နှလုံးသားအတွင်းမှ မုန်တိုင်း
Vol. 23 Ch. 312
အနောက်ပိုင်းပင်လယ်ကလန်၏ လေလံပွဲက ထိုနေ့တွင် အဆုံးသတ်သွားသည်။ လေလံပွဲအတွင်း နောက်ဆုံးထုတ်ယူခဲ့သော ပစ္စည်းသည် အလွန်စွဲမက်ဖွယ်ကောင်းသော်လည်း အာရုံစူးစိုက်မှုများစွာ မရခဲ့ပေ။
ထိုအစား လေလံပွဲကာလ သုံးရက်အတွင်း စုမင် ပြုလုပ်သွားသော လုပ်ရပ်သုံးခုကသာ အာရုံစိုက်မှုများစွာကို ဖမ်းစားသွားခဲ့သည်။
ကျောက်တုံးအတွင်းရှိ စိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခသည် လူပေါင်းများစွာထံတွင် မတူကွဲပြားသောအတွေးများ ပေါ်ပေါက်လာစေရန် လှုံ့ဆော်ပေးခဲ့သည်။ အကယ်၍ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုမှ လူပြောသောအရာများသည်သာ အမှန်ဖြစ်လျှင် ထိုပစ္စည်းအား တန်ဖိုးဖြတ်နိုင်တော့မည် မဟုတ်ပေ။
သူပြောသောစကားများက အတုအယောင်ဖြစ်နေလျှင်တောင် ထိုအချိန်က သူဘယ်လောက်စိတ်လှုပ်ရှားနေသလဲဆိုသည်ကို ကြည့်ခြင်းအားဖြင့် ထိုပစ္စည်းက ထူးခြားဆန်းကြယ်သည့် ရတနာတစ်ခုဖြစ်နေမည်မှာ မလွဲဧကန်ပင်။ သို့သော်ငြား ၎င်း၏အမှန်တစ်ကယ် အသုံးပြုပုံကတော့ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် လူပေါင်းများစွာက ထိုအကြောင်းကို သိချင်နေကြဆဲ ဖြစ်သည်။ ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုမှလူသည် အနောက်ပိုင်းပင်လယ်ကလန်၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေပြီး သူတစ်ဦးတည်းထွက်ခွာနိုင်ခဲ့ခြင်းမရှိပဲ သူပြောခဲ့သော စကားများ မှန်မမှန် စစ်ဆေးခံရရန်အတွက်
သုန်မှုန်နေသော ပုံစံရှိသည့် ကျောက်တုံး၏မူလပိုင်ရှင်၊ အနောက်ပိုင်းပင်လယ်ကလန်မှ တစ်စုံတစ်ယောက်တို့နှင့်အတူ ဉာဏ်အလင်းပွင့်ခြင်း စုဝေးရာမျိုးနွယ်စုဆီသို့ ပြန်သွားရလေသည်။
သို့သော် ထိုအရာမဖြစ်ပွားခင်မှာပင် လူအတော်များများက ဉာဏ်အလင်းပွင့်ခြင်းစုဝေးရာ မျိုးနွယ်စုဆီသို့ ညအချိန်ထွက်ခွာသွားခဲ့ကြချေပြီ။ လူပေါင်းများစွာက ဤကိစ္စနှင့်ပက်သက်၍ အမှန်တရားကို စစ်ဆေးရန်အတွက် သူတို့ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
အဆုံးတွင်တော့ တိကျသောသတင်းအချက်အလက်များကို မရသေးခင်အချိန်အထိ လူအများစုက အေးခဲကောင်းကင်ကလန်အပေါ် မဆန့်ကျင်ချင်ကြပေ။
နဝမတောင်ထွတ်အကြောင်း ပျံ့နှံ့နေသော ကောလဟာလများသည်လည်း သူတို့အလွန်ဂရုတစိုက် လှုပ်ရှားနေရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
စုမင်သည် တဲသို့ပြန်ရောက်သည်နှင့် တစ်ခဏတာခန့် လေးနက်စွာတွေးတောနေပြီးနောက်မှ ကျီချဲအား ထုပ်ပိုးခိုင်းလိုက်သည်။ သူ့ကိုယ်ပေါ်တွင် အဖိုးတန်ရတနာနှစ်ခုရှိနေပြီး သူကိုယ်တိုင်သည်လည်း အာရုံစိုက်မှုပေါင်းများစွာကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ သူ့အတွက်တော့ အခြားသူများမထွက်ခွာခင် ပြန်လည်ထွက်ခွာခြင်းသည် ဤနေရာတွင်ဆက်လက်နေထိုင်ခြင်းထက် ပိုမိုကောင်းမွန်ပေသည်။
သို့သော် သူတစ်ဦးတည်း မထွက်ခွာချင်ပေ။ ထျန်းလန်မုန်က လေလံပွဲအတွင်း သူ့ကို ကူညီခဲ့ပြီး သူတို့နှစ်ဦးသည် ဘာမှပြောစရာမလိုပဲနှင့် သဘောတူညီချက် ရရှိသွားခဲ့ကြပြီး ဖြစ်သည်။
ထို့အပြင် စုမင်သည်လည်း ထျန်းလန်မုန်အား သဘောမကျသည်တော့ မဟုတ်ပေ။
‘ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲထဲမှာ သူမနဲ့ အလုပ်အတူတွဲလုပ်ရမှာက မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူးပဲ’
ကျီချဲက တဲကိုသိမ်းဆည်းပြီးသောအခါ စုမင် ဆိးနှင်းများပေါ်တွင် ထရပ်လိုက်ပြီး စဉ်းစားတွေးတောနေရင်းမှပင် ကျီချဲကို ခေါင်းညိတ်ပြလိုက်သည်။
သူတို့၏ စိတ်ဝိညာဉ်များအရ သူတို့အကြား အပြန်အလှန်နားလည်မှုပုံစံတစ်မျိုး ရရှိသွားခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ယခင်က သူနှင့်ထျန်းလန်မုန်အကြား ပညာရပ်ဖလှယ်ကြရာတွင် ရုပ်ပုံဖန်တီးမှုပညာရပ်က သူတို့နှစ်ဦးကြား အားပျော့သော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်သွားစေခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
စုမင်သည် ဆီးနှင်းများပေါ်တွင်ရပ်လျက် အတွေးများအတွင်း နစ်မြုပ်နေစဉ် ဆံပင်ရှည်များကို ဖြန့်ချထားသော ဝတ်ရုံအဖြူနှင့် အမျိုးသမီးတစ်ဦးသည် စုမင်ထံ ဖြည်းညင်းစွာလျှောက်လာနေခဲ့သည်။ သူမသည် ဆီးနှင်းများအပေါ် အသာအယာ နင်းလျှောက်လာသဖြင့် လေထဲတွင် တချွတ်ချွတ်အသံများ ထွက်ပေါ်နေခဲ့သည်။
ထိုအမျိုးသမီးသည် မယုံနိုင်လောက်အောင်ပင် လှပလွန်းပြီး သူမမျက်လုံးများက တောက်ပနေကာ သူမသွားများကတော့ ပုလဲဖြူများစီရီထားသကဲ့သို့ ဖြစ်သည်။ ဆီးနှင်းများကို နင်းလျှောက်လာနေသော သူမထံတွင် ကျက်သရေရှိမှုနှင့် ဆွဲဆောင်မှုများရှိနေခဲ့သည်။ သူမက ပန်းချီကားတစ်ချပ်လိုပင်...
သူမအနောက်မှ လူနှစ်ဦးလိုက်ပါလာသည်။ ၎င်းတို့အထဲမှ တစ်ဦးသည် စုမင်ယခင်က တွေ့ဖူးသည့် မိန်းကလေးဖြစ်ပြီး ကျန်တစ်ဦးသည် စုမင်ကို ကျောင်ဒင်္ဂါးများလာပေးခဲ့သည့် မျက်နှာဖုံးအဖြူနှင့်လူဖြစ်သည်။
ခေါင်းငုံ့ထားသော ထိုယောကျ်ားထံမှ မည်သည့်စွမ်းအားအရိပ်အယောင်ကိုမှ မခံစားရပေ။
ထိုသူသည် သာမန်လူတစ်ဦးနှင့်တူသည်ဟု ထင်ရသော်လည်း စုမင် ထိုလူကိုကြည့်မိသောအခါ သူယခင်က ကောင်းကင်မြူခိုးအတားအဆီးပေါ်တွင်ရပ်၍ လူရိုင်းများ၏ နယ်မြေဆီသို့ ကြည့်စဉ်က ခံစားခဲ့ရသော အလားတူဖိအားမျိုးကို ခံစားလိုက်ရချေသည်။
“ရှင် ဘယ်အချိန် ပြန်ပြီးထွက်ခွာချင်လဲဆိုတာ ကျွန်မတွေးနေမိလို့” ထျန်းလန်မုန်သည် အနီးသို့ရောက်လာသောအခါ သူမ၏ နူးညံ့သိမ်မွေ့သောအသံလေးက လေနှင့်ဆီးနှင်းများကို ဖြတ်သန်းလျက် စုမင်နားထဲသို့ စီးမျောရောက်ရှိလာခဲ့သည်။
“မင်းရော ဘယ်အချိန်ထွက်ခွာမှာလဲ”
သူ့ထံသို့ လျှောက်လာနေသည့်အမျိုးသမီးကို စုမင်လှည့်ကြည့်လိုက်သည်။ ဆီးနှင်းများက ထိုအမျိုးသမီး၏ အလှတရားထဲသို့ အခြားဆွဲဆောင်မှုတစ်မျိုး ထပ်မံပေါင်းထည့်ပေးထားချေသည်။ သူမ၏တည်ရှိမှုသည် ဤဧရိယာအတွင်းရှိ ဆီးနှင်းနှင့်လေပြင်းများကို သူမအား ဦးညွှတ်ဝန်းရံနေစေသကဲ့သို့ ဖြစ်ပြီး သူမအား အသက်ရှူမှားလောက်ဖွယ် လှပနေစေသည်။
“ကျွန်မက ရှင့်အပေါ်မှာ ကျောက်ဒင်္ဂါးသန်းပေါင်းများစွာ သုံးထားခဲ့တာဆိုတော့ ရှင့်နောက်ကို အမြဲတမ်းလိုက်ကြည့်ပေးနေသင့်တာက သဘာဝပဲလေ။ ရှင်သာတစ်ခုခုဖြစ်သွားရင် ကျွန်မကျောက်ဒင်္ဂါးတွေ အလဟသ ဖြစ်သွားမှာပေါ့”
ထျန်းလန်မုန်နှုတ်ခမ်းများက အပြုံးတစ်ခုဖြင့် တွန့်ကွေးသွားသည်။ ထိုအပြုံးသည် ပွင့်ဖူးလာသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ပင် ဖြစ်ပြီး မြင်လိုက်ရသူတိုင်း ဆွဲဆောင်ခံလိုက်ရပေလိမ့်မည်။
စုမင်မျက်နှာပေါ်တွင် ရှားပါးသည့် ကိုးရိုးကားယားအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ ယခုလိုစကားဝိုင်းမျိုးနှင့် သူအလွန်အကျွမ်းတဝင်မရှိသည့်အပြင် အထူးသဖြင့် ယခုက သူ့အကြွေးရှင်နှင့် ပြောနေရသောအချိန်လည်း ဖြစ်နေသေး၏။
“ကျွန်မတို့ကတော့ ထွက်ခွာဖို့အလျင်မလိုသေးဘူး။ ဒီတစ်ကြိမ်လေလံပွဲကလည်း မပြီးသေးဘူးလေ။ အစစ်အမှန်လေလံပွဲက အခုမှစမှာ... ရှင်ရော အဲဒါကို သွားမကြည့်ချင်ဘူးလား” ထျန်းလန်မုန်သည် စုမင်အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ စုမင်၏အမူအယာက အလွန်စိတ်ဝင်စားဖို့ကောင်းနေကြောင်း သူမ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
“ငါ သွားကြည့်ရင်တောင်၊ ဘာပစ္စည်းမှမှ ဝယ်နိုင်မှာမဟုတ်တာ” စုမင် အရှက်ပြေရယ်မောလိုက်မိသည်။
“ရပါတယ် ကျွန်မမှာ ပိုက်ဆံရှိတယ်လေ။ ရှင်က ကျွန်မဆီမှာ ကျောက်ဒင်္ဂါးအများကြီး အကြွေးတင်ထားပြီးပြီဆိုတော့ အကြွေးနည်းနည်းပိုတင်သွားလည်း ကျွန်မစိတ်မဆိုးပါဘူး။ ပြီးတော့ အကြွေးရှင်တစ်ယောက်ဖြစ်ရတာလည်း အတော်လေးပျော်ဖို့ကောင်းတယ်လေ” ထျန်းလန်မုန်၏ အပြုံးထဲတွင် မြင်တွေ့ရခဲသည့် သဘောကျကျေနပ်မှုအရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။
သို့သော် သူမနောက်တွင်ရပ်နေသည့် မိန်းကလေး၏ စုမင်အားကြည့်နေသော မျက်လုံးများထဲတွင်တော့ အထင်အမြင်သေးမှုများ၊ မထီမဲ့မြင်ပြုမှုများသာ ရှိနေသည်။ သူမသည် စုမင်အား စိတ်ပျက်နေဟန်ဖြင့် မျက်လုံးများကိုလှန်ပြလိုက်ပြီး အခြားတစ်နေရာသို့သာ လှမ်းကြည့်နေလိုက်ချေသည်။
“ဒါပေမယ့် ငါက ဖိတ်ကြားမခံရဘူး”
စုမင်ခဏတာတွန့်ဆုတ်နေမိသည်။ အစွမ်းထက်မာန်စွမ်းအားရှင်များသာ တက်ရောက်မည့်လေလံပွဲအကြောင်း သူလည်းကြားထားပေသည်။ လွန်ခဲ့သောသုံးရက်က လေလံပွဲနှင့်ယှဉ်လျှင် ဤအသေးစားလေလံပွဲလေးသည် ရာစုနှစ်တစ်စုလျှင် တစ်ကြိမ်သာဖြစ်ပွားသည့် မျိုးနွယ်စုနှစ်စုအကြား လဲလှယ်မှု၏ အခြားအရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ချီတုံချတုံဖြစ်နေစဉ်မှာပင် စုမင်အမူအယာက ရုတ်တရက်ပြောင်းလဲသွားပြီး ခေါင်းမော့ကာ အဝေးသို့လှမ်းကြည့်လိုက်သည်။ စုမင်မော့ကြည့်လိုက်သည်နှင့် တစ်ချိန်တည်းလိုလိုပင် ထျန်းလန်မုန်သည်လည်း ထိုအရပ်မျက်နှာသို့ လှမ်းကြည့်လေသည်။
ဝတ်ရုံအနက်ဝတ်ဆင်ထားသော အေးစက်တည်ငြိမ်သည့်မျက်နှာနှင့် ယောကျ်ားတစ်ဦးသည် ထိုအရပ်မှ လျှောက်လှမ်းလာနေသည်။ သူ့ခြေထောက်များသည် ဆီးနှင်းများပေါ်သို့ အမှန်တစ်ကယ်နင်းဖြတ်လာနေခြင်း ဖြစ်သော်လည်း သူခြေချလိုက်သောမြေပြင်ပေါ်တွင် မည်သည့်ခြေရာမှ မကျန်ရစ်ခဲ့ပေ။
ဝတ်ရုံနက်ယောကျ်ားသည် စုမင်နှင့် ပေ၁၀၀အကွာအဝေးတွင် ရပ်လိုက်ပြီး စုမင်အား အေးစက်စွာလှမ်းကြည့်လာသည်။
ရိုးရေစတေးနယ်ပယ်မှလူများနှင့်သာ သက်ဆိုင်သည့် သန်မာသောစွမ်းအားတစ်ခုသည် ထိုသူ့မျက်လုံးများအတွင်းမှ စိမ့်ထွက်နေသည်။
ထိုစွမ်းအား၏ရှေ့မှောက်တွင် သူတို့ပတ်ဝန်းကျင်ရှိ ဆီးနှင်းများသည်ပင် လေပြင်းတိုက်ခတ်ခံလိုက်ရသကဲ့သို့ လေထဲသို့လွင့်မျောသွားကြပြီး သူတို့အကြည့်များကို ဖုံးအုပ်သွားသဖြင့် တစ်ဦးနှင့်တစ်ဦး ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
“ငါ့သခင်ဆီက ဖိတ်ကြားလွှာ”
ဝတ်ရုံနက်ယောကျ်ားသည် စကားငါးလုံးတည်းသာ ပြောလိုက်ပြီး သူ့အသံက လေအေများကဲ့သို့ အေးစက်နေသည်။ ထိုသူသည် စကားပြောနေရင်းမှပင် သစ်သားပြားတစ်ခုကို ရင်ဘတ်ထဲမှထုတ်ယူကာ စုမင်ထံ ပစ်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
စုမင် သစ်သားပြားကိုဖမ်းယူလိုက်ရာ ၎င်းကိုပစ်ရန် အား အရိပ်အမြွက်ပင် ပေါင်းထည့်ထားခြင်းမရှိကြောင်း တွေ့လိုက်ရသည်။ သစ်သားပြားကို သူ့လက်ပေါ်တွင် လွင့်မျောနေစေရင်း ဖမ်းယူလိုက်သော်လည်း စုမင် ထိုသို့လုပ်လိုက်သည့်အခိုက်အတန့်မှာပင် တွန်းကန်အားတစ်ခုသည် တံဆိပ်ပြားထံမှ ပျံ့နှံ့လာပြီး စုမင်ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။ ၎င်းက စုမင်၏ခြေထောက်အောက်တွင် ခပ်အုပ်အုပ်မြည်ဟည်းသံခြောက်ခု ဆက်တိုက်ထွက်ပေါ်လာစေပြီး ဆီးနှင်းများ လေထဲသို့နောက်တစ်ကြိမ် လွင့်ပျံသွားပြန်သည်။
စုမင် သစ်သားတံဆိပ်ပြားကို တည်ငြိမ်စွာကြည့်လိုက်သည်။
စုမင်ဘေးရှိ ထျန်းလန်မုန်၏ မျက်လုံးများက တောက်ပနေသည်။ စုမင်ခြေထောက်အောက်ရှိ ဆီးနှင်းများကို ကြည့်လိုက်ပြီး သူမအပြုံးက ပိုမိုပီပြင်လာခဲ့သည်။
“အသက်တစ်ရှိုက်စာအတွင်း အင်အားကိုးခု။ အဲဒါ အပြင်လူတွေကိုသင်မပေးတဲ့ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးရဲ့ ပညာရပ်တွေထဲက တစ်ခုပဲ။ အဲလူက အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးက လာခဲ့တာ။ သူက သူတို့အကြီးအကဲရဲ့ ဒုတိယသားမှာရှိတဲ့ နောက်လိုက်တွေထဲက တစ်ယောက်ပဲ...” စကားပြောလိုက်သူက ထျန်းလန်မုန်နောက်တွင်ရပ်နေသော အဖြူရောင်မျက်နှာဖုံးနှင့် ယောကျ်ားဖြစ်သည်။
ထိုလူ့အသံက အိုမင်းခြောက်ကပ်နေသဖြင့် သူ့အသံအရ ဆုံးဖြတ်ရမည်ဆိုလျှင် ထိုသူက အဘိုးအိုတစ်ဦးပင်ဖြစ်သည်။
“တတိယမြောက်အခန်းထဲမှာ ရှိနေခဲ့တဲ့လူက အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးရဲ့ ဒုတိယသခင်လေးပဲ။ ရှင်လည်း အခုလေလံပွဲကို ဖိတ်ကြားခံလိုက်ရပြီ။ သွားကြစို့” ထျန်းလန်မုန်က ပေါ့ပေါ့ပါးပါးရယ်မောလိုက်ရာ သူမအသံက အလွန်နားဝင်ချိုစွာ ထွက်ပေါ်လာသည်။
စုမင်မျက်လုံးများက တောက်ပသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ထျန်းလန်မုန်က ဆက်၍ပြုံးနေရင်းမှပင် သူတို့နှစ်ဦးသားသည် တိုက်ခတ်နေသောလေအေးများ၊ ဆီးနှင်းများနှင့်အတူ မျိုးနွယ်စု၏ အနက်ပိုင်းထဲသို့ လျှောက်လှမ်းခဲ့ကြသည်။ မျိုးနွယ်စု၏ အလယ်ဗဟိုရှိ ထိုနေရာတွင် တည်ရှိနေသော ရွှေရောင်တဲတစ်လုံးကို သူတို့မြင်လိုက်ရသည်။
ကျီချဲနှင့် မိန်းကလေးတို့က သူတို့နောက်မှလိုက်ပါလာသည်။ ထိုမိန်းကလေးက စုမင်ကို မျက်စိစပါးမွှေးစူးစရာတစ်ခုအဖြစ် မြင်နေပြီး ကျီချဲသည်လည်း သူမသဘောမကျသည့်အဖွဲ့ထဲတွင်ပါ၏။ ထို့ကြောင့် သူမသည် ပလွှားသည့်အမူအယာတစ်ခုနှင့်အတူ ကျီချဲရှေ့မှ ဝံ့ကြွားစွာလျှောက်လှမ်းနေခဲ့သည်။
အဖြူရောင်မျက်နှာဖုံးနှင့် အိုမင်းသောအသံရှိသူက နောက်ဆုံးမှလိုက်ပါလာခဲ့သည်။ အချိန်အများစုတွင်ထိုလူသည် ထျန်းလန်မုန်ကိုသာ ကြင်နာယုယစွာ ကြည့်နေလေ့ရှိပြီး သူ့အကြည့်များက စုမင်ထံရောက်ရှိသွားသည့် တစ်ခါတစ်ရံတွင်တော့ သူ့အကြည့်များက လေ့လာစူးစမ်းသည့်ပုံစံသို့ ပြောင်းသွားလေသည်။
“ဒါနဲ့ စကားမစပ် ရှင့်နောက်ကို အမဲလိုက်သလိုလိုက်နေတဲ့ ရှင့်ရဲ့ နောက်လိုက်ကလေးရော။ သူမက ရှင်နဲ့အတူလာမှန်း ကျွန်မမှတ်မိပါတယ်” ထျန်းလန်မုန်သည် စုမင်နှင့်အတူ ရှေ့သို့လျှောက်နေရင်းမှ စုမင်အား အပြုံးလေးတစ်ခုဖြင့်ကြည့်ရင်း မေးလာသည်။ သူမအသံသည် သီချင်းတစ်ပုဒ်ပြီးဆုံးသွားချိန် လေထဲတွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည့် တေးသံများလိုပင်ဖြစ်သည်။
“နောက်လိုက်ကလေး...” စုမင် ခဏတာ အံ့အားသင့်မင်သက်သွားမိပြီးမှ ထွက်ခွာသွားခဲ့ချိန်တွင် ဖြစ်နေခဲ့သော ပိုင်စု၏ ဖြူဖပ်ဖြူရော်မျက်နှာလေးက သူ့စိတ်ထဲတွင်ပေါ်လာခဲ့သည်။
စုမင် ခဏတာငြိမ်သက်နေမိပြီးမှ မနှေးမမြန်ပြန်ဖြေလိုက်သည်။ “သူမ ထွက်သွားပြီ”
ထျန်းလန်မုန်မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားပြီး ညင်သာတိုးညှင်းစွာပြောသည်။ “သူမထွက်သွားတာ ပိုကောင်းပါတယ်။ သူမနှလုံးသားက စစ်မာရှင်းနဲ့အတူရှိနေတာ။ သူမကို ရှင့်ဘေးမှာထားတာက သူမအတွက် ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးပဲ... ဒါပေမယ့် အဲဒါကပဲ စစ်မှန်တဲ့သူမကိုယ်သူမ ရှာတွေ့နိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်နေနိုင်တယ်”
စုမင် ထျန်းလန်မုန်ကိုတစ်ချက်ကြည့်လိုက်သော်လည်း ဘာစကားမှတော့ ပြန်မပြောဖြစ်ပေ။
“ကျွန်မဘာကြောင့် အဲဒီအကြောင်း သိနေတာလဲလို့ တွေးနေတာလား။ စစ်မာရှင်းက သူ့ရဲ့ သေးငယ်နိမ့်ကျတဲ့ လှည့်ကွက်လေးတွေနဲ့ ဒီလိုနည်းလမ်းမျိုးတွေကိုပဲ သုံးနိုင်တာလေ။ လူတစ်ဦးရဲ့ တာအိုက သူ၊သူမရဲ့ နှလုံးသားကိုလိုက်ပြီး မတူညီကြဘူး။ ကြီးမြတ်တဲ့ တာအိုရှိသူတွေကသာ ကောင်းကင်နဲ့မြေပြင်ကို လေ့လာနိုင်တာ။ သေးငယ်နိမ့်ကျတဲ့ တာအိုရှိသူတွေကတော့ သူတို့ကိုယ်သူတို့နဲ့ အခြားသူတွေကိုပဲ လေ့လာနိုင်လိမ့်မယ်” ထျန်းလန်မုန်သည် သူမ၏ဆံစအချို့ကို လိမ်ပတ်ဆော့ကစားနေရင်းမှ တည်ငြိမ်စွာရှင်းပြသည်။
“ငါတို့နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကစလို့ မင်းက ပိုပြီးရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာတာပဲ” စုမင်သည် ဆီးနှင်းများပေါ်တွင် လျှောက်လှမ်းနေရင်း သူ့ခြေထောက်တို့ ဆီးနှင်းများပေါ်နင်းလိုက်ချိန် ထွက်ပေါ်လာသည့် တကျွတ်ကျွတ်အသံများကို နားထောင်နေခဲ့သည်။
သူ ဤအသံကို သဘောကျပေသည်။
“အဲဒါအကုန်လုံးက မြက်ကြိုးကြာကို လက်လျှော့လိုက်တဲ့ရှင့်ကိုပဲ ကျေးဇူးတင်ရမှာပါ။ အဲဒီကြိုးကြာ လေထဲမှာပျံသန်းနေတဲ့အချိန်တုန်းက ရှင့်ကိုကြည့်လိုက်မှန်း ကျွန်မသိတယ်” ထျန်းလန်မုန်က ပြုံးသည်။ သူမ၏ ချောမောလှပသော အပြုံးမျက်နှာလေးပေါ်တွင် ဆီးနှင်းအချို့ကပ်တင်ကျန်ရှိနေသဖြင့် သူမ၏ နူးညံ့ဖြူဖွေးသော အသားအရေအား တလက်လက်တောက်ပသည့် ရေခဲနှင့်တူသွားစေသည်။
သူတို့နှစ်ယောက်သည် စကားတစ်ပြောပြောနှင့်ပင် မျိုးနွယ်စုအလယ်ရှိ ရွှေရောင်တဲအရှေ့သို့ ရောက်လာခဲ့သည်။ တဲအတွင်းသို့ လှမ်းဝင်လိုက်သည့်အခိုက်အတန့်မှာပင် မမြင်ရသောလှိုင်းတစ်ခုက သူတို့ကိုဖြတ်တိုက်သွားသည်။ ၎င်းက စုမင်လက်ထဲရှိ သစ်သားတံဆိပ်ပြားနှင့် ထိသွားသောအခါ ထိုလှိုင်းထဲတွင် လှိုင်းဂယက်ငယ်လေးများ ဖြစ်ပေါ်လာပြီး စုမင်၏ အမြင်အာရုံတို့ ဝေဝါးသွားသည်။ သူနောက်တစ်ကြိမ် ရှင်းရှင်းလင်းလင်း ပြန်မြင်နိုင်ချိန်တွင်တော့ ပေရာပေါင်းများစွာအရွယ်အစားရှိသည့် မှောင်မည်းနေသော အခန်းတစ်ခန်းအတွင်းသို့ စုမင်ရောက်ရှိနေခဲ့ချေပြီ။
အခန်း၏ တစ်ဖက်တစ်ချက်စီတွင် စားပွဲအတော်များများ စီစဉ်ထားသည်။ ထိုစားပွဲများ၏ အနောက်တွင် ထိုင်နေသူ ဒါဇင်နီးပါးပင် ရှိနေချေပြီ။ သူတို့မျက်နှာများအား ရှင်းရှင်းလင်းလင်း မမြင်ရပဲ အရာအားလုံးက ဝေဝါးဝါးသာပေါ်နေသဖြင့် သူတို့မည်သူဆိုသည်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကြောင်း ရှင်းလင်းစွာသိနိုင်၏။
ထိုလူများက တစ်ယောက်နှင့်တစ်ယောက် စကားပြောမနေကြပေ။ သူတို့က စားပွဲများနောက်တွင်သာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။ စုမင်နှင့် ထျန်းလန်မုန်တို့ရောက်လာသောအခါ ထိုသူတို့၏အကြည့်များက စုမင်တို့ထံ ရောက်ရှိလာခဲ့သည်။
စုမင်နှလုံးသားက ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်သွားသည်။ သူတို့ထံရောက်လာသော အကြည့်များအားလုံးက စုမင်အား ပြင်းစွာဖိအားပေးနေသည်။ ထိုဖိအားမျိုးသည် ရိုးရေစတေးနယ်ပယ်မှ သာမန်မာန်စွမ်းအားရှင်တစ်ဦးက စုမင်အပေါ်သက်ရောက်စေနိုင်သည့် အရာမျိုးမဟုတ်ချေ။ အမှန်စင်စစ်တော့ သူ့အားစူးစမ်းလေ့လာသွားသည့် အချို့အကြည့်များဆိုလျှင် စုမင်အား အရိုးတွင်းမှပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ထိုအကြည့်မျိုးသည်... မာန်ဝိညာဉ်နယ်ပယ်မှ လူများထံတွင်သာ ရှိသည့်အကြည့်မျိုးဖြစ်သည်။
သို့သော် စုမင်တို့ထံလှမ်းကြည့်လာချိန်တွင် အတော်လေးသာမန်ဆန်သည့် အကြည့်တစ်ချို့လည်း ရှိသည်။
“ငါတို့ကို သူတို့ဘယ်လိုမြင်လဲဆိုတာက သူတို့အပေါ် ငါတို့ဘယ်လိုမြင်လဲဆိုတာနဲ့ အတူတူပဲ။ ငါတို့စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ မထုတ်ဖော်သေးသရွေ့ သူတို့က ငါတို့ရဲ့ အမှန်တစ်ကယ် ကျင့်ကြံဆင့်ကိုပြောနိုင်မှာ မဟုတ်ဘူး” နူးညံ့သိမ်မွေ့သောအသံတစ်သံက စုမင်စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ထိုအသံက ထျန်းလန်မုန်ထံမှဖြစ်သည်။ သူမသည် စုမင်ဘေးတွင် ရပ်နေသော်ငြား သူမမျက်နှာသည်လည်း အလားတူဝေဝါးနေချေသည်။
စုမင် တိတ်ဆိတ်နေမိသည်။ ထို့နောက် ထျန်းလန်မုန်အား တစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ဦးသည် အခန်း၏ ညာဘက်ခြမ်းတွင် နေရာချထားသည့် ထိုင်ခုံများ၌ ထိုင်လိုက်ရင်း အခြားသူများရောက်ရှိလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
များမကြာမီမှာပင် ပိုမိုများပြားသောလူများ ရောက်ရှိလာခဲ့၏။ ၎င်းတို့အများစုသည် စည်းမျဉ်းများနှင့် အကျွမ်းဝင်နေခဲ့ပြီးဖြစ်၍ ထိုင်ခုံလွတ်များဆီသို့ ရွှေ့သွားကြသည်။ တစ်နာရီခန့်ကြာပြီးနောက် ထိုင်ခုံများအားလုံး ပြည့်သွားပြီး အခန်းထဲတွင် လူနှစ်ဆယ်ခန့်ရှိနေပြီဖြစ်သည့် အချိန်တွင်တော့ ထျန်းလန်မုန်အသံက စုမင်စိတ်ထဲတွင် နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာခဲ့သည်။
“အဲဒါ စတော့မယ်”
စုမင်စိတ်ထဲတွင် ထိုအသံ ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်မှာပင် မှောင်မည်းနေသော အခန်းအတွင်း
ကျယ်လောင်သော ဟက်ဟက်ပက်ပက်ရယ်သံကြီး ထွက်ပေါ်လာခဲ့သည်။
ထိုရယ်သံ စတင်ထွက်ပေါ်လာသည်နှင့် လူငယ်လေးတစ်ဦးသည် အခန်း၏ အရှေ့ဘက်အကျဆုံး နံရံများကို ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိနေသေးပုံပေါ်သော်လည်း သူ့အသံကတော့ ဒီရေလှိုင်းလုံးကြီးသဖွယ် ကျယ်လောင်လှပြီး အသံအတွင်း အတွေ့အကြုံပြည့်ဝမှု၊ ရက်စက်မှုများ ထင်ဟပ်နေသည်။
“ဒီနေရာမှာရှိနေတဲ့ ကျွန်တော်တို့အများစုက သူငယ်ချင်းဟောင်းတွေပဲ။ တစ်ချို့ကတော့ အသစ်တွေဆိုပေမယ့် မင်းတို့လည်း ဒီနေရာရောက်နေပြီဆိုမှတော့ စည်းမျဉ်းတွေကို သိနေလောက်ပါပြီ။ ပျင်းရိစရာစကားတွေနဲ့ မင်းတို့အချိန်တွေကို ဖြုန်းမနေတော့ပါဘူး။ အရာရာတိုင်းက ကျွန်တော်တို့အရင်လုပ်ခဲ့တဲ့ အတိုင်းပါပဲ။ အရမ်းအဖိုးတန်တဲ့အရာတစ်ခုနဲ့ အရင်ဆုံး စလိုက်ကြတာပေါ့”
“ကျွန်တော်ပထမဆုံး ထုတ်ပြမယ့်အရာက သက်ရှိသတ္တဝါတစ်ကောင်ပါပဲ ခင်ဗျာ” ကောင်လေးက စကားပြောနေရင်း ညာလက်ကိုမြှောက်၍ သူ့အရှေ့ရှိလေထဲကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်သံကြိုးတစ်ချောင်း ချက်ချင်းထွက်ပေါ်လာပြီး ၎င်း၏ အခြားတစ်ဖက်စွန်းတွင်တော့ သက်ရှိသတ္တဝါတစ်ကောင်အား ချည်နှောင်ထားချေသည်။
ထိုသတ္တဝါ၏ အမြန်နှုန်းသည် အလွန်မြန်ဆန်လှပြီး ၎င်းက ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထွက်ပြေးလွတ်မြောက်လိုဟန်ဖြင့် ချက်ချင်းစတင်ပြေးလွှားလိုက်သော်ငြား ၎င်းလည်ပင်းတွင်ချည်နှောင်ထားသော သံကြိုးများက အလျင်အမြန် တင်းကျပ်သွားခဲ့သည်။ ၎င်းက စုမင်နှင့်နီးကပ်သည့်နေရာသို့ ရောက်လာချိန်တွင်တော့ သံကြိုးက တင်းကြပ်သွားပြီး ၎င်း၏လည်ပင်းကို ညှစ်လိုက်သဖြင့် ထိုသတ္တဝါထံမှ စူးရှစွာ အာခေါင်ခြစ်အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
စုမင်သည် ထိုသတ္တဝါလေးကို မြင်လိုက်ချိန်တွင် သူ့အား မိုးကြိုးအစင်းသန်းပေါင်းများစွာဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခေါင်းထဲတွင် ဘန်းခနဲမြည်ဟည်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသက်ရှိသတ္တဝါမှအပ သူ့မျက်စိရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
***