← Chapters

အခန်း (၈၀၁-၈၀၂)

Vol. 64 Ch. 801-802

အခန်း (၈၀၁-၈၀၂)

Vol. 64 Ch. 801-802

အခန်း (၈၀၁) - သော့ခတ်ထားသော ရတနာသေတ္တာနှင့် စွမ်းအင်သလင်းကျောက်ကြောကို ထပ်မံတွေ့ရှိခြင်း

မာတင်နှင့် အခြားသူများသည် ရှောင်းယီထံမှ စစ်သင်္ဘောများအား ဝယ်ယူလိုကြခြင်းမှာ ၎င်းတို့၏ သာလွန်ကောင်းမွန်သော အချက်အလက်များကြောင့်ဖြစ်သည်။ ယခုအခါ ၎င်းတို့ရရှိမည့် သင်္ဘော၏ အချက်အလက်များသည် ရှောင်းယီ၏ ကိုယ်ပိုင်သင်္ဘောနှင့် မတူညီနိုင်ကြောင်း ကြားလိုက်ရသောအခါ ၎င်းတို့ ဝယ်ယူရန် လိုအပ်သေးရဲ့လားဟု တွေးတောမိသွားခဲ့ကြ၏။

ထို့အပြင် သင်္ဘောတစ်စီးလျှင် အုတ်မြစ်ကျောက် တစ်သောင်း ပေးရမည့်အပြင် ကုန်ကြမ်းပစ္စည်းများကိုပါ မိမိတို့ဘာသာ ထောက်ပံ့ပေးရမည်ဆိုသည်မှာ အမှန်တကယ် ထိုက်တန်ပါ၏လော။

မာတင်သည် ရှောင်းယီအပေါ် အမြဲတမ်း အလွန်ကျေးဇူးတင်ရှိသူဖြစ်သော်လည်း အုတ်မြစ်ကျောက် အမြောက်အမြားနှင့် သူ၏ မဟာမိတ်အဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပတ်သက်နေသောကြောင့် သတိထား၍ စဉ်းစားရပေမည်။

“သူဌေး... အချက်အလက်တွေက ဘယ်လောက်အထိ ကွာခြားသွားမှာလဲ။”

မာတင်က သတိထား၍ မေးမြန်းလိုက်သည်။ ရှောင်းယီက ၎င်းတို့အား တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်၏။

“စိတ်မပူပါနဲ့။ ကွာခြားချက်က အမြန်နှုန်း တစ်ခုတည်းမှာပဲ ရှိမှာပါ။ မင်းတို့ကို ရောင်းမယ့် စစ်သင်္ဘောတွေရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၅၀ ပဲ ရှိပါလိမ့်မယ်။”

၎င်းကို ကြားလိုက်ရသောအခါ မာတင်နှင့် အခြားသူများအားလုံး မှင်တက်သွားခဲ့ကြ၏။

တစ်နာရီ ကီလိုမီတာ ၅၀ ဟုတ်လား။ ပြီးတော့ သူက ‘ပဲ’ လို့ ပြောလိုက်တာလား။

ဤအမြန်နှုန်းသည် ၎င်းတို့၏ လက်ရှိ ရေယာဉ်များ လုံးဝ အိပ်မက်ပင် မမက်နိုင်သော အမြန်နှုန်း ဖြစ်နေပြီဖြစ်သည်။

မာတင်သည် ချက်ချင်းပင် လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်၏။

“သူဌေး... ကျုပ်တို့ ဒီသံချပ်ကာ စစ်သင်္ဘော ၅ စီး လိုချင်ပါတယ်။ အုတ်မြစ်ကျောက်တွေအတွက်တော့ ခဏလောက် စောင့်ပေးရပါလိမ့်မယ်။”

“ကောင်းပြီ။ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းစာရင်းကို တစ်ယောက်ယောက်ကို ပြောခိုင်းလိုက်မယ်။ မင်းတို့ လက်ရှိရှိနေတဲ့ ပစ္စည်းတွေနဲ့ လောက်ချင်မှ လောက်မှာနော်။ ဒီလို ရေယာဉ်တွေက သံဓာတ်ကို အဓိက စားသုံးတဲ့ ကောင်တွေပဲ။”

ရှောင်းယီက ပြုံးကာပြောလိုက်သည်။ မာတင်က ခေါင်းငြိမ့်လိုက်၏။

“ကုန်ကြမ်းတွေ စုဆောင်းနိုင်ဖို့ ကျုပ်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်။”

“အင်း... အရမ်းကြီး လောစရာမလိုပါဘူး။ ဒီကတိက မင်းတို့အတွက် အမြဲတမ်း အတည်ဖြစ်နေမှာပါ။”

ရှောင်းယီက ဆိုသည်။

“ကျေးဇူးတင်ပါတယ် သူဌေး။ တကယ်ကို ကျေးဇူးအများကြီး တင်ပါတယ်။”

မာတင်နှင့် အဖွဲ့သားများက စိတ်လှုပ်ရှားစွာဖြင့် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

ရှောင်းယီက လက်ဝေ့ယမ်းကာ ၎င်းတို့၏စကားကို ရပ်တန့်စေလိုက်ပြီး ၎င်းတို့ရှေ့မှ တိုက်သစ်ကြီးကိုသာ ငေးကြည့်နေလိုက်သည်။

မကြာမီ သူစေလွှတ်ထားသော စူးစမ်းလေ့လာရေးအဖွဲ့များ ပြန်ရောက်လာခဲ့သည်။ အဖွဲ့ခေါင်းဆောင်က ကျန်းယွင်ထျန်းနှင့် ရှောင်ယီအား အစီရင်ခံလာခဲ့လေသည်။

“ကျွန်းအရှင်၊ နည်းပြကြီး... ကျုပ်တို့ ကုန်းပေါ်တက်ပြီးတဲ့နောက် စုစုပေါင်း ရတနာသေတ္တာ သုံးလုံးကို ရှာတွေ့ခဲ့ပါတယ်။ နှစ်လုံးက C အဆင့် ရတနာသေတ္တာတွေဖြစ်ပြီး အထဲမှာပါတဲ့ ပစ္စည်းတွေကတော့ အရင်တိုက်သစ်ကအတိုင်း အုတ်မြစ်ကျောက်တွေနဲ့ လိပ်စာတွေပါပဲ။ ဒါပေမဲ့ နောက်ထပ် သေတ္တာတစ်လုံးကတော့ သော့ခတ်ထားပါတယ်။ အဲဒီသေတ္တာတွေကို စောင့်ကြပ်နေတဲ့ သားရဲတွေကတော့ အရင်အတိုင်းပါပဲ။ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။”

အစီရင်ခံပြီးနောက် နောက်ကပါလာသော အဖွဲ့သားများက သော့ခတ်ထားသော ရတနာသေတ္တာကို ရှေ့သို့ သယ်လာခဲ့ကြသည်။

“သော့ခတ်ထားတဲ့ သေတ္တာတွေပါ ရှိနေတာလား။ ငါတို့ တိုက်သစ်မှာတုန်းက ဒါမျိုး ရှာမတွေ့ခဲ့ပါဘူး။”

ကျန်းယွင်ထျန်းက အံ့သြစွာ ပြောလိုက်သည်။ ရှောင်းယီ ထိုသေတ္တာကို ကြည့်လိုက်သောအခါ စနစ်မှ အသိပေးချက် ပေါ်လာခဲ့လေသည်။

[ သော့ခတ်ထားသော ရတနာသေတ္တာ- တောရိုင်းထဲတွင် ကျပန်းပေါ်ပေါက်တတ်သည်။ အထဲတွင်ပါဝင်သော ပစ္စည်းများသည် သော့မခတ်ထားသော သေတ္တာများထက် ပိုမိုပေါများပြီး အဆင့်မြင့်သည်။ ]

ရှောင်းယီက ပြုံးလိုက်မိ၏။

“သော့ခတ်ထားတယ်ဆိုကတည်းက အထဲကပစ္စည်းတွေက ပိုကောင်းမှာ သေချာတယ်။ ဒါက ရှာဖွေတွေ့ရှိမှု ကောင်းတစ်ခုပဲ။”

အားလုံးကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်။

မာတင်သည် ရှောင်းယီ၏ သင်္ဘောပေါ်မှ မထွက်ခွာရသေးပေ။ သော့ခတ်ထားသော ရတနာသေတ္တာကို မြင်သောအခါ သူက မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။

“အခုနောက်ပိုင်း ပင်လယ်ဓားပြတွေ သိပ်မရှိတော့ဘူးဆိုတော့ ရတနာသေတ္တာသော့ ရဖို့က တော်တော်ခဲယဉ်းသွားပြီ။”

“ငါတို့ ကျွန်းအရှင်က သော့လိုက်ရှာနေဖို့ မလိုဘူး။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်၏။

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အကြွင်းမဲ့သော့တစ်ချောင်းကို လဲလှယ်ရယူလိုက်ပြီး သေတ္တာကို အလွယ်တကူ ဖွင့်လိုက်လေသည်။

မာတင်သည် အနည်းငယ် မှင်တက်သွားပြီးနောက် ချက်ချင်းပင် သတိရသွား၏။ ရှောင်းယီသည် ယခင်က ထိုအကြွင်းမဲ့သော့ကို ဈေးကွက်ခန်းမတွင် ငှားရမ်းပေးခဲ့ဖူးသည် မဟုတ်ပါလား။ အချိန်အတော်ကြာသွားပြီဖြစ်သဖြင့် သူ မေ့နေခြင်းသာ ဖြစ်သည်။

သေတ္တာကို ဖွင့်လိုက်ပြီးနောက် ရှောင်းယီသည် အုတ်မြစ်ကျောက်ပုံကြီးနှင့် ရွှေရောင်တောက်နေသော လိပ်စာတစ်ခုကို တွေ့လိုက်ရလေသည်။

[ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၃၀၀၊ စွမ်းအင်သလင်းကျောက်ကြော မြေပုံ ၁ ခု။ ]

စနစ်အသိပေးချက်ကို ကြည့်ပြီး ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။

“တကယ့် ပစ္စည်းကောင်းတွေပဲ။”

“ဒီအုတ်မြစ်ကျောက်တွေနဲ့ အခု နှစ်ရာလောက် ရှိလောက်တယ်။”

မာတင်က သေတ္တာထဲမှ အုတ်မြစ်ကျောက်ပုံကို ကြည့်ကာ မနာလိုဖြစ်စွာ ပြောလိုက်သည်။

“သုံးရာ...။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။

“စောင့်ကြပ်နေတဲ့ သားရဲတွေက အရင်အတိုင်းပဲဆိုတော့ မင်းတို့လည်း မြန်မြန် ကုန်းပေါ်တက်ပြီး စူးစမ်းဖို့ ပြင်ဆင်ကြတော့။ ကိုယ့်ခွန်အားအပေါ် မူတည်ပြီး ဘယ်လောက်အထိ အတွင်းထဲ ဝင်မလဲဆိုတာကို ဆုံးဖြတ်ကြပေါ့။ ဘေးကင်းအောင် ဂရုစိုက်ကြပါ။”

“ဟုတ်ကဲ့။”

မာတင်က တုံ့ပြန်လိုက်ပြီးနောက် သူ၏လူများကို ဦးဆောင်ကာ ရွက်လှေကြီးပေါ်သို့ ပြန်သွားခဲ့လေသည်။

“မဟာမိတ်ခေါင်းဆောင်... သူဌေးရဲ့ ဆိုလိုရင်းက ဒါကို တခြားသူတွေကို အခုချက်ချင်း မျှဝေမှာ မဟုတ်သေးဘူးထင်တယ်။ ကျုပ်တို့ အရင်ဆုံး စူးစမ်းသင့်တယ်။”

မာတင်က ခေါင်းငြိမ့်လိုက်သည်။

“ဒါပေါ့။ ငါတို့ အရင်တွေ့တာဆိုတော့ ငါတို့ အရင် စူးစမ်းရမှာပဲ။ လူတွေကို အမြန်ပြင်ခိုင်းလိုက်တော့။ နောက်ထပ် ရက်အနည်းငယ်ကြာရင်တော့ ဒါကို တခြားသူတွေနဲ့ မျှဝေရလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်။”

“တကယ်တော့ ဒါကို ဘာလို့ မျှဝေရသလဲဆိုတာ ကျုပ် နားမလည်ဘူး။ ကျုပ်တို့ မဟာမိတ်အဖွဲ့ နှစ်ခုတည်းအတွက်ပဲ ထားလိုက်ရင် ပိုမကောင်းဘူးလား။”

တစ်စုံတစ်ယောက်က ဇဝေဇဝါဖြင့် မေးလိုက်၏။ ထိုအခါ မာတင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါက ငါတို့ ရှင်သန်ကျန်ရစ်သူတွေအားလုံးရဲ့ အခြေအနေနဲ့ သက်ဆိုင်တယ်။ ရှင်သန်ကျန်ရစ်သူ တစ်ယောက် ကုန်းပေါ်တက်နိုင်တိုင်း နောက်ထပ် ရတနာသေတ္တာတစ်လုံး ထွက်လာလိမ့်မယ်။ အဲဒီတော့ ငါတို့ဆီက အုတ်မြစ်ကျောက် အရေအတွက်လည်း တိုးလာမယ်လေ။ အဲဒီလိုမဟုတ်ရင် သူဌေးက သူရှာတွေ့ထားတဲ့ တိုက်ကြီးအကြောင်းကို ဘာလို့ လူသိရှင်ကြား ကြေညာပါ့မလဲ။”

“အော်... အဲဒီလိုလား။ သူဌေးရဲ့ အတွေးအခေါ်က တကယ်ကို ကျုပ်တို့နဲ့ မတူဘူးပဲ။”

မာတင်နှင့် အဖွဲ့သည် ချက်ချင်းပင် အဖွဲ့များခွဲကာ ကုန်းပေါ်သို့တက်၍ စူးစမ်းလေ့လာရေးကို စတင်ကြတော့လေသည်။

ထိုအချိန်တွင် ရှောင်းယီသည် သလင်းကျောက်ကြောမြေပုံကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။

“ဒီတစ်ခါ စွမ်းအင်သလင်းကျောက်ကြောက ဒီတိုက်ကြီးရဲ့ အတွင်းပိုင်းထဲမှာ ပေါ်လာမှာလား။”

ယခင်တစ်ခါ ရှားနိုင်ငံမှ လျိုယွမ်လုံ တွေ့ရှိခဲ့သော သလင်းကျောက်ကြောမှာ ပင်လယ်ကြမ်းပြင်အောက်တွင် ရှိနေခြင်းဖြစ်သည်။

“ဒါကို ရှာဖို့ဆိုရင် ဒီတိုက်ကြီးရဲ့ အတွင်းပိုင်းထဲအထိ ငါ သွားရဦးမှာပဲ။”

ရှောင်းယီက မျက်မှောင်ကျုံ့လိုက်မိသည်။

တိုက်ကြီး၏ အတွင်းပိုင်းအထိ သွားခြင်းမှာ ပွတ်တိုက်မှုများ ပိုများလာနိုင်ပြီး ဒေသခံ အင်အားစုများနှင့် စောစီးစွာ ထိပ်တိုက်တွေ့ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

၎င်းတို့သည် ယခုမှ ရောက်လာခြင်းဖြစ်၍ ရက်အနည်းငယ်မျှ ငြိမ်းချမ်းနိုင်သော်လည်း ဒေသခံများ သိသွားသည်နှင့် တစ်ပြိုင်နက် သတင်းများ ပြန့်သွားကာ အဆုံးမရှိသော နှောင့်ယှက်မှုများနှင့် တိုက်ပွဲများကို ရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ဤစွမ်းအင်သလင်းကျောက်ကြောကို လက်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသလင်းကျောက်များသည် SSS အဆင့်သို့ တက်လှမ်းရန်အတွက် အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။

မသွားမီ သူ သေချာပြင်ဆင်ရန် လိုအပ်သလို မဟာမိတ်အတွင်းရှိ ကိစ္စရပ်များကိုလည်း ယခင်ကဲ့သို့ ပြဿနာများ မတက်စေရန် သေချာမှာကြားခဲ့ရပေမည်။

ဘေးရှိ ကျန်းယွင်ထျန်းကလည်း မြေပုံကို မြင်သွားပြီး မေလိုက်၏။

“ဒါ ဘာမြေပုံလဲ။ တိုက်ကြီးရဲ့ အတွင်းပိုင်းထဲအထိ သွားရမှာလား။”

“အင်း”

ရှောင်းယီ ခေါင်းငြိမ့်ပြသည်။

“ကျွန်းကို ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ လုပ်ပြီးမှ သွားမယ်။”

“ငါကိုပါ ခေါ်သွား။”

ကျန်းယွင်ထျန်းက ဆိုသည်။

“တစ်ခုခုဖြစ်လာရင် အနည်းဆုံးတော့ ငါက ခိုင်းဖတ်တစ်ယောက်အနေနဲ့ ကူညီနိုင်သေးတယ်။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ပြန်ရောက်မှ အသေးစိတ် ပြောကြတာပေါ့။ အရင်ဆုံး ဒီကအလုပ်တွေကို သေချာ စီစဉ်လိုက်ဦး။ ရှုံးတိကို ဒီကိုလာပြီး ကိုင်တွယ်ခိုင်းလိုက်လို့ ရတယ်။ ငါတို့ အရင်ရှာတွေ့ထားတဲ့ တိုက်သစ်ကိုတော့ တခြားလူတွေကို လွှဲထားလိုက်။”

“ဟုတ်ကဲ့ ငါ ချက်ချင်း စီစဉ်လိုက်မယ်။”

ကျန်းယွင်ထျန်းက တုံ့ပြန်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားပြီး အမိန့်များ စတင်ထုတ်ပြန်တော့‌လေသည်။

ရှောင်းယီသည် ကျွန်းသို့ ချက်ချင်းပင် တည်နေရာကူးပြောင်းကာ ပြန်သွားခဲ့ပြီး အန်းယွဲ့နှင့် အခြားသူများကို ခေါ်၍ အခြေအနေကို ရှင်းပြလိုက်သည်။

“ကျုပ် ထွက်သွားပြီးတဲ့နောက်မှာ အရင်တစ်ခါကလို အခြေအနေမျိုး ထပ်ကြုံရရင် ခင်ဗျားတို့ ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ်။ ဒီမှာ တုံ့ဆိုင်းနေဖို့ အချိန်မရှိဘူး။ ရှင်သန်ဖို့က ပထမဦးစားပေးပဲ။”

ရှောင်းယီက သတိပေးလိုက်သည်။

“အင်း”

အန်းယွဲ့က ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။

ထိုစကားများသည် မိမိကို ရည်ရွယ်ပြောခြင်းဖြစ်ကြောင်း သူ သိပေသည်။ ယခင်က သမန်းဝံပုလွေမျိုးနွယ်စုကို ဒေသခံများ ဆန္ဒပြခဲ့စဉ်က သူ၏ ကိုင်တွယ်ပုံမှာ ပျော့ညံ့လွန်းခဲ့ပြီး ထိုသို့သော မငြိမ်မသက်မှုများကို မဖြေရှင်းနိုင်ခဲ့ပေ။

“အစ်ကိုကျန်းက ကျုပ်နဲ့ လိုက်ချင်တယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ကျွန်းရဲ့ လုံခြုံရေးနဲ့ တပ်ဖွဲ့တွေကိုတော့ အစ်မရွှဲ့ကိုပဲ လွှဲခဲ့မယ်။”

ရှောင်းယီက ကျန်းရွှဲ့အား ပြောလိုက်သည်။

အခန်း (၈၀၂) - ခရီးစတင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ရှာဖွေခြင်းနှင့် သူတို့ကို စောင့်ခိုင်းထားလိုက်ပါ

ကျန်းရွှဲ့က ခေါင်းငြိမ့်ပြလိုက်၏။

“စိတ်ချပါ ကျွန်မ နောက်တန်းကို သေချာ ထိန်းထားလိုက်ပါ့မယ်။”

ထိုစဉ် အန်းရန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်... ကျွန်မကိုလည်း လိုက်ခွင့်ပြုပါ။ အကာအကွယ်ဝတ်စုံတွေ ရှိနေတာပဲဆိုတော့ ဘေးကင်းမှာပါ။”

ရှောင်းယီက မျက်မှောင်ကျုံ့သွား၏။

“ဒီတစ်ခါ တိုက်ကြီးရဲ့ အတွင်းပိုင်းထဲအထိ သွားရမှာ။ အဲ့ဒါက မရေရာတဲ့ နယ်မြေတွေပဲ။ မင်းကို ခေါ်သွားဖို့က အရမ်း အန္တရာယ်များတယ်။”

“ရှင်ကိုယ်တိုင်ပဲ ပြောခဲ့တာလေ။ ဒီကမ္ဘာမှာ ဘယ်နေရာမှ လုံးဝကြီး ဘေးကင်းတာမျိုး မရှိဘူးလို့။ ပြီးတော့ ကျွန်မက အပိုပစ္စည်းလည်း မဟုတ်ပါဘူး။ အပြင်မှာ တိုက်ပွဲမဝင်ဖူးပေမဲ့ မြားပစ်လေ့ကျင့်တာကို တစ်ရက်မှ မပျက်ခဲ့ဘူး။ အခုဆို နောက်တစ်ဆင့်ကိုတောင် ရောက်နေပြီ။ အစ်ရွှဲ့တောင် သက်သေခံပေးနိုင်တယ်။”

အန်းရန်က အတင်းအကျပ် တောင်းဆိုလိုက်၏။ ရှောင်းယီ တုံ့ဆိုင်းနေစဉ် ကျန်းရွှဲ့က ဝင်ပြောလိုက်သည်။

“အန်းရန်ရဲ့ မြားပစ်စွမ်းရည်က တကယ် ကြောက်ဖို့ကောင်းတယ်။ သူ့ရဲ့ ပါရမီက ကျွန်မထက်တောင် သာသေးတယ်။ မြားပစ်ချင်း သီးသန့် ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်မတောင် သူ့ကို နိုင်ပါ့မလား မသေချာဘူး။”

အန်းရန်သည် ရှောင်းယီ၏ ကျွန်းသို့ ရောက်ရှိလာပြီးမှသာ လေးနှင့်မြားကို စတင်ကိုင်တွယ်ခဲ့သူဖြစ်သော်လည်း ကျန်းရွှဲ့ကဲ့သို့ ဝါရင့်သူထံမှ ချီးကျူးစကား ရရှိနေခြင်းမှာ သာမန်မဟုတ်ပေ။

ရှောင်းယီသည် ကျန်းရွှဲ့၏ အရည်အချင်းကို ကောင်းကောင်းသိထား၏။ ဖန်မင်လုံနှင့် ကျန်းရွှဲ့တို့ ပထမဆုံး စတင်တွေ့ဆုံစဉ်က ကျန်းရွှဲ့သည် ဒေသခံ မှော်ဆရာတစ်ဦး၏ လက်အောက်တွင် ရှိနေခဲ့ပြီး လောက်လေးခွကြီးများဖြင့် ပစ်လွှတ်လိုက်သော ကျောက်တုံးကြီးများကို လမ်းကြောင်းလွဲသွားအောင် မြားဖြင့် ပစ်ချနိုင်ခဲ့သူ ဖြစ်သည်။

ထိုအချက်ကပင် အန်းရန်၏ မြားပစ်စွမ်းရည်မှာ မည်မျှ ထူးချွန်နေပြီဖြစ်ကြောင်း သက်သေပြနေခဲ့လေသည်။

ကျန်းရွှဲ့၏ ထောက်ခံချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီသည် ဆက်၍ မကန့်ကွက်တော့ချေ။

“ကောင်းပြီ ဒါပေမဲ့ မင်းနဲ့ အစ်ကိုကျန်း လိုက်နာရမယ့် စည်းကမ်းတစ်ခုရှိတယ်။ အဲဒါက တကယ့်ကို မလွှဲမရှောင်သာတဲ့ အခြေအနေမျိုးကလွဲလို့ အကာအကွယ်ဝတ်စုံတွေကို လုံးဝ မချွတ်ရဘူး။”

“နားလည်ပါပြီ “

အန်းရန်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။ ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း ပြန်ရောက်လာခဲ့ပြီး ရှောင်းယီ၏ အစီအစဉ်ကို ကြားလိုက်ရသောအခါ သူသည်လည်း ကန့်ကွက်ခြင်းမရှိဘဲ သဘောတူလိုက်သည်။

ရိက္ခာအချို့ကို ထုပ်ပိုးပြီးနောက် ရှောင်းယီသည် အန်းရန်၊ ကျန်းယွင်ထျန်းတို့နှင့်အတူ မာတင်ရှာဖွေတွေ့ရှိခဲ့သော တိုက်သစ်ကြီး၏ ကမ်းရိုးတန်းသို့ တည်နေရာကူးပြောင်းကာ ထွက်ခွာလာခဲ့ကြလေသည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ မြေပုံကို လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူလိုက်၏။ လောလောဆယ်တွင် ကျောက်တိုင်မှ မြေပုံများကို ဖုန်းထဲသို့ တိုက်ရိုက် ပို့၍မရသေးသလို ဖုန်းထဲတွင်လည်း ဤကမ္ဘာ၏ မြေပုံများ မရှိသေးပေ။

ထို့ကြောင့် စွမ်းအင်သလင်းကျောက်ကြော တည်ရှိရာနေရာကို ဓာတ်ပုံရိုက်၍သာ မှတ်သားရသည်။

ရှောင်းယီတို့အဖွဲ့ မြေပုံအတိုင်း တိုက်သစ်ထဲသို့ စတင်ခြေချနေချိန်တွင် အခြားသော အသစ်တွေ့ရှိထားသည့် တိုက်ကြီးအချို့၌ ပြင်းထန်သော တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီဖြစ်သည်။

ထိုတိုက်ကြီးများကို ရှာဖွေတွေ့ရှိခဲ့သည်မှာ အတော်အတန်ကြာပြီဖြစ်သော်လည်း ရှာဖွေတွေ့ရှိသူများက လျှို့ဝှက်ထားခဲ့ကြခြင်းဖြစ်သည်။ သို့သော် မကြာသေးမီကမှ ဒေသခံအင်အားစုများ၏ ဖိအားပေးမှုကို ခံလာရသောကြောင့် အများပြည်သူသို့ ချပြလိုက်ရခြင်း ဖြစ်သည်။

၎င်းတို့၏ ရည်ရွယ်ချက်မှာ ရှင်းပါသည်။ ရှင်သန်ကျန်ရစ်သူ အများအပြားကို လာရောက်စူးစမ်းရန် ဆွဲဆောင်ခြင်းဖြင့် ဒေသခံများ၏ အာရုံကို လွှဲရန်နှင့် မိမိတို့အတွက် ရတနာသေတ္တာနှင့် အရင်းအမြစ်များ ပိုမိုရရှိစေရန်ဖြစ်သည်။

ရှောင်းယီက သူ၏တိုက်သစ်ကြီးကို မျှဝေခဲ့စဉ်ကလည်း ဤရည်ရွယ်ချက်မျိုး ပါဝင်ခဲ့ဖူးသည်။ သို့သော် ရှောင်းယီတွင် နောက်ထပ် စဉ်းစားစရာတစ်ခု ရှိသေးသည်မှာ ရှင်သန်ကျန်ရစ်သူ အားလုံးအတွက် အုတ်မြစ်ကျောက် ရရှိနိုင်မည့် အခွင့်အလမ်းကို မြှင့်တင်ပေးလိုခြင်း ဖြစ်သည်။

အခြားသူများကတော့ ထိုသို့ မတွေးကြပေ။ တခြားသူများ အုတ်မြစ်ကျောက် ရရှိသွားခြင်းမှာ ၎င်းတို့အတွက် အကျိုးရှိသည်ဟု မယူဆကြပေ။ ထို့ကြောင့် ၎င်းတို့ဘာသာ တစ်ဦးတည်း စူးစမ်းခဲ့ကြပြီး ဒေသခံများ၏ ဖိအားကို မခံနိုင်တော့သည့် အခါမှသာ အခြားသူများကို အသုံးချရန် စဉ်းစားလာကြခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် နောက်ဆုံး၌ ထိုတိုက်သစ်များအကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ကြလေသည်။ သို့သော် တိုက်သစ်သို့ တက်ရောက်ရန် အခကြေးငွေများ ပေးခဲ့ကြရသော်လည်း ရှင်သန်ကျန်ရစ်သူများသည် ဒေသခံများ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း နောက်ဆုတ်၍သာ ပေးနေရ၏။

၎င်းတို့သည် တစ်ရက်ပင် ပြည့်အောင် မတောင့်ခံနိုင်ဘဲ တိုက်သစ်ကြီးမှ ပြန်လည် ဆုတ်ခွာခဲ့ကြရလေသည်။ ထို့နောက် တိုက်သစ်များကို ရှာဖွေတွေ့ရှိခဲ့သော မဟာမိတ်အဖွဲ့များ ပြန်လည်ဆုံတွေ့ကာ ဆွေးနွေးကြတော့လေသည်။

“ဒီအတိုင်းဆိုရင် ဒေသခံတွေရဲ့ ရှေ့တိုးလာမှုကို ငါတို့ မတားဆီးနိုင်တော့ဘူး။ သူတို့ ကမ်းခြေအထိ ရောက်လာရင် ငါတို့ရဲ့ စခန်းတွေ ပြိုပျက်သွားလိမ့်မယ်။”

“အခု ဘာဆက်လုပ်ကြမလဲ။ ရီရန်ပင်းကို တကယ်ပဲ ဆွဲခေါ်ရတော့မှာလား။ အဲဒီလိုလုပ်ဖို့ ငါ တကယ် မလိုလားဘူး။”

“ငါတို့ ရီရန်ပင်းကိုသာ အကူအညီမတောင်းရင် အခုချက်ချင်း ကုန်းပေါ်ကနေ မောင်းထုတ်ခံလိုက်ရမှာပဲ။ သူပါလာရင် ငါတို့ ရတနာသေတ္တာတွေတောင် ပိုရှာတွေ့နိုင်ဦးမယ်။”

“ဟုတ်တယ်... တုံ့ဆိုင်းမနေနဲ့တော့။ အလွန်ဆုံး နှစ်ရက်ပဲ။ ဒေသခံတွေ ကမ်းခြေအထိ ရောက်လာတော့မယ်။”

“ဒါဆို ရီရန်ပင်းကို ဆက်သွယ်လိုက်။ ဒါပေမဲ့ သူလာခဲ့ရင်တောင် သူ့ကို အကြီးအကျယ် ပေးဆပ်ခိုင်းရမယ်။”

၎င်းတို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဆုဝမ်ထိန်းချုပ်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ချက်ချင်း ဆက်သွယ်လိုက်ကြတော့လေသည်။ ထိုအချိန်မှာ ည ၉ နာရီ ရှိနေပြီဖြစ်သဖြင့် ဆုဝမ်မှာ ထိုမက်ဆေ့ခ်ျများကို လက်ခံရရှိသောအခါ အံ့သြသွားခဲ့သည်။

အန်းယွဲ့နှင့် အခြားသူများသည် ညစာစားပြီး၍ ဧည့်ခန်းတွင် စကားပြောနေကြစဉ် ဆုဝမ်က ချက်ချင်း ပြောလိုက်သည်။

“ဦးလေးအန်း၊ ဆရာကြီးနွန်... အဲဒီ တိုက်သစ်ကို ရှာတွေ့ထားတဲ့ မဟာမိတ်အဖွဲ့တွေက ရုတ်တရက် ပူးပေါင်းဆောင်ရွက်ချင်တယ်တဲ့။ ဒါပေမဲ့ သူတို့တောင်းတဲ့ ဈေးနှုန်းတွေက တော်တော်လေး များနေတယ်။ ကျွန်မတို့ သဘောတူရမလား၊ ငြင်းလိုက်ရမလား။”

ရှောင်းယီသည် ခရီးမထွက်မီ ဤကဲ့သို့သော ဆုံးဖြတ်ချက်များကို အဖွဲ့လိုက် ဆွေးနွေးရန် မှာကြားခဲ့၏။

“မနက်က မေးခဲ့တဲ့သူတွေလား။”

အန်းယွဲ့လည်း အံ့သြသွားခဲ့သည်။ နေ့တစ်ဝက်အတွင်းမှာပင် ၎င်းတို့၏ သဘောထားက ပြောင်းလဲသွားခဲ့၏။

“ဟုတ်တယ် မနက်ကတော့ သူတို့က ကျွန်မတို့ကို ပြတ်ပြတ်သားသား ငြင်းခဲ့ကြတာ။”

ဆူဝမ်က ခေါင်းငြိမ့်လိုက်သည်။ ထိုအခါ ယွမ်နွန်က ပြုံးလိုက်သည်။

“သူတို့ ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုခုနဲ့ တိုးနေပြီထင်တယ်။ အဲဒါကြောင့် ကျွန်းပိုင်ရှင်ဆီကို မျက်နှာချိုလာသွေးတာပဲ ဖြစ်ရမယ်။”

“ဟုတ်တယ် ငါတို့ကျွန်းပိုင်ရှင်က သူ့တိုက်သစ်ကို ဖွင့်ပေးခဲ့တုန်းကလည်း တခြားသူတွေကို အာရုံလွှဲဖို့ အသုံးချခဲ့တာလေ။ သူတို့လည်း အဲဒီလိုပဲ တွေးနေကြတာ ဖြစ်မယ်။”

အန်းယွဲ့က ထောက်ခံလိုက်သည်။ ထိုအခါ ဆုဝမ်က စိတ်တိုတိုဖြင့် ပြောလိုက်၏။

“တော်တော် မျက်နှာပြောင်တဲ့လူတွေပဲ။ အသုံးမလိုတဲ့အချိန်မှာ ဘေးဖယ်ထားပြီး အကူအညီလိုတဲ့အခါမှ လာတောင်းပန်နေကြတယ်။ ကျွန်မ သူတို့ကို ငြင်းလိုက်ရင် ကောင်းမလား။”

“နေဦး”

အန်းယွဲ့က သူမကို တားလိုက်သည်။

“ဒါက စိတ်တိုစရာကောင်းပေမဲ့ တိုက်သစ်တစ်ခုဆိုတာ အရင်းအမြစ်တွေ အများကြီး ရှိနိုင်တာပဲလေ။”

ဆုဝမ်က မျက်မှောင်ကျုံ့လိုက်သည်။

“ဒါဆို ကျွန်မတို့က သူတို့နဲ့ ပူးပေါင်းဖို့အတွက် အုတ်မြစ်ကျောက်တွေ တကယ်ပဲ ပေးလိုက်ရမှာလား။”

အန်းယွဲ့က ပြုံးကာ ခေါင်းခါပြလိုက်၏။

“သူတို့က ငါတို့ဆီကို အကူအညီလာတောင်းတာဆိုတော့ မနက်က ငါတို့ သူတို့ကို သွားတောင်းဆိုခဲ့တုန်းကနဲ့ မတူတော့ဘူးလေ။”

ဆုဝမ်က နားမလည်သလို ကြည့်လိုက်မိသည်။ အန်းယွဲ့က ဆက်ပြောလိုက်သည်။

“သူတို့ကို အားလုံးကို တစ်ပြေးညီ ပြန်ဖြေလိုက်။ ငါတို့ ကျွန်းပိုင်ရှင်က တခြား တိုက်သစ်တစ်ခုမှာ စူးစမ်းလေ့လာနေလို့ အချိန်မီ မပြန်လာနိုင်သေးဘူး။ သူတို့ ခဏ စောင့်ရမယ်လို့ ပြောလိုက်။ ပြီးတော့ သူတို့တောင်းတဲ့ဈေးက အရမ်းများနေလို့ ငါတို့ မဟာမိတ်အတွင်းမှာ ပြန်ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ပြောလိုက်ဦး။”

ဆုဝမ် ချက်ချင်းပင် နားလည်သွားခဲ့သည်။ ယခုအခါ ၎င်းတို့ဘက်မှ ပူးပေါင်းဆောင်ရွက်ရန် လာရောက်တောင်းဆိုနေခြင်းဖြစ်သဖြင့် ဈေးဆစ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

ရှောင်းယီတွင် လက်ရှိ စူးစမ်းနေသော တိုက်သစ်တစ်ခု ရှိနှင့်ပြီးသားဖြစ်ရာ အခြားတိုက်ကြီးများမှာ စောင့်ဆိုင်းနိုင်ပါသေးသည်။ ၎င်းတို့ဘက်မှ လောစရာမလိုပေ။

အန်းယွဲ့၏ ညွှန်ကြားချက်အတိုင်း ဆုဝမ်သည် ပူးပေါင်းဆောင်ရွက်လိုသော မဟာမိတ်အဖွဲ့တိုင်းသို့ ထိုစာကို ပေးပို့လိုက်၏။

“ဘာ...ယီရန်ပင်းက တခြားတိုက်ကြီးမှာ စူးစမ်းနေတာ ဟုတ်လား။ အဲဒါကြောင့် သူတို့က ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်မလောနေတာကိုး။”

“တောက်... ဘယ်သူက ယီရန်ပင်းကို အစောကြီး သွားခေါ်လိုက်တာလဲ။ အခုတော့ ငါတို့ ဒုက္ခရောက်ပြီ။”

“ဟုတ်တယ် တိုက်ကြီးတစ်ခုက သူ့ကို အလုပ်ရှုပ်နေစေတာဆိုတော့ ကျန်တဲ့တိုက်တွေက နောက်ဆုတ်သွားရဦးမယ်။ တောက်... ဒါက ငါတို့ကို ဘယ်လောက်တောင် ကြန့်ကြာသွားစေဦးမှာလဲ။”

All Chapters