အခန်း (၈၁၅-၈၁၆)
Vol. 65 Ch. 815-816
အခန်း ၈၁၅ - လူပုတို့၏ အံ့ဩတုန်လှုပ်မှုနှင့် ကုန်ပစ္စည်းဈေးနှုန်း သတ်မှတ်ခြင်း
လော့စ်သည် အုတ်မြစ်ကျောက်များကို ရင်ပြင်သို့ ပို့ဆောင်ပြီးနောက် ထိုနေရာတွင် အုတ်မြစ်ကျောက် အမြောက်အမြား စုပုံထားပြီးဖြစ်သည်ကို တွေ့လိုက်ရလေသည်။ ဘေးနားရှိ ကိုယ်ရံတော်များကလည်း လှည်းများပေါ်မှ အုတ်မြစ်ကျောက်များကို မရပ်မနား ဆက်လက်ချနေကြဆဲပင်။
“ဒီအုတ်မြစ်ကျောက်တွေက ဘယ်ကနေ ရောက်လာတာလဲ။”
လော့စ် တစ်ယောက် မအောင့်နိုင်ဘဲ မေးလိုက်မိ၏။
မူလက အုတ်မြစ်ကျောက်များ ရရှိသည့်လမ်းကြောင်းမှာ ကုန်သွယ်ရေးလျှို့ဝှက်ချက် ဖြစ်သင့်သော်လည်း ဤအုတ်မြစ်ကျောက်များသည်မူ သမန်းဝံပုလွေမျိုးနွယ်ထံမှ လာခြင်းဖြစ်သဖြင့် ရှောင်းယီက လျှို့ဝှက်ထားရန် အမိန့်မပေးထားခဲ့ပေ။ သူသည် သမန်းဝံပုလွေမျိုးနွယ်ကို လူအများ ပို၍ပင် သိရှိစေလိုသေးသည်။
ထို့အပြင် သမန်းဝံပုလွေမျိုးနွယ်အပေါ် လူတိုင်း၏အမြင် ကောင်းမွန်လာစေရန် ဤအုတ်မြစ်ကျောက်များကို သမန်းဝံပုလွေမျိုးနွယ်က လှူဒါန်းခြင်းဖြစ်ကြောင်းလည်း ကြော်ငြာခိုင်းထားခဲ့သေးသည်။
မိမိတို့ခြေဖဝါးအောက်ရှိ ကျွန်းများကို အုတ်မြစ်ကျောက်များဖြင့် ချဲ့ထွင်ထားခြင်းဖြစ်ကြောင်း လူတိုင်း သိထားကြ၏။ အုတ်မြစ်ကျောက် ပိုများလေ ကျွန်းဧရိယာ ပိုကျယ်လာလေဖြစ်ပြီး မဟာမိတ်အဖွဲ့တစ်ခုလုံးကိုလည်း ပိုမိုမြန်ဆန် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည်။
ထို့ကြောင့် အစောင့်များက ချက်ချင်းပင် ပြန်ဖြေလိုက်ကြ၏။
“ဒါတွေအားလုံးက သမန်းဝံပုလွေမျိုးနွယ်က ပေးလှူထားတွေတာပါ။”
“သမန်းဝံပုလွေမျိုးနွယ် ဟုတ်လား။”
လော့စ် အံ့အားသင့်သွားခဲ့သည်။
“မင်းတို့ကျွန်းမှာ သမန်းဝံပုလွေတွေ ရှိနေတာလား။”
“ဟုတ်ပါတယ်၊ ကျွန်းပိုင်ရှင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ကြီးပေါ်ကနေ သူတို့ကို ကယ်ထုတ်လာခဲ့တာပါ။”
အစောင့်က သူသိသမျှ အကုန်ပြောပြနေပုံရသည်။
လော့စ် ပို၍ပင် အံ့ဩသွား၏။
“သမန်းဝံပုလွေတွေနဲ့ လူသားတွေဆိုတာ အမြဲတမ်း ရန်ဘက်တွေ မဟုတ်ဘူးလား။”
“ရန်ဘက်လား။ ဘာလို့ ရန်ဘက်ဖြစ်ရမှာလဲ။ အထင်မှားနေတာတွေနဲ့ ပဋိပက္ခတွေကို အကုန်ဖြေရှင်းပြီးပါပြီ။ အရင်က သူတို့ ရန်ဖြစ်နေကြတာက ဗန်ပိုင်းယားတွေ ကြားထဲက သွေးထိုးပေးနေလို့ပါပဲ။”
အစောင့်က ပြုံးကာ ပြန်ပြောလိုက်သည်။
“အခု ကျုပ်တို့ မဟာမိတ်အဖွဲ့က လူတိုင်းတန်းတူညီမျှရေးကို ဦးစားပေးတယ်။ ဘယ်မျိုးနွယ်ပဲဖြစ်ဖြစ် အားလုံး တန်းတူပဲ။”
အစောင့်၏ စကားကို ကြားလိုက်ရသောအခါ လော့စ် မှင်သက်သွားခဲ့သည်။
“ဒါ ရှောင်းယီရဲ့ အတွေးအခေါ် အမြင့်ဆုံး အဆင့်ပဲလား။”
အုတ်မြစ်ကျောက်များကို ရင်ပြင်တွင် ထားခဲ့ပြီးနောက် လော့စ်သည် သူ၏အဖွဲ့ကို ခေါ်ဆောင်ကာ လူကုမျိုးနွယ်ဆီသို့ ချက်ချင်း ပြန်လာခဲ့လေသည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ တွေ့ရှိချက်အသစ် တစ်ခုရှိပါတယ်။”
လော့စ်သည် ပြန်ရောက်သည်နှင့် ဘုရင်ကြီးအား ချက်ချင်း သွားရောက်တွေ့ဆုံတော့လေသည်။
လူပုဘုရင်က လော့စ်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ။”
ထို့နောက် လော့စ်သည် သမန်းဝံပုလွေမျိုးနွယ်များ ရှောင်းယီ၏ကျွန်းတွင် အခြေချနေထိုင်နေပုံ၊ ဒေသခံများ၏ ကန့်ကွက်မှုကို ရှောင်းယီက ပြတ်ပြတ်သားသား နှိမ်နင်းခဲ့ပုံနှင့် လူမျိုးတိုင်း တန်းတူညီမျှရေးအပေါ် သူ၏ ရပ်တည်ချက်များအား ပြန်လည်ပြောပြလိုက်၏။
ထိုစကားများကို နားထောင်ရင်း လူပုဘုရင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
“ဒီရှောင်းယီက တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ။”
လူပုမျိုးနွယ်သည် သမန်းဝံပုလွေမျိုးနွယ်အပေါ်၌ ကြားနေသဘောထားရှိပြီး သူတို့ကို မုန်းလည်းမမုန်း၊ ချစ်လည်းမချစ်ပေ။
တိုက်ကြီးပေါ်ရှိ လူသားဒေသခံများနှင့် ယှဉ်လျှင် လူပုတို့သည် ဝံပုလွေမျိုးနွယ်နှင့် ဆက်ဆံရသည်ကို ပို၍ပင် သဘောကျသေးသည်။
“ဟုတ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်မျိုး ကျွန်းချင်းပေါင်းစည်းမယ့် ကိစ္စကို တကယ်ပဲ မျှော်လင့်နေမိပါပြီ။ ပေါင်းစည်းပြီးရင် ကျွန်တော်မျိုးတို့ လူပုမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီး မြန်ဆန်လာမှာ အသေအချာပါပဲ။”
လော့စ်က ဆက်ပြောလိုက်သည်။ လူပုဘုရင်က ခေါင်းငြိမ့်လိုက်သည်။
“ဘဏ္ဍာတိုက်က အုတ်မြစ်ကျောက်တွေကို ပြင်ဆင်ပြီး စုစည်းခိုင်းလိုက်တော့။ ခဏနေရင် မင်းနဲ့အတူ ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီ ငါ လိုက်ခဲ့မယ်။”
“မှန်လှပါ အရှင်မင်းကြီး။”
.....
ရှောင်းယီသည် လူပုမျိုးနွယ်မှ ပြန်ရောက်လာပြီးနောက် အရောင်းအဝယ်အတွက် စတင်ပြင်ဆင်တော့လေသည်။
ဤတစ်ကြိမ်တွင် ရှောင်းယီသည် ပစ္စည်းလေးမျိုးကို အဓိကထား ရောင်းချရန် စီစဉ်ထားခဲ့၏။
လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ၊ ပင်ဖိုင်းယား ရိုင်ဖယ်များ၊ လူပုတို့ထံမှ ဝယ်ယူထားသည့် သတ္တုတူးဖော်ရေးစက်များနှင့် တစ်နာရီ ကီလိုမီတာ ၅၀ နှုန်းဖြင့် သွားနိုင်သော သံချပ်ကာစစ်သင်္ဘောတို့ ဖြစ်သည်။
အခြား အစားအသောက်နှင့် ကိရိယာများကိုလည်း ရောင်းချမည်ဖြစ်သော်လည်း ၎င်းတို့မှာ အပိုဆောင်းသက်သက်သာ ဖြစ်လေသည်။
ရောင်းချခြင်းမပြုမီ သူသည် ဆုဝမ်ကို ဂရုထဲတွင် အရင်ဆုံး ကြော်ငြာခိုင်းလိုက်လေသည်
“မိတ်ဆွေတို့ခင်ဗျာ... ယီရန်ပင်း မဟာမိတ်အဖွဲ့ကနေ တစ်ဦးချင်းသုံး ဒုံးကျည်၊ ရိုင်ဖယ်၊ သတ္တုတူးဖော်ရေးစက်နဲ့ သံချပ်ကာစစ်သင်္ဘော စတဲ့ အဆင့်မြင့်ပစ္စည်းတွေကို မိတ်ဆက်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ လိုအပ်သလို ဝယ်ယူနိုင်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ တခြားပစ္စည်းတွေကိုလည်း လျှော့ဈေးတွေနဲ့ ရောင်းပေးသွားမှာမို့ အားပေးကြပါဦး။”
“သူဌေးရေ... သူဌေးကြီးရဲ့ ဒီဈေးရောင်းပွဲကို ကျုပ် မျှော်နေတာ ကြာလှပြီဗျ။”
“ဟုတ်တယ်... ပြီးခဲ့တဲ့ ဈေးရောင်းပွဲကြီးက အတော်ကြာသွားပြီလို့ ခံစားနေရတယ်။”
“အပေါ်ကလူ အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့။ နောက်ဆုံး ဈေးရောင်းပွဲက ရက်ပေါင်း ၇၀ မှာပဲ၊ အခုက ၈၃ ရက်ရှိပြီ။ ၁၂ ရက်လောက်ပဲ ခြားသေးတာပါ။ ဒါပေမဲ့ သူဌေးကြီးအတွက်တော့ ဒါက အကြာဆုံး အချိန်အပိုင်းအခြား ဖြစ်ပုံရတယ်။”
“မင်း မှတ်ထားတာ တိကျလှချည်လားဟ။ ငါဆို ဒီကိုရောက်နေတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာတောင် မေ့နေပြီ။”
“ဘာမှ ထပ်မပြောနဲ့တော့။ သူဌေး... မြန်မြန်သာ ရောင်းပေးပါတော့။ ကျုပ်တို့ မဟာမိတ်အဖွဲ့က အုတ်မြစ်ကျောက်တွေ အများကြီး အဆင်သင့် ပြင်ထားပြီးသား။”
“ဟုတ်တယ်... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တခြားတိုက်သစ်တွေကနေ ရထားတဲ့ အကျိုးအမြတ်က အတော်လေး ကောင်းတယ်။ ပျမ်းမျှအားဖြင့် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကို အုတ်မြစ်ကျောက် တစ်ထောင်နီးပါး ရထားကြတယ်။”
“ဟမ်... အဲလောက်တောင် များတာလား။ ငါတို့အဖွဲ့ကျ ဘာလို့ အဲလောက် မရတာလဲ။”
“အဲဒါ မင်းတို့အဖွဲ့က ညံ့လို့နေမှာပေါ့။ ကျုပ်တို့ဆီမှာဆို အဲဒါထက်တောင် ပိုရသေးတယ်။ ဒါပေမဲ့ ချမ်းသာတာကို ကြွားမနေချင်လို့ ထပ်မပြောတော့ဘူး။”
“ကျစ်... အခွင့်အရေးရတုန်း ကြွားသွားပြန်ပြီ။”
“ဒီထဲမှာ ရိုင်ဖယ်အကြောင်း သိတဲ့သူရှိရင် ရှင်းပြပေးပါဦး။ စစ်ရေးအကြောင်း နားမလည်လို့ပါ။”
“ရိုးရိုးလေး ပြောရရင် ဒီရိုင်ဖယ်က ယမ်းမှုန့်ကို ကျည်အိမ်ထဲ အတင်းထည့်နေစရာ မလိုတော့ဘူး။ တစ်ချက်ပစ်၊ နောက်ကနေ ကျည်တစ်တောင့်ထည့်၊ နောက်တစ်ချက် ထပ်ပစ်ရုံပဲ။ အဆင့်မြင့်တဲ့ လက်နက်လို့ ပြောလို့ရတယ်။ လက်ရှိရှိနေတဲ့ မီးသေနတ်တွေ ဒါမှမဟုတ် ခေါက်တင်ယမ်းသေနတ်တွေနဲ့ ယှဉ်ရင်တော့ လုံးဝ အပြတ်အသတ်ပဲ။”
“အဲဒါဆို အခုခေတ် ရိုင်ဖယ်တွေလို ဖြစ်သွားပြီပေါ့။”
“ဟုတ်တယ်... ကွာခြားချက်ကတော့ ဒါက တစ်ချက်ချင်းပဲ ပစ်လို့ရတယ်။ အဆက်မပြတ်တော့ ပစ်လို့ မရသေးဘူး။”
“ဟုတ်တယ်... ပြီးတော့ သူဌေး ထုတ်လာတဲ့ ပစ္စည်းတွေက ဘယ်တော့မှ အဆင့်မနိမ့်ဘူး။ ဒီရိုင်ဖယ်က အဆင့်မြင့်တယ်ဆိုရင်တောင် ငါတို့ အရင်ကမ္ဘာက ဒုတိယကမ္ဘာစစ်တုန်းက သုံးတဲ့ ရိုင်ဖယ်တွေနဲ့ အဆင့်တူလောက် ဖြစ်လိမ့်မယ်။”
ရှောင်းယီသည် ဂရုထဲက ဆွေးနွေးမှုများကို ကြည့်ရင်း စိတ်ထဲက တွက်ချက်ကြည့်လိုက်သည်။
“အရင်ကတော့ သံချပ်ကာသင်္ဘောဈေးကို လူတွေ မတတ်နိုင်ကြဘူး ထင်နေတာ။ အခုကြည့်ရတာ ငါ အထင်သေးမိသွားပုံပဲ။”
ယခင်က သူ မာတင်ကို ရောင်းခဲ့သည့် သင်္ဘောတစ်စင်းမှာ အုတ်မြစ်ကျောက် ၁ သောင်း ကုန်ကျခဲ့၏။ တခြားသူများကို ရောင်းလျှင်လည်း ထိုဈေးထက် မလျော့နိုင်ပေ။
ယခုတော့ စိတ်ပူစရာ မလိုတော့ပုံပင်။ အခြား အသက်ရှင်ကျန်ရစ်သူများသည်လည်း တိုက်သစ်များမှ အုတ်မြစ်ကျောက် အမြောက်အမြား ရရှိထားကြလေသည်။
ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယီသည် အဓိက ကုန်ပစ္စည်း လေးမျိုးအတွက် ဈေးနှုန်းများကို အောက်ပါအတိုင်း သတ်မှတ်လိုက်တော့သည်။
တစ်ဦးချင်းသုံး လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်: ၁ ခုလျှင် အုတ်မြစ်ကျောက် ၁၀၀၊ ဒုံးကျည်အပို ၁ ခုလျှင် အုတ်မြစ်ကျောက် ၁ ခု။
ရိုင်ဖယ်: ၁ လက်လျှင် ၈၀ ၊ ကျည်ဆန် ၁၀ တောင့်လျှင် ၁ ခု။
သတ္တုတူးဖော်ရေးစက်: ၁ ခုလျှင် ၁၂၀ ။
အမှန်စင်စစ် သူ လူပုတို့ဆီမှ ၁၀၀ ဖြင့် ဝယ်ထားခြင်းဖြစ်သော်လည်း အခြားသူများဆီတွင် မရှိသဖြင့် ဈေးအနည်းငယ် တင်ရောင်းလိုက်ခြင်းဖြစ်သည်။
သံချပ်ကာစစ်သင်္ဘော: ၁ စင်းလျှင် ၁၅,၀၀၀ ။ တကယ်လို့ ကုန်ကြမ်းပစ္စည်း ကိုယ်တိုင်ပေးနိုင်ရင်တော့ ၁၄,၀၀၀ ။
ထို့နောက် ဈေးနှုန်းသတ်မှတ်ချက်များကို ဂရုထဲတွင် တိုက်ရိုက် တင်လိုက်သည်။ အရောင်းခန်းမတွင်မူ ၅ ဆခန့် ဈေးတင်ပြီး စာရင်းသွင်းထားလိုက်၏။
ယခုအခါ အုတ်မြစ်ကျောက်ကျွန်း အတော်များများကို ဒေသခံအဖွဲ့အစည်းများက သိမ်းပိုက်ထားကြပြီး သူတို့သည်လည်း အရောင်းခန်းမမှ ပစ္စည်းဝယ်နိုင်ကြပေသည်။ ရှောင်းယီအနေဖြင့် ထိုဒေသခံများကို ဤအဆင့်မြင့်ပစ္စည်းများအား အလွယ်တကူ ရရှိစေလိုခြင်း မရှိပေ။
အခြားနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများအတွက်မူ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စီးပွားရေးဌာနသို့ တိုက်ရိုက် ဆက်သွယ်ဝယ်ယူခိုင်းလိုက်၏။ ဈေးနှုန်းကတော့ ဂရုထဲကထက် အနည်းငယ် ပိုကြီးမည်ဖြစ်သည်။
ဤသည်မှာ ရှားနိုင်ငံက လူများကို ဂုဏ်ယူစေရုံသာမက ကြားပွဲစားလုပ်ပြီး အမြတ်ထုတ်ခွင့်လည်း ပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။ သို့သော် ရှောင်းယီက ထိုအသေးအဖွဲ ကိစ္စများကို ဂရုမစိုက်တော့ဘဲ လွှတ်ထားပေးလိုက်၏။
“ကျွန်းပိုင်ရှင်...လူပုဘုရင်နဲ့ လော့စ်တို့ ရောက်လာကြပါတယ်။ ကျွန်းပိုင်ရှင်ကို တွေ့ချင်ပါတယ်တဲ့။”
ကျန်းရွှဲ့က ရှောင်းယီကို ဖုန်းဆက်ပြောလာခဲ့သည်။ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“အုတ်မြစ်ကျောက်တွေလည်း ပို့ပြီးပြီပဲ... အခုချိန်မှ ရောက်လာတယ်ဆိုတော့ တခြား အရောင်းအဝယ် ကိစ္စတွေ ရှိလို့များလား။ ဒီအခွင့်အရေးကို ငါ သေချာဖမ်းဆုပ်ရမယ်။”
သူ စိတ်ထဲမှ တွေးလိုက်မိလေသည်။
အခန်း ၈၁၆ - လူပုဘုရင်၏ စမ်းသပ်မှုနှင့် မကျေနပ်ဖြစ်ခြင်း
လူပုဘုရင်ကိုယ်တိုင် ရောက်လာသည်ဆိုကတည်းက ကြီးမားသော အရောင်းအဝယ်တစ်ခု ရှိလိမ့်မည်ဟု ရှောင်းယီ တွေးလိုက်မိ၏။ သို့မဟုတ်ပါက လော့စ်တစ်ယောက်တည်းကိုသာ လွှတ်လိုက်မည် မဟုတ်ပါလား။
ထိုသို့တွေးတောရင်း ရှောင်းယီသည် အန်းရန်ကို ခေါ်ကာ အရောင်းအဝယ်စာရင်းများကို တင်ခိုင်းထားသော်လည်း အပြီးမသတ်သေးရန် မှာထားခဲ့လိုက်သည်။ သူမအနေဖြင့် အုတ်မြစ်ကျောက်များကိုသာ သိမ်းဆည်းထားရန်လိုအပ်ပြီး နောက်ဆုံးအဆင့်ကိုမူ သူကိုယ်တိုင် ကိုင်တွယ်မည်ဖြစ်သည်။
အန်းရန်က ခေါင်းငြိမ့်ပြလိုက်ကာ ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်လိုက်တော့လေသည်။
ရှောင်းယီသည်မူ ကားပေါ်သို့ ခုန်တက်ကာ အပန်းဖြေစခန်းသို့ အမြန်မောင်းလာခဲ့၏။ လူပုဘုရင်နှင့် လော့စ်တို့ကို ဘားထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။
ဘား၏ အပေါ်ဆုံးထပ်ရှိ သီးသန့်ခန်းထဲသို့ သူဝင်သွားလိုက်သည်။
“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။”
“အားနာစရာ မလိုပါဘူး ကျွန်းပိုင်ရှင်ရှောင်း။”
လူပုဘုရင်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျုပ် ကျွန်းပိုင်ရှင်နဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ။”
လူပုဘုရင်က ထိုသို့ပြောလိုက်သောအခါ ရှောင်းယီ အနည်းငယ် စိတ်ပျက်သွားခဲ့၏။ သူက ကြီးမားသော အရောင်းအဝယ်ကိစ္စကြီးတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း စကားပြောရုံသာ ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် သူက ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။
“အရှင်မင်းကြီး... ဘာကိစ္စများ ရှိလို့လဲ။”
“ကျွန်းပိုင်ရှင်ရဲ့ကျွန်းမှာ သမန်းဝံပုလွေတွေ အခြေချနေထိုင်တယ်လို့ ကျုပ်ကြားထားတယ်... ဟုတ်ပါသလား။”
လူပုဘုရင်က ပြန်မေးလိုက်၏။
ရှောင်းယီ မျက်မှောင်ကျုံ့သွားခဲ့သည်။
လူပုတွေနဲ့ သမန်းဝံပုလွေတွေကြားမှာ ရန်ငြိုး ရှိနေတာလား။
အကယ်၍ ရှိနေမည်ဆိုလျှင်တော့ ပြဿနာပင်။ သူသည် သမန်းဝံပုလွေမျိုးနွယ်ထံမှ အုတ်မြစ်ကျောက် ၅ ဘီလီယံကျော်ကို လက်ခံထားပြီးသားဖြစ်ရာ သူတို့ကို အလွယ်တကူ နှင်ထုတ်၍ မရပေ။ သို့သော် လူပုမျိုးနွယ်တွင် အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာကျော် ရှိနေသဖြင့် ထိုကဲ့သို့သော ဖောက်သည်ကြီးကိုလည်း လက်လွတ်မခံနိုင်ပေ။
“လူပုမျိုးနွယ်နဲ့ သမန်းဝံပုလွေမျိုးနွယ်ကြားမှာ တစ်ခုခု အထင်လွဲနေတာ ရှိလို့လား။”
ရှောင်းယီက ပါးနပ်စွာ မေးလိုက်သည်။
လူပုဘုရင်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့၏။
“ဟုတ်တယ်... သမန်းဝံပုလွေတွေနဲ့ ကျုပ်တို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး။ ကျွန်းပိုင်ရှင်က သူတို့ကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ။”
“ကိုင်တွယ်ရမှာလား။”
ရှောင်းယီက သူ့ကို တည်ကြည်လေးနက်စွာ ကြည့်ပြီး ခေါင်းရမ်းလိုက်၏။
“သူတို့က ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီဆိုကတည်းက အဖွဲ့ရဲ့ ကာကွယ်မှုကို ခံစားခွင့်ရှိတယ်။ အရှင်မင်းကြီးတို့ကြားက ရန်ငြိုးတွေက အထင်လွဲတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုးအနေနဲ့ ကြားဝင်စေ့စပ်ပေးလို့ ရပါတယ်။ တကယ်လို့ ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ အရှင်မင်းကြီးတို့အနေနဲ့ ကျွန်တော်မျိုးရဲ့ကျွန်းကို မလာဘဲ နေရုံပါပဲ...။ မတွေ့ရရင် စိတ်မညစ်ရတော့ဘူးပေါ့။”
ရှောင်းယီသည် အမြတ်အစွန်းကို မက်မောသူဖြစ်သော်လည်း ကျေးဇူးရှင်ကို ပြန်ကန်မည့်သူမျိုးတော့ မဟုတ်ပေ။ အခြေခံ လူသားကျင့်ဝတ်ကို သူ တန်ဖိုးထားပေသည်။
တိုက်ကြီးပေါ်ရှိ လူတိုင်းက လူပုမျိုးနွယ်တွင် အုတ်မြစ်ကျောက်များ တောင်လိုပုံနေသည်ကို သိထားကြ၏။ အခြားသော လူသားအဖွဲ့အစည်းသာဆိုလျှင် လူပုတို့၏ မျက်နှာသာကို ရရှိရန် သမန်းဝံပုလွေများကို သစ္စာဖောက်ပြီး ရောင်းစားလိမ့်မည်မှာ သေချာပေသည်။
“အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာ... အဲဒီ သမန်းဝံပုလွေတွေကို တိုက်ကြီးဆီ ပြန်ပို့လိုက်ရုံပဲ။”
လူပုဘုရင်က အေးစက်စက် ပြောလိုက်သည်။
ရှောင်းယီ မှင်သက်သွားပြီးနောက် အသာအယာ ရယ်မောကာ ခေါင်းရမ်းလိုက်သည်။
“ဘီလီယံ တစ်ရာဆိုတာ တကယ်ကို များပြားတဲ့ ပမာဏပါပဲ...။ ဒါပေမဲ့ ကျွန်တော်မျိုး ငြင်းပါရစေ။”
အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာဆိုသည်မှာ မည်သည့် ကျွန်းပိုင်ရှင် သို့မဟုတ် အသက်ရှင်ကျန်ရစ်သူကိုမဆို ရူးသွပ်သွားစေနိုင်သည့် ပမာဏဖြစ်၏။
လူပုဘုရင်၏ မျက်လုံးများ ပိုမိုတောက်ပလာခဲ့သည်။ ရှောင်းယီသည် ထိုအုတ်မြစ်ကျောက်များကို လိုချင်တပ်မက်သော်လည်း မတရားသော သွေးဆောင်မှုကို တွန်းလှန်နိုင်သည်ကို သူ မြင်လိုက်ရလေသည်။ ဤကဲ့သို့ ကတိတည်သောသူမျိုးမှာ အင်မတန် ရှားပါးလှ ၏။
“ကောင်းပြီ... ကျွန်းပိုင်ရှင်က စေ့စပ်ပေးနိုင်တယ်လို့ ဆိုမှတော့ သမန်းဝံပုလွေမျိုးနွယ်စု ခေါင်းဆောင်နဲ့ တွေ့ဖို့ ကျုပ် လိုက်ခဲ့မယ်။”
လူပုဘုရင်က မျက်မှောင်ကျုံ့ချင်ယောင်ဆောင်ရင်း ပြောလိုက်လေသည်။
“ကောင်းပါပြီ... ဒီဘက်က ကြွပါ။”
ရှောင်းယီက မတ်တပ်ထရပ်ကာ လူပုဘုရင်ကို ကားဆီသို့ ခေါ်ဆောင်သွားပြီး သမန်းဝံပုလွေစခန်းဆီသို့ ဦးတည်မောင်းနှင်ခဲ့လာခဲ့၏။
စခန်းတံတိုင်း၏ အပြင်ဘက်သို့ ရောက်သောအခါ လူပုဘုရင်နှင့် လော့စ်တို့ ကားပေါ်မှ ဆင်းလိုက်ကြပြီး မြင့်မားသော တံတိုင်းကြီးကို တွေ့လိုက်ရလေသည်။
“မင်းက သမနဝံပုလွေတွေကို ဒီထဲမှာ ပိတ်လှောင်ထားတာလား။”
လူပုဘုရင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
ရှောင်းယီ မျက်တောင်ခတ်လိုက်ပြီး လူပုဘုရင်၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်မှ အထင်လွဲနေသည်ကို သတိပြုမိသွားတော့လေသည်။
“မဟုတ်ပါဘူး... ဒီတံတိုင်းက ခေါင်းဆောင် ဒန်နီရဲ့ အကြံပါ။ လူသားတွေနဲ့ သမန်းဝံပုလွေတွေကြားမှာ အတားအဆီးလေးတွေ ရှိနေသေးတာမို့... အချိန်ကြာလာရင်တော့ ဒါတွေက ပျောက်ကွယ်သွားမှာပါ။ ဒီတံတိုင်းရှိရှိ၊ မရှိရှိ လူသားတွေကော ဝံပုလွေတွေပါ လွတ်လွတ်လပ်လပ် သွားလာနေကြတာပါပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
သူ့စကားကို သက်သေပြသကဲ့သို့ပင် သမန်းဝံပုလွေအချို့ တံခါးဝမှ ထွက်လာကြလေသည်။ ရှောင်းယီကို မြင်သောအခါ သူတို့က လေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
“မင်္ဂလာပါ ကျွန်းပိုင်ရှင်။”
လူပုဘုရင်နှင့် လော့စ်တို့က သမန်းဝံပုလွေစကားကို နားမလည်သော်လည်း ထိုသူတို့၏ အပြုအမူမှတဆင့် စစ်မှန်သော ရိုသေလေးစားမှုကို မြင်နိုင်၏။
ထိုအချိန်မှာပင် လှည်းဆွဲလာသော လူသားအချို့ တံခါးထဲသို့ ဝင်သွားကြပြီး ရှောင်းယီကို မြင်သောအခါ “ကျွန်းပိုင်ရှင်” ဟု ဝမ်းသာအားရ နှုတ်ဆက်ကြပြန်သည်။
သံသယများ ကျန်ရှိနေသေးသဖြင့် လူပုဘုရင်သည် ရှောင်းယီ၏နောက်မှ လိုက်ဝင်လာခဲ့၏။ တံတိုင်းကို ကျော်လိုက်သည်နှင့် သူ မှင်သက်သွားခဲ့ရပြန်သည်။
အတွင်း၌ အပန်းဖြေစခန်းရှိ ဟိုတယ်များကဲ့သို့ ထပ်ဆင့်မြင့် အဆောက်အဦးများ စီတန်းနေသည် မဟုတ်ပါလား။
လူသားအဆောက်အဦးများလောက် မမြင့်သော်လည်း လူပုတို့၏ အိမ်များနှင့်ယှဉ်လျှင် အလွန်ပင် မြင့်မားလှပေသည်။
ရှောင်းယီသည် သူတို့ကို အများပြည်သူ ဝန်ဆောင်မှုခန်းမဆီသို့ ခေါ်သွားခဲ့သည်။
ဒန်နီသည် ရှောင်းယီ ရောက်လာကြောင်း ကြားသိပြီးဖြစ်သဖြင့် ထွက်ကြိုနေခဲ့ပြီဖြစ်၏။
ရှောင်းယီ၏ ဘေးနားတွင် လူပုဘုရင်ကို မြင်လိုက်ရသောအခါ ဒန်နီတစ်ယောက် ခဏမျှ တုံ့ဆိုင်းသွားပြီး ရှောင်းယီကို အရင် နှုတ်ဆက်လိုက်လေသည်။
“ကျွန်းပိုင်ရှင်။”
ထို့နောက် သူသည် လူပုဘုရင်ဘက်သို့ လှည့်ကာ ပုပုလုဘာသာစကားဖြင့် ပြောလိုက်၏။
“ဟေး... ခင်ဗျားလို မသေမျိုးအိုကြီးက ကျွန်းပိုင်ရှင်ရဲ့ကျွန်းကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။”
“ဖီ...ငါက မသေမျိုး ဟုတ်လား။ မင်းကမှ အသက် ၅၀၀ ရှိနေတဲ့ ဝံပုလွေအိုကြီးကွ...။ အရှက်မရှိလိုက်တာ။”
လူပုဘုရင်က မျက်လုံးလှန်ကာ ပြန်ပက်လိုက်သည်။
ရှောင်းယီ တစ်ယောက် ကြောင်အသွား၏။
ဒါက သူငယ်ချင်းဟောင်းတွေ နောက်ပြောင်နေတဲ့ ပုံစံမျိုး မဟုတ်လား။
ဒါနဲ့ ဒန်နီက လူပုဘာသာစကားကို ဘယ်လိုလုပ်ပြီး တတ်နေတာလဲ။
အပြန်အလှန် ဆဲဆိုနှက်နှောပြီးနောက် ဒန်နီက ခါးကိုင်းကာ ဘုရင်နှင့် လက်သီးချင်း တိုက်လိုက်ပြီး ညည်းညူလိုက်လေသည်။
“ခင်ဗျားက ဘယ်တော့မှ အရပ်ရှည်လာမှာလဲ။ ခင်ဗျားကို နှုတ်ဆက်ရတိုင်း ကျုပ်ရဲ့ကျောတွေ အောင့်လာတယ်။”
“ဟက်... မင်း ကျောအောင့်တာက ညဘက်တွေမှာ အလုပ်တွေ အရမ်းများလွန်းလို့နေမှာပေါ့။”
ဘုရင်က ပြန်ပက်လိုက်၏။
ထိုစဉ် ရှောင်းယီက ကြားထဲက ဝင်ပြောလိုက်သည်။
“နေပါဦး... ဘာတွေ ဖြစ်နေတာလဲ။ ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား။”
ထိုအခါ ဒန်နီက လေးစားစွာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် ကျွန်းပိုင်ရှင်... အရင်တိုက်ကြီးပေါ်မှာတုန်းက လူပုမျိုးနွယ်ကပဲ ကျုပ်တို့နဲ့ အရောင်းအဝယ် လုပ်ခဲ့တာပါ။ သိပ်ပြီးတော့တော့ မရင်းနှီးကြပါဘူး။”
“ဒါပေမဲ့ ခင်ဗျားက ပြောတော့...”
ရှောင်းယီက လူပုဘုရင်ကို သံသယဖြင့် ကြည့်လိုက်၏။
လူပုဘုရင်က ရှောငယီ၏စကားကို ဖြတ်ပြောကာ လေးနက်စွာ ဦးညွှတ်လိုက်လေသည်။
“တောင်းပန်ပါတယ် မိတ်ဆွေ... ခုနက ကျုပ် ခင်ဗျားကို လိမ်လိုက်မိတယ်။ ခင်ဗျားရဲ့ သဘောထားက ကျုပ်တို့ မျိုးနွယ်စုရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုအပေါ် မူတည်နေလို့ စမ်းသပ်လိုက်ရတာပါ။”
“ခင်ဗျားက ဝံပုလွေတွေအပေါ် ကျုပ် ဘယ်လိုဆက်ဆံမလဲဆိုတာ သိချင်လို့ တမင်သက်သက် ရန်စခဲ့တာပေါ့ ဟုတ်လား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
“အတိအကျပါပဲ”
လူပုဘုရင်က ပြန်ဖြေလိုက်သည်။
“ခင်ဗျားရဲ့ ရပ်တည်ချက်က ကျုပ်ကို အတော်လေး အံ့ဩစေတယ်။ ဒန်နီ... မင်းတော့ တကယ်ကို ကောင်းမွန်တဲ့ ကျွန်းပိုင်ရှင်တစ်ယောက်ကို ရှာတွေ့ထားတာပဲ။ ငါက မင်းတို့ကို နှင်ထုတ်ဖို့အတွက် အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာ ကမ်းလှမ်းခဲ့တာတောင် သူက လုံးဝ မလှုပ်ခဲ့ဘူး။”
ထိုစကားကို ကြားသောအခါ ဒန်နီသည် ရှောင်းယီကို ပိုမိုနက်ရှိုင်းသော ကျေးဇူးတင်မှုများဖြင့် ကြည့်လိုက်မိ၏။
ရှောင်းယီက လက်ကာပြလိုက်ပြီး မျက်နှာက အေးစက်သွားခဲ့သည်။
“မိတ်ဆွေတွေက ကျုပ်ကို စမ်းသပ်တာကို ကျွန်တော် သဘောမကျဘူး... ဒါက သိပ်ပြီးတော့ မနှစ်မြို့စရာ ကောင်းတယ်။”
“ကျုပ် တောင်းပန်ပါတယ်။”
လူပုဘုရင်က စစ်မှန်သော လေသံဖြင့် ထပ်မံတောင်းပန်လိုက်သည်။
“ကျုပ်ရဲ့စကားကို နားထောင်ပေးပါဦး...။ ကျုပ် ကျုပ်တို့ လူပုမျိုးနွယ်တစ်ခုလုံးကို ကျွန်းပိုင်ရှင်ရဲ့ကျွန်းဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါကြောင့် သေချာအောင် စမ်းသပ်လိုက်ရတာပါ။”
ရှောင်းယီ မှင်သက်သွားခဲ့သည်
“ခင်ဗျား ဆိုလိုတာက... ဒီကျွန်းနဲ့ မြေပြင်ချင်း ပေါင်းစည်းမယ်လို့ ဆိုလိုချင်တာလား။”
လူပုဘုရင်က ခေါင်းငြိမ့်ပြလိုက်သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းရမ်းလိုက်လေသည်။
“မလုပ်ဘူး။”