← Chapters

မီးတောက်မျောက်ဝံ

Vol. 23 Ch. 313

မီးတောက်မျောက်ဝံ

Vol. 23 Ch. 313

ထိုအရာက မျောက်ဝံတစ်ကောင်ဖြစ်သည်။

၎င်းက အနီရင့်ရောင်အမွေးများရှိသည့် မျောက်ဝံတစ်ကောင်ဖြစ်ပြီး ၎င်း၏မျက်နှာပေါ်တွင် ရူးသွပ်မှုများရှိနေသည်။ ၎င်း၏ လည်ပင်းတွင်တော့ တင်းကြပ်နေသည့် သံကြိုးတစ်ချောင်းရှိနေပြီး ထိုသံကြိုးအောက် အရေပြားပေါ်တွင် ပြည်တည်နာများ ရှိနေခဲ့သည်။ ၎င်း၏ အသားအချို့ဆိုလျှင် သံကြိုးနှင့်ပင် ရောနှောကပ်ညိနေခဲ့ချေပြီ။

ထိုသံကြိုးသည် မျောက်ဝံ၏ ပြေးလွှားမှုကြောင့် တင်းကျပ်သွားပြီး ၎င်းလည်ပင်းအား ဖြတ်တောက်နေခဲ့သည်။ မျောက်ဝံလေးသည် အသက်ရှူရခက်ခဲလာသော်လည်း သံကြိုးများမှလွတ်မြောက်နိုင်ရန် ရူးသွပ်စွာရုန်းကန်နေဆဲဖြစ်သည်။

၎င်း၏ အနက်ဘက်သမ်းနေသော အနီရင့်ရောင်အမွေးများသည် ထိုမျောက်ဝံ၏ မူလအရောင်ဟုတ်ပုံမရပဲ အချိန်အတော်ကြာ မသန့်ရှင်းခဲ့ရသဖြင့် ထိုအရောင်ပေါက်နေခြင်း ဖြစ်နိုင်သည်။ ၎င်း၏ အမွေးအဖျားရှိ အနီရောင်ကြောင့် အကဲခတ်ရမည်ဆိုလျှင် ထိုမျောက်ဝံသည်သာ သူ့ကိုယ်သူ စနစ်တကျ သန့်ရှင်းနိုင်ခဲ့မည်ဆိုလျှင် ၎င်း၏အမွေးများက မီးတောက်ကဲ့သို့ အနီရဲရဲအရောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်မှာ သေချာပေါက်ပင်။

၎င်းက အရမ်းမကြီးမားပဲ အသက်သုံးလေးနှစ်အရွယ်ရှိ ကလေးတစ်ယောက် အရွယ်အစားခန့်သာရှိသည်။ ထိုအချိန်တွင် မျောက်ဝံလေးသည် ခြေလက်လေးဘက်လုံးအား မြေကြီးပေါ်တွင်ထောက်လျက် သူ့ပတ်ဝန်းကျင်ရှိလူများအား အော်ဟစ်ဟိန်းဟောက်နေချေသည်။ ကြောက်ရွံ့မှု၊ မုန်းတီးမှုများကို ဖုံးကွယ်ထားသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေရင်း တုန်ယင်နေခဲ့သည်။

စုမင် တုန်လှုပ်သွားရသည်။ သူ့အရှေ့ရှိ မီးတောက်မျောက်ဝံလေးအား ငေးကြည့်နေရင်း သူ့ခေါင်းထဲတွင် ဝုန်းခနဲုမြည်ဟည်းသွားသည်။ သူမြင်နေရသမျှ အရာအားလုံးသည် သူ့မှတ်ဉာဏ်များအတွင်း နက်ရှိုင်းသောနေရာတွင် ဖုံးကွယ်ထားခဲ့သည့် ပုံရိပ်တစ်ခုပင်ဖြစ်သည်။

ထိုပုံရိပ်ထဲတွင် သားရဲအရေများဝတ်ဆင်ထားသော ကောင်လေးတစ်ဦးသည် တောအုပ်တစ်ခုအတွင်း ဟိုဒီခုန်လွှားရင်း ပျော်ရွှင်စွာရယ်မောနေသည်ကို သူမြင်နေရသည်။ ထိုကောင်လေး၏ ပုခုံးများပေါ်တွင်တော့ မီးတောက်ကဲ့သို့ အနီရောင်အမွေးများဖြင့် မျောက်လေးတစ်ကောင်ရှိနေသည်။ ၎င်းက လူငယ်၏ ဆံပင်များကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ထဲတွင်တော့ သစ်သီးတစ်စိတ်ကို ဆုပ်ကိုင်ထားကာ ကိုက်ဖြတ်စားသောက်နေရင်း ရံဖန်ရံခါဆိုသလို ပျော်ရွှင်စွာအော်ဟစ်သံများ ပြူလုပ်နေသည်။

“ဒီဟာက မီးတောက်မျောက်ဝံ အမျိုးအစားအသစ်တစ်ခုပါ။ ဒီမျောက်ဝံက မီးကိုနှစ်သက်ပြီး အေးခဲကောင်းကင်နယ်မြေထဲမှာ နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုလို မီးတောက်မျောက်ဝံမျိုးကို အနောက်ပိုင်းပင်လယ် ကလန်ပိုင်နက်ထဲမှာတောင် ဒီမတိုင်ခင် တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး”

“ကျွန်တော်က ရှေးဟောင်းစာလိပ်အချို့ကိုတောင် စစ်ဆေးကြည့်ခဲ့လို့ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးမှာရှိတဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုက ဒီမီးတောက်မျောက်ဝံ အမျိုးအစားမျိုး ရှင်သန်နေထိုင်ဖို့ မသင့်တော်ဘူးဆိုတာ တွေ့ခဲ့ရတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်က ဒီမျောက်ဝံကို အမျိုးအစားအသစ်တစ်ခုလို့ ခေါ်ဆိုရတာပါ”

“ဒါက မယုံနိုင်လောက်အောင်ရှားပါးလွန်းလို့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောမျိုးစိတ်လားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာတစ်လျှောက်မှာတော့ ဒီတစ်ကောင်ကိုပဲ ကျွန်တော် မြင်ဖူးခဲ့သေးတယ်” ကောင်လေးက ပြုံးလိုက်ပြီး သူ့အရှေ့ရှိ မီးတောက်မျောက်ဝံလေးကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖြည်းညင်းစွာပြောသည်။

“ဒါက သာမန်မျောက်တစ်ကောင်ပဲကို မင်းကဒီကို လေလံတင်ဖို့ယူလာတယ်တဲ့လား။ မင်းက သူ့တန်ဖိုးကို အရမ်းအထင်ကြီးနေတာပဲ” အခန်း၏ တစ်ဖက်ခြမ်းတွင်ထိုင်နေသော လူအုပ်ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုလူ့ခန္ဓာကိုယ်က လုံးဝမှုန်ဝါးနေပြီး သူ့မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

“ဒါက သာမန်မျောက်ဝံတစ်ကောင် မဟုတ်ဘူး။ သူက အရမ်းမြန်လွန်းလို့ ကျွန်တော်တောင် သူ့နောက်ကိုလိုက်ဖမ်းဖို့ကြိုးစားရင် ခက်ခဲမှုအချို့ရှိတယ်... ပြီးတော့ မျောက်ရဲ့သွေးက ကျန်းမာရေးအတွက်ကောင်းမွန်ပြီး သက်တမ်းကိုတောင် ဆွဲဆန့်ပေးနိုင်တယ်။ အကယ်၍ မင်းသာသူ့သွေးကို ဆက်တိုက်သောက်သုံးသွားမယ်ဆိုရင် မင်းစွမ်းအားကလည်း တိုးလာလိမ့်မယ်”

“ဒါပေမယ့် အဲဒါက ဒီသတ္တဝါရဲ့ အဓိကတန်ဖိုးမဟုတ်သေးဘူး။ ဒီမျောက်ရဲ့ ရှားပါးမှုကြောင့် မင်းသာ သူ့စိတ်ဝိညာဉ်ကိုထုတ်ယူပြီး မာန်အကြောမျှင်တစ်ခုထဲ ထည့်သွင်းလိုက်မယ်ဆိုရင်၊

အဲဒီ မာန်အကြောမျှင်ထဲက မီးတောက်ရဲ့စွမ်းအားက အံ့အားသင့်ဖို့ကောင်းတဲ့ အခြေအနေအထိ ရောက်သွားလိမ့်မယ်”

“ပြီးတော့ ဒီမျောက်ရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားကလည်း အရမ်းသန်မာလွန်းလို့ ရိုးရေစတေးနယ်ပယ်က လူတွေကိုတောင် လုံးဝဆန့်ကျင်နိုင်တယ်။ မင်းရဲ့လှိုဏ်ဂူနေရာကို ကာကွယ်ဖို့အတွက်လည်း သူ့ကိုသုံးနိုင်တယ်။ သူ့အသွင်ပြောင်းမှုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးတယ်” ကောင်လေးက စိမ်ပြေနပြေပြောသည်။

စုမင်၏ တုန်ယင်သွားမှုကို အခြားမည်သူကမှ သတိမပြုမိနိုင်သော်လည်း စုမင်ဘေးတွင် ထိုင်နေသော ထျန်းလန်မုန်ကတော့ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုအရာကိုသိလိုက်ချေသည်။ သူမပုံစံက တည်ငြိမ်နေသော်လည်း သူမနှလုံးသားထဲတွင်တော့ မေးခွန်းများပေါ်ပေါက်နေခဲ့ချေပြီ။

သူမ ထိုမျောက်ဝံလေးကို ကြည့်လိုက်ပြီးနောက် စုမင်ထံပြန်ကြည့်လိုက်မိသည်။ ဘယ်အရာက စုမင်ကို ထိုသို့ဖြစ်သွားစေမှန်း သူမ မသိတော့ချေ။

အခြားသူများ ပြောဆိုနေသည့်အရာကို စုမင်မကြားတော့ပဲ မျောက်ဝံလေးကိုသာ ငေးကြည့်နေမိသည်။ အချိန်အတော်ကြီးကြာသွားပြီးနောက် စုမင်မျက်လုံးများကို မှိတ်ပစ်လိုက်သည်။

“ဒီမျောက်ဝံက အရမ်းအရိုင်းဆန်နေတာကတော့ စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တတ်နိုင်သမျှ အရာအားလုံး လုပ်ကြည့်ခဲ့ပြီးပေမယ့် လုံးဝယဉ်ပါးသွားအောင် မလုပ်နိုင်သေးဘူး။ သူ့ကို ကျောက်တောင်တွေရဲ့ အလေးချိန်တွေနဲ့ နာခံအောင်လုပ်ခဲ့တာတောင်မှ ဒီမျောက်က ကျွန်တော့ကို အလျှော့ပေးမယ့် အရိပ်အယောင်တစ်ခုတောင် မပြခဲ့ဘူး...”

“အဲလိုကြောင့်သာမဟုတ်ရင် ကျွန်တော့မှာ သူ့ကိုရောင်းဖို့တောင် ဆန္ဒရှိခဲ့မှာမဟုတ်ဘူး” ကောင်လေးက ဝမ်းနည်းစွာပြောသည်။ သူသည် မျောက်ဝံကို မိတ်ဆက်ပြီးသည်နှင့် အခြားပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး ၎င်းတို့၏အသုံးပြုပုံများကို ရှင်းပြလိုက်သည်။

သူထုတ်ယူခဲ့သော ပစ္စည်းတစ်ခုစီတိုင်းကို နေ့အချိန်လေလံပွဲတွင်သာ ထုတ်ပြခဲ့မည်ဆိုလျှင် စိတ်လှုပ်ရှားမှုများကို လှုံ့ဆော်နှိုးဆွသွားနိုင်ခဲ့မှာဖြစ်သော်လည်း ဤအခန်းအတွင်းရှိ လူများကြားတွင်တော့ တုန့်ပြန်မှုတစ်ခု ဖြစ်ပေါ်စေနိုင်ခဲ့သည်ဆိုလျှင်တောင် များစွာလှုံ့ဆော်နိုင်ခဲ့ခြင်းတော့မရှိပေ။ သူသည် ပစ္စည်းများထံသို့ အများဆုံးမှ မျက်လုံးအစုံအနည်းငယ်သာ ဆွဲဆောင်နိုင်ခဲ့ချေသည်၊

အဆုံးတွင်တော့ ဤအသေးစားလေလံပွဲသို့ ပူးပေါင်းနိုင်သူများသည် ကျင့်ကြံဆင့်မြင့်မားသူများသာ ဖြစ်သည်။ သူတို့မျက်နှာများသည်လည်း ဝေဝါးနေပြီး မည်သူကမှ သူတို့အမူအယာများကို မမြင်နိုင်ကြပေ။ အကယ်၍ သူတို့ကို မြင်နိုင်ခဲ့သည်ဆိုလျှင်တောင် မည်သည့်သဲလွန်စကိုမှ တွေ့ရလိမ့်မည်မဟုတ်ချေ။

ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်နှင့် မာန်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနိုင်ကြသူများအားလုံးသည် အကြိမ်များစွာသော သေခြင်းနှင့် ရှင်ခြင်းကြားအခြေအနေများကို ကျိန်းသေဖြတ်သန်းခဲ့ရပေသည်။ ဤအခက်အခဲများမှ အသက်ရှင်နိုင်ခဲ့သူများသည် သာမန်လူများမဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။

အသိဉာဏ်မရှိသူများက အလွယ်တကူရှင်သန်နိုင်မည် မဟုတ်ပေ။

ကောင်လေးနောက်ပိုင်း ထုတ်ယူလာခဲ့သော ပစ္စည်းများ၏ ဖော်ပြချက်များကို စုမင်မကြားတော့ပေ။ မျက်လုံးများကိုမှိတ်၍ သူ့နှလုံးသားအတွင်းမှ ပြင်းထန်နေသော စိတ်လှုပ်ရှားမှုများကိုသာ ချိုးနှိမ်နေခဲ့ရ၏။ ဤအသေးစားလေလံပွဲတွင် ပထမဆုံးထုတ်ယူလာခဲ့သော ပစ္စည်းကပင် သူ့ကို လုံးဝအသိစိတ်မဲ့သွားစေခဲ့လေသည်။

၎င်း၏ ရုတ်တရက်ပေါ်ပေါက်လာမှုက စုမင်နှလုံးသားအတွင်း လှိုင်းထန်သွားစေခဲ့သည်။ သူ အမှန်တရားကို လက်ခံရန် အချိန်တောင်မရသေးမီ အမှန်တရားက သူ့ရှေ့သို့ ရောက်ရှိလာခဲ့ချေပြီ။

‘ရှောင်ဟုန်...’

သူ့စိတ်ထဲတွင် နက်မှောင်တောင်မှ အမှတ်တရများကို ပြန်လည်သတိရနေရင်း စုမင်နှလုံးသားအတွင်း အတွေးများနှင့်တုန်လှုပ်ချောက်ခြားနေခဲ့သည်။

ရှောင်ဟုန်က သူ့အတွက် မိသားစုလိုပင်ဖြစ်သည်။

သူငယ်စဉ်ကတည်းက သူ့အနားတွင်ရှိနေခဲ့ပြီး ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုတို့ ကြုံတွေ့ခဲ့ရသည်အချိန်များအား သူနှင့်အတူ ဖြတ်သန်းခဲ့ဖူးသည်။

ရှောင်ဟုန်နှင့် စတင်သိကျွမ်းခဲ့ရသည့် အမှတ်တရ၊ အတူပျော်ရွှင်စွာ ကစားခဲ့သည့် အမှတ်တရများ၊ သူ အထီးကျန်ချိန်တိုင်း ရှောင်ဟုန်အား ပြောပြဖြစ်ခဲ့သော အမှတ်တရများ... ထိုမှတ်ဉာဏ်များအားလုံးက စုမင်စိတ်ထဲတွင် ထိန်းချုပ်မရစွာပေါ်လာခဲ့သည်။

သူ၏ ကလေးဘဝအမှတ်တရများသည် လှပပျော်ရွှင်သော အခိုက်အတန့်များဖြင့် ပြည့်နေခဲ့၏။ ထိုအချိန်များတွင် မီးတောက်မျောက်ဝံလေးသည် သူကြီးပြင်းလာစဉ်တစ်လျှောက် သူနှင့်အတူရှိနေခဲ့သည်။ သူပိုင်လင်းကို သွားရောက်ရှာဖွေသောအခါ သူနှင့်အတူ လိုက်ပါခဲ့သည်၊ နဂါးနက်ခံတွင်းရည် သွားခိုးလျှင်လည်း သူနှင့်အတူ လိုက်ပါပေးသည်...

ရှောင်ဟုန်သည် ၎င်းလက်အတွင်း သစ်သီးတစ်လုံးအား ကိုင်ကာစားသောက်ရင်း စုမင်စကားပြောနေသည်များကို နားထောင်နေစဉ် သစ်သီးအူတိုင်များကို လျှို့ဝှက်စွာလွှင့်ပစ်တတ်သော်လည်း စုမင် စကားစမြည်ပြောလိုချိန်များတွင် ရှောင်ဟုန်သည်သာ တစ်ဦးတည်းနားထောင်သူဖြစ်ခဲ့သည့် အချိန်များလည်းရှိသည်။ ထိုအချိန်များတွင် ရှောင်ဟုန်သည်သာ သူ့အမှတ်တရများကို အများဆုံးသိမ်းပိုက်ထားသူ ဖြစ်သည်။

စုမင် ထိုအရာများကို ဘယ်သောအခါမျှ မေ့မည်မဟုတ်ပေ။ ရှောင်ဟုန်၏ လုပ်ရပ်တစ်ခုချင်းစီတိုင်းကိုတောင် သူသတိရနေမှာဖြစ်ပြီး ထိုအထဲတွင် ယစ်မူးပျော်ရွှင်နေသော အမူအယာဖြင့် ၎င်း၏ ညာဘက်လက်သည်းကို သူ့အား အနံ့ခံခိုင်းခြင်းလည်း ပါသည်။ ထိုအမူအယာသည် စုမင်မှတ်ဉာဏ်များအတွင်း အမြဲတမ်းပုံဖော်ထားသလို ရှိနေမှာဖြစ်သည်။

သူ ရှောင်ဟုန်နောက်မှ လျှို့ဝှက်စွာ နောက်ယောက်ခံလိုက်ခဲ့စဉ် ရှောင်ဟုန်သည် ဝက်ဝံသားမွှေးအနည်းငယ်ကို ဆွဲနှုတ်ယူပြီးနောက်... ဖြစ်ပျက်ခဲ့သည့် အခြားအရာအားလုံးကိုပင် စုမင်သတိရမိနေသေးသည်။

နက်မှောင်တောင်မှ အပြောင်းအလဲဖြစ်ပြီးသွားသောအခါ၊ လေဟာနယ်ကြီးပေါ်လာပြီး စုမင်အား အတွင်းသို့စုပ်ယူသွားသောအခါ၊ သူ့မျက်လုံးများ နောက်တစ်ကြိမ်ပြန်ပွင့်လာသောအခါ နက်မှောင်တောင်သည် ထိုနေရာတွင် ရှိမနေတော့၊ သူ့အကြီးအကဲနှင့် မျိုးနွယ်စုသည်လည်း ထိုနေရာတွင် ရှိမနေတော့၊ ရှောင်ဟုန်သည်လည်း... ထိုနေရာတွင် ရှိမနေတော့ပါချေ။

ကောင်းကင်နှင့်မြေပြင်သည်ပင် အနောက်ပိုင်းမဟာမိတ်နယ်မြေ၏ ကောင်းကင်နှင့်မြေပြင် မဟုတ်တော့ချေ။ အရာရာတိုင်းက အကျွမ်းတဝင်မရှိသည့်အတွက် သူအလျင်အမြန်ကြီးပြင်းခဲ့ရသည်။ တိတ်ဆိတ်ခြင်းနှင့် အသားကျစေရန်၊ အခြားသူများကို ကြောက်စရာကောင်းသည့်နည်းလမ်းများဖြင့် သတ်ရန် မိမိကိုယ်ကို ဖိအားပေးခဲ့ရသည်... အထီးကျန်ဆန်မှုများအတွင်း အမှတ်တရများကိုသာ အဖော်ပြုလျက် ချောင်ကျသောထောင့်တစ်နေရာတွင် ငြိမ်သက်စွာထိုင်၍ ကောင်းကင်အား တစ်ဦးတည်း ငေးကြည့်ခဲ့ရသည်...

စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူမျက်လုံး ပြန်ဖွင့်လိုက်သည့် အခိုက်အတန့်မှာပင် သူ့ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်မှုများက အလျင်အမြန်ပျောက်ကွယ်သွားပြီး သူ့အမြင်တွင် အခန်းအတွင်းရှိ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ မီးတောက်မျောက်ဝံ၏ စူးရှစွာအာခေါင်ခြစ်အော်နေသံများ၊ ကောင်ငယ်လေး၏ အသံနှင့် လူတို့၏ ညှိနှိုင်းနေကြသံများကို ကြားလိုက်ရသည်။

မီးတောက်မျောက်ဝံလေးသည် အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေရင်းမှ စတင်အသက်ရှူမွန်းကြပ်လာခဲ့ပြီး ထွက်ပြေးလွတ်မြောက်ရန် အတွေးကို စွန့်လွှတ်လိုက်ဟန်ဖြင့် မြေပြင်ပေါ်သို့ လှဲချလိုက်သည်ကို စုမင်တွေ့လိုက်ရသည်။ ၎င်း၏ မျက်လုံးများအတွင်း ပူဆွေးမှုများပေါ်လာခဲ့သည်။ ၎င်း၏ အကြည့်များသည် အခန်းအတွင်းရှိ အရာများကို ကြည့်နေပုံမပေါ်တော့ပဲ ၎င်း၏ စိတ်ဝိညာဉ်သည်လည်း ခန္ဓာကိုယ်နှင့်အတူ ရှိနေဟန်မတူတော့ပေ။ ၎င်း၏ စိတ်ဝိညာဉ်သည် ဤနေရာမှ အလွန်ဝေးကွာသည့်နေရာတစ်ခုဆီ ရောက်ရှိသွားသကဲ့သို့ ဖြစ်ပြီး ၎င်းဘာတွေးနေလဲဆိုသည်ကို မည်သူကမှ မသိတော့ချေ။

စုမင် ၎င်းကိုကြည့်နေရင်း သူ့နှလုံးသားအတွင်း စူးရှပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားနေရသည်။ ဤမျောက်ဝံလေးသည် ရှောင်ဟုန်မဟုတ်မှန်း သူသိနေခဲ့လျှင်တောင် ထိုနာကျင်မှုသည် သူ့အားဆွဲနှစ်နေသည့် ဒီရေလှိုင်းလုံးကြီးသဖွယ် သူ့တစ်ကိုယ်လုံးတွင် ပြည့်နေဆဲဖြစ်သည်...

၎င်းက ရှောင်ဟုန်ကဲ့သို့ ဉာဏ်ရည်မျိုးပိုင်ဆိုင်သည်။ ရှောင်ဟုန်နှင့်တူညီသည့် သားမွေးများလည်းရှိသည်။ ရှောင်ဟုန်နှင့်တူညီသည့်အမြန်နှုန်းမျိုး ရှိနေသော်လည်း စုမင်သည် ရှောင်ဟုန်နှင့် နှစ်ပေါင်းများစွာ အတူနေခဲ့ခြင်းဖြစ်သည်။ အသေးစိတ်အချက်အလက်များအရ ဤမျောက်ဝံလေးက ရှောင်ဟုန်မဟုတ်ကြောင်း သူပြောနိုင်ချေသည်။

ထိုအရာက ပိုင်စုကဲ့သို့ပင် ဖြစ်သည်။ သူမက ပိုင်လင်းနှင့် တူသော်လည်း ပိုင်လင်းတော့မဟုတ်ခဲ့ချေ...

စုမင် မျောက်ဝံလေးကို ငေးကြည့်နေစဉ် ထိုမျောက်ဝံလေးသည်လည်း အစကတည်းကစ၍ သူ့ကိုစိုက်ကြည့်နေခဲ့သော သူမုန်းတီးနာကျည်းနေသည့် ပတ်ဝန်းကျင်ရှိ ဒါဇင်ကျော်လူများအတွင်းမှ လူတစ်ဦးကို သတိပြုမိခဲ့လေသည်။ ထိုလူ့အကြည့်သည် ပတ်ဝန်းကျင်ရှိလူများ၏ အကြည့်နှင့် မတူကွဲပြားနေသည်... ထိုအကြည့်အတွင်း အေးစက်စက် လျစ်လျူရှုများ ရှိနေခြင်းမဟုတ်ပဲ ဝမ်းနည်းမှုတစ်မျိုးထြင့်သာ ပြည့်နေခဲ့ခြင်းဖြစ်သည်။ သူ အဖမ်းခံခဲ့ရချိန်မှစ၍ ထိုအကြည့်မျိုးကို များစွာ မြင်ဖူးခဲ့သည်။ သို့သော် သူ့မှတ်ဉာဏ်များအတွင်းရှိ ထိုဝမ်းနည်းသည့်အကြည့်များအောက်တွင် အမြဲတမ်းလိုလို တည်ရှိနေခဲ့သည်က သနားကရုဏာသက်ခြင်းများသာ ဖြစ်သည်။

ထိုသနားကရုဏာ သက်ခြင်းများကို သူမလိုအပ်ခဲ့ပေ...

သို့သော် ဤလူ၏အကြည့်ကတော့ အနည်းငယ်ကွဲပြားနေသည်။ ထိုသူ့အကြည့်သည် သူ့အပေါ်တွင်သာ ကျရောက်နေခဲ့သဖြင့် ထိုအကြည့်ထွက်ပေါ်လာနေသည့် နေရာဘက်သို့ သူခေါင်းလှည့်ကြည့်လိုက်မိသည်။

မျောက်ဝံလေးသည် ဝေဝါးနေသောလူတစ်ယောက်နှင့် ထိုလူ၏ သူ့ထံလှမ်းကြည့်နေသောအကြည့်ကို မြင်လိုက်ရသည်။

ထိုအကြည့်ထဲတွင် သနားခြင်း၊ ကရုဏာသက်ခြင်းများ မပါပဲ ဝမ်းနည်းမှုများသက်သက်သာ ပါရှိနေခဲ့သည်။ ထိုဝမ်းနည်းမှုက မျောက်ဝံလေးကိုပင် တုန်လှုပ်သွားစေသည်။

“အဲဒီမျောက်တစ်ကောင်တည်းအတွက်နဲ့တော့ ငါ့ရဲ့ဘယ်ပစ္စည်းကိုမှ မလဲနိုင်ဘူး။ ငါ့ပစ္စည်းတွေအတွက် သူ့တန်ဖိုးက အရမ်းလည်းကြီးလွန်းသလို၊ အရမ်းလည်းနည်းလွန်းနေတယ်။ ဒီလိုဆိုရင်ရော... ငါနှစ်တရာနီးပါး သန့်စင်ထားတဲ့ ကြယ်ရောင်ခြည်အလင်းတန်းတစ်ခုနဲ့ မင်းရဲ့ ပင်လယ်ဖန်တီးခြင်းကျောက်တုံးနှစ်ခုနဲ့ လဲမယ်ဆိုရင်ရော”

“ငါ့မှာ ကြယ်ရောင်ခြည်တော့မရှိဘူး။ ဒါပေမယ့် အတိတ်တုန်းက ငါရခဲ့တဲ့ ရှာမန်မျိုးနွယ်စုက မြင့်မြတ်သားရဲတစ်ကောင်ရဲ့ အရိုးစုကို ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းထားတာရှိတယ်။ အဲဒီ ရုပ်သေးရဲ့တန်ဖိုးက မင်းငါတို့ကိုပြခဲ့တဲ့ ပစ္စည်းအားလုံးထက် ပိုများတယ်။ အကယ်၍ မင်းငါ့ကို နောက်ထပ် ပင်လယ်အဆီအနှစ် ဆယ်စက် ထပ်ပေးမယ်ဆိုရင်တော့ ငါ့ရုပ်သေးကို မင်းနဲ့လဲမယ်”

ဤအရာသည် စုမင်ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးသော လေလံပွဲတစ်ခု ဖြစ်သည်။ လေလံဆွဲသူများသည် ကျောက်ဒင်္ဂါးများကို အသုံးပြု၍ ယှဉ်ပြိုင်နေကြခြင်းမဟုတ်ပဲ ပစ္စည်းများကို အသုံးပြု၍ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။ အမြင့်ဆုံးလေလံဈေးသို့ သွားမည်ဟူသည့် စိတ်ကူးမျိုးမရှိချေ။ လေလံတင်ရောင်းချသူသည် သူလိုချင်သည့်အရာပေါ် အခြေခံပြီး ထိုပစ္စည်းများအား မည်သူ့ဆီ ရောင်းမည်လဲဆိုသည်ကို ဆုံးဖြတ်ပေလိမ့်မည်။ သူ့ဆန္ဒကသာ ဤနေရာရှိအရာအားလုံးအတွက် ဆုံးဖြတ်ခြင်းဖြစ်သည်။

“အချိန်တစ်ချို့ ယူရနိုင်ပေမယ့် ကြယ်ရောင်ခြည်ကို ကိုယ့်ဘာသာ သန့်စင်နိုင်တယ်... ရှာမန်မျိုးနွယ်စုက မြင့်မြတ်သားရဲရဲ့ အရိုးကိုလုပ်ထားတဲ့ ရုပ်သေးအတွက်ကတော့... အကယ်၍ ကျွန်တော်သာ နည်းနည်းအားစိုက်လိုက်မယ်ဆိုရင် အဲဒါကို ရှာမန်မျိုးနွယ်စုဆီကနေ ကိုယ့်ဘာသာရအောင် ယူနိုင်တယ်...”

“ကျွန်တော်က ရှားပါးတဲ့ပစ္စည်းတွေလိုချင်တာ။ ခင်ဗျားတို့မှာ မရှိဘူးဆိုရင် မေ့လိုက်တော့”

ကောင်လေးက ခေါင်းခါယမ်းသည်။ သူ့ရှေ့တွင် လွင့်မျောနေသော ပစ္စည်းလေးခုရှိသည်။ ၎င်းတို့အထဲမှ တစ်ခုက ကျောက်စိမ်းပုလင်းလေးတစ်လုံးဖြစ်ပြီး၊ အခြားတစ်ခုက ထီးသေးသေးလေးတစ်ချောင်း ဖြစ်ကာ ကျန်နှစ်ခုသည် အနက်ရောင်ကျောက်တုံးများဖြစ်သည်။

ဤမတိုင်မီက လေလံတင်သူပြောသွားသော စကားများအရဆိုလျှင် ကျောက်စိမ်းပုလင်းထဲတွင် ပင်လယ်အဆီအနှစ် အရည်များပါဝင်သည်။ သူက ၎င်း၏ အသုံးဝင်ပုံများကို ပြောပြမသွားသော်လည်း ပတ်ဝန်းကျင်ရှိ လူများပြောဆိုနေပုံအရဆိုလျှင် လူအများစုက ထိုအရာဘာလဲဆိုတာကို သိနေပုံပေါ်သည်။

ထီးသေးသေးလေးသည် ထူးခြားသော အကျိုးသက်ရောက်မှုအချို့ ထည့်သွင်းပြုလုပ်ထားသော မာန်အကြောမျှင် ဖြစ်ပြီး ၎င်းက လူတစ်ယောက်၏ အရှိန်အဝါကိုလုံးဝပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်သည်။ ကျန် အနက်ရောင်ကျောက်တုံးနှစ်ခုသည်တော့ ပင်လယ်ဖန်တီးခြင်း ကျောက်တုံးများပင်ဖြစ်သည်။

၎င်း၏ အကျိုးသက်ရောက်မှုများက ၎င်း၏နာမည်အတိုင်းပင်။ ၎င်းက ပါးလွှာသော လေထုထဲမှာပင် ပင်လယ်သမုဒ္ဒရာကြီးတစ်ခု ဖန်တီးနိုင်ပြီး ထိုပင်လယ်ထဲတွင်တော့ မယုံနိုင်ဖွယ်စွမ်းအားများ ပါဝင်သည်။

မီးတောက်မျောက်ဝံသည်လည်း ထိုပစ္စည်းလေးခုနှင့်အတူ လေလံတင်ရောင်းချမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

သို့သော် အခန်း၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသော လူများထဲတွင် အနည်းငယ်ကသာ ထိုကောင်လေးထုတ်ယူလာသည့် ပစ္စည်းများကို စိတ်ဝင်စားကြသည်။ ထိုလူနှစ်ယောက်က ဈေးနှုန်းသတ်မှတ်ခဲ့သော်လည်း ထိုအရာက ကောင်လေးကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ခဲ့ချေ။

“ဘယ်သူ့မှာမှ ရှားပါးပစ္စည်းမရှိဘူးလား။ မရှိဘူးဆိုရင်တော့ နောက်လူတွေကိုပဲ သူတို့ပစ္စည်းတွေ ဆက်ပြခိုင်းလိုက်တော့မယ်”

ကောင်လေးက အတော်စိတ်ပျက်သွားခဲ့သည်။ အခန်း၏ နှစ်ဖက်စလုံးသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပစ္စည်းများကို ပြန်လည်သိမ်းဆည်းတော့မည့်အချိန်မှာပင် စုမင်မျက်လုံးများအတွင်း တောက်ပသောအကြည့်တစ်ခု ပေါ်လာပြီး ရုတ်တရက်လှမ်းပြောလိုက်သည်။

“နေဦး”

“အဲဒါကို ကောင်းကင်ပုလဲတွေနဲ့ လဲမယ်”

စုမင် စကားပြောလိုက်သည့် အချိန်မှာပင် ထျန်းလန်မုန်၏ အသံသည်လည်း သူ့ဘေးမှထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးသည် တစ်ချိန်တည်းလိုလို ပြောလိုက်သည်ဟုတောင် ပြောဆိုနိုင်ပေသည်။ သူတို့အသံကို ကြားသောအခါ ကောင်လေး၏အကြည့်က သူတို့အပေါ်ကျရောက်လာခဲ့သည်။ သို့သော် သူပထမဆုံးကြည့်လိုက်သူက စုမင်မဟုတ်ချေ။ ထိုအစား ကောင်လေးသည် စုမင်ဘေးတွင်ထိုင်နေသော ထျန်းလန်မုန်ကိုသာ လှမ်းကြည့်လာချေ၏။

ကောင်လေးသည် သူမကိုကြည့်၍ အပြုံးဖြင့်မေးသည်။ “ကောင်းကင်ပုလဲ ဘယ်နှစ်ခုလဲ”

***

All Chapters