပဲ။ ဒီရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်က သမီးရဲ့မိခင်ထက်တောင် ပိုပြီးတော့ ထူးခြားနေသေးတယ်”
ပါးနပ်လှသော မိဖုရားကြီးမင်သည် အိမ်ရှေ့မင်းသား လီချန်း၏ ရည်ရွယ်ချက်ကို ရိပ်မိပြီးဖြစ်သည်။ ယခင်ကဆိုလျှင် မိဖုရားကြီးမင်အနေဖြင့် ရွှမ်မိန်မိန်း၏ နောက်ခံကို လက်ခံမည်
မဟုတ်ပေ။
အကြောင်းမှာ သူမသည် တရားဝင်ဇနီးမှ မွေးဖွားသူမဟုတ်သလို လူသိရှင်ကြား အသိအမှတ်ပြုခံထားရသည့် အဆင့်အတန်းမျိုးလည်း မရှိသောကြောင့်ပင်။ သို့သော် ယခုအခါ ရွှမ်ဝူကျီ သေဆုံးသွားပြီဖြစ်ရာ မဒမ်ပိ၏ ကျဆုံးမှုမှာ ရှောင်လွှဲ၍မရတော့ဘဲ ရွှမ်မိန်မိန်း၏ အဆင့်အတန်းမှာလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မိဖုရားကြီးမင်နှင့် မိန်းကလေးရိုတို့သည် တစ်ကြိမ်ဆုံဖူးကြရာ မိန်းကလေးရိုသည် တရားဝင်ဇနီးမဟုတ်သော်လည်း မနာလိုဝန်တိုတတ်သည့် မဒမ်ပိထက် ပို၍ပါးနပ်ကြောင်း သူမ သိထားသည်။ ထိုသို့သော အမျိုးသမီးမျိုးက ပြုစုပျိုးထောင်ထားသည့် သမီးမှာလည်း မဆိုးနိုင်ဘူးဟု သူမ ယူဆလိုက်သည်။
ရွှမ်မိန်မိန်းသည် အိမ်ရှေ့မင်းသား လီချန်းကို မနှစ်သက်သဖြင့် မိဖုရားကြီးမင်အပေါ်တွင်လည်း ထိုခံစားချက်က ကူးစက်နေသည်။ ထို့ကြောင့် သူမက အေးတိအေးစက်သာ ပြန်လည်တုံ့ပြန်
လိုက်၏။
ရွှမ်မိန်မိန်း၏ အေးစက်သော မျက်နှာကို မြင်သောအခါ မိဖုရားကြီးမင်မှာ တစ်စုံတစ်ခုကို ရိပ်မိပုံရသော်လည်း သူမကို အပြစ်မတင်ဘဲ ဘေးတွင် ထိုင်နေသော လူငယ်များထံသို့ အကြည့်ကို လွှဲလိုက်သည်။
အိမ်ရှေ့မင်းသား လီချန်းမှာ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော်လည်း ယွမ်ပုဖော်နှင့် လီရှောင်တို့၏ ဘေးတွင် ရပ်နေချိန်၌ သူသည် သတိထားမိစရာပင် မရှိလောက်အောင် မှေးမှိန်နေတော့သည်။
“ငါက သက်သတ်လွတ် စားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ဒီနေ့ ပြင်ဆင်ထားတဲ့ ဟင်းလျာတွေကလည်း သက်သတ်လွတ်တွေပါပဲ။ သမီးတို့ အာခံတွင်းနဲ့ မတွေ့ခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်”
မိဖုရားကြီးမင်က စားပွဲပြင်ပေးနေသော နန်းတွင်းအစေခံများကို ညွှန်ကြားလိုက်သည်။
မိဖုရားကြီးမင် ပြင်ဆင်ထားသော ဟင်းလျာများမှာ လက်ရာမြောက်လှသလို တန်ယွမ်၏ အဆင့်မြင့် အရက်ချိုများမှာလည်း ပျားရည်ကဲ့သို့ ချိုမြိန်ကာ သောက်၍ ကောင်းလှသဖြင့် အရက်သောက်လေ့မရှိသော ရွှမ်မိန်မိန်းပင် ပါးပြင်လေးများ နီမြန်းလာသည်အထိ သောက်မိသွားခဲ့သည်။
လီရှောင်မှာ စကားပြော ကောင်းသူဖြစ်ရာ ရယ်စရာမောစရာများကြားမှ တန်ယွမ်နိုင်ငံ၏ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို ပြောပြနေသဖြင့် ရွှမ်မိန်မိန်းမှာ မရပ်မနား ရယ်မောနေတော့သည်။ အခြားတစ်ဖက်တွင်မူ အိမ်ရှေ့မင်းသား လီချန်းမှာ သစ်သားတုံးကြီးအလား အေးစက်နေပြီး စကားဝိုင်းထဲသို့ ခဲယဉ်းစွာ ပါဝင်နေရသည်။
ယွမ်ပုဖော်မှာမူ စိတ်လွင့်နေဆဲပင်။ သူသည် အစားအနည်းငယ်သာ စားပြီး အရက်ကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေတော့သည်။ မိဖုရားကြီးမင်မှာ ဘေးမှကြည့်ရင်း သူမသားအတွက် ရင်ထဲ၌ ပူပန်နေရသည်။ ဤအတိုင်းသာ ဆက်သွားပါက လီရှောင်က ရွှမ်မိန်မိန်း၏ နှလုံးသားကို လုံးဝ သိမ်းပိုက်သွားမည်ကို စိုးရိမ်နေခြင်းပင်။
ထိုစဉ်မှာပင် ဒုတိယမင်းသား လီရှောင်က ပျော်ရွှင်စရာ ကိစ္စတစ်ခုကို ပြောလိုက်ရာ ရွှမ်မိန်မိန်းမှာ လေပြည်ထဲမှ ပန်းကလေးတစ်ပွင့်အလား တုန်ခါနေအောင် ရယ်မောလိုက်တော့သည်။
“ချန်း... ငါ့သား”
မိဖုရားကြီးမင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမသားကို လှမ်းကြည့်လိုက်သည်။
“မင်း မကြာသေးခင်က စောင်းတီးသင်နေတယ် မဟုတ်လား။ မိန်မိန်းက အဲဒီပညာမှာ အတော်လေး နှံ့စပ်တာဆိုတော့ သူမဆီကနေ အကြံဉာဏ်အချို့ တောင်းကြည့်ပါလား”
အိမ်ရှေ့မင်းသား လီချန်းသည်လည်း ဒုတိယမင်းသားနှင့် ရွှမ်မိန်မိန်းတို့၏ တရင်းတနှီး စကားပြောနေပုံကို ကြည့်ကာ စိတ်ပျက်နေခဲ့ရသည်။ မိဖုရားကြီးမင်၏ အကြံပြုချက်ကြောင့် လီရှောင်နှင့် ရွှမ်မိန်မိန်းတို့မှာ လီချန်းကို လှည့်ကြည့်လိုက်ကြပြီး ယွမ်ပုဖော်ပင် သူ၏ အရက်ခွက်ကို ခဏမျှ ချလိုက်သည်။
“အို... အိမ်ရှေ့မင်းသားက စောင်းလည်း တီးတတ်တာလား”
ရွှမ်မိန်မိန်း၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများမှာ နန်းတွင်းမီးအိမ်များ၏ အောက်တွင် ပို၍ပင် တောက်ပနေတော့သည်။
လီချန်းသည် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ရွှမ်မိန်မိန်းကို သူ၏ အရည်အချင်းဖြင့် အထင်ကြီးအောင် လုပ်နိုင်မည့် အခွင့်အရေးဟု ယူဆကာ သူသည် အမြန်ထရပ်လိုက်ပြီး “ကျွန်တော်က ခဏတဖြုတ်ပဲ လေ့လာဖူးတာပါ။ မယ်တော်က အခုလို မိန့်ကြားလာပြီဆိုတော့ ကျွန်တော် တတ်သလောက်လေး တီးခတ်တင်ဆက်ပါ့မယ်” ဟု ပြောလိုက်သည်။
သူသည် နန်းတွင်းအစေခံတစ်ဦးကို စောင်းယူလာခိုင်းပြီး အမွှေးတိုင်မီးထွန်းရန် ပြင်ဆင်စေလိုက်သည်။
မှော်ပညာ ကျင့်ကြံခြင်းတွင်မူ အိမ်ရှေ့မင်းသား လီချန်းသည် တိုက်ကြီး၏ မှော်အထူးစခန်းတွင် သင်တန်းတက်နေသူ လီရှောင်နှင့် အလှမ်းဝေးလှသည်။ သူသည် အသက်နှစ်ဆယ်ရှိပြီဖြစ်သော်လည်း မှော်ဆရာကြီးအဆင့်၌သာ ရှိနေသေးသည်။
သို့သော် သူသည် ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါသူဖြစ်ပြီး နာမည်ကျော် နန်းတွင်းဂီတပညာရှင်တစ်ဦးထံတွင် ဆယ့်ငါးနှစ်တိုင်တိုင် စောင်းပညာကို လေ့လာခဲ့သူ ဖြစ်သည်။ မိဖုရားကြီးမင်က သူ ခုမှစသင်ကာရှိသေးသည်ဟု ဆိုခြင်းမှာ လူရှေ့တွင် နှိမ့်ချပြောဆိုခြင်းသာ ဖြစ်သည်။
ဒီဟုန်မြို့တော်သည် ရှေးဟောင်းစစ်သီချင်းများကြောင့် ကျော်ကြားပြီး ရွှမ်မိန်မိန်းနှင့် ယွမ်ပုဖော်တို့မှာလည်း ဂီတသီအိုရီတွင် အလွန်နှံ့စပ်သူများ ဖြစ်ကြသည်။ မူလက သူတို့နှစ်ဦးစလုံးမှာ လီချန်းကို အထင်မကြီးသော်လည်း သူသည် ကျွမ်းကျင်သော စောင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့၏ အကြည့်များမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
ဤသည်မှာ သူ၏မယ်တော်က သူ့အတွက် ဖန်တီးပေးသော အခွင့်အရေးမှန်း လီချန်း မသိဘဲ နေပါ့မလား။ သူသည် ပုလဲရောင်တောက်နေသော ကျောက်စိမ်းဖြူစောင်းတစ်လက်ကို ထုတ်ယူလိုက်သည်။
အမွှေးတိုင်မှ ထွက်ပေါ်လာသော အပြာရောင် မီးခိုးငွေ့များကြားတွင် ထိုစောင်းမှာ ပို၍ပင် ခန့်ညားထည်ဝါနေတော့သည်။
“အို... ဒါက နာမည်ကျော် မှော်စောင်း ရွှယ်ဂဲမဟုတ်လား”
အိမ်ရှေ့မင်းသား လီချန်းက ထိုစောင်းကို ထုတ်ယူလိုက်သောအခါ ရွှမ်မိန်မိန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
တိုက်ကြီးပေါ်တွင် ကျော်ကြားသော စောင်းအနည်းငယ်ရှိသည့်အနက် ဒီဟုန်မြို့တော်၏ ပထမဆုံးအုပ်ချုပ်သူ အသုံးပြုခဲ့သည့် ရွှေယွမ်နဂါးကိုးပါးစောင်းမှာ အကျော်ကြားဆုံး ဖြစ်သော်လည်း ၎င်းမှာ လောကတွင် မရှိတော့ပေ။ အခြားသော ကျော်ကြားသည့် စောင်းများထဲတွင် ရွှယ်ဂဲ(နှင်းတေးသံ) စောင်းလည်း ပါဝင်သည်။ ၎င်း၏ ထူးခြားချက်မှာ ရိုးရာနည်းလမ်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ခြင်းပင်။
စောင်းအများစုကို သစ်သား သို့မဟုတ် မှော်သားရဲအရိုးများဖြင့် ပြုလုပ်ကြပြီး အထူးပြုလုပ်ချက်အဖြစ် ကျောက်စိမ်း သို့မဟုတ် သတ္တုများကို အသုံးပြုတတ်ကြသော်လည်း ရွှယ်ဂဲကိုမူ ရေခဲပင်လယ်၏ အောက်ခြေ မီတာတစ်သောင်းအောက်မှ ရရှိသော နှစ်တစ်ထောင်သက်တမ်းရှိ ရေခဲတုံးဖြင့် သွန်းလုပ်ထားခြင်းပင်။
ထိုရေခဲတုံးကို ဒေသခံ တံငါသည်တစ်ဦးက မတော်တဆ ဆယ်ယူရရှိခဲ့ရာမှ တန်ယွမ်နိုင်ငံ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်းပင်။
တန်ယွမ်မှ မှော်ဆရာများသည် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း သုံးနှစ်တိုင်တိုင် ထိုရေခဲတုံးကို အရည်ပျော်အောင် သို့မဟုတ် ပုံဖော်အောင် မလုပ်နိုင်ခဲ့ကြပေ။ နောက်ဆုံးတွင် ရှန်းကျူးနိုင်ငံမှ အမျိုးသမီးမှော်ဆရာတစ်ဦးက အထူးပြုလုပ်ထားသော လက်နက်သွန်းလုပ်ခြင်းအတတ်ဖြင့် ဤစောင်းကို ဖန်တီးနိုင်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် ရွှယ်ဂဲမှာ အဖိုးတန်ဈေးဖြင့် ရောင်းချခံခဲ့ရပြီး ပိုင်ရှင်အမျိုးမျိုး ပြောင်းလဲခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က ဂီတပညာရှင် မှော်ဆရာတစ်ဦးသည် ဇွန်လ၏ နွေအပူရှိန်ကြားတွင် ဤစောင်းဖြင့် တေးသံတစ်ပုဒ် တီးခတ်လိုက်ရာ ကောင်းကင်ယံမှ နှင်းများ ကျဆင်းလာစေခဲ့သည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍ ရွှယ်ဂဲ(နှင်းတေးသံ) ဟု အမည်တွင်ခဲ့ခြင်းပင်။
“ဒီလိုစောင်းမျိုး တကယ်ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အိမ်ရှေ့မင်းသား... တစ်ပုဒ်လောက် တီးပြပါဦး။ ဒဏ္ဍာရီထဲကလို တကယ်ပဲ နှင်းတွေကျလာနိုင်မလားဆိုတာ ကျွန်မ သိချင်လို့ပါ”
အမျိုးသမီးဖြစ်သူ ရွှမ်မိန်မိန်းသည် ဤကဲ့သို့သော ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများကို အလွန်စိတ်ဝင်စားသူ ဖြစ်သည်။
ယခုအချိန်မှာ စက်တင်ဘာလကုန်ပိုင်းသာ ရှိသေးသဖြင့် ရုတ်တရက် နှင်းကျလာပါက အမှန်တကယ်ပင် ထူးဆန်းအံ့သြဖွယ် ဖြစ်ပေလိမ့်မည်။ ယင်းကို ကြားသောအခါ လီချန်းမှာ ရင်ထဲ၌ ထိတ်လန့်သွားသည်။
ရွှယ်ဂဲစောင်းမှာ ရွှမ်မိန်မိန်းကို အထင်ကြီးစေရန် သူ အသစ်စက်စက် ရရှိထားသော ပစ္စည်းဖြစ်သော်လည်း ယခုတော့ သူ့အတွက် အကျပ်ရိုက်စရာ ဖြစ်လာခဲ့သည်။
ဤစောင်းက တကယ်ပဲ နှင်းကျအောင် လုပ်နိုင်မနိုင်ဆိုသည်မှာ မသေချာပေ။ အိမ်ရှေ့မင်းသားကိုယ်တိုင်လည်း သုံးလေးကြိမ် တီးခတ်ဖူးသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူ၏ စောင်းပညာနှင့်ဆိုလျှင် ဇွန်လနှင်းကျရန် မဆိုထားနှင့် နှင်းပေါက်တစ်ပေါက် ကျလာရန်ပင် ခဲယဉ်းလှသည်။ အကယ်၍ နှင်းကျအောင် မလုပ်နိုင်ပါက အလှလေး၏ စိတ်ပျက်မှုကို ခံရမည်ဖြစ်ပြီး သူ၏ ကြိုးစားမှုများမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
အိမ်ရှေ့မင်းသား၏ စိတ်ပူပန်နေသော အမူအရာကို လီရှောင်က မမြင်ဘဲ မနေပေ။ သူ၏အစ်ကိုဖြစ်သူမှာ အမှန်အတိုင်းပြောရလျှင် ဘာမှအသုံးမကျသော လူတစ်ယောက်သာ ဖြစ်သည်။
“အစ်ကိုတော်... ကောင်းကောင်းလေး တီးခတ်ပါဦး။ မိန်းကလေးရွှမ်ကို စိတ်ပျက်အောင် မလုပ်ပါနဲ့ဦး”
လီရှောင်၏ မျက်ဝန်းများတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ လီချန်းမှာ ဒေါသကြောင့် အံကြိတ်ထားရသလို မိဖုရားကြီးမင်မှာလည်း ဘေးမှ ကြည့်ရင်း အကူအညီမဲ့နေရှာသည်။
ယွမ်ပုဖော်မှာမူ ထိုနှစ်ဦး၏ အားပြိုင်မှုများကို ကြည့်ကာ ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤမျှ ကောင်းမွန်သော စောင်း၊ ရှုခင်းနှင့် အရက်ကောင်းများ ရှိနေပါလျက်နှင့် ဂီတကို နားမလည်သော ဤလူများကြောင့် အရာအားလုံး ပျက်စီးနေရသည်။
အိမ်ရှေ့မင်းသား၏ ဖားယားလိုသော ဆန္ဒကို သူ ကောင်းကောင်းမြင်နေရသော်လည်း ဤတိုက်ခိုက်မှုမှာ လီရှောင်၏ လက်ချက်ဖြစ်နိုင်သည်ဟု တွေးမိသောအခါ သူ အတော်ပင် ဒေါသထွက်မိသည်။
“အိမ်ရှေ့မင်းသား အဆင်ပြေမယ်ဆိုရင် မင်းသားရဲ့ စောင်းသံနောက်ကနေ ကျွန်တော်က ပုလွေနဲ့ လိုက်ဖက်အောင် တွဲဖက်တီးမှုတ်ပေးပါရစေ။ ဘယ်လိုသဘောရသလဲ မင်းသား”
ယွမ်ပုဖော်၏ အကြံပြုချက်ကြောင့် အိမ်ရှေ့မင်းသား လီချန်း၏ တင်းမာနေသော စိတ်မှာ ချက်ချင်းပင် လျော့ပါးသွားတော့သည်။