← Chapters

အခန်း (၈၁၁-၈၁၂)

Vol. 65 Ch. 811-812

အခန်း (၈၁၁-၈၁၂)

Vol. 65 Ch. 811-812

အခန်း ၈၁၁ - လက်ပစ်ဗုံး၊ နှစ်ဆတိုးလာသောဆုလာဘ်နှင့် အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်

“စကားနည်းနည်းပဲ ပြောမှာပါ။ ခဏလေးပါပဲ။”

အန်းယွဲ့က အတင်းအကြပ်ဆိုသည်။

အပေါ်ထပ်သို့ တက်တော့မည့် ရှောင်းယီသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြန်လှည့်လာကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ရတော့လေသည်။

“ကောင်းပြီ၊ ကောင်းပြီ... ခင်ဗျားတို့ပြောတာကို ကိုပ်နားထောင်နေတယ်။”

အန်းယွဲ့နှင့် ကျန်လူများက မတ်တပ်ထရပ်လိုက်ကြ၏။ ထို့နောက် အန်းယွဲ့က ကိုယ်စားလှယ်အဖြစ် ရှေ့ထွက်၍ ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင်... ဖြစ်ပုံက ဒီလိုပါ။ ကျွန်းပိုင်ရှင် ကျွန်းပေါ်မှာမရှိတဲ့အချိန်မှာ ကျုပ်တို့ ကျွန်းရဲ့တပ်မတော်ကို ခွင့်ပြုချက်မရဘဲ အသုံးပြုခဲ့မိပါတယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီ ခဏတာ ကြောင်အသွားခဲ့ပြီး နောက် မျက်လုံးကို အသာလှန်လိုက်မိကာ ပြောလိုက်သည်။

“ဒါပဲလား။ ကျုပ်က ကျုပ်ကို ရာထူးကနေ ဖြုတ်ချဖို့ ကြံစည်နေကြတာလားလို့တောင် ထင်မိသွားခဲ့တာ။ ကျုပ် မထွက်ခွာခင်ကတည်းက ကျွန်းပေါ်က ကိစ္စအဝဝကို ခင်ဗျားတို့ဘာသာ ဆုံးဖြတ်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”

“ကျွန်းပိုင်ရှင် အဲဒီလိုပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ စစ်တပ်ကို စေလွှတ်တာက ကြီးမားတဲ့ကိစ္စဖြစ်တဲ့အတွက် ထိန်းချုပ်မှုတော့ ရှိသင့်တယ် ထင်လို့ပါ။”

အန်းယွဲ့က တည်ကြည်စွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ ကျုပ်နားလည်ပြီ။ ဒီတစ်ခေါက် စစ်တပ်ကို စေလွှတ်ဖို့ကို အားလုံးက သဘောတူခဲ့ကြတာ မဟုတ်လား။”

ရှောင်းယီက မေးလိုက်၏။

အန်းယွဲ့နှင့် ကျန်လူများက ခေါင်းညိတ်ပြလိုက်ကြသည်။

“အနာဂတ်မှာ ကျုပ်မရှိတဲ့အချိန်မှာ ခင်ဗျားတို့အားလုံး တညီတညွတ်တည်း သဘောတူတယ်ဆိုရင် စစ်တပ်ကို အသုံးပြုလို့ရတယ်။ တစ်ယောက်ယောက်က ကန့်ကွက်မယ်ဆိုရင်တော့ အသုံးပြုလို့မရဘူး။”

ရှောင်းယီက ထပ်လောင်းပြောကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

လူတိုင်းက ပြိုင်တူပြန်ဖြေကြ၏။

“ဒါနဲ့ ဒီတစ်ခေါက် ဘာကိစ္စကြောင့် စစ်တပ် စေလွှတ်ရတာလဲ။”

ရှောင်းယီ အတော်လေး စိတ်ဝင်စားသွားခဲ့သည်။

စစ်တပ်လွှတ်ရသည်ဆိုမှတော့ မဟာမိတ်အဖွဲ့အတွင်းမှ စစ်ပွဲမဖြစ်နိုင်ပေ။ ရှားနိုင်ငံအနီးရှိ တိုက်သစ်နှင့် ဒေသခံများကြားမှ တိုက်ပွဲငယ်လေးများသည်လည်း စစ်တပ်အင်အားအလုံးအရင်းနှင့် စေလွှတ်ရန် မလိုအပ်သေးပေ။

မည်သည့်အခြေအနေက စစ်တပ်စေလွှတ်ရန် လိုအပ်သွားသနည်းဟု သူသိချင်နေမိသည်။

အန်းယွဲ့က ရှင်းပြလာခဲ့သည်။

“ကျွန်းပိုင်ရှင် မာတင့်ဆီကို သွားပြီးမကြာခင်မှာပဲ တိုက်သစ်တွေကို ရှာဖွေတွေ့ရှိတဲ့ တခြားမဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလာကြတယ်။ အစပိုင်းမှာတော့ သူတို့က တည်နေရာကူးပြောင်းခတွေ အများကြီး တောင်းချင်နေခဲ့ကြသေးတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့က ကျုပ်တို့နဲ့ အခမဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ။”

“အခမဲ့လား။ သူတို့က ငါတို့ကို သေနတ်တစ်လက်လို အသုံးချဖို့ ကြံနေတာပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

အန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်၏။

“ဟုတ်တယ်။ အဲဒီတုန်းက ကျုပ်တို့လည်း အဲဒီလိုပဲ တွေးခဲ့ကြတယ်။ ဒါပေမဲ့ တိုက်သစ်တစ်ခုက ကျုပ်တို့ရှေ့မှာ ရောက်နေတာလေ။ အဲဒီကိုသွားခွင့်ရမယ့် အခွင့်အရေးက ရရှိမယ့်အကျိုးကျေးဇူးက စွန့်စားရတာထက် အများကြီး သာလွန်နေတယ်။ အဲ့ဒါကြောင့် ကျုပ်တို့ စုပေါင်းပြီး စစ်တပ်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။”

“အင်း... အဲဒီဆုံးဖြတ်ချက်က ကောင်းတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“တိုက်သစ်တစ်ခုက တကယ်ပဲ အကျိုးအမြတ် အင်မတန်များတယ်။”

“ရှေ့တန်းက သတင်းတွေအရတော့ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို အခြေခံအားဖြင့် တွန်းလှန်နိုင်ခဲ့ပြီလို့ သိရပါတယ်။”

ကျန်းရွှဲ့က ဝင်ပြောလိုက်သည်။

“ဒါပေမဲ့ တချို့မဟာမိတ်အဖွဲ့တွေက သိပ်ပြီးတော့ မရိုးသားဘူးလို့ ခံစားနေရတယ်။”

“အို... မရိုးသားတဲ့ အဖွဲ့တွေ ရှိသေးတယ်လား။ ပြီးခဲ့တဲ့တစ်ခေါက် အယ်လ်ဘန်မဟာမိတ်အဖွဲ့ ပျက်စီးသွားတာကို သူတို့ သင်ခန်းစာ မရသေးဘူး ထင်တယ်။”

ရှောင်းယီက ရယ်မောရင်း ဆိုသည်။

“ဟုတ်ပါတယ်။ တကယ်လို့ တခြားအဖွဲ့က တစ်ခုခု လှုပ်ရှားလာမယ်ဆိုရင် ကျွန်မတို့ဘက်က မိုးကြိုးလို ပြင်းထန်တဲ့ အင်အားနဲ့ ချေမှုန်းပစ်မှာပါ။”

ကျန်းရွှဲ့က ပြောလိုက်သည်။

“ကောင်းပြီ။ လောလောဆယ်တော့ ခင်ဗျားတို့ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့။ အချိန်လည်း တော်တော်နှောင်းနေပြီ။ အားလုံး သွားနားကြတော့... ကျန်တာတွေကို မနက်ဖြန်မှ ဆက်ပြောကြမယ်။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် အိပ်ခန်းသို့ ပြန်လာခဲ့သည်။

အိပ်ခန်းထဲရောက်သော် ရှောင်းယီသည် ကျွန်းအထိမအမှတ်ကျောက်တိုင်တွင် လက်ပစ်ဗုံးပုံစံကွက်ကို အသုံးပြုလိုက်ပြီး လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ကြည့်လိုက်သည်။

【လက်ပစ်ဗုံး】 (S အဆင့်): ယမ်းမှုန့် ၁၊ သံ ၂၊ ကြေးနီ ၀.၁၊ ခဲ ၀.၂၊ အခြားပစ္စည်းများ ၁”

လက်ပစ်ဗုံးအတွက် လိုအပ်ချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့၏။

“ဘာလို့ အခြားပစ္စည်းတွေပါ လိုအပ်နေတာလဲ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သူ၏မေးခွန်းကို မဖြေနိုင်သော်လည်း စနစ်၏အချက်ပေးသံ ထွက်ပေါ်လာခဲ့လေသည်။

“အခြားပစ္စည်းတွေ ထည့်သွင်းခြင်းအားဖြင့် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံး၊ အဆိပ်ငွေ့ဗုံး စတဲ့ အခြားရည်ရွယ်ချက်သုံး လက်ပစ်ဗုံးတွေအဖြစ် ဖန်တီးနိုင်ပါတယ်။”

ဤရှင်းပြချက်က ရှောင်းယီကို ချက်ချင်းပင် သဘောပေါက်သွားစေခဲ့သည်။

“အို... ဒါကိုသုံးပြီး တခြား အထူးလက်ပစ်ဗုံးတွေ လုပ်လို့ရတယ်ပေါ့။ ငါက ရှေးဟောင်းသစ်သားလက်ကိုင် လက်ပစ်ဗုံးတွေပဲ လုပ်လို့ရမယ် ထင်နေတာ။”

ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လက်ပစ်ဗုံးအချို့ကို ထုတ်လုပ်လိုက်လေသည်။

“ဒါက လက်ပစ်ဗုံးပဲ။ သစ်သားလက်ကိုင်ဗုံး အဆင့်ကို ကျော်လွန်သွားပြီ။”

ရှောင်းယီက သူ့လက်ထဲက ဗုံးကိုကြည့်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

အနာဂတ်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့၌ တိုက်ခိုက်ရေးလက်နက်သစ်တစ်ခု တိုးလာပြီဖြစ်သည်။ သို့သော် မဟာမိတ်စစ်သည်များအနေဖြင့် ပိုမိုလေ့ကျင့်ရန်တော့ လိုအပ်နေသေးပေသည်။

အဘယ်ကြောင့်ဆိုသော် ဤလက်ပစ်ဗုံးများသည် ထိတွေ့ပေါက်ကွဲသည့် အမျိုးအစားမဟုတ်ဘဲ အချိန်ကိုက်ဖောက်ခွဲသည့် အမျိုးအစားများ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ဗုံးကို မည်သည့်အချိန်တွင် ပစ်ရမည်ကို တိကျစွာ သိရှိထားရန် လိုအပ်ပေသည်။

အရင်ကမ္ဘာက PUBG ဂိမ်းကစားသလိုမျိုး အနည်းဆုံးတော့ ဗုံးပစ်ရမယ့် အချိန်မှန်ကို သိထားရမည်ဖြစ်သည်။

ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကဲ့သို့ ကျွမ်းကျင်သူနှစ်ယောက်က စစ်သည်များကို သင်ကြားပေးရမည်ဖြစ်ပြီး ရှောင်းယီကိုယ်တိုင်လည်း သင်ယူရန် လိုအပ်ပေသည်။

စနစ်၏ လမ်းညွှန်ချက်များ ရှိသော်လည်း ရှောင်းယီအနေဖြင့် PUBG ဂိမ်းထဲကလို ဗုံးပေါက်ကွဲမည့် စက္ကန့်ပိုင်းအလို အချိန်မှတ်နာရီကို မြင်နိုင်သော်လည်း မည်မျှ ဝေးဝေးနှင့် တိတိကျကျ ပစ်ရမည်ကိုမူ စနစ်က မသင်ပေးနိုင်ပေ။ ထိုအရာများမှာ လေ့ကျင့်မှုများ လိုအပ်ပေသည်။

လက်ပစ်ဗုံးကို ဘေးဖယ်ထားပြီးနောက် ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲမှ ရေဒီယိုနှင့် ရုပ်သံလွှင့်ဌာန အဆောက်အဦးကို ထုတ်ယူလိုက်လေသည်။ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် ထိုအဆောက်အဦးကို တံတိုင်းအပြင်ဘက်၊ ရထားလမ်းအနီးတွင် ထားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ထုတ်လိုက်သည့်အခါမှ ထိုနေရာတွင် နေရာလွတ်မရှိသည်ကို သတိပြုမိသွားခဲ့လေသည်။ ရုပ်သံလွှင့်ဌာန၏ ဧရိယာအကျယ်အဝန်းမှာ အံ့ဩစရာကောင်းလောက်အောင် စတုရန်းမီတာ ၂ သန်းခန့် ရှိနေခဲ့လေသည်။

ယခင်ကမ္ဘာက CCTV အဆောက်အဦးကြီးပင်လျှင် စုစုပေါင်း ၅ သိန်းခွဲ စတုရန်းမီတာသာ ကျယ်ဝန်းသည်ကို သူ သတိရသွားမိ၏။

ရှောင်းယီ ခေါင်းကိုသာ ရမ်းလိုက်မိသည်။

“မနက်ဖြန်ကျရင် ဦးလေးအန်းကို နေရာရှင်းဖို့ လူရှာခိုင်းရဦးမယ်။”

သူ ရေရွတ်လိုက်မိ၏။

ထိုသို့တွေးတောရင်း ရှောင်းယီ ကုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်။ ယီထျန်းဂရုထဲကိုပင် ဝင်မကြည့်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထူးခြားသည့် သတင်းအချက်အလက်များ ရှိပါက ဆုဝမ်က သူ့အတွက် သေချာကြည့်ထားပေးနေမည်ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် ရှောင်းယီ မျက်လုံးဖွင့်လိုက်သည်နှင့် သာယာသော အီလက်ထရောနစ် အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ဒင်...နှစ်ဆရိတ်သိမ်းခြင်း အခြေအနေကို အသက်သွင်းလိုက်ပါပြီ။ သက်တမ်းမှာ တစ်ရက်ဖြစ်သည်။”

“နောက်ဆုံးတော့ နှစ်ဆအခြေအနေ ရောက်လာခဲ့ပြီပေါ့။”

ရှောင်းယီ စိတ်ထဲကနေ တွက်ချက်ကြည့်လိုက်၏။ ပြီးခဲ့သည့် နှစ်ဆတိုးဆာလာဘ်ကနေဆိုရင် ၁၂ ရက်ပင် ရှိသွားချေပြီ။ ဤ ၁၀ ရာခိုင်နှုန်း ဖြစ်နိုင်ခြေက အမှန်တကယ်ပဲ စိတ်ပျက်ဖို့ ကောင်းလှပေသည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်အရင်းအမြစ်: အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ် ၁”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်အရင်းအမြစ်: အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ် ၂။”

ရှောင်းယီသည် သူ ရရှိလာသောဆုလာဘ်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့၏။

“ဘယ်လောက်တောင် ကောင်းတဲ့ အခွင့်အရေးလဲ။ ဒါကိုမှ အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်ပဲ ပေးတယ်လား။”

ထိုအချိန်တွင် သူ၏ဖုန်းမှ အသံမြည်လာခဲ့လေသည်။ ၎င်းမှာ အန်းယွဲ့ဆီက ဖြစ်သည်။

“ကျွန်းပိုင်ရှင် ဝမ်ရှင်းဖုန်းက ကျွန်းပိုင်ရှင်ကို ရှာနေတာ နှစ်ရက်ရှိပြီ။ ဝေါ်ကီတော်ကီမှာ ပြဿနာတစ်ခုခု ရှိနေလို့တဲ့။”

အန်းယွဲ့က ပြောလိုက်သည်။

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“အဲဒီ ဝေါ်ကီတော်ကီမှာ တပ်ဆင်ပုံ အသေးစိတ်ပုံစံကွက် ရှိနေတာပဲလေ။ ဘယ်လိုလုပ်ပြီး ပြဿနာရှိနိုင်မှာလဲ။ ကျုပ်သွားကြည့်လိုက်မယ်။ ဒါနဲ့ ဒီနေ့ နှစ်ဆတိုးဆုလာဘ်ရနေတုန်း အရေးကြီးတဲ့ပစ္စည်းတွေကို တတ်နိုင်သမျှ များများသိမ်းထားလိုက်ဦး။”

“ဟုတ်ကဲ့ပါ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

ယခုအခါ အရာအားလုံးက များပြားနေပြီဖြစ်ရာ တန်ဖိုးမရှိသည့် အရာများကို နှစ်ဆမလုပ်တော့ရန် ဆုံးဖြတ်ထားခဲ့သည်။ စွမ်းအင်ဆိုသည်မှာ ကန့်သတ်ချက် ရှိသည်မဟုတ်လား။

ရှောင်းယီ၏ အမြင်မှာလည်း ယခင်ကထက် ပိုမိုမြင့်မားလာပြီဖြစ်ရာ အုတ်မြစ်ကျောက် အများကြီး မရနိုင်သော ပစ္စည်းများအတွက် အချိန်ဖြုန်းနေရန် မလိုတော့ပေ။

မျက်နှာသစ်၊ မနက်စာစားပြီးနောက် ရှောင်းယီ စက်မှုအင်ဂျင်နီယာဌာနသို့ အမြန်သွားလိုက်လေသည်။

ဝမ်ရှင်းဖုန်းနှင့် အဖွဲ့သားများသည် လက်ကိုင်ဖုန်း အလုံးပေါင်း ၃ ထောင်ခန့်ကို တပ်ဆင်ပြီးစီးနေပြီဖြစ်သည်။ သို့သော် ချစ်ပ်စ်များ မရှိသေးသဖြင့် တပ်ဆင်မှု အောင်မြင်၊ မအောင်မြင်ကို စမ်းသပ်ရန် နည်းလမ်းမရှိသေးပေ။

“ဘာလို့ အားလုံး ငြိမ်နေကြတာလဲ။”

ရှောင်းယီ ဝင်လာသည်နှင့် အလုပ်ခုံရှေ့တွင် ပျင်းရိစွာ ထိုင်နေကြသူများကို မြင်လိုက်ရကာ ပြုံးလျက် မေးလိုက်၏။

ဝမ်ရှင်းဖုန်းသည် ရှောင်းယီကို မြင်သည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး ဝမ်းသာအားရ ဆိုလိုက်တော့သည်။

“ကျွန်းပိုင်ရှင်... နောက်ဆုံးတော့ ကျွန်းပိုင်ရှင် ပြန်လာပြီပဲ။”

အခန်း ၈၁၂ - ချစ်ပ်ထုတ်လုပ်ခြင်း၊ လက်ကိုင်ဖုန်းအောင်မြင်မှုနှင့် အခြေခံကျောက်စာတိုင်များ သိမ်းဆည်းခြင်း

“မင်းတို့က ငါပြန်လာမှာကို ဒီလောက်တောင် မျှော်လင့်နေကြတာလား။”

ရှောင်းယီက ဘေးနားရှိ အလုပ်ခုံပေါ်မှ တစ်ဝက်တစ်ပျက်ပြီးစီးနေသော ပစ္စည်းကိုကြည့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ တော်တော်လေး အဆင်ပြေနေတာပဲ။”

“ဒါပေမဲ့ အခုအကြီးမားဆုံးပြဿနာက ကျုပ်တို့ ချစ်ပ်စ်တွေကို မထုတ်လုပ်နိုင်တာပဲ။ အဲ့ဒါကြောင့် ဒီမှာတင် ရပ်ထားရတယ်။”

ဝမ်ရှင်းဖုန်းက မျက်မှောင်ကျုံ့ကာ ဆိုသည်။။ရှောင်းယီ အနည်းငယ် တုံ့ဆိုင်းသွားခဲ့၏။

“အော်... ငါ ဒီအကြောင်းကို ပြောဖို့ မေ့သွားတာပဲ။ စောစောကတည်းက ပြောထားခဲ့သင့်တာ။ မင်းတို့ရဲ့ ID ကတ်တွေ ထုတ်ပေးတဲ့ စက်က ချစ်ပ်စ်အမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်တယ်။ အဲ့ဒါကြောင့် ချစ်ပ်စ်က ပြဿနာမဟုတ်ဘူး။ ဝမ်ရှင်းဖုန်း... ငါနဲ့လိုက်ခဲ့။ လက်ကိုင်ဖုန်းချစ်ပ်စ်တွေ ထုတ်လုပ်ဖို့ မင်းကို ခွင့်ပြုချက်ပေးမယ်။”

“ဟုတ်ကဲ့။”

ဝမ်ရှင်းဖုန်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ထို့နောက် ရှောင်းယီသည် ဝမ်ရှင်းဖုန်းကို အပန်းဖြေစခန်း၏ အဝင်ဝသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် လူတိုင်း ယာယီကတ်များ ပြုလုပ်ရာ၌ အဆင်ပြေစေရန်အတွင် ‘စမတ်ဇီဝချစ်ပ် ထုတ်လုပ်ရေးစက်’ကို အခြေစိုက်ထားခြင်းဖြစ်သည်။

စက်ပေါ်တွင် အနည်းငယ် နှိပ်လိုက်ရုံဖြင့် ချစ်ပ်စ်တစ်သုတ် ထွက်ပေါ်လာပြီး ရှောင်းယီ၏ လက်ထဲတွင် ချက်ချင်းပင် အရေအတွက်မှာ နှစ်ဆတိုးသွားခဲ့လေသည်။

ဝမ်ရှင်းဖုန်းမှာမူ ထိုစွမ်းအားကြီးသောစက်ကိုသာ အာရုံစိုက်နေသဖြင့် ချစ်ပ်စ်များ ရုတ်တရက် နှစ်ဆတိုးသွားသည်ကို သတိမပြုမိလိုက်ပေ။

“ကောင်းပြီ...ခွင့်ပြုချက်တွေ သတ်မှတ်ပေးပြီးပြီ။ နောင်ဆိုရင် လက်ကိုင်ဖုန်းချစ်ပ်တွေ ထုတ်လုပ်ဖို့ ဒီကို တိုက်ရိုက်လာလိုက်ရုံပဲ။”

ရှောင်းယီက ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ဝမ်ရှင်းဖုန်းက ဝမ်းသာအားရ ဆိုလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“သွားကြစို့၊ အရင်ဆုံး အလုံးနည်းနည်းလောက် တပ်ဆင်ကြည့်ရအောင်။ ဒီနေ့ ငါလုပ်စရာလေးတွေရှိလို့ တခြားလူတွေကို လက်ဆောင်ပေးဖို့ နည်းနည်းလောက် ယူသွားရဦးမယ်။”

“နားလည်ပါပြီ။”

ထို့နောက် ဝမ်ရှင်းဖုန်းသည် ရှောင်းယီ၏လက်ထဲမှ ချစ်ပ်စ်ပုံကို ယူကာ ပြန်သွားတော့လေသည်။

ယခင်က တပ်ဆင်ထားသည့် ဖုန်းများကို ချစ်ပ်စ်ထည့်ရန်အတွက် အစိတ်အပိုင်းအချို့ ပြန်ဖြုတ်လိုက်ရသော်လည်း ပြီးခဲ့သည့် နှစ်ရက်အတွင်း ဤလူများသည် ကျွမ်းကျင်ဖုန်းတပ်ဆင်သူများ ဖြစ်နေကြပြီဖြစ်ရာ အလုံး ၁၀ ကျော်ကို ခဏချင်းအတွင်း အချောသတ်နိုင်ခဲ့ကြသည်။

ရှောင်းယီသည် အချောသတ်ပြီးသား ဖုန်းတစ်လုံးကို ယူလိုက်ရာ သူ၏လက်ထဲတွင် ချက်ချင်းပင် နှစ်လုံး ဖြစ်သွားတော့လေသည်။

စက်ဖွင့်လိုက်၏။

ရင်းနှီးနေသော စက်ဖွင့်သံ မြည်လာခဲ့သည်။ ၎င်းမှာ ရှောင်းယီ အမြဲသုံးနေသည့် ဖုန်းသံနှင့် ထပ်တူပင်ဖြစ်သည်။

“မဆိုးဘူး။ ဆက်လုပ်ထားကြ။ မကြာခင် ငါတို့ မဟာမိတ်အဖွဲ့မှာ ဒါတွေ အများကြီး လိုလာလိမ့်မယ်။”

ရှောင်းယီက ဖုန်း ၁၅ လုံးစလုံးကို အိတ်ထဲထည့်ကာ ယူဆောင်လာခဲ့သည်။

ဝမ်ရှင်းဖုန်း မမြင်နိုင်သော အိတ်ထဲတွင်မူ ထိုဖုန်း ၁၅ လုံးမှာ ၃၀ ဖြစ်သွားခဲ့ပြီဖြစ်သည်။

ဤ ‘နှစ်ဆတိုးဆုလာဘ်’ ကာလအတွင်း မည်သည့်အရာက အရေးအကြီးဆုံးနည်း။ ရောင်းချမည့် လက်နက်များ သို့မဟုတ် အစားအသောက်များ မဟုတ်ဘဲ၊ ယခင်အရောင်းအဝယ်များမှ မသိမ်းဆည်းရသေးသော ‘အုတ်မြစ်ကျောက်တိုင်’ များပင်ဖြစ်၏။ ရှောင်းယီမှာ ဤအခိုက်အတန့်ကို စောင့်စားနေခဲ့ခြင်းပင်ဖြစ်လေသည်။

ပထမဆုံးအနေဖြင့် သူသည် သမန်းဝံပုလွေမျိုးနွယ်စု၏ အခြေစိုက်စခန်းသို့ ကားမောင်းသွားလိုက်၏။ သူတို့ဆီတွင် မိမိတို့ဆီ မလွှဲရသေးသည့် အုတ်မြစ်ကျောက်တိုင် ၅ ဘီလီယံ ရှိနေသေးသည်မဟုတ်ပါလော။

ဒန်နီရောက်လာစဉ်က အုတ်မြစ်ကျောက်များကို ရှောင်းယီထံသို့ အပ်နှံရန် ပြင်ဆင်ခဲ့သော်လည်း ရှောင်းယီက ငြင်းပယ်ခဲ့သဖြင့် ဒန်နီတစ်ယောက် ခဏတာ ကြောင်အသွားခဲ့ဖူးလေသည်။

သမန်းဝံပုလွေစခန်းသို့ ရောက်သောအခါ တံတိုင်းများပေါ်တွင် လူသားစစ်သည်များက စောင့်ကြပ်နေဆဲဖြစ်သည်။ ရှောင်းယီ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူတို့က မတ်တပ်ရပ်ကာ အလေးပြုလိုက်ကြပြီး တံခါးဝရှိ သမန်းဝံပုလွေများကလည်း တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်ကြလေသည်။

ရှောင်းယီက ကားကို အထဲအထိ တိုက်ရိုက်မောင်းဝင်ရန် အမိန့်ပေးလိုက်သည်။

ရှောင်းယီ လာနေကြောင်း သိသည်နှင့် ဒန်နီသည် ခေါင်းဆောင်အသီးသီးကို ခေါ်ဆောင်ကာ ချက်ချင်းပင် ထွက်၍ ကြိုဆိုတော့လေသည်။

“ကျွန်းပိုင်ရှင် အစောကြီး ရောက်လာတာပဲ။ တစ်ခုခု လိုအပ်တာရှိလို့လား။”

ဒန်နီက နှုတ်ဆက်ရင်း မေးလိုက်၏။ ရှောင်းယီက ပြုံးပြလိုက်သည်။ -

“ဒီက နေထိုင်မှု အခြေအနေတွေနဲ့ ခင်ဗျားတို့ အဆင်ပြေကြရဲ့လား။”

“ဒါပေါ့...ကျုပ်တို့ သမန်းဝံပုလွေမျိုးနွယ်တွေ ဒီလို အေးချမ်းတဲ့နေ့ရက်မျိုး မရခဲ့တာ ကြာပါပြီ။”

ဒန်နီက ချက်ချင်း ပြန်ဖြေလိုက်သည်။ ထိုအခါ ဘေးနားတွင်ရှိနေသော ဘင်နီကဝင်ပြောလိုက်၏။

“တကယ်တော့ ကျုပ် နည်းနည်းတော့ နေမထိထိုင်မသာ ဖြစ်နေတုန်းပဲ။ ကိုယ်ပေါ်မှာ ယားကျိကျိ ဖြစ်နေသလိုလို ခံစားနေရတယ်။”

“ယားနေတယ် ဟုတ်လား။ အဲဒါဆို နည်းပြ ကျန်းယွင်ထျန်းကို နောက်မှ မင်းအတွက် သီးသန့် အထူးလေ့ကျင့်ခန်း ပေးခိုင်းလိုက်ရမလား။”

ဒန်နီက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ ဘင်နီတစ်ယောက် ချက်ချင်း ခေါင်းပုသွားခဲ့သည်။

“မဟုတ်ပါဘူး... နောက်တာပါ၊ နောက်တာပါ။”

ဒါက မနောက်ကောင်းဘူးနော်၊ နည်းပြကျန်းကို ခေါ်ပြီး အထူးလေ့ကျင့်ခန်း လုပ်ခိုင်းရင် ငါတို့ သေသွားမှာပေါ့။

ပထမဆုံးနေ့ကို သူ မှတ်မိနေသေးသည်။ သန်မာထွားကြိုင်းသော သမန်းဝံပုလွေငယ်လေးများသည် လူသားများ၏ လေ့ကျင့်ခန်းကို လုံးဝ အထင်မကြီးခဲ့ကြပေ။

သို့သော် ကျန်းယွင်ထျန်းက သူတို့ကို ချက်ချင်းပင် ပညာပြလိုက်၏။ သူ၏ အဆင့်အားသာချက်ကို များစွာ အသုံးချခဲ့ခြင်းဖြစ်သည်။

အဆင့်တူချင်းဆိုလျှင် ကျန်းယွင်ထျန်းသည် အသွင်မပြောင်းထားသော သမန်းဝံပုလွေများကို အနိုင်ယူနိုင်ပေသည်။ သို့သော် သူတို့ အသွင်ပြောင်းလိုက်လျှင်မူ သူ့တွင် အခွင့်အရေးမရှိတော့ပေ။

သို့သော် ကျန်းယွင်ထျန်း ခေါ်လာသော စစ်သည်များမှာ အထူးရွေးချယ်ထားသော လက်ရွေးစင်များဖြစ်ရာ အသွင်မပြောင်းထားသော သမန်းဝံပုလွေများကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့ကြသဖြင့် သမန်းဝံပုလွေများမှာ အံ့အားသင့်သွားခဲ့ကြရ၏။

မူလက သမန်းဝံပုလွေများသည် အဆင့်တူလူသားများကို အသွင်ပြောင်းစရာမလိုဘဲ အလွယ်တကူ အနိုင်ယူနိုင်စမြဲဖြစ်သည်။

သို့သော် ယခုအကြိမ်တွင်မူ ပြိုင်ဘက်က သူတို့ကို အနိုင်ယူသွားခဲ့ချေသည်။ အလွယ်တကူ မဟုတ်တောင်မှ အမှန်တကယ် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။

“မင်းတို့ ဘာလို့ ရှုံးတာလဲဆိုတာ သိကြလား။ ဘာလို့လဲဆိုတော့ မင်းတို့က အားကိုပဲ သုံးတတ်လို့ပဲ။ ခွန်အားက မင်းတို့ရဲ့ အားသာချက်ဖြစ်ပေမဲ့ အဲဒါကို ဘယ်လိုအသုံးချရမလဲဆိုတာကို မင်းတို့ မသိကြဘူး။ မင်းတို့က ဘာကို ဂုဏ်ယူနေကြတာလဲ။”

“သမန်းဝံပုလွေတွေ ဖြစ်နေပြီးတော့ အဆင့်တူလူသားကိုတောင် အနိုင်မယူနိုင်ဘူး။ ဒါတောင် ငါတို့ရဲ့ အထူးလေ့ကျင့်ခန်းကို ပေါ့ပေါ့ပျက်ပျက် သဘောထားနေကြသေးတာလား။”

ကျန်းယွင်ထျန်းက သူတို့၏ ဂုဏ်သိက္ခာကို အလွယ်တကူ ရိုက်ချိုးပစ်ခဲ့၏။

“ဒေါသထွက်နေလား။ စိတ်ဆိုးနေကြလား။ စိတ်မကောင်းစရာပဲ...။ မင်းတို့ရဲ့ ဒေါသက ဘာမှ အသုံးမဝင်ဘူး။ ငါတို့ပြောသလိုဆိုရင်တော့ ‘အရည်အချင်းမရှိတဲ့သူရဲ့ အလကားဒေါသ’ ပဲ။”

“မင်းတို့ကိုယ်မင်းတို့ သိပ်တော်လှတယ် ထင်နေရင် ဒီလေ့ကျင့်ခန်းကို ရိုးရိုးသားသား ပြီးအောင်လုပ်။ ဘယ်သူပဲဖြစ်ဖြစ် နောက်ကျကျန်ခဲ့ရင် သမန်းဝံပုလွေမျိုးနွယ်ရဲ့ မျက်နှာကို ဖျက်ရာရောက်တယ်။ နားလည်လား။”

“နားလည်ပါပြီ။”

သမန်းဝံပုလွေများက အံကြိတ်ကာ ဟိန်းဟောက် အော်ဟစ်လိုက်ကြသည်။

သို့သော် မကြာခင်မှာပင် ထိုဟိန်းဟောက်သံများ ပျောက်ကွယ်သွားခဲ့၏။ ပထမဆုံးနေ့၏ လေ့ကျင့်ခန်း ပမာဏက သူတို့ကို လုံးဝ နုံးခွေသွားစေခဲ့သည်။

“နည်းပြ... ဒီလေ့ကျင့်ခန်း ပမာဏက နည်းနည်း များမနေဘူးလား။”

ဘေးနားက လိုက်လာသည့် လူသားစစ်သည်တစ်ဦးက တိုးတိုးလေး မေးလိုက်၏။

“ဒါက အခုမှအစပဲ ရှိသေးတယ်။”

ကျန်းယွင်ထျန်းက ကုတင်ပေါ်တွင် ပြိုလဲနေသော သမန်းဝံပုလွေများကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

“သူတို့ရဲ့ ခန္ဓာကိုယ်က ငါတို့ထက် အများကြီး ပိုပြီးသန်မာတယ်။ ဒီလောက် ပမာဏက သူတို့ရဲ့ စွမ်းရည်ကိုတောင် ထုတ်နိုင်ဦးမှာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် နာ့နာကိုလာပြီး သူတို့ကို စစ်ဆေးပေးဖို့ ပြောထားလိုက်မယ်။ ပြဿနာမရှိဘူးဆိုရင် လေ့ကျင့်ခန်း ပမာဏကို ထပ်တိုးမယ်။”

သမန်းဝံပုလွေများ၏ ခန္ဓာကိုယ် အခြေအနေကို သူ အတိအကျ မသိနိုင်သောကြောင့် ကျန်းယွင်ထျန်း၏ ပထမနေ့ လေ့ကျင့်ခန်းမှာ သူတို့ကို နွမ်းလျသွားစေရန်သာ ရည်ရွယ်ထားခြင်းဖြစ်၏။

ထို့နောက် နာ့နားကို အကဲဖြတ်ခိုင်းမည်ဖြစ်သည်။ အကယ်၍ သူတို့ မတောင့်ခံနိုင်တော့ဘူးဆိုလျှင်တော့ လေ့ကျင့်ခန်း ပမာဏကို ချက်ချင်း လျှော့ချပေးမည် ဖြစ်သည်။

ထိုအရာအားလုံးမှာ ပြီးခဲ့တဲ့ သုံးရက်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘင်နီအနေဖြင့် ကျန်းယွင်ထျန်း အထူးလေ့ကျင့်ခန်း လာပေးမည်ဆိုသည့် စကားကို ကြားလိုက်ရုံနှင့်ပင် ခြေထောက်များပင် ညောင်းချိလာသလို ခံစားလိုက်ရသည်။

ရှောင်းယီက ဘင်နီ၏ တုံ့ပြန်မှုကို ကြည့်ကာ ရယ်မောလိုက်၏။

“ဟားဟားဟား... အစ်ကိုကျန်းက မင်းတို့အပေါ် အမှတ်တရတွေ တော်တော်လေး ချန်ထားပေးခဲ့ပုံပဲ။”

“သူက မိစ္ဆာတစ်ကောင်ပဲ။”

ဘင်နီက ခေါင်းပုလျက် ပြောလိုက်သည်။ ဒန်နီက သူ့ကို စိုက်ကြည့်လိုက်၏။

“သူက မင်းတို့ ကောင်းဖို့အတွက် လုပ်ပေးနေတာပဲ။ သုံးရက်ပဲ ရှိသေးတယ်ဆိုပေမဲ့ မင်းတို့ရဲ့ တိုးတက်မှုကို မင်းတို့ကိုယ်တိုင် မြင်ကြမှာပေါ့။”

ဒန်နီ၏နောက်ကွယ်မှ ခေါင်းဆောင်များ အားလုံးက ခေါင်းငြိမ့်ကြသည်။

သုံးရက်သာ ရှိသေးပြီး လေ့ကျင့်ခန်းက ပင်ပန်းသော်လည်း သူတို့၏ ခွန်အားများ သိသိသာသာ တိုးတက်လာသည်မှာ အမှန်ပင်။

ထို့အပြင် လေ့ကျင့်ခန်းပြီးလျှင် အထူးဆေးဘက်ဆိုင်ရာစက်များဖြင့် စစ်ဆေးပေးပြီး ဒဏ်ရာရှိပါက ချက်ချင်း ကုသပေးသဖြင့် စိတ်ပူစရာမလိုဘဲ လေ့ကျင့်နိုင်ကြသည်။

ထိုအချိန်တွင် လူစုရန် ခရာသံ ထွက်ပေါ်လာရာ ဒန်နီကို ဝန်းရံထားသည့် သမန်းဝံပုလွေခေါင်းဆောင်များသည် ကွင်းထဲသို့ အပြေးအလွှား ထွက်သွားကြတော့သည်။ နောက်ကျလျှင် ကွင်းပတ်ပြေးရမည် မဟုတ်ပါလား။

“လေ့ကျင့်မှုရလဒ်တွေက ကောင်းပုံရသားပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ဒန်နီက ခေါင်းငြိမ့်လိုက်သည်။

“အမှန်ပဲ။ ခွန်အားတင်မကဘူး... သူတို့ရဲ့ စည်းကမ်းနဲ့ လှုပ်ရှားမှုတွေလည်း ပိုကောင်းလာတယ်။ ကျွန်းပိုင်ရှင်... လူသားတွေရဲ့ လေ့ကျင့်ရေးနည်းလမ်းတွေက တကယ့်ကို အံ့ဩစရာပဲ။”

“ဒါက ကျုပ်တို့ အချိန်အကြာကြီး သုတေသနလုပ်ထားတဲ့ နည်းလမ်းတွေပဲလေ။ ဘယ်ရိုးရှင်းပါ့မလဲ။ ဒါနဲ့ ကျုပ် ဒီကိုလာတာ ဒီကိစ္စတင်မကဘူး။ တခြားကိစ္စလေးတွေလည်း ရှိသေးတယ်။”

All Chapters