အခန်း (၈၂၁-၈၂၂)
Vol. 66 Ch. 821-822
အခန်း ၈၂၁- ဝီလျံ၏ လှုပ်ရှားမှု၊ စုံလုံးကန်း၍ ယုံကြည်မှုလွန်ကဲခြင်း
“ရှိတော့ ရှိတယ်။ ဒါပေမဲ့ ပြောပြဖို့တော့ အဆင်မပြေဘူး။ နောက်မှ ကိုယ့်ဘာသာကိုယ် ရတနာမြေပုံ သွားတူးတဲ့အခါကျရင် သိလာပါလိမ့်မယ်။”
“ဘာတွေမို့လို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ။”
နေ့လယ်စာစားပြီးနောက် သတင်းကို ချက်ချင်းမြင်လိုက်ရသော ဆုဝမ်က ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ရတနာရှာရင်းနဲ့ စစ်သင်္ဘောပုံစံကွက်တစ်ခု တူးဖော်ရရှိသွားတဲ့သူတစ်ယောက် ရှိနေတယ်။”
ထိုစဉ် အပေါ်ထပ်သို့ မတက်ရသေးသော ရှောင်းယီသည် ဆုဝမ်၏စကားကို ကြားလိုက်ရသည်နှင့် ဧည့်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ စူးစမ်းလိုစိတ်ဖြင့် လျှောက်သွားကာ ကြည့်ရှုလိုက်လေသည်။
သူတို့၏ စကားပြောဆိုမှုမှတ်တမ်းများကို ဖတ်ပြီးနောက် ရှောင်းယီက ရယ်မောကာ ပြောလိုက်သည်။
“ဒီတစ်ခါ သူတို့ရဲ့ ရတနာရှာဖွေမှုက တကယ် အကျိုးအမြတ်များခဲ့ပုံပဲ။”
စစ်သင်္ဘောပုံစံကွက်များနှင့် ပတ်သက်၍မူ တစ်နေ့တွင် ပေါ်လာမည်မှာ သေချာနေသဖြင့် သူ မအံ့သြမိချေ။ သူ့ကို ပို၍ စိတ်ဝင်စားစေသည်မှာ ထိုတူးဖော်ရရှိသူက အခြားသော လက်ဝယ်ရရှိထားပစ္စည်းများအကြောင်း ဝေဝေဝါးဝါး ပြောဆိုနေခြင်းပင် ဖြစ်သည်။
“သူတို့ကလည်း စစ်သင်္ဘောတွေ ရောင်းနေတယ်၊ ပြီးတော့ ကျွန်မတို့ထက် ပိုပြီးဈေးသက်သာနေတော့ ကျွန်မတို့ရဲ့ ရောင်းအားကို ထိခိုက်နိုင်တယ်။”
ဆုဝမ်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ ထိုအခါ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“စိတ်မပူပါနဲ့။ အုတ်မြစ်ကျောက်လုံလုံလောက်လောက် ရှိတဲ့သူဆိုရင် ငါတို့ရဲ့ စစ်သင်္ဘောကိုပဲ ရွေးကြမှာပါ။ ဘာပဲဖြစ်ဖြစ် ငါတို့ဆီကဟာက ပိုပြီး အဆင့်မြင့်တာ သိသာနေတာပဲလေ။”
“ဒါပေမဲ့ ကျွန်မတို့ဟာက တကယ်ကို အများကြီး ပိုပြီးဈေးကြီးနေတယ်လေ။”
ဆုဝမ်က စိုးရိမ်တကြီး ပြောလိုက်၏။
“အေးအေးဆေးဆေးသာ နေလိုက်ပါ။ သူတို့အလုပ် သူတို့ လုပ်ပါစေ။”
ရှောင်းယီသည် ယနေ့တွင် အုတ်မြစ်ကျောက်များစွာ ရရှိထားပြီးဖြစ်ရာ စစ်သင်္ဘောအနည်းငယ် ရောင်းအားကျသွားခြင်းမှာ သူ့အတွက် ကိစ္စကြီးမဟုတ်ပေ။
ရှောင်းယီက ဂရုမစိုက်သဖြင့် ဆုဝမ်လည်း ထပ်မပြောတော့ဘဲ ဂရုချန်နယ်နှင့် အများသုံးချန်နယ်မှ မက်ဆေ့ဂျ်များကိုသာ ဆက်လက်စောင့်ကြည့်နေလိုက်သည်။
တစ်ဖက်တွင်မူ ကျန်းရွှဲ့ရှိရာဘက်၌ သံချပ်ကာစစ်သင်္ဘော သုံးစင်းပိုင်ဆိုင်ထားသော ဝီလျံ၏ယုံကြည်မှုများသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ မဟာမိတ်အဖွဲ့မှ အမြောက်များကို တပ်ဆင်ပြီးသည်နှင့် သူသည် ချက်ချင်းပင် လဲလှယ်ရယူလိုက်တော့သည်။
“သတင်းပို့ပါတယ် နည်းပြ။ ခြင်္သေ့ခေါင်းမဟာမိတ်ဘက်မှာ သံချပ်ကာစစ်သင်္ဘော သုံးစင်း ပေါ်လာပါတယ်။”
ကင်းထောက်တစ်ဦးက အပြေးအလွှား လာရောက်သတင်းပို့လာခဲ့သည်။ ထိုသတင်းကို ကြားသောအခါ ကျန်းရွှဲ့က အေးစက်စွာ ရယ်မောလိုက်၏။
“သူတို့ တကယ်ကို မစောင့်နိုင်တော့ဘူးထင်တယ်။ အမိန့်ပေးလိုက်။ တိုက်ပွဲအတွက် ပြင်ဆင်ကြ။”
“ဟုတ်ကဲ့။”
ဖုန်းယန်က တုံ့ပြန်လိုက်သည်။
တိုက်ခိုက်ရေးကွပ်ကဲမှုဌာနတွင် စစ်သည်တိုင်းသည် မိမိတို့၏ တိုက်ပွဲဝင်နေရာများသို့ ပြန်သွားကြလိုက်ပြီး ခြင်္သေ့ခေါင်းမဟာမိတ်၏ လှုပ်ရှားမှုများကို သတိကြီးစွာ စောင့်ကြည့်နေလိုက်ကြ၏။
ဝီလျံသည် ပထမဆုံး သံချပ်ကာသင်္ဘောပေါ်သို့ ချက်ချင်းခုန်တက်ကာ ကုန်းပတ်ပေါ်၌ လှည့်လည်ကြည့်ရှုရင်း ချီးကျူးနေမိသည်။
“အဆင့်မြင့်သင်္ဘောဆိုတဲ့အတိုင်း တကယ်ကို ထူးခြားတာပဲ။”
“မဟာမိတ်ခေါင်းဆောင် ဒီသံချပ်ကာသင်္ဘော သုံးစင်းမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ မရှိသေးဘူး။ အခုလို တိုက်ပွဲထဲကို ဇွတ်တိုးဝင်တာက အန္တရာယ်မများဘူးလား။”
ရိုဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။ ထိုအခါ ဝီလျံက သူ့ကို စိုက်ကြည့်လိုက်ကာ ပြောလိုက်၏။
“တခြားသင်္ဘောတွေမှာ ရှိနေတာပဲ။ အဲဒီကျောက်တိုင်တွေကတစ်ဆင့် ပြုပြင်လို့ရတယ်။ သုံးစင်းနဲ့ တစ်စင်းကြားက တိုက်ပွဲပဲ။ ပြီးတဲ့အထိ တောင့်ခံထားနိုင်မှာပါ။”
ရိုဝမ်လည်း ထပ်မံ၍ မကန့်ကွက်တော့ပေ။ ထို့နောက် ဝီလျံက ချက်ချင်းအမိန့်ပေးလိုက်တော့သည်။
“ကျန်တဲ့သင်္ဘောတွေအားလုံး အခုချက်ချင်းထွက်မယ်။ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ စစ်သင်္ဘောတွေကို ဝိုင်းရံကြ။”
ကျန်းရွှဲ့တွင် သံချပ်ကာသင်္ဘောတစ်စင်းနှင့် ရွက်သင်္ဘောကြီး နှစ်စင်းရှိပြီး ခြင်္သေ့ခေါင်းမဟာမိတ် ကမ်းခြေနှင့် နှစ်ကီလိုမီတာခန့်အကွာတွင် ကျောက်ချရပ်နားထားခြင်းဖြစ်သည်။
သူတို့သည် အတူယှဉ်တွဲနေထိုင်ပြီး တိုက်သစ်ကြီးကို ရှာဖွေနိုင်သော်လည်း ဝီလျံက ထိုသို့အဖြစ်မခံနိုင်ပေ။ ဒေသခံများကို မောင်းထုတ်ပြီးနောက် တိုက်သစ်ကြီး၏ အကျိုးအမြတ်အားလုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ရန် သူက ရည်ရွယ်ထား၏။
ခြင်္သေ့ခေါင်းမဟာမိတ်၏ သစ်သားလှေများသည် ကျန်းရွှဲ့၏ သင်္ဘောအုပ်စုထံသို့ စတင်ဦးတည်လာခဲ့ကြလေသည်။
“သတိပေးလိုက်တော့။”
ကျန်းရွှဲ့က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် စစ်သည်တစ်ဦးသည် အသံချဲ့စက်ကို ကိုင်ကာ ခြင်္သေ့ခေါင်းသင်္ဘောအုပ်စုဘက်သို့ လှမ်းအော်လိုက်၏။
“ခြင်္သေ့ခေါင်းမဟာမိတ်၊ ဘေးကင်းတဲ့အကွာအဝေးမှာပဲ နေပါ။ အနားကို ထပ်မကပ်လာနဲ့။ ဆက်ပြီးကပ်လာရင်တော့ ကိုယ့်အန္တရာယ်ကိုယ် တာဝန်ယူရလိမ့်မယ်။”
သတိပေးချက်ကို သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်သော်လည်း ခြင်္သေ့ခေါင်းသင်္ဘောများသည် ဘာမှမကြားရသကဲ့သို့ ဆက်လက်ခုတ်မောင်းလာခဲ့ကြလေသည်။
“အင်ဂျင်တွေနှိုးလိုက်တော့။ ငါတို့သင်္ဘောတွေ ဘာလုပ်နိုင်လဲဆိုတာ သူတို့ကို ပြလိုက်စမ်း။”
ဤသို့ဖြစ်မည်ကို မျှော်လင့်ထားပြီးသားဖြစ်သော ကျန်းရွှဲ့ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့။”
ဖုန်းယန်က ပြန်ဖြေလိုက်ပြီး သင်္ဘောသားများကို စက်နှိုးခိုင်းလိုက်တော့သည်။
“ခေါင်းဆောင်... သူတို့ လှုပ်ရှားနေပြီ။ အခု ဘာလုပ်ကြမလဲ။”
ယီရန်ပင်း၏ သင်္ဘောများ စတင်ထွက်ခွာနေသည်ကို မြင်သောအခါ ရိုဝမ်က အော်ပြောလိုက်သည်။ ထိုအခါ ဝီလျံက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဘာလို့ အဲ့လောက်တောင် ထိတ်လန့်နေတာလဲ။ ငါတို့ရဲ့ သံချပ်ကာသင်္ဘောတွေ လိုက်ဖမ်းတာကိုပဲ ကြည့်နေလိုက်စမ်းပါ။”
ထိုသို့ပြောပြီးနောက် သံချပ်ကာသင်္ဘော သုံးစင်းသည် ယီရန်ပင်းမဟာမိတ် သင်္ဘောသုံးစင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်မောင်းနှင်သွားတော့၏။
သံချပ်ကာသင်္ဘောများသည် ကျန်ရှိသော ခြင်္သေ့ခေါင်းသင်္ဘောအုပ်စုကို အနောက်တွင် ချန်ထားရစ်ခဲ့သည်။ ၎င်းတို့၏ အရှိန်မှာ အခြားသင်္ဘောများနှင့် လုံးဝ အဆင့်အတန်းမတူပေ။
ထိုအရှိန်အဟုန်ကို ခံစားမိသောအခါ ဝီလျံက သစ်သားသင်္ဘောများကို ကျော်တက်ရင်း ရယ်မောလိုက်၏။
“ဒီလိုသင်္ဘောမျိုးတွေသာရှိရင် ငါတို့ ဘယ်နေရာကိုမဆို သွားလို့ရပြီ။”
“တစ်နာရီ ကီလိုမီတာ ငါးဆယ်အရှိန်ကို ထိန်းထား။”
ကျန်းရွှဲ့က လိုက်လာသော သံချပ်ကာသင်္ဘော သုံးစင်းကို ကြည့်ရင်း အမိန့်ပေးသည်။
“ဟုတ်ကဲ့။”
ယီရန်ပင်း၏ သစ်သားသင်္ဘောနှစ်စင်းကို ရေနွေးငွေ့ဘွိုင်လာများဖြင့် အဆင့်မြှင့်ထားရာ တစ်နာရီ ကီလိုမီတာ ငါးဆယ်အထိ အမြင့်ဆုံးအရှိန်ဖြင့် မောင်းနှင်နိုင်ပေသည်။
ယင်းထက်ပိုကြီးသော ဘွိုင်လာကို တပ်ဆင်ပါက သစ်သားကိုယ်ထည်များ ပျက်စီးသွားပေလိမ့်မည်။
ဝီလျံက အတင်းလိုက်နေသဖြင့် သင်္ဘောခြောက်စင်းစလုံးသည် ကျန်ရှိသော သင်္ဘောအုပ်စုများနှင့် ပို၍ပို၍ ဝေးကွာသွားခဲ့ကြ၏။
သူတို့ကို မခါချနိုင်မှန်း သိသာလာသောအခါ ဝီလျံက သူ့လူများကို လက်နက်ချရန် လှမ်းအော်ခိုင်းလိုက်သည်။
“ယီရန်ပင်းမဟာမိတ်က ညီအစ်ကိုတို့...အခုချက်ချင်း လက်နက်ချလိုက်စမ်း။ ကျုပ်က သုံ့ပန်းတိုင်းကို ကောင်းကောင်း ဆက်ဆံမှာပါ။ မင်းတို့ လွတ်အောင် မပြေးနိုင်ပါဘူး။”
နောက်မှ လိုက်ပါလာသော ခြင်္သေ့ခေါင်းသင်္ဘောအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းယန်က သတင်းပို့လိုက်သည်။
“နည်းပြ ကျုပ်တို့ တခြားသူတွေနဲ့ အကွာအဝေး အတော်လေး ခွာလိုက်နိုင်ပါပြီ။”
“ကောင်းပြီ။ ဒါဆိုရင် ဒီသံချပ်ကာသင်္ဘော သုံးစင်းကို အပြတ်ရှင်းကြစို့။”
ကျန်းရွှဲ့က အမိန့်ပေးလိုက်တော့လေသည်။
တစ်ချိန်တည်းမှာပင် ရှောင်းယီသည် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသိပေးချက်တစ်ခု တင်လိုက်၏။ ထိုအသိပေးချက်က သူ၏ စစ်သင်္ဘောများကို ပို၍ပင် အရောင်းသွက်သွားစေမည်မှာ သေချာပေသည်။
“အသိပေးချက်: ယီရန်ပင်းမဟာမိတ်မှ ရောင်းချသော သံချပ်ကာစစ်သင်္ဘောများကို နောင်တွင် အဆင့်မြှင့်တင်နိုင်သည်။”
ထိုမက်ဆေ့ဂျ်ကြောင့် ဂရုထဲတွင် လူတိုင်း အံ့သြသွားကြ၏။
“ဘာ...အဆင့်မြှင့်လို့ရတယ် ဟုတ်လား။ အရှိန်လား၊ တိုက်ခိုက်ရေးစွမ်းအားလား၊ ခံစစ်လား။”
“ကျုပ် ပြောသားပဲ။ သူဌေးကြီးရဲ့ သံချပ်ကာသင်္ဘောတွေက ဝယ်ရတာ တန်ပါတယ်ဆို။ တခြားစစ်သင်္ဘောတွေက တစ်ခါသုံး သဘောမျိုးသက်သက်ပဲ။”
“ဟုတ်တယ်...အဆင့်မြှင့်လို့ရတယ်ဆိုတော့... အဆင့်မြှင့်ပြီးသွားရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလာမလဲ စဉ်းစားသာကြည့်လိုက်တော့။”
သတင်းသည် ခြင်္သေ့ခေါင်းမဟာမိတ်ထံသို့ ပျံ့နှံ့သွားပြီး သူတို့က ခေါင်းဆောင်ဝီလျံအား အလျင်အမြန် သတင်းပို့ရန် ကြိုးစားတော့လေသည်။
သို့သော် ဝီလျံမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မပါသော သံချပ်ကာသင်္ဘောပေါ်တွင် ရှိနေခဲ့ပြီး ကျောက်တိုင်ပါသော သင်္ဘောများကလည်း နောက်တွင် ကျန်ရစ်ခဲ့သဖြင့် သူသည် ထိုသတင်းကို မရရှိနိုင်ခဲ့ပေ။
ထိုကျောက်တိုင်ပါသော သင်္ဘောများပေါ်မှ တာဝန်ရှိသူများသည်မူ ပိုစ့်ကိုကြည့်ကာ သက်ပြင်းချမိလိုက်ကြတော့၏။
“ငါတို့တော့ သွားပြီ။ ခြင်္သေ့ခေါင်းမဟာမိတ်တော့ ပျက်စီးတော့မှာပဲ။ မြန်မြန် ထွက်ပြေးကြစို့။”
“ဝီလျံတော့ သေပြီပဲ။ ငါတို့ တခြားအဖွဲ့တစ်ခုခုကို မြန်မြန်ရှာပြီး ခိုလှုံမှ ဖြစ်မယ်။”
ထိုသို့ဖြင့် ခြင်္သေ့ခေါင်းမဟာမိတ်၏ သင်္ဘောအုပ်စုတစ်ဝက်ကျော်သည် ခဏချင်းအတွင်း ပျောက်ကွယ်သွားကြတော့၏။ အချို့က အိမ်သို့ တည်နေရာကူးပြောင်းသွားကြပြီး အချို့ကမယ အခြားမဟာမိတ်များထံသို့ ဘက်ပြောင်းသွားကြသည်။
ဝီလျံကမူ အရှိန်အဟုန်နှင့် စိတ်လှုပ်ရှားမှုကြားတွင် နစ်မျောနေပြီး သူ့နောက်မှ သင်္ဘောများ လျော့နည်းသွားသည်ကို လုံးဝ သတိမထားမိခဲ့ပေ။
“ခေါင်းဆောင်..., သူတို့ရဲ့ သံချပ်ကာသင်္ဘော ရပ်သွားပါပြီ။”
ကင်းထောက်က သတင်းပို့လာခဲ့သည်။
“အို... သူတို့ မပြေးနိုင်တော့မှန်း သိလို့ လက်နက်ချဖို့ ပြင်နေတာလား။”
ဝီလျံက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ထိုစဉ်....
ဝုန်း ဝုန်း ဝုန်း
ရုတ်တရက် အမြောက်သံများ ဟိန်းထွက်လာ၏။ ဝီလျံတစ်ကိုယ်လုံး တုန်တက်သွားပြီး ဒေါသတကြီး အော်ဟစ်တော့လေသည်။
“ဘာကွ... သူတို့က အရင်ပစ်ရဲတယ်ပေါ့။ ပြန်ပစ်ကြစမ်း။ ငါတို့ သင်္ဘောသုံးစင်းကို သူတို့တစ်စင်းတည်းနဲ့ ဘယ်သူက ပိုတောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
အခန်း ၈၂၂- သံချပ်ကာစစ်သင်္ဘော၏ အားနည်းချက်နှင့် မော့စ်ကုဒ် (Morse Code)
ဝီလျံ၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ခြင်္သေ့ခေါင်းမဟာမိတ်၏ သံချပ်ကာစစ်သင်္ဘော သုံးစင်းသည် ဘေးတိုက်လှည့်၍ အမြောက်များဖြင့် တရစပ်ပစ်ခတ်ရန် ပြင်ဆင်လိုက်ကြ၏။
သို့သော် သူတို့၏ သင်္ဘောကိုယ်ထည်များကို လှည့်လိုက်သည့် ခဏမှာပင် ယီရန်ပင်းမဟာမိတ်၏ သံချပ်ကာသင်္ဘောများက ရုတ်တရက် အရှိန်မြှင့်ကာ ရှေ့သို့ တိုးထွက်လာသည်ကို တွေ့လိုက်ရလေသည်။
ဝီလျံနှင့် ရိုဝမ်တို့ လုံးဝ မယုံကြည်နိုင်လောက်အောင်ပင် ထိုသင်္ဘောများသည် စက္ကန့်ပိုင်းအတွင်း သူတို့ထံမှ ဝေးရာသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားကြတော့၏။
“ဘာ... ဘာဖြစ်တာလဲ။”
ဝီလျံသည် အဝေးသို့ အလျင်အမြန် သေးငယ်သွားသော စစ်သင်္ဘောများကို ကြည့်ကာ ကြောင်အမ်းသွားခဲ့သည်။ ရိုဝမ်၏ စိတ်ထဲတွင်တော့ နိမိတ်မကောင်းသည့်အငွေ့အသက်များကို ခံစားလိုက်ရလေသည်။
“ခေါင်းဆောင်... အခုချက်ချင်း လက်နက်ချလိုက်ပါတော့။ သူတို့ရဲ့ အရှိန်က ကျုပ်တို့ထက် နှစ်ဆနီးပါး မြန်နေတယ်။ ဒါကို လုံးဝတိုက်လို့ မရနိုင်ဘူး။”
ဝီလျံသည် ထိုအကြံပြုချက်ကို ကြားသော် ဟိန်းဟောက်လိုက်၏။
“လုံးဝ မဖြစ်နိုင်ဘူး။ ခြင်္သေ့ခေါင်းမဟာမိတ်ရဲ့ အဘိဓာန်မှာ ‘လက်နက်ချတယ်’ ဆိုတဲ့ စကားလုံး မရှိဘူးကွ။”
ဝီလျံ၏ ရူးသွပ်မှုကို မြင်သောအခါ ရိုဝမ်လည်း ထပ်မပြောတော့ဘဲ ကျရောက်လာတော့မည့် အမြောက်ဒဏ်မှ မည်သို့ အသက်ရှင်အောင် နေရမည်ကိုသာ တွက်ချက်နေတော့သည်။
“သူတို့က ပိုမြန်တယ်ဆိုတော့ရော ဘာဖြစ်လဲ။ သမိုင်းမှာ အားနည်းတဲ့သူက အားသာတဲ့သူကို အနိုင်ယူခဲ့တဲ့ သာဓကတွေ အများကြီးပဲ။”
ဝီလျံက ဂုဏ်ယူစွာ ပြောလိုက်သည်။
“အဲဒီအရှိန်ကို ကြည့်ပြီး သူတို့သွားမယ့် လမ်းကြောင်းကို ခန့်မှန်းပြီး ပစ်ကြစမ်း။”
“ဟုတ်ကဲ့။”
အမြောက်တပ်သားများက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
အမြောက်များ၏ အဆင့်မှာ တူညီနေသဖြင့် ကျန်းရွှဲ့က ဝီလျံကို ပစ်ခတ်နိုင်လျှင် ဝီလျံကလည်း ပြန်လည်ပစ်ခတ်နိုင်ပေသည်။ ဤသည်မှာ ဝီလျံ နောက်ဆုံးအကြိမ် လောင်းကြေးထပ်ရဲသည့် အကြောင်းရင်း တစ်ခုပင်။
သို့သော် ကျန်းရွှဲ့၏ သံချပ်ကာသင်္ဘောများသည် အင်ဂျင်သံများ ဟိန်းထွက်လျက် အမြောက်ဆံ အများစုကို ရှောင်တိမ်းသွားနိုင်ခဲ့ပြီး ထိမှန်သော အမြောက်ဆံ အနည်းငယ်မှာလည်း သံချပ်ကာကိုယ်ထည်ကို အစင်းရာလေးမျှသာ ပေးနိုင်ခဲ့၏။
သင်္ဘောသားတစ်ဦးသည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေးတွင် ရပ်ကာ ပျက်စီးမှုအခြေအနေများကို စောင့်ကြည့်နေပြီး ပေါက်ပြဲသွားသော ကိုယ်ထည်အပိုင်းအစများကို ချက်ချင်း ပြန်လည်ပြုပြင်နေလေသည်။
“နည်းပြက သူတို့ကို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ချင်သေးလား။ သူတို့ရဲ့ အင်ဂျင်တွေကိုပဲ ဖျက်ဆီးလိုက်ရင် မကောင်းဘူးလား။”
ဖုန်းယန်က ရန်သူ့သင်္ဘောကို အကဲခတ်ရင်း မေးလိုက်၏။ ထိုအခါ ကျန်းရွှဲ့က ခေါင်းငြိမ့်ပြကာ အမိန့်ပေးလိုက်သည်။
“အင်ဂျင်တွေကိုပဲ အပြတ်ရှင်းလိုက်တော့။”
အရှိန်အဟုန်ကို မြင်လျှင် သူတို့ နောက်ဆုတ်သွားလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သော်လည်း ဝီလျံ၏ ခေါင်းမာမှုကြောင့် ပို၍ ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးရန် လိုအပ်လာပြီဖြစ်သည်။
ကောင်းပြီ... သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်ရုံပဲ ရှိတော့တာပေါ့။
ဝမ်ရှင်းဖုန်းသည် အရှိန်အမျိုးမျိုးရှိသော သံချပ်ကာသင်္ဘောများကို ဒီဇိုင်းထုတ်ခဲ့စဉ်ကတည်းက ဤသင်္ဘောများ ရန်သူ့လက်ထဲ ရောက်သွားနိုင်သည်ကို ကြိုတင်မြော်မြင်ထားခဲ့၏။
အင်ဂျင်စနစ်များကို သင်္ဘောကိုယ်ထည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထွက်လာပြီးမှသာ ပြင်ပတွင် တပ်ဆင်ထားခြင်းဖြစ်ပြီး ၎င်းကို ပါးလွှာသော အစိတ်အပိုင်းတစ်ခုတွင် တမင်တကာ တပ်ဆင်ထားခြင်းဖြစ်သည်။ ပုံမှန်အသုံးပြုလျှင် အဆင်ပြေသော်လည်း ထိုနေရာကို အမြောက်ဆံ ထိမှန်ပါက ပေါက်ကွဲမှုများ ဖြစ်စေနိုင်ပေသည်။
ယီရန်ပင်း၏ ကိုယ်ပိုင်သင်္ဘောများတွင်မူ ထိုနေရာကို အခြားအစိတ်အပိုင်းများထက် ပို၍ ခိုင်ခံ့အောင် အထူးအားဖြည့်ထားပြီးသား ဖြစ်သည်။
ထိုစဉ် ဖုန်းယန်က အော်ဟစ်ကာ အမိန့်ပေးလိုက်၏။
“အမြောက်တပ်... သူတို့ရဲ့ အင်ဂျင်တပ်ဆင်တဲ့နေရာကို ချိန်ပြီး... ပစ်ကြ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့၏ ပြင်းထန်သော လေ့ကျင့်ပေးမှုများမှာ ယခုအခါ အကျိုးထူးလာခဲ့ပြီဖြစ်၏။ အမြောက်တစ်ချက်တည်းနှင့်ပင် ဝီလျံ၏ အင်ဂျင်အစိတ်အပိုင်းကို တည့်တည့်ထိမှန်သွားတော့လေသည်။
ဘုန်း ဘုန်း ဘုန်း
ခရက် ခရက် ခရက်
ဝီလျံသည် ကုန်းပတ်တစ်ခုလုံး တုန်ခါသွားပြီးနောက် အရှိန်လျော့သွားသည်ကို ခံစားလိုက်ရသည်။
“ဘာဖြစ်တာလဲ။”
သူက ဟိန်းဟောက်ကာ မေးမြန်းလိုက်သည်။
“ဆရာ... အမြောက်ဆံက ကျုပ်တို့ရဲ့ ဘွိုင်လာကို ထိမှန်ပြီး ပေါက်ကွဲသွားပါပြီ။”
မီးခိုးမှိုင်းများ စွဲကပ်ကာ သွေးများ စီးကျနေသော သင်္ဘောသားတစ်ဦးသည် အင်ဂျင်ခန်းထဲမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်လာခဲ့၏။
“ဒါဆိုရင်လည်း ပြင်လိုက်လေ။”
ဝီလျံက အော်ပြောလိုက်သည်။
“ပြင်လို့ မရတော့ပါဘူး။”
ကျွန်းအထိမ်းကျောက်တိုင်ကို စောင့်ကြည့်နေသူက ညည်းတွားကာ ပြောလိုက်၏။
“ဒီဘွိုင်လာက အပိုတပ်ဆင်ထားတာဖြစ်ပြီး သင်္ဘောကိုယ်ထည်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး။ ပေါက်ကွဲမှုက အဓိကအပိုင်းကိုပါ ဖျက်ဆီးပစ်လိုက်ပြီ...။ ပြင်လို့ မရတော့ဘူး။”
“ဒီ ယီရန်ပင်း... ငါ့ကို ထောင်ချောက်ဆင်ထားတာပဲ။”
ဝီလျံက အံကြိတ်ရင်း ပြောလိုက်သည်။
“အလံဖြူထောင်လိုက်စမ်း... လူတိုင်း ကုန်းပတ်အောက်ကို ဆင်းကြ။”
“ဟုတ်ကဲ့။”
ထိုစကားကိုကြားသောအခါမှ ရိုဝမ်တစ်ယောက် သက်ပြင်းချနိုင်သွားခဲ့သည်။ ဝီလျံ ဆက်တိုက်နေဦးမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
လူတိုင်း ဆုတ်ခွာသွားပြီးနောက် ဝီလျံက အမိန့်ပေးလိုက်သည်။
“မင်းတို့ရဲ့ ရိုင်ဖယ်တွေကို အသင့်ပြင်ထား။ သူတို့ သင်္ဘောပေါ် တက်လာတာနဲ့ ပစ်ကြ။”
ရိုဝမ် သူ့ကို ကြည့်ကာ အံ့သြသွားမိ၏။
သူက ဘယ်လိုသတ္တိမျိုးနဲ့များ ဆက်ပြီး ခုခံချင်နေရတာလဲ။
အလံဖြူကို မြင်သောအခါ ဖုန်းယန်က မေးလိုက်သည်။
“နည်းပြ သူတို့ လက်နက်ချသွားပြီ။ ကျုပ်တို့ ဆက်ပစ်ရဦးမလား။”
ထိုအခါ ကျန်းရွှဲ့ မှန်ပြောင်းဖြင့် အကဲခတ်ကြည့်လိုက်သည်။
“သူတို့ကို လှမ်းပြောလိုက်။ ကုန်းပတ်ပေါ်က လက်နက်တွေအားလုံးကို ဖယ်ရှားဖို့နဲ့ လူတိုင်း အပေါ်ကို တက်လာဖို့။ သုံးမိနစ်အတွင်း မလုပ်ရင် ငါတို့ ပြန်ပစ်မယ်။”
“ဟုတ်ကဲ့။”
ဝီလျံသည် ထိုတောင်းဆိုချက်ကို ကြားသောအခါ မျက်မှောင်ကျုံ့လိုက်၏။
“ကုန်းပတ်ပေါ် တက်သွားကြ။ သူတို့ ခိုင်းတဲ့အတိုင်း လုပ်လိုက်။”
“ဟုတ်ကဲ့ ခေါင်းဆောင်။”
ရိုဝမ်က သာမန်သင်္ဘောသားများကို ဦးဆောင်ကာ ထွက်လာခဲ့သော်လည်း အဆင့်မြင့်တိုက်ခိုက်ရေးသမားများမှာမူ ပုန်းကွယ်နေဆဲပင်။
“သောက်ကျိုးနည်း... သူက နောက်ဆုံးအချိန်အထိ တိုက်ချင်နေတုန်းပဲ။”
ရိုဝမ်က တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒါက ငါတို့အားလုံးကို သေတွင်းထဲ ပို့နေတာပဲ။”
သူသည် သူ၏လူယုံ လူအနည်းငယ်ကို စုစည်းလိုက်သည်။
“ခေါင်းဆောင်ကတော့ သွားပြီ။ ငါတို့ ကိုယ့်ဘာသာကိုယ် ကယ်တင်ရမယ်။ ငါ့နောက်ကို လိုက်ခဲ့ကြ။”
“ကျုပ်တို့ ဆရာရိုဝမ်နောက်မှာ ရှိနေပါတယ်။”
“ယီရန်ပင်းက သွေးဆာတဲ့သူ မဟုတ်ဘူးလို့ ငါကြားဖူးတယ်။ ငါ့ကို ဝိုင်းပြီး သင်္ဘောလက်ရန်းနား ခေါ်သွားပေး။ ငါ သူတို့ဆီကို အချက်ပြလိုက်မယ်။”
သူတို့သည် ရိုဝမ်ကို ဝိုင်းရံကာ ရှေ့သို့ တိုးသွားစေခဲ့သည်။
ကျန့်ရွဲ့သည် အကွာအဝေးတစ်ခုမှနေ၍ မှန်ပြောင်းဖြင့် စောင့်ကြည့်နေခဲ့သည်။
“နည်းပြ သူတို့အားလုံး အပြင်ကို ထွက်လာကြပါပြီ။”
ဖုန်းယန်က သတင်းပို့လိုက်သည်။
ထိုစဉ် ကျန်းရွှဲ့သည် အလယ်မှသင်္ဘောကို မှန်ပြောင်းဖြင့် သေချာကြည့်ရင်း ဖြည်းဖြည်းချင်း ရွတ်ပြလိုက်၏။
“အဆင့်... မြင့်... တိုက်... ခိုက်... ရေး... သမား... တွေ... သင်္ဘော... ဝမ်း... ဗိုက်... ထဲမှာ... ရှိ... နေ... သေး... တယ်။”
ဖုန်းယန် မျက်တောင်တခတ်ခတ် ဖြစ်သွားခဲ့သည်။ ထိုစဥ် ကျန်းရွှဲ့ မှန်ပြောင်းကို ချပြီး ပြောလိုက်သည်။
“သင်္ဘောလက်ရန်းနားက လူရဲ့ လက်ချောင်းတွေကို ကြည့်လိုက်။”
ဖုန်းယန် ကြည့်လိုက်သောအခါ ထိုသင်္ဘောသား၏ လက်ချောင်းများသည် တိကျသော စည်းချက်တစ်ခုဖြင့် လက်ရန်းကို ခေါက်နေသည်ကို တွေ့လိုက်ရလေသည်။
“ဒါက မော့စ်ကုဒ် (Morse Code) ပဲ။ ဒါကို သိရင် သူ့ရဲ့ အချက်ပြမှုကို ဖတ်လို့ရတယ်။ တခြားဘာသာစကားတွေကိုပါ သိထားရင်ပေါ့လေ။”
ကျန်းရွှဲ့က ရှင်းပြလိုက်၏။
ဖုန်းယန်မှာ အံ့သြမှင်သက်သွားခဲ့သည်။
လက်ရန်းကို ခေါက်ရုံနဲ့ စကားပြောလို့ရတယ်လား။
သူ့လို ဒေသခံတစ်ယောက်အတွက်တော့ ဒါက တကယ့်ကို ထူးဆန်းလွန်းလှပေသည်။
“နောက်မှ ငါ မင်းကို သင်ပေးမယ်။ သူတို့ကို နောက်တစ်ကြိမ် သတိပေးလိုက်။ ဘယ်သူမှ ကုန်းပတ်အောက်မှာ ကျန်မနေစေနဲ့။”
“ဟုတ်ကဲ့။”
“လူတိုင်း ကုန်းပတ်ပေါ်တက်၊ လက်မြှောက်ထား! ဘယ်သူမှ သင်္ဘောဝမ်းဗိုက်ထဲမှာ ကျန်မနေစေနဲ့။”
ဝီလျံက ထိုသတိပေးချက်ကို ကြားလိုက်ရသောအခါ လှောင်ပြုံးပြုံးလိုက်လေသည်။
“သူတို့က တော်တော် သတိကြီးတာပဲ။ ငါတို့ သင်္ဘောပေါ် မတက်ဘဲ ငါတို့ကို ဘယ်လိုများ နိုင်အောင် တိုက်မလဲ ကြည့်ကြသေးတာပေါ့။”