အခန်း (၈၀၃-၈၀၄)
Vol. 64 Ch. 803-804
အခန်း ၈၀၃ - ခြုံခိုတိုက်ခိုက်မှု၊ သစ်သားမြှား၊ ရေဒီယိုနှင့် ရုပ်သံဌာန
“မဖြစ်တော့ဘူး။ ငါတို့မဟာမိတ်အဖွဲ့က ပူးပေါင်းဆောင်ရွက်ခကို အခုချက်ချင်း လျှော့ချရမယ်။ အဲ့တုန်းက အုတ်မြစ်ကျောက် ငါးရာတည်းနဲ့ ယီရန်ပင်းက ငါတို့အတွက် အမြဲတမ်း တည်ရှိမယ့် တည်နေရာကူးပြောင်းခြင်းအမှတ်တစ်ခု တည်ဆောက်ပေးခဲ့တာ။”
“အတိအကျပဲ။ သူတို့ကို ပြန်ဆက်သွယ်လိုက်။ ယီရန်ပင်း ကိုယ်တိုင် မရှိရင်တောင်မှ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို ငါတို့ဘက်ပါအောင် ဆွဲခေါ်ရမယ်။”
ထိုမဟာမိတ်အဖွဲ့များသည် အမြဲတမ်းတည်နေရာကူးပြောင်းမှုအတွက် ၎င်းတို့၏ စျေးနှုန်းများကို အပြိုင်အဆိုင် လျှော့ချခဲ့ကြသော်လည်း ဆုဝမ်ကမူ ယခင်ကအတိုင်း တစ်သမတ်တည်းသာ ပြန်လည်ဖြေကြားခဲ့သည်။
သူတို့သည် နောင်တဖြင့် အံကြိတ်နေကြရ၏။ အကယ်၍သာ ထိုနေ့နံနက် ဆုဝမ် ပထမဆုံး မက်ဆေ့ဂျ်ပို့စဉ်ကတည်းက သဘောတူခဲ့လျှင် ယခုကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။
သို့သော် နောင်တဆိုသည်မှာ ဆေးမရှိသဖြင့် ခါးသီးသောအသီးကိုသာ မျိုချခဲ့ကြရပေသည်။
ယခုအချိန်တွင် ရှောင်းယီတို့ သုံးဦးအဖွဲ့သည် ကုန်းမြေသစ်အတွင်းသို့ ကီလိုမီတာ တစ်ရာနီးပါး ချီတက်လာခဲ့ပြီးဖြစ်သည်။ သို့သော် မြေပြင်ပေါ်ရှိ အမှတ်အသားဆီသို့ ရောက်ရှိရန် အနည်းဆုံး ကီလိုမီတာ သုံးရာခန့် ကျန်ရှိနေသေးသည်။
၎င်းသည် လုံးဝအသစ်စက်စက် ကုန်းမြေဖြစ်သောကြောင့် ထင်ပေါ်လွန်းပါက ဒုက္ခကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပေသည်။ အကယ်၍ သူတို့သာ အပန်းဖြေစခန်းရှိ ကားများကို မောင်းနှင်လာနိုင်ပါက နေ့တစ်ဝက်အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။
ညဉ့်နက်လာပြီဖြစ်၍ သူတို့သုံးဦးသည် တဲထိုးကာ မိုးလင်းသည်အထိ အနားယူရန် ပြင်ဆင်လိုက်ကြသည်။
“ဒီခရီးစဉ်ပြီးရင်တော့ ရှီခုန်းဆီကနေ အစီအရင်တည်ဆောက်နည်းကို သင်ယူရမယ် ထင်တယ်။”
ရှောင်းယီက မီးပုံဘေးတွင်ထိုင်ကာ ပြောလိုက်သည်။
“ငါတို့သာ သုံးလေးနာရီအတွင်း တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်နိုင်ရင် အိမ်ပြန်ပြီး အိပ်လို့ရတယ်။”
ထိုစကားကိုကြားသောအခါ အန်းရန်က ရယ်မောလိုက်၏။
“ဒါပေါ့။ ပြီးတော့ စစ်ကူခေါ်ရတာလည်း လွယ်သွားမယ်။”
“ဒါဆို ပြန်ရောက်ရင် ရှီခုန်းကို သင်ပေးဖို့ အားလုံး ဝိုင်းပူဆာကြတာပေါ့။”
ကျန်းယွင်ထျန်းက သန့်စင်ထားသော ယုန်သားကို မီးပုံပေါ်တင်ရင်း ပြောလိုက်သည်။
သူတို့သည် ကုန်းမြေသစ်ကို စူးစမ်းရှာဖွေရာတွင် ပူပူနွေးနွေး အစားအစာ လိုအပ်မည်ကို သိသဖြင့် ဟင်းခတ်အမွှေးအကြိုင် အစုံအလင်ကို ယူဆောင်လာခဲ့ကြသည်။
မကြာမီ ကင်ထားသော ယုန်သားနံ့က သင်းပျံ့လာပြီး အမွှေးအကြိုင်များ ဖြူးလိုက်သောအခါ ရနံ့က ပို၍ပင် မွှေးကြိုင်လာခဲ့သည်။
ယုန်ကင်ကို စားသောက်ပြီးနောက် ရှောင်းယီနှင့် အန်းရန်တို့သည် တဲအတွင်းသို့ ဝင်ရောက်ကာ အနားယူကြလိုက်လေသည်။
ကျန်းယွင်ထျန်းသည်မူ ပထမဆုံး ကင်းစောင့်ရန် တာဝန်ယူလိုက်၏။ နောက်ထပ် လေးနာရီအကြာတွင် ရှောင်းယီက သူ့ကို လူစားလဲမည်ဖြစ်သည်။
သူသည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သစ်ပင်ကြီးတစ်ပင်ကို မှီကာ မျက်စိမှိတ်၍ အင်အားကို ထိန်းသိမ်းနေခဲ့သည်။
ထိုစဉ် ရုတ်တရက် သစ်ရွက်လှုပ်သံကြောင့် သူ နိုးကြားသွားခဲ့၏။ အရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရလေသည်။
သူသည် ထရပ်ကာ တဲပတ်ဝန်းကျင်ကို ပတ်ကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့သဖြင့် ပြန်ထိုင်လိုက်သည်။
ဝှစ်ရှ်
ထိုစဉ် လေထုကို ဖြတ်သန်းလာသော အသံတစ်ခု ထွက်ပေါ်လာ၏။ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ခြေထောက်ရှိ ဓားမြှောင်ကို ထုတ်၍ ပိုင်းချလိုက်လေသည်။
ခွက်
သစ်သားမြှားတစ်စင်းသည် နှစ်ပိုင်းပြတ်ကာ နှင်းများပေါ်သို့ ကျသွားခဲ့၏။
မြှားလာရာ အရပ်ဆီမှ သစ်ရွက်လှုပ်သံများသည်လည်း တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
သူသည် နောက်ယောင်ခံ မလိုက်သွားခဲ့ဘဲ ပြတ်တောက်သွားသော မြှားနှစ်ချောင်းကို ကောက်ယူကာ လေ့လာလိုက်သည်။
“သစ်သားသန့်သန့်ပဲ။ ဒီက ဒေသခံတွေက ပိုပြီး ခေတ်နောက်ကျကျန်နေပုံရတယ်။”
ရှောင်းယီ ရှာဖွေတွေ့ရှိခဲ့သော တိုက်ကြီးပေါ်ရှိ မြို့မှာတောင် မီးသေနတ်များ ရှိနေပြီဖြစ်ရာ ဤနေရာက အဘယ်ကြောင့် ဤမျှ ရှေးကျနေရသနည်း။
သို့သော် ဒေသခံများ ပို၍ ခေတ်နောက်ကျလေလေ ရိက္ခာနှင့် ပစ္စည်းများ ရယူရန် ပိုမိုလွယ်ကူလေလေ ဖြစ်ပေမည်။
သူသည် မီးပုံဘေးတွင် မျက်စိမှိတ်ကာ ပြန်လည် အခြေချလိုက်၏။ ည၏ ကျန်ရှိသော အချိန်များတွင် မည်သူမျှ နှောင့်ယှက်ခြင်း မရှိတော့ပေ။
လေးနာရီအကြာတွင် ရှောင်းယီသည် အချိန်မှန် နိုးလာခဲ့ပြီး အပြင်သို့ ထွက်လာလေသည်။ ကျန်းယွင်ထျန်းသည်လည်း ထရပ်လာခဲ့သည်။
“နှင်းတွေ ပိုသည်းလာပြီ။”
ရှောင်းယီက နှင်းပွင့်များကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်မိ၏။
ကျန်းယွင်ထျန်းသည် သူ၏အဝတ်အစားပေါ်မှ နှင်းများကို ခါချရင်း ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ကိုယ်ကျပ်ဝတ်စုံဝတ်ထားတော့ ဘာမှ သိပ်မခံစားရဘူး။”
ဤဝတ်စုံများသည် အပူချိန်ကို ပုံမှန်ထိန်းညှိပေးထား၏။ သူတို့၏ ပထမဆုံး ဆောင်းရာသီကို အသက်ရှင် ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ဤဝတ်စုံများကြောင့်သာဖြစ်သည်။ ထိုစဉ်က အအေးဒဏ်မှာ ယခုထက် ပို၍ပင် ပြင်းထန်ခဲ့သေးသည်။
ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။
“စောစောက ဧည့်သည်တွေ လာသေးလား။”
သူ တဝက်တပျက် အိပ်ပျော်နေစဉ်က ခဏတာ ရုန်းရင်းဆန်ခတ်ဖြစ်သံကို သတိထားမိခဲ့သည်။
“မြှားတစ်စင်း ပစ်ပြီးတော့ ထွက်ပြေးသွားကြတယ်။”
ကျန်းယွင်ထျန်းက ကျိုးနေသော မြှားတံကို ကမ်းပေးလိုက်၏။
ရှောင်းယီသည် သစ်သားသက်သက်ဖြင့် လုပ်ထားသော မြှားဦးကို ကြည့်ပြီး အံ့သြသွားခဲ့သည်။
“သံဦးတောင် မပါဘူးလား။”
ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်၏။
“သွားနားတော့။ ငါ ကင်းစောင့်လိုက်မယ်”
ရှောင်းယီက သူ့ကို လက်ဟန်ပြလိုက်သည်။ ထို့နောက် ကျန်းယွင်ထျန်း တဲထဲသို့ ဝင်သွားခဲ့၏။
ရှောင်းယီသည် သစ်ပင်ဆီသို့ လျှောက်သွားပြီး ကျိုးနေသော မြှားတံကို သစ်သားခေါက်အတွင်းသို့ ထိုးစိုက်လိုက်သည်။
ဖုန်း!
မြှားဦးသည် အလွယ်တကူ စိုက်ဝင်သွားခဲ့၏။
“ထက်လှချည်လား။”
သူ မြှားကို ပြန်ဆွဲထုတ်ပြီး သစ်သားကို ညှစ်ကြည့်ရာ ကျောက်ခဲကဲ့သို့ မာကျောနေသည်ကို တွေ့လိုက်ရလေသည်။ သူ၏ကိုယ်ကျပ်ဝတ်စုံပေါ်တွင် ဖိကြည့်လိုက်သော်လည်း ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ စိတ်ကျေနပ်သွားခဲ့ပြီး သူသည် သစ်ပင်ကို မှီပြီး ငြိမ်းတော့မည့် မီးပုံကို ကြည့်နေလိုက်လေသည်။
ခရက်!
ထိုစဉ် နှင်းထုဒဏ်ကြောင့် သစ်ကိုင်းတစ်ကိုင်း ကျိုးကျသံက သူ့ကို နိုးကြားစေသော်လည်း နောက်ထပ် ဘာမှ ဖြစ်မလာပေ။
သူ ခေါင်းသာ ခါလိုက်မိသည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ရေဒီယိုနှင့် ရုပ်သံဌာန (SSS အဆင့်) ၁။”
“ရေဒီယိုနှင့် ရုပ်သံဌာန (SSS အဆင့်) - ပြီးပြည့်စုံသော ထုတ်လွှင့်မှုနှင့် ရုပ်သံဆိုင်ရာ အဆောက်အဦးများ ပါဝင်သည်။ လည်ပတ်ရန် ဝန်ထမ်းများ လိုအပ်သည်။”
ရှောင်းယီ၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
“တစ်ခုတည်းနဲ့ အစုံပါတာပဲ။ ရေဒီယိုရော၊ TV ရော ဘောက်စ်တစ်ခုတည်းမှာပါနေတယ်။ ငါတို့ ပြန်ရောက်တာနဲ့ ဦးလေးအန်းယွဲ့ကို ထုတ်လွှင့်ရေးဌာန ဖွင့်ခိုင်းလို့ရပြီ။”
နောက်ထပ် လေးနာရီ ကြာပြီးနောက် နံနက် ၅ နာရီခွဲတွင် ကျန်းယွင်ထျန်းနှင့် အန်းရန်တို့ နိုးလာခဲ့ကြပြီး တဲများကို သိမ်းကာ ခရီးဆက်ခဲ့ကြလေသည်။
လမ်းတစ်လျှောက်တွင် ရတနာသေတ္တာ အများအပြားကို တွေ့ရသဖြင့် ၎င်းတို့ကို ဖွင့်ကာ ပစ္စည်းများကို သိမ်းဆည်းခဲ့ကြ၏။
ထိုနေ့တွင် သူတို့ ကီလိုမီတာ တစ်ရာ့ငါးဆယ် ခရီးပေါက်ခဲ့သည်။ သူတို့၏ S အဆင့်ကိုယ်ခံစွမ်းအားကြောင့်သာ ဤမျှ မြန်မြန် ဆက်သွားနိုင်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းရန် တောင်းပန်နေသော ပြည်ပမဟာမိတ်အဖွဲ့များသည် စျေးနှုန်းများကို ထပ်မံ လျှော့ချလိုက်ကြပြန်သည်။
ဆုဝမ်ကမူ သူတို့ကို မနေ့က အဖြေအတိုင်းသာ ပေးကာ ဆွဲထားလိုက်သည်။
သူတို့သည် ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ပျာယာခတ်နေခဲ့ကြလေသည်။ ဒေသခံ စစ်တပ်များသည် ကမ်းခြေသို့ ဦးတည်လာနေပြီဖြစ်ရာ အကယ်၍ ကမ်းခြေခံစစ်သာ ကျိုးပျက်သွားပါက သူတို့သည် ပင်လယ်ပြင်သို့ ပြန်လည်ဆုတ်ခွာရတော့မည်ဖြစ်သည်။
“ယီရန်ပင်းက ဘာလုပ်ချင်နေတာလဲ။ ငါတို့က တည်နေရာကူးပြောင်းမှုအမှတ်ကို အလကား ပေးရမှာလား။”
“ငါတို့ အခက်အခဲဖြစ်နေချိန်မှာ အချိန်ဆွဲနေတာက တကယ့်ကို ဒေါသထွက်စရာပဲ။”
“အဲဒီလူက တကယ့် စီးပွားရေးသမားပဲ။ ငါတို့ ထောင့်မှာပိတ်မိနေတာကို သူ သိနေတယ်။”
“တော်ပြီ... အလကားပဲ ပေးလိုက်တော့မယ်။ သူ လက်ခံမလား ကြည့်ရအောင်။”
ဆုဝမ်သည် အခမဲ့ အသုံးပြုခွင့် ကမ်းလှမ်းချက်များကို ဖတ်လိုက်ရပြီးနောက် အံ့သြသွားကာ အန်းယွဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
“ဦးလေးအန်း သူတို့က အခမဲ့ ရှယ်ယာတွေ ကမ်းလှမ်းနေတယ်။ ကျွန်မတို့ လက်ခံလိုက်တော့မလား။”
အန်းယွဲ့ အနည်းငယ်စဉ်းစားလိုက်သည်။
“လက်ခံရမှာပေါ့။ ကျွန်းပိုင်ရှင်ရှိရင်တောင် သူ သဘောတူမှာပဲ။ မေးစရာ ရှိတာက နောက်ပိုင်း ငါတို့ ဘာလုပ်မလဲ ဆိုတာပဲ။ သူတို့ အလကား ပေးနေတယ်ဆိုရင် သူတို့ တကယ့်ကို ဒုက္ခရောက်နေလို့ပဲ။ မဟုတ်ရင် ဒီလောက်အထိ အသည်းအသန် ဖြစ်နေမှာ မဟုတ်ဘူး။”
အခန်း ၈၀၄ - စစ်သည်များ စေလွှတ်ခြင်းနှင့် မေပယ်ရွက်နိုင်ငံ၏ ခရစ္စမတ်မဟာမိတ်အဖွဲ့
“တကယ်တော့ အခုအဓိကပြဿနာက သူတို့ရဲ့ သဘောတူညီချက်တွေကို လက်ခံပြီးပြီဆိုရင် သူတို့ရဲ့ လက်ရှိအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ငါတို့ဘက်က စစ်တပ်စေလွှတ်ပေးရမှာပဲ။”
ယွမ်နွန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ပြီးတော့ ဒီပြဿနာကို ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင်ဆိုတာက ကျန်းရွှဲ့တို့ဘက်က ဘယ်လောက်အထိ ကိုင်တွယ်နိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေတယ်။”
ကျန်းရွှဲ့သည် ယွမ်နွန်က သူမအကြောင်းကို ထည့်ပြောလိုက်သဖြင့် မျက်မှောင်ကျုံ့သွားခဲ့သည်။ သူမ လေ့ကျင့်ပေးထားသည့် တပ်ဖွဲ့အပေါ် ယုံကြည်မှုမရှိ၍မဟုတ်ဘဲ သူမသည် နည်းပြဆိုသည့် ရာထူးအဆင့်ရှိရုံသာဖြစ်ပြီး လက်အောက်ခံတစ်ဦးသာ ဖြစ်နေ၍ပင်။ အကယ်၍ ရှောင်းယီသာ သိသွားပါက ခွင့်ပြုချက်မရှိဘဲ စစ်တပ်ကို လှုပ်ရှားစေမှုမှာ မသင့်တော်မည်ကို သူမ စိုးရိမ်နေခြင်းဖြစ်သည်။
ကျန်းယွင်ထျန်း ရှိစဉ်ကမူ သူသည် စစ်တပ်ကို လှုပ်ရှားတိုင်း ရှောင်းယီထံတွင် အမြဲတမ်း အစီရင်ခံလေ့ရှိသော်လည်း ယခုမူ ရှောင်းယီထံသို့ တိုက်ရိုက်အစီရင်ခံရန် နည်းလမ်းမရှိပေ။
“တစ်ဖက်လူရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ စစ်တပ်ကို လှုပ်ရှားပေးတာက ကျွန်မဘက်မှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ကျွန်းပိုင်ရှင်ကို အစီမခံဘဲ အခုလို စစ်တပ်ကို လှုပ်ရှားတာက စည်းကမ်းနဲ့ ငြိစွန်းနေမလားလို့ပါ။”
ကျန်းရွှဲ့က သူမ၏ စိုးရိမ်ပူပန်မှုကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အန်းယွဲ့နှင့် အခြားသူများ ခေတ္တမျှ မှင်တက်သွားခဲ့ကြ၏။ သို့သော် ယွမ်နွန်က ပြုံးကာ ပြောလိုက်သည်။
“ကျန်းရွှဲ့ အများကြီး တွေးမနေပါနဲ့။ မင်း ဒီကျွန်းကို ရောက်တာလည်း မနည်းတော့ဘူး။ ကျွန်းပိုင်ရှင်က ဘယ်လိုလူစားလဲဆိုတာ မင်းလည်း မြင်နေရတာပဲ။ ငါတို့လုပ်နေတာတွေက မဟာမိတ်အဖွဲ့ ကောင်းကျိုးအတွက်နဲ့ ငါတို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင် ကျွန်းပိုင်ရှင်က အရင်လုပ်ပြီးမှ နောက်မှ အစီရင်ခံရင်တောင် အပြစ်တင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်းပိုင်ရှင် မသွားခင်ကလည်း ငါတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ပေးထားခဲ့တာပဲ မဟုတ်လား။ အဲ့ဒါကြောင့် တွေဝေမနေနဲ့တော့။ စစ်တပ်ကို စေလွှတ်လိုက်ပါ။”
“အဘိုးကြီးနွန် ပြောတာ မှန်တယ်။ ဒါက ငါတို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲ။ ကျွန်းပိုင်ရှင် ဘယ်တော့ ပြန်လာမလဲဆိုတာလည်း ငါတို့ မသိဘူး။ အဲ့ဒါကြောင့် စစ်တပ်စေလွှတ်ဖို့အတွက် လက်ထောင်ပြီး မဲခွဲကြရအောင်။ သဘောတူတဲ့လူ လက်ထောင်ကြ။”
အန်းယွဲ့က ဧည့်ခန်းထဲတွင် ထိုင်နေသူအားလုံးကို ကြည့်ကာ ပြောလိုက်သည်။
မမျှော်လင့်ဘဲ အားလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြ၏။
“ကျန်းရွှဲ့ ဒါဆိုရင် တွေဝေမနေနဲ့တော့။ စစ်တပ်ကို ချက်ချင်းစေလွှတ်လိုက်ပါ။ ပြီးတော့ ဒီတစ်ခါ ငါတို့နဲ့ ပူးပေါင်းချင်တဲ့ မဟာမိတ်အဖွဲ့တွေလည်း အများကြီး ရှိနေတယ် မဟုတ်လား။”
အန်းယွဲ့က ဆုဝမ်ကို ကြည့်ကာ မေးလိုက်သည်။ ဆုဝမ်က ခေါင်းငြိမ့်ပြလိုက်၏။
“အခုထိတော့ မဟာမိတ်အဖွဲ့ ငါးဖွဲ့က ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားပါတယ်။ သူတို့အားလုံးက ကျွန်မတို့ကို အခမဲ့တည်နေရာကူးပြောင်းခွင့်ပေးမယ်လို့ ပြောထားကြတယ်။”
“ကျန်းရွှဲ့ မဟာမိတ်အဖွဲ့တွေ ဒီလောက်များနေတာ မင်းတို့ဘက်က စီစဉ်ပေးနိုင်ပါ့မလား။”
အန်းယွဲ့က မေးလိုက်သည်။
“အဓိကအချက်က ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အတွင်းပိုင်း ကာကွယ်ရေးမှာ ဘာပြဿနာမှ မရှိစေဖို့ပဲ။”
“နားလည်ပါပြီ။”
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။
“မဟာမိတ် ငါးဖွဲ့တည်းဆိုရင်တော့ ပြဿနာမရှိပါဘူး။ သံချပ်ကာ စစ်သင်္ဘော ငါးစီးကို အဲဒီဘက်ကို သွားဖို့ စီစဉ်လိုက်ရင် ရပါပြီ။ မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးအတွက်ကတော့ စိတ်ချပါ။ ဘာပြဿနာမှ မရှိစေရဘူးလို့ ကျွန်မ အာမခံပါတယ်။”
“ဒါဆိုရင် ဆုဝမ် မင်း သူတို့ကို ပြန်ပြီးအကြောင်းကြားလိုက်ပါ။ ငါတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတယ်လို့ ပြောလိုက်။ သူတို့က ငါတို့ကို တည်နေရာကူးပြောင်းပေးဖို့ တာဝန်ယူရမယ်။ ပြဿနာကို ဖြေရှင်းပြီးသွားရင်တော့ လူတိုင်းက ကိုယ့်အရည်အချင်းနဲ့ကိုယ် နယ်မြေသစ်ကို စူးစမ်းလေ့လာကြတာပေါ့။”
အန်းယွဲ့က အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ ဆုဝမ်က လက်ခံလိုက်ပြီး ဧည့်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ ထိုလူများကို အကြောင်းပြန်လိုက်တော့လေသည်။
ယီရန်ပင်းဘက်က သဘောတူကြောင်း အကြောင်းပြန်လာသည်ကို မြင်လိုက်ရသောအခါ ထိုမဟာမိတ်အဖွဲ့များအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြ၏။
“ယီရန်ပင်း သဘောတူလိုက်ပြီဟေ့။ အရမ်းကောင်းတယ်။ အခု ငါတို့ နယ်မြေသစ်ကို ဆက်ပြီး စူးစမ်းလို့ ရပြီ။”
“အင်း ဒါပေမဲ့ ယီရန်ပင်းက တကယ့်ကို အမြတ်ကြီးစားတဲ့လူပဲ။ အရင်က သူ အုတ်မြစ်ကျောက်တွေ ပေးရမယ်ဆိုတုန်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပူးပေါင်းဖို့ ငြင်းနေပြီး အချိန်ဆွဲနေခဲ့တာ။ အခု အလကား ပို့ပေးမယ်ဆိုတော့မှပဲ ချက်ချင်း သဘောတူတော့တယ်။”
“ဒါက လူ့သဘာဝပဲလေ။ မင်းသာ သူ့နေရာမှာဆိုရင် တခြားသူတွေ တောင်းသလောက် အုတ်မြစ်ကျောက်တွေကို ဒီအတိုင်း ပေးလိုက်မှာလား။”
“အဲ... ငါလည်း အကောင်းဆုံးဈေးရအောင် ကြိုးစားမှာပေါ့။”
“ဒါဆိုရင် ပြီးပြီလေ။”
ကျန်းရွှဲ့သည် စစ်စခန်းသို့ ချက်ချင်းသွားကာ သံချပ်ကာ စစ်သင်္ဘောများအတွက် စစ်သည်အားလုံးကို စုရုံးလိုက်လေသည်။
“အားလုံးပဲ စစ်သည်ဆိုတာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားရတဲ့ ပညာတွေကို ဒီလိုအချိန်မျိုးမှာ အသုံးချဖို့ပဲ။ အခုက ငါတို့ မဟာမိတ်အဖွဲ့အတွက် အမှုထမ်းရမယ့်အချိန် ရောက်ပြီ။ သတ်မှတ်ထားတဲ့ တာဝန်တွေကိုတော့ ရောက်တဲ့အခါကျမှ အသေးစိတ် ညွှန်ကြားမယ်။”
ကျန်းရွှဲ့က စစ်သည်များကို ကြည့်ကာ ပြောလိုက်သည်။
“ကဲ... အခု သင်္ဘောပေါ် တက်ကြတော့။”
“ဟုတ်ကဲ့ပါ။”
လူတိုင်းက ကျယ်လောင်စွာ တုံ့ပြန်ကြပြီးနောက် သံချပ်ကာ စစ်သင်္ဘောများပေါ်သို့ တက်သွားကြတော့သည်။
ထို့နောက် ကျန်းရွှဲ့သည် သင်္ဘောကပ္ပတိန် ငါးဦးကို ညွှန်ကြားလိုက်၏။
“ဒီတစ်ခါ ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့က သူတို့နဲ့ တန်းတူညီမျှ ပူးပေါင်းဆောင်ရွက်တာပဲ။ မင်းတို့ အဲဒီဘက်ကို ရောက်ရင် နယ်မြေသစ်က ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ သူတို့ကို ကူညီပေးရဖို့ အခွင့်အလမ်းများတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်တွေကိုလည်း သတိထားဖို့ မမေ့နဲ့။”
“ဟုတ်ကဲ့”
ကပ္ပတိန် ငါးဦးက အလေးပြုလိုက်ပြီး သူတို့လက်ထဲရှိ မြို့ပြန်ကျောက်များကို အသက်သွင်းလိုက်ကြလေသည်။ သူတို့နှင့်အတူ စကားပြန် ငါးဦးလည်း လိုက်ပါသွားခဲ့ကြသည်။
ယခုတစ်ကြိမ် ပူးပေါင်းသည့်အဖွဲ့များမှာ နိုင်ငံခြား မဟာမိတ်အဖွဲ့များ ဖြစ်ပြီး စစ်သည်များက နိုင်ငံခြားဘာသာစကား မတတ်ကြသဖြင့် စကားပြန်များကိုပါ ခေါ်ဆောင်သွားရခြင်း ဖြစ်သည်။
စက္ကန့် ၂၀ ကြာပြီးနောက် ကပ္ပတိန်တစ်ဦးစီနှင့် စကားပြန်တစ်ဦးစီသည် ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းလိုသော မဟာမိတ်အဖွဲ့များ၏ သင်္ဘောများပေါ်သို့ ရောက်ရှိသွားခဲ့ကြလေသည်။
“မင်္ဂလာပါ...ကျုပ်က ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ သံချပ်ကာ စစ်သင်္ဘော ၀၀၇ က ကပ္ပတိန် ဝူကျန်းပါ။ ကျုပ်က ခင်ဗျားတို့နဲ့ ဆက်သွယ်ညှိနှိုင်းဖို့ လာခဲ့တာပါ။”
ဘေးရှိ စကားပြန်က ဝူကျန်း၏ စကားကို ချက်ချင်း ဘာသာပြန်ပေးလိုက်၏။ အခြားတစ်ဖက်မှလည်း ဝမ်းသာအားရ ပြောလာခဲ့သည်။
“မင်္ဂလာပါ ကျုပ် မေပယ်ရွက်နိုင်ငံရဲ့ ခရစ္စမတ်မဟာမိတ်အဖွဲ့က ခေါင်းဆောင်ဘင်ဂျမင်ပါ။”
နှစ်ဦးနှစ်ဖက် လက်ဆွဲနှုတ်ဆက်ပြီးနောက် ဝူကျန်းက ဆက်ပြောလိုက်သည်။
“အခု ကျုပ်တို့ သင်္ဘောကို လဲလှယ်ပြီး ဒီဘက်ကို ပို့ရပါမယ်။ ခင်ဗျားတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးဖို့ လိုအပ်တာမို့ အဲဒါကို လုပ်ဆောင်ပေးပါ။”
“ပြဿနာမရှိပါဘူး။”
ဘင်ဂျမင်က ပြန်ဖြေလိုက်သည်။
လုံခြုံရေးအတွက် ယခုကဲ့သို့ လဲလှယ်မှုများကို ငှားရမ်းသည့် စနစ်ဖြင့်သာ ပြုလုပ်ကြလေသည်။ အကယ်၍ တစ်ဖက်လူက သိမ်းပိုက်ရန် ကြိုးစားလာလျှင်ပင် ငှားရမ်းသည့်ကာလ ကုန်ဆုံးသွားသည်နှင့် သင်္ဘောသည် ပိုင်ရှင်ထံသို့ အလိုအလျောက် ပြန်ရောက်သွားမည်ဖြစ်သည်။
ဆုဝမ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လဲလှယ်မှုကို စတင်လိုက်ပြီး သံချပ်ကာ စစ်သင်္ဘောတစ်စီးကို ငှားရမ်းပေးလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ဘင်ဂျမင်သည် သံချပ်ကာ စစ်သင်္ဘော၏ အခြေခံ အချက်အလက်များကို မြင်လိုက်ရသဖြင့် အနည်းငယ် မနာလိုဖြစ်သွားခဲ့ရ၏။
သံမဏိဖြင့် လုံးဝပြုလုပ်ထားသည့် စစ်သင်္ဘောတစ်စီးမှာ သူတို့၏ သစ်သားသင်္ဘောများထက် အဆပေါင်းများစွာ သာလွန်နေလေသည်။
မနာလိုဖြစ်သွားခဲ့သော်လည်း ဘင်ဂျမင်သည် မိုက်မဲသည့်လုပ်ရက်များကို မပြုလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ယီရန်ပင်းသည် ရေလူသားနိုင်ငံ၏ အကြီးဆုံး မဟာမိတ်အဖွဲ့ဖြစ်သော အယ်လ်ဘန်ကို တစ်နာရီမပြည့်မီအချိန်အတွင်း အပြတ်အသတ် ချေမှုန်းခဲ့ဖူး၍ဖြစ်သည်။ သူတို့၏ အင်အားမှာ လုံးဝကို လွှမ်းမိုးထားနိုင်ခဲ့လေသည်။
ဘင်ဂျမင်သည် မေပယ်ရွက်နိုင်ငံတွင် ပျမ်းမျှအဆင့်ရှိသော မဟာမိတ်အဖွဲ့တစ်ခုသာဖြစ်သည်။ ထို့ကြောင့် ယီရန်ပင်းနှင့် ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နေခြင်းကသာ အကောင်းဆုံးဖြစ်ပြီး ထိုမှ စားကြွင်းစားကျန် အချို့ကိုပင် ရရှိနိုင်သေးသည်။
သံချပ်ကာ စစ်သင်္ဘောကို ငှားရမ်းပြီးနောက် ဘင်ဂျမင်၏ သင်္ဘောဘေးတွင် ဆိုက်ကပ်လိုက်သောအခါ ဘင်ဂျမင်နှင့် အခြားသူများသည် ဆေးသုတ်ထားသော စစ်သင်္ဘောကို ကြည့်ကာ အံ့ဩမှင်တက်သွားထဲ့ကြ၏။
“ဒီသင်္ဘောက လှလိုက်တာ။”
“အပြင်ဘက်မှာ အကာအကွယ်လွှာတစ်ခု ဖုံးအုပ်ထားသလိုပဲ။ ယီရန်ပင်းက ဒီလောက်များတဲ့ အရာတွေကို ဘယ်လိုများ ရခဲ့တာလဲ။ သူတို့ဆီမှာ အကာအကွယ် ဆေးလွှာတွေတောင် ရှိနေတာလား။”
“ယီရန်ပင်း မဟာမိတ်အဖွဲ့က တကယ့်ကို အင်အားကြီးတာပဲ။ ဒီစစ်သင်္ဘောကို ကြည့်တာနဲ့တင် သိနိုင်တယ်။”
ဘင်ဂျမင်သည်လည်း ထိုအချိန်တွင် အပြင်ထွက်လာခဲ့ပြီး စစ်သင်္ဘောကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ပြောလိုက်၏။
“မင်းတို့က အပြင်ပန်းကိုပဲ မြင်နေရတာ။ စောစောက လဲလှယ်မှုလုပ်နေတုန်းက ငါ သူ့ရဲ့ အချက်အလက်တွေကို မြင်ခဲ့တယ်။ ငါတို့ရဲ့ ရွက်လှေကြီးတွေက ဒါနဲ့ဆိုရင် ယှဉ်လို့တောင် မရဘူး။”
အားလုံး၏ အာမေဍိတ်သံများကြားတွင် ဝူကျန်းသည် သံချပ်ကာ စစ်သင်္ဘောပေါ်သို့ တက်သွားပြီး သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ရွက်လှေကြီး နှစ်စီးကို လဲလှယ်လိုက်လေသည်။
ထို့နောက် သူတို့သည် ရွက်လှေကြီးများပေါ်သို့ တက်ကာ ဘင်ဂျမင်အား ငှားရမ်းထားသော သံချပ်ကာ စစ်သင်္ဘောကို ပြန်ပေးခိုင်းလိုက်၏။ ထို့နောက်တွင်မှ ဝူကျန်းသည် ရွက်လှေကြီးများမှတစ်ဆင့် စစ်သင်္ဘောကို ကုန်သွယ်မှုဖြင့် ပြန်လည်ရယူလိုက်သည်။
ကြည့်ရသည်မှာ အလုပ်ရှုပ်ပုံရသော်လည်း လက်တွေ့တွင် လုပ်ဆောင်မှုမှာ အလွန်မြန်ဆန်ပြီး အရေးအကြီးဆုံးမှာ လုံခြုံစိတ်ချရခြင်းပင် ဖြစ်သည်။
လဲလှယ်လိုက်သော ရွက်လှေကြီးများကိုလည်း မီးခိုးရောင်ရင့်ရင့် ဆေးသုတ်ထားသဖြင့် ဘင်ဂျမင်၏ ရွက်လှေများနှင့် သိသိသာသာ ကွဲပြားနေခဲ့သည်။
သင်္ဘောလဲလှယ်မှု ပြီးဆုံးသွားသောအခါ စစ်သည်များကို တည်နေရာကူးပြောင်းခြင်းနှင့် ရိက္ခာလဲလှယ်မှုများကို ချက်ချင်း ဆက်လက်လုပ်ဆောင်လိုက်၏။
ဝူကျန်းသည် ထိုကိစ္စများကို အခြားသူများထံ လွှဲအပ်ထားခဲ့ပြီး သူကိုယ်တိုင်မူ မှန်ပြောင်းကို အသုံးပြုကာ သူတို့နှင့် ရှစ်ကီလိုမီတာခန့် အကွာအဝေးရှိ နယ်မြေသစ်၏ ကမ်းရိုးတန်းကို စောင့်ကြည့်လိုက်လေသည်။