အခန်း (၈၀၉-၈၁၀)
Vol. 64 Ch. 809-810
အခန်း ၈၀၉ - ဟေအာကို ခြောက်လှန့်ခြင်း၊ ထူးဆန်းသောအခြေအနေနှင့် တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ခြင်း
အမှောင်နတ်သူငယ်နှစ်ဦး ထွက်ခွာသွားပြီးနောက် ဟေအာသည် ရှောင်းယီတို့ သုံးဦးကို စိုက်ကြည့်လိုက်သည်။
“တိုက်ခိုက်ကြ။”
ဟေအာသည် အပိုစကားမပြောဘဲ တိုက်ရိုက်အမိန့်ပေးလိုက်၏။
ဟေအာ၏ နောက်မှ နတ်သူငယ်များသည် တွေဝေမနေဘဲ လေးများကို ဆွဲကာ ရှောင်းယီတို့ထံသို့ မြှားများ ပစ်လွှတ်လိုက်ကြလေသည်။
ရှောင်းယီ၏ ကိုယ်ဟန်မှာ အနည်းငယ် လှုပ်ရှားသွားပြီး ပျံသန်းလာသော မြှားခုနစ်စင်းလုံးကို သူ၏ လက်ထဲတွင် ဖမ်းဆုပ်လိုက်၏။
ဤသည်မှာ ဟေအာကို မှင်တက်သွားစေခဲ့သည်။ သူသည် လူသားများနှင့် မကြုံခဲ့ဖူးသည်မဟုတ်သော်လည်း သူတွေ့ဖူးသမျှ လူသားများမှာ အလွန်အားနည်းပြီး စိတ်ကြိုက်သတ်ဖြတ်နိုင်သူများသာ ဖြစ်သည်။
သို့သော် ယနေ့မှာမူ လုံးဝကွဲပြားနေခဲ့သည်။ ရှေ့မှလူသည် သူ့အပေါ် ကြီးမားသော ဖိအားကို ပေးနေခဲ့လေသည်။ နတ်သူငယ်များ မလှုပ်ရှားမီက သူသတိမထားမိခဲ့သော်လည်း ယခု တိုက်ခိုက်လိုက်သည့်အခါမှ ရှောင်းယီမှာ သာမန်လူမဟုတ်ကြောင်း သူ ချက်ချင်း သိလိုက်ရလေသည်။
“ငါတို့က ဒီကို ရတနာရှာဖို့ လာခဲ့ရုံပဲ။ မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး။”
ရှောင်ယီက ဟေအာကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“တကယ်လို့ မင်းတို့က ဇွတ်တိုက်မယ်ဆိုရင်တော့ ငါဘက်လည်း ပြန်တိုက်ရလိမ့်မယ်။”
ပြောပြောဆိုဆိုနှင့် ရှောင်းယီသည် သူ၏ကျောတွင် လွယ်ထားသော ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်၏။
ရွှမ်းယွမ်ဓား ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟေအာနှင့် အခြားသူများသည် တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရပြီး အလိုအလျောက်ပင် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကြရလေသည်။
ဟေအာမှာ S အဆင့်ဖြစ်ပြီး အခြားအမှောင်နတ်သးငယ်များမှာ A အဆင့်များ ဖြစ်ကြသည်။ ရှောင်းယီ၏ အဆင့်မှာ သူတို့ထက် မြင့်မားနေသည့်အပြင် ရွှမ်းယွမ်ဓား၏ ဘုန်းတန်ခိုးနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့မှာ ကြီးမားသော ဖိအားကို ခံစားလိုက်ရခြင်းဖြစ်သည်။
ဤဖိအားအောက်တွင် သူတို့၏ ခွန်အားများမှာ တစ်စုံတစ်ရာ၏ ဖိနှိမ်ပ်ခြင်းခံထားရသကဲ့သို့ ခံစားနေကြရ၏။
ဟေအာက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“နင်တို့ရှာနေတဲ့ ရတနာက ဘယ်မှာလဲ။”
“အဲဒါကိုတော့ ငါ မပြောနိုင်ဘူး။”
ရှောင်းယီက အေးစက်စွာ ပြန်ဖြေလိုက်သည်။
ဟေအာသည် ထိုလူသုံးဦးကို ကြည့်လိုက်ရာ တစ်ဦးတစ်ယောက်မျှ အားနည်းသည့် အရိပ်အယောင် မရှိပေ။ ရှောင်းယီ၏ လက်ထဲမှ ဓားသာ မရှိပါက သူတို့ တိုက်ခိုက်ကြည့်ကောင်း တိုက်ခိုက်ကြည့်မိပေလိမ့်မည်။
ရှောင်းယီမှာ အဆင့်တစ်ဆင့် ပိုမြင့်နေသော်လည်း စစ်သည်နှင့် လေးသမားအဖြစ် မွေးဖွားလာကြသော နတ်သူငယ်မျိုးနွယ်၏ လျင်မြန်ဖျတ်လတ်မှုမှာ ရှောင်းယီထက်ပင် အနည်းငယ် သာလွန်နေ၏။
“အမှောင်မြို့တော်နဲ့ ဝေးဝေးနေသရွေ့တော့ နင်တို့ကို ရတနာရှာခွင့် ပေးနိုင်တယ်။ ဒါပေမဲ့ အမှောင်မြို့တော်နားကို ကပ်ဖို့ ကြိုးစားရင်တော့ ငါတို့လက်ထဲက မြှားတွေက ခွင့်လွှတ်မှာ မဟုတ်ဘူး။”
ဟေအာက ပြင်းထန်သော သတိပေးချက်ကို ပြောကာ ထွက်ခွာသွားခဲ့သည်။
ရှောင်းယီသည် သူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားလိုက်၏။ သူ၏ ပန်းတိုင်မှာ ရှေ့တည့်တည့်တွင် ရှိနေပြီဖြစ်သည်။ သူပြောသော မြို့မှာ ဘယ်နားမှန်း မသိသလို အဝေးကြီးမှာလည်း ဖြစ်နိုင်သည်။ ရတနာကိုသာ အာရုံစိုက် တူးဖော်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
သူတို့ သုံးဦးသည် နတ်သူငယ်များ ထွက်ခွာသွားသည်အထိ သတိဖြင့် စောင့်ကြည့်နေခဲ့ကြ၏။ ကျန်းယွင်ထျန်းက လျှောက်လာပြီး မေးလိုက်သည်။
“နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”
ရှောင်းယီသည် စွမ်းအင်သလင်းကျောက်တွင်း တစ်ဝိုက်ကို လျှောက်ကြည့်သော်လည်း စောင့်ကြပ်နေသည့် သားရဲတစ်ကောင်မျှ မတွေ့ရပေ။
“ဒါ တကယ် ထူးဆန်းတာပဲ။ အရင်တစ်ခါ ပင်လယ်အောက်က သလင်းကျောက်တွင်းမှာဆိုရင် ရွှမ်းဝူက စောင့်ကြပ်နေခဲ့တာ။ အခု ဒီမှာတော့ ယုန်ကလေး တစ်ကောင်တောင် မရှိဘူးလား။”
ရှောင်းယီက အံ့ဩစွာ ပြောလိုက်သည်။
“ဆောင်းရာသီမို့လို့လား။ အားလုံး ဆောင်းခိုနေကြတာများလား။”
အန်းရန်က ခန့်မှန်းကြည့်လိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“မသိဘူး၊ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဒါက သတ္တုကြောတစ်ခုဆိုတော့ သိုလှောင်မှု ပမာဏက တော်တော်များမှာပဲ။ ဒီနေရာကို စောင့်ကြပ်တဲ့ အဆင့်မြင့်သားရဲ တစ်ကောင်မှ တကယ် မရှိဘူးလား။”
“မြေအောက်ထဲ အရမ်းနက်လို့ ဖြစ်နိုင်သလို၊ ဒီနေရာမှာ SSS အဆင့်သားရဲတွေ မရှိတာလည်း ဖြစ်နိုင်တယ်။ တခြားအဆင့်တွေကတော့ ဒီအရာကို မခံစားမိကြဘူး ထင်တယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
“ဘယ်သူသိမှာလဲ။”
ရှောင်းယီက ပခုံးတွန့်ပြလိုက်သည်။
“လမ်းခရီးက ဒီလောက် ချောမွေ့ပြီး စောင့်ကြပ်တဲ့ သားရဲတွေ မရှိမှန်းသာ သိရင် လူအကုန်လုံးကို တစ်ခါတည်း ခေါ်လာခဲ့ပါတယ်။”
“ဟုတ်တယ် ဒီမှာ နတ်သူငယ်မျိုးနွယ်ကလွဲရင် တခြားဒေသခံတွေ မရှိဘူးလို့ မထင်ထားမိဘူး။”
အန်းရန်ကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အစက ရှောင်းယီသည် လမ်းခရီးတွင် တောရိုင်းသားရဲ အမျိုးမျိုးနှင့် တွေ့မည်ကို စိုးရိမ်ခဲ့သလို လူအင်အား များများခေါ်လာပါကလည်း ဒေသခံများ၏ အာရုံစိုက်မှုကို ခံရမည်ကိုလည်း စိုးရိမ်ခဲ့၏။ ယခုမူ သူ အများကြီး တွေးနေခဲ့ခြင်းသာ ဖြစ်ပြီး လမ်းခရီးမှာ အလွန် ချောမွေ့နေခဲ့သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ရန်ရန်၊ မင်း အရင်ပြန်လိုက်ဦး။ ရှီးခုန်းကို အသေးစား တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု ပြင်ခိုင်းပြီး လူတွေကို ကားနဲ့ ခေါ်လာခဲ့ခိုင်းလိုက်။”
အန်းရန်က ခေါင်းငြိမ့်ပြလိုက်သည်။ သူမနှင့် ကျန်းယွင်ထျန်း လိုက်ပါလာခြင်းမှာ သတင်းစကားများ ပေးပို့ရာ၌ အဆင်ပြေစေရန် ဖြစ်သဖြင့် ယခုအချိန်တွင် သူမ၏ အသုံးဝင်မှုကို သက်သေပြရမည့် အချိန်ပင်ဖြစ်သည်။
အမျိုးသားနှစ်ဦးသည် နှင်းများရှင်းထားသော မြေကွက်လပ်ပေါ်တွင် တဲများကို တိုက်ရိုက်ထိုးလိုက်ကြလေသည်။
အန်းရန်သည် မြို့ပြန်ကျောက်ကို သုံးကာ ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ လျင်မြန်စွာ ပြန်သွားခဲ့လေသည်။ ထို့နောက် သူမသည် ဒူခန်းကို ခေါ်ကာ ရှီးခုန်းကို ရှာခိုင်းလိုက်၏။
ရှီးခုန်းတွင် ဖုန်းမရှိသေးပေ။ ရှောင်းယီ ဤခရီးက ပြန်လာမှသာ သူ ဖုန်းရနိုင်ဖွယ်ရှိသည်။ ဝမ်ရှင်းဖုန်းသည် ဖုန်းများကို စတင်ထုတ်လုပ်နေပြီ ဖြစ်သော်လည်း အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် Chip (ချစ်ပ်ပြား) ကိုမူ မထုတ်လုပ်နိုင်သေးပေ။ ဇီဝဉာဏ်ရည်တု ချစ်ပ်ထုတ်လုပ်စက်ကိုမူ ရှောင်းယီက လူတိုင်းကို ကိုယ်ပိုင် မှတ်ပုံတင်ချစ်ပ်များ ပြုလုပ်ရန်သာ ခွင့်ပြုထားပြီး အခြားချစ်ပ်များအတွက်မူ သူကိုယ်တိုင်သာ မောင်းနှင်နေရဆဲဖြစ်သည်။
ရှီးခုန်းသည် သတင်းရသည်နှင့် အန်းရန်ကို ဆက်သွယ်လိုက်ရာ အန်းရန်သည် ရှောင်းယီ၏ ညွှန်ကြားချက်များကို ပြောပြလိုက်လေသည်။
“ဘယ်တော့လောက် အဆင်သင့်ဖြစ်မလဲ။”
အန်းရန်က မေးလိုက်သည်။ ရှီးခုန်းက ချက်ချင်းပြန်ဖြေလိုက်၏။
“အခုချက်ချင်း ထွက်လို့ရပါတယ်။ သမန်းဝံပုလွေမျိုးနွယ်စုဆီက ဖြုတ်ယူလာတဲ့ အသေးစား တည်နေရာကူးပြောင်းခြင်းအစီအရင်က ဂိုထောင်ထဲမှာ ရှိနေတယ်။ အဲဒါကို ယူသွားလိုက်ရုံပဲ။”
“ကောင်းပြီ။ ဒါဆို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာပေးပါ။ သေနတ်တွေနဲ့ ကားတွေကို ယူလာဖို့လည်း မမေ့နဲ့ဦး။”
အန်းရန်က တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ရှီးခုန်းသည် တည်နေရာကူးပြောင်းခြင်းအစီအရင် အစိတ်အပိုင်းများကို ယူကာ တပည့်လေးဦးကို ခေါ်ဆောင်ပြီး နတ်သူငယ်တိုက်ကြီး၏ ကမ်းရိုးတန်းသို့ ချက်ချင်း တည်နေရာကူးပြောင်းလိုက်၏။
ရှုံးတိသည် နတ်သူငယ်တိုက်ကြီး၏ စူးစမ်းလေ့လာရေးကို ကြီးကြပ်ရန် ရောက်ရှိနေပြီးဖြစ်သည်။ သူတို့ကို မြင်သောအခါ သူက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ကတော်က မှာထားပြီးသားပါ။ ကားတွေကို ကမ်းခြေမှာ ရပ်ထားပါတယ်။ ဒီမြေပုံအတိုင်း တည့်တည့်မောင်းသွားရုံပါပဲ။ လမ်းမှာ ကျွန်းပိုင်ရှင် ထားခဲ့တဲ့ အမှတ်အသားတွေ ရှိတယ်။ အဓိကကတော့ နှင်းတွေကို သတိထားပါ။ လမ်းမှာ ဖြည်းဖြည်းမောင်းကြဦး။”
“စိတ်မပူပါနဲ့။ ကျုပ် ခေါ်လာတဲ့လူတွေထဲမှာ လမ်းကြမ်းမောင်း ပြိုင်ပွဲဝင် ပညာရှင်တစ်ယောက် ပါတယ်။ သူက ဒီလို အခြေအနေမျိုးနဲ့ ကြုံဖူးတယ်လို့ ပြောတယ်။ အဆင်ပြေပါတယ်။”
ရှီခုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
“အင်း၊ ဘေးကင်းပါစေ။”
ရှီခုန်းသည် လူငါးဦးကို ဦးဆောင်ကာ မြေပုံနှင့် ရှောင်းယီ၏ အမှတ်အသားများအတိုင်း ပန်းတိုင်သို့ ထွက်ခွာသွားခဲ့သည်။
“ကားလို့ခေါ်တဲ့ ဒီအရာက တကယ် အံ့ဩဖို့ ကောင်းတာပဲ။ အပူတောင် ပေးနိုင်သေးတယ်။”
ဤသည်မှာ ရှီခုန်းအတွက် အပန်းဖြေဟိုတယ် ကြိုပို့ဘတ်စ်ကားကို ပထမဆုံးအကြိမ် စီးဖူးခြင်း ဖြစ်သည်။ အပြင်ဘက်တွင် နှင်းပွင့်များ လွင့်စင်နေသော်လည်း ကားထဲတွင်မူ နွေဦးကဲ့သို့ နွေးထွေးနေလေသည်။
“ဆရာ ကျုပ်တို့ ကမ္ဘာဟောင်းမှာဆိုရင် မိသားစုတိုင်းနီးပါးမှာ ဒါမျိုး တစ်စီးစီ ရှိကြတယ်။ အရမ်း အသုံးများတယ်။”
ယာဉ်မောင်း ရှောင်ကျောက်က ပြုံးကာ ပြောလိုက်၏။
“ဟုတ်မှာပါ။ ဒါပေမဲ့ ကျွန်းပိုင်ရှင်ရဲ့ တိုးတက်မှုနှုန်းနဲ့ဆိုရင် မကြာခင်မှာ ဒီအရာတွေက ကျုပ်တို့ မဟာမိတ်အဖွဲ့မှာလည်း ပေါများလာလိမ့်မယ်လို့ ကျုပ်ခံစားရတယ်။”
“ဟုတ်တယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့က နေ့တိုင်း ပြောင်းလဲနေတာ။ ဒါက အသက်ရှင်ဖို့ ရုန်းကန်နေရတာနဲ့တောင် မတူတော့ဘူး။ ကျွန်းပိုင်ရှင်က ဘဝကို လာပြီး အတွေ့အကြုံ ယူနေသလိုပဲ။”
“ကံကောင်းလို့ ငါတို့ ကျွန်းပိုင်ရှင်ရဲ့ ကျောထောက်နောက်ခံကို ရခဲ့တာပေါ့။ မဟုတ်ရင် ငါတို့လည်း ကိုယ့်ကျွန်းပေါ်မှာ ဒုက္ခရောက်နေဦးမှာပဲ။”
အဖွဲ့သားများသည် တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြလေသည်။ ရှောင်ကျောက်သည် လမ်းကြမ်းမောင်း ပညာရှင်ပီပီ တည်ငြိမ်မှုရှိရှိနှင့် အလွန်လျင်မြန်အောင် မောင်းနှင်နိုင်ခဲ့သည်။
သုံးနာရီမပြည့်မီအချိန်အတွင်းမှာပင် ရှီခုန်းတို့အဖွဲ့သည် ရှောင်းယီ၏ တဲအနီးသို့ ရောက်ရှိလာခဲ့ကြလေသည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့က သူတို့ကို ထွက်ကြိုလိုက်ကြသည်။
“ဒီလောက် ညဉ့်နက်နေတာကို အလုပ်လာလုပ်ခိုင်းမိလို့ အားလုံး ပင်ပန်းသွားကြပြီ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
“တည်နေရာကူးပြောင်းခြင်းအစီအရင်လေး လာတပ်ပေးရုံပါပဲ။ အရမ်း ရိုးရှင်းပါတယ်။”
ရှီခုန်းက လက်ကာပြရင်း ပြန်ဖြေလိုက်လေသည်။
“ရိုးရှင်းတယ် ဟုတ်လား။ ကောင်းတာပေါ့။ ကျုပ်နဲ့ အစ်ကိုကျန်းလည်း အခွင့်အရေးရတုန်း ဒါကို သင်ယူရမယ်။”
ရှောင်းယီက ထိုသို့ပြောကာ တည်နေရာကူးပြောင်းခြင်းအစီအရင် တပ်ဆင်ရာတွင် ဝိုင်းကူလိုက်ကြလေသည်။
အခန်း ၈၁၀ - တည်ဆောက်မှု အောင်မြင်ခြင်းနှင့် နတ်သူငယ်ဒဏ္ဍာရီများ
ရှောင်းယီက တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ပုံအား သင်ယူချင်သည်ဟု ပြောလိုက်သောအခါ ရှီခုန်း ခဏမျှ ကြောင်အသွားခဲ့၏။ ထို့နောက် သူသည် ချက်ချင်း ခေါင်းညိတ်ပြကာ အခြေခံအကျဆုံး သဘောတရားများမှစ၍ ရှင်းပြတော့လေသည်။
အခြားတပည့်များမှာ နားထောင်ပြီးသား ဖြစ်သော်လည်း ယခုအခါ နောက်တစ်ကြိမ် ထပ်မံ နားထောင်ကြရပြန်သည်။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် သူတို့၏ ခန္ဓာကိုယ်ဗီဇကို စမ်းသပ်ပြီးဖြစ်ရာ နှစ်ဦးစလုံးမှာ လေဟာနယ်ပါရမီကို ပိုင်ဆိုင်ထားကြသဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ပုံကို သင်ယူရာ၌ အခြေခံကောင်း ရှိပြီးသားဖြစ်သည်။
တည်ဆောက်နေစဉ်အတွင်း ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် သူတို့ သိလိုသည်များကို အဆက်မပြတ် မေးမြန်းခဲ့ကြပြီး ရှီခုန်းကလည်း တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။
အားလုံး ဝိုင်းဝန်းကူညီကြသဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုကို မကြာမီ တည်ဆောက်ပြီးစီးသွားခဲ့လေသည်။ အချိန်ကြည့်လိုက်ရာ နှစ်နာရီပင် မပြည့်သေးပေ။
အကယ်၍ ရှောင်းယီနှင့် ကျန်းယွန်းထျန်းကို ရှင်းပြနေရသည့် အချိန်သာ မပါဝင်ပါက ယခုထက် ပိုမိုမြန်ဆန်ပေလိမ့်မည်။
“ဒါဆို တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ရာမှာ အရေးအကြီးဆုံးက မှော်အစီအရင်ကို ရေးဆွဲတာပေါ့ ဟုတ်လား။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်သည်။
“ဟုတ်ပါတယ်။ အဲ့ဒါအပြင် အဓိကကျတဲ့ တည်နေရာကူးပြောင်းခြင်းဗဟိုချက်နဲ့ စွမ်းအင်သလင်းကျောက်တွေ ပါရင် ပြည့်စုံသွားပါပြီ။”
ရှီခုန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီနှင့် ကျန်းယွန်းထျန်းတို့ ခေါင်းငြိမ့်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလာသည်နှင့်အမျှ နားလည်သဘောပေါက်နိုင်စွမ်းမှာလည်း သာမန်လူများထက် များစွာ သာလွန်နေသဖြင့် တစ်ကြိမ် လေ့လာရုံဖြင့် အဓိက အချက်များကို မှတ်မိသွားကြပြီဖြစ်သည်။
အခွင့်အရေးရပါက သူတို့ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်နိုင်ပြီး ရှီခုန်းက ဘေးမှ လမ်းညွှန်ပေးပါက အဆင်ပြေနိုင်မည် ဖြစ်သည်။
“မဟာမိတ် ပင်မကျွန်းက အစီအရင်နဲ့ ချက်ချင်း ချိတ်ဆက်လိုက်ပါ။ အစ်ကိုကျန်း မင်း အရင်ပြန်ပြီး လူစုဆောင်းပြီးမှ တည်နေရာကူးပြောင်းပြီး ပြန်လာခဲ့။ ဒီနားမှာ သတ္တုတူးဖော်ရေး စခန်းတစ်ခု တည်ဆောက်ပြီး အခြေခံ အဆောက်အအုံတွေ ပြင်ဆင်ထားပါ။ အန်ဦးလေးဘက်က အကူအညီလိုရင် တိုက်ရိုက် ဆက်သွယ်လိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းသည် ချိတ်ဆက်ပြီးသား တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲသို့ ချက်ချင်း လှမ်းဝင်သွားပြီး ပျောက်ကွယ်သွားတော့လေသည်။
ရှောင်းယီက ရှီခုန်းတို့အဖွဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“ညဉ့်နက်နေပြီ။ ခင်ဗျားတို့လည်း ပြန်ပြီး နားကြတော့။”
ခရီးသွားချိန်နှင့် တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ချိန်ကို ပေါင်းလိုက်လျှင် ငါးနာရီကျော် ကုန်ဆုံးသွားပြီဖြစ်ရာ ယခုအခါ ည ၁၁ နာရီ နီးပါး ရှိနေပြီဖြစ်သည်။
“ရပါတယ်။ အခုပြန်ရင်လည်း ချက်ချင်း အိပ်ပျော်မှာ မဟုတ်ဘူး။ ကျွန်းပိုင်ရှင်နဲ့ ခဏလောက် ဒီမှာ အတူနေပါရစေဦး။”
ရှီခုန်းက ပြုံးကာ ပြောလိုက်၏။
“ကောင်းပြီလေ။”
ရှောင်းယီလည်း သူတို့ကို အားနာမနေတော့ပေ။
“ကျွန်းပိုင်ရှင် ဒီတိုက်ကြီးမှာ ဒေသခံတွေ လုံးဝ မတွေ့ရဘူးနော်။ ဒီမှာ လူတွေ မရှိဘူးလား။”
ယာဉ်မောင်း ရှောင်ကျောက်က စပ်စုလိုက်သည်။
သူသည် လမ်းတစ်လျှောက်လုံး ကားမောင်းလာခဲ့သော်လည်း ဒေသခံများ သို့မဟုတ် တောရိုင်းသားရဲများကိုပင် တစ်ကောင်မျှ မတွေ့ခဲ့ရပေ။
“ဒီတိုက်ကြီးကို နတ်သူငယ်တိုက်ကြီးလို့ ခေါ်တယ်။ ငါကြားတာတော့ ဒီမှာ နတ်သူငယ်တွေပဲ ရှိတယ်။ လူသားတွေ မရှိဘူး။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“နတ်သူငယ်တွေပဲ ရှိတာလား။ ဟို နားရွက်ချွန်ချွန်နဲ့ အရမ်းလှတဲ့ သတ္တဝါတွေလား။”
ရှောင်ကျောက်က အံ့ဩတကြီး မေးလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်။ အဲဒါတွေပဲ။ မင်းတို့ သူတို့နဲ့ မတွေ့ခဲ့တာ မဟုတ်ဘူး။ တွေ့ခဲ့ပေမဲ့ မသိလိုက်တာပဲ။”
“ဟမ်...”
ရှီခုန်းနှင့် အခြားသူများက ရှောင်းယီကို နားမလည်သလို ကြည့်လိုက်ကြ၏။ ရှောင်းယီက ပခုံးတွန့်ပြလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတို့ လမ်းတစ်လျှောက်လုံး နောက်ယောင် လိုက်ခံခဲ့ရတယ်လေ။ ဒါပေမဲ့ ငါတို့ သူတို့ကို သတိမထားမိခဲ့ဘူး။”
“အမ်...ကျွန်းပိုင်ရှင်လို အစွမ်းထက်တဲ့သူတောင် သတိမထားမိခဲ့ဘူးလား။”
ရှီခုန်းမှာ အလွန် အံ့ဩသွားခဲ့သည်။
“ကျုပ်ရဲ့စွမ်းအားက နည်းနည်းပဲ သာတာပါ။ အဲလောက်ကြီး မဟုတ်သေးပါဘူး။”
ရှောင်းယီက ခေါင်းခါယမ်းကာ ဆက်ပြောလိုက်သည်။
“သူတို့က သဘာဝအတိုင်း မွေးဖွားလာတဲ့ နတ်သူငယ်တွေလေ။ သူတို့ရဲ့ ခန္ဓာကိုယ်က ပေါ့ပါးပြီး အရမ်း လျင်မြန်တယ်။ သူတို့က ကျုပ်တို့ထက် အဆင့်တစ်ဆင့် နိမ့်နေရင်တောင် သူတို့ရဲ့ လျင်မြန်မှုက ကျုပ်တို့ကို ကျော်လွန်နိုင်တယ်။”
“ဘာ...။ အဆင့်နိမ့်နေတာတောင် သီးခြားစွမ်းရည်မှာ ကျုပ်တို့ကို ကျော်လွန်နိုင်တယ် ဟုတ်လား။ သူတို့က တကယ့်ကို နတ်ဘုရားရဲ့ အချစ်တော်ကလေးတွေပဲ။”
ရှီခုန်းက မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဒါဆို ရန်သူသာ ကျုပ်တို့နဲ့ အဆင့်တူနေရင် ကျုပ်တို့ အပြတ်အသတ် အနိုင်ယူခံလိုက်ရမှာပေါ့နော်။”
တစ်ဦးက လေသံတိုးတိုးဖြင့် မေးလိုက်၏။
“အဲဒီလို ပြောလို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကြည့်ရတာ မျိုးနွယ်စု တစ်ခုစီမှာ မတူညီတဲ့ အားသာချက်တွေ ရှိတာပဲ။ အဆင့်တစ်ခုတည်းနဲ့ စွမ်းအားကို တိုင်းတာလို့ မရဘူး။”
ရှီခုန်းက မှတ်ချက်ပေးလိုက်၏။
ပတ်ဝန်းကျင်ရှိ နှင်းဖုံးနေသော ရှုခင်းကို ကြည့်ရင်း ရှောင်ကျောက်က လွမ်းဆွတ်တမ်းတစွာဖြင့် ပြောလိုက်သည်။
“ကမ္ဘာဟောင်းမှာတုန်းကတော့ နတ်သူငယ်တွေဆိုတာ ဒဏ္ဍာရီထဲက သတ္တဝါတွေပဲ။ ဒီမှာ တကယ်ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒီနတ်သူငယ်တွေက ဘယ်ကနေ စတာပါလိမ့်။ ဘီလူးကြီးရဲ့ အလောင်းကလား၊ ဧဝရဲ့ မသန့်စင်ရသေးတဲ့ ကလေးတွေလား။ ဒါမှမဟုတ် သက်စောင့်သစ်ပင်ကနေလား။”
ရှောင်ကျောက်၏ စကားကို ကြားသောအခါ အားလုံးက သူ့ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
“နတ်သးငယ်တွေက ဘီလူးကြီးရဲ့ အလောင်းကနေ မွေးဖွားလာနိုင်တာလား။”
ရှောင်းယီလည်း စိတ်ဝင်စားသွားခဲ့သည်။
“ဟုတ်ကဲ့။ ဒါတွေက နတ်သူငယ်တွေရဲ့ အစနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ သုံးခုပါ။ တစ်ခုကတော့ နတ်သးငယ်တွေဟာ ဘီလူးကြီးရဲ့ အလောင်းကနေ မွေးဖွားလာပြီး ဘီလူးကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ ဖြစ်လာကြတာပါ။ အလင်းရောင်ရတဲ့ဘက်ကနေ မွေးဖွားလာသူတွေက အလင်းအနတ်သူငယ် ဖြစ်လာပြီး အမှောင်ဘက်ကနေ မွေးဖွားလာသူတွေက အမှောင်နတ်သးငယ်တွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။”
ရှောင်ကျောက်က ရှင်းပြလိုက်၏။
“ကျန်တဲ့ နှစ်ခုကကော။”
“ဒုတိယတစ်ခုကတော့ ဧဝက သူမရဲ့ ကလေးတွေကို ရေချိုးပေးနေတုန်း ဘုရားသခင် ရောက်လာတယ်တဲ့။ ဧဝက ရေမချိုးပေးရသေးတဲ့ ကလေးတွေကို ဝှက်ထားလိုက်တယ်။ ဘုရားသခင်က ‘မင်းရဲ့ ကလေးတွေ အကုန်စုံပြီလား’ လို့ မေးတော့ ဧဝက လိမ်ပြောလိုက်တယ်။ အဲဒါနဲ့ ဘုရားသခင်က စိတ်ဆိုးပြီး ဝှက်ထားတဲ့ ကလေးတွေကို နတ်သူငယ်တွေအဖြစ် ပြောင်းလဲပစ်လိုက်တာပါ။ နောက်ဆုံးတစ်ခုကတော့ သူတို့ဟာ သက်စောင့်သစ်ပင်ကြီးထဲကနေ မွေးဖွားလာတာဖြစ်ပြီး နတ်သမီး/နတ်သားတွေဖြစ်တဲ့အထိ အဆင့်တက်နိုင်ကညတယ်လို့ ဆိုပါတယ်။”
ရှောင်ကျောက်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ရှောင်းယီတို့မှာ ထိုဒဏ္ဍာရီများကို အံ့ဩစွာ နားထောင်နေခဲ့ကြလေသည်။ သူတို့ ကမ္ဘာဟောင်း၏ ဒဏ္ဍာရီများထဲတွင် စိတ်ဝင်စားစရာ အကြောင်းအရာများစွာ ရှိနေသည်မှာ အမှန်ပင်။
ဆယ်မိနစ်ခန့်အကြာတွင် ကျန်းယွင်ထျန်းသည် စစ်ကူများနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ စစ်သည် ၅၀၀ ခန့် ထွက်လာခဲ့ကြသည်။
၎င်းတို့နောက်တွင် ဆောက်လုပ်ရေးအဖွဲ့နှင့် လိုအပ်သော ကုန်ကြမ်းပစ္စည်းများလည်း ပါလာခဲ့သည်။
ရောက်လာသည်နှင့် သူတို့သည် ဆောက်လုပ်ရေးလုပ်ငန်းများကို ချက်ချင်းပင် စတင်လိုက်ကြတော့လေသည်။
ကျန်းယွင်ထျန်းသည် ထိုစစ်သည် ၅၀၀ ကို သတ္တုတွင်းစခန်း တစ်ဝိုက်တွင် ကာကွယ်ရေး အစီအမံများ ချထားခိုင်းလိုက်၏။
ရှောင်းယီသည် ဆောက်လုပ်ရေး အဖွဲ့ခေါင်းဆောင်ထံသို့ လျှောက်သွားလိုက်သည်။ ကျွန်းပိုင်ရှင် လာသည်ကို မြင်သောအခါ ခေါင်းဆောင်က ချက်ချင်းပင် နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ ကျွန်းပိုင်ရှင် ကျုပ်တို့ရဲ့ အလုပ်တွေကို လာရောက်ကြည့်ရှုပေးလို့ ဝမ်းသာပါတယ်ခင်ဗျာ။”
“ဒါက အသစ်ဖွဲ့ထားတဲ့ ဆောက်လုပ်ရေးအဖွဲ့လား။”
သူတို့၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ရင်း ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ်တို့အဖွဲ့ကို ဖွဲ့စည်းထားတာ တစ်ပတ်နီးပါး ရှိပါပြီ။ ဦးလေးအန်းက နေရာတိုင်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ဆောက်လို့မရနိုင်ဘူးလို့ ပြောပါတယ်။ ကျုပ်က အရင်က ဆောက်လုပ်ရေးလုပ်ငန်း လုပ်ခဲ့ဖူးတာဆိုတော့ သူက ကျုပ်ကို လူတစ်စုကို ဆောက်လုပ်ရေးအတတ်တွေ သင်ပေးခိုင်းထားတာပါ။”
ခေါင်းဆောင်က ပြုံးကာ ပြန်ဖြေလိုက်သည်။
ရှောင်းယီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။
‘ဦးလေးအန်းက တကယ့်ကို အမြော်အမြင်ရှိတာပဲ။ နောင်ကျရင် ငါတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားရမယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတာ သူများ ပေးထားတဲ့အရာပဲ။ တစ်နေ့နေ့မှာ သူတို့ ပြန်သိမ်းသွားရင် ငါတို့ ကိုယ့်အားကိုယ်ကိုးနိုင်မှ ဖြစ်မယ်။’
“အင်း ကောင်းတယ်။ ဆက်ပြီး ကြိုးစားကြပါ။ တခြားလူတွေကိုလည်း ပိုပြီးသင်ကြားပေးဦး။ နောင်ကျရင် ခင်ဗျားတို့ကို လိုအပ်မယ့် နေရာတွေ အများကြီး ရှိလာဦးမှာပါ။”
ရှောင်းယီက အားပေးစကား ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်၏။
ကျွန်းပိုင်ရှင်၏ အားပေးမှုကို ရရှိခဲ့သဖြင့် ဆောက်လုပ်ရေးအဖွဲ့မှာ ပို၍ပင် ကြိုးစားအားထုတ်လာကြတော့လေသည်။
ထိုစဉ် ကျန်းယွင်ထျန်းက သူ့နားသို့ လျှောက်လာခဲ့၏။
“ကာကွယ်ရေးအတွက် ပြင်ဆင်ပြီးပါပြီ။ ကျွန်းပိုင်ရှင် အရင်ပြန်နားလိုက်ပါ။ ငါ ဒီမှာ စောင့်ကြည့်လိုက်ပါ့မယ်။ ငါတို့မှာ သေနတ်တွေ ရှိနေတာဆိုတော့ နတ်သူငယ်တွေလည်း ငါတို့နားကို အလွယ်တကူ ကပ်နိုင်မှာ မဟုတ်ပါဘူး။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ထူးခြားတာရှိရင် ငါ့ကို ချက်ချင်း လာရှာလိုက်။”
ယခုအခါ တည်နေရာကူးပြောင်းခြင်းအစီအရင် ရှိနေပြီဖြစ်ရာ အသွားအပြန် လုပ်ရသည်မှာ အလွန် အဆင်ပြေသွားပြီ ဖြစ်သည်။
“ဟုတ်ကဲ့”
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် သူ၏ ကျွန်းသို့ ပြန်သွားခဲ့၏။
သူ ပြန်ရောက်သောအခါ လူတိုင်း အိပ်ရာမဝင်ကြသေးသည်ကို တွေ့လိုက်ရသဖြင့် ရှောင်းယီက အံ့ဩသွားခဲ့သည်။
“ညဉ့်နက်နေပြီလေ အမြန်သွားအိပ်ကြတော့လေ။”
“ကျွန်းပိုင်ရှင် ငါတို့ အရေးတကြီး ပြောစရာတစ်ခု ရှိတယ်။”
အန်ယွဲ့က လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။
ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။ သူတို့ကို ကြည့်လိုက်ရာ ဘယ်သူမှ ဒဏ်ရာရထားခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း မရှိချေ။
“သေရေး၊ရှင်ရေးကိစ္စ မဟုတ်ဘူးဆိုရင် မနက်မှ ပြောကြမယ်။”
သူက ပြန်ပြောလိုက်လေသည်။