အခန်း (၈၂၃-၈၂၄)
Vol. 66 Ch. 823-824
အခန်း ၈၂၃- ဗန်ပိုင်းယားတွေက သူတို့ကို ထောက်ခံနေတာလား။ ငါတို့မှာတော့ သမန်းဝံပုလွေ တွေရှိတယ်ကွ
ဖုန်းယန်သည် ဝီလျံ၏ သင်္ဘောဘက်သို့ အကြိမ်အနည်းငယ် လှမ်းအော်ပြီးနောက် သင်္ဘောခန်းထဲမှ လူအချို့ ထပ်မံထွက်လာခဲ့ကြသည်။
ထိုစဉ် ရိုဝမ်က ကျန်းရွှဲ့ကို မော့စ်ကုဒ်ဖြင့် ဆက်လက်အချက်ပြလာခဲ့၏။
“အထဲမှာ ထွက်မလာသေးတဲ့သူ ဆယ်ယောက် ကျန်သေးတယ်။”
ကျန်းရွှဲ့က အသာအယာ ခေါင်းငြိမ့်ပြကာ ညွှန်ကြားလိုက်သည်။
“ဆယ်ယောက် ကျန်သေးတယ်ဆိုပေမဲ့ ပြဿနာမရှိပါဘူး။ အနားကပ်ပြီး သင်္ဘောကို သိမ်းပိုက်ဖို့ ပြင်ကြ။”
“ဟုတ်ကဲ့။”
ဖုန်းယန်က တုံ့ပြန်လိုက်သည်။
ယီရန်ပင်းမဟာမိတ်၏ သံချပ်ကာစစ်သင်္ဘောသည် ဝီလျံ၏ သင်္ဘောဆီသို့ ချက်ချင်း ဦးတည်မောင်းနှင်သွားခဲ့သော်လည်း အနားသို့ကပ်နေစဉ်တွင် ဖုန်းယန်နှင့် အခြားသူများသည် ရန်သူ့သင်္ဘော၏ ဦးခေါင်းပိုင်းနှင့် တည့်တည့်ဖြစ်သော အနေအထားကို ထိန်းထားခဲ့ကြ၏။
ထိုနေရာတွင် အမြောက်တစ်လက်သာ ရှိသဖြင့် အနည်းဆုံးတော့ သင်္ဘောဘေးဘက်ရှိ အမြောက်များစွာနှင့် ရင်ဆိုင်ရမည့်အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ဝီလျံသည် အနီးကပ်တိုက်ပွဲတွင် အလွန်ယုံကြည်မှုရှိနေပုံရပြီး ဖုန်းယန်တို့ အနားကပ်လာချိန်တွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
ကျန်းရွှဲ့ ခနဲ့ပြုံးပြုံးလိုက်၏။
“ဘင်နီ မင်းတို့ အဆင်သင့်ပဲလား။”
“အမြဲတမ်း အသင့်ပါပဲ။”
ဘင်နီနှင့် အခြားလူဝံပုလွေများက တုံ့ပြန်လိုက်ကြသည်။
မကြာခင်မှာပင် သင်္ဘောနှစ်စင်းမှာ အလွန်နီးကပ်သွားခဲ့ကြ၏။ ဖုန်းယန်သည် သူ့လူများကို ဟိုဘက်သင်္ဘောပေါ်သို့ တက်ခိုင်းတော့မည့်ဆဲဆဲတွင် ဝီလျံ၏ သင်္ဘောပေါ်မှ မည်းမှောင်နေသော အရိပ်တစ်ခု ပျံဝဲဝင်ရောက်လာခဲ့လေသည်။
ကျန်းရွှဲ့က သူမ၏သေနတ်ကို မြှောက်ကာ ထိုမည်းမှောင်နေသော အရိပ်ကို ပစ်ခတ်လိုက်၏။
ဒိုင်း...။
ကျည်ဆန်သည် ထိုအရိပ်ကို ထိမှန်သွားခဲ့ပြီး ကုန်းပတ်ပေါ်သို့ လိမ့်ကျသွားတော့သည်။ ထိုအခါမှသာ ထိုသူသည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်ဘုံးကို လုံအောင်ပတ်ထားကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
ကုန်းပတ်ပေါ်ရှိ အစောင့်များသည် ၎င်းတို့၏လက်နက်များကို မြှောက်ကာ ထိုသူကို ဝိုင်းပစ်ကြတော့၏။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း!
ပင်ဖိုင်းယားရိုင်ဖယ်သံများနှင့်အတူ ထိုသူသည် ကျည်ဆန်အချို့ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကျည်အချို့ ထိမှန်သွားပြီး လဲကျသွားတော့သည်။
ဖုန်းယန်တို့ ထိုသူ၏ ဝတ်ရုံနက်ကို ဆွဲမဖွင့်ရသေးခင်မှာပင် ဝီလျံ၏ သင်္ဘောပေါ်မှ နောက်ထပ် အရိပ်မည်း ရှစ်ခု ခုန်ကူးလာခဲ့ပြန်၏။
ဤတစ်ကြိမ်တွင်မူ ထိုရှစ်ယောက်၏ အရှိန်မှာ ပထမတစ်ယောက်ထက် ပိုမြန်နေခဲ့သည်။
ထိုစဥ် ဘင်နီက ရုတ်တရက် ပြောလိုက်၏။
“သူတို့က ဗန်ပိုင်းယားတွေပဲ။”
“ဘာပြောတယ်။”
ကျန်းရွှဲ့က အံ့သြတကြီး မေးလိုက်သည်။ ဘင်နီက ခိုင်ခိုင်မာမာ ခေါင်းငြိမ့်ပြလိုက်သည်။
“ကျုပ် သေချာပေါက် ပြောရဲတယ်။ အဲဒီလူတွေက ဗန်ပိုင်းယားတွေပဲ။ သူတို့ဆီက ထွက်နေတဲ့ သွေးညှီနံ့ကို ဖုံးကွယ်ထားလို့ မရဘူး။”
သူက ပြန်ဖြေလိုက်သည်။
“ဝီလျံက ငါတို့ကို အနီးကပ် ဘာလို့ တိုက်ချင်နေတာလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ သူ့မှာ ဒီလို ဝှက်ဖဲရှိနေတာကိုး။”
ဝီလျံက သူမကို ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့တာလဲဆိုသည်ကို ကျန်းရွှဲ့ နောက်ဆုံးတွင် နားလည်သွားသည်။
“နည်းပြ ဗန်ပိုင်းယားတွေက အရမ်းမြန်တယ်။ ကျုပ်တို့ကို လွှတ်ပေးပါ။ သာမန်စစ်သားတွေ သူတို့ကို မယှဉ်နိုင်ဘူး။”
ဘင်နီက တိုက်ခိုက်ခွင့် တောင်းခံလိုက်၏။
“ကောင်းပြီ၊ သွားကြ။”
ကျန်းရွှဲ့က ချက်ချင်း ခွင့်ပြုလိုက်သည်။
ထိုအရိပ်မည်းများသည် ဖုန်းယန်၏ စစ်သင်္ဘောပေါ်သို့ ခုန်တက်လာခဲ့ပြီးဖြစ်သည်။ အဆင့်နိမ့်စစ်သားများမှာ သူတို့ရှေ့သို့ လူရိပ်တစ်ခု ရောက်လာသည်ကို ခံစားလိုက်ရသော်လည်း တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
ဗန်ပိုင်းယားများက စစ်သားများကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး စစ်သားများ၏ လည်ပင်းကို တိုက်ရိုက် ဖမ်းကိုင်လိုက်ကြတော့လေသည်။
ထိုစဉ်မှာပင် ကြီးမားသော ဝံပုလွေခေါင်းနှင့် လူကိုယ်ထည်ရှိသော သတ္တဝါတစ်ကောင် ဘေးဘက်မှ ရုတ်တရက် ခုန်ထွက်လာပြီး စစ်သားများအတွက် အကာအကွယ်ပေးကာ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်၏။
“ဘာကြီးလဲ။”
ရုတ်တရက် ပေါ်လာသော သမန်းဝံပုလွေများကို မြင်လိုက်ရသောအခါ ဗန်ပိုင်းယားက အလန့်တကြား အော်ဟစ်လိုက်မိသည်။
ထိုအခါ ဘင်နီက ခနဲ့လိုက်၏။
“ဘာလဲ အံ့သြသွားတာလား။”
ထိုသို့ပြောနေရင်းနှင့်ပင် သူသည် သူ၏လက်ကို မရပ်တန့်ဘဲ ဗန်ပိုင်းယား၏ ရင်ဘတ်ကို ထိုးနှက်လိုက်လေသည်။
အလန့်တကြားဖြစ်သွားသော ဗန်ပိုင်းယားသည် သူ၏ လက်မောင်းများကို ရင်ဘတ်ရှေ့တွင် ကာထားရန်သာ အချိန်ရလိုက်လေသည်။
ခွပ်!
ဂျွတ်!
ဗန်ပိုင်းယားများသည် လျင်မြန်ဖြတ်လတ်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာမူ သဘာဝအတိုင်း အားနည်းပေသည်။ သမန်းဝံပုလွေ၏ အားပါသော လက်သီးချက်ကြောင့် သူတို့၏ လက်ဖျံရိုးများ ချက်ချင်း ကျိုးသွားတော့၏။
အခြားဗန်ပိုင်းယားများမှာလည်း အလားတူပင် ဖြစ်သည်။ သူတို့ တုံ့ပြန်ရန် မပြင်ဆင်နိုင်ခင်မှာပင် ရုတ်တရက် ခုန်ထွက်လာသော သမန်းဝံပုလွေများကြောင့် အထိနာသွားခဲ့ကြသည်။
ကယ်တင်ခြင်းခံရသော အဆင့်နိမ့်စစ်သားများသည် ယခုအခါ သမန်းဝံပုလွေများကို အလွန်ကျေးဇူးတင်နေခဲ့ကြ၏။
အစပိုင်းတွင် သူတို့သည် သမန်းဝံပုလွေများကို တစ်မျိုးမြင်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ‘မျိုးနွယ်မတူရင် စိတ်ရင်းမတူနိုင်ဘူး’ ဆိုသည့် အယူအဆက အမြစ်တွယ်နေခဲ့သည်မဟုတ်ပါလား။
ရှောင်းယီ တစ်ယောက်သာလျှင် လူမျိုးရေးတန်းတူညီမျှမှုကို အားပေးနေခြင်း ဖြစ်သည်။
သမန်းဝံပုလွေများ ဝင်ရောက်လာမှုကြောင့် ဗန်ပိုင်းယားများ ချက်ချင်းပင် ပြိုလဲသွားတော့၏။ ထို့အပြင် သမန်းဝံပုလွေ အစောင့်တပ်ဖွဲ့တွင် လူငါးဆယ်ကျော် ရှိရာ ဤဗန်ပိုင်းယား ရှစ်ယောက်မှာ သူတို့အတွက် ခွဲဝေတိုက်ခိုက်ရန်ပင် မလောက်ငှပေ။
မကြာခင်မှာပင် ဗန်ပိုင်းယားအားလုံးကို သမန်းဝံပုလွေများက အပြတ်ရှင်းလိုက်ကြတော့သည်။
ဝီလျံမှာ သူ၏ သင်္ဘောပေါ်တွင် ကြောင်အမ်းနေ၏။ သူတစ်ယောက်တည်းတင်မကဘဲ အခြားသူများအားလုံးမှာလည်း မှင်သက်နေကြပြီး ယနေ့မြင်တွေ့ရသည့်အရာမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ်ကောင်းသည်ဟု ခံစားနေကြရသည်။
“ခုနက ငါတို့သင်္ဘောပေါ်ကနေ ဘာတွေ ခုန်ကူးသွားတာလဲ။ အရှိန်က ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် မြန်နေရတာလဲ။”
“ဟုတ်တယ်။ ငါ မြင်လိုက်တာတော့ အရိပ်တစ်ခု ဖြတ်သွားသလိုပဲ။ အဲဒီနောက်တော့ ပျောက်သွားတယ်။”
“ပြီးတော့ ယီရန်ပင်းမဟာမိတ် သင်္ဘောပေါ်က ထွက်လာတဲ့ အကောင်တွေကရော ဘာတွေလဲ။ ဘာလို့ ဝံပုလွေခေါင်းတွေ ဖြစ်နေရတာလဲ။”
“ဒါ ဒဏ္ဍာရီထဲက သမန်းဝံပုလွေတွေပဲ ဖြစ်ရမယ်။”
“သမန်းဝံပုလွေတွေက အရမ်းရက်စက်တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။ သူတို့က ဘာလို့ ယီရန်ပင်းကို ကူညီပြီး ငါတို့အဖွဲ့ကို တိုက်ခိုက်နေရတာလဲ။”
“အဲဒီသမန်းဝံပုလွေတွေက ကောင်းကောင်း လေ့ကျင့်ထားပုံရတယ်။ ကြည့်စမ်း...အဲဒီဝတ်ရုံနက်နဲ့ လူတွေကို နှိမ်နင်းပြီးတာနဲ့ သူတို့က ချက်ချင်း စနစ်တကျ တန်းစီပြီး ရပ်နေကြတာ။ ဒါက စစ်တပ်တစ်ခုပဲ။”
“ဒီလို သမန်းဝံပုလွေစစ်တပ်သာရှိရင် ယီရန်ပင်းမဟာမိတ်က ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။ သူတို့က ငါတို့ဆီကို သံချပ်ကာစစ်သင်္ဘောတွေ ရောင်းရတာကို စိုးရိမ်စိတ်မရှိတာ မဆန်းတော့ဘူး။”
“ဟုတ်တယ်...ငါတို့တော့ ငါတို့ခေါင်းဆောင်ကြောင့် ဒုက္ခရောက်ကုန်ပြီ။ သွားပြီကွာ...။”
ရိုဝမ်သည် သူ၏ အံ့သြနေသော စိတ်ကို ထိန်းချုပ်လိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။
“စိတ်မပူကြပါနဲ့။ ယီရန်ပင်းက သွေးဆာတဲ့လူ မဟုတ်ပါဘူး။ ငါတို့သာ လက်နက်ချရင် သူ ငါတို့ကို သတ်မှာ မဟုတ်ဘူး။”
“တကယ်လား။”
“တကယ်ပေါ့၊ အရင်က သူတို့ကျွန်းကို တိုက်ခိုက်ခဲ့တဲ့ အယ်လ်ဘန်တောင်မှ အခုထိ ထောင်ထဲမှာ ရှိနေသေးတယ်။ အသတ်မခံရသေးဘူး။”
ရိုဝမ်က ချက်ချင်း ပြောလိုက်သည်။
“ဒါဆိုရင် ကျုပ်တို့ လက်နက်ချမယ်။ ကျုပ်တို့ကို မသတ်ပါနဲ့။”
လူတိုင်း အော်ဟစ်ကြတော့၏။
ဝီလျံသည်မူ သူ၏ ဗန်ပိုင်းယားအဖွဲ့ ဤမျှ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်ကို လက်မခံနိုင်ဖြစ်နေခဲ့သည်။
“ဒါ မဖြစ်နိုင်ဘူး။ ငါတို့မဟာမိတ်ထဲက ဗန်ပိုင်းယားတွေက ပြိုင်ဘက်ကင်းတယ်။ ဘယ်သူမှ သူတို့ကို အနိုင်မယူနိုင်ဘူး။”
“တကယ်တော့ ဘယ်သူမှ အနိုင်မယူနိုင်တာ မှန်ပါတယ်။ ယီရန်ပင်းမဟာမိတ်က လူတွေကို လွှတ်လိုက်တာ မဟုတ်ဘဲ သမန်းဝံပုလွေတွေကို လွှတ်လိုက်တာလေ။”
တစ်စုံတစ်ယောက်ကတော့ ဒဏ်ရာပေါ် ဆားပက်သလို ပြောလိုက်၏။
ဝီလျံသည် သူ၏ မဟာမိတ်အဖွဲ့က ဗန်ပိုင်းယားမျိုးနွယ်နှင့် မိတ်ဆွေဖြစ်နိုင်ပြီး မဟာမိတ်အဖွဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကို ဘယ်သူမှ မတားဆီးနိုင်ဟု အမြဲယုံကြည်ထားခဲ့သည်။ ပထမဆုံး တိုက်ပွဲမှာတင် ဤမျှ ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဘာလို့ ယီရန်ပင်းက သမန်းဝံပုလွေမျိုးနွယ်နဲ့ မိတ်ဆွေဖြစ်နိုင်ရတာလဲ။”
ဝီလျံက ဟိန်းဟောက်လိုက်၏။
ထိုအချိန်တွင် ကျန်းရွှဲ့က သူ့ဆီသို့ ရောက်လာပြီး ခနဲ့လိုက်လေသည်။
“ငါတို့ ကျွန်းပိုင်ရှင်က သမန်းဝံပုလွေမျိုးနွယ်နဲ့ မိတ်ဆွေဖွဲ့ထားတာ မဟုတ်ဘူး။ သူတို့ကို လွှမ်းမိုးထိန်းချုပ်ထားတာပဲ။ နင်က ကျွန်းပိုင်ရှင်ကို စိန်ခေါ်ချင်ရင် ဗန်ပိုင်းယားမျိုးနွယ်ကို အရင်ဆုံး လွှမ်းမိုးနိုင်အောင် လုပ်လိုက်ဦး။ ဒါပေမဲ့ နင့်မှာ အဲဒီအခွင့်အရေး မရှိတော့ဘူး။”
ဖုန်းယန်က လက်ဝှေ့ယမ်းပြလိုက်ရာ စစ်သည်အချို့ ချက်ချင်းတက်လာပြီး ဝီလျံကို ကြိုးတုပ်လိုက်ကြတော့လေသည်။
ကျန်ရှိသူများသည် ကုန်းပတ်ပေါ်တွင် ဒူးထောက်ကာ အသက်ချမ်းသာခွင့်ကို တောင်းခံလိုက်ကြသည်။ ထိုစဉ် ကျန်းရွှဲ့က ရိုဝမ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ပြောလိုက်သည်။
“မင်းက မော့စ်ကုဒ်ကို ကောင်းကောင်း တတ်တာပဲ။ မင်းရဲ့ ခေါင်းဆောင်ကို ဒီလို သစ္စာဖောက်လိုက်တာက နည်းနည်းတော့ မယဉ်ကျေးသလိုပဲနော်။”
ထိုအခါ ရိုဝမ်က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျုပ်က အသက်ရှင်ကျန်ရစ်သူတစ်ယောက်ပါပဲ။ အသက်ရှင်ဖို့အတွက် ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရှာရမှာပဲလေ။ ယီရန်ပင်းကို မပတ်သက်ဖို့ ကျုပ် သူ့ကို အကြိမ်ကြိမ် အကြံပေးခဲ့ပေမဲ့ သူက နားမထောင်ခဲ့ဘူး။ အဲ့ဒါကြောင့် ကျုပ်အနေနဲ့ နောက်ထပ် သခင်အသစ်ကို ရှာရုံပဲ ရှိတော့တာပေါ့။”
ကျန်းရွှဲ့ ခေါင်းငြိမ့်လိုက်သည်။
“ဒါကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ မင်းရဲ့အကြောင်းကို ငါ အထက်လူကြီးတွေကို အမှန်အတိုင်း သတင်းပို့ပေးပါ့မယ်။ မင်းတို့လူတွေနဲ့ မင်းတို့မဟာမိတ်အဖွဲ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ အထက်က အမိန့်ကို စောင့်ရလိမ့်မယ်။”
“နားလည်ပါပြီ။”
ဝီလျံ၏ သံချပ်ကာစစ်သင်္ဘော သုံးစင်းကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီးနောက် မူလကျောက်ချထားသည့် နေရာများသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ ထိုနေရာတွင် မထွက်ခွာသေးသည့် လှေငယ်လေးအချို့ ကျန်ရှိနေသေးပေသည်။ ၎င်းတို့မှာ သံချပ်ကာသင်္ဘောများကို မယှဉ်နိုင်သည်မှာ ထင်ရှားလှ၏။ သူတို့မှာ မည်သည့်ဘက်က အနိုင်ရမည်ကိုသာ စောင့်ကြည့်နေပြီး အနိုင်ရသူဘက်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။
အခန်း ၈၂၄- ရရှိမှုများ၊ နယ်မြေချဲ့ထွင်ခြင်း၊ ကျွန်းချင်းဆက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း
ဝီလျံ၏ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် ကျန်းရွှဲ့သည် သမန်းဝံပုလွေအစောင့်တပ်ဖွဲ့ကို ဦးဆောင်ကာ ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ပြန်လာခဲ့လိုက်၏။
ပြန်ရောက်သည်နှင့် ကျန်းရွှဲ့သည် ရှောင်းယီထံသို့ ချက်ချင်းသွားရောက်ကာ အခြေအနေများကို သတင်းပို့လိုက်လေသည်။
“ဝီလျံရဲ့ မဟာမိတ်အဖွဲ့မှာ ဗန်ပိုင်းယားတွေရဲ့ အကူအညီ ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ တော်သေးတာက ဒီတစ်ခါ သမန်းဝံပုလွေတွေကို ခေါ်သွားလို့ပေါ့။ မဟုတ်ရင်တော့ နောက်ထပ် သွေးချောင်းစီးတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ ရှုံးတောင် ရှုံးသွားနိုင်တယ်။”
ကျန်းရွှဲ့က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
“အင်း ဒါက တကယ်ကို မထင်မှတ်ထားတဲ့ အရာပဲ။”
ရှောင်းယီက ဆိုသည်။
“ကျွန်းပိုင်ရှင် ခြင်္သေ့ခေါင်းမဟာမိတ်အဖွဲ့ကို ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ။”
ကျန်းရွှဲ့က မေးလိုက်သည်။
“သူတို့ကို တိုက်ရိုက် သိမ်းပိုက်လိုက်မလား။”
ရှောင်းယီက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“အင်း...သူတို့ကို သိမ်းပိုက်လိုက်ကြတာပေါ့။ လူတွေက အရင်က အယ်လ်ဘန်အကြောင်းကို မေ့လုနီးပါး ဖြစ်နေကြပြီ။ ဒီတစ်ခါ ငါတို့ရဲ့ အင်အားကို ပြန်ပြကြတာပေါ့။ တစ်ဖက်မှာ ဗန်ပိုင်းယားတွေ ရှိနေတာဆိုတော့ ခြင်္သေ့ခေါင်းမဟာမိတ်ကို သွားတိုက်တဲ့အခါ သမန်းဝံပုလွေတွေကိုပါ ခေါ်သွားလိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းရွှဲ့က တုံ့ပြန်လိုက်သည်။
ရှောင်းယီသည် ဂရုထဲတွင် ပစ္စည်းများကို စာရင်းသွင်းနေဆဲဖြစ်ပြီး လူပုတိုင်းပြည်မှ အုတ်မြစ်ကျောက်များ အားလုံးကိုလည်း သယ်ယူပြီးစီးသွားပြီ ဖြစ်ရာ တံတိုင်းအတွင်းရှိ နေရာလပ်တိုင်းမှာ အုတ်မြစ်ကျောက်များဖြင့် ပြည့်နှက်နေတော့သည်။
“ကျွန်းပိုင်ရှင်ရှောင်း လူပုနိုင်ငံရဲ့ လက်ကျန် အုတ်မြစ်ကျောက်တွေအားလုံးကို သယ်ယူပြီးပါပြီ။ လူပုမျိုးနွယ်အပေါ် ခင်ဗျားအနေနဲ့ ကြင်နာပေးလိမ့်မယ်လို့ ကျုပ မျှော်လင့်တယ်။”
လော့စ်က ရှောင်းယီထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားလာခဲ့သည်။
ဤတစ်ကြိမ့် အုတ်မြစ်ကျောက်များ အားလုံးကို ပေးအပ်လိုက်ပြီးနောက် လူပုမျိုးနွယ်စုသည် ရှောင်းယီအတွက် ဆွဲဆောင်မှု သိပ်မရှိတော့ပေ။
ရှောင်းယီသည် ‘ပေါင်းကူးပြီး လှေဖျက်’ တတ်သည့် လူစားမျိုးမဟုတ်မှန်း သိသော်လည်း လော့စ်အနေဖြင့် ဤသို့ပြောရန် လိုအပ်သည်ဟု ခံစားနေရဆဲပင်။
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ လက်တွဲလာတာ ဒီလောက်တောင် ကြာနေပြီ။ ကျုပ် ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျား သိမှာပါ။ စိတ်မပူပါနဲ့။ ခင်ဗျားတို့ရဲ့ လူပုမျိုးနွယ်စုက ယီရန်ပင်းမဟာမိတ်ရဲ့ အမြဲတမ်း မိတ်ဆွေကောင်းတွေ ဖြစ်နေမှာပါ။”
“ဟုတ်ကဲ့ပါ...ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
လော့စ်က ပြန်ဖြေလိုက်သည်။
ဤအချိန်တွင် ရှောင်းယီသည် လူပုဘုရင်၏ လုပ်ရပ်ကို ပို၍ နားလည်လာခဲ့သည်။ မိမိတို့၏ အုတ်မြစ်ကျောက်အားလုံးကို တစ်ကြိမ်တည်းနှင့် ပုံအောပေးလိုက်ခြင်းမှာ တကယ့်ကို ကြီးမားသော လောင်းကြေးထပ်မှုပင် ဖြစ်သည်။
သို့သော်လည်း သူတို့ လောင်းကြေးထပ်တာ မှန်ကန်သွားခဲ့ချေပြီ။
ထို့နောက် ရှောင်းယီသည် အုတ်မြစ်ကျောက်များ အားလုံးကို လက်ခံရယူရန် အောက်ထပ်သို့ ဆင်းသွားလိုက်၏။
လူပုမျိုးနွယ်စုနှင့် သမန်းဝံပုလွေမျိုးနွယ်စုတို့ထံမှ ရရှိသော အုတ်မြစ်ကျောက်များ စုစုပေါင်းမှာ ၄၉၂.၅ ဘီလီယံ (၄၉၂,၅၀၀,၀၀၀,၀၀၀) အထိ ရှိပြီး အားလုံးကို သိမ်းဆည်းလိုက်လေသည်။
“ရရှိသော ပစ္စည်းများ... နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၉၈၅ ဘီလီယံ။”
ဤမျှ မှင်သက်စရာကောင်းသော အရေအတွက်ကို မြင်လိုက်ရပြီးနောက် ယနေ့ရရှိသော အခြားဆုလာဘ်များကို သူ လျစ်လျူရှုထားနိုင်ပြီ ဖြစ်သည်။
ယခုအချိန်အထိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ပစ္စည်းများ ရောင်းချ၍ ရရှိသော အုတ်မြစ်ကျောက် အရေအတွက်မှာလည်း နှစ်ဆတိုးပြီးနောက် ၃.၅ ဘီလီယံသို့ ရောက်ရှိသွားခဲ့သည်။
စုစုပေါင်း ၉၈၈.၅ ဘီလီယံသော အုတ်မြစ်ကျောက်များအားလုံးကို ကျွန်းဧရိယာအဖြစ် ချဲ့ထွင်လိုက်သောအခါ ၉၈၈,၅၀၀ စတုရန်းကီလိုမီတာအထိ ရရှိလာခဲ့သည်။
မူလဧရိယာနှင့် ပေါင်းလိုက်ပါက ရှောင်းယီ၏ ကျွန်းဧရိယာသည် စုစုပေါင်း ၁,၀၄၃,၅၀၀ စတုရန်းကီလိုမီတာ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ယနေ့ မကုန်ဆုံးသေးသဖြင့် အချို့ပစ္စည်းများမှာ ဆက်လက်အရောင်းသွက်နေဦးမည် ဖြစ်သော်လည်း အုတ်မြစ်ကျောက် ထပ်မံရရှိမှုမှာ ယခုလောက် များတော့မည် မဟုတ်ပေ။
ဆိုတော့ ကျွန်းကို စတင်ချဲ့ထွင်ဖို့ အချိန်ကျပြီ။
“သင် အုတ်မြစ်ကျောက် အမြောက်အမြား ရရှိထားသည်ကို တွေ့ရှိသည်။ ကျွန်းပေါ်ရှိ အဆောက်အဦးများကို ပြန်လည်နေရာချထားနိုင်ပါသည်။”
ကျောက်တိုင်မှ အချက်ပြလာခဲ့၏။
တကယ်တမ်းတွင် ကြီးကြီးမားမား ပြောင်းလဲရန် မလိုသေးပေ။ ကျွန်းကို ချဲ့ထွင်ပြီး နေ့စဉ်လက်မှတ်ထိုးဝင်ရာမှ ရရှိထားသော ရေဒီယိုနှင့် ရုပ်သံလွှင့်ဌာန အတွက် လုံလောက်သော နေရာလပ်ကို ချန်ထားရန်သာ လိုအပ်သည်။
ကျွန်းချဲ့ထွင်မှုမှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ရုပ်သံလွှင့်ဌာနကို သွားလာရေး အဆင်ပြေသော နေရာတစ်ခုတွင် နေရာချထားလိုက်၏။
ဆက်လက်၍ အခြေခံ သွားလာရေး အဆောက်အအုံများကို တည်ဆောက်လိုက်လေသည်။ ဤကုန်သွယ်မှုများမှ ရှောင်းယီသည် သတ္တုအမြောက်အမြားကိုလည်း ရရှိခဲ့သေးသည်။
မဟာမိတ်အဖွဲ့ အများစုသည် သံချပ်ကာစစ်သင်္ဘောများ ဝယ်ယူသောအခါ ကုန်ကြမ်းများကို ကိုယ်တိုင်ပေးဆောင်ခဲ့ကြ၏။ ထိုကုန်ကြမ်းများကို ရှောင်းယီထံ လဲလှယ်သောအခါ ဆုကြေးနှစ်ဆ အာနိသင်ကြောင့် ၎င်းတို့သည် ချက်ချင်းပင် နှစ်ဆ ဖြစ်သွားခဲ့ကြလေသည်။
ထို့ကြောင့် သူ၏ လက်ကျန်ပစ္စည်းများထဲတွင် သံမဏိများစွာ စုပုံနေပြီဖြစ်သည်။
ယခုအချိန်က ၎င်းတို့ကို အသုံးပြုရန် အကောင်းဆုံးအချိန်ပင်။ ရှောင်းယီသည် ကျွန်းပေါ်တွင် ရထားလမ်းများစွာ ထပ်မံတည်ဆောက်ကာ ရထားလမ်းကွန်ရက်တစ်ခုကို ဖော်ဆောင်လိုက်တော့လေသည်။
ချဲ့ထွင်မှု ပြီးဆုံးပြီးနောက် ရှောင်းယီသည် လူပုဘုရင်ထံ ဖုန်းဆက်လိုက်သည်။
“ဟယ်လို ကျွန်းပိုင်ရှင်ရှောင်း။ ခင်ဗျားဘက်မှာ အဆင်သင့်ဖြစ်ပြီ ထင်တယ်။ ကျုပ်တို့ကို တိုက်ရိုက်သာ ချိတ်ဆက်လိုက်ပါ။”
လူပုဘုရင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကောင်းပြီ...လူတွေ ထိတ်လန့်မှု လျော့နည်းအောင် အရှင်မင်းကြီရဲ့ မျိုးနွယ်စုဝင်တွေကို ကြိုပြောထားတာ အကောင်းဆုံးပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ...ဒါဆို ပြင်ဆင်ဖို့ ခဏ ပြန်သွားလိုက်ဦးမယ်။”
လူပုဘုရင်သည် ဖုန်းချလိုက်ပြီးနောက် ဒန်နီကို ပြောလိုက်သည်။
“ကဲ... ငါ ပြောင်းရွှေ့မယ့်ကိစ္စအတွက် ပြင်ဆင်စရုရှိတာပြင်ဆင်ဖို့ ပြန်လိုက်ဦးမယ်။ ပြောင်းပြီးသွားရင် ငါ့ဆီလာခဲ့ဦး၊ ငါ မင်းကို အရက်တိုက်မယ်။”
“ကတိနော်။”
ဒန်နီက ပြုံးကာ တုံ့ပြန်လိုက်လေသည်။
ထို့နောက် လူပုဘုရင်သည် သူ၏လက်ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။ အပြင်ဘက်တွင် ရှောင်းယီ စီစဉ်ပေးထားသော ကားမှာ သူ့ကို စောင့်ကြိုနေပြီ ဖြစ်သည်။
လူပုဘုရင်သည် ကားပေါ်တွင် ထိုင်ရင်း “ရှောင်းယီ ဒီကားတွေကို ကိုယ်တိုင်ထုတ်နိုင်တဲ့အခါကျရင် ငါ တစ်စီးလောက် ဝယ်ရမယ်။ ဒါက သွားရလာရတာ တကယ်ကို အဆင်ပြေလွန်းတယ်။” ဟု ရေရွတ်လိုက်မိ၏။
မကြာခင်မှာပင် လူပုဘုရင်သည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးကာ သူ၏ မြို့တော်သို့ ပြန်သွားပြီး ကျွန်းရွှေ့ပြောင်းမည့်အကြောင်း အသိပေးချက်အား ထုတ်ပြန်လိုက်တော့လေသည်။
“ဘာ...ကျွန်းကို ရွှေ့မလို့လား။”
“ဘာလို့လဲ။ ဒီကိုရောက်တာ နှစ်ရက် သုံးရက်ပဲ ရှိသေးတယ်လေ။”
“ဟုတ်တယ်...ဒါပေမဲ့ ယီရန်ပင်းမဟာမိတ် ဘေးနားကို ရွှေ့မှာလို့ ကြားတယ်။”
“ဘာဖြစ်တယ်။ ယီရန်ပင်းမဟာမိတ် ဘေးကို ရွှေ့မှာလား။ အရမ်းကောင်းတယ်။ နောက်ဆုံးတော့ အဲဒီကိုသွားဖို့ တည်နေရာကူးပြောင်းခြင်းအစီအရင် သုံးနေစရာ မလိုတော့ဘူးပေါ့။”
“တကယ်ပဲ...ဒါက ငါတို့အတွက် အများကြီး ပိုအဆင်ပြေသွားစေတယ်။”
လူပုမျိုးနွယ်စုကြားတွင် မည်သည့်ထိတ်လန့်မှု မရှိခဲ့ဘဲ မျှော်လင့်ချက်များဖြင့်သာ ပြည့်နှက်နေခဲ့ကြ၏။ သူတို့သည် ယီရန်ပင်းမဟာမိတ်နှင့် ပိုမိုနီးကပ်လိုသည်မှာ ကြာပြီဖြစ်သည်။ အပန်းဖြေစခန်းရှိ အရာရာတိုင်းမှာ သူတို့အတွက် အလွန်ပင် ဆန်းသစ်နေသည်မဟုတ်ပါလား။
လူပုကျွန်းကို ရွှေ့ပြောင်းနေစဉ်မှာပင် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ကုန်းတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် ရှိသော ယခင်အသုတ် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းသို့ တည်နေရာကူးပြောင်းသွားလိုက်သည်။
ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ထိုကျွန်းကို သူ အထူးတလည် တိုးချဲ့ထားသော လမ်းမကြီး၏ အဆုံးပိုင်းတွင် ချိတ်ဆက်ရန် ရွေးချယ်လိုက်တော့လေသည်။
ထိုကျွန်းပေါ်ရှိ သတ္တဝါများသည် မည်မျှကြာအောင် တည်ရှိနေခဲ့သည်ကို မသိရသော်လည်း ၎င်းတို့၏ အဆင့်များမှာ အလွန်မြင့်မားလှ၏။ အကယ်၍ သူ၏ကျွန်းသို့ တိုက်ရိုက်ချိတ်ဆက်လိုက်ပါက ထိုအဆင့်မြင့်သားရဲများ ထွက်လာပြီး လူများကို ဒုက္ခပေးနိုင်ပေသည်။
သို့သော် လမ်းမကြီး၏ အဆုံးတွင် ချိတ်ဆက်ထားခြင်းဖြင့် ထိုသားရဲများ ထွက်လာလိုပါက ဤလမ်းမကိုသာ ဖြတ်သန်းလာရမည်ဖြစ်သည်။ ရှောင်းယီအနေဖြင့် ထိုလမ်းတွင် အင်အားကြီးသော စစ်တပ်များ ချထားပြီး စောင့်ကြပ်လိုက်ရုံပင်။
ကျွန်းနှစ်ကျွန်းလုံးကို ချိတ်ဆက်ပြီးနောက်တွင် ဆုကြေးနှစ်ဆ ရရှိနေသည့် ကာလအတွင်း သူ၏ ချဲ့ထွင်မှုလုပ်ငန်းများ အခြေခံအားဖြင့် ပြီးဆုံးသွားပြီဖြစ်သည်။
ထို့နောက်တွင် ရှောင်းယီသည် ယနေ့ နေ့စဉ်လက်မှတ်ထိုးဝင်ရာမှမှ ရရှိထားသော အဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်ယူလိုက်လေသည်။
လောလောဆယ်တွင် ပုံစံအဆင့်ရှိပြီး အဆင့်မြှင့်နိုင်သော အဆောက်အဦးများမှာ အဆင့်မြှင့်ထားသော အသေးစားအခြေစိုက်စခန်း၊ အလတ်စား အပန်းဖြေစခန်းနှင့် အသေးစား ပင်လယ်ဆားစက်ရုံတို့ ဖြစ်သည်။
အပန်းဖြေစခန်းမှာ လောလောဆယ်တွင် လုံလောက်နေသဖြင့် အကြီးစားအဖြစ် အဆင့်မြှင့်တင်ရန် အလျင်မလိုသေးပေ။ ဆားစက်ရုံ၏ ထုတ်လုပ်မှုနှုန်းမှာလည်း အလွန်မြင့်မားနေသေးရာ လက်ရှိ လိုအပ်ချက်အတွက် လုံလောက်နေပြီဖြစ်သည်။
သို့သော် အသေးစားအခြေစိုက်စခန်းမှာမူ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ပေ။
ကျွန်းဧရိယာ ကြီးမားလာသည်နှင့်အမျှ ဖုန်းအသုံးပြုမှုများ ပိုမိုများပြားလာမည်ဖြစ်ရာ အခြေစိုက်စခန်းကို အဆင့်မြှင့်ရန်မှာ အလွန်အရေးကြီးနေပြီ ဖြစ်သည်။
ရှောင်းယီသည် တွေဝေမနေတော့ဘဲ ကျောက်တိုင်ပေါ်တွင် အဆင့်တင်ခြင်းမြှင့်ကတ်ကို နှစ်ကြိမ် ဆက်တိုက် အသုံးပြုလိုက်တော့၏။ ယနေ့သည် ဆုကြေးနှစ်ဆရသည့်နေ့ ဖြစ်သဖြင့် အဆင့်မြှင့်တင်ခြင်းကတ် နှစ်ခု ရရှိထားခြင်း ဖြစ်သည်။
“အောင်မြင်စွာ အသုံးပြုပြီးပါပြီ။ [အဆင့်မြင့် အသေးစား အခြေစိုက်စခန်း] (SSS အဆင့်) ကို [အဆင့်မြင့် အကြီးစား အခြေစိုက်စခန်း] (SSS အဆင့်) အဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ။”
ကျောက်တိုင်တွင် ထိုစာသား တစ်ကြောင်းသာ ပြသထားသဖြင့် ရှောင်းယီသည် အပြင်သို့ထွက်လာကာ အကြီးစား အခြေစိုက်စခန်း၏ ဘေးတွင် သွားရပ်လိုက်ရာ စနစ်၏ အချက်ပြသံ ပေါ်လာခဲ့လေသည်။
“[အဆင့်မြှင့်ထားသော အကြီးစားအခြေစိုက်စခန်း] (SSS အဆင့်): ကီလိုမီတာ ၁၀၀,၀၀၀ ပတ်လည်အထိ လွှမ်းခြုံနိုင်သော အခြေစိုက်စခန်းသုံး ကိရိယာများနှင့် အဆောက်အဦးများ အစုံအလင်ပါဝင်သည်။ ၎င်းသည် လက်ကိုင်ဖုန်းများကြား သတင်းအချက်အလက် ပေးပို့နိုင်သော ရေဒီယိုလှိုင်းလွှင့်စခန်းတစ်ခုဖြစ်ပြီး ကြားဖြတ်နှောင့်ယှက်မှုများကို ခုခံနိုင်စွမ်းမြင့်မားကာ လုံခြုံရေး အလွန်ကောင်းမွန်သည်။”