အခန (၈၁၇-၈၁၈)
Vol. 65 Ch. 817-818
အခန်း ၈၁၇ - စိတ်မကျေနပ်မှုတစ်ခုအတွက် အုတ်မြစ်ကျောက် ဘီလီယံတစ်ရာ၊ အိုကေလေ
ရှောငယီ၏ ပြတ်သားသော ငြင်းဆိုမှုကို ကြားလိုက်ရသောအခါ လူပုဘုရင်မှာ မှင်သက်သွားခဲ့ပြီးနောက် ပျာပျာသလဲဖြင့် ပြောလိုက်သည်။
“စောစောက ကျုပ်ရဲ့ အပြုအမူအတွက် ထပ်ပြီး တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အဲဒါကို စိတ်ထဲမထားပါနဲ့။”
လူပုဘုရင်သည် ရှောင်းယီနှင့် စကားပြောရာ၌ ယခင်က တစ်ခါမှ ယဉ်ကျေးသော အသုံးအနှုန်းများကို အသုံးမပြုခဲ့ဖူးရာ ယခုတစ်ကြိမ်တွင် သူ အမှန်တကယ်ကို စိုးရိမ်နေပုံရသည်။
သို့သော် ရှောင်းယီက ရှင်းပြလိုက်သည်။
“ခင်ဗျားရဲ့ ခုနက အပြုအမူကြောင့် ကျုပ် တကယ် စိတ်ဆိုးသွားအမှန်ပဲ။ ဒါပေမဲ့ ကျုပ် ငြင်းရတာက စိတ်ဆိုးလို့ မဟုတ်ဘူး။”
လူပုဘုရင်နှင့် လော့စ်တို့က ရှောင်းယီကို နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
ရှောင်းယီက ဆက်ပြောသည်။
“ကျုပ် ငြင်းရတဲ့ အကြောင်းရင်းက ကျုပ်ရဲ့ လက်ရှိကျွန်းက မကျယ်သေးဘူး။ ခင်ဗျားတို့ရဲ့ လူပုကျွန်းက အရမ်းကြီးလွန်းနေတယ်။ ကျွန်းချင်း ပေါင်းစည်းဖို့အတွက် နေရာလွတ် မရှိလို့ပဲ။”
ဘုရင်နှင့် လော့စ်တို့ ခေတ္တမျှ ကြောင်အသွားပြီးနောက် ပြုံးလိုက်မိကြ၏။ ထို့နောက် လော့စ်က ရှင်းပြလိုက်သည်။
“အဲဒီ အကြောင်းပြချက် တစ်ခုတည်းကြောင့်ဆိုရင်တော့ ကျွန်းပိုင်ရှင်ရှောင်း စိတ်ပူစရာ လုံးဝမလိုပါဘူး။”
ရှောင်းယီ အံ့အားသင့်သွားခဲ့ပြီး လော့စ်၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်သည်။
“ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက ကျုပ်တို့ လူပုမျိုးနွယ်မှာရှိတဲ့ အုတ်မြစ်ကျောက်တွေ အားလုံးကို ကျွန်းပိုင်ရှင်ဆီ ပေးဖို့ ပြင်ဆင်ထားလို့ပါ။ အဲဒါတွေကို သုံးပြီး ကျွန်းကို အရင်ချဲ့ထွင်လို့ ရပါတယ်။ အဲဒီအုတ်မြစ်ကျောက်တွေအတွက် တန်ဖိုးသင့်ငွေကိုတော့ ကျုပ်တို့ ပုပုလုမျိုးနွယ်ရဲ့ အကောင့်ထဲကို ဒစ်ဂျစ်တယ်ငွေကြေးအနေနဲ့ လွှဲပေးရုံပါပဲ။”
လော့စ်က ဆက်ပြောလိုက်၏။
ဤတစ်ကြိမ်တွင်မူ ရှောင်းယီတစ်ယောက် လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။
အမြဲတမ်း ပွင့်လင်းရိုးသားလှချည်ရဲ့ဆိုသည့် လူပုများ အဘယ်ကြောင့် အကွက်ရွှေ့နေကြသလဲဟု သူတွေးနေမိခြင်း ဖြစ်သည်။ သူတို့မှာ အစီအစဉ်ကြီး တစ်ခု ရှိနေ၍ကိုး။
ယခုမှပင် ရှောင်းယီသည် လူပုဘုရင်က သူ့ကို အဘယ်ကြောင့် စမ်းသပ်သနည်းဆိုသည်ကို အပြည့်အဝ နားလည်သွားတော့သည်။ နားလည်သည်ဆိုသော်လည်း စောစောက အဖြစ်အပျက်အတွက်မူ သူ စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။
ထိုစဉ် လူပုဘုရင်က ဆက်ပြောလာခဲ့သည်။
“ကျုပ် မှားခဲ့တာအတွက် အစားပေးတဲ့အနေနဲ့ အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာကို ဒစ်ဂျစ်တယ်ငွေကြေး ပြန်မလဲဘဲ ကျွန်းပိုင်ရှင်ကို အလကား ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည့် အခိုက်မှာပင် ရှောင်းယီ၏ စိတ်အနှောင့်အယှက်ဖြစ်မှုများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ခဏတာ စိတ်ဆိုးမိရုံနှင့် အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာ ရမည်ဆိုလျှင်တော့... ဒီလိုကိစ္စမျိုး ခဏခဏ ဖြစ်ပါစေလို့တောင် သူ ဆုတောင်းမိတော့မည်။
ဘေးနားရှိ လော့စ်မှာ လူပုဘုရင်ကို တားဆီးရန် ပါးစပ်ပြင်လိုက်သော်လည်း လူပုဘုရင်က လက်မြှောက်ကာ တားလိုက်၏။ သူ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။
ရှောင်းယီက လူပုဘုရင်ကို ကြည့်ပြီး ပြောလိုက်သည်။
“နောက်တစ်ခါ မဖြစ်ပါစေနဲ့။”
“ဒါပေါ့... သေချာပေါက်ပါပဲ။”
လုပုဘုရင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုစဉ် ဘေးတွင်ရှိနေသော ဒန်နီက ဝမ်းသာအားရဖြင့် ပြောလာခဲ့သည်။
“ငါတို့ အိမ်နီးချင်းတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။”
“ဖီ... ဘယ်သူက မင်းနဲ့ အိမ်နီးချင်း ဖြစ်ချင်လို့လဲ။”
လူပုဘုရင်က မကျေမနပ် ပြန်ပက်လိုက်၏။
“ကျွန်းပိုင်ရှင်ရှောင်း... ကျွန်းချင်းပေါင်းမယ့် နေရာကို အနောက်မြောက်ဘက်နဲ့ မြောက်ဘက်ကို အနည်းငယ် စောင်းတဲ့နေရာမှာ ထားရအောင်။”
ဝံပုလွေမျိုးနွယ်၏ နယ်မြေမှာ အနောက်မြောက်ဘက်တွင် ရှိရာ အနောက်မြောက် မြောက်ဘက်စောင်းစောင်း ဆိုသည်မှာ ဝံပုလွေနယ်မြေနှင့် ကပ်လျက်ပင် ဖြစ်သည်။
“ပြဿနာမရှိပါဘူး။ အားတဲ့အချိန်ကျရင် အုတ်မြစ်ကျောက်တွေသာ ပို့ထားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကျုပ် ကျွန်းကို အရင်ချဲ့ထွင်ပြီးမှ ပေါင်းစည်းကြတာပေါ့။”
“ကောင်းပါပြီ “
လူပုဘုရင်က သဘောတူလိုက်၏။ ထို့နောက် ရှောင်းယီက လူပုဘုရင်နှင့် ဒန်နီကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် ဆက်ပြီး စကားပြောနေကြဦးမလား။”
“ဒါပေါ့... ကျွန်းပိုင်ရှင် လုပ်စရာရှိတာ သွားလုပ်ပါ။ ကျုပ်တို့ မတွေ့ရတာ ကြာပြီဆိုတော့ စကားပြောလိုက်ပါဦးမယ်။ လော့စ်ကတော့ အုတ်မြစ်ကျောက်တွေ လာပို့ဖို့အတွက် ပြန်သွားပါလိမ့်မယ်။”
လူပုဘုရင်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ... ပြဿနာ တစ်ခုခုရှိရင် ကျုပ်ကို ဖုန်းဆက်လိုက်ပါ။”
ရှောင်းယီက သူ့ဖုန်းကို မြှောက်ပြလိုက်သည်။
“အိုကေ”
ရှောင်းယီသည် လော့စ်ကို တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ အရင်ပို့ဆောင်ရန်အတွက် အပြင်သို့ ခေါ်ထုတ်လာခဲ့လိုက်၏။
ကားပေါ်တွင် လော့စ်က ပြောလိုက်သည်။
“မိတ်ဆွေ... ဒီတစ်ခေါက် ကျုပ်တို့ရဲ့ ရိုင်းပျတဲ့ စမ်းသပ်မှုအတွက် ခွင့်လွှတ်ပေးပါ။ ဒါက ကျုပ်တို့ တစ်မျိုးနွယ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်နေလို့ပါ။”
“ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ သဘောတော့မတူဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ စမ်းသပ်မှုက ခင်ဗျားတို့ မိတ်ဆွေကို မယုံကြည်ဘူးဆိုတာကို ပြနေလို့ပဲ။ မိတ်ဆွေတွေကြားမှာ ယုံကြည်မှုမရှိရင် အဲဒါကို မိတ်ဆွေလို့ ခေါ်လို့ရဦးမလား။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ခင်ဗျားပြောတာ မှန်ပါတယ်။”
လော့စ် ခေါင်းငြိမ့်လိုက်သည်။
“ကျုပ်တို့ တကယ်ပဲ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့ပါတယ်။”
“ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။ ကျုပ် စိတ်ကြည်နေလို့ ခင်ဗျားတို့ကို ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျုပ်တို့ မိတ်ဆွေတွေ ဟုတ်တော့မှာမဟုတ်ဘူး။”
ရှောငယီက လေးနက်စွာ ပြောလိုက်သည်။
“သေချာပေါက် နောက်တစ်ကြိမ် မရှိစေရပါဘူး။”
လော့စ်ကလည်း လေးလေးနက်နက် ကတိပေးလိုက်သည်။
ရှောင်းယီက ခေါင်းငြိမ့်လိုက်ပြီးနောက် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“ဒါနဲ့... ခင်ဗျားတို့ လူပုမျိုးနွယ်မှာ အုတ်မြစ်ကျောက် စုစုပေါင်း ဘယ်လောက်ရှိလဲ။”
“ဒီမနက် ကျုပ် ပို့ထားတာတဲ့ဟာတွေအပါအဝင် စုစုပေါင်း ၄၈၆.၉ ဘီလီယံ ရှိပါတယ်။ အစွန်းထွက်တွေကိုတော့ ထားလိုက်ပါတော့...။ တွက်ရတာ ရှုပ်လို့။”
လော့စ်က ပြန်ဖြေလိုက်သည်။
ထိုကိန်းဂဏန်းက ရှောင်းယီကို လုံးဝ မှင်သက်သွားစေခဲ့သည်။ ယခင်က တိုက်ကြီးပေါ်ရှိ အဖွဲ့အစည်းများသည် လူပုတို့တွင် အုတ်မြစ်ကျောက် မည်မျှရှိနိုင်မည်နည်းဟု မှန်းဆခဲ့ကြသည်။ အများစုက ဘီလီယံ ၃၀၀ ခန့်ဟု ထင်ခဲ့ကြသော်လည်း လူပုမျိုးနွယ်တွင် ဘီလီယံ ၅၀၀ ကျော် ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
သူတို့သည် ရှောင်းယီနှင့်လည်း ယခင်က အုတ်မြစ်ကျောက် ဘီလီယံ ၃၀ ကျော်ဖိုး အရောင်းအဝယ် လုပ်ခဲ့ပြီးဖြစ်သည်။
ရှောင်းယီသည် လော့စ်ကို လက်မထောင်ပြရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ လော့စ်က ပြုံးကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ရဲ့ ရင်ပြင်က ဒါတွေကို ဆံ့မှာ မဟုတ်ဘူး ထင်တယ်။”
“ရပါတယ်... ကျွန်းပေါ်ကို ပြောင်းရွှေ့ပေးဖို့ ကျုပ် လူလွှတ်လိုက်မယ်။”
ရှောင်းယီက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“လူတစ်ယောက်က ဆီးအောင့်ပြီး သေသွားတယ်ဆိုတာ မရှိပါဘူး။ (ပြဿနာတိုင်းမှာ နည်းလမ်းရှိပါတယ်)”
ရှောင်းယီ၏ စကားကို ကြားသောအခါ လော့စ်က အကျယ်ကြီး ရယ်မောတော့လေသည်။
လော့စ်ကို တည်နေရာကူးပြောင်းခြင်းအစီအရင်သို့ ပို့ဆောင်ပြီးနောက် ရှောင်းယီသည် ဗီလာသို့ အပြေးပြန်လာကာ အန်းယွဲ့နှင့် ကျန်လူများကို ခေါ်လိုက်၏။
မကြာခင်မှာပင် အားလုံး ရောက်ရှိလာခဲ့ကြသည်။
“ကျွန်းပိုင်ရှင်... ကိစ္စကြီး တစ်ခုခု ဖြစ်ခဲ့လို့လား။”
အန်းယွဲ့က မေးလိုက်သည်။ ရှောင်းယီ ဖုန်းဆက်တုန်းက အသံမှာ အတော်လေး အရေးကြီးနေပုံရသောကြောင့်ပင်။
ရှောင်းယီက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
“လူပုမျိုးနွယ်က သူတို့ကျွန်းကို ကျုပ်တို့ရဲ့ ပင်မကျွန်းနဲ့ ပေါင်းစည်းဖို့ ပြင်နေကြတယ်။”
“ဘာ...။”
ကျန်းရွှဲ့က ပထမဆုံး အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ လုံခြုံရေးဌာန၏ အကြီးအကဲတစ်ဦးအနေသဖြင့် သူမသည် လုံခြုံရေးကိစ္စကို အရင်ဆုံး စဉ်းစားမိခြင်းဖြစ်သည်။
သူမက မိမိကျွန်း၏ လုံခြုံရေးကို စိုးရိမ်ခြင်းမဟုတ်ဘဲ လူပုများက သူတို့ရဲ့လုံခြုံရေးအတွက် သူတို့မစိုးရိမ်ကြဘူးလားဟု အံ့ဩသွားခြင်း ဖြစ်သည်။
“ကျွန်မတို့ သူတို့ကို ဝါးမြိုပစ်မှာကို သူတို့ မကြောက်ဘူးလား။”
ကျန်းရွှဲ့က မေးလိုက်၏။
“ကြောက်တာပေါ့...။ အဲဒါကြောင့်လည်း လူပုဘုရင်က ဒီနေ့ ကျုပ်ကိုလာပြီး စမ်းသပ်တာလေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲဒါကြောင့် ကျုပ် တကယ် စိတ်တိုသွားရသေးတယ်။”
ရှောင်းယီက လူပုဘုရင်၏ စမ်းသပ်မှုအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထိုအခါ အန်းယွဲ့က အံ့ဩစွာဖြင့် ပြောလိုက်သည်။
“ဘယ်သူက လူပုတွေကို ပွင့်လင်းရိုးသားတယ်လို့ ပြောတာလဲ။ သူတို့ရဲ့ အကွက်တွေက ငါတို့ထက် မနည်းဘူး။”
“သူတို့ ငါတို့ကို မယုံရင်လည်း ပူးပေါင်းမနေနဲ့တော့လေ။”
ဒူခန်းက နားထောင်ရင်းနှင့်ပင် စိတ်တိုလာခဲ့သည်။ ထိုအခါ ရှောငယီက ပြုံးကာ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့က တောင်းပန်တဲ့အနေနဲ့ အုတ်မြစ်ကျောက် ဘီလီယံ တစ်ရာ ပေးခဲ့တယ်။ သူတို့ရဲ့ စိတ်ရင်းကို ထောက်ထားပြီး ငါ ခွင့်လွှတ်ပေးလိုက်တယ်။”
“ဘာ...ဘီလီယံ တစ်ရာ!”
အားလုံး ပြိုင်တူ အော်ဟစ်မိလိုက်ကြ၏။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအခါမှ ယွမ်နွန်က ဝင်ပြောလာခဲ့သည်။
“ဒါကြောင့်ကိုး...။ လူပုကျွန်းရဲ့ ဧရိယာအကျယ်ကြီးကို ငါတို့ ပင်မကျွန်းရဲ့ ဘယ်နေရာမှာ ထားရမလဲလို့ ငါ စဉ်းစားနေတာ။ တကယ်လို့ ဒီ ဘီလီယံ တစ်ရာသာ ရမယ်ဆိုရင်တော့ ပေါင်းစည်းဖို့အတွက် နေရာအလုံအလောက် ရှိသွားပြီ။”
“သူတို့က တကယ်ကို အရင်းအနှီး အကြီးကြီး စိုက်ထုတ်လိုက်တာပဲ။”
ဒူခန်းက မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
“ဒီလောက် စိတ်ရင်းရှိမှတော့ ခွင့်လွှတ်ပေးသင့်ပါတယ်လေ။”
ထိုစဉ် အန်းယွဲ့က စဉ်းစားကြည့်လိုက်သည်။
“တကယ်လို့ အုတ်မြစ်ကျောက်တွေ အများကြီး တစ်ပြိုင်နက်တည်း ရမယ်ဆိုရင် ကျွန်းပိုင်ရှင်ရဲ့ နှစ်ဆတိုးလာဘ်အခြေအနေနဲ့ဆိုရင် ငါတို့ကျွန်းရဲ့ ဧရိယာက အရှိန်အဟုန်နဲ့ ထပ်တိုးလာတော့မယ်။ သေချာ စီမံကိန်းဆွဲဖို့တော့ လိုလိမ့်မယ်။”
“ဟုတ်တယ်... အဲဒါကြောင့် ခင်ဗျားတို့ကို ဆွေးနွေးဖို့ ခေါ်လိုက်ရတာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“အခုက လူပုကျွန်းတင် မဟုတ်ဘူး၊ တိုက်ကြီးပေါ်မှာ ရှာတွေ့ထားတဲ့ ကျွန်းကိုပါ ပေါင်းစည်းဖို့ ကျုပ် ပြင်ဆင်နေတယ်။”
“ဒီလောက် နေရာအကျယ်ကြီး ရမယ်ဆိုရင်တော့ ဒါက ဖြစ်နိုင်ပါတယ်။”
အန်းယွဲ့က သဘောတူလိုက်သည်။
ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ကြည့်နေသော ဆုဝမ်က ဝင်ပြောလာခဲ့သည်။
“အခု အကြီးမားဆုံး ပြဿနာက ပင်မကျွန်းနဲ့ ကျွန်းခွဲတွေက ကီလိုမီတာ ၁၀၀ ပဲ ဝေးတာပဲ။ ဒီလောက် ကျယ်တဲ့ ကျွန်းတွေကို ပေါင်းစည်းဖို့ဆိုရင် နေရာလွတ်က ပြဿနာရှိနေသေးတယ်။”
“ဒါဆိုရင် ကျွန်းခွဲကို တခြားနေရာကို ရွှေ့ပြီး ငါတို့အတွက် နေရာလွတ်ဖယ်ခိုင်းဖို့ နည်းလမ်းရှာရမှာပေါ့။”
အန်းယွဲ့က ဆိုသည်။
သူတို့၏ ဆွေးနွေးမှုကို နားထောင်နေရင်း ရှောင်းယီ၏ ခေါင်းထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာ၏။
“ကျုပ်မှာ အကြံတစ်ခု ရှိတယ်။”
အခန်း ၈၁၈ - ပင်မကျွန်းနှင့် ကျွန်းခွဲများကြား၌ နေရာလွတ်အလုံအလောက် ထားရှိခြင်း
အားလုံးက ရှောင်းယီကို ကြည့်လိုက်ကြသည်။ ရှောင်းယီသည် စက္ကူနှင့် ဘောပင်ကို ထုတ်ယူကာ ပထမဆုံး စတုရန်းပုံတစ်ပုံ ဆွဲလိုက်ပြီးနောက် ထိုစတုရန်းပုံ၏ ပတ်ပတ်လည်တွင် ရှည်လျားသော အမြှောင်းလေးများကို ဆွဲထည့်လိုက်၏။
နောက်ဆုံးတွင် ပုံတစ်ခုလုံးသည် အရပ်မျက်နှာအနှံ့ အလင်းတန်းများ ဖြာထွက်နေသော စတုရန်းပုံ နေမင်းကြီးနှင့် တူနေတော့သည်။
“ကျုပ်ရဲ့အကြံကတော့ ပင်မကျွန်းကနေ လမ်းတွေကို အပြင်ဘက်ကို တိုးချဲ့မယ်။ ပြီးရင် ကျွန်းခွဲတွေက အဲဒီလမ်းဆုံးတွေကို အမှတ်အသားအဖြစ် သတ်မှတ်ပြီး နောက်ထပ် ကီလိုမီတာ ၁၀၀ အထိ နောက်ဆုတ်သွားမယ်။ ဒါဆိုရင် ကျွန်းခွဲတွေကို အဝေးကို တွန်းထုတ်လိုက်တဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီပေါ့။”
ရှောင်းယီက ပုံကို ထောက်ပြရင်း ရှင်းပြလိုက်သည်။
“ဒါက ဖြစ်နိုင်ပါတယ်။ ကျွန်းခွဲတစ်ခုစီက သူ့ဘက်အခြမ်းကို လမ်းတစ်လမ်းစီပဲ ဖောက်ဖို့ လိုတယ်။ လမ်းရှစ်လမ်းကြားက နေရာလွတ်တွေကိုတော့ ကျွန်းချင်း ပေါင်းစပ်ဖို့အတွက် သုံးလို့ရတယ်။ ဒါဆို ကျုပ်တို့ကျွန်း ဧရိယာ ကျယ်လာလေလေ ဒီနေရာလွတ်က ပိုကြီးလာလေလေ ဖြစ်မှာပဲ။”
ဒူခန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အခြားသူများကလည်း ၎င်းမှာ တကယ့်ကို ကောင်းမွန်သော အကြံဉာဏ်ဖြစ်ကြောင်း သဘောတူ ခေါင်းငြိမ့်လိုက်ကြ၏။
သို့သော် အန်းယွဲ့က ရုတ်တရက် ပြောလာခဲ့သည်။
“တကယ်လို့ ငါတို့ ဒီလိုလုပ်ရင် ကျွန်းခွဲတွေ ပင်မကျွန်းကို လာရတာ အဆင်မပြေ ဖြစ်သွားလိမ့်မယ်။”
ပြီးခဲ့သည့် အကြိမ်က ကျွန်းချင်းပေါင်းစပ်ပြီးနောက် ကျွန်းခွဲများသည် ပေါင်းစပ်ထားသော ကျွန်းများနှင့် ကီလိုမီတာ ဒါဇင်အနည်းငယ်သာ ဝေးတော့ခြင်းဖြစ်သည်။
အကယ်၍ ပင်မကျွန်းမှ ရှည်လျားသည့် လမ်းမကြီးများကို ဖောက်လိုက်လျှင် ကျွန်းခွဲများသည် စည်းမျဉ်းများအရ အဝေးကို တွန်းထုတ်ခံလိုက်ရမည်ဖြစ်ရာ ပင်မကျွန်းနှင့် ကျွန်းခွဲကြား အကွာအဝေးက အရင်အတိုင်း ပြန်ဝေးသွားပေလိမ့်မည်။
ပေါင်းစပ်ထားသော ကျွန်းများကိုမူ ပင်မကျွန်း၏ အစိတ်အပိုင်းအဖြစ် မရေတွက်သဖြင့် ၎င်းတို့သည် ကျွန်းခွဲများကို အဝေးသို့ တွန်းမထုတ်ဘဲ ပင်မကျွန်းနှင့် ကျွန်းခွဲကြားရှိ နေရာလွတ်တွင် တည်ရှိနိုင်ခြင်း ဖြစ်သည်။
“ဒါက ပြဿနာ မဟုတ်ပါဘူး။ ကျုပ်တို့ကျွန်း ဖွံ့ဖြိုးလာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကလည်း ပိုမြန်လာမှာပဲ။ အဲ့ဒါကြောင့် သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။”
ရှောင်းယီက ဆိုသည်။
အန်းယွဲ့က ခေါင်းငြိမ့်လိုက်၏။
“ဒါဆိုရင်တော့ ငါ့ဘက်က ပြဿနာ မရှိတော့ပါဘူး။”
“ကျွန်မ စဉ်းစားနေတာက အဲဒီလမ်းကို ကျွန်းခွဲတွေဘက်ကနေပဲ ဖောက်ခိုင်းလိုက်ရင်ရော။ ဒါဆိုရင် ဦးလေးအန်း စိုးရိမ်နေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။”
ဆုဝမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
ပင်မကျွန်း၏ အစွန်းနှင့် ကျွန်းခွဲများကြား အကွာအဝေးမှာ ပုံသေပင်ဖြစ်သည်။ ကျွန်းခွဲများဘက်မှ ပင်မကျွန်းဆီသို့ ဦးတည်ကာ ရှည်လျားသော လမ်းမကြီးများ ဖောက်လုပ်ခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် အပြင်ဘက်သို့ တွန်းထုတ်သွားနိုင်သည်။
ဤနည်းဖြင့် ကျွန်းခွဲများပေါ်ရှိ ထိုလမ်းမကြီး၏ အဆုံးပိုင်းသည် ပေါင်းစပ်ထားသော ဒေသခံကျွန်းများနှင့် ၁၀ ကီလိုမီတာခန့်သာ ဝေးကွာနေဦးမည် ဖြစ်သည်။
ယခုမှပင် လူတိုင်း၏ မျက်လုံးများ တောက်ပသွားတော့၏။
“ကောင်းလိုက်တဲ့ အကြံပဲ ဆုဝမ်။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
“ဒါဆို ဒီအတိုင်းပဲ လုပ်ကြစို့။ ဦးလေးအန်း... ကျွန်းခွဲ ၈ ခုလုံးကို ဆက်သွယ်လိုက်ပါ။ သူတို့ကို ပင်မကျွန်းဆီ ဦးတည်ပြီး အကျယ် မီတာ ၁၀၀၊ အရှည် ကီလိုမီတာ ၁၀၀ ရှိတဲ့ လမ်းအမြှောင်းပုံစံ ကျွန်းလေးတွေ တိုးချဲ့ခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ကျွန်းခွဲတစ်ခုစီအတွက် အုတ်မြစ်ကျောက် ၁၀ သန်းစီသာ လိုအပ်သဖြင့် စုစုပေါင်း ၈၀ သန်းသာ ကုန်ကျမည်ဖြစ်ပြီး သန်း ၁၀၀ ပင်မပြည့်ပေ။
ဒါက အရမ်းများလို့လား။
ရှောင်းယီသည် အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ တောင် ရရှိထားခြင်းဖြစ်ရာ ၈၀ သန်းဆိုသည်မှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာဖြစ်၏။
တစ်ချိန်တည်းမှာပင် ဤရှည်လျားသော ရေနုတ်မြောင်းများကို သင်္ဘောများအတွက် သဘာဝ ဆိပ်ကမ်းများအဖြစ်လည်း အသုံးပြုနိုင်ပေသည်။
အန်းယွဲ့က ဤအကြောင်းကြားစာကို ကျွန်းခွဲများသို့ ပို့လိုက်သောအခါ ကျွန်းခွဲ ၈ ခု၏ ခေါင်းဆောင်များမှာ ကြောင်အသွားခဲ့ကြလေသည်။
“ဦးလေးအန်း... ဒါကို ဘာအတွက် လုပ်ခိုင်းတာလဲ။ ဒါက ကျုပ်တို့ ကျွန်းတွေကို အဝေးကြီး ရောက်သွားအောင် တွန်းထုတ်လိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား။”
မြောက်ဘက်မဟာမိတ်ကျွန်း ခေါင်းဆောင် စွန်းကုထောင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်... ပြီးတော့ ဒီလို လမ်းအမြှောင်းကြီး တစ်ခုအတွက် အုတ်မြစ်ကျောက် ၁၀ သန်းတောင် ကုန်မှာ။ ဘာလို့ အဲဒီအုတ်မြစ်ကျောက်တွေနဲ့ ပင်မကျွန်းကိုပဲ မချဲ့လိုက်တာလဲ။”
အရှေ့မြောက်ကျွန်း ခေါင်းဆောင် ချူဖုန်းကလာ်းမျက်မှောင်ကျုံ့ကာ ဆိုလိုက်သည်။
လူတိုင်းတွင် မေးခွန်းများ ရှိနေသည်ကို မြင်သောအခါ အန်းယွဲ့က အကြောင်းရင်းကို ရှင်းပြလိုက်ရာ အားလုံး သဘောပေါက်သွားကြတော့လေသည်။
သို့သော် အရှေ့ဘက်မဟာမိတ်ကျွန်း ခေါင်းဆောင် ဖန်မင်လုံက ပြောလိုက်၏။
“ဒါက ဖြုန်းတီးရာ ရောက်နေတုန်းပဲ။ ပင်မကျွန်း ဧရိယာ ကြီးလာလေလေ၊ ပေါင်းစပ်လို့ရတဲ့ နေရာက ပိုကျယ်လာလေလေပဲ။ ကျွန်းခွဲတွေကို အဝေးကြီး တွန်းထုတ်နေစရာ မလိုပါဘူး။”
“အဲဒီအချက်ကိုလည်း ငါတို့ စဉ်းစားပြီးသားပါ။ ဒါပေမဲ့ နောင်တစ်ချိန်မှာ အုတ်မြစ်ကျောက်တွေ အများကြီး မရတော့တဲ့အခါ ပေါင်းစပ်ဖို့ ကျွန်းတွေက အများကြီး ရှိနေရင် ကျွန်းပိုင်ရှင်က အခက်တွေ့မှာကို စိုးရိမ်နေတယ်။ အခုလို ကြိုတင်ပြင်ဆင်ထားလိုက်ရင် နောင်မှာ ဒီလိုအခြေအနေမျိုးအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။ ဖန်မင်လုံ ခေါင်းငြိမ့်လိုက်မိသည်။
အမှန်တကယ်လည်း ထိုသို့ပင်ဖြစ်၏။ အကယ်၍ အမြဲတမ်း အုတ်မြစ်ကျောက် အမြောက်အမြား ရနေမည်ဆိုပါက ကျွန်းခွဲများကို အဝေးသို့ တွန်းထုတ်ရန် မလိုအပ်ပေ။ ပင်မကျွန်း ဧရိယာ ကြီးမားနေသရွေ့ ပေါင်းစပ်ရန် နေရာလွတ်က အကန့်အသတ်မရှိ ရှိနေမည်ဖြစ်သည်။
သို့သော် အနာဂတ်တွင် ဆက်ဆံရမည့် အဖွဲ့အစည်းများက လူပုများကဲ့သို့ တောင်းပန်သည့်အနေနှင့် အုတ်မြစ်ကျောက် ဘီလီယံပေါင်းများစွာကို ပေးနိုင်ပါ့မလားဟု မည်သူမှ အာမမခံနိုင်ပေ။
အနာဂတ်တွင် အခြား အသက်ရှင်ကျန်ရစ်သူများ လာရောက်ပူးပေါင်းသည့်အခါ အခြေအနေများ သဘောတူညီပါက ကျွန်းချင်း ပေါင်းစပ်ရဦးမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အသက်ရှင်ကျန်ရစ်သူ ကျွန်းများစွာ ရှိနေသေးရာ ရှောင်းယီအနေဖြင့် ဤအချက်ကို ကြိုတင်စဉ်းစားထားရခြင်းဖြစ်သည်။
အခြားခေါင်းဆောင်များတွင် ပြဿနာမရှိတော့သည်ကို မြင်သောအခါ အန်းယွဲ့သည် ရှောင်းယီထံသို့ ချက်ချင်း အစီရင်ခံလိုက်တော့လေသည်။
“ဒီနေ့ အရောင်းအဝယ်တွေ ပြီးသွားရင် သူတို့ကို အုတ်မြစ်ကျောက်တွေ ပေးလိုက်မယ်။ အဲဒီအခါကျမှ ချဲ့ခိုင်းလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီသည် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်၏။ အန်းရန်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လိုအပ်သော ပစ္စည်းများကို ဆက်လက် ထုတ်လုပ်ပေးနေဆဲ ဖြစ်သည်။
“မင်း ခဏ နားလိုက်ဦး။ ငါ ဆက်လုပ်လိုက်မယ်။”
ရှောင်းယီက အန်းရန်၏ ပုခုံးများကို နှိပ်နယ်ပေးရင်း ပြောလိုက်၏။ အန်းရန်က သူမ၏လည်ပင်းကို ဟိုဟိုဒီဒီ လှည့်ကာ ပြန်ဖြေလိုက်သည်။
“အိုကေလေ။”
ထို့နောက် ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ချလိုက်၏။ အရောင်းအဝယ်များက အလွန်ပင် သွက်လက်နေဆဲပင်။
“သူဌေး... ကျုပ် တစ်ဦးချင်းသုံး လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ၁၀ ခု၊ ရိုင်ဖယ် ၂၀၊ သတ္တုတူးဖော်ရေးစက် ၁၀ ခုနဲ့ သံချပ်ကာ စစ်သင်္ဘော တစ်စင်း လိုချင်ပါတယ်။ သင်္ဘောအတွက် ကုန်ကြမ်းပစ္စည်းတွေကို ကျုပ်တို့ဘက်ကပဲ ပေးပါ့မယ်။”
“ကျုပ် သံချပ်ကာ စစ်သင်္ဘော ၃ စင်း လိုချင်ပါတယ်။ ကုန်ကြမ်းတွေကို ကျုပ်တို့ ကိုယ်တိုင်ပေးပါ့မယ်။”
“ဒုံးကျည် ၅၀၊ ရိုင်ဖယ် ၂၀၀၊ သတ္တုတူးဖော်ရေးစက် ၂၀။”
“အပေါ်ကလူ... မင်း ဘာလို့ သံချပ်ကာ စစ်သင်္ဘော မယူတာလဲ။”
“ဈေးကြီးလွန်းလို့ မတတ်နိုင်ဘူးလေ။ ဒီအခြေခံ ပစ္စည်းတွေကိုပဲ ဝယ်တာက ပိုကောင်းပါတယ်။”
“မတတ်နိုင်ရင်လည်း လူလွှတ်ပြီး တိုက်သစ်တွေကို အမြန် သွားရှာခိုင်းလေ။ အဲဒီမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိသေးတာပဲ။”
“တိုက်သစ်ကို သွားဖို့အတွက် လက်နက်တွေ အများကြီး ဝယ်ထားတာဆိုတော့ အချိန်မီဦးမှာပါ။”
ရှောင်းယီသည် ပစ္စည်းအဆင်သင့်ရှိလျှင် တစ်ဖက်လူကို ချက်ချင်း ဝယ်ခိုင်းလိုက်၏။ အဆင်သင့်မရှိသေးပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အလျင်အမြန် ထုတ်လုပ်ပေးလိုက်သည်။
ထိုအချိန်တွင် လူပုဘုရင်သည် သမန်းဝံပုလွေခေါင်းဆောင် ဒန်နီ၏ ရုံးခန်းထဲတွင် ထိုင်နေခဲ့လေသည်။
“ခင်ဗျားရဲ့ ရုံးခန်း အဆောက်အဦးက မဆိုးဘူးပဲ။”
လူပုဘုရင်က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်... နွေဦးရာသီလို နွေးထွေးတယ်။ လူတိုင်းလည်း ဒီကိုလာပြီး ကိစ္စတွေကို တိုက်ရိုက် ကိုင်တွယ်လို့ရတော့ အရမ်းအဆင်ပြေတယ်။”
ဒန်နီက ပြန်ဖြေလိုက်၏။
“လက်ဖက်ရည်လား။ ဒါမှမဟုတ် ဘီယာလား။”
“မင်းလို သမန်းဝံပုလွေတစ်ကောင်က လက်ဖက်ရည် သောက်တတ်လို့လား။”
လူပုဘုရင်က အံ့ဩတကြီး မေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ငါကတော့ ဘီယာပဲ သောက်မယ်။”
“အခုမှ စသောက်ကြည့်တာပါ။ မဆိုးပါဘူး... ခင်ဗျားရော မြည်းကြည့်ဦးမလား။”
ဒန်နီက မေးလိုက်၏။ လူပုဘုရင်က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
“မလိုပါဘူး။ ငါ ဘီယာပဲ သောက်မယ်။”
ဒန်နီက သူ့အတွက် ဘီယာတစ်ခွက် ငှဲ့ပေးလိုက်ပြီး မိမိအတွက်မူ လက်ဖက်ရည်တစ်ခွက် ဖျော်ကာ ယူလာခဲ့လိုက်သည်။
“အပြင်က အထပ်မြင့် အဆောက်အဦးတွေကို မင်းတို့ တောင်းဆိုထားတာလား။”
လူပုဘုရင်က စပ်စုလိုက်၏။
“မဟုတ်ပါဘူး...အဲ့ဒါတွေကို ကျွန်းပိုင်ရှင် ဆောက်ပေးတာပါ။ သူက ငါတို့နဲ့ အရင် ဆွေးနွေးသေးတယ်။ ငါတို့ နေရတာ အဆင်ပြေ၊ မပြေပေါ့။ အဆင်မပြေရင် အထပ်နိမ့် အိမ်တွေပဲ ဆောက်ပေးမယ်တဲ့။”
ဒန်နီက ခေါင်းရမ်းလိုက်သည်။
“ဒီကို မရောက်ခင်က ကမ္ဘာပေါ်မှာ ဒီလို အဆောက်အဦး မြင့်မြင့်ကြီးတွေ ရှိမှန်း ကျုပ် မသိခဲ့ဘူး။”
“ဒါနဲ့... မင်းတို့ အဆင်ပြေကြရဲ့လား။”
ဘုရင်က ဆက်မေးလိုက်သည်။
“ပြေတာပေါ့...။ ဒီမှာ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ အကုန်ရှိတယ်။ ပြီးတော့ နွေးလည်း နွေးတယ်။ ဒီထက်ပိုပြီး ဘာတောင်းဆိုစရာ ရှိသေးလို့လဲ။”
ဒန်နီက ပြန်မေးလိုက်၏။ လူပုဘုရင် ခေါင်းငြိမ့်လိုက်သည်။
“တကယ်ပဲ... ဒီလို အထပ်မြင့် အဆောက်အအုံတွေက မြေနေရာ သက်သာစေတယ်။ မဆိုးဘူး။ ငါ့ကို ဒီအဆောက်အဦးတွေထဲ လိုက်ပြပါဦး။ ဟိုအပန်းဖြေစခန်းက ဟိုတယ်တွေနဲ့ အတူတူပဲလားဆိုတာ သိချင်တယ်။”
“အပန်းဖြေစခန်း ဟိုတယ်ဟုတ်လား။”
ဒန်နီက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ သူသည် အပန်းဖြေစခန်းကို တစ်ခါမှ မရောက်ဖူးသဖြင့် အပန်းဖြေစခန်း ဟိုတယ်ဆိုသည်မှာ ဘာလဲဆိုသည်ကို မသိသေးပေ။