အခန်း (၈၀၇-၈၀၈)
Vol. 64 Ch. 807-808
အခန်း ၈၀၇ - ကုန်းပေါ်တက်ခြင်း၊ ဂရုတစိုက်တွေးဆခြင်းနှင့် နောက်ယောင်ခံလိုက်ခံရခြင်း
ဒေသခံမျိုးနွယ်စုခေါင်းဆောင်သည် တုန်လှုပ်သွားသော်လည်း ကြောင်မနေဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဆုတ်ကြ၊ နောက်ကို ဆုတ်ကြ။”
သို့သော် ယခုတစ်ကြိမ်တွင် ဝူကျန်းသည် သူတို့ကို အလွယ်တကူ ဆုတ်ခွာခွင့်မပေးဘဲ အမိန့်ပေးလိုက်၏။
“ရှေ့ဘက်ကို အဆက်မပြတ် ဗုံးကြဲပြီး လမ်းဖွင့်ထားစမ်း။”
“ဟုတ်ကဲ့”
စစ်သင်္ဘောသုံးစီးသည် ကမ်းခြေသို့ ဦးတည်ခုတ်မောင်းရင်း အမြောက်ကျည်များကို တရစပ် ပစ်ခတ်တော့လေသည်။
ကမ်းခြေရှိ ဒေသခံများသည် သူတို့၏ ရဲဘော်ရဲဘက်များ အမြောက်ကျည်ထိမှန်ကာ အပိုင်းပိုင်းပြတ်ထွက်သွားသည်ကိုလည်းကောင်း၊ ပြတ်တောက်နေသော ခြေလက်များ ကြားထဲတွင်လည်းကောင်း ကြောက်လန့်တကြား အော်ဟစ်ရင်း နောက်သို့ ထွက်ပြေးကြတော့၏။ ဤကဲ့သို့ ငရဲခန်းသဖွယ် မြင်ကွင်းမျိုးကို သူတို့တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
စစ်သားများ ပိုမိုများပြားစွာ အော်ဟစ်ထွက်ပြေးလာသည်နှင့်အမျှ ဒေသခံစစ်တပ်မှာ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်သင်္ဘောသုံးစီးကြောင့် အပြတ်အသတ် ချေမှုန်းခံလိုက်ရတော့လေသည်။
ဘင်ဂျမင်နှင့် သူ၏လူများသည်လည်း နောက်မှကပ်လိုက်ကာ စိတ်ဓာတ်ကျနေသော ရန်သူကို အမိအရ တိုက်ခိုက်ကြတော့၏။
မကြာမီမှာပင် ဒေသခံစစ်တပ်ကို ခြောက်ကီလိုမီတာခန့်အထိ မောင်းထုတ်နိုင်ခဲ့ပြီးနောက် ဝူကျန်းတို့အဖွဲ့သည်လည်း ဗုံးကြဲခြင်းကို ရပ်တန့်လိုက်တော့လေသည်။
အမြောက်သံများ ငြိမ်သက်သွားမှသာ ဒေသခံမျိုးနွယ်စုခေါင်းဆောင်သည် အသက်ဝဝရှူရန် အခွင့်အရေးရတော့၏။ သူသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ထွက်ပြေးနေသော စစ်သားများကို ပြန်လည်စုစည်းလိုက်သည်။
“သူတို့ရဲ့ အမြောက်တွေက ဒီအထိပဲ ရောက်နိုင်တာ။ ငါတို့ ဒီနေရာကို အသေခံပြီး ခုခံရမယ်။ တကယ်လို့ သူတို့ ကျူးကျော်ဝင်ရောက်လာရင် ဘာဖြစ်မယ်ဆိုတာ ငါထပ်ပြောနေစရာ မလိုတော့ဘူး။”
ခေါင်းဆောင်က ထိတ်လန့်နေသော စစ်သားများကို ကြည့်ကာ ပြောလိုက်၏။ စစ်သားများက ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့ မထွက်ခွာမီကပင် မှော်ဆရာက ထိုသူစိမ်းများသည် နယ်မြေများကို လုယူကာ သူတို့၏ ရှင်သန်ရာနေရာကို ကျဉ်းမြောင်းအောင် လုပ်မည့် မိစ္ဆာများဖြစ်ကြောင်း ပြောပြထားခဲ့ပြီးဖြစ်သည်။ သူတို့ ထကြွတွန်းလှန်ကြရမည်။
“ငါတို့နောက်မှာ ငါတို့ရဲ့ နိုင်ငံ၊ ငါတို့ရဲ့ မြို့တွေနဲ့ မိသားစုတွေ ရှိတယ်။ သတ္တိမွေးကြစမ်း။”
ခေါင်းဆောင်က ဟစ်အော်လိုက်၏။
“ငါတို့ရဲ့ မိခင်မြေကို ကာကွယ်ကြ။ ကျူးကျော်သူတွေကို မောင်းထုတ်ကြ။”
ဒေသခံများသည် ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွလာပြီး ကျယ်လောင်စွာ အော်ဟစ်ကြတော့လေသည်။
ထိုစဉ် ကမ်းခြေရှိ အခြေအနေကို အကဲခတ်ပြီးနောက် ဝူကျန်းက အမိန့်ပေးလိုက်သည်။
“အခုချက်ချင်း ကုန်းပေါ်တက်မယ်။”
“ဟုတ်ကဲ့။”
သင်္ဘောသုံးစီး ကမ်းကပ်လိုက်ပြီးနောက် စစ်သည်သုံးဖွဲ့သည် ချက်ချင်း ပြေးထွက်သွားခဲ့ကြ၏။ သူတို့၏ လှုပ်ရှားမှုများမှာ တစ်ညီတစ်ညွတ်တည်း ရှိလှသည်။ ကုန်းပေါ်ရောက်သည်နှင့် သူတို့သည် ပတ်ဝန်းကျင်ကို သတိကြီးစွာထားကာ နေရာဖြန့်ယူလိုက်ကြတော့လေသည်။
ဘင်ဂျမင်သည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်သည်များကို ကြည့်ကာ အံ့ဩဘနန်း ပြောလိုက်မိ၏။
“ဒီယီရန်ပင်းက တကယ်ကို ထူးခြားတာပဲ။ ရေလူသားနိုင်ငံရဲ့ နံပါတ်တစ်မဟာမိတ်အဖွဲ့ကို အချိန်တိုအတွင်း အနိုင်ယူနိုင်ခဲ့တာက အဆင့်မြင့်လက်နက်တွေကြောင့်တင် မဟုတ်ဘူး။ သူတို့ရဲ့ စစ်တပ်ကလည်း တကယ်ကို ကြောက်စရာကောင်းလို့ပဲ။”
သူ့ဘေးရှိ လက်အောက်ငယ်သားကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
ကမ်းခြေတွင် စုစည်းပြီးနောက် စစ်သည်တစ်ဖွဲ့သည် ရှေ့သို့ ချီတက်သွားပြီး ကျန်အဖွဲ့များကမူ ဒေသခံများ၏ အလုံးအရင်းနှင့် တိုက်ခိုက်မှုကို ကာကွယ်ရန် ရိုးရှင်းသော ခံစစ်ခံတပ်များကို တည်ဆောက်လိုက်ကြသည်။ သူတို့တွင်လည်း ခံစစ်နေရာများ ရှိရပေမည်။
ဘင်ဂျမင်၏ အဖွဲ့သည်လည်း ကုန်းပေါ်တက်ကာ ဝူကျန်းတို့၏ လှုပ်ရှားမှုများကို အတုယူပြီး ခံစစ်ကျင်းများကို အတူတူ တူးလိုက်ကြ၏။
ယီရန်ပင်းမဟာမိတ်အဖွဲ့ကို လက်ခံထားသော နေရာအသီးသီးတွင်လည်း ဤကဲ့သို့ မြင်ကွင်းမျိုးများ ဖြစ်ပေါ်နေခဲ့သည်။
သို့သော် နေရာတိုင်းကတော့ ဤကဲ့သို့ သဟဇာတ ဖြစ်မနေခဲ့ကြပေ။
ချောင်းယန်နိုင်ငံ၏ ခြင်္သေ့ခေါင်းမဟာမိတ်အဖွဲ့ခေါင်းဆောင် ဝီလျံသည် သူတို့ကို ကူညီရန် ရောက်လာသော ယီရန်ပင်းတပ်ဖွဲ့၏ သံချပ်ကာ စစ်သင်္ဘောများကို ကြည့်ကာ စိတ်ထဲတွင် တစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ တွေးနေမိ၏။
“ဒါတွေကို လုယူရမယ်။ ဒီလို အဖိုးတန်တဲ့အရာတွေက ငါတို့ ခြင်္သေ့ခေါင်းမဟာမိတ်အဖွဲ့ကပဲ ပိုင်ဆိုင်ရမယ်။”
“ရိုဝမ် ငါတို့ စစ်သားတွေ တည်နေရာကူးပြောင်းပြီးပြီလား။”
ဝီလျံက လှည့်မေးလိုက်သည်။ ရိုဝမ်က ခေါင်းခါပြလိုက်သည်။
“လောလောဆယ် ကျုပ်တို့ဆီမှာ မြို့ပြန်ကျောက်တွေ နည်းနေသေးတယ်။ အားပြန်သွင်းရတဲ့ ဈေးကလည်း ကြီးနေတော့ လူအများကြီးကို အချိန်တိုအတွင်း မစုစည်းနိုင်သေးဘူး။ အခုချိန်မှာ ဇွတ်မလုပ်ဖို့ ကျုပ် အကြံပေးချင်တယ်။”
“ဒီလောက် အဆင့်မြင့်တဲ့ သင်္ဘောတွေကို မလုယူရရင် တကယ် နှမြောစရာပဲ။”
ဝီလျံ၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် ဖုံးလွှမ်းနေခဲ့၏။
“ဒါပေမဲ့ အယ်လ်ဘန်မဟာမိတ်အဖွဲ့တောင် ချေမှုန်းခံလိုက်ရတာနော်။”
ရိုဝမ်က မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။
“အဲဒါက အယ်လ်ဘန်က အင်အားနည်းလို့ပဲ။ ရေလူသားနိုင်ငံရဲ့ အင်အားက ငါတို့ ချောင်းယန်နိုင်ငံထက် ဘယ်လိုမှ မသာနိုင်ဘူး။ ဒါ့အပြင် ငါတို့ဆီမှာ ဝှက်ဖဲလည်းရှိသေးတယ် မဟုတ်လား။”
ဝီလျံက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ အဲဒီဝှက်ဖဲက သူတို့အပေါ် တကယ်ရော အလုပ်ဖြစ်ပါ့မလား။”
ရိုဝမ်က သံသယဖြင့် မေးလိုက်သည်။
“ဒါက အလစ်အငိုက်တိုက်ရမယ့် အင်အားပဲ။ ကျိန်းသေပေါက် အလုပ်ဖြစ်မှာပါ။ အရင်ဆုံး ငါတို့လူတွေကို တတ်နိုင်သမျှ များများသာ တည်နေရာကူးပြောင်းထားစမ်းပါ။ သူတို့ဘက်ကလည်း အချိန်တစ်ခု လိုဦးမှာပဲ။ ကမ်းခြေက ဒေသခံတွေကလည်း အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။”
ဝီလျံက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ရိုဝမ်သည် စိတ်မပါသော်လည်း ဝီလျံက ခေါင်းဆောင်ဖြစ်နေသဖြင့် ငြင်းဆန်၍ မရပေ။
ဝီလျံသည် ကမ်းခြေကို ဗုံးကြဲနေဆဲဖြစ်သော သံချပ်ကာ စစ်သင်္ဘောများကို စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။
“ယီရန်ပင်းက ဒီလို အဆင့်မြင့်ပစ္စည်းတွေကို ဘယ်ကနေ ရလာတာပါလိမ့်။”
ရှောင်းယီတို့အဖွဲ့သည် မြေပုံပေါ်ရှိ နေရာသို့ ဆက်လက်သွားနေကြသော်လည်း ပန်းတိုင်နှင့် နီးကပ်လာသည်နှင့်အမျှ တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသည်ဟူသော ခံစားချက်မှာ ပိုမိုပြင်းထန်လာခဲ့သည်။
ရှောင်းယီ ခဏခဏ နောက်လှည့်ကြည့်နေသဖြင့် အန်းးရန်က မေးလိုက်၏။
“တစ်ယောက်ယောက် ငါတို့နောက်ကို လိုက်နေတယ်လို့ ခံစားရလို့လား။”
“အင်း”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အားလုံး သတိထားကြ။”
“အင်း”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြီးနောက် သူတို့သည် ပန်းတိုင်နှင့် အလွန်နီးကပ်လာပြီဖြစ်သည်။
စောင့်ကြည့်ခံနေရသည့် ခံစားချက်မှာလည်း ပို၍ပင် ပြင်းထန်လာခဲ့သည်။ ရှောင်းယီသည် ရုတ်တရက် လှည့်ကာ ချုံပုတ်တစ်ခုဆီသို့ ပြေးသွားလိုက်၏။
မြေပြင်ပေါ်တွင် မနက်ကကဲ့သို့ပင် သိပ်မနက်သော ခြေရာနှစ်တန်းကို ထပ်တွေ့ရပြန်သည်။
“တစ်ခုခု တွေ့လို့လား။”
ကျန်းယွင်ထျန်းနှင့် အခြားသူများလည်း လိုက်လာခဲ့ကြသည်။
“ကြည့်ဦး ခြေရာနှစ်တန်း ထပ်တွေ့ပြန်ပြီ။”
ရှောင်းယီသည် သူ့ရှေရှိမြင်ကွင်းကို လက်ညှိုးထိုးပြလိုက်၏။
“ဒါက လူတစ်ယောက်တည်းပဲ ဖြစ်ရမယ်။”
ကျန်းယွင်ထျန်းသည် ခြေရာ၏ အရွယ်အစားနှင့် အနက်ကို လက်ဖြင့် တိုင်းထွာကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ငါတို့ တောက်လျှောက် နောက်ယောင်လိုက်ခံနေရတာပဲ။”
ရှောင်းယီ အံ့ဩသွားခဲ့သည်။ သူသည် SS အဆင့်ရှိသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သော်လည်း တစ်စုံတစ်ယောက် အနောက်က လိုက်နေသည်ကို သတိမထားမိခဲ့ပေ။ ယခုပင် ခံစားချက်အရ ဤဘက်သို့ ပြေးဝင်လာခဲ့ခြင်းဖြစ်သည်။
“နင်တောင် သတိမထားမိဘူးဆိုရင်တော့ ဒါက ကျွမ်းကျင်သူတစ်ယောက်ပဲ ဖြစ်ရမယ်။”
အန်းရန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ ရှောင်းယီ ခေါင်းခါလိုက်မိသည်။
“မသိဘူး။ တကယ်လို့ ကျွမ်းကျင်သူဆိုရင် ဘာလို့ ငါတို့နောက်ကို လိုက်ပဲလိုက်နေတာလဲ။”
“ငါတို့ ပန်းတိုင်နဲ့ နှစ်ကီလိုမီတာလောက်ပဲ ဝေးတော့တယ်။ ငါတို့နောက် လိုက်နေတဲ့သူရဲ့ ရည်ရွယ်ချက်ကို အရင်ဆုံး သိအောင်လုပ်ရမယ်။”
ကျန်းယွင်ထျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ရှေ့က တောင်ကုန်းလေးမှာ လုပ်ကြတာပေါ့။”
သူတို့ သုံးဦးစလုံး ရှေ့သို့ ဆက်လျှောက်သွားကြပြီး တောင်ကုန်းလေးကို ကွေ့ပတ်သွားကာ ပျောက်ကွယ်သွားခဲ့လေကြသည်။
ခဏအကြာတွင် ရှောင်းယီတို့ ပျောက်ကွယ်သွားသော နေရာ၌ သစ်ရွက်ထူထူများ ဖုံးအုပ်ထားသည့် သွယ်လျသည့် လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူမ၏ လက်ထဲတွင် လေးတစ်လက်ကို ကိုင်ထားခဲ့၏။ သို့သော် သူမ၏ ပေါ်ထွက်နေသော နားရွက်များမှာ ချွန်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုစဉ် သူမ၏ နားရွက်များ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ရုတ်တရက် သူမ၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူမသည် မယုံနိုင်စဖွယ် လျင်မြန်လှသော အရှိန်ဖြင့် ဘေးသို့ ခုန်ရှောင်လိုက်ကာ သူမ၏ ခြေရင်းရှိ နှင်းများထဲသို့ မြှားတစ်စင်း ပစ်ထည့်လိုက်လေသည်။
ထိုအချိန်မှာပင် နှင်းများထဲမှ လက်တစ်ဖက် ရုတ်တရက် ထွက်လာပြီး မြှားကို ဖမ်းဆီးလိုက်လေသည်။
နှင်းများထဲမှ လူသုံးဦး ရုတ်တရက် ရုန်းထွက်လာခဲ့ကြ၏။ ကျန်းယွင်ထျန်းသည် ဓားမြှောင်ကို ကိုင်ဆောင်ကာ ထိုသူ၏ လည်ပင်းသို့ တည့်တည့် ထိုးစိုက်လိုက်သည်။
အန်းရန်၏ မြှားသည်လည်း ပစ်လွှတ်လိုက်ပြီဖြစ်ကာ ထိုသူ၏ မျက်လုံးများဆီသို့ တည့်တည့် ဦးတည်နေခဲ့သည်။
ထိုသူသည် ခြေဖျားဖြင့် မြေပြင်ကို အသာအယာ တို့လိုက်ရုံဖြင့် တစ်ကိုယ်လုံး အလေးချိန်မရှိသလို နောက်သို့ လွင့်ထွက်သွားခဲ့၏။ ၎င်းသည် ပတ်ဝန်းကျင်ရှိ နှင်းပွင့်များကဲ့သို့ပင် ပေါ့ပါးလှသည်။
ရလဒ်အနေဖြင့် ကျန်းယွင်ထျန်း၏ ဓားမြှောင်မှာ လွဲချော်သွားခဲ့ပြီး အန်းရန်၏ မြှားသာလျှင် ထိုသူ၏ မျက်လုံးဆီသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။
ရှောင်းယီသည် သူ၏လက်ကို ဝေ့ယမ်းကာ ဖမ်းထားသော မြှားကို ပြန်ပစ်လိုက်၏။ ၎င်း၏ အရှိန်မှာ လေးနှင့် ပစ်လိုက်သော အန်းရန်၏ မြှားထက် မနိမ့်ကျပေ။
ထိုအခိုက်တွက် ထိုသူသည် ချက်ချင်းပင် မြှားနှစ်စင်းကို ဆွဲထုတ်ကာ လေးကြိုးတွင် တပ်၍ ပစ်လွှတ်လိုက်လေသည်။
ချွင်! ချွင်!
ကြည်လင်သော အသံနှစ်သံနှင့်အတူ သူမထံ ပျံသန်းလာသော မြှားနှစ်စင်းစလုံးကို သူမ ပစ်လိုက်သော မြှားများဖြင့် ပယ်ချလိုက်နိုင်ခဲ့၏။
ရှောင်းယီသည် စောစောက ထိုလူပစ်လိုက်သော မြှားကို ဖမ်းလိုက်ကတည်းက ဤသူမှာ ပထမဆုံးညက ကျန်းယွင်ထျန်းကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သူ ဖြစ်နိုင်ကြောင်း သိလိုက်တော့လေသည်။
အခန်း ၈၀၈ - နတ်သူငယ်တိုက်ကြီးနှင့် နတ်သူငယ်မျိုးနွယ်နှစ်မျိုး
မြှား၏ ပုံသဏ္ဌာန်နှင့် ဒီဇိုင်းဖြစ်စေ၊ ပြုလုပ်ထားသည့် ကုန်ကြမ်းဖြစ်စေ ကျန်းယွင်ထျန်း ချိုးပစ်ခဲ့သော မြှားနှင့် တစ်ထေရာတည်း တူညီနေခဲ့သည်။၎င်းမှာ လူတစ်ယောက်တည်း မဟုတ်လျှင်ပင် ပတ်သက်မှုတစ်ခုခု ရှိနေသည်မှာ သေချာသဖြင့် လက်တွန့်နေစရာ မလိုတော့ပေ။
တစ်ချိန်တည်းမှာပင် လက်မှတ်ထိုးဝင်ခြင်းစနစ်ထံမှ အချက်ပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“လေညင်းသံ (S အဆင့်): အလွန်ထူးချွန်သော လေးအတတ်ပညာနှင့် ဖျတ်လတ်သော ကိုယ်ဟန်ရှိသည့် နတ်သူငယ်အမျိုးသမီးတစ်ဦး။”
ရှောင်းယီက သူမကိုကြည့်ကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။
“မင်း ငါတို့ကို ဘာလို့ တိုက်ခိုက်တာလဲ။”
“နင်တို့ လူသားတွေထဲမှာ လူကောင်းတစ်ယောက်မှ မရှိဘူး။”
လေညင်းသံက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
ဘေးနားရှိ ကျန်းယွင်ထျန်းနှင့် အန်းရန်တို့သည်လည်း ယခုမှ လေညင်းသံ၏ ထူးခြားသော ရုပ်ရည်ကို သတိထားမိသွားခဲ့ကြလေသည်။ သူမ၏ လုံးဝနားမလည်နိုင်သော ဘာသာစကားနှင့် ပေါင်းစပ်လိုက်လျှင် ဤသည်မှာ မျိုးနွယ်စုအသစ်တစ်ခုဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။
ရှောင်းယီသည် လေညင်းသံကိုကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“ငါတို့က ဒီကို အခုမှ ရောက်တာ။ မင်းနဲ့ ဘာပဋိပက္ခမှ မရှိသေးဘူး။ ဒါတောင် မင်းက ငါ့ရဲဘော်တွေကို အရင် တိုက်ခိုက်ခဲ့တယ်။ ဒါဆို မင်းတို့ နတ်သူငယ်တွေထဲမှာလည်း လူကောင်းတစ်ယောက်မှ မရှိဘူးလို့ ငါ ယူဆလို့ရမလား။”
ကျန်းယွင်ထျန်းနှင့် အန်းရန်တို့သည် ရှောင်းယီ၏ စကားကို ကြားသောအခါ အံ့အားသင့်သွားပြီး အလျင်အမြန် မေးလိုက်ကြ၏။
“သူမက တကယ်ပဲ နတ်သူငယ်လား။”
ရှောင်းယီက ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်သည်။
“ဟွန့်... ငါတို့ နတ်သူငယ်တွေက ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ မျိုးနွယ်ပဲ။ စစ်ကို ခင်တွယ်တဲ့ နင်တို့ လူသားတွေနဲ့ အခြေခံကတည်းက ကွဲပြားတယ်။”
လေညင်းသံက ပြန်လည်ချေပလိုက်သည်။
“တကယ်ကို ကွဲပြားတာပဲ။ အနည်းဆုံးတော့ ငါတို့က အကြောင်းရင်းကို အရင်မေးတတ်တယ်။ မင်းကတော့ နတ်သူငယ်တွေရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ငါတို့ကို အကြောင်းမဲ့ သက်သက် တိုက်ခိုက်ခဲ့တာပဲ။ ဘယ်သူက စစ်ပွဲကို ပိုပြီးခုံမင်တာလဲ။”
ရှောင်းယီက ပြန်ပက်လိုက်၏။
“နင်...!”
လေညင်းသံသည် ရှောင်းယီ၏ စကားကြောင့် စွံ့အသွားပြီး စကားလမ်းကြောင်း လွှဲလိုက်တော့လေသည်။
“ဒါဆို နင်တို့ ငါတို့ရဲ့ နတ်သူငယ်တိုက်ကြီးမှာ ဘာလာလုပ်တာလဲ။”
“ဒါဆို ဒီတိုက်ကြီးက နတ်သူငယ်တိုက်ကြီးလို့ ခေါ်တာပေါ့။”
ရှောင်းယီက ခေါင်းငြိမ့်ရင်း ပြန်ဖြေလိုက်သည်။
“ငါတို့ဆီမှာ တွင်းထွက်သတ္တုကြော မြေပုံတစ်ခု ရှိလို့ လာရှာတာ။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား။”
“နတ်သူငယ်တိုက်ကြီးက ငါတို့အပိုင်ပဲ။ ဘယ်လိုလုပ် မဆိုင်ဘဲ နေမလဲ။”
လေညင်းသံက ပြန်ပြောလာခဲ့သည်။ ရှောင်းယီ မျက်ခုံးတစ်ဖက် ပင့်လိုက်မိ၏။
“ဒီတိုက်ကြီးက မင်းတို့ပိုင်တယ်ဆိုတာ ဘာနဲ့ သက်သေပြမှာလဲ။”
လေညင်းသံ ထပ်မံ စွံ့အသွားပြန်သော်လည်း ခေါင်းမာစွာဖြင့်ပင် ပြောလိုက်သည်။
“ဒီတိုက်ကြီးမှာ တခြားလူသားတွေ လုံးဝမရှိဘူး။ ငါတို့ နတ်သူငယ်တွေပဲ ရှိတယ်။ ဒါကို ငါတို့ပိုင်တာ မဟုတ်လို့ ဘယ်သူပိုင်မှာလဲ။”
ထို့အခါ ရှောင်းယီက မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“အခု ရှိသွားပြီလေ။ ကြည့်ရတာ ငါတို့ကလွဲလို့ တခြားလူသားတွေလည်း မရှိဘူးဆိုတော့ ဒီတိုက်ကြီးက ငါပိုင်တယ်လို့ ပြောလို့ရမလား။ ကလေးမလေး... မင်းတို့ နတ်သူငယ်တွေ နေထိုင်တဲ့နေရာကသာ မင်းတို့ပိုင်တာပဲ။ ကျန်တဲ့ နယ်မြေတွေက အများပိုင်တယ်။ ဒါက သဘာဝတရားက ငါတို့အားလုံးကို ပေးထားတဲ့ လက်ဆောင်ပဲ။ မင်း နားလည်လား။”
“နင်...ဟွန့်... ဘာပဲဖြစ်ဖြစ် ငါ ဒီမှာရှိနေသရွေ နင်တို့ကို ဒီမှာ ဘာမှ ဖျက်ဆီးခွင့် မပေးဘူး။”
လေညင်းသံသည် ရှေ့မှ လူသားကို စကားဖြင့် မယှဉ်နိုင်ကြောင်း သိသွားခဲ့လေသည်။
“ဒါနဲ့ နေပါဦး...။ နင်တို့ လူသားတွေက ငါပြောတာကို ဘယ်လိုဖြစ်လို့ နားလည်နေတာလဲ။”
လေညင်းသံသည် ရုတ်တရက် သတိဝင်လာကာ ရှောင်းယီကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။
“ဒါက ငါ့ရဲ့ ထူးခြားတဲ့ စွမ်းရည်ပဲ။”
ရှောင်းယီက ရိုးရှင်းစွာပင် လွှဲဖယ်ဖြေကြားလိုက်ပြီး သတိပေးလိုက်သည်။
“ငါတို့နောက်ကို ထပ်မလိုက်နဲ့တော့။ နောက်တစ်ခါဆိုရင် ငါတို့ ညှာတာနေမှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ကျန်းယွင်ထျန်းတို့နှင့်အတူ ထွက်ခွာလာခဲ့သည်။ လေညင်းသံသည် ရှောင်းယီတို့၏ ကျောပြင်ကို ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် နောက်မှ ဆက်လိုက်လာခဲ့ပြန်သည်။
“ကျွန်းပိုင်ရှင် သူ နောက်က လိုက်နေတုန်းပဲ။”
ကျန်းယွင်ထျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ရှောင်းယီနှင့် အန်းရန်တို့လည်း ၎င်းကို သတိထားမိပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် လေညင်းသံသည် ခိုးကြောင်ခိုးဝှက် လိုက်နေခြင်းမဟုတ်ဘဲ ဗြောင်ကျကျ လမ်းလျှောက်လာခြင်းကြောင့်ပင် ဖြစ်သည်။
ရှောင်းယီသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လေညင်းသံဘက်သို့ လှည့်ကြည့်လိုက်၏။ သူ စကားမပြောရသေးမီ လေညင်းသံက အရင်ဦးအောင် ပြောလိုက်သည်။
“ဒီတိုက်ကြီးက ငါတို့ပိုင်တာလည်း မဟုတ်၊ နင်တို့ပိုင်တာလည်း မဟုတ်ဘူးဆိုတော့ ငါ ဒီမှာ လမ်းလျှောက်တာကို နင်တို့ တားလို့မရဘူး။ ဟုတ်တယ်မလား။”
ရှောင်းယီ အနည်းငယ် ကြောင်သွား၏။ လေညင်းသံက သူပြောခဲ့သည့် စကားကိုပင် ပြန်သုံးပြီး သူ့ကို တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
“ပြီးရောလေ။”
ရှောင်းယီသည် ဤကိစ္စအတွက် အချိန်မဖြုန်းချင်တော့သဖြင့် ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။အကယ်၍ ရှောင်းယီသာ လေညင်းသံကို အမှန်တကယ် ဖမ်းဆီးချင်သည်ဆိုပါက အင်အားအချို့ သုံးရမည်ဖြစ်ပြီး ရူးသွပ်ဆေးလုံးကိုပင် သုံးရနိုင်ချေရှိသည်။ ၎င်းမှာ မထိုက်တန်လှပေ။ သူ့တွင် ပိုမိုအရေးကြီးသော အလုပ်များရှိနေသေးပေသည်။
“သူ့ကို ဒီအတိုင်း လွှတ်ထားလို့ ဖြစ်ပါ့မလား။ သူ ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“သူ ပြဿနာရှာရဲရင် ညှာတာမှုမရှိ သတ်ပစ်လိုက်ရုံပဲ။ အခုတော့ ရောက်အောင်ပဲ အရင်သွားကြရအောင်။”
ရှောင်းယီက ပြတ်သားစွာ ဖြေလိုက်သည်။
နောက်ဆုံးတွင် မှောင်ရီပျိုးစအချိန်၌ ရှောင်းယီတို့အဖွဲ့၏ ပန်းတိုင်သို့ ရောက်ရှိသွားခဲ့ကြလေသည်။
ထူးခြားသည်မှာ မြေပုံပါ နေရာတွင် နှင်းများ လုံးဝမရှိဘဲ ပတ်ဝန်းကျင်နှင့် အလွန်သိသာစွာ ကွဲပြားနေခြင်းဖြစ်သည်။
“စွမ်းအင်သလင်းကျောက်တွေမှာ ကြီးမားတဲ့ စွမ်းအင်တွေ ရှိတယ်လို့ ကြားဖူးတယ်။ မြေပြင်ရဲ့ အပူချိန်ကိုတောင် သက်ရောက်မှု ရှိနိုင်တာပဲ။ တကယ်ကို ထူးခြားတယ်။”
ရှေ့မှ မြေကွက်လပ်ကိုကြည့်ကာ ကျန်းယွန်းထျန်းက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“အရင်က ကမ္ဘာမှာဆိုရင် ဖုန်းရွှေပညာရှင်တွေ ပြောတာကို ငါကြားဖူးတယ်။ ဖုန်းရွှေကောင်းတဲ့ နေရာကို ရှာချင်ရင် နှင်းကျပြီးတဲ့နောက်မှာ ရှာရတာ အလွယ်ဆုံးပဲတဲ့။ နှင်းမတင်တဲ့နေရာ ဒါမှမဟုတ် နှင်းအလွှာ အရမ်းပါးတဲ့နေရာဟာ ဖုန်းရွှေကောင်းတဲ့ နေရာပဲ။”
“အဲလိုမျိုး ရှိတာလား။”
အန်းရန်က အံ့ဩစွာ မေးလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။
“အဲဒီတုန်းက တချို့လူတွေက မယုံဘဲနဲ့ ‘အခုခေတ်မှာ နှင်းမတင်တဲ့ နေရာဆိုတာ ရေမြောင်းပေါ် ဒါမှမဟုတ် အပူပေးပိုက်တွေ ရှိတဲ့နေရာပဲ’ လို့ အော်ပြောခဲ့ကြတာပေါ့။ အဲဒီတော့ ဖုန်းရွှေဆရာကလည်း ပြုံးပြီး ‘မင်းတို့ပြောတာလည်း ဟုတ်တာပဲ’ လို့ ပြန်ဖြေခဲ့ရတယ်။”
ကျန်းယွင်ထျန်းနှင့် အန်းရန်တို့မှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
“လူတွေရဲ့ ကြားဝင်ဆောင်ရွက်မှု မရှိဘဲနဲ့ နှင်းမတင်နိုင်ဘူးဆိုတာက ဒီမြေကြီးအောက်မှာ အပူချိန် တစ်ခုခုရှိနေတာကို ပြနေတာပဲ။ အဲဒါက မြေအောက်မှာ ထူးခြားတဲ့အရာ တစ်ခုခုရှိနေတယ်ဆိုတာ သွယ်ဝိုက်ပြီး ညွှန်ပြနေတာပေါ့။”
ရှောင်းယီက ဆက်ရှင်းပြလိုက်သည်။
“ဒါဆို နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။ ယခုတစ်ကြိမ်တွင် ဒေသခံများ၏ အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ စွမ်းအင်သလင်းတွင်းကို အလွယ်တကူ ရှာတွေ့ခဲ့သဖြင့် သူ အနည်းငယ် အံ့ဩနေခဲ့သည်။
လေညင်းသံကိုမူ သူ လျစ်လျူရှုထားလိုက်၏။
ရှောင်းယီ စကားပြောတော့မည်အပြုမှာပင် မျက်နှာတွင် ထူးဆန်းသော ပုံရိပ်များ ရေးဆွဲထားသည့် နတ်သူငယ်ဆယ်ဦး ရုတ်တရက် ခုန်ထွက်လာခဲ့ကြလေသည်။
“ဟေအာ (S အဆင့်): အမှောင်နတ်သူငယ်၊ ထူးခြားသောအကြောင်းပြချက်ကြောင့် ဗီဇပြောင်းလဲသွားကာ ရုပ်ရည်မလှပတော့သူများ။ အလင်းနတ်သူငယ်များ၏ ရန်သူတော်ဖြစ်ပြီး ပိုမိုတိုက်ခိုက်လိုစိတ် ရှိကြသည်။”
ရှောင်းယီသည် ခေါင်းဆောင်ဖြစ်သူကို ကြည့်လိုက်ရာ စနစ်က အချက်ပေးချက် ထုတ်ပြန်ပေးလာခဲ့သည်။
“ဘာလို့ နတ်သူငယ်တွေက တစ်သုတ်ပြီး တစ်သုတ် ထွက်လာနေရတာလဲ။”
ကျန်းယွင်ထျန်းက အနက်ရောင် ဝတ်ရုံကြမ်းများကို ဝတ်ဆင်ထားပြီး ဝတ်ရုံကြားမှ နားရွက်ချွန်များကို မြင်နေရသည့် နတ်သူငယ်များကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်၏။
အန်းရန်သည်လည်း လေးကို အသင့်ပြင်ထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောက်လာသူများမှာ ရည်ရွယ်ချက် မကောင်းမှန်း ထင်ရှားနေ၍ပင်။
“သူတို့က လေညင်းသံနဲ့ အမျိုးအစားမတူဘူး။ သူတို့က အမှောင်နတ်သူငယ်တွေပဲ။”
ရှောင်းယီက ပြောလိုက်သည်။
ဟေအာသည် ရှောင်းယီတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ လေညင်းသံကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“နင်က ငါတို့ အမှောင်နတ်သူငယ်တွေရဲ့ နယ်မြေထဲကို လူသားတွေကို ခေါ်လာတာလား။ ငါတို့ကို သတ်ပစ်ဖို့ တခြားသူကို အသုံးချနေတယ်ပေါ့။”
လေညင်းသံသည် ဟေအာတို့ကို မြင်သောအခါ အလွန်ထိတ်လန့်သွား၏။ သူမသည် ရှောင်းယီတို့နောက်ကို လိုက်ရင်း အမှောင်နတ်သူငယ်များ ထိန်းချုပ်ရာ နယ်မြေထဲသို့ ရောက်သွားလိမ့်မည်ဟု မထင်ထားမိပေ။
“မဟုတ်ဘူး... ငါ သူတို့ကို မသိဘူး။ သူတို့က သူတို့လက်ထဲက မြေပုံအရ လာရှာကြတာ။”
လေညင်းသံက ချက်ချင်း ပြန်ဖြေပြီးနောက် လေအရှိန်ဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့၏။
ဟေအာတို့ဘက်တွင် လူဆယ်ဦး ရှိနေသဖြင့် လေညင်းသံသည် အမှောင်နတ်သူငယ်များ၏ လက်ထဲသို့ မကျရောက်လိုပေ။
“နင်တို့ နှစ်ယောက် သူ့နောက်ကို လိုက်သွားပြီး ငါတို့နယ်မြေထဲကနေ မောင်းထုတ်လိုက်စမ်း။”
ဟေအာက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”